News @ M-Media

Blog

  • အစ္စရေးရဲနှင့် ဂျူးအခြေချနေထိုင်သူများ အလ်အက္ကဆွာဗလီထဲ ဝင်ရောက်စီးနင်းပြန်

    အစ္စရေးရဲနှင့် ဂျူးအခြေချနေထိုင်သူများ အလ်အက္ကဆွာဗလီထဲ ဝင်ရောက်စီးနင်းပြန်

    မေ ၂၃၊ ၂၀၂၁
    M-Media

    -ဂျေရုစလင်က အလ်အက္ကဆွာဗလီဝတ်ကျောင်းတော် ပရ၀ုဏ်ထဲကို ဒီနေ့မနက်ပိုင်းက အစ္စရေးရဲတပ်ဖွဲ့ဝင်တွေနဲ့ ဂျူးအခြေချနေထိုင်သူတွေ ဝင်ရောက်စီးနင်းခဲ့ပါတယ်။

    နံနက်အရုဏ်တက်ဝတ်ပြုတဲ့အချိန်မှာ အစ္စရေးရဲတပ်ဖွဲ့က ဗလီထဲ ဝင်ရောက်စီးနင်းခဲ့ပြီး ပါလက်စတိုင်းဝတ်ပြုသူတွေကို ရိုက်နှက်ကန်ကျောက်ဖယ်ရှားကာ ဂျူးအခြေချသူ လက်ယာစွန်းရောက်တွေ ဝင်ရောက်နိုင်ဖို့အတွက် လမ်းရှင်းကာ အစောင့်ရှောက်ပေးခဲ့ပါတယ်။

    ဒီအဖြစ်အပျက်အတွင်း ဗလီအစောင့်တစ်ဦးအပါအဝင် ပါလက်စတိုင်း ၆ ဦးကို အစ္စရေးရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ အလ်အက္ကဆွာဗလီကို အစ္စရေးရဲတပ်ဖွဲ့နဲ့ ဂျူးအခြေချနေထိုင်သူတွေ မကြာခဏ ဝင်ရောက်စီးနင်းအကြမ်းဖက်မှုဟာ အစ္စရေး-ပါလက်စတိုင်း တင်းမာမှုတွေထဲက အကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။

    အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှာ ပြီးခဲ့တဲ့ ဧပြီလအတွင်း ပါလက်စတိုင်းနေအိမ်တွေကို ဂျူးအခြေချသူတွေက လုယူသိမ်းပိုက်ခဲ့ပြီးတဲ့နောက် ပါလက်စတိုင်းနဲ့ အစ္စရေးတို့အကြား တင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။

    ဒီလုယူမှုကို မကျေနပ်တဲ့အတွက် ပါလက်စတိုင်းတွေက ဂျေရုစလင်မှာရှိတဲ့ အလ်အက္ကဆွာဗလီမှာ ထိုင်သပိတ်ပြုလုပ်ခဲ့ပြီး အစ္စရေးတပ်ဖွဲ့က အင်အားသုံးဖြိုခွဲမှုကြောင့် လူ ၇၀၀ လောက် ဒဏ်ရာရခဲ့ပြီးတဲ့နောက် ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ ဟားမက်စ်က ဂါဇာကနေ အစ္စရေးဘက်ကို ဒုံးကျည်တွေနဲ့ မေ ၉ ရက်နေ့မှာ တုန့်ပြန် ပစ်ခတ်ခဲ့ပါတယ်။

    အဲဒီနောက် အစ္စရေးက ဂါဇာကို ၁၁ ရက်ကြာ ဗုံးကြဲခဲ့ပြီး ပါလက်စတိုင်း ပြည်သူ ၂၅၀ နီးပါး သေဆုံးကာ ကျောင်း၊ ဆေးရုံနဲ့ နေအိမ်အဆောက်အဦးအများအပြား ဖျက်ဆီးခံခဲ့ရပါတယ်။ အီဂျစ်ရဲ့ကြားဝင်စေ့စပ်မှုကြောင့် အစ္စရေးနဲ့ ဟားမက်စ်တို့ သောကြာနေ့မှာ ​အပစ်ရပ်ရေး သဘောတူညီချက်ရခဲ့ပေမယ့် အဲဒီနောက်ပိုင်း အလ်အက္ကဆွာဗလီကို အစ္စရေးတပ်ဖွဲ့တွေက အကြိမ်ကြိမ် ဝင်ရောက်စီးနင်းခဲ့ပါတယ်။

    အလ်အက္ကဆွာဗလီအဝင်ဂိတ်တွေမှာ အစ္စရေးတပ်ဖွဲ့တွေက ကန့်သတ်မှုတွေ လုပ်ဆောင်ထားပြီး အသက် ၄၅ နှစ်အောက်လူတွေကို ဗလီထဲဝင်ခွင့် မပေးပါဘူး။

