News @ M-Media

Blog

  • မက်ဆီ ဂိုးပြန်သွင်းတဲ့ ဘာစီလိုနာနဲ့၊ ရော်နယ်ဒို မပါပေမယ့် ဂိုးပြတ်ခဲ့တဲ့ ရီးယဲလ်တို့ရဲ့ လာလီဂါပွဲစဉ် ၂၃

    ဖေဖော်ဝါရီ ၁၁၊ ၂၀၁၄
    M-Media
    367861hp2
    – ဒီတစ်ပါတ်လာလီဂါ ပွဲစဉ် ၂၃ မှာတော့ ထိပ်ဆုံးက ၃ သင်းလုံး ပွဲကျပ်တွေ ကစားခဲ့ရပြီး ထိပ်ဆုံးနေရာလည်း အပြောင်းအလဲဖြစ်ခဲ့ပါတယ်။

    ခုနောက်ပိုင်းပွဲတွေမှာ ခြေစွမ်းကျလာပြီး ပြီးခဲ့တဲ့ တစ်ပတ်ကလည်း ဗလင်စီယာကို အိမ်ကွင်းမှာ ရှုံးထားတဲ့ ဘာစီလိုနာကတော့ အဝေးကွင်းမှာ ဆီးဗီးလားကို ၄ ဂိုး ၁ ဂိုးနဲ့အနိုင်ယူနိုင်ခဲ့ပါတယ်။ ၁၅ မိနစ်မှာ အိမ်ရှင်တို့က ဦးဆောင်ဂိုးရခဲ့ပေမယ့် ကစားပုံ ပိုကောင်းတဲ့ ဘာကာတို့က နောက်ပိုင်းမှာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို သွင်းယူခဲ့တာပါ။ ဒဏ်ရာကပြန်လာပြီး ခြေစွမ်း မပြနိုင်တဲ့အတွက် ဝေဖန်ခံနေရတဲ့ မက်ဆီလည်း ဒီပွဲမှာ ၂ ဂိုးသွင်းခဲ့ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ်က ထိခဲ့တဲ့ အနီကဒ်ကြောင့် ရော်နယ်ဒို မပါဝင်နိုင်တဲ့ ရီးယဲကလည်း အိမ်ကွင်းမှာ ဘေးလ်၊ ဘင်ဇီမာတို့ရဲ့ ဂိုးတွေနဲ့အတူ အနိုင်ရခဲ့ပါတယ်။ ထိပ်ဆုံးက အက်သလက်တီကိုကတော့ ဇယားအောက်ခြေနားက အလ်မာရီယာကို အဝေးကွင်းမှာ နောက်ကျဂိုးတွေနဲ့ အရှုံးပေးခဲ့ရပါတယ်။ ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ကစားနိုင်ပေမယ့် လိုအပ်တဲ့ဂိုးတွေကိုတော့ အက်သလက်တီကိုတို့ မရခဲ့ပါဘူး။ ၈၅ မိနစ်မှာ ပင်နယ်တီဧရိယာ အတွင်းမှာ ပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့ အတွက် အက်သလက်တီကို ဂိုးသမား တိုက်ရိုက် အနီကဒ်နဲ့ အထုတ်ခံခဲ့ရပါတယ်။

    ဗလင်စီယာကလည်း အိမ်ကွင်းမှာ ဇယားအောက်ခြေက ဘက်တစ်ကို တိုက်စစ်မှူးတွေရဲ့ အစွမ်းပြမှုနဲ့အတူ ဂိုးပြတ်ခဲ့ပြီး၊ တန်းဆင်းဇုန်းက ဗယ်လက်ကာနိုကလည်း အိမ်ကွင်းမှာ မလာဂါကို ၄ ဂိုး ၁ ဂိုးနဲ့ အံ့ဖွယ် အနိုင်ယူနိုင်ခဲ့ပါတယ်။

    ပြီခဲ့တဲ့တစ်ပတ်က သုံးမှတ်အသာနဲ့ ဇယားကို ဦးဆောင်နိုင်ခဲ့တဲ့ အက်သလက်တီကိုတို့ ဒီတစ်ပတ်မှာ ရှုံးနိမ့်ခဲ့ရတာကြောင့် ဘာစီလိုနာက အမှတ်တူ ဂိုးကွာခြားချက်အသာနဲ့ ထိပ်ဆုံးပြန်ရောက်လာပါတယ်။

