News @ M-Media

Blog

  • ဆွဇ်ဇာလန်တွင် နိုင်ငံရေး ခိုလှုံခွင့်ရချင်၍ လေယာဉ်ပြန်ပေးဆွဲသည့် အီသီးယိုးပီးယား တွဲဖက် လေယာဉ်မှုး

    ဖေဖော်ဝါရီ ၁၇ ၊ ၂၀၁၄
    M-Media

    201421774757316734_20
    – အီသီးယိုးပီးယားပိုင် လေယာဉ်အား ပြန်ပေးဆွဲပြီး ဂျီနီဗာလေဆိပ်သို့ အတင်းအဓမ္မ ဆင်းသက်ခိုင်းခဲ့သည့်  တွဲဖက်လေယာဉ်မှူး ပြန်ပေးသမား တစ်ဦးအား တာဝန်ရှိသူများက ဖမ်းဆီးခဲ့သည်ဟု ဂျီနီဗာလေဆိပ် တာဝန်ရှိသူများက Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။

    အခြေအနေများကို ထိန်းချုပ်နိုင်ခဲ့ပြီး ခရီးသည်များနှင့် လေယာဉ် အမှုထမ်းအားလုံးမှာ ဘေးကင်းပြီဟုလည်း ဆိုသည်။

    ပြန်ပေးသမားမှာ ဆွဇ်ဇာလန်တွင် နိုင်ငံရေးခိုလှုံခွင့် ရလိုသောကြောင့် ယခုကဲ့သို့ ပြန်ပေးဆွဲခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

    အီသီးယိုးပီးယားနိုင်ငံ အဒစ်အဘာဘာမြို့မှ အီတလီနိုင်ငံ ရောမမြို့သို့ ပျံသန်းနေသည့် အီသီယိုးပီးယား လေကြောင်းလိုင်းမှ လေယာဉ်အမှတ် ၇၀၂ အား အစောပိုင်းတွင် ဂျီနီဗာလေဆိပ်သို့ ဆင်းသက်ခွင့် မပေးခဲ့သောကြောင့် မိနစ်နည်းငယ်ကြာ ပျံသန်းခဲ့ရပြီး ပြန်ပေးသမားများက ဆင်းသက်ရန် ဖိအားပေးခဲ့သောကြောင့် ဆင်းသက်ခဲ့ရခြင်းဖြစ်ကာ အာဏာပိုင်များက ထိုလေဆိပ်အား ယာယီ ပိတ်ပစ်ခဲ့ရသည်။

    ဂျီနီဗာရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဂျီန်း ဖိလစ်ပ် ဘရန့်ကလည်း ယနေ့ နံနက်ဒေသစံတော်ချိန် ၆ နာရီခန့်တွင် အဆိုပါလေယာဉ်မှာ ဆင်းသက်လာခဲ့ပြီး လေယာဉ်ပေါ်တွင် လိုက်ပါလာကြသည့် ခရီးသည်များအား ရဲတပ်ဖွဲ့ဝင်များက တစ်ယောက်ချင်းစီ လိုက်ပါစောင့်ကြပ်ကာ ကယ်ဆယ်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    ထိုလေယာဉ်မှာ ဆူဒန်နိုင်ငံပေါ် ဖြတ်၍ ပျံသန်းနေစဉ်မှာပင် Squawk 7500 သင်္ကေတအား ပေးပို့ခဲ့သည်ဟု ဆိုရှယ်မီဒီယာများတွင် ဖော်ပြခဲ့ကြသည်။ ထိုသင်္ကေတမှာ ပြန်ပေးဆွဲခံရသည့် သင်္ကေတဖြစ်သည်။
    Ref: aljazeera

  • ဒုတိယကမ္ဘာစစ်အတွင်းက ဇီဝလက်နက်များကို အသုံးပြုရန် နာဇီတို့ စီစဉ်ခဲ့

    ဖေဖော်ဝါရီ ၁၇ ၊ ၂၀၁၄
    M-Media

    nazi_2823355b

    – ဒုတိယကမ္ဘာစစ်အတွင်း ရှေ့တန်း စစ်မျက်နှာ၌ ရန်သူ့စစ်တပ်ဘက်သို့ ငှက်ဖျား ရောဂါဖြစ်ပွားစေနိုင်သည့် ခြင်များ ပို့လွှတ်၍ ဇီဝစစ်ပွဲဆင်နွှဲရန် အသုံးပြုရန် နာဇီ သိပ္ပံပညာရှင်များက စီစဉ်ခဲ့သည်ဟု လေ့လာမှုများအရသိရသည်။

    မဟာမိတ်တပ်ဖွဲ့များအား တိုက်ရန်အတွက် ရောဂါပိုးရှိသည့် အင်းဆက်ပိုးမွှားအား ကြာရှည် ထိန်းသိမ်းနိုင်အောင် မည်ကဲ့သို့ ဆောင်ရွက်ရမည် ဆိုသည်နှင့် ပတ်သက်၍ လျှို့ဝှက် လေ့လာမှုများပြုလုပ်ရန် SS အဖွဲ့ခေါင်းဆောင် ဟင်းနရစ် ဟင်းမလားက အမိန့်ပေးခဲ့သည်ဟု ဂျာမန်ပညာရှင် ဒေါက်တာ Klaus Reinhardt က ပြောကြားခဲ့သည်။

