News @ M-Media

Blog

  • အမေရိကန် ကျူးကျော်စစ်ကြောင့် ပျက်ဆီးခဲ့သည် အီရတ် အမျိုးသားပြတိုက် ပြန်လည် ဖွင့်လှစ်တော့မည်

    ဖေဖော်ဝါရီ ၉ ၊ ၂၀၁၄
    M-Media
    800px-national-museum-iraq
    – ၂၀၀၃ ခုနှစ်က အမေရိကန်တို့ ကျူးကျော်တိုက်ခိုက်မှုအတွင်းအဆောက်အဦး အစိတ်အပိုင်းအချို့ ပျက်ဆီးသွားခဲ့ပြီးနောက် ပိတ်ထားခဲ့ရသည့် အီရတ်အမျိုးသားပြတိုက်အား လာမည့်ဧပြီလတွင် ပြန်လည် ဖွင်လှစ်တော့မည်ဟု အဆိုပါ ပြတိုက်၏ ဒါရိုက်တာဖြစ်သူက ဖေဖော်ဝါရီ ၅ ရက် ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

    “ဒီပြတိုက် ပြန်လည်ပြင်ဆင်မှုကို အီတလီကုမ္ပဏီတစ်ခုနဲ့ ပူးပေါင်း လုပ်ဆောင်နေပါတယ်” ဟု ဒါရိုက်တာ ကွာအစ် ရရှစ်ဒ်က တူရကီ သတင်းဌာန Anadolu Agency သို့ ပြောကြားခဲ့သည်။ ထို့ပြင် စီစဉ်ထားသော ပြင်ဆင်မှုများ၏ နောက်ဆုံး အဆင့်မှာ ပြတိုက်၏ ၀င်ပေါက် အသစ်ဖြစ်ကြောင်း၊ လာမည့် ဧပြီလတွင် အဆုံးသတ်နိုင်မည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    စစ်ပွဲအတွင်း ပြတိုက်ရှိပစ္စည်းအချို့မှာလည်း ခိုးယူခြင်းခံခဲ့ရပြီး ထိုပြတိုက် ပြန်လည်ဖွင့်လှစ်မည်ဆိုသော သတင်းနှင့် ပတ်သက်၍ ရှေးဟောင်း သုသေသနပညာရှင် အဒီလ် အလ်-အက်ဇာဝီက  “၂၀၀၃ ခုနှစ်က ဖောက်ထွင်းဖျက်ဆီးခံခဲ့ရတဲ့ ဒီပြတိုက်ကြီး ပြန်ဖွင့်တော့မယ် ဆိုတာဟာ အီရတ်ရဲ့ယဉ်ကျေးမှု စာမျက်နှာ အတွက် သတင်းကောင်းပါပဲ” ဟု ပြောကြားခဲ့သည်။ သို့သော်လည်း ထိုပြတိုက်တွင် နိုင်ငံ၏ ရှေးဟောင်း ပစ္စည်းများအားလုံး ပါဝင်တော့မည် မဟုတ်ဟု ထောက်ပြခဲ့ပြီး၊ အီရတ်နိုင်ငံ တစ်ဝှမ်းရှိ ပြည်နယ်များတွင် ထိုကဲ့သို့ ပြတိုက်များ တည်ဆောက်ရန် တိုက်တွန်းပြောဆိုခဲ့သည်။

    ဘဂ္ဂဒတ်မြို့အရှေ့ဘက် Al-Salihiya ဒေသတွင် တည်ရှိသည့် အဆိုပါ အီရတ် အမျိုးသားပြတိုက်အား ၁၉၂၃ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ အသေးစိတ် စနစ်တကျ တည်ဆောက်ခဲ့သည့် အဆိုပါပြတိုက်တွင် သမိုင်းခေတ် အလိုက်ပြသသည့် ပြခန်းပေါင်း ၁၈ ခုပါဝင်ပြီး၊ သမိုင်း မတိုင်မီက ပစ္စည်းများ အပါအ၀င် ရှေးဟောင်း အနုပညာ လက်ရာပေါင်း ၂ သိန်းခန့် ပြသထားခဲ့သည်။

    Ref : World Bulletin

  • အမှားအယွင်းမရှိခဲ့ဘဲ ဇယားထိပ်ဆုံးကို ရောက်လာတဲ့ ချယ်ဆီး၊ ဂိုးပေါက် ဆက်ပျောက်ခဲ့တဲ့ မန်းစီးတီး

