News @ M-Media

Blog

  • အိန္ဒိယ နာမည်ကြီး တေးရေးဆရာ အစ္စလာမ်ဘာသာကို ကူပြောင်း

    ဖေဖော်ဝါရီ ၁၀ ၊ ၂၀၁၄
    M-Media

    439517-yuvanshankar-raja-twitter-yuvanshankar-raja

    – အိန္ဒိယ နာမည်ကြီး တေးရေးဆရာတစ်ဦးဖြစ်သူ ယူဗန် ရှန်ကာ ရာဂျာ က ၎င်းအနေဖြင့် အစ္စလာမ်ဘာသာသို့ ပြောင်းလဲသက်ဝင်ခဲ့ပြီး မိသားစုကလည်း မိမိအား ထောက်ပံ့မှုရှိသည်ဟု ယမန်နေ့တွင် ပြောကြားလိုက်သည်။

    “ဟုတ်ပါတယ်။ ကျွန်တော်အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်ခဲ့ပြီး၊ အဲဒီအတွက်လည်း ဂုဏ်ယူမိပါတယ်။ ကျွန်တော်ရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော့် မိသားစုကလည်း လက်ခံပါတယ်။ ကျွန်တော်နဲ့ ကျွန်တော့်အဖေကြားမှာ နားလည်မှုလွဲတာတွေ မရှိပါဘူး” ဟု ယူဗန် က ၎င်း၏ Twitter စာမျက်နှာ၌ ယနေ့တွင် ဖော်ပြခဲ့သည်။

    ယူဗန် အစ္စလာမ်ဘာသာသို့ ပြောင်းလဲသက်ဝင်ခြင်းနှင့် ပက်သက်၍ မီဒီယာများက ဖော်ပြနေခဲ့ပြီး ပြီးခဲ့သည့် စနေနေ့ကမှ ယူဗန်က ထိုသတင်းအား အတည်ပြုခဲ့သည်။ ရာဂျာမှာ ဇာတ်ဝင်တေးများကို ရေးဖွဲ့သီကုံးသည့် အိန္ဒိယ ဂန္တ၀င် တေးရေးဆရာ အီလာယာရာဂျာ၏ သားလည်းဖြစ်သည်။

    ရာဂျာမှာ မိခင်ဖြစ်သူ ကွယ်လွန်သွားခဲ့သည့် လွန်ခဲ့သော တစ်နှစ်ခန့်ကတည်းက အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းနှင့် နီးစပ်သော သတင်းရင်းမြစ်များက တစ်ဆင့် သိရသည်။

    “ယူဗန်ဟာ သူ့အမေကို အရမ်းချစ်ပါတယ်။ သူမ ကွယ်လွန်ပြီးနောက်ပိုင်းမှာ သူဟာ အမေဖြစ်သူကို အရမ်းတမ်းတနေတာပါ။ ပြီးတော့ ဘာသာရေးဆရာတစ်ယောက်နဲ့ သူတွေ့ပါတယ်။ ဒါပေမယ့် ဘယ်အရာက အစ္စလာမ်ဘာသာကို ပြောင်းလဲသက်ဝင်လာအောင် လုပ်သလဲဆိုတာကိုတော့ ကျွန်တော်တို့မသိပါဘူး” ဟု ၎င်းနှင့် နီးစပ်သူများက ဆိုသည်။ အစ္စလာမ်ကို ပြောင်းလဲသက်ဝင်ခဲ့သော လုပ်ဖော်ကိုင်ဖက်ဖြစ်သူ အေအာရ် ရဟ်မန်အား အားကျ၍ ပြောင်းလဲခြင်းမဟုတ်ဟု ၎င်းတို့က ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် သစ်လွင်မွတ်စလင်ဖြစ်သည့် ယူဗန်မှာ နေ့စဉ် ဆွလာသ်ငါးကြိမ်ကို (အစ္စလာမ်ဘာသာဝင်တိုင်း နေ့စဉ် မလုပ်မနေရ ဝတ်ပြုသည့် တာဝန်) ၀တ်ပြုလျက်ရှိပြီး၊ အလုပ်ချိန်တွင်ပင် အဆိုပါဝတ်ပြုမှုကို လက်လွှတ်မခံကြောင်း၊ ၎င်း၏ နာမည်အား ပြောင်းရန် စီစဉ်နေပြီး၊ သူ၏ ဆုံးဖြတ်ချက်ကိုလည်း မိသားစုများက လေးစားကြောင်း ၎င်းတို့က ထပ်လောင်းပြောကြား ခဲ့သည်။