    ထိုသို့ စမ်းသပ်မှုများပြုလုပ်ရန်အတွက် Dachau ထိန်းသိမ်းရေးစခန်းတွင် ဓာတ်ခွဲခန်းတစ်ခုကို ၁၉၄၂ ခုတွင်ဖွင့်လှစ်ခဲ့သည်။ သန်းများနှင့် အခြားသော အင်းဆက် ပိုမွှားများမှ ပြန့်ပွားသော ရောဂါများကို ကုသနိုင်မည့် ဆေးဝါးများ၊ ဂျာမန် စစ်သားများ ခံစားရသည့် တိုက်ဖိုက်နှင့် ပလိပ်ရောဂါများအား ကုသရန်အတွက် စသည့် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခဲ့သည်ဟု ပြောဆိုခဲ့သော်လည်း ဇီဝစစ်ပွဲများ ဆင်နွှဲရန်အတွက် စမ်းသပ်မှုများကို သိပ္ပံပညာရှင်များက ပြုလုပ်ခဲ့သည်ဟု ထိုဓာတ်ခွဲခန်းမှ ရရှိသည့် မှတ်တမ်းများကို ကိုးကား၍ Reinhardt က ထပ်လောင်းပြောကြားခဲ့သည်။

    ထိုစမ်းသပ်မှုအတွင်း ငှက်ဖျား ရောဂါဖြစ်ပွားစေနိုင်သည့်ခြင်များကို လေးရက်အထိ ထိန်းသိမ်းထားနိုင်သော နည်းလမ်းကို တွေ့ရှိခဲ့သော်လည်း အသုံးပြုခဲ့ခြင်းမရှိပေ။

    Ref: telegraph

    Photo: Hulton-Deutsch Collection/CORBIS

  • လိုအပ်သည့် ပြင်ဆင်မှုများကို ပြုလုပ်ပြီးမှ သန်းခေါင်းစာရင်း ကောက်ရန် တိုင်းရင်းသားများ တောင်းဆို

    လိုအပ်သည့် ပြင်ဆင်မှုများကို ပြုလုပ်ပြီးမှ သန်းခေါင်းစာရင်း ကောက်ရန် တိုင်းရင်းသားများ တောင်းဆို

    ဖေဖော်ဝါရီ ၁၇၊ ၂၀၁၄
    M-Media
    လမင်း

    KJ

    ရန်ကုန် ။        ။ မြန်မာနိုင်ငံ ဗဟိုသန်းခါင်စာရင်းကော်မရှင်မှ ၂၀၁၄ မတ်လတွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရန် စီစဉ်ဆောင်ရွက်လျက် ရှိသော သန်းခေါင်စာရင်း အစီအစဉ်နဲ့ ပတ်သက်၍ မြန်မာနိုင်ငံရှိ တိုင်းရင်းသား အဖွဲ့အစည်းများက ပူးပေါင်း၍ ကြေငြာချက် တစ်စောင်ကို ယနေ့ ထုတ်ပြန် ခဲ့သည်။

    တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် သန်းခေါင်စာရင်း ကော်မတီဝင်များ အလျင်အမြန် တွေ့ဆုံညှိနှိုင်းပေးရန်၊ တိုင်းရင်းသားတို့၏ စိုးရိမ်ပူပန်မှုများကို ဖြေရှင်းပြီးမှသာ သန်းခေါင်း စာရင်းကို ကောက်ယူရန်၊ တိုင်းရင်းသားများကို သန်းခေါင်စာရင်း ကောက်ယူရာတွင်ဒေသခံများ၏ ဘာသာစကားကို နားလည် တတ်ကျွမ်းအောင် လေ့ကျင့်သင်ကြားပေးရန်၊ ထွက်ပေါ်လာသည့် ရလဒ်ကို တိုင်းရင်းသား အရေအတွက် သတ်မှတ်ခြင်း မပြုရန်နှင့် တိုင်းရင်းသားများ ပါဝင်ဆောင်ရွက်ခွင့်ရှိသော နည်းလမ်းများနှင့် အစီအစဉ်များ ချမှတ်ဆောင်ရွက်ပေးရန် တို့ဖြစ်ပါသည်။

    “တိုင်းရင်းသား ၁၃၅ မျိုးဟာ မြန်မာနိုင်ငံမှာ ၄၀ ရာခိုင်နှုန်းရှိပါတယ်။ အခု မျိုးနွယ်စု တစ်ခုမှာတင် အများကြီး ကွဲလွဲနေတော့ တိုင်းရင်းသား အချင်းချင်း တွေ စိတ်ဝမ်းကွဲနေကြပါတယ်၊ စိတ်မပျော်ရွှင်ကြပါဘူး။ သန်းခေါင်စာရင်းကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အများကြီး ထိခိုက်စေပါတယ်။ သန်းခေါင် စာရင်း ကို နောက်ဆုတ်ပြီး ကောက်ခံပေးသင့်ပါတယ်။ လူမျိုးတွေကို သေချာခွဲခြားဖို့လိုအပ်ပါတယ်။ အခုဆို ကချင်မှာ စစ်ပွဲတွေဖြစ်နေပါတယ်။ သူတို့ကောက်မယ်ဆိုရင် ဒီစစ်ပွဲဖြစ်နေတဲ့ နေရာတွေကို သေချာသွားရောက် ကောက်ခံနိုင် မလားဆိုတာ မေးစရာပါ” ဟု ကချင်တိုင်းရင်းသူ တစ်ဦး ဖြစ်သူ ဒေါ်ခွန်ဂျာက ပြောကြားခဲ့ပါသည်။

