News @ M-Media

Blog

  • သံတွဲအကြမ်းဖက်မှုတွင် ဦးဆောင် ပါဝင်သူဟု ယူဆရသူ သံတွဲ RNDP ဥက္ကဋ္ဌ ဦးမောင်ပု အမှုအား မှားယွင်းမှု အဖြစ် ပိတ်သိမ်း

    ဖေဖေါ်ဝါရီ ၁၁၊ ၂၀၁၄
    M-Media
    ဇာဏီ

    Mynamar

    သံတွဲ ။     ။    ၂၀၁၃-ခု စက်တင်ဘာ ၂၉-ရက်နေ့တွင် သံတွဲမြို့၌ စတင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများတွင် ဦးဆောင်ပါဝင်ခဲ့သူများထဲ တစ်ဦးဖြစ်သူဟု ယူဆရသူ သံတွဲ RNDP ဥက္ကဌ ဦးမောင်ပုအား တရားစွဲထားရာမှ ယနေ့ ဖေဖော်ဝါရီ ၁၁-ရက်နေ့တွင် မှားယွင်းမှုအဖြစ် သတ်မှတ်၍ သံတွဲ တရားရုံးက အမှုပိတ်သိမ်း လိုက်ပြီဖြစ်ကြောင်း သိရသည်။

    ဦးမောင်ပုအား စွဲဆိုထားသည့် ပုဒ်မ ၅၀၅(ဂ)မှာ သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွတ်မြောက်ခဲ့ပြီး ပုဒ်မ ၃၃၂/၂၀၁၃၊ ပုဒ်မ ၁၈၆ တို့၏ အမှုများကို သံတွဲတရားရုံးမှ မှားယွင်းမှုအဖြစ် အပြီးတိုင် ပိတ်သိမ်း လိုက်ပြီဖြစ်ကြောင်းနှင့် စွဲထားသည့် ပုဒ်မများအရ ထောင်ဒဏ် ၂-လ မျှသာ ချမှတ်နိုင်ပြီး ဦးမောင်ပုသည် အချုပ်ထောင်တွင် နှစ်လ ကျော် ကျခံခဲ့ရပြီးဖြစ်သည့်အတွက် အမှုအား တရားသူကြီး ဒေါ်အေးခင်ညွန့်မှ ပိတ်သိမ်းရန် အမိန့်ချလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

    အဆိုပါ ဒေါ်အေးခင်ညွန့်သည် ရခိုင်ပြည်နယ်ဝန်ကြီးချူပ် ဦးလှမောင်တင် အမျိုးသမီး၏ တူမ တော်စပ်သူဖြစ်ကြောင်းလည်း ဒေသခံများထံမှ သိရသည်။

    သံတွဲအကြမ်းဖက်မှုများအတွင်း စွပ်စွဲခံထားရသည့် သဗြုချိုင်ကျေးရွာမှ ကမန်အမျိုးသား များအား ရုံးချိန်းထုတ်ရာ တရားလို ရပ်ကွက် အုပ်ချုပ်ရေးမှူး ဖြေကြားသည်မှာ တရားခံဟု သတ်မှတ်ထားသူများအား လွတ်မြောက်ခွင့် ရနိုင်သော်လည်း ထပ်မံ၍ ရုံးချိန်းပြုလုပ်ရာတွင် သက်သေများရောက်ရှိလာခြင်း မရှိသည့်အတွက် ဖေဖော်ဝါရီ ၁၇-ရက်နေ့တွေင် ရုံးချိန်းထပ်မံ ပြုလုပ်လိုက်သည်ဟုလည်း သိရသည်။ အဆိုပါ ဖမ်းဆီးခံနေရသူများမှာ အကျဉ်းထောင်အတွင်းတွင် ၄-လကျော် ကြာမြင့်နေပြီ ဖြစ်ပြီး တွေ့ဆုံခွင့် မရရှိဟုလည်း ဒေသခံများက ပြောသည်။

    ကမန်အမျိုါ်သား ဦးကျော်ဇံလှအား ဖမ်းဆီးထိန်းသိမ်းထားရာတွင်လည်း ထောင်ဒဏ် ၂-နှစ် ချနိုင်သည့် ပုဒ်မဖြင့် စွဲချက်တင်ထားသည့်အတွက် ၂-နှစ် ကျနိုင်သည်ဟု သုံးသပ် ပြောဆိုမှုများလည်း ရှိနေသည်။