    Ref: Aljazeera

  • အပူချိန် ရုတ်တရက် ကျဆင်းမှုကြောင့် တရုတ်မာရသွန်ပြိုင်ပွဲတွင် လူ ၂၁ ဦး သေဆုံး

    အပူချိန် ရုတ်တရက် ကျဆင်းမှုကြောင့် တရုတ်မာရသွန်ပြိုင်ပွဲတွင် လူ ၂၁ ဦး သေဆုံး

    မေ ၂၃၊ ၂၀၂၁
    M-Media

    -တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဂန်းဆူပြည်နယ်က တောင်တန်းတစ်ခုမှာ မာရသွန်အပြေးပြိုင်ပွဲ ကျင်းပနေစဉ် အပူချိန် ရုတ်တရက် ကျဆင်းသွားတာကြောင့် နိုင်ငံကျော်တစ်ချို့အပါအဝင် အပြေးသမား ၂၁ ဦး သေဆုံးသွားပါတယ်။

    ဘိုင်ယင်မြို့က အဲဒီ မာရသွန်ပြိုင်ပွဲကို လူ ၁၇၂ ဦး ဝင်ရောက်ယှသ်ပြိုင်ခဲ့ကြတာပါ။ ပြိုင်ပွဲကျင်းပတဲ့ Yellow River Stone တောထဲမှာ မနေ့ကနေလည် ၁ နာရီလောက် အပူချိန်ရုတ်တရက်ကျဆင်းကာ အလွန်အမင်းအေးလာပြီး မိုးတွေရွာ၊ လေတွေတိုက်ခဲ့တာ ဖြစ်ပါတယ်။

    အပြေးပြိုင်ပွဲမှာပါဝင်သူ ၁၅၁ ဦး အနာတရတစ်ချို့ရကာ ဘေးကင်းခဲ့ပေမယ့် ကျန်တဲ့သူတွေက ပျောက်ဆုံးနေတာပါ။ တာဝန်ရှိသူတွေက ကယ်ဆယ်ရေးအဖွဲ့ဝင် ၇၀၀ ကျော်လောက်နဲ့ ရှာဖွေခဲ့ရာမှာတော့ ဒီနေ့မနက်အစောပိုင်းမှာ ပျောက်ဆုံးနေသူ ၂၁ ဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ခဲ့ရပါတယ်။ အပူချိန်ရုတ်တရက်ကျဆင်းမှုဆိုးကျိုးကြောင့် ဒီလို သေဆုံးရတာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

    သေဆုံးသူတွေထဲမှာ ပြည်တွင်းမှာနာမည်ကြီးတဲ့ အပြေးသမား လျန်ကျင်းနဲ့ ဟွမ်ဂွမ်ကျင်းတို့ ပါဝင်ပါတယ်။ လျန်ကျင်းဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ပြည်တွင်းက မာရသွန်ပြိုင်ပွဲတွေမှာ ဗိုလ်စွဲထားသူ ဖြစ်ပါတယ်။

    Ref: CNA

  • ကာကွယ်ဆေးနှစ်ကြိမ်ထိုးထားပြီးလျှင် အိန္ဒိယမှ ပုံပြောင်းကိုဗစ်ကိုလည်း ထိထိရောက်ရောက် ကာကွယ်နိုင်

    ကာကွယ်ဆေးနှစ်ကြိမ်ထိုးထားပြီးလျှင် အိန္ဒိယမှ ပုံပြောင်းကိုဗစ်ကိုလည်း ထိထိရောက်ရောက် ကာကွယ်နိုင်

    မေ ၂၃၊ ၂၀၂၁
    M-Media

    -ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ် ထိုးထားခြင်းအားဖြင့် အိန္ဒိယမှာ အကြီးအကျယ် ပြန့်နှံ့နေတဲ့ ပုံပြောင်းကိုဗစ်ဗိုင်းရပ်စ်ကို ကာကွယ်နိုင်တယ်လို့ ဗြိတိန်ကျန်းမာရေးတာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

    Pfizer-BioNTech ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီး ၂ ပတ်ကြာတဲ့အခါ အိန္ဒိယက ပုံပြောင်းကိုဗစ် B16172 ကူးစက်မှုကို ၈၈ ရာခိုင်နှုန်း ကာကွယ်နိုင်ပြီး ဗြိတိန်က ပုံပြောင်းကိုဗစ် B117 ကို ၉၃ ရာခိုင်နှုန်း ကာကွယ်နိုင်တာကို အင်္ဂလန်ကျန်းမာရေးဌာနရဲ့ လေ့လာမှုမှာ တွေ့ရပါတယ်။