    တိုင်းရင်းသားများလူမျိုး အမည်အတွက် Code အမှတ်များကို သတ်မှတ်ရာတွင် မျိုးနွယ်စု အမည် မဟုတ်သည်ကို မျိုးနွယ်စုအဖြစ် လွဲမှားစွာဖော်ပြခြင်း၊ မျိုးနွယ်စု တစ်ခုတည်းကို ဒေသ အခေါ်ဝေါ်များ အရ နှစ်ကြိမ် သုံးကြိမ် ဖော်ပြထားခြင်း၊ မျိုးနွယ်စုနှစ်ခုကို တစ်စုတည်း အဖြစ်ဖော်ပြထားခြင်း စသည်ဖြင့် တိုင်းရင်းသားများအနေနှင့် အလွဲများကို ရင်ဆိုင်နေရကြောင်း သိရှိရပါသည်။ ထိုပြသနာများကို ပြေလည်ဖြေရှင်းပေးရန် တိုင်းရင်းသားများမှ သန်းခေါင်းစာရင်းကောက်ယူမည့် အချိန်ကိုနောက်သို့ရွေ့ဆိုင်းပေးရန် သက်ဆိုင်ရာသို့ တောင်းခံထားကြောင်းလည်း သိရပါသည်။

    သန်းခေါင်းစာရင်းကောက်ယူရာတွင် နည်းပညာပိုင်းကသာ အဆင်သင့်ဖြစ်နေပြီး တိုင်းရင်းသားများအနေနှင့် လုံလောက်သည့် ပြင်ဆင်မှုများ မရှိသေး ကြောင်း၊ ယခုလောလောဆယ်ဆယ်တွင် တိုင်းရင်းသား ၁၃၅ မျိုးအနက် ဗမာ တိုင်းရင်းသားမှလွဲ၍ ကျန် ၁၃၄ မျိုးမှာ ပြသာနာများနှင့် ရင်ဆိုင်နေရ ကြောင်း၊ တိုင်းရင်းသားများအနေနှင့် လွဲနေသည့် အရာများကိုပြုပြင်ရန် လုံလောက်သည့်အချိန်ပေးပြီး သန်းခေါင်စာရင်းကို နောက်ဆုတ် ရွှေ့ဆိုင်း ကောက်ခံ ပေးပါရန် သက်ဆိုင်ရာသို့ တောင်းခံထားကြောင်း ချင်းတိုင်းရင်းသား ဆလိုင်းအိုက်ဇက်ခင်က ပြောကြားခဲ့ပါသည်။

    “ကျွန်တော်တို့ တိုင်းရင်းသားအသံကို နိုင်ငံတော်က လေးစားပေးဖို့လိုပါတယ်။ ကရင်မျိုးနွယ်စုထဲမှာလည်း ကယားတိုင်းရင်းသားတွေရောက်နေ တာမျိုး ရှိတယ်။ အခြား တိုင်းရင်းသားတွေထဲမှာလည်းရှိပါတယ်။ အဲလိုမျိုးတွေကို နိုင်ငံတော်အစိုးရအနေနဲ့ ဒါမျိုးတွေကို အလေးပေးပြီး လုပ်ပေး စေလိုပါတယ်။ အစိုးရအနေနဲ့ ဒါတွေကို သေချာစိစစ်ပြီးမှ သန်းခေါင်စာရင်းကို ကောက်ယူစေလိုပါတယ်။ လိုအပ်တဲ့ပြင်ဆင်မှုတွေကို သေချာပြုလုပ် သင့်ပါတယ်” ဟု ကရင် တိုင်းရင်းသား တစ်ဦးဖြစ်သူ ဦးစောကျော်ဇွာ ကပြောကြားခဲ့ပါသည်။

    တိုင်းရင်းသားများအနေနှင့် ၎င်းတို့တောင်းဆိုသည်များကို နိုင်ငံတော်မှ တာဝန်ရှိသူများအား လိုက်နာဆောင်ရွက်ပေးရန် နှင့် ၎င်းတို့ဘက်မှ တောင်းဆို လိုသည်များကို အဆုံးထိ တောင်းဆိုသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

  • ဆေးထိုးမှားခြင်း (သူ့အမြင်)

    ဖေဖော်ဝါရီ ၁၇၊ ၂၀၁၄
    ရေးသားသူ- ဝါးလုံးရှည် အတီး
    racism
    အကယ်၍သာ ကိုမြအေး အဲဒီနေ့က စင်ပေါ်တက်ပြီး ဟောခဲ့မယ်ဆိုရင် သူဟောခဲ့ပြောခဲ့မယ့် စကားတွေကို ဟောပြောပွဲတက်မယ့် လူတွေလောက်ပဲကြားနိုင် သိနိုင်မှာပါ။ ဒါတောင် ဒီဘက်နားကဝင် ဟိုကနားကပြန်ထွက် ဆိုတာမျိုးဖြစ်နိုင်သေးတယ်။အခုတော့ တလုံးမှ မဟော မပြောခဲ့တဲ့ စကားတွေနဲ့ တနိုင်ငံလုံးရဲ့ ဦးနှောက်ထဲကို အမှန်တရားဆိုတဲ့ ဟာကြီးကို ရောက်သွားအောင် ကိုမြအေးက ပစ်သွင်းနိုင်ခဲ့တယ်။

