News @ M-Media

Blog

  • ဘရာဇီး ဘောလုံးသမိုင်း တစ်လျှောက် ဖရီးကစ် အကန် အကောင်းဆုံး ကစားသမား စာရင်းထွက်ပေါ်၊ ရော်နယ်ဒင်ဟို မပါ

    ဖေဖော်ဝါရီ ၅၊ ၂၀၁၄
    M-Media

    366046_heroa

    – ဘရာဇီးနိုင်ငံ၏ ဘောလုံးသမိုင်း တစ်လျှောက် ဖရီးကစ် အကောင်းဆုံး ကစားသမား ၁၀ ဦးအား Goal.com ထုတ်ပြန်ခဲ့ရာ ၁၉၈၀ ပြည့်နှစ်စောပိုင်းက ဘရာဇီးအသင်းနှင့် အတူ ခြေစွမ်းပြခဲ့ပြီး “အဖြူရောင်ပီလီ” ဟု နာမည်ကျော်သည့် အလယ်တန်းကစားသမား ဇီကိုက ထိပ်ဆုံးတွင် ရှိနေခဲ့သည်။

    တနင်္လာနေ့က ဘောလုံးကစားသမား ဘ၀မှာ အနားယူသွားခဲ့သည့် အလယ်တန်း ကစားသမား ဂျူနင်ဟိုမှာ အဆင့် ၄ နေရာတွင်ရှိနေခဲ့သည်။ ဂျူနင်ဟိုမှာ ၎င်း၏ခေတ်တွင် ဆယ်စုနှစ် တစ်ခုအထိ ကမ္ဘာ့အကောင်းဆုံး ဖရီးကစ်အကန်ကောင်းသူတစ်ဦးအဖြစ် သတ်မှတ်ခံရသူဖြစ်သည်။

    ၁၉၉၇ ခုနှစ်က ပြစ်သစ်အသင်းနှင့် ခြေစမ်းပွဲတွင် မယုံနိုင်စရာကောင်းသည့် ဖရီးကစ်ဂိုးကို သွင်းယူပေးခဲ့သည့် ဘယ်နောက်ခံလူ ရော်ဘတ်တို ကားလို့စ်မှာ အဆင့် ၇ နေရာတွင်ရှိနေပြီး၊ ဘရာဇီး၏ ဂန္တ၀င်ကစားသမား ပီလီမှာ အဆင့် ၉ နေရာတွင်လည်းကောင်း ၁၉၉၀ ပြည့်နှစ်များက ကျော်ကြားခဲ့သည့် ရီဗယ်ဒိုက အဆင့် ၁၀ နေရာတွင်လည်းကောင်း အသီးသီးရှိနေကြသည်။

    သို့သော်လည်း ဘာစီလိုနာအသင်းနှင့် ခြေစွမ်းကောင်းများပြသခဲ့သည့် ကွင်းလယ်လူ ရော်နယ်ဒင်ဟိုမှာ အဆိုပါစာရင်းတွင် ပါဝင်လာခြင်း မရှိခဲ့ပေ။

    ဘရာဇီး ဘောလုံးသမိုင်း တစ်လျှောက် ဖရီးကစ်အကောင်းဆုံး ကစားသမား ၁၀ ဦးမှာ အောက်ပါအတိုင်းဖြစ်သည်။

    ၁။ ဇီကို
    ၂။ ဒီးဒီး
    ၃။ ရီဗီလီနို
    ၄။ ဂျူနင်ဟို
    ၅။ ဘရန်ကို
    ၆။ ဒီရ်စီအူ
    ၇။ ရော်ဘတ်တိုကားလို့စ်
    ၈။ အီဒါ
    ၉။ ပီလီ
    ၁၀။ ရီဗယ်ဒို

    Ref: Goal.com

  • မွန်အမျိုးသားနေ့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

    မွန်အမျိုးသားနေ့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

    ဖေဖော်ဝါရီ ၅၊ ၂၀၁၄
    M-Media
    လမင်း

    ရန်ကုန်   ။      ။     ၆၇- ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနား နှင့် မွန်ရိုးရာယဉ်ကျေးမှု ပဒေသာကပွဲကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် ပြည်သူ့ ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်တွင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညနေ ၅း၀၀- နာရီမှ ည ၁၂း၀၀- နာရီအထိ စည်ကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပမည် ဖြစ်ကြောင်း သိရှိရပါသည်။