    AstraZeneca နှစ်ကြိမ်ထိုးထားရင်တော့ B16172 ဗိုင်းရပ်စ်ကို ၆၀ ရာခိုင်နှုန်း၊ B117 ကို ၆၆ ရာခိုင်နှုန်း ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။

    ဗြိတိန်ကျန်းမာရေးဝန်ကြီး မတ်ဟန်းကော့က ဒါဟာ အားတက်ဖွယ်တွေ့ရှိချက်ဖြစ်ပြီး နိုင်ငံအတွင်းထုတ်ထားတဲ့ ကိုဗစ်ကန့်သတ်ချက်တွေကို စီစဉ်ထားတဲ့အတိုင်း လာမယ့်လမှာ လျော့ချဖို့ မျှော်လင့်ချက်ရှိလာပြီလို့ ပြောကြားခဲ့ပါတယ်။

    ဗြိတိန်ဟာ ဥရောပမှာ အမြန်ဆုံး ကိုဗစ်ကာကွယ်ဆေးစီမံကိန်းကို အကောင်အထည်ဖော်နေတာဖြစ်ပြီး၊ အိန္ဒိယက ပုံပြောင်းကိုဗစ် ကူးစက်မှု တွေ့လာရတာကြောင့် စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

    ကာကွယ်ဆေး ပထမတစ်ကြိမ်ထိုးထားပြီး ၃ ပတ်ကြာရင် B16172 ဗိုင်းရပ်စ်ကို ၃၃ ရာခိုင်နှုန်း B117 ကို ၅၀ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်တယ်လို့လည်း ဗြိတိန်ကျန်းမာရေးဌာနရဲ့ လေ့လာမှုမှာ တွေ့ရှိရပါတယ်။

    Ref: Reuters

  • ထာ၀ရအာဏာရှင်စနစ်ကို ဦးတည်နေသည့် စစ်ကောင်စီဥက္ကဌက ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ကမ္ဘာကို ထပ်ပြော

    ထာ၀ရအာဏာရှင်စနစ်ကို ဦးတည်နေသည့် စစ်ကောင်စီဥက္ကဌက ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ကမ္ဘာကို ထပ်ပြော

    မေ ၂၃၊ ၂၀၂၁
    M-Media

    -စစ်တပ်က အာဏာရယူထားတာဟာ ခဏသာဖြစ်ပြီး ရွေးကောက်ပွဲကျင်းပပေးကာ အရပ်သားအစိုးရလက်ထဲ အာဏာလွှဲပြောင်းပေးမယ်လို့ အာဏာသိမ်းစစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

    စစ်ကောင်စီအကြီးအကဲဟာ ဟောင်ကောင်မီဒီယာ Phoenix Television ရဲ့ အွန်လိုင်းကတစ်ဆင့် တွေ့ဆုံမေးမြန်းခန်းမှာ အခုလို ပြောကြားလိုက်တာပါ။ ဒါဟာ အာဏာသိမ်းပြီးနောက်ပိုင်း သူ့ရဲ့ ပထမဆုံး မီဒီယာတွေ့ဆုံမှု ဖြစ်ပါတယ်။

    အာဏာသိမ်းပြီးကတည်းက ကာကွယ်ရေးဦးစီးချုပ်သက်တမ်း ၆၅ နှစ်ပြည့်ရင် အငြိမ်းစားယူရမယ်ဆိုတဲ့ စစ်တပ်စည်းကမ်းကို ပယ်ဖျက်တာ၊ မီဒီယာတွေကို နှိပ်ကွပ်တာ၊ နိုင်ငံပိုင်မီဒီယာတွေကနေ လူမျိုးရေး၊ ဘာသာရေး သွေးထိုးဝါဒဖြန့်တာ၊ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်ညှမ်းပမ်းတာ၊ တရားလက်လွတ်ဖမ်းဆီးထောင်ချတာ စတဲ့ အာဏာရှင်တွေရဲ့ အမူအကျင့်တွေအတိုင်း စစ်ကောင်စီက ​တစ်စိုက်မတ်မတ် လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

    ဗိုလ်ချုပ်မှူးကြီးကတော့ ရွေးကောက်ပွဲမှာ မဲမသမာမှုဖြစ်တဲ့အတွက် အာဏာသိမ်းရတာဖြစ်ပြီး ပါတီစုံ ဖက်ဒရယ်ဒီမိုကရေစီတိုင်းပြည်ထူထောင်ဖို့ စစ်တပ်မှာ ရည်ရွယ်ချက်ရှိတယ်လို့ Phoenix Television ကို ပြောကြားခဲ့ပါတယ်။