    ကျွန်တော်သာ ကိုမြအေးနေရာမှာ ဆိုရင်လေ လက်အုပ်လောက်ပဲ ချီမနေဘူး။ အဲလို လာတားတဲ့ ဘုန်းကြီးတွေကို ထိုင်ပါ ကန်တော့ပစ်မှာ ကျေးဇူးတင်လွန်းလို့။ တကယ်ပြောတာပါ။ နိုင်ငံရေးသမား တစ်ယောက်ကို အပင်ပန်းခံ ဦးနှောက် အခြောက်ခံ လေကုန်ခံပြီး စင်ပေါ်တက် ပြောနေစရာမလိုဘဲ တနိုင်ငံလုံးသိအောင် ပရိုမုတ်လုပ် ကြော်ငြာပေးလိုက်လို့ပါ။

    အဲဒီ အမျိုးသားရေး ဆိုတဲ့ သင်္ကန်းခြုံ တွေလုပ်ချင်တာက လူထူထူမှာ ကုလားတစ်ကောင် ကို kick ass လုပ်ပြီး ပွဲခံဖို့။ မြန်မာ လို တိုက်ရိုက်ကြီး အဓိပ္ပာယ်ပြန်ရရင်တော့ -င်ကို ဆောင့်ကန်သည် လို့ မှတ်ယူရမလားပဲ။ ဒါပေမယ့် တကယ်တမ်းကြတော့ သူများ ဖင်ကို ကန်ဖို့ နေနေသာသာ သူတို့ရဲ့ တလွဲ လုပ်ရပ်ကို ဘယ်သူမှ လက်မခံလို့ သူတို့ကိုယ်တိုင် -င်နဲ့ ကြမ်းဆောင့်ပြီး ဆွေ့ဆွေ့ခုန်ဖြစ်သွားကြတယ်။

    ဘာသာခြား၊လူမျိုးခြားတွေကို တတ်နိုင်သလောက် နှိမ်ထားမှ ကိုယ့်လူမျိုးကို ကာကွယ်နိုင်မယ်၊ ကိုယ့်ရဲ့ သာသနာ ရေရှည် တည်တံ့နိုင်မယ် လို့ ယူဆနေကြတာကြီးက တကယ်ကို တလွဲကြီးပါ။

    အဲလိုမျိုးတွေ လိုက်လျှောက်လုပ်နေရင်တော့ ကိုယ့်လူတွေကို မကာကွယ်နိုင်တဲ့ အပြင် ကိုယ့်ထဲက လူတွေကိုတောင် အပြင်ဘက်ကို မောင်းထုတ်သလို ဖြစ်သွားနိုင်တယ်။

    ဒါ ကျွန်တော့ ကိုယ့်တွေ့ပါ၊ သိပ်မကြာသေးမီက အခု လတ်တလော ဖြစ်ခဲ့တဲ့ ကိစ္စလေး တစ်ခုပါ။ အခြားလူတော့ မဟုတ်ပါဘူး။ ကျွန်တော့ အမ တစ်ယောက်ပါ။

    အမ ဆိုပင်မဲ့ အရင်း မဟုတ်ပါ။ ကျွန်တော်တို့ အိမ်အပေါ်ထပ်က အိမ်နီးနားချင်း အမ ပါ၊ ဒါပေမဲ့ ကျွန်တော်တို့ အိမ်မှာ ငယ်ငယ်လေးကတည်းက လာပြီး ဆော့ကစား၊ စား၊အိပ်နဲ့ အပေါ်ထပ်ကို မပြန်တော့ပဲ မိသားစု အရင်း မောင်နှမ အရင်းတွေလို့ပဲ မှတ်ယူထားကြတာပါ။

    သူတို့ မိသားစု မှာ အဖေ လုပ်သူက အညာက လာတဲ့ အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့ အညာသားကြီး၊ ရုပ်ရည်ကတော့ အခု ကျွန်တော်တို့ သိထားကြတဲ့ အစ္စလာမ်ဘာသာ ဆိုတာနဲ့ ကုလားလို့ ပြေးမြင်ပြီး အိန္ဒိယ ရုပ်ရည် နည်းနည်းမှ မပေါက်တဲ့ ရုပ်မျိုး ၊ဘာမုတ်ဆိတ် နှုတ်ခမ်းမွှေးမှလည်း မရှိသလို နေတဲ့ ထိုင်တဲ့ ပုံကလည်း ကျွန်တော်တို့ ထက်တောင် မြန်မာ ပိုဆန်သေးတယ်၊ သူတို့ရဲ့ အမေကတော့ ရှမ်း+ မြန်မာ လူမျိုး ဗုဒ္ဓဘာသာ စစ်စစ်၊ အများပြောသလို ကုလားကို ယူတာနဲ့ ကုလား ဇာတ်ဝင်ရမှာတို့ အစ္စလာမ် ဘာသာကို ကိုးကွယ်မှ ရမှာတို့ ဆိုတာ သူတို့ ဆီမှာ မရှိတဲ့ ပုံစံပဲ။ အဖေကြီးက တခါ တလေကျရင် ဦးထုပ်လေး ရှပ်အကျီင်္ထဲ ထည့်ပြီး ဗလီ သွားတာကလွဲရင် ကျန်တာ တော့ ဘာမှလုပ်တာမတွေ့ဖူးပါ။ အမေလုပ်သူ ကလည်း ကျွန်တော်တို့ လမ်းမှာ တရားပွဲ လုပ်ရင် တရားသွားနာတာမျိုး၊ အခါကြီး ရက်ကြီးကျမှ ရွှေတိဂုံ ဘုရားသွားတာမျိုး ပဲရှိတဲ့ သာမန် မိရိုးဖလာ ဗုဒ္ဓဘာသာပုံစံ။ခြုံပြောရရင်တော့ ဘာသာရေးကို ပုံမှန်လောက်ပဲ လုပ်ပြီး အရမ်းကြီး အားစိုက် ကြည်ညို ကိုင်းရှိုင်းတာမျိုးတွေ မရှိပါ။