    ၆၇- ကြိမ်မြောက် မွန်အမျိုးသားနေ့တွင် ပြည်သူ့ရင်ပြင်၌ မွန်လူဦးရေစာရင်းကောက်ယူရေး မဏ္ဍပ်ထားရှိထားမှာဖြစ်ပြီး သန်းခေါင်းစာရင်း မပေးသွင်း ရသေးသော မွန်မိသားစုဝင်များ သည် သန်းခေါင်းစာရင်းနှင့် မှတ်ပုံတင်ကို မိတ္တူပွား၍ လာရောက်စာရင်းပေးသွင်းနိုင်ကြောင်းလည်း သိရှိရပါသည်။

    မွန်လူဦးရေစာရင်းအမှန်ကောက်ယူရေးကာလကိုလည်း လူဦးရေစာရင်း ကောက်ယူရေးကော်မတီမှ နိုဝင်ဘာလထိ တိုးမြှင့်ထားပြီး ကျန်ရှိနေသော လူဦးရေ စာရင်းများကို ဆက်လက်ကောက်ခံသွားမည် ဖြစ်ကြောင်းလည်း သိရှိရပါသည်။

  • မလေးရှားတွင် ဖမ်းခံရသော တရားမဝင် မြန်မာ အလုပ်သမားများကို သံရုံးမှ အသိအမှတ်ပြုရန် ငြင်းဆန်၍ အခက်တွေ့နေကြ

    ဖေဖော်ဝါရီ ၅၊ ၂၀၁၄
    M-Media
    Ops 6P Bersepadu
    – မလေးရှားနိုင်ငံတွင် မကြာသေးမီက ပြုလုပ်ခဲ့သည့် Ops 6P Bersepadu စီမံချက်အတွင်း ဖမ်းဆီးရမိသည့် တရားမ၀င် နေထိုင်သော မြန်မာနိုင်ငံသား များအား သက်ဆိုင်ရာနိုင်ငံ ပြန်ပို့ရန် မြန်မာသံရုံးမှ ငြင်းဆိုသောကြောင့် ၎င်းတို့အား ပြည်နှင်ဒဏ်ပေးရေးမှာ ခက်ခဲနေသည်ဟု သိရသည်။

    ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးမှ ထိုတရားမ၀င် ၀င်ရောက်နေထိုင်သော မြန်မာနိုင်ငံသားများ အတွက် ခရီးသွားလာခွင့် စာရွက်စာတမ်းများအား ထုတ်ပေးရန် ငြင်းဆန်ခဲ့သည်ဟု မလေးရှား လူဝင်မှုကြီးကြပ်ရေး အထွေထွေ ဒါရိုက်တာ ဒါတွတ် အီလီယက်စ် အဟ်မဒ်က ပြောကြားခဲ့သည်။

    “သူတို့မှာ ခရီးသွားလာခွင့် စာရွက်စာတမ်း မရှိဘဲနဲ့ ကျွန်တော်တို့ သူတို့ကို ဘယ်လို ပြည်နှင်ဒဏ်ပေးရမှာလဲ။ သူတို့ရဲ့ နိုင်ငံကိုက သူတို့ကို နိုင်ငံသား အဖြစ် အသိအမှတ်ပြုဖို့ ငြင်းဆိုနေတယ်။ အဲဒီသူတွေဟာ မြန်မာစကားကိုပြောတယ်။ ဒါပေမယ့် အစိုးရက စာရွက်စာတမ်း ထုတ်ပေးဖို့ငြင်းဆိုတယ်။ အဲဒီစာရွက်တွေ မရှိဘဲနဲ့ ကျွန်တော်တို့ တိုင်းပြည်(မလေးရှား)ကနေ ပြန်ပို့လို့ မရပါဘူး” ဟု ၎င်း၏ တာဝန် အရပ်ရပ်ကို လက်ထောက် ဒါရိုက်တာ အဲလိုယာ မာမတ်အား လွှဲပြောင်းသည့် အခမ်းအနားတွင် အဟ်မဒ်က သတင်းထောက်များအား ပြောကြားခဲ့သည်။

