News @ M-Media
Blog
  • Mizzima: ပြည်ခိုင်ဖြိုးအမတ် ဦးရွှေမောင်ကို မိခင်ပါတီနှင့် လွှတ်တော်တို့က စစ်ဆေး အရေးယူရန် အစီအစဉ် မရှိဟုဆို
    ဖေဖော်ရီ ၆၊ ၂၀၁၄
    မဇ္ဈိမ
    စိုးသန်းလင်း
    Shwe_Maung_-_2014-02-06_15.53.16
    လူမှုကွန်ရက် စာမျက်နှာမှ တဆင့် ၄င်းအားစိတ်ပူနေသူများကို မိမိ အဆင်ပြေကြောင်း ပြောကြားခဲ့သိ ဦးရွှေမောင်၏ ရေးသားမှု
     နိုင်ငံတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အား ဂုဏ်သိက္ခာ ကျဆင်းစေသည်ဟူသည့် သမ္မတ သ၀ဏ်လွှာအရ ပြည်ခိုင်ဖြိုး အမတ် ဦးရွှေမောင်ကို ပြည်ထဲရေး ၀န်ကြီးဌာနက ဖေဖော်ဝါရီ ၄ ရက်တွင် ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်၌ စစ်ဆေးခဲ့သည်နှင့် ပတ်သက်ပြီး ၄င်းအား မိခင်ပါတီနှင့် လွှတ်တော်တို့က စစ်ဆေးအရေးယူ ရန် အစီအစဉ် ရှိနိုင်ပါသလားဟူသော မဇိ္ဈမ၏ အမေးကို ပြည်သူ့လွှတ်တော်၊ ဥပဒေရေးရာနှင့် တရားစီ ရင်ရေး ကော်မတီဥက္ကဌ သူရဦးအောင်ကိုက အစီအစဉ် မရှိသေးကြောင်း ဖြေကြားခဲ့သည်။
    “အခုအထိတော့ အစီအစဉ် မရှိသေးပါဘူး။ ရှိရင် ပြောပါ့မယ်” ဟု ၎င်းက ယနေ့ ပြည်ထောင်စု လွှတ် တော် ခေတ္တနားချိန်တွင် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
    ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်သည် ပြည်ခိုင်ဖြိုးပါတီဝင် ဖြစ်သော ကြောင့် မိခင်ပါတီအနေဖြင့် ၎င်းအားစစ်ဆေး အရေးယူသွားဖို့ ရှိပါသလားဟု မေးခဲ့ရာ ပြည်ခိုင်ဖြိုး ပါတီ၏ ဒုတိယဥက္ကဌ တစ်ဦးဖြစ်သူ ဦးဌေးဦးက “ဒီကိစ္စကျွန်တော် မသိဘူးဗျ။ ရုံးမှာ တစ်နေ့လုံး ပြည်ထဲရေးက လာမေးတယ်လို့ ပြောပါတယ်။ ကျွန်တော်လည်း အဲ့ဒီနေ့က ရုံးမှာ ရှိနေပါတယ်။ ဒါပေမဲ့ ကျွန်တော်မသိ ဘူး။ မတွေ့ဘူး။ ပါတီအနေနဲ့ ဒီကိစ္စကို ဘာမှကို မသိသေးဘူး။ တကယ်ဟုတ်တယ်ဆိုရင် ကာယကံရှင် ကလည်း သတင်းပို့လို့ရတာပဲ။ ဌာနဆိုင်ရာကလည်း သတင်းပို့မှာပဲ။ အခုတော့ လောလောဆယ် ဘာမှ သတင်းပို့တာ မရှိသေးပါဘူး။ လွှတ်တော်ကိုလည်း သတင်းပို့ ရမှာပဲ။ အခုလွှတ်တော် ဘက်ကလည်း ဘာမှ သတင်းမကြားပါဘူး။ သိလာရင်တော့ သိတဲ့အပေါ်မူတည်ပြီး စဉ်းစားမှာပေါ့” ဟု ပြန်လည်ဖြေ ကြားသည်။