    လင်မယားနှစ်ယောက်စလုံး စကော့ဈေး ရှေ့မှာ ရှိတဲ့ လေဟာပြင် ဈေးမှာ အင်္ဂလိပ်ဆေးမျိုးစုံရောင်းတဲ့ ဆိုင်ဖွင့်ထားတော့ မနက် စောစော ဈေးသွားမယ်ဆိုရင် ကျောင်းမနေသေးတဲ့ အရွယ် သူတို့ကလေး သုံးယောက်ကို အလှည့်ကျ ကျွန်တော်တို့ အိမ်မှာ စိတ်ချလက်ချ ဝင်ထားပြီး ဈေးသွားရောင်း၊ ဈေးပိတ်ပြီး ပြန်လာမှ သူတို့ ကလေးတွေ ဝင်ခေါ်ပြီး တကယ်ကို နှစ်အိမ် တစ်အိမ်နေတာမျိုးပါ။ ဒါက တကယ်တမ်းတော့ ထူးထူးဆန်းဆန်းလည်း မဟုတ်ပါဘူး။ ရန်ကုန်မြို့လယ်ခေါင်က မြို့ခံ မိသားစု အိမ်တွေ အတော်များများ ဒီလိုပါပဲ။ ထားပါတော့။

    ပြောချင်တာက မွေးထားတာက သမီးကြီးပဲ သုံးယောက်၊ အကြီး နှစ်ယောက်ကတော့ သူတို့ အဖေဘက်ကိုလိုက်ပြီး အစ္စလာမ် ဘာသာကိုယုံကြည်တယ်၊ ကြီးလာလို့ အိမ်ထောင်ကျပြန်တော့လည်း သူတို့လိုပဲ အစ္စလာမ် ဘာသာဝင်နဲ့ပဲ သာမန်ဖြစ်ရိုး ဖြစ်စဉ် အတိုင်း အိမ်ထောင်ပြုလိုက်ကြတယ်။ အဲဒီမှာ ထူးထူးခြားခြားက အငယ်ဆုံး ဖြစ်တဲ့ အခုန ကျွန်တော်ပြောနေတဲ့ အမက ငယ်ငယ်လေးကတည်းက အမေဘက်ကို လိုက်ပြီး ဗုဒ္ဓဘာသာကို လိုက်ပြီး ငယ်စဉ်ကတည်းက သူအမေနဲ့ အတူ ဘုရားသွား ၊ တရားပွဲလိုက်နဲ့ ပြောရရင်တော့ အမေချစ်လေးပေါ့၊(သူ့အဖေကတော့ မကြိုက်) အဲဒါကြောင့်ပဲ ကျွန်တော်တို့ အိမ်မှာ အကြီးနှစ်ယောက်ထက်ပိုပြီး သူကပျော်သလို ကျွန်တော်တို့နဲ့လည်း မောင်နှမ အရင်းလို ပိုပြီးရင်းနှီးပါတယ်။ အိမ်ကချက်တဲ့ ငါးနည်းနည်းပဲ ထည့်တဲ့ ကရင် မုန့်ဟင်းခါးနဲ့ တာလပေါ ဟင်းကိုပိုကြိုက်တာလဲပါ ပါတယ်။ သူလည်း ထိုနည်းလည်းကောင်းပဲ အချိန်တန် အရွယ်ရောက်တာတော့ သူ့လိုပဲ မြန်မာလူမျိုး ဗုဒ္ဓဘာသာ ဝင် စစ်စစ်နဲ့ပဲ အိမ်ထောင်ပြုပါတယ်။ အခု ဆိုရင်တော့ ကလေးနှစ်ယောက်တောင် ရလို့ အတော်ကြီးနေပါပြီ။

    ဟိုတစ်လောက ကျွန်တော် ရန်ကုန်အိမ်ကို ဖုန်းဆက်တော့ သူအနားမှာ ရှိနေတော့ ကျွန်တော့ အမနဲ့ အနည်းငယ်ပြောဖြစ်ပါတယ်။ ထုံးစံ အတိုင်းပေါ့၊ သူ့ယောကျာ်းနဲ့ ရန်ဖြစ်ပြီး ကလေးတွေကို လက်ဆွဲပြီး မိဘအိမ်ကို ပြန်ဆင်းလာတယ်ပေါ့။ အဲဒါနဲ့ နည်းနည်းပါးပါး စကားပြောပြီး နောက် တစ်ပါတ်လောက်နေတော့ သူ့ယောကျာ်းပြန်လာခေါ်လို့ လိုက်သွားပြီလို့ နောက်ဆုံး သိရပြီး အဲဒီကတည်းက အဆက်အသွယ်ပြတ်ပြီး မေ့မေ့ပျောက်ပျောက်ဖြစ်သွားတာ အတော်ကြာသွားပါပြီ။