    စီမံချက်အတွင်းဖမ်းမိခဲ့ပြီး ထိန်းသိမ်းရေး စင်တာတွင် ရှိနေသည့် တရားမ၀င်နေထိုင်သော မြန်မာနိုင်ငံသားအရေအတွက်မှာ ၅၀၀ ခန့်ရှိနေကြောင်း၊ ထိုပြဿနာအား ဖြေရှင်းရန် အတွက် နိုင်ငံခြားရေး ၀န်ကြီးဌာနနှင့် ဆက်သွယ်ဆွေးနွေးနေကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ဦးရေမှာ ၅ သိန်းခန့်ရှိပြီး ထိုအထဲမှ ၁ သိန်းခန့်မှာ တရားမ၀င်နေထိုင်နေသူများဖြစ်သည်။ ထို့ပြင် နိုင်ငံရေး ခိုလှုံခွင့်နှင့် ဒုက္ခသည်အဖြစ် ရောက်ရှိလာသော မြန်မာနိုင်ငံသား များစွာလည်း ရှိနေသည်။

    Ref:The Star

    ဓါတ်ပုံအညွှန်း- ဇန်နဝါရီ ၃၀ ရက်နေ့ က စီမံချက်ဖြင့် တရားမဝင် အလုပ်သမားများ ဖမ်းဆီးနေစဉ် Photo-sinchew.com

  • ဗိသုကာ ပညာရှင်များ (သို့) သက်ရှိများ အသက်ရှင်ရေးအတွက် အရေးပါသော (Diatoms) ရေညှိပင်များ

    ဖေဖော်ဝါရီ ၅ ၊ ၂၀၁၄
    M-Media
    ရေးသူ- အေးထွန်း

    Diatoms
    Diatoms ဆိုတာ အလွန့်အလွန်သေးငယ်တဲ့ ရေညှိပင်လေးတွေဖြစ်ပါတယ်။ ဘယ်လောက်သေးလဲဆိုရင် ဒီအပင်လေးတွေ တစ်သောင်းလောက်ကို စုထားလိုက်ရင် အချင်းဟာ တစ်မီလီမီတာပဲရှိပါတယ်။ တင်စားပြီးပြောရမယ်ဆိုရင် သူတို့ဟာ လူသားတွေ အပါအဝင် ကုန်းနေ သတ္တဝါတွေရဲ့ အသက်ဟာ သူတို့ရဲ့လက်ထဲမှာ ရှိနေပါတယ်။ ကျွန်တော်တို့ ရှုသွင်းနေတဲ့ အောက်စီဂျင်အများစုဟာ ဒီ Diatoms တွေရဲ့အလင်းဖြင့် အစာ ချက်လုပ်ခြင်း လုပ်ငန်း (Photosynthesis) ကနေ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ သူတို့ဟာ အောက်စီဂျင် ထုတ်လုပ်ရေး စက်ရုံတွေလိုပါပဲ။  ထရီလီရန်နဲ့ ချီတဲ့ Diatoms တွေဟာ လေထုထဲကို အသက်အတွက် အရေးပါတဲ့ အောက်စီဂျင် ဖြန့်ဖြူးခြင်းလုပ်ငန်းကို ဆောင်ရွက်နေကြပါတယ်။