    အသက် ၁၆နှစ်အရွယ် ၁၉၉၆ ခုနှစ်ကတည်းက ဂီတလောကသို့ ၀င်ရောက်လာခဲ့သည့် ယူဗန်မှာ သီချင်းစတိုင်မျိုးစုံကို ရေးဖွဲ့နိုင်သူဖြစ်ပြီး၊ ဇာတ်ဝင်တေးများကို အဓိကထားရေးဖွဲ့ကာ ဇာတ်ဝင်တေးနှင့် ဂီတဆိုင်ရာဆု များစွာကိုလည်း ဆွတ်ခူးရရှိထားသူဖြစ်သည်။

    အိန္ဒိယနိုင်ငံတွင် ကမ္ဘာကျော် မွတ်စလင် တရားဟော ဆရာများကြောင့် အစ္စလာမ်ဘာသာသို့ သက်ဝင်လာသူများမှာ တစ်စထက်တစ်စ များပြားလာခဲ့ပြီး ဟိန္ဒူဘာသာဝင် အများစုနေထိုင်သော အိန္ဒိယလူဦးရေ၏ သန်း ၁၄၀ ခန့်မှာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ကြသူများ ဖြစ်ကြသည်။

    Image-Twitter/Yuvanshankar Raja)

    Ref: OnIslam

  • ရုရှားရှိ ခရစ်ယာန် ဘုရားကျောင်း တစ်ခုတွင် ပစ်ခတ်မှုဖြစ်ပွား၊ ၂ ဦးသေဆုံး

    ဖေဖော်ဝါရီ ၁၀၊ ၂၀၁၄
    M-Media

    1391995450376.jpg-620x349
    – ရုရှားနိုင်ငံ ပစိဖိတ်ကမ်းခြေ မြို့တစ်မြို့ရှိ ခရစ်ယာန်ဘုရား ကျောင်းတစ်ခု၌ ယမန်နေ့က တနင်္ဂနွေ ၀တ်ပြု ဆုတောင်းမှု ပြုလုပ်နေစဉ် သေနတ်ဖြင့် ပစ်ခတ်မှု တစ်ခုဖြစ်ပွားခဲ့ပြီး နှစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    နိုင်ငံအရှေ့ဘက် Sakhalin ကျွန်း Yuzhno-Sakhalinsk မြို့ရှိ အော်သိုဒေါ့စ် ဘုရားကျောင်းအ တွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ပစ်ခတ်မှုအတွင်း သီလရှင် တစ်ပါးနှင့် ဘုရားကျောင်းသို့ အမြဲလာရောက်၍ ဘုရားဝတ်ပြုနေသူ တစ်ဦးတို့ သေဆုံးခဲ့သည်။ ပြစ်မှုကျူးလွန်သူမှာ အသက် ၂၄ နှစ်အရွယ် လက်နက်ကိုင် လုံခြုံရေး ၀န်ထမ်းတစ်ဦးဖြစ်ပြီး အခင်းဖြစ်ပွားပြီးနောက် ၎င်းအား ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့သည်ဟု သိရသည်။ မည်သည့် အကြောင်းကြောင့် ထိုကဲ့သို့ ပြုလုပ်ရသည်ကို မသိရှိရဘဲ တရားခံမှာ စိတ်ကျန်းမာရေး ပြဿနာရှိနေသည်ဟု Rossiya-24  ရုပ်သံက ဖော်ပြခဲ့သည်။

    Sakhalin ကျွန်းမှာ အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်မည်ဆိုသော ခြိမ်းခြောက်မှုများကြောင့် လုံခြုံရေး တင်းကြပ်စွာဖြင့် ကျင်းပနေရသည့် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲပြုလုပ်ရာ ဆိုချီမြို့နှင့် ကီလိုမီတာ ၆၄၀၀ ကွာဝေးသော နေရာလည်းဖြစ်သည်။