    အဲလိုနဲ့ပဲ နေလိုက်တာ ပြီးခဲ့တဲ့ တစ်လလောက်ကမှ ဖေ့ဘုတ် အကောင့် အသစ်တစ်ခုနဲ့ လာအဒ်လို့ သေချာကြည့် လိုက်တော့ ဘယ်ဟုတ်မလဲ။ ခေတ်မှီစွာနဲ့ ကျွန်တော့ အမ ကဖေ့ဘုတ် အကောင့်ဖွင့်ပြီး ဖုန်းထဲကနေ လှမ်းအဒ် လိုက်တာကိုး ။ဒီလိုနဲ့ မတွေ့တာကြာလို့ စကား အတော်ကြာအောင် ပြောဖြစ်ပြီး ကျွန်တော့ တစ်သက်မှာ ဘယ်လိုမှ မယုံနိုင်တဲ့ ထူးထူးဆန်းဆန်းတွေကြားရတော့တာပါပဲ။

    ဇာတ်လမ်း အစုံက ဒီလိုပါ။သူတို့ အိမ်ထောင်ရဲ့ ပထမ ကာလတွေမှာ စီးပွါးရေး အဆင်ပြေလို့ အတော်လေး ပျော်စရာပေါ့။ ယောကျာ်းကလည်း အလုပ်အကိုင် ကောင်းလို့ တအိမ်လုံးနီးပါးကို ထောက်ပံ့နိုင်လို့ ဘာမှ ပြဿနာမရှိ။ ဒီလိုနဲ့ ခေတ်စနစ် အပြောင်းအလဲတစ်ခု အစိုးရ အပြောင်းအလဲမှာ ဈေးကွက် အခြေအနေကလည်း ပြောင်းလဲသွားသလို အရင်ကလို စီးပွါးရေး အဆင်မပြေရတဲ့ အပြင် လင်မယားချင်းလဲ ခဏခဏ ရန်တွေဖြစ်နဲ့။ အဆိုးရွားဆုံးကတော့ရန်ဖြစ်လာရင် သူ့ယောကျာ်း တအိမ်သားလုံးက သူ့ကို ကုလားသွေးပါတဲ့ ကုလားမ လို့ ဝိုင်းပြီး အနှိမ်ခံ အခေါ်ခံရတာမျိုးတွေဖြစ်လာပါတယ်။ အခုပြီးခဲ့တဲ့ နှစ် အနည်းငယ် အတွင်းမှာဖြစ်ပွါးခဲ့တဲ့ မွတ်စလင် ဆန့်ကျင်ရေး ရေချိန်မြင့်တက်ခဲ့တဲ့ အကျိုး သက်ရောက်မှုတွေရဲ့ ရိုက်ခတ်မှူတွေလည်း ကောင်းကောင်းကြီးပါနိုင်ပါတယ်။ ပိုပြီး ဆိုးရွားတာက အဲဒီ အမက လုံးဝကို မဟုတ်မခံ နဲ့ နည်းနည်း အရွဲ့တိုက်တတ်တဲ့ အကျင့်ရှိတဲ့လူ၊ ဒီယောကျာ်းတောင်မှ အိမ်က သဘောမတူလို့ ခိုးရာလိုက်ပြေးပြီး ထီမထင်ခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ယူခဲ့တာ။ အဲလိုနဲ့ ထုံးစံအတိုင်း အရပ်ထဲမှာ လူတွေပြောပြောနေကြတဲ့ မွတ်စလင်ထဲဝင်ရင် ဘုရားပုံတော်တွေချနင်းခိုင်းတာတို့၊သူတို့ဘာသာထဲဝင်ရင် ဘယ်လို ထောက်ပံ့တာတို့ ဆိုတဲ့ အခြေအမြစ် မရှိ ကောလဟာလတွေကို ငယ်ငယ်လေးကတည်းက ဒီအသိုင်းအဝိုင်းထဲမှာ ကြီးပြင်းလာခဲ့လို့ မဟုတ်တာကို မဟုတ်ကြောင်း ပြန်လှန် ရန်ဖြစ်ရင်း ကြာတော့ သူ့ယောကျာ်း တစ်အိမ်သားလုံးနဲ့ တစ်ယောက် သာသာ ဖြစ်လာပါတော့တယ်။ ရန်ဖြစ်ပြီး အိမ်ပေါ်က ဆင်းတဲ့ အဆင့်ထိရောက်လာတော့ သူရဲ့ နာကျည်းမှူက အတော်လေးကို ပြင်းထန်လာပြီး ယောကျာ်း လာခေါ်လို့သာပြန်လိုက်သွားရတာ စိတ်တော့ အတော် နာသွားတဲ့ပုံပါပဲ။

    နောက်ဆုံး သူ ဆုံးဖြတ်လိုက်တာကတော့ သူ ဗုဒ္ဓဘာသာကို စွန့်လွှတ်ပြီး သူရဲ့ မူရင်း မိသားစု ဘာသာဖြစ်တဲ့ အစ္စလာမ် ဘာသာကိုသာ ပြောင်းလဲလက်ခံလိုက်ပြီလို့သာ ကျွန်တော့ကို ငိုပြီး ပြောရှာတယ်။ သူ့ယောကျာ်းကို အရွဲ့တိုက်တာလည်းပါမှာပေါ့လေ။ ဒါပေမဲ့ သူကတော့ သူ့ဆုံးဖြတ်ချက်ကို ဘယ်လိုမှ မပြင်နိုင်တော့တဲ့ အကြောင်းပြောပါတယ်။