    ပြည်ခိုင်ဖြိုးပါတီသည် အာဏာရပါတီလည်းဖြစ်ပေရာ ၎င်းပါတီဥက္ကဋ္ဌ နိုင်ငံတော် သမ္မတက ပါတီဥက္ကဌ တာဝန်ကို ထမ်းဆောင်လျက်ရှိ၍ ဒုတိယဥက္ကဋ္ဌလည်းဖြစ်၊ ပြည်ထောင်စုလွှတ်တော် နာယကလည်းဖြစ် သည့် သူရဦးရွှေမန်းထံသို့ ပြည်ခိုင်ဖြိုးအမတ် ဦးရွှေမောင်အား စစ်ဆေးခွင့်တောင်းသည့် သ၀ဏ်လွှာကို ပို့ပြီးမှ ပြည်ထောင်စု လွှတ်တော် ခွင့်ပြုချက်ဖြင့် ပြည်ထဲရေးဝန်ကြီးဌာနက ယမန်နေ့က စစ်ဆေးခဲ့ခြင်းကို ပြည်ခိုင်ဖြိုး ပါတီ ဒု-ဥက္ကဌတစ်ဦးဖြစ်သော ဦးဌေးဦးက လုံးဝမသိကြောင်း ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။
    ပြည်ထဲရေးက ၎င်းအား စုံစမ်းမေးမြန်းစဉ် အဆင်ပြေမှု ရှိ၊မရှိ မဇ္ဈိမက မေးသည်ကို ဦးရွှေမောင်က “အဆင်ပြေပါတယ်။ သူတို့ သိချင်တာတွေကို မေးတာပါ။ ကျွန်တော်ကလည်း ပြန်ရှင်းပြတယ်။ အဓိက ကျွန်တော်ရှင်းပြတာကတော့ ဒီလိုစွပ်စွဲတာသည် ဒီဗွီဘီရဲ့ သတင်းခေါင်းစဉ်ကြောင့်သာ ဖြစ်ရတာပါ။ စာသားထဲမှာလည်း မပါဘူး။ ကျွန်တော်ကိုယ်တိုင် တိုက်ရိုက်ဖြေတာမျိုးလည်း မရှိဘူး။ ကျွန်တော်က ပြည် သူ့ကိုယ်စားလှယ်တစ်ဦးဖြစ်လို့ ရွာသားတွေက တင်ပြလာတာကို ပြန်ပြောရတဲ့ သဘောဖြစ်တယ် ဆို တာ ရှင်းပြပါတယ်။ သတင်းဌာနကလွှင့်တဲ့ Edited Version ကို မကြည့်ဘဲ Full Version ကို ကြည့်ဖို့ လိုပါတယ်” ဟု ဖြေခဲ့သည်။
    ထို့ပြင် ပြည်ထဲရေးက ၎င်းနှင့် နောက်ထပ်တွေ့ဆုံမေးမြန်း ချိန်းဆိုခဲ့ခြင်း မရှိကြောင်းလည်း ဖြည့်စွက်ပြော ကြားခဲ့သည်။ မည်သို့ဆိုစေ လောလောဆယ်၌ လွှတ်တော်ကရော၊ ပြည်ခိုင်ဖြိုးပါတီကပါ ပြည်ခိုင်ဖြိုး အမတ် ဦးရွှေမောင်အပေါ် စစ်ဆေးအရေးယူမှု မရှိသေးပေ။
    Link =>https://www.facebook.com/permalink.php?story_fbid=715090488525859&id=216265185075061&stream_ref=10
  • မြူများဆိုင်းနေသောကြောင့် ပန်းဆိုးတန်း-ဒလ ခရီးသည်များ နှောင့်နှေးကြန့်ကြာ
    ဖေဖော်ဝါရီ ၆၊ ၂၀၁၄
    M-Media
    လမင်း
    1620812_1500231066870034_18843644_n