    သူတို့တွေဟာ ရေနေသတ္တဝါတွေရဲ့ အစာကွင်းဆက် ဖြစ်စဉ်အတွက်လည်း အလွန်အရေးပါတဲ့ နေရာကနေ ကပြ အသုံးတော်ခံ နေပါသေးတယ်။ သူတို့ဟာအလွန်သေးငယ်တဲ့ ရေနေ သက်ရှိလေးတွေရဲ့အခြေခံ အစာအရင်းအမြစ် ဖြစ်ပါတယ်တစ်ဆက်တည်းမှာ ဒီရေနေ သက်ရှိလေးတွေဟာလည်း အခြားကြီးမားတဲ့ ငါးသလောက်လို သက်ရှိတွေ အတွက် အစာဖြစ်နေပါတယ်။ ဒါ့အပြင် အလွန်ကြီးမားသော ရေနေသတ္တဝါတွေမှာတောင် Diatom ကိုသာ တိုက်ရိုက်စားသုံးတဲ့ အကောင်တွေရှိပါတယ်။ ဥပမာ Humpbacked Whale လို ဝေလငါးဟာ Diatoms တွေကိုသာ စားပါတယ်။ နာရီ အနည်းငယ်အတွင်းမှာတင် ဒီဝေလငါးဟာ Diatoms ပေါင်း သန်းပေါင်း သန်းနဲ့ချီပြီးကို စားတာဖြစ်ပါတယ်။ Diatoms တွေရဲ့ အလွန်တရာ လေးစားထိုက်တဲ့ အရည်အသွေး ကတော့ သူတို့ရဲ့ဖာသာသူတို့ တည်ဆောက်ထားတဲ့ သူတို့ရဲ့ အခွံ (အိမ်)ပဲဖြစ်ပါတယ်။  ပင်လယ်ထဲမှာရှိတဲ့ ဆီလီကာ (ဆီလီကွန်ဒိုင်အောက်စိုက်) လေးတွေနဲ့ သူတို့ဟာသူတို့ရဲ့ ပြောင်မြောက်တဲ့ ဗိသုကာလက်ရာနဲ့ အိမ်ကို ပြုလုပ်ကြပါတယ်။Diatoms မျိုးစိတ်ပေါင်း ၂၅၀၀၀ခွဲကျော်လောက် ရှိပေမဲ့ Diatom တစ်ခုခြင်းစီရဲ့အိမ်တွေဟာ တစ်မျိုးနဲ့တစ်မျိုး လုံးဝမတူပဲ လှပကြပါတယ်။ ဥပမာ တစ်ချို့သော အိမ်လေးတွေရဲ့တည်ဆောက်ပုံတွေဟာ တစ်ဖိတ်ဖိတ်တောက်ပနေတဲ့ မီးဆိုင်းလေးတွေလိုပါပဲ။

    Diatoms တွေဟာ သူတို့ရဲ့အခွံတွေကို ရေထဲမှာပျော်ဝင်နေတဲ့ ဆီလီကွန်တွေကို အဖိုးတန်ကျောက်မြတ်ရတနာတွေနဲ့ အသွင်အပြင်တူတဲ့ ဆီလီကာ အဖြစ်ကူးပြောင်းပြီး ထုတ်လုပ်ပါတယ်။ ဒီလိုကူးပြောင်းခြင်းရဲ့ ရလဒ်အဖြစ် ပေါ်ထွက်လာတဲ့ ဖန်နဲ့တူတဲ့ အခွံလေးတွေဟာ စိတ်ကူးနဲ့တောင်မှန်းဆလို့ မရတဲ့ ပြီးပြည့်စုံတဲ့ဗိသုကာတွေ ဖြစ်လာပါတော့တယ်။ ဒီအခွံလေးတွေမှာရှိတဲ့ လေ (အောက်စီဂျင်၊ ကာဗွန်ဒိုင်အောက်စိုက်) ဝင်ပေါက်လေးတွေဟာ ဆိုရင် ပိုတောင်အမှားမခံတဲ့အရာလေးတွေပါ။