    ကျွန်တော့ အနေနဲ့တော့ ဘာမှ မပြောဖြစ်ပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်ကိုးကွယ်တဲ့ ဘာသာတရားကို ကိုယ့် အသိစိတ်ဓာတ်နဲ့ ကိုယ် လွတ်လပ်စွာ ရွေးချယ်နိုင်ခွင့်ရှိတယ်လို့ ယူဆလို့ပါ။ အံ့ဩတာက လွဲပြီး ဘာမှတော့ ဝမ်းနည်းစရာမရှိပါ။

    ဒါကို ကြည့်ခြင်းအားဖြင့် အဓိက ပြဿနာကတော့ ဒီလို အရွဲ့တိုက်မှုတွေ၊ စီးပွါးရေးတွေ၊ လူမျိုးခြား လွှမ်းမိုးမှုတွေ ဘာတစ်ခုမှ မဟုတ်ပဲ ဗုဒ္ဓဘာသာရဲ့ တကယ့်ကို အနှစ်သာရဖြစ်တဲ့ သစ္စာလေးပါး၊ မဂ္ဂင် ရှစ်ပါး စတဲ့ နက်နဲတဲ့ သဘောတရားတွေကို နားမလည် မသိကြတော့ပဲ သာမန် မိရိုးဖလာလောက်ဖြစ်တဲ့ ဘုန်းကြီး ဆွမ်းကပ်ရင် ကုသိုလ်ရ၊ လပြည့်နေ့လောက်မှာ ဘုရားသွားရင် အဆင်ပြေလောက်ပါတယ်ကွာ လို့ လွယ်လွယ်လေး မှတ်ယူထားကြလို့ပါပဲ။ကိုယ့်ခံအားနည်းလို့ ရောဂါဝင်မှာကို မသိ၊ဖြစ်လာရင်း ဆေးပြင်းတွေ သောက်ရင်ပျောက် ပါတယ်ကွာလို့ ထင်မှတ်နေကြလို့ပါ။ ဟုတ်ကဲ့ ပျောက်ရင်တော့ ပျောက်နိုင်မှာပေါ့လေ။ ဆေးပြင်းတွေရဲ့ ဘေးထွက် ဆိုးကျိုးတော့ အတော်လေး ခံစားရမှာ အသေအချာပါပဲ။

    ငယ်ငယ်လေးထဲက ကိုယ့်ယုံကြည်မှုနဲ့လို့ ဗုဒ္ဓဘာသာ လို့ ခံယူထားတဲ့ အမတောင်မှ လမ်းလွဲသူ အချို့ကြောင့် စိတ်နာပြီး အခြား ဘာသာကို ကူးပြောင်းသွားတယ်ဆိုတာ လက်တွေ့ပါ။ သူတို့ရဲ့ ကလေးနှစ်ယောက်အတွက် တော့ ဘယ်လိုတွေ စဉ်းစားထားကြမလဲ ဆိုတာ ကျွန်တော်မပြောတတ်ပါ။ ဘယ်ဘာသာကို ရွေးမလဲ ဒါမှမဟုတ် ဘာသာမဲ့လေးတွေဖြစ် ကုန်မည်လားလဲ မပြောတတ်ပါ။

    အခု ကျွန်တော်ပြောနေတာတွေက စိတ်ကူးယဉ် ရေးဖွဲ့ထားတာ မဟုတ်ပဲ တကယ်ကို ဖြစ်နေတဲ့ အောက်ခြေက တကယ့် အဖြစ်အပျက် အမှန်တွေဖြစ်လို့ ဝတ္တ္တုဇာတ်လမ်းတွေလို မဟုတ်ပဲ နည်းနည်းတော့ နားထောင်ရတာ အဆင်မပြေဖြစ်ပြီး ခါးသီးကောင်း ခါးသီးနိုင်ပါတယ်။ ဒါပေမဲ့ ဒါဟာ ခါးပေမဲ့ အမှန်တရားဖြစ်မှာမို့လို့ လက်ခံရမှာပါပဲ။

    အချုပ်ပြောရရင်တော့ ကိုယ့်လူမျိုး၊ကိုယ့်ဘာသာရဲ့ အားနည်းမှူကို မမြင်နိုင်၊ ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်ရခြင်းရဲ့ တကယ့်ကောင်းကျိုးတွေကို နားလည်အောင်လည်း မလုပ်ပေးနိုင် ကိုယ်ခံအား ကောင်းအောင်တော့ မကြိုးစားပဲ အခြား လူမျိုးခြား ဘာသာခြားတွေကိုသာ အပြတ်အသတ် နှိမ်နင်းဖို့လောက်သာ အမြင် ကျဉ်းကျဉ်းနဲ့ တွေးနေကြမယ် ဆိုရင်တော့ ကျွန်တော်တို့ နိုင်ငံသည် တိုးတက်မှု လမ်းမမြင် ဒုံရင်းက ဒုံရင်း အတိုင်း ကမ္ဘာနဲ့ အဆမတန် မျက်ခြေပြတ်ရင်း ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ပို၍ဦးတည်နိုင်စေပါတယ် ခင်မျာ။

    ** ဆောင်းပါးရှင်၏ အာဘော်သာဖြစ်ပါသည်။

  • လီဗာပူးကို ရှုံးကျွေးဆပ်တဲ့ အာဆင်နယ် နှင့် အဲဗာတန်တို့ ကွာတားဖိုင်နယ် တက်တဲ့ FA ဖလား ပဉ္စမအဆင့်ပွဲစဉ်