    ရန်ကုန် ။ ။ ရန်ကုန်မြစ်တွင် နေ့စဉ်ပြေးဆွဲနေလျှက်ရှိနေသော ရန်ကုန်-ဒလ သဘောင်္များသည် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ရန်ကုန်မြစ် အတွင်း မြူများဆိုင်းနေသောကြောင့် သဘောင်္များကို နောက်ကျပြေးဆွဲခဲ့ရသောကြောင့် ခရီးသည်များ အခက်အခဲ ကြုံတွေ့လျက်ရှိခဲ့ပါသည်။
    “၇း၁၅-နာရီ လောက်ကစပြီး မမြင်ရတော့လောက်အောင်ကို မြူတွေဆိုင်းနေတယ်။ သမ္မာန်တွေ တောင်သွားလို့ မရဘူး တချို့သမ္မာန်တွေကသွားကြတယ် ဘာမှမမြင်ရတော့ သွားတော့ အသက်အန္တရယ် စိုးရိမ်ရပါတယ်။ ၁ နာရီလောက် နားလိုက်ရတော့ ခရီးသည်တွေပုံသွားတယ်။ ခရီးသည်တွေ အဆင်ပြေသွားအောင်လို့ သဘောင်္ကို ခါတိုင်းနှစ်စီး ဆွဲရာကနေ သုံးစီးပြေးဆွဲ ခဲ့ပါတယ်။ အရင်ကမိနစ် နှစ်ဆယ်ကို  တစ်စီးထွက်တယ် အခုအခက်အခဲကြောင့် ဆယ်မိနစ်ကို တစ်စီး ထွက်ပေးခဲ့ရတယ်။ အခုလိုမြူဆိုင်းတာက နှစ်တိုင်း လိုလိုဖြစ်နေကြပါ ဖေဖော်ဝါရီနဲ့ မတ်လမှာ အဖြစ်များပါတယ်”ဟု ပန်းဆိုးတန်း ဆိပ်ကမ်း မန်နေဂျာ ဦးအေးမြင့်မောင်က ပြောကြားခဲ့ပါသည်။
    ပန်းဆိုးတန်းနှင့် ဒလသို့ နေ့စဉ်သဘောင်္နှစ်စီး ပြေးဆွဲပြီး တစ်ခေါက်လျှင်ခရီးသည် ၄၀၀ နှင့် ၅၀၀ ကြားပြေးဆွဲလျက် ရှိပါသည်။ တစ်နေ့လျှင် အခေါက်ရေ ၄၆ ခေါက်ပြေးဆွဲလျှက်ရှိပြီး ခရီးသည် ၂၇၀၀၀ သွားလာနေကြောင်း သိရှိရပါသည်။
  • ထိုင်းအာဏာပိုင်တွေက ဘုန်းတော်ကြီး တစ်ပါးကို အစိုးရဆန့်ကျင် ဆန္ဒပြမှုတွေ အတွက် ဖမ်းဆီးဖို့ ပြင်ဆင်
    ဖေဖော်ဝါရီ ၆၊ ၂၀၁၄
    M-Media
    THAILAND-POLITICS-PROTEST-RELIGION-BUDDHISM
    ထိုင်းရဲတွေက ဘုန်းတော်ကြီး လုအန်ပုဣသရ ကို ဖမ်းဝရမ်းထုတ်ပေးဖို့ ရာဇ၀တ်တရားရုံးကို ဖေဖော်ဝါရီ ၄ ရက်နေ့က တောင်းဆိုခဲ့ပါတယ်။ ပုဒ်မ တွေကတော့ ဘန်ကောက်၊ လတ်စီရှိ အစိုးရရုံးများကို ပိတ်ဆို့ ၀ိုင်းရံခဲ့မှုနဲ့  ပြီးခဲ့တဲ့ ရက် သတ္တပတ်အတွင်း ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲကို အနှောင့်အယှက်ပေးခဲ့မှု စတာတွေနဲ့ ဆွဲချက်တင်ထားတာပါ။