    ဖေဖော်ဝါရီ ၉၊ ၂၀၁၄
    M-Media

    အမှားအယွင်းမရှိခဲ့ဘဲ ဇယားထိပ်ဆုံးကို ရောက်လာတဲ့ ချယ်ဆီး၊ ဂိုးပေါက် ဆက်ပျောက်ခဲ့တဲ့ မန်းစီးတီး  ပရီးမီးယားလိဂ် ပွဲစဉ် ၂၅ စနေနေ့ည ပွဲများ

    che-new-1314-080214-ps26
    – ပရီးမီးယားလိဂ် ပွဲစဉ် ၂၅ ရဲ့ မနေ့က ကစားခဲ့တဲ့ ၈ ပွဲမှာ ထိပ်ဆုံးက အာဆင်နယ် လီဗာပူးလ်ကို စောစောစီးစီးရှုံးသွားခဲ့လို့ နောက်ကလိုက်နေတဲ့ ချယ်ဆီးနဲ့ မန်စီးတီးတို့ အခွင့်ရေးကောင်းတွေရရှိခဲ့ပါတယ်။ ဒါပေမယ့် ချယ်ဆီးတစ်သင်းသာ အခွင့်အရေးကို အမိအရဆုပ်ကိုင်နိုင်ခဲ့ပြီး မန်စီးတီးကတော့ သရေတစ်မှတ်သာ ရရှိခဲ့ပါတယ်။

    ပထမအကျော့ စိန့်ဂျိးမ်စ်ပါ့က်မှာ ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးခဲ့တဲ့ ချယ်ဆီး အိမ်ကွင်းမှာတော့ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားခဲ့ပြီး လိုချင်တဲ့အနိုင်ဂိုးတွေကို ရခဲ့ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က မန်စီးတီးကို ၁ ဂိုး ဂိုးမရှိနဲ့ နိုင်တဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ဟာဇာဒ့် အခုပွဲမှာလည်း အကောင်းဆုံးကစားနိုင်ခဲ့ပြီး ချယ်ဆီးရဲ့ အနိုင်ဂိုး ၃ ဂိုးစလုံးကို သူကပဲသွင်းယူပေးသွားခဲ့တာပါ။ ဒီပွဲအနိုင်ကြောင့် ချယ်ဆီးဆို့ ဇယားထိပ်ဆုံးကို ၁ မှတ်အသာနဲ့ ရောက်ရှိခဲ့ပါတယ်။

    ပရီးမီးယားလိဂ်တိုက်စစ်အကောင်းဆုံးဖြစ်တဲ့ မန်စီးတီးတို့ကတော့ ဒီတစ်ပတ်မှာလည်း ဂိုးပေါက်ဆက်ပျောက်ခဲ့ပြီး အဝေးကွင်းမှာ ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ဖိကစားနိုင်ပေမယ့် ဇယားအောက်ခြေနားက နော်ဝစ်ခ်ျကို အနိုင်မယူနိုင်ခဲ့ပါဘူး။ ပထမအကျော့ အီတီဟတ်မှာ ၇ ဂိုးပြတ်နဲ့ အရှုံးပေးခဲ့ရတဲ့ နော်ဝစ်ခ်ျအသင်းရဲ့ အိမ်ကွင်းကစားပုံ မာကျောတာက မန်စီးတီးတို့အတွက် အခက်အခဲဖြစ်စေခဲ့ပါတယ်။

    ပရီးမီးယားလိဂ် နောက်ဆုံး ၈ ပွဲမှာ ၆ ပွဲအထိ ရှုံးထားတဲ့ ဆွမ်းဆီးအသင်းကတော့ အိမ်ကွင်းမှာ နည်းပြသစ်နဲ့အတူ ကာဒစ်ဖ် အနိုင်ရခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက ဆွမ်ဆီးအသင်းကို လိဂ်ဖလားရရှိအောင် နည်းပြပေးနိုင်ခဲ့တဲ့ လော့ဒရပ်ထွက်ခွာ သွားပြီးတဲ့နောက် နည်းပြသစ် ဂယ်ရီမော့ကတော့ အနိုင်နဲ့ စာမျက်နှာသစ်ကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ မန်ယူတိုက်စစ်မှူးဟောင်း ဆိုးလ်ရှားရဲ့ ကာဒစ်ဖ်ကတော့ ပထမပိုင်းမှာ အပိုင်ဂိုးသွင်းခွင့် ၂ ကြိမ်လောက် ရခဲ့ပေမယ့် ဂိုးအဖြစ်ပြောင်းလဲနိုင်ခြင်း မရှိခဲ့ပါဘူး။ ဆွမ်ဆီးအသင်းအတွက် ဂိုးတွေကို ဒုတိယပိုင်းမှ ရခဲ့တာဖြစ်ပြီး ရုသ်လက်ဒ်၊ ဒိုင်ယာနဲ့ ဘိုနီတို့က သွင်းယူပေးခဲ့တာပါ။