    ဆိုချီမြို့မှာ အစ္စလာမ့်မစ် ခွဲထွက်ရေးသမားများရှိရာ ကော့ကေးရှပ်တောင်တန်း၏ အနောက်ဘက်တွင် တည်ရှိသောမြို့ဖြစ်သည်။ ထိုခွဲထွက်ရေး သမားများက ၎င်းတို့၏ ဘာသာတရားနှင့် ယဉ်ကျေးမှုတို့အား ဖိနှိပ်ချုပ်ချယ်ထားသော ရုရှား အစိုးရကို တိုက်ခိုက်နေသူများဖြစ်ပြီး၊ ရုရှားအစိုးရအား အရှက်ရစေရန်အတွက် အိုလံပစ်ပြိုင်ပွဲကို နှောက်ယှက်မည် ဟုလည်း စောစောပိုင်းက ပြောဆိုထားသည်။ သို့သော်လည်း ယခု ပစ်ခတ်မှုမှာ ထိုခွဲထွက်ရေး သမားများနှင့် ပတ်သက်မှု မရှိဟု သိရသည်။

    Ref: Los Angeles Times
    Photo-AP

  • ဗီဒစ်အား ခေါ်ယူရန် စိတ်ဝင်စားနေသည်ဟု အင်တာအတည်ပြုပြောကြား

    ဖေဖော်ဝါရီ ၁၀ ၊ ၂၀၁၄
    M-Media
    366149_heroa
    – ယခုနှစ်ရာသီကုန်လျှင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာတော့မည့် မန်ယူနောက်ခံလူ ဗီဒစ်အား ခေါ်ယူရန် မိမိတို့ အနေဖြင့် စိတ်ဝင်စားနေသည်ဟု အင်တာမီလန်အသင်း၏ ဒါရိုက်တာ ပီရို အော်စီလီယိုက ၀န်ခံပြောကြားခဲ့သည်။

    မန်ယူအသင်း၏ အဓိကနောက်ခံလူဗီဒစ်က ၎င်းအနေဖြင့် မန်ယူအသင်းနှင့် သက်တမ်းတိုးတော့မည်မဟုတ်ဟု ယခုတစ်ပတ်အတွင်း ပြောကြားခဲ့သောကြောင့် အင်တာအသင်းက လက်ဦးမှုရယူရန် ပြင်ဆင်နေခြင်းဖြစ်သည်။

    “လာမယ့်ဇွန်လမှာ စာချုပ်ပြည့်တော့မယ့် ဗီဒစ်ဟာ အရေးပါတဲ့ ကစားသမား တစ်ဦးပါ။ ဥရောပက အခြားကလပ်တွေလိုပဲ ဒီအခွင့်အရေးကောင်းကို ရယူဖို့ ကျွန်တော်တို့ ကြိုးစားသွားမှာပါ” ဟု အော်စီလီယိုက Tuttosport အားကစား စာစောင်သို့ ပြောကြားခဲ့သည်။

    ထို့ပြင် ဗီဒစ်မှာ ၎င်းတို့ရှာဖွေနေသည့် ကစားသမားများထဲမှ တစ်ဦးဖြစ်ကြောင်း၊ ဗီဒစ်၏ စွမ်းဆောင်ရည်နှင့် အတွေ့အကြုံများကြောင့် အင်တာအသင်းက စိတ်ဝင်စားနေခြင်းဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    နည်းပြမိုယက်စ်ကလည်း ယခုနှစ် နွေရာသီအပြောင်းအရွှေ့တွင် အသင်းရှိ အဓိက ကစားသမားအချို့ကို လက်လွှတ်ဖွယ်ရှိနေသည်။