    အသက် ၅၈ နှစ်ရှိပြီဖြစ်တဲ့ ဘုန်းတော်ကြီး လုအန်ပုဣသရကတော့ ၀ါအော်နွိုင်းဘုန်းကြီးကျောင်းကဖြစ်ပြီး ထိုင်းနိုင်ငံ အစိုးရကို ဆန္ဒပြဆန့်ကျင်တဲ့ People’s Democratic Reform Committee ကို ဦးဆောင်သူလည်းဖြစ်ပါတယ်။
    ရဲတွေကတော့ ဘုန်းတော်ကြီး လုအန်ပုဣသရက ဇန်န၀ါရီ ၂၅-၂၆ နဲ့ ဇန်န၀ါရီ ၃၁ ကနေ ဖေဖော်ဝါရီ ၂ နေ့များမှာ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက် ပွဲပျက်ပြားအောင် ပြုလုပ်ခဲ့တယ်လို့ တရားရုံးကို ပြောပြထားပါတယ်။ ထိုင်းဝန်ကြီးချုပ်ရုံးလက်အောက်မှာရှိတဲ့ အမျိုးသားဗုဒ္ဓဘာသာရုံးကလည်း ဘုန်းတော်ကြီး လုအန်ပုဣသရက ၀ိနည်းကိုဖောက်ဖျက်ပြီး ဆန္ဒပြမှုတွေကို ဦးဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါရုံးက အကယ်၍ ဘုန်းကြီး တစ်ပါးပါး ဟာ ရာဇ၀တ်မှုနဲ့ တရားအစွဲခံရရင်၊ တရားရုံးကလည်း အာမခံပေးဖို့ ငြင်းဆိုခဲ့တယ်ဆိုရင် အဲဒီဘုန်းကြီးကို လူဝတ်လဲစေဖို့ ဆောင်ရွက်ရမယ်အကြောင်း ဥပဒေပြဌာန်းထားတယ်လို့လည်း ဆိုပါတယ်။
    ထိုင်းနိုင်ငံဟာ အိမ်နီးချင်းမြန်မာနိုင်ငံနည်းတူ ထေရ၀ါဒဗုဒ္ဓဘာသာကိုးကွယ်သူအများစုရှိနေပြီး လူဦးရေရဲ့ ၉၅ ရာနှုန်းက ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ပါတယ်။
    Ref: Huff Post Religion
  • ထိုင်းအတိုက်အခံ ခေါင်းဆောင်အား အစိုးရက ဖမ်းဝရမ်းထုတ်၊ အင်အား မသုံးချင်၍ လာရောက်အဖမ်းခံရန် တိုက်တွန်း
    ဖေဖော်ဝါရီ ၅ ၊ ၂၀၁၄
    M-Media
    thailand-opposition-suthep-thaugsuban-20131201-afp
    – လက်ရှိ ထိုင်းနိုင်ငံတွင် ဖြစ်ပွားနေသည့် အစိုးဆန့်ကျင်ရေး ဆန္ဒပြမှုများအား ဦးဆောင်နေသူ ဒုတိယ၀န်ကြီးချုပ်ဟောင်း ဆူသပ် သောင်ဆူဘန်အား ထိုင်းအစိုးရက ၀ရမ်းထုတ်လိုက်ပြီး၊ အစိုးရထံ လာရောက်အဖမ်းခံရန်လည်း တိုက်တွန်းခဲ့သည်ဟု သိရသည်။
    ဘန်ကောက်မြို့တွင် ထုတ်ပြန်ထားသည့် အရေးပေါ် ဥပဒေအား ချိုးဖောက်ခဲ့သည့် အတွက် ရာဇ၀တ်ခုံရုံးက ယနေ့တွင် ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဖြစ်ပြီး ထိုင်းအာဏာပိုင်များက အင်အားသုံး၍ မဖမ်းဆီးခင်အလျဉ် မိမိကိုယ်တိုင် လာရောက်အဖမ်းခံရန် ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးစင်တာ၏ အကြီးအကဲ အလုပ်သမားဝန်ကြီး Chalerm Yubamrung တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။
