ဖေဖော်ဝါရီ ၂၁၊ ၂၀၁၄
M-Media

– အတိုက်အခံများနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်မည်ဟု သမ္မတ ယာနူကိုဗစ်ခ်ျက ဗုဒ္ဓဟူးနေ့တွင် ပြောကြား ခဲ့သော်လည်း ယူကရိန်းနိုင်ငံ မြို့တော်ကိဗ်တွင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ထိပ်တိုက် တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၆၀ ကျော် သေဆုံးခဲ့သည်ဟု သိရသည်။ ထို့ပြင် ရဲတပ်သား ၆၇ ဦးအား ဆန္ဒပြသူများက ဖမ်းဆီးခဲ့သည်ဟု ယူကရိန်း ပြည်ထဲရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
ယမန်နေ့က ဖြစ်ပွားခဲ့သည့် ထိပ်တိုပ်တွေ့ဆုံမှုအတွင်း ရဲတပ်ဖွဲ့က စနိုက်ပါများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဆန္ဒပြသူများ သေဆုံးရခြင်းဖြစ်သည်ဟု အတိုက်အခံ ဆေးအဖွဲ့က ပြောကြားခဲ့သည်။ ထို့ကြောင့် အင်္ဂါနေ့က စတင်ခဲ့သော ထိပ်တိုက် တွေ့ဆုံမှုအတွင်း အရပ်သားသေဆုံးမှုမှာ ၇၀ ကျော်လာပြီဖြစ်သည်။
သို့သော်လည်း ပြည်ထဲရေးဝန်ကြီးဌာနကမူ ရဲတပ်ဖွဲ့ဝင် ၆၇ ဦးအား ဆန္ဒပြသူများက ဖမ်းဆီးထားပြီး၊ ၎င်းတို့ လွတ်မြောက်ရေးအတွက် လက်နက်အင်အား အသုံးပြုရန် အခွင့်ရှိနေသည်ဟု ကြေညာခဲ့သည်။
“အစွန်းရောက်တွေက ပြည်ထဲရေးဝန်ထမ်း ၆၇ ဦးကို ဖမ်းဆီးထားပါတယ်။ (အဖမ်းခံရသူတွေ လွတ်မြောက်ဖို့) ဥပဒေထိန်းသိမ်းရေး ၀န်ထမ်းတွေဟာ လက်နက် အသုံးပြုမှုအပါအ၀င် တရားဝင်နည်းလမ်း အားလုံးကို ကျင့်သုံးနိုင်ပါတယ်” ဟု ပြည်ထဲရေးမှ ယမန်နေ့က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
ထိုအခြေအနေကို ထိန်းသိမ်းရန်အတွက် အကြမ်းဖက်နှိမ်နှင်းရေးကို ရပ်တန့်မည့် မူကြမ်းတစ်ခုကို ယူကရိန်းပါလီမန်မှ ယမန်နေ့ညပိုင်းတွင် အတည်ပြုခဲ့သည်။ လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် ၎င်းတို့၏ စခန်းကိုပြန်ရမည်ဟု ထိုမူကြမ်းတွင် ရေးသားထားသော်လည်း ဥပဒေကြောင်းအရ မည်ကဲ့သို့ ဆောင်ရွက်မည်ကို ရှင်းလင်းစွာ ဖော်ပြထားခြင်းမရှိချေ။
တိုင်းပြည်အတွင်း ဖြစ်ပွားနေသော သွေးထွက်သံယိုမှုများကို ဆန့်ကျင်သည့်အနေဖြင့် ကိဗ်မြို့၏ မြို့တော်ဝန်မှာ ယာနူကိုဗစ်ခ်ျ၏ အာဏာရပါတီ Regions Party မှ နှုတ်ထွက်ခဲ့ပြီး၊ ဥရောပနိုင်ငံများနှင့် အမေရိကန်ကလည်း ယူကရိန်းအစိုးရအပေါ် ပိတ်ဆို့မှုများပြုလုပ်ရန် စီစဉ်နေသည်။ သို့သော် ရုရှားကမူ ကိဗ်တွင်ဖြစ်ပွားနေသည့် ဆန္ဒပြမှုများအတွက် ဥရောပသမဂ္ဂအား ပြစ်တင်ပြောဆိုထားသည်။
Ref: Agencies