    လာလီဂါ ပွဲစဉ် ၂၃ ရဲ့ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    အက်စပန်ညို ၁-၀ ဂရာနာဒါ
    ဗလင်စီယာ ၅-၀ ဘက်တစ်
    ဗယ်လက်ကာနို ၄-၁ မာလာဂါ
    ရီးယဲလ် ၄-၂ ဗီလာရီးယဲလ်
    အလ်မာရီယာ ၂-၀ အက်သလက်တီကို
    အိုဆာဆူနာ ၂-၀ ဂီတာဖေး
    ဗယ်လာဒိုလစ် ၂-၂ အလ်ချီ
    ရီးယဲလ်ဆိုဆီဒက် ၀-၀ လီဗန်တေး
    ဆီးဗီးလား ၁-၄ ဘာစီလိုနာ

  • ဆီးရီးယားနိုင်ငံ ဟုမ်းစ်မြို့တွင် အစိုးရနှင့် အတိုက်အခံတို့ အပစ်ရပ်ရေး သက်တမ်းတိုး၊ ပိတ်နေသူ ၆၀၀ အား ကယ်ထုတ်နိုင်ခဲ့

    ဖေဖော်ဝါရီ ၁၀၊ ၂၀၁၄
    M-Media
    Hundreds evacuated from Homs in Syria
    – ဆီးရီးယားအစိုးရနှင့် သူပုန်အဖွဲ့တို့ အပစ်အခတ်ရပ်စဲရေး သုံးရက်ထပ်မံ၍ သက်တမ်းတိုးခဲ့ပြီးနောက် ဟုမ်းစ်မြို့အတွင်း ပိတ်မိနေသည့် ပြည်သူ ၆၀၀ ကျော်အား ထပ်မံကယ်ထုတ်နိုင်ခဲ့သည်ဟု NGO အဖွဲ့များက ပြောကြားခဲ့သည်။

    မော်တာဖြင့်တိုက်ခိုက်မှုများ၊ ပစ်ခတ်မှုများ ရှိနေခဲ့သော်လည်း အကူအညီပေးရေးအဖွဲ့များက ယမန်နေ့တွင် ကယ်ဆယ်ခဲ့ခြင်းဖြစ်ပြီး၊ ကျန်ရှိနေသည့် ပြည်သူမျာကိုလည်း ဆက်လက် ကယ်ဆယ်သွားမည်ဟုသိရသည်။

    ၁၈ လကျော်ကြာ နှစ်ဘက်တိုက်ခိုက်မှုများကြောင့် ဟုမ်းစ်မြို့တွင် ပိတ်မိနေသည့် လူဦးရေမှာ ၃၀၀၀ ခန့်ရှိပြီး ပြီးခဲ့သည့် သောကြာနေ့ကလည်း ပြည်သူ ၈၂ ဦးကို ပထမဆုံး အဖြစ် ကယ်တင်နိုင်ခဲ့သည်။

    ယမန်နေ့တွင် ကယ်ထုတ်နိုင်ခဲ့သူများမှာ ၆၁၁ ဦးဖြစ်ပြီး အမျိုးသမီး ၂၁၀၊ ကလေး ၁၈၀ နှင့် အသက် ၅၀ ကျော် အမျိုးသား ၉၁ ဦးနှင့် လူငယ် ၁၃၀ တို့ ဖြစ်ကြသည်ဟု ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ သတင်းထုတ်ပြန်ခဲ့သည်။

    ထိုကဲ့သို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်မှုများမှာ ပြီးခဲ့သည့် သီတင်းနှစ်ပတ်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အတွင်း သဘောတူညီမှုကို အကောင်အထည်ဖော်ခြင်းလည်းဖြစ်သည်။

