News @ M-Media

Blog

  • ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ကစားသမားအားလုံး တားမြစ်ဆေး စစ်ဆေးမှု ခံရမည်

    ဖေဖော်ဝါရီ ၁၇ ၊ ၂၀၁၄
    M-Media
    370243_heroa
    – ကမ္ဘာ့ဖလားဖွင့်ပွဲမတိုင်ခင် ပြိုင်ပွဲဝင်ကစားသမားအားလုံးအား ဆေးစစ်မှုများ ပြုလုပ်သွားမည်ဟု ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာ၏ ဆေးအဖွဲ့မှ ဆရာဝန်ချုပ် ဂျီရီ ဒီမိုရက်က ကတိပြုပြောကြားခဲ့သည်။

    ဖီဖာအနေဖြင့် တားမြစ်ဆေးစစ်ဆေးမှု ပြုလုပ်နိုင်ရန် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် ရထားသော အသင်း ၃၂ သင်းစလုံးမှာ ပြိုင်ပွဲ အတွင်းဆောင်ရွက်မည့် ၎င်းတို့၏ အစီအစဉ်များကို မတ်လ ၁ ရက်နေ့မှစ၍ ဖီဖာအား ပေးပို့ထားရမည်ဖြစ်သည်။

    ဖီဖာ၏ ဆရာဝန်ချုပ် ဒီဗိုရက်ကမူ မည်သည့် အချိန်တွင် တားမြစ်ဆေးစစ်ဆေးမှုအဖွဲ့ဝင်များ လာရောက်မည်ကို အသင်းများနှင့် အသင်းသားများ သိရှိလိမ့်မည် မဟုတ်ဘဲ၊ ဇွန်လ ၁၂ ရက်နေ့ ဘရာဇီးနှင့် ခရိုအေးရှားတို့ ပထမဦးဆုံးပွဲ မတိုင်မီ ကစားသမား အားလုံးအား ဆေးစစ်မှုများ ပြုလုပ်သွားမည်ဟု ကတိပြုခဲ့သည်။

    “ကျွန်တော်တို့ ဘယ်တော့ စ စစ်မလဲဆိုတာကို ကစားသမားတွေ မသိတဲ့အတွက် ကျွန်တော်ကျေနပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆေးစစ်မှု အစီအစဉ်ကို ကျွန်တော်တို့ အပြင်ထုတ်သွားမှာ မဟုတ်လို့ပါ။ ကျွန်တော်တို့ ဘယ်အချိန်မဆို၊ ဘယ်နေရာမှာမဆိုရောက်နိုင်မှာပါ” ဟု ဒီဗိုရက်က ပြောကြားခဲ့သည်။
    Ref: Goal

  • အတိတ်ဆိုးများအား ချေဖျက်နိုင်ခဲ့ပြီဟု ရိုးမားအသင်း နည်းပြ ဂါစီယာဆို

    ဖေဖော်ဝါရီ ၁၇ ၊ ၂၀၁၄
    M-Media
    368955_heroa
    – ယခုနှစ်ရာသီတွင် အသင်းအနေဖြင့် အချိုး အကွေ့များစွာကို တွေ့ရှိခဲ့ပြီး အတိတ်ဆိုးများအား ထားပစ်ခဲ့ပြီဟု ရိုးမားအသင်း၏ နည်းပြဖြစ်သူ ရူဒီဂါစီယာက ပြောကြားလိုက်သည်။

    ထို့ပြင် ယခုနှစ် စီးရီးအေ ပွဲစဉ် ၄ ၌ လာဇီယို အသင်းအား ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ယမန်နှစ် ကိုပါအီတာလီယာ ဖလားပြိုင်ပွဲ ဗိုလ်လုပွဲတွင် ရှုံးနိမ့်ခဲ့မှုအား လက်စားချေနိုင်ခဲ့ခြင်းထက် မည်သည့်အရာမှ ပို၍ အရေးမပါဟု ထည့်သွင်းပြောကြားခဲ့သည်။ ရိုးမားအသင်းမှာ ပြီးခဲ့သည့်နှစ် ဗိုလ်လုပွဲတွင် လာဇီယိုအသင်းအား ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီး ဒုတိယနေရာသာ ရရှိခဲ့သည်။