    ဥပဒေ၏အထက်တွင် မည်သူမျှ မရှိရဟု ကြွေးကြော်နေသော်လည်း ဤကဲ့သို့ တရား လက်လွှတ် ဥပဒေပုဒ်မများတပ်၍ ပြုလုပ်နေခြင်းသည် နိုင်ငံတော်၏ အနာဂတ် ဒီမိုကရေစီ လမ်းကြောင်းအတွက် အဟန့်အတားများသာဖြစ်ကြောင်း ဒေသခံများက M-Media သို့ ပြောသည်။

    ဓါတ်ပုံအညွှန်း- သံတွဲ အကြမ်းဖက်မှုကြောင့် မီးလောင်ပျက်ဆီးသွားတဲ့ နေရာမှ အစ္စလာမ်ဘာသာဝင် အမျိုးသမီးတဦး (Credit: Reuters)

  • ရေချိုးခန်းတွင် ပိတ်မိခဲ့သည့် အမေရိကန် အိုလံပစ် ကစားသမား တစ်ဦး ဓာတ်လှေခါးတွင် ထပ်မံ ပိတ်မိ

    ရေချိုးခန်းတွင် ပိတ်မိခဲ့သည့် အမေရိကန် အိုလံပစ် ကစားသမား တစ်ဦး ဓာတ်လှေခါးတွင် ထပ်မံ ပိတ်မိ

    ဖေဖော်ဝါရီ ၁၁၊ ၂၀၁၄
    M-Media

    –  အမေရိကန် ရေခဲပြင်သွားယာဉ်စီး ကစားသမားတစ်ဦးမှာ ရေချိုးခန်းအတွင်း ပိတ်မိခဲ့ပြီးနောက် နှစ်ရက်အကြာတွင် ဓာတ်လှေခါးတွင် ထပ်မံ၍ ပိတ်မိ နေသည့် ဖြစ်ရပ်တစ်ခု ကျင်းပဆဲ ဆိုချီဆောင်းရာသီ အိုလံပစ် ပြိုင်ပွဲတွင် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    ယမန်နေ့ နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရေခဲပြင်သွားယာဉ်စီး ကစားသမား ဂျွန်နီကွင်းနှင့် ၎င်း၏ အသင်းဖော်ဖြစ်သူတို့မှာ ၎င်းတို့တည်းခိုရာ ဟိုတယ်ရှိ ဓာတ်လှေခါးတွင် ပိတ်မိနေခဲ့ခြင်းဖြစ်သည်။

    ကွင်းမှာ စနေနေ့ကလည်း ၎င်းတည်းခိုရာအခန်းရှိ ရေချိုးခန်းတံခါး ဖွင့်မရမှုကြောင့် ရေချိုးခန်းအတွင်း ပိတ်မိနေခဲ့ပြီး နောက်ဆုံးတွင် တံခါးအား အရာဝတ္ထုတစ်ခုဖြင့် ဖျက်ဆီးကာ အပြင်သို့ထွက်ခဲ့ရသည်။ ပျက်ဆီးနေသော ထိုတံခါး၏ ပုံကိုလည်း ကွင်းက Twitter စာမျက်နှာတွင် လွှင့်တင်ခဲ့သည်။ ၎င်း၏ ထိုအတွေ့အကြုံနှင့် ပတ်သက်၍ ကွင်းက

    “အကူအညီတောင်းဖို့ ဖုန်းလည်း မရှိပါဘူး။ အဲဒီအချိန်က ကျွန်တော့်ဆီမှာ တာဝါတစ်ခုတောင်မရှိဘဲ၊ စိတ်ပျက်မိပြီး ရူးမတတ်ပါပဲ။ နောက်ဆုံး အဲဒီအခန်းထဲက ထွက်လာခဲ့တာကို စိတ်လှုပ်ရှားမိပါတယ်” ဟု Good Morning America တီဗီအစီအစဉ်သို့ ၎င်းက ပြောကြားခဲ့သည်။

    Ref : Dailymail

  • အီတလီအပျော်တမ်း ပွဲစဉ်တစ်ခုတွင် ဂိုးသွင်းပြီးနောက် ထူးဆန်းစွာ အောင်ပွဲခံခဲ့ခြင်းကြောင့် တိုက်စစ်မှူး အထုတ်ခံခဲ့ရ