    တန်းဆင်းဇုန်က ၀က်စ်ဟမ်းက အဝေးကွင်းမှာ ကီဗင်နိုလန်ရဲ့ ဒုတိယပိုင်းအစ သွင်းဂိုး ၂ ဂိုးနဲ့အတူ အက်စတွန်ဗီလာကိုအနိုင်ရခဲ့ပြီး၊ ခရစ္စတယ်ပဲလေ့စ်ကလည်း အိမ်ကွင်းမှာ ကစားသမားသစ်နှစ်ဦးရဲ့ ဂိုးတွေနဲ့ ၀က်စ်ဘရွန်းကို အနိုင်ယူနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ပွဲမှာ နယူးကာဆယ်ကို အနိုင်ယူနိုင်ခဲ့တဲ့ ဆန်းဒါးလန်းဟာ အိမ်ကွင်းမှာ ဟားလ်စီးတီးကို ၂ ဂိုးပြတ်နဲ့ အရှုံးပေးခဲ့ရပါတယ်။ ပွဲအစသုံးမိနစ်မှာ နောက်ခံလူ ၀က်စ်ဘရောင်း တိုက်ရိုက်အနီကတ်နဲ့ထုတ်ခံလိုက်ရတာက ပွဲကို အလှည့်အပြောင်းဖြစ်စေခဲ့တာပါ။

    ဆောက်သက်တမ်ကတော့ အိမ်ကွင်းမှာ ၂ ကြိမ်တိုင်တိုင်ဦးဆောင်နိုင်ခဲ့ပေမယ့် အနိုင်ကို ထိမ်းမထားနိုင်ခဲ့တာကြောင့် သရေတစ်မှတ် နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

    ပရီးမီးယားလိဂ် ပွဲစဉ် ၂၅ ရဲ့ စနေနေ့ည ရလဒ်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    လီဗာပူးလ် ၅-၁ အာဆင်နယ်
    ခရစ္စတယ်ပဲလေ့စ် ၃-၁ ၀က်စ်ဘရွန်း
    အက်စတွန်ဗီလာ ၀-၂ ၀က်စ်ဟမ်း
    ချယ်ဆီး ၃-၀ နယူးကာဆယ်
    နော်ဝစ်ခ်ျ ၀-၀ မန်စီးတီး
    ဆောက်သက်တမ် ၂-၂ စတုတ်စီးတီး
    ဆန်းဒါးလန်း ၀-၂ ဟားလ်စီးတီး
    ဆွမ်ဆီး ၃-၀ ကာဒစ်ဖ်

    Photo-premierleague.com

    #DailySportNews

  • ဆီးရီးယားနိုင်ငံ ဟုးမ်စ်မြို့တွင် ပိတ်မိနေသည့် ပြည်သူများအား ကယ်ထုတ်

    ဖေဖော်ဝါရီ ၈ ၊ ၂၀၁၄
    M-Media
    2014-02-07T154349Z_1216263884_GM1EA271SNU01_RTRMADP_3_SYRIA-CRISIS
    – ဆီးရီးယားနိုင်ငံ အတွင်း ဖြစ်ပွားနေသည့် ပြည်တွင်းစစ်အား အဆုံးသတ်ရန်အတွက် ပြီးခဲ့သည့်သီတင်းပတ်များက ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် သဘောတူထားသည့်အချက်အား အကောင်အထည်ဖေါ်သည့်အနေဖြင့် ဟုမ်းစ်မြို့တွင် ပိတ်မိနေသာ အရပ်သား ၈၃ ဦးအား အစိုးရက ကယ်ထုတ်ခဲ့သည်ဟု သိရသည်။

    အစာအဟာရ ပြတ်လပ်မှုကြောင့် အားအင်ချိနဲ့နေသည့် အဆိုပါပြည်သူများကို ဆီးရီးယား အာရပ် လခြမ်းနီအဖွဲ့မှ ဘတ်စ်ကားများဖြင့် သယ်ဆောင်ကာ ကယ်ဆယ်ရေးဝန်ထမ်းများ၊ စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များရှိရာ ဟုးမ်စ်မြို့အပြင်ဘက်သို့ ပို့ဆောင်ပေးခဲ့ကြပြီး ၎င်းတို့မှာ အာဟာရချို့တဲ့မှုဒဏ်ကို ခံစားနေကြရသည်ဟု ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က ပြောကြားခဲ့သည်။