    လာဇီယိုအားနိုင်ခဲ့ခြင်းက အိပ်မက်ဆိုးများကို ချေဖျက်နိုင်ခဲ့ပြီး စီးရီးအေ ချန်ပီယံဖြစ်ခွင့်ကို လမ်းခင်းပေးခဲ့ခြင်းဖြစ်သည်ဟု ဂါစီယာက ခံစားနေရသည်။

    “အခုနှစ်ရာသီအတွင်းမှာ အဆုံးအဖြတ် အချိန်တွေ အများကြီးရှိခဲ့ပါတယ်” ဟု ဂါစီယာက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    ဂါစီယာမှာ အသင်းခေါင်းဆောင် တော့တီကိုလည်း ချီးကျူးခဲ့ပြီး၊ ပြိုင်ဘက်ကင်း ခေါင်းဆောင်တစ်ဦးနှင့် ထူးခြားသော ကစားသမားဖြစ်သည်ဟု ပြောကြားခဲ့သည်။ ရိုးမား အသင်းမှာ ယခုနှစ်တွင် ခြေစွမ်းကောင်းများ ပြသနေပြီး အမှတ်ပေး ဇယား၏ ဒုတိယနေရာတွင် ရှိနေသည်။
    Ref: Goal

  • ဆွဇ်ဇာလန်တွင် နိုင်ငံရေး ခိုလှုံခွင့်ရချင်၍ လေယာဉ်ပြန်ပေးဆွဲသည့် အီသီးယိုးပီးယား တွဲဖက် လေယာဉ်မှုး

    ဖေဖော်ဝါရီ ၁၇ ၊ ၂၀၁၄
    M-Media

    201421774757316734_20
    – အီသီးယိုးပီးယားပိုင် လေယာဉ်အား ပြန်ပေးဆွဲပြီး ဂျီနီဗာလေဆိပ်သို့ အတင်းအဓမ္မ ဆင်းသက်ခိုင်းခဲ့သည့်  တွဲဖက်လေယာဉ်မှူး ပြန်ပေးသမား တစ်ဦးအား တာဝန်ရှိသူများက ဖမ်းဆီးခဲ့သည်ဟု ဂျီနီဗာလေဆိပ် တာဝန်ရှိသူများက Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။

    အခြေအနေများကို ထိန်းချုပ်နိုင်ခဲ့ပြီး ခရီးသည်များနှင့် လေယာဉ် အမှုထမ်းအားလုံးမှာ ဘေးကင်းပြီဟုလည်း ဆိုသည်။

    ပြန်ပေးသမားမှာ ဆွဇ်ဇာလန်တွင် နိုင်ငံရေးခိုလှုံခွင့် ရလိုသောကြောင့် ယခုကဲ့သို့ ပြန်ပေးဆွဲခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

    အီသီးယိုးပီးယားနိုင်ငံ အဒစ်အဘာဘာမြို့မှ အီတလီနိုင်ငံ ရောမမြို့သို့ ပျံသန်းနေသည့် အီသီယိုးပီးယား လေကြောင်းလိုင်းမှ လေယာဉ်အမှတ် ၇၀၂ အား အစောပိုင်းတွင် ဂျီနီဗာလေဆိပ်သို့ ဆင်းသက်ခွင့် မပေးခဲ့သောကြောင့် မိနစ်နည်းငယ်ကြာ ပျံသန်းခဲ့ရပြီး ပြန်ပေးသမားများက ဆင်းသက်ရန် ဖိအားပေးခဲ့သောကြောင့် ဆင်းသက်ခဲ့ရခြင်းဖြစ်ကာ အာဏာပိုင်များက ထိုလေဆိပ်အား ယာယီ ပိတ်ပစ်ခဲ့ရသည်။

    ဂျီနီဗာရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဂျီန်း ဖိလစ်ပ် ဘရန့်ကလည်း ယနေ့ နံနက်ဒေသစံတော်ချိန် ၆ နာရီခန့်တွင် အဆိုပါလေယာဉ်မှာ ဆင်းသက်လာခဲ့ပြီး လေယာဉ်ပေါ်တွင် လိုက်ပါလာကြသည့် ခရီးသည်များအား ရဲတပ်ဖွဲ့ဝင်များက တစ်ယောက်ချင်းစီ လိုက်ပါစောင့်ကြပ်ကာ ကယ်ဆယ်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    ထိုလေယာဉ်မှာ ဆူဒန်နိုင်ငံပေါ် ဖြတ်၍ ပျံသန်းနေစဉ်မှာပင် Squawk 7500 သင်္ကေတအား ပေးပို့ခဲ့သည်ဟု ဆိုရှယ်မီဒီယာများတွင် ဖော်ပြခဲ့ကြသည်။ ထိုသင်္ကေတမှာ ပြန်ပေးဆွဲခံရသည့် သင်္ကေတဖြစ်သည်။
    Ref: aljazeera

  • ဒုတိယကမ္ဘာစစ်အတွင်းက ဇီဝလက်နက်များကို အသုံးပြုရန် နာဇီတို့ စီစဉ်ခဲ့

    ဖေဖော်ဝါရီ ၁၇ ၊ ၂၀၁၄
    M-Media

    nazi_2823355b

    – ဒုတိယကမ္ဘာစစ်အတွင်း ရှေ့တန်း စစ်မျက်နှာ၌ ရန်သူ့စစ်တပ်ဘက်သို့ ငှက်ဖျား ရောဂါဖြစ်ပွားစေနိုင်သည့် ခြင်များ ပို့လွှတ်၍ ဇီဝစစ်ပွဲဆင်နွှဲရန် အသုံးပြုရန် နာဇီ သိပ္ပံပညာရှင်များက စီစဉ်ခဲ့သည်ဟု လေ့လာမှုများအရသိရသည်။

    မဟာမိတ်တပ်ဖွဲ့များအား တိုက်ရန်အတွက် ရောဂါပိုးရှိသည့် အင်းဆက်ပိုးမွှားအား ကြာရှည် ထိန်းသိမ်းနိုင်အောင် မည်ကဲ့သို့ ဆောင်ရွက်ရမည် ဆိုသည်နှင့် ပတ်သက်၍ လျှို့ဝှက် လေ့လာမှုများပြုလုပ်ရန် SS အဖွဲ့ခေါင်းဆောင် ဟင်းနရစ် ဟင်းမလားက အမိန့်ပေးခဲ့သည်ဟု ဂျာမန်ပညာရှင် ဒေါက်တာ Klaus Reinhardt က ပြောကြားခဲ့သည်။

    ထိုသို့ စမ်းသပ်မှုများပြုလုပ်ရန်အတွက် Dachau ထိန်းသိမ်းရေးစခန်းတွင် ဓာတ်ခွဲခန်းတစ်ခုကို ၁၉၄၂ ခုတွင်ဖွင့်လှစ်ခဲ့သည်။ သန်းများနှင့် အခြားသော အင်းဆက် ပိုမွှားများမှ ပြန့်ပွားသော ရောဂါများကို ကုသနိုင်မည့် ဆေးဝါးများ၊ ဂျာမန် စစ်သားများ ခံစားရသည့် တိုက်ဖိုက်နှင့် ပလိပ်ရောဂါများအား ကုသရန်အတွက် စသည့် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခဲ့သည်ဟု ပြောဆိုခဲ့သော်လည်း ဇီဝစစ်ပွဲများ ဆင်နွှဲရန်အတွက် စမ်းသပ်မှုများကို သိပ္ပံပညာရှင်များက ပြုလုပ်ခဲ့သည်ဟု ထိုဓာတ်ခွဲခန်းမှ ရရှိသည့် မှတ်တမ်းများကို ကိုးကား၍ Reinhardt က ထပ်လောင်းပြောကြားခဲ့သည်။

    ထိုစမ်းသပ်မှုအတွင်း ငှက်ဖျား ရောဂါဖြစ်ပွားစေနိုင်သည့်ခြင်များကို လေးရက်အထိ ထိန်းသိမ်းထားနိုင်သော နည်းလမ်းကို တွေ့ရှိခဲ့သော်လည်း အသုံးပြုခဲ့ခြင်းမရှိပေ။