    ဟုမ်းစ်မြို့မှာ ပြည်တွင်းစစ် မဖြစ်ပွားခင် အစိုးရဆန့်ကျင်ရေး တက်ကြွ လှုပ်ရှားသူများ အခြေစိုက်ရာ မြို့တစ်မြို့ဖြစ်ပြီး ယခုအခါ နှစ်ဘက် တိုက်ခိုက်မှုများကြောင့် မြို့ပျက် သဖွယ် ဖြစ်နေခဲ့သည်။
    Ref: Aljazeera

  • ခရိုအေးရှားမှာ ကျင်းပတဲ့TP PBZ Zagreb တင်းနစ်ပြိုင်ပွဲတွင် ကမ္ဘာ့အဆင့် ၉ စီလစ်ဗိုလ်စွဲ၊

    ဖေဖော်ဝါရီ ၁၀၊ ၂၀၁၄
    M-Media

    marin-cilic-atp-pbz-zagreb-indoors-tennis_3081318

    – ခရိုအေးရှားနိုင်ငံ ဇာဂရဘ်မြို့တွင် ကျင်းပခဲ့သည့် ATP PBZ Zagreb ရုံတွင်း တင်းနစ်ပြိုင်ပွဲတွင် အိမ်ရှင်နိုင်ငံသား မာရင် စီလစ်က အနိုင်ရ ဗိုလ်စွဲခဲ့သည်ဟု သိရသည်။

    ယမန်နေ့က ကစားခဲ့သည့် ဗိုလ်လုပွဲတွင် နိုင်ခြေအဆင့် ၅ ရှိ စီလစ်မှာ ဂျာမန် တင်းနစ်သမား တော်မီဟာ့စ်အား ၆-၄၊ ၆-၃ ဖြင့် နှစ်ပွဲပြတ် အနိုင်ရခဲ့ခြင်းဖြစ်သည်။

    ပထမပွဲငယ်တွင် စီလစ်မှာ စပေးဘော၏ ၈၀ ရာခိုင်နှုန်းကို ၀င်အောင် ရိုက်နိုင်ခဲ့ပြီး ၆-၄ ဖြင့် အနိုင်ရခဲ့သည်။ ဒုတိယပွဲငယ်တွင် ထိုပွဲ နိုင်ခြေအဆင့် ၁ ရှိ ဟာ့စ်၏ရိုက်ချက်များ ကောင်းမွန်လာခဲ့ကာ အစောပိုင်းတွင် ဦးဆောင်နိုင်ခဲ့သည်။ သို့သော်လည်း စီလစ်က နောက်မှ လိုက်ကာ ရိုက်နိုင်ခဲ့သောကြောင့် နောက်ဆုံးတွင် ၆-၃ ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

    ထိုဆုဖလားမှာ ဆေးစစ်မှုကျခဲ့သောကြောင့် ပွဲပယ်ပြစ်ဒဏ်ခံရခြင်းမှ ပြန်လာပြီးနောက်ပိုင်း စီလစ်၏ ပထမဆုံးရရှိသော ဆုဖလားဖြစ်ပြီး ကစားသမားဘ၀ ၁၀ ခုမြောက် ဆုဖလားလည်းဖြစ်သည်။

    Ref: skysports

  • အိန္ဒိယ နာမည်ကြီး တေးရေးဆရာ အစ္စလာမ်ဘာသာကို ကူပြောင်း

    ဖေဖော်ဝါရီ ၁၀ ၊ ၂၀၁၄
    M-Media

    439517-yuvanshankar-raja-twitter-yuvanshankar-raja

    – အိန္ဒိယ နာမည်ကြီး တေးရေးဆရာတစ်ဦးဖြစ်သူ ယူဗန် ရှန်ကာ ရာဂျာ က ၎င်းအနေဖြင့် အစ္စလာမ်ဘာသာသို့ ပြောင်းလဲသက်ဝင်ခဲ့ပြီး မိသားစုကလည်း မိမိအား ထောက်ပံ့မှုရှိသည်ဟု ယမန်နေ့တွင် ပြောကြားလိုက်သည်။

    “ဟုတ်ပါတယ်။ ကျွန်တော်အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်ခဲ့ပြီး၊ အဲဒီအတွက်လည်း ဂုဏ်ယူမိပါတယ်။ ကျွန်တော်ရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော့် မိသားစုကလည်း လက်ခံပါတယ်။ ကျွန်တော်နဲ့ ကျွန်တော့်အဖေကြားမှာ နားလည်မှုလွဲတာတွေ မရှိပါဘူး” ဟု ယူဗန် က ၎င်း၏ Twitter စာမျက်နှာ၌ ယနေ့တွင် ဖော်ပြခဲ့သည်။