    အီတလီအပျော်တမ်း ပွဲစဉ်တစ်ခုတွင် ဂိုးသွင်းပြီးနောက် ထူးဆန်းစွာ အောင်ပွဲခံခဲ့ခြင်းကြောင့် တိုက်စစ်မှူး အထုတ်ခံခဲ့ရ

    ဖေဖော်ဝါရီ ၁၁၊ ၂၀၁၄
    M-Media

    – ဘောလုံးပြိုင်ပွဲများတွင် ဂိုးသွင်းပြီးနောက် အောင်ပွဲခံပုံ မြောက်များစွာရှိသော်လည်း အီတလီ အပျော်တမ်းဘောလုံးပြိုင်ပွဲမှ ထူးဆန်းသော အောင်ပွဲခံမှုတစ်ခုအတွက် ကစားသမားတစ်ဦးမှာ ထုတ်ပယ်ခံခဲ့ရသည်ဟု သိရသည်။

    Ponticelli နှင့် Riolo Terme အသင်းတို့ ကစားခဲ့သည့် ပွဲစဉ်တွင်ဖြစ်ပြီး Riolo Terme အသင်းမှ တိုက်စစ်မှူးမှာ ဂိုးသွင်းယူပြီးနောက် ကစားဖော်များနှင့် အောင်ပွဲခံခြင်းမပြုခဲ့ဘဲ အရန်ခုံတမ်းသို့ သွားရောက်ကာ ထိုင်ခုံတွင် ကာထားသော အကာအား ခေါင်းဖြင့်တိုက်၍ ခွဲခဲ့ခြင်းဖြစ်သည်။

    ထို့ကြောင့် ဒိုင်လူကြီးက ၎င်းအား တိုက်ရိုက်အနီကဒ်ဖြင့်ထုတ်ပယ်ခဲ့သည်။ ထို့ကဲ့သို့ ခေါင်းဖြင့်တိုက်ခဲ့သော်လည်း ၎င်းမှာ မည်သည့် ဒဏ်ရာမှရရှိခဲ့ခြင်း မရှိချေ။

    ဂိုးသွင်းယူပြီးနောက် ထိုကဲ့သို့ ပြင်းပြင်းထန်ထန်အောင်ပွဲခံမှုများမှာ ပရီးမီးယားလိဂ် ဘောလုံးလောကတွင်လည်း ရှိခဲ့ပြီး ၁၉၉၈ ခုနှစ်က စိန့်ဂျိမ်းစ်ပါ့ခ် တွင် ကစားခဲ့သည့် နယူးကာဆယ်နှင့် ဘော်တန်အသင်းတို့ပွဲစဉ်တွင် နယူးကာဆယ်အလယ်တန်းလူ ကတ်စ်ဘာယီယာမှာ ဂိုးသွင်းပြီးနောက် ကွင်း အတွင်းရှိ ကြော်ငြာဆိုင်းဘုတ်အား ကန်ကြောက်ခဲ့သည်။ ၂၀၁၁ ခုနှစ်ကလည်း မန်ယူတိုက်စစ်မှူး ၀ိန်းရူနီမှာ ၀က်စ်ဟမ်းအသင်းနှင့် အဝေးကွင်းပွဲစဉ် တွင် ဒုတိယဂိုးသွင်းယူပြီးနောက် Sky Sports ရုပ်သံ၏ ကင်မရာရှေ့သို့ သွားရောက်၍ ဆဲဆိုခဲ့သည်။ ၀ိန်းရူနီ၏ ထိုလုပ်ရပ်ကြောင့် FA က ၎င်းအား ၂ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့သည်။
    Ref : Dailymail

  • သြစတေးလျရှိ ကားထုတ်လုပ်မှုအား ၂၀၁၇ ခုနှစ်တွင် တိုယိုတာ ရပ်ဆိုင်းမည်

    သြစတေးလျရှိ ကားထုတ်လုပ်မှုအား ၂၀၁၇ ခုနှစ်တွင် တိုယိုတာ ရပ်ဆိုင်းမည်

    ဖေဖော်ဝါရီ ၁၁၊ ၂၀၁၄
    M-Media

    ၂၀၁၇ ခုနှစ်တွင် သြစတေးလျရှိ ကားထုတ်လုပ်မှုအား တိုယိုတာ ရပ်ဆိုင်းမည်၊ အစိုးရက တိုင်းပြည်စီးပွားရေးအား ကူညီမပေးနိုင်ဟု အတိုက်အခံခေါင်းဆောင် ဝေဖန်