    Ref: telegraph

    Photo: Hulton-Deutsch Collection/CORBIS

  • လိုအပ်သည့် ပြင်ဆင်မှုများကို ပြုလုပ်ပြီးမှ သန်းခေါင်းစာရင်း ကောက်ရန် တိုင်းရင်းသားများ တောင်းဆို

    လိုအပ်သည့် ပြင်ဆင်မှုများကို ပြုလုပ်ပြီးမှ သန်းခေါင်းစာရင်း ကောက်ရန် တိုင်းရင်းသားများ တောင်းဆို

    ဖေဖော်ဝါရီ ၁၇၊ ၂၀၁၄
    M-Media
    လမင်း

    KJ

    ရန်ကုန် ။        ။ မြန်မာနိုင်ငံ ဗဟိုသန်းခါင်စာရင်းကော်မရှင်မှ ၂၀၁၄ မတ်လတွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရန် စီစဉ်ဆောင်ရွက်လျက် ရှိသော သန်းခေါင်စာရင်း အစီအစဉ်နဲ့ ပတ်သက်၍ မြန်မာနိုင်ငံရှိ တိုင်းရင်းသား အဖွဲ့အစည်းများက ပူးပေါင်း၍ ကြေငြာချက် တစ်စောင်ကို ယနေ့ ထုတ်ပြန် ခဲ့သည်။

    တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် သန်းခေါင်စာရင်း ကော်မတီဝင်များ အလျင်အမြန် တွေ့ဆုံညှိနှိုင်းပေးရန်၊ တိုင်းရင်းသားတို့၏ စိုးရိမ်ပူပန်မှုများကို ဖြေရှင်းပြီးမှသာ သန်းခေါင်း စာရင်းကို ကောက်ယူရန်၊ တိုင်းရင်းသားများကို သန်းခေါင်စာရင်း ကောက်ယူရာတွင်ဒေသခံများ၏ ဘာသာစကားကို နားလည် တတ်ကျွမ်းအောင် လေ့ကျင့်သင်ကြားပေးရန်၊ ထွက်ပေါ်လာသည့် ရလဒ်ကို တိုင်းရင်းသား အရေအတွက် သတ်မှတ်ခြင်း မပြုရန်နှင့် တိုင်းရင်းသားများ ပါဝင်ဆောင်ရွက်ခွင့်ရှိသော နည်းလမ်းများနှင့် အစီအစဉ်များ ချမှတ်ဆောင်ရွက်ပေးရန် တို့ဖြစ်ပါသည်။

    “တိုင်းရင်းသား ၁၃၅ မျိုးဟာ မြန်မာနိုင်ငံမှာ ၄၀ ရာခိုင်နှုန်းရှိပါတယ်။ အခု မျိုးနွယ်စု တစ်ခုမှာတင် အများကြီး ကွဲလွဲနေတော့ တိုင်းရင်းသား အချင်းချင်း တွေ စိတ်ဝမ်းကွဲနေကြပါတယ်၊ စိတ်မပျော်ရွှင်ကြပါဘူး။ သန်းခေါင်စာရင်းကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အများကြီး ထိခိုက်စေပါတယ်။ သန်းခေါင် စာရင်း ကို နောက်ဆုတ်ပြီး ကောက်ခံပေးသင့်ပါတယ်။ လူမျိုးတွေကို သေချာခွဲခြားဖို့လိုအပ်ပါတယ်။ အခုဆို ကချင်မှာ စစ်ပွဲတွေဖြစ်နေပါတယ်။ သူတို့ကောက်မယ်ဆိုရင် ဒီစစ်ပွဲဖြစ်နေတဲ့ နေရာတွေကို သေချာသွားရောက် ကောက်ခံနိုင် မလားဆိုတာ မေးစရာပါ” ဟု ကချင်တိုင်းရင်းသူ တစ်ဦး ဖြစ်သူ ဒေါ်ခွန်ဂျာက ပြောကြားခဲ့ပါသည်။