    ယူဗန် အစ္စလာမ်ဘာသာသို့ ပြောင်းလဲသက်ဝင်ခြင်းနှင့် ပက်သက်၍ မီဒီယာများက ဖော်ပြနေခဲ့ပြီး ပြီးခဲ့သည့် စနေနေ့ကမှ ယူဗန်က ထိုသတင်းအား အတည်ပြုခဲ့သည်။ ရာဂျာမှာ ဇာတ်ဝင်တေးများကို ရေးဖွဲ့သီကုံးသည့် အိန္ဒိယ ဂန္တ၀င် တေးရေးဆရာ အီလာယာရာဂျာ၏ သားလည်းဖြစ်သည်။

    ရာဂျာမှာ မိခင်ဖြစ်သူ ကွယ်လွန်သွားခဲ့သည့် လွန်ခဲ့သော တစ်နှစ်ခန့်ကတည်းက အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းနှင့် နီးစပ်သော သတင်းရင်းမြစ်များက တစ်ဆင့် သိရသည်။

    “ယူဗန်ဟာ သူ့အမေကို အရမ်းချစ်ပါတယ်။ သူမ ကွယ်လွန်ပြီးနောက်ပိုင်းမှာ သူဟာ အမေဖြစ်သူကို အရမ်းတမ်းတနေတာပါ။ ပြီးတော့ ဘာသာရေးဆရာတစ်ယောက်နဲ့ သူတွေ့ပါတယ်။ ဒါပေမယ့် ဘယ်အရာက အစ္စလာမ်ဘာသာကို ပြောင်းလဲသက်ဝင်လာအောင် လုပ်သလဲဆိုတာကိုတော့ ကျွန်တော်တို့မသိပါဘူး” ဟု ၎င်းနှင့် နီးစပ်သူများက ဆိုသည်။ အစ္စလာမ်ကို ပြောင်းလဲသက်ဝင်ခဲ့သော လုပ်ဖော်ကိုင်ဖက်ဖြစ်သူ အေအာရ် ရဟ်မန်အား အားကျ၍ ပြောင်းလဲခြင်းမဟုတ်ဟု ၎င်းတို့က ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် သစ်လွင်မွတ်စလင်ဖြစ်သည့် ယူဗန်မှာ နေ့စဉ် ဆွလာသ်ငါးကြိမ်ကို (အစ္စလာမ်ဘာသာဝင်တိုင်း နေ့စဉ် မလုပ်မနေရ ဝတ်ပြုသည့် တာဝန်) ၀တ်ပြုလျက်ရှိပြီး၊ အလုပ်ချိန်တွင်ပင် အဆိုပါဝတ်ပြုမှုကို လက်လွှတ်မခံကြောင်း၊ ၎င်း၏ နာမည်အား ပြောင်းရန် စီစဉ်နေပြီး၊ သူ၏ ဆုံးဖြတ်ချက်ကိုလည်း မိသားစုများက လေးစားကြောင်း ၎င်းတို့က ထပ်လောင်းပြောကြား ခဲ့သည်။

    အသက် ၁၆နှစ်အရွယ် ၁၉၉၆ ခုနှစ်ကတည်းက ဂီတလောကသို့ ၀င်ရောက်လာခဲ့သည့် ယူဗန်မှာ သီချင်းစတိုင်မျိုးစုံကို ရေးဖွဲ့နိုင်သူဖြစ်ပြီး၊ ဇာတ်ဝင်တေးများကို အဓိကထားရေးဖွဲ့ကာ ဇာတ်ဝင်တေးနှင့် ဂီတဆိုင်ရာဆု များစွာကိုလည်း ဆွတ်ခူးရရှိထားသူဖြစ်သည်။