    “သူတို့တွေဟာ သစ်ရွက်တွေပေါ်မှာ၊ မြက်ခင်းတွေပေါ်မှာ၊ သံလွင်ပင်တွေအောက်မှာ စသဖြင့် ရတဲ့နေရာမှာ နေခဲ့ရတာပါ” ဟု WFP မှ ပြောရေးဆိုခွင့်ရှိသူ အဲလီစဘသ်ဘိုင်ရ်စ်က ပြောကြားခဲ့သည်။

    သက်ကြီးရွယ်အိုများနှင့် အလွန်အင်အားချည့်နဲ့သည့် အမျိုးသားများအား စောင်များဖြင့် ရစ်ပါတ်ကာ လခြမ်းနီအဖွဲ့က ဘတ်စ်ကားပေါ်သို့ တင်ဆောင်သွားပုံကို နိုင်ငံပိုင်ရုပ်သံက ထုတ်လွှင့်ပြသခဲ့သည်။

    ပြီးခဲ့သည့် သီတင်းပတ်က ဆွစ်ဇာလန်တွင်ဆွေးနွေးခဲ့သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲပြီးနောက် ဟုမ်းစ်မြို့တွင် အစိုးရနှင့် သူပုန်တို့ကြား အပစ်အခတ်ရပ်စဲခဲ့ကြပြီး ကုလသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့ကလည်း ယမန်နေ့တွင် ဆီးရီးယားသို့ ရောက်ရှိလာခဲ့သည်။ သို့သော်လည်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများနှင့် အစားအသောက်များကို ပေးပို့ရန်မှာ နှောက်နှေးလျက်ရှိနေသည်။

    ဟုးမ်စ်မြို့ မြို့တော်ဝန် တာလာ အလ်-အာရာဇီကမူ အခြေအနေများမှာ အားလုံးကောင်းမွန်နေပြီး အပြုသဘောဆောင်နေကြောင်း ယမန်နေ့နေ့လည်ကကယ်ဆယ်ရေးလုပ်ငန်းများ စတင်မလုပ်ဆောင်မီ ပြောကြားခဲ့သည်။

    Ref: aljazeera.

  • လက်ရှိခြေစွမ်းကို မက်ဆီကျေနပ်၊ နိုင်ငံနှင့် ကလပ် နှစ်ခုစလုံးအတွက် သမိုင်းတွင်မည့် နှစ်ဖြစ်အောင် ကြိုးစားသွားမည်ဟုဆို

    ဖေဖော်ဝါရီ ၈ ၊ ၂၀၁၄
    M-Media
    364476_heroa
    – ဒဏ်ရာမှ ပြန်လည်သက်သာလာပြီးနောက် ပြသသည့် ၎င်း၏ခြေစွမ်းနှင့် ပတ်သက်၍ ဝေဖန်မှုများရှိနေသော်လည်း မိမိအနေဖြင့် အားရကျေနပ်မှု ရှိသည်ဟု ဘာစီလိုနာ အသင်း၏ ကွင်းလယ်လူ မက်ဆီက ပြေကြားလိုက်သည်။

    မက်ဆီမှာ တံကောက်ကြော ဒဏ်ရာကြောင့် ပြီးခဲ့သည့် သီတင်းပတ်များက အနားယူနေခဲ့ရပြီးနောက် ပြန်လည်ကစားနိုင်ခဲ့သည့် ပွဲများတွင် ခြေစွမ်းမပြနိုင်ဟု လူအများက ဝေဖန်နေကြပြီး၊ ဘာစီလိုနာ လက်ထောက်နည်းပြဟောင်း အိန်ဂျယ် ကပ်ပါကလည်း မက်ဆီနေဖြင့် နိုင်လိုစိတ်ပျောက်ဆုံးနေသည်ဟု ယခုသီတင်းပတ် အစောပိုင်းက မှတ်ချက်ပေးခဲ့သည်။

    သို့သော်လည်း မက်ဆီက ၎င်းအနေဖြင့် ယခင်ကကဲ့သို့ စိတ်အားထက်သန်မှုရှိနေပြီး ကလပ်နှင့် နိုင်ငံ နှစ်သင်းစလုံးအတွက် ထူးခြားသော ရာသီတစ်ခုအဖြစ် အဆုံးသတ်နိုင်ရန်အတွက် မျှော်လင့်ထားသည်ဟု ပြောဆိုခဲ့သည်။