    _72866009_455233013

    – ကမ္ဘာ့အကြီးဆုံး ကားကုမ္ပဏီတစ်ခုဖြစ်သည့် တိုယိုတာက သြတေးလျတွင်ရှိနေသည့် ၎င်းတို့၏ ကားထုတ်လုပ်မှု စက်ရုံကို ပိတ်ပစ်မည်ဟု ကြေညာ ခဲ့ပြီးနောက် သြစတေးလျ အစိုးရနှင့် အတိုက်အခံများအကြား နိုင်ငံရေးအရ တိုက်ခိုက်မှုများ ရှိလာခဲ့သည်ဟု သိရသည်။

    လာမည့် ၂၀၁၇ ခုနှစ်တွင် သြစတေးလျ၌ ကားထုတ်လုပ်မှုကို ရပ်နားမည်ဟု တိုယိုတာမှ ပြီးခဲ့သည့် တနင်္လာနေ့က ကြေညာခဲ့သည်။ ထို့ကြောင့် ထိုစက်ရုံရှိ အလုပ်အကိုင်အခွင့်အလမ်း ၂၅၀၀ ဆုံးရှုံးမည်ဖြစ်ကာ တစ်နိုင်ငံလုံးအတိုင်းအတာအရ အလုပ်အကိုင် ၂၅၀၀၀ မှ ၄၄၀၀၀ အထိ ဆုံးရှုံးမည်ဟု အစိုးရနှင့် ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့သည်။

    ထိုကိစ္စနှင့်ပက်သက်၍ အတိုက်အခံခေါင်းဆောင် ဘီလ်ရှော့တန်က အစိုးရအနေဖြင့် နိုင်ငံအတွင်း အလုပ်အကိုင်အတွက် ထောက်ပံ့မှုမရှိဟု ဝေဖန်ခဲ့ပြီး ၀န်ကြီးချုပ်မှာလည်း နိုင်ငံရေးကစားပွဲများ စွန့်စားမှုများနှင့်သာ အလုပ်ရှုပ်နေသည်ဟု ဝေဖန်ခဲ့သည်။

    “အဘ်ဘော့(သြစေတးလျ ၀န်ကြီးချုပ်) လက်ထက်မှာ ကားထုတ်လုပ်ရေးဟာ ကျရှုံးသွားပါပြီ။ အဲဒါဟာ ရှက်စရာပါပဲ” ဟု ဘီလ်ရှော့တန်က ဆိုသည်။

    သို့သော်လည်း အဘ်ဘော့ကမူ ထိုကိစ္စက အလုပ်သမားများအတွက် ဆိုးရွားသော မျှော်လင့်ချက်များကို ပေးလိမ့်မည်မဟုတ်ဘဲ ၎င်းတို့အတွက် ရေရှည်တွင် အနာဂတ်ကောင်းများရှိနေသည်ဟု ယုံကြည်ကြောင်း တုံ့ပြန်ပြောဆိုခဲ့သည်။

    ထို့ပြင် နိုင်ငံ၏ စက်မှူဝန်ကြီး မက်ဖာလိန်းကလည်း တိုယိုတာစက်ရုံ ပိတ်သိမ်းမှုမှာ အစိုးရ၏ ထောက်ပံ့မှု အားနည်းခြင်းကြောင့် မဟုတ်ဘဲ၊ ထိုစက်ရုံ မရှိလည်း နိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းမှာ ရှင်သန်လိမ့်မည်ဟု ပြေကြားခဲ့သည်။

    တိုယိုတာ ကုမ္ပဏီက သြစတေးလျတွင် ကားထုတ်လုပ်ရေးလုပ်ငန်း လုပ်ဆောင်ခဲ့သည်မှာ ၆၆ နှစ်ရှိပြီဖြစ်ပြီး Ford ကားကုမ္ပဏီနှင့် Holden ကား ကုမ္ပဏီတို့ သြစတေးလျမှ ထွက်ခွာသွားပြီးနောက်ပိုင်း ၁၂ လအတွင်း တတိယမြောက် ထွက်ခွာမှုလည်း ဖြစ်သည်။ ထို့ကြောင့် သြစတေးလျ အနေဖြင့် ၂၀၁၇ ခုနှစ်နောက်ပိုင်းတွင် ကားအသစ်များအား ပြည်ပမှ ၀ယ်ယူ တင်သွင်းရတော့မည်ဖြစ်သည်။
    Ref : Xinhua