    အိန္ဒိယနိုင်ငံတွင် ကမ္ဘာကျော် မွတ်စလင် တရားဟော ဆရာများကြောင့် အစ္စလာမ်ဘာသာသို့ သက်ဝင်လာသူများမှာ တစ်စထက်တစ်စ များပြားလာခဲ့ပြီး ဟိန္ဒူဘာသာဝင် အများစုနေထိုင်သော အိန္ဒိယလူဦးရေ၏ သန်း ၁၄၀ ခန့်မှာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ကြသူများ ဖြစ်ကြသည်။

    Image-Twitter/Yuvanshankar Raja)

    Ref: OnIslam

  • ရုရှားရှိ ခရစ်ယာန် ဘုရားကျောင်း တစ်ခုတွင် ပစ်ခတ်မှုဖြစ်ပွား၊ ၂ ဦးသေဆုံး

    ဖေဖော်ဝါရီ ၁၀၊ ၂၀၁၄
    M-Media

    1391995450376.jpg-620x349
    – ရုရှားနိုင်ငံ ပစိဖိတ်ကမ်းခြေ မြို့တစ်မြို့ရှိ ခရစ်ယာန်ဘုရား ကျောင်းတစ်ခု၌ ယမန်နေ့က တနင်္ဂနွေ ၀တ်ပြု ဆုတောင်းမှု ပြုလုပ်နေစဉ် သေနတ်ဖြင့် ပစ်ခတ်မှု တစ်ခုဖြစ်ပွားခဲ့ပြီး နှစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    နိုင်ငံအရှေ့ဘက် Sakhalin ကျွန်း Yuzhno-Sakhalinsk မြို့ရှိ အော်သိုဒေါ့စ် ဘုရားကျောင်းအ တွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ပစ်ခတ်မှုအတွင်း သီလရှင် တစ်ပါးနှင့် ဘုရားကျောင်းသို့ အမြဲလာရောက်၍ ဘုရားဝတ်ပြုနေသူ တစ်ဦးတို့ သေဆုံးခဲ့သည်။ ပြစ်မှုကျူးလွန်သူမှာ အသက် ၂၄ နှစ်အရွယ် လက်နက်ကိုင် လုံခြုံရေး ၀န်ထမ်းတစ်ဦးဖြစ်ပြီး အခင်းဖြစ်ပွားပြီးနောက် ၎င်းအား ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့သည်ဟု သိရသည်။ မည်သည့် အကြောင်းကြောင့် ထိုကဲ့သို့ ပြုလုပ်ရသည်ကို မသိရှိရဘဲ တရားခံမှာ စိတ်ကျန်းမာရေး ပြဿနာရှိနေသည်ဟု Rossiya-24  ရုပ်သံက ဖော်ပြခဲ့သည်။

    Sakhalin ကျွန်းမှာ အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်မည်ဆိုသော ခြိမ်းခြောက်မှုများကြောင့် လုံခြုံရေး တင်းကြပ်စွာဖြင့် ကျင်းပနေရသည့် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲပြုလုပ်ရာ ဆိုချီမြို့နှင့် ကီလိုမီတာ ၆၄၀၀ ကွာဝေးသော နေရာလည်းဖြစ်သည်။

    ဆိုချီမြို့မှာ အစ္စလာမ့်မစ် ခွဲထွက်ရေးသမားများရှိရာ ကော့ကေးရှပ်တောင်တန်း၏ အနောက်ဘက်တွင် တည်ရှိသောမြို့ဖြစ်သည်။ ထိုခွဲထွက်ရေး သမားများက ၎င်းတို့၏ ဘာသာတရားနှင့် ယဉ်ကျေးမှုတို့အား ဖိနှိပ်ချုပ်ချယ်ထားသော ရုရှား အစိုးရကို တိုက်ခိုက်နေသူများဖြစ်ပြီး၊ ရုရှားအစိုးရအား အရှက်ရစေရန်အတွက် အိုလံပစ်ပြိုင်ပွဲကို နှောက်ယှက်မည် ဟုလည်း စောစောပိုင်းက ပြောဆိုထားသည်။ သို့သော်လည်း ယခု ပစ်ခတ်မှုမှာ ထိုခွဲထွက်ရေး သမားများနှင့် ပတ်သက်မှု မရှိဟု သိရသည်။

    Ref: Los Angeles Times
    Photo-AP