    တိုင်းရင်းသားများလူမျိုး အမည်အတွက် Code အမှတ်များကို သတ်မှတ်ရာတွင် မျိုးနွယ်စု အမည် မဟုတ်သည်ကို မျိုးနွယ်စုအဖြစ် လွဲမှားစွာဖော်ပြခြင်း၊ မျိုးနွယ်စု တစ်ခုတည်းကို ဒေသ အခေါ်ဝေါ်များ အရ နှစ်ကြိမ် သုံးကြိမ် ဖော်ပြထားခြင်း၊ မျိုးနွယ်စုနှစ်ခုကို တစ်စုတည်း အဖြစ်ဖော်ပြထားခြင်း စသည်ဖြင့် တိုင်းရင်းသားများအနေနှင့် အလွဲများကို ရင်ဆိုင်နေရကြောင်း သိရှိရပါသည်။ ထိုပြသနာများကို ပြေလည်ဖြေရှင်းပေးရန် တိုင်းရင်းသားများမှ သန်းခေါင်းစာရင်းကောက်ယူမည့် အချိန်ကိုနောက်သို့ရွေ့ဆိုင်းပေးရန် သက်ဆိုင်ရာသို့ တောင်းခံထားကြောင်းလည်း သိရပါသည်။

    သန်းခေါင်းစာရင်းကောက်ယူရာတွင် နည်းပညာပိုင်းကသာ အဆင်သင့်ဖြစ်နေပြီး တိုင်းရင်းသားများအနေနှင့် လုံလောက်သည့် ပြင်ဆင်မှုများ မရှိသေး ကြောင်း၊ ယခုလောလောဆယ်ဆယ်တွင် တိုင်းရင်းသား ၁၃၅ မျိုးအနက် ဗမာ တိုင်းရင်းသားမှလွဲ၍ ကျန် ၁၃၄ မျိုးမှာ ပြသာနာများနှင့် ရင်ဆိုင်နေရ ကြောင်း၊ တိုင်းရင်းသားများအနေနှင့် လွဲနေသည့် အရာများကိုပြုပြင်ရန် လုံလောက်သည့်အချိန်ပေးပြီး သန်းခေါင်စာရင်းကို နောက်ဆုတ် ရွှေ့ဆိုင်း ကောက်ခံ ပေးပါရန် သက်ဆိုင်ရာသို့ တောင်းခံထားကြောင်း ချင်းတိုင်းရင်းသား ဆလိုင်းအိုက်ဇက်ခင်က ပြောကြားခဲ့ပါသည်။

    “ကျွန်တော်တို့ တိုင်းရင်းသားအသံကို နိုင်ငံတော်က လေးစားပေးဖို့လိုပါတယ်။ ကရင်မျိုးနွယ်စုထဲမှာလည်း ကယားတိုင်းရင်းသားတွေရောက်နေ တာမျိုး ရှိတယ်။ အခြား တိုင်းရင်းသားတွေထဲမှာလည်းရှိပါတယ်။ အဲလိုမျိုးတွေကို နိုင်ငံတော်အစိုးရအနေနဲ့ ဒါမျိုးတွေကို အလေးပေးပြီး လုပ်ပေး စေလိုပါတယ်။ အစိုးရအနေနဲ့ ဒါတွေကို သေချာစိစစ်ပြီးမှ သန်းခေါင်စာရင်းကို ကောက်ယူစေလိုပါတယ်။ လိုအပ်တဲ့ပြင်ဆင်မှုတွေကို သေချာပြုလုပ် သင့်ပါတယ်” ဟု ကရင် တိုင်းရင်းသား တစ်ဦးဖြစ်သူ ဦးစောကျော်ဇွာ ကပြောကြားခဲ့ပါသည်။

    တိုင်းရင်းသားများအနေနှင့် ၎င်းတို့တောင်းဆိုသည်များကို နိုင်ငံတော်မှ တာဝန်ရှိသူများအား လိုက်နာဆောင်ရွက်ပေးရန် နှင့် ၎င်းတို့ဘက်မှ တောင်းဆို လိုသည်များကို အဆုံးထိ တောင်းဆိုသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။