  • အာဏာရှင်ဆာလေကို ဖြုတ်ချနိုင်ခဲ့သည့် ယီမင် ဖက်ဒရယ် ပြည်ထောင်စု စနစ်ဖြင့် နိုင်ငံ တည်ထောင်မည်

    အာဏာရှင်ဆာလေကို ဖြုတ်ချနိုင်ခဲ့သည့် ယီမင် ဖက်ဒရယ် ပြည်ထောင်စု စနစ်ဖြင့် နိုင်ငံ တည်ထောင်မည်

    ဖေဖော်ဝါရီ ၁၁၊ ၂၀၁၄
    M-Media

    – တိုင်းပြည်၏ ပြုပြင်ပြောင်းလဲရေး အစိတ်အပိုင်းတစ်ခုအဖြစ် ယီမင်နိုင်ငံအား ဒေသ ၆ ခုပါသည့် ဖက်ဒရယ်ပြည်ထောင်စု စနစ်အဖြစ် တည်ထောင်ရန် သမ္မတဦးဆောင်သော အဖွဲ့က သဘောတူညီခဲ့သည်ဟု နိုင်ငံပိုင် သတင်းဌာန Saba က ဖော်ပြခဲ့သည်။

    ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရန် နောက်ဆုံးသဘောတူညီချက်ကို ယီမင်ရှိ အဓိက နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များပါဝင်ပြီး သမ္မတ ရဘ်ဘူ မန်ဆူရ် ဟာဒီ ဦးဆောင်သည့်အဖွဲ့မှ ပြုလုပ်သော ယမန်နေ့အစည်းအဝေးတွင် သဘောတူညီခဲ့ခြင်းဖြစ်သည်။

    အဆိုပါ အဖွဲ့ကို ဒေသများ ခွဲဝေသတ်မှတ်ပြီး ဖွဲ့စည်းပုံအသစ်တွင် ထည့်သွင်းကာ တစ်နှစ်အတွင်း မဲပေးအတည်ပြုရန် ဆုံးဖြတ်ခဲ့သည့် နိုင်ငံရေး ဆွေးနွေးပွဲပြီး ဇန်န၀ါရီလနှောင်းပိုင်းတွင် ဟာဒီက စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

    နိုင်ငံမြောက်ပိုင်းတွင် Azal၊ Saba၊ Janad နှင့်Tahama စသည့် ဒေသ ၄ ခု၊ နိုင်ငံတောင်ပိုင်းတွင် Aden နှင့် Hadramawt ဒေသနှစ်ခု စသဖြင့် ဖွဲ့စည်း ရန် သဘောတူညီခဲ့ကြခြင်းဖြစ်သည်။ မြို့တော် ဆန်နာမှာမူ ဘယ်ဒေသတွင်မှ မပါဝင်ဘဲ ခြေခံဥပဒေအရ လွတ်လပ်ပြီး၊ သမာသမတ်ကျသည့် အထူး ဒေသတစ်ခုအဖြစ် ရှိနေမည်ဖြစ်သည်။

    ၁၉၆၇ ခုနှစ် ဗြိတိသျှကိုလိုနီစနစ် အဆုံးသတ်သွားကတည်းက ယီမင်တောင်ပိုင်းမှာ သီးခြား လွတ်လပ်သော နိုင်ငံတစ်ခုအနေဖြင့် တည်ရှိနေခဲ့ပြီး ၁၉၉၀ ခုနှစ်တွင် မြောက်ပိုင်းနှင့် ပြည်လည်ပူးပေါင်းခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ၄ နှစ်အကြာတွင် ခွဲထွက်ရေး ကြိုးပမ်းခဲ့ပြီး၊ ပြည်တွင်းစစ်များ ဖြစ်ခဲ့ကာ မြောက်ပိုင်းတပ်များမှ တောင်ပိုင်းအား သိမ်းပိုက်နိုင်ချိန်မှ အဆုံးသတ်ခဲ့သည်။ နိုင်ငံအား အလီအဗ္ဗဒူလာ ဆာလေ အာဏာရှင်ပုံစံဖြင့် နှစ်ပေါင်း ၃၃ နှစ်ကြာ အုပ်ချုပ်ခဲ့ပြီးနောက် ၂၀၁၂ ခုနှစ်တွင် ဖြုတ်ချခြင်းခံခဲ့ရသည်။

    Ref : Aljazeera