    Ref: Goal

  • ပြည်ထောင်စုနေ့ အထိမ်းအမှတ် တိုင်းရင်းသား လူမျိုးစုများ ဈေးရောင်းပွဲတော် ကျင်းပ

    ဖေဖော်ဝါရီ ၁၀၊ ၂၀၁၄
    M-Media
    ချို

    9454_10201179572602448_1212896253_n

    မန္တလေး ။      ။       (၆၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အဖြစ် (တတိယအကြိမ်) တိုင်းရင်းသား လူမျိုးစုများ ဈေးရောင်းပွဲတော် တစ်ရပ်အား မန္တလေးမြို့၊ ၃၅လမ်းပေါ်ရှိ ရှမ်းတိုင်းရင်းသား သာမှုနာမှု ခန်းမကွင်းပြင်၌ ဖေဖော်ဝါရီ ၉-ရက်နေ့မှ ၁၁-ရက်နေ့အထိ (၃)ရက်တိုင် ညနေ ၆း၀၀-နာရီမှ ည ၁၁း၀၀ နာရီထိ ကျင်းပလျက်ရှိသည်။

    ကချင်၊ ကယန်း၊ ကရင်၊ ကိုးကန့်၊ ချင်း၊ တအောင်း၊ ပအိုဝ်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း၊ အင်းသား၊ ရှမ်းနီ၊ နာဂ၊ ၀ လူမျိုးတို့၏ ဒေသ ထွက်ကုန်များ၊ ရိုးရာ အသုံးအဆောင်များ ရောင်းချခဲ့ကြပြီး၊ တိုင်းရင်းသား ရိုးရာအကအလှများဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဟုသိရပါသည်။

    အဆိုပါပွဲအား တိုင်းရင်းသား လူမျိုးများအနေဖြင့် မိမိတို့ ချစ်ခင်မြတ်နိုးသည့် ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ ဖော်ထုတ်ပြသပြီး မပျောက်မပျက် စေရန် အမြဲထိန်းသိမ်း စောင့်ရှောက်နိုင်ရန်၊ တိုင်းရင်းသားလူမျိုး အချင်းချင်း ပိုမိုနားလည်မှုရှိခြင်း၊ အပြန်အလှန်လေးစားခြင်း၊ ကူညီရိုင်းပင်းခြင်း အခြေခံသည့် ပြည်ထောင်စု စိတ်ဓာတ် အမြဲကိန်းအောင်းနေရန်၊ တိုင်းရင်းသားလူမျိုးများ ဥမကွဲ သိုက်မပျက် ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်နိုင်သည့် ပြည်ထောင်စုကြီး အမြဲ ရှင်သန်နေရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်သည်။

  • ဖွဲ့စည်းပုံပြင်ဆင်ရေး အတွက် NLD နှင့် ၈၈(ငြိမ်း/ပွင့်) အဖွဲ့ ပူးပေါင်းဆောင်ရွက်မည်ဟု ပူးတွဲကြေညာချက်ထုတ်

    ဖေဖော်ဝါရီ ၁၀၊ ၂၀၁၄
    M-Media
    လင်းလင်း

    အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက်(ငြိမ်း/ပွင့်) ခေါင်းဆောင်များ တွေ့ဆုံပြီး ၅ ရက်အကြာ ပူးတွဲကြေညာချက် တစ်စောင်ကို ယနေ့ ဖေဖော်ဝါရီလ (၁၀) ရက်နေ့စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်ကြောင်းကို ၈၈(ငြိမ်း/ပွင့်) အဖွဲ့၏ သတင်းထုတ်ပြန်ရေး FB စာမျက်နှာတွင် ဖော်ပြထားပါသည်။

    ကြေညာချက်တွင် NLD နှင့် ၈၈(ငြိမ်း/ပွင့်)အဖွဲ့ တွေ့ဆုံဆွေးနွေးမှု ရလဒ်အနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို မျက်ချေမပြတ်စေဘဲ စစ်မှန်သော ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ဖွဲစည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကို ငြိမ်းချမ်း၍ တရားမျှတသော နည်းလမ်းဖြင့် ပူးပေါင်းဆောင်ရွက် သွားမည်ဟု ဖော်ပြထားသည်။

    ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)ခေါင်းဆောင်များဖြစ်ကြသော ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးပြုံးချို၊ ဦးဂျင်မီ နှင့် ဦးမြအေး ဖေဖော်ဝါရီလ(၄) ရက်နေ့က နေပြည်တော်တွင် မိနစ်(၄၀) ကျော်တွေ့ဆုံခဲ့ကြသည်။

    NLD and 88