    အခုကျွန်တော်တို့ စဉ်းစားကြည့်ရအောင်။ အလွန်စိတ်ကူးဉာဏ်ရင့်သန်တဲ့ လူသား ဗိသုကာပညာရှင်တစ်ဦး ရှိတယ်ဆိုပါစို့။ ဒါပေမယ့် သူ့မှာ ဆောက်လုပ် ပုံဖော်တဲ့ အခါမှာ အသုံးပြုရမဲ့ Materialsတွေနဲ့ ပတ်သက်ပြီး လုံလောက်တဲ့ ဗဟုသုတမရှိဘူး (ဒါမှမဟုတ်) ဗဟုသုတရှိပေမယ့် အဲဒီ Materialsတွေ သူ့မှာ လက်ဝယ် မရှိဘူးဆိုရင်  သူရဲ့ စိတ်ကူးဉာဏ်ရင့်သန်မူဟာ အကောင်အထည်ဖော်လို့မရပါဘူး။ ဒါပေမယ့် Diatoms တွေကတော့ ဗိသုကာပညာရှင်တွေလို မယှဉ်နိုင်သော ဒီဇိုင်း စွမ်းရည်ကို ပြသနိုင်ယုံ သာမက၊သူတို့ရဲ့ အလွန်သေးငယ်လှတဲ့ ခန္ဓာကိုယ်နဲ့  ဒီလိုပြောင်မြောက်တဲ့ တည်ဆောက်မူကို ပြုလုပ်နိုင်ရန် ဓာတုဗေဒ ချိန်ညှိမူတွေကို ပြုလုပ်နိုင်ပါတယ်။ အပ်ခေါင်း ထိပ်လေးလောက် အရွယ်အစားရှိတဲ့ ၊ဦးနှောက်နဲ့ အာရုံကြောစနစ်တွေ မပါဝင်တဲ့ Diatoms လေးတွေဟာ ဓာတုဗေဒ ပညာရပ်၊ ဗိသုကာ ပညာရပ်တွေကို သင်ကြားခံထားရသလို လှပတဲ့အိမ်လေးတွေ တည်ဆောက်နေကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် တည်ဆောက် လိုက်ကြတဲ့ အိမ်လေးတွေဟာ တစ်ခုနဲ့တစ်ခု လုံးဝ မတူညီကြပဲ အားလုံးဟာ ပြောင်မြောက်နေပါတယ်။

    နောက်ထပ်အံ့ဖွယ်တစ်ခုကတော့ Diatoms တွေရဲ့အလွန်မြန်ဆန်တဲ့ မျိုးပွါးနှုန်းပဲ ဖြစ်ပါတယ်။ ဘယ်လောက်မြန်သလဲဆိုရင် Diatom တစ်ခုဟာ ၁၀ ရက်ကြာတဲ့အခါမှာ Diatoms ပေါင်း သန်းတစ်ထောင်ထိ ပွါးများနိုင်ပါတယ်။ သံသယမရှိပါနဲ့။ ဒါဟာ အစီအမံ ချမှတ်ထားတဲ့ ဒီဇိုင်းဖြစ်ပါတယ်။ သူတို့ဟာ ကျွန်တော်တို့ ရှုသွင်းနေတဲ့ အောက်စီဂျင်ရဲ့အဓိက အရင်းအမြစ် ဖြစ်ပါတယ်။ တကယ်လို့သာ သူတို့သာ ဒီလောက်ပွါးများနိုင်အောင် ဒီဇိုင်းချမှတ်ထားခြင်း မခံရဘူးဆိုရင် Diatom ရဲ့စွမ်းရည်ဟာ အဓိပ္ပါယ်ကင်းမဲ့ သွားပါလိမ့်မယ်။ဒါ့အပြင် ကျွန်တော်တို့ အခုအသုံးပြုနေတဲ့ ရေနံ အများစုဟာ သမိုင်းမတင်မီခေတ် ပင်လယ်ပြင်တွေမှာ သေဆုံးခဲ့တဲ့ Diatoms တွေကနေဖြစ်တည်လာတာဖြစ်ပါတယ်။

    ( Katie Aust, “ Non-renewableenergy sources and their effect on the environment”)

  • ဒုချီရာတန်း မီးလောင်မှု DVB သို့ဖြေကြားချက်ကြောင့် ဦးရွှေမောင်အား သမ္မတ ညွှန်ကြားချက်ဖြင့် ပြည်ထဲရေးမှ စစ်ဆေး