    “ကျွန်တော်အဆင်ပြေပါတယ်။ စွမ်းအားတွေပြည့်ဝနေပြီး၊ မျှော်လင့်ချက်တွေလည်း ရှိနေပါတယ်။ ကျနော့်ရဲ့ လက်ရှိပုံစံနဲ့ပက်သက်ပြီး ကျွန်တော်ကျေနပ်ပါတယ်။ နှေးကွေးပေမယ့် ဒီနှစ်မှာ မျှော်လင့်ထားတဲ့ အောင်မြင်မှုဆီကို ကျွန်တော်သွားနေမှာတော့ သေချာပါတယ်” ဟု ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ၄ ကြိမ်ရ မက်ဆီက ဘီဘီစီ သတင်းဌာနသို့ပြောကြားခဲ့သည်။

    Ref: Goal

  • ခံစစ်ပိုင်း အမှားတွေနဲ့ အန်ဖီးလ်မှာ ကြိုးကြာနီတို့ကို ဒူးထောက်ခဲ့ရတဲ့ အာဆင်နယ်

    ဖေဖော်ဝါရီ ၈ ၊ ၂၀၁၄
    M-Media
    liv-ars-1314-080214-ps8
    လီဗာပူးလ် ၅-၁ အာဆင်နယ်

    – ယခုလအတွင်းမှာ ပရီးမီယားလိဂ်၊ FA ဖလား၊ ချန်ပီယံလိဂ်တွေမှာ ပွဲကျပ်တွေ ဆက်တိုက်ကစားရဖို့ရှိတဲ့ အာဆင်နယ်အသင်းကတော့ စိတ်ပျက်ဖွယ်နောက်တန်းနဲ့  အန်ဖီးလ်ကွင်းမှာ လီဗာပူးလ်အသင်းကို ဂိုးပြတ်နဲ့ အရှုံးပေးခဲ့ရပါတယ်။ ဖလာမီနီမပါဝင်နိုင်ခဲ့တဲ့အတွက် ကွင်းလယ်ခံစစ်အားနည်းခဲ့ပြီး ကွင်းလယ်မှာ ကစားတဲ့ အာတီတာ၊ အိုဇေးလ်၊ ၀ီရှိုင်းယားနဲ့ ချိန်ဘာလိန်တို့အတွဲက အလုပ်မဖြစ် ခဲ့ပါဘူး။ ဂျရတ်ဦးဆောင်တဲ့ လီဗာပူးလ် ကွင်းလယ်က အာဆင်နယ်ကွင်းလယ်ကို ကောင်းကောင်း ဒုက္ခပေးနိုင်ခဲ့ပြီး ပထမပိုင်း မိနစ် ၂၀ အတွင်းမှာပဲ လီဗာပူးလ်အသင်းက ၄ ဂိုး ပြတ်ခဲ့ပါတယ်။

    အာဆင်နယ်အသင်းကတော့ ပထမပိုင်းမှာ ကစားကွက် တည်လို့မရခဲ့ဘဲ လီဗာပူးလ်ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခြင်းမရှိခဲ့ပါဘူး။ ဒုတိယပိုင်းမှာ အာဆင်နယ်အသင်း ကစားပုံကောင်းလာပေမယ့် လိုအပ်တဲ့ ချေပဂိုးနဲ့ အနိုင်ဂိုးတွေကိုတော့ ရယူနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ လီဗာပူးလ်အတွက်ဂိုးတွေကိုတော့ နောက်ခံလူ စကာတယ်က ထောင့်ကန်ဘောမှတစ်ဆင့် ၂ ဂိုး စတာလင်က ၂ ဂိုးနဲ့ ဒဏ်ရာက ပြန်လာပြီး ဂိုးတွေ ဆက်တိုက်သွင်းယူနေတဲ့ စတားရစ်ခ်ျက ၁ ဂိုးသွင်းယူပေးခဲ့တာပါ။ အာဆင်နယ်အသင်းအတွက် နှစ်သိမ်ဂိုးကိုတော့ ၆၉ မိနစ်မှာ ပင်နယ်တီကတစ်ဆင့် အာတီတာက သွင်းယူပေးခဲ့တာပဲဖြစ်ပါတယ်။ အခုပွဲအရှုံးဟာ အာဆင်နယ်အတွက် ဒီရာသီ ၄ ပွဲမြောက်ရှုံးပွဲဖြစ်ပြီး မန်စီးတီးကို ၆ ဂိုး ၃ ဂိုးနဲ့ ရှုံးပြီးတဲ့နောက် အဆိုးဝါးဆုံးရှုံးပွဲလည်းဖြစ်ပါတယ်။

    Photo-premierleague.com