    လွတ်လပ်တဲ့ ပြည်ပရွေးကောက်ပွဲစောင့်ကြည့်တဲ့အဖွဲ့တွေက ၂၀၂၀ ခုနှစ် နိုဝင်ဘာရွေးကောက်ပွဲမှာ ရလဒ်ပြောင်းလောက်တဲ့ အမှားအယွင်းမျိုး မရှိခဲ့ဘူးလို့ ထုတ်ပြန်ထားပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်မှုကြောင့် အရပ်သားပြည်သူ ၈၀၀ ကျော်သေဆုံးထားတယ်ဆိုတဲ့ စောင့်ကြည့်အဖွဲ့တွေရဲ့ ထုတ်ပြန်မှုဟာ မမှန်ကန်ဘူးလို့လည်း စစ်ကောင်စီအကြီးအကဲက ပြောပါတယ်။

    အမှန်တကယ်သေဆုံးသူဟာ ၃၀၀ လောက်သာရှိပြီး ရဲ့တပ်ဖွဲ့ဝင် ၄၇ ဦးသေဆုံးကာ ၂၀၀ ကျော် ဒဏ်ရာရတယ်လို့ သူက ဆိုပါတယ်။

    နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးတော့လည်း စစ်ကောင်စီအကြီးအကဲက Phoenix Television နဲ့ တွေ့ဆုံမေးမြန်းမှုမှာ ထည့်သွင်းဖြေကြားခဲ့ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းကျန်းမာမာရှိနေပြီး မကြာခင်ရက်ပိုင်းအတွင်း တရားရုံးကို လူကိုယ်တိုင်လာရောက်ကာ တရားရင်ဆိုင်မှာဖြစ်ကြောင်း၊ သူမဟာ တိုင်းပြည်အတွက် တတ်စွမ်းနိုင်သမျှ လုပ်ဆောင်ခဲ့တယ်လို့ ယူဆကြောင်း ဗိုလ်ချုပ်မှူးကြီးက ဆိုပါတယ်။

    Ref: NHK

  • အိန္ဒိယမှ ကူးစက်မြန်ပုံပြောင်းကိုဗစ်​ ထိုင်းပြည်တွင်းတွင် ပထမဆုံးကူးစက်

    အိန္ဒိယမှ ကူးစက်မြန်ပုံပြောင်းကိုဗစ်​ ထိုင်းပြည်တွင်းတွင် ပထမဆုံးကူးစက်

    မေ ၂၁၊ ၂၀၂၁
    M-Media

    -အိန္ဒိယမှာအကြီးအကျယ် ကူးစက်ပြန့်နှံနေတဲ့ ကိုဗစ်ပုံပြောင်းဗိုင်းရပ်စ် ပြည်တွင်းမှာ ကူးစက်တာကို ပထမဆုံးတွေ့ရှိခဲ့တယ်လို့ ထိုင်းနိုင်ငံက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

    ဘန်ကောက်မြို့ ဆောက်လုပ်ရေးလုပ်သားတွေနေတဲ့ နေရာတစ်ခုမှာ လူ ၃၆ ဦး ပုံပြောင်းဗိုင်းရပ်စ် ကူးစက်နေတာကို တွေ့ရတာပါ။ ထိုင်း ၂၁ ဦး၊ မြန်မာ ၁၀ ဦးနဲ့ ကမ္ဘောဒီးယားက ၅ ဦးတို့ ဖြစ်ပါတယ်။ လတ်တလော ကိုဗစ်ကူးစက်မှုတွေကို ဆောက်လုပ်ရေးလုပ်သားတွေယာယီနေထိုင်တဲ့ နေရာတွေမှာ အများဆုံးတွေ့နေရတာဖြစ်ပါတယ်။

    အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နဲ့ နီပေါနိုင်ငံတွေက ထိုင်းနိုင်ငံသားမဟုတ်သူတွေ ဝင်ရောက်မှုကို ထိုင်းအစိုးရက တားမြစ်ပိတ်ပင်ထားတာပါ။

    ဒီကနေ့ထိုင်းနိုင်ငံမှာ ကိုဗစ်ကူးစက်သူ ၃၄၈၁ ဦးရှိပြီး၊ ၃၂ ဦး သေဆုံးခဲ့ပါတယ်။ ကိုဗစ်ပြန့်နှံ့မှုကို ထိန်းချုပ်နိုင်ဖို့အတွက် နိုင်ငံတစ်ဝှမ်း အရေးပေါ်အခြေအနေကို ဇူလိုင်လကုန်အထိ ထိုင်းအစိုးရက သက်တမ်းတိုးထားပါတယ်။

    ထိုင်းဟာ ဇွန်လ ၇ ရက်နေ့ကစပြီး ကိုဗစ်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို လုပ်ဆောင်မှာပါ။ အခုနှစ်ကုန်ရင် နိုင်ငံမှာရှိနေတဲ့ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းဖြစ်တဲ့ သန်း ၇၀ ကို ကာကွယ်ဆေးထိုးပေးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။

    Ref: AP