    ဖေဖော်ဝါရီ ၄၊ ၂၀၁၄
    M-Media

    ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ဒုချီရာတန်း ကျေးရွာ မီးလောင်မှု ကိစ္စ တွင် ရဲတပ်ဖွဲ့ဝင်များ ကိုယ်တိုင် ရိုဟင်ဂျာများ၏ အိမ်များကို မီးရှို့ခဲ့ကြောင်း ဒေသခံများ၏ သတင်းပို့ချက်အား DVB  သတင်းဌာနသို့ ပြည်သူ့လွှတ်တော် အမတ် ဦးရွှေမောင် ပြောကြားချက်နှင့် ပတ်သက်၍ သမ္မတ ညွှန်ကြားချက်ဖြင့် ပြည်ထဲရေးမှ တွေ့ဆုံ စစ်ဆေးမည့် အကြောင်း ဦးရွှေမောင်မှ ၄င်း၏ FB စာမျက်နှာတွင် အောက်ပါ အတိုင်းရေးသား ဖော်ပြခဲ့ပါသည်။
    U Shwe Maugn
    ၂၀၁၄ ခုနှစ် ဖေဖေါ်ဝါရီလ ၃ ရက်နေ့က ကျွန်တော်သည် ပြည့်သူလွှတ်တော် ဥက္ကဌ ဦးရွှေမန်းနှင့် နှစ်ကြိမ်တိုင် တွေ့ဆုံခဲ့ ပါသည်။ တွေ့ဆုံရခြင်း အကြောင်းမှာ သမ္မတမှ ပြည့်သူ လွှတ်တော် ဥက္ကဌသို့ မိမိအား ခေါ်ယူတွေ့ဆုံရန်၊ စစ်ဆေး မေးမြန်းရန် နှင့် ဥပဒေ အတိုင်း ဆောင်ရွက်ရန် မေတ္တာရပ်ခံတောင်းဆိုသော သဝဏ်လွှာနှင့် ပတ်သက်၍ ဖြစ်ပါသည်။ သမ္မတ၏ စာတွင် ကျွန်တော့် ဒီဗွီဘီ အင်တာဗျူးသည် နိုင်ငံတော်နှင့် မြန်မာ့ ရဲတပ်ဖွဲ့ကို အသရေ ပျက်စေသည်ဟု ဖော်ပြပါရှိပါသည်။ စာထဲတွင် ကျွန်တော်သည် ပဋိပက္ခများကို ဖြစ်စေသည်ဟုလည်း ဖော်ပြထားပြန်သည်။ သို့ဖြစ်၍ ဥက္ကဌက ကျွန်တော့်အား လိုအပ်သည်များကို လမ်းညွှန်ခဲ့ပါသည်။ ပြည်ထဲရေး ဝန်ကြီးဌာနသည် ယနေ့ညနေ ၄နာရီတွင် စစ်ဆေးမေးမြန်းခြင်းကို ကျွန်တော်တို့၏ ညှိုနှိုင်းစေ့စပ်မှုအရ ကြံ့ခိုင်ရေးပါတီ ဌာနချုပ်တွင် စတင်ပါမည်။

    ကျွန်တော်သည် နိုင်ငံတော်နှင့် မြန်မာ့ရဲတပ်ဖွဲ့ အသရေပျက်အောင် မည်သည့် အခါမျှ မလုပ်ပါ။ ပြည့်သူလွှတ်တော် ဥပဒေနှင့် အခြေခံ ဥပဒေနှင့် အညီ နိုင်ငံနှင့် ပြည်သူတို့ ကောင်းကျိုး အတွက် ဆောင်ရွက်သည်သာဖြစ်သည်။ ကျွန်တော်သည် တည်ငြိမ်ရေး၊ ချစ်ကြည်စွာ နေထိုင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ တရားမျှတရေးနှင့် သာတူညီမျှ အခွင့်အရေးတို့ကို အစဉ်အမြဲ အလေးအနက်ထားပါသည်။ ကျွန်တော်သည် လွှတ်တော်၊ သက်ဆိုင်သော ပြည်ထောင်စု ဝန်ကြီးများနှင့် လိုအပ်ပါက ဒေသံသရ အာဏာပိုင်များနှင့်ပါ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

    ရွှေမောင်
    ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
    ဘူးသီးတောင် ကိုယ်စားပြု
    ရခိုင်ပြည်နယ်၊ မြန်မာ
    ညနေ ၃ နာရီခွဲ၊ ဖေဖေါ်ဝါရီလ ၄ ရက်နေ့၊ ၂၀၁၄ ခုနှစ်