    ဖေဖော်ဝါရီ ၂၀၁၄
    M-Media

    370165.jpg
    – FA ဖလား ပဉ္စမဆင့်ရဲ့ တနင်္ဂနွေနေ့ပွဲစဉ်မှာတော့ ၀င်းဂါးရဲ့ အာဆင်နယ် လီဗာပူးလ်ကို ရှုံးကြွေးဆပ်နိုင်ခဲ့ သလို၊ နောက်တစ်ဆင့်ကိုလည်း တက်ရောက်နိုင်ခဲ့ပါတယ်။ အဲဗာတန်ကလည်း အိမ်ကွင်းမှာ ဂိုးပြတ်ခဲ့ပြီး ချန်ပီယံဖြစ်ဖို့ အိပ်မက် ဆက်မက်ခွင့်ရခဲ့ပါတယ်။

    ပြီးခဲ့တဲ့ တစ်ပတ်က ပရီးမီးယားလိဂ် အန်ဖီးလ် ကွင်းမှာ မိနစ် ၂၀ အတွင်း ၄ ဂိုးပေးခဲ့ရပြီး ၅ ဂိုး ၁ ဂိုးနဲ့ အရှက်တကွဲရှုံးနိမ့်ခဲ့ရတဲ့ အာဆင်နယ်တို့ ဒီပွဲမှာတော့ အကောင်းဆုံး ကစားနိုင်ခဲ့ပြီး၊ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ မျှော်လင့်နိုင်ဆုံး ဖလားဖြစ်တဲ့အတွက် နှစ်သင်းစလုံးဟာ အမာခံကစားသမား တော်တော် များများကို ထည့်သွင်းအသုံးပြုသွားခဲ့ပါတယ်။ ဒီပွဲမှာ ချီးကျူးရမှာကတော့ အာဆင်နယ် ဂိုးသမား ဖေဘီယန်စကီးဖြစ်ပြီး လီဗာပူးလ်က အပိုင် သုံးလုံးလောက်ကို ကာကွယ်သွားနိုင်ခဲ့ပါတယ်။

    အာဆင်နယ်အတွက်ဂိုးတွေကိုတော့ ချိန်ဘာလိန်နဲ့ ပိုဒေါစကီးတို့က ၁၆ မိနစ်နဲ့ ၄၇ မိနစ်တို့မှာ သွင်းယူပေးခဲ့တာပါ။  လီဗာပူးလ်အတွက် ၁ လုံးတည်းသော ချေပဂိုးကိုတော့ ၀ါရင့်ကွင်းလယ်လူဂျရတ်က ၅၉ မိနစ်မှာ ပင်နယ်တီကနေတစ်ဆင့် သွင်းယူခဲ့တာပါ။

    မာတီနက်ဇ်ရဲ့ အဲဗာတန်ကလည်း အိမ်ကွင်းမှာ ဆွမ်ဆီးကို ၃ ဂိုး ၁ ဂိုးနဲ့ ချေမှုန်းနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ ကစားကွက်ကောင်းကောင်းနဲ့ ဆွမ်ဆီးကို ဖိအားပေးနိုင်ခဲ့တဲ့ အဲဗာတန်တို့ ပွဲအစ ၅ မိနစ်မှာပဲ အဖွင့်ဂိုးရခဲ့ပြီး အငှားနဲ့ ရောက်ရှိလာပြီး ပထမဆုံး ပွဲထွက်ခွင့်ရခဲ့တဲ့ တရာအိုယေးက သွင်းပေးခဲ့တာပါ။  ၁၆ မိနစ်မှာ ဆွမ်ဆီးက ချေပဂိုးသွင်းနိုင်ခဲ့ပေမယ့်။ ၆၅ မိနစ်နဲ့ ၇၃ မိနစ်မှာ နိုင်စမစ်နဲ့ လေတန်ဘိန်းတို့ရဲ့ သွင်းဂိုးတွေက အဲဗာတန်အတွက် နောက်တစ်ဆင့်တက်ဖို့ သေချာစေခဲ့ပါတယ်။

    ဖူလ်ဟမ်ကို စတုတ္ထအဆင့်မှာ ဖြုတ်ချနိုင်ခဲ့တဲ့ ဒုတိယတန်းကလပ် ရှက်ဖီးယူနိုက်တက် ကတော့ နော်တင်ဟမ်ဖောရက်စ်ကို အိမ်ကွင်းမှာ ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

    ကွာတားဖိုင်နယ်ကစားဖို့ ပွဲစဉ်တွေကို မနေ့က နေ့လည်ကတည်းက မဲခွဲခဲ့ပြီး၊ မဲရလဒ်များအရ အဲဗာတန်အသင်းဟာ အီမရိတ်မှာ အာဆင်နယ်ကို သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ချယ်ဆီးအသင်းကတော့ လက်ရှိချန်ပီယံ ၀ီဂန်နဲ့ တွေ့ဆုံရမှာဖြစ်ပါတယ်။ ကွာတားဖိုင်နယ်ပွဲစဉ်တွေကိုတော့ လာမယ့် မတ်လ ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

    ကွာတားဖိုင်နယ်အတွက် မဲခွဲမှုရလဒ်များတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    အာဆင်နယ် VS အဲဗာတန်
    ဘရိုက်တန် သို့မဟုတ် ဟားလ်စီးတီး VS ဆန်းဒါးလန်း
    ရှက်ဖီးယူနိုက်တက် VS ရှက်ဖီးဝင်းစ်ဒေး သို့မဟုတ် ချာလ်တန်
    မန်ချက်စတာစီးတီး VS ၀ီဂန်