    “အာဏာပိုင်တွေဆီမှာ လာရောက်အဖမ်းခံဖို့ ဆူသပ်ကို ပြောထားပါတယ်။ သူကို့ဖမ်းဖို့ ကျွန်တော်တို့ အင်အားမသုံးချင်ပါဘူး။ သူ့ကို လက်နက်ကိုင် အယောက် ၅၀ လောက်က စောင့်နေတဲ့အတွက် နောက်ထပ် သွေးထွက်သံယိုဖြစ်မှာ ကျွန်တော်တို့ မမြင်ချင်ပါဘူး” ဟု Chalerm က ပြောကြားခဲ့သည်။
ုဆောင်ဆူဘန်အပါအ၀င် အတိုက်အခံအဖွဲ့တွင် အရေးပါသူများဖြစ်ကြသည့် ယခင်ပါလီမန် မတ်ဟောင်း ၁၈ ဦးကိုလည်း ဖမ်းဆီးရန် ထိုင်းအာဏာပိုင်များက ၀ရမ်းထုတ်ခဲ့သည်။
    လွန်ခဲ့သည့် ၃ လခန့်မှ စ၍အစိုးရဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပွားလာခဲ့သောကြောင့် ထိုင်းအစိုးရက ပါလီမန်အား ဖျက်သိမ်းပေးခဲ့ပြီး ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ရွေးကောက်ပွဲပြုလုပ်ပေးခဲ့သည်။ သို့သော်လည်း အတိုက်အခံများဘက်ကမူ ထိုရွေးကောက်ပွဲအား သပိတ်မှောက်ခဲ့ကာ ဆန္ဒပြမှုများ ဆက်လက်ပြုလုပ်နေခြင်းဖြစ်သည်။ ထိုင်းအစိုးရအနေဖြင့်လည်း ယခုလက်ရှိတွင် ကျန်ရှိနေသည့် အမတ်နေရာများအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် စီစဉ်နေသည်။
  • နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှုဖြင့် ယူနတီ သတင်းထောက် ၄ ဦးမှာ ထောင်ဒဏ် ၁၄ နှစ်ကျခံဖွယ်ရှိ
    ဖေဖော်ဝါရီ ၅ ၊ ၂၀၁၄
    M-Media
    Unity
    မြန်မာနိုင်ငံ ပေါက်မြို့နယ်ရှိ လျှို့ဝှက်ဓာတုလက်နက် စက်ရုံသတင်းဖော်ပြချက်နှင့်စပ်လျဉ်း၍ ယူနတီ အပတ်စဉ်သတင်းစာ၏ သတင်းထောက် လေးဦးနှင့်CEO တို့မှာ လွန်ခဲ့သော ၄ ရက်က ထိန်းသိမ်းခံခဲ့ရသည်။
    “ ဒီဂျာနယ်လစ်တွေကို ထိန်းသိမ်းချက် အပေါ် ကျွန်တော်တို့ အခိုင်အမာ ရှုတ်ချပါတယ်။ နှောင့်နှေးခြင်းမရှိဘဲ ပြန်လွှတ်ပေးဖို့ မြန်မာ အာဏာပိုင်များကို ကျွန်တော်တို့ တောင်းဆိုပါတယ် ” ဟု နယ်စည်းမခြား သတင်းထောက်များ သုတေသနမှူး Lucie Morillon မှ ပြောကြားလိုက်သည်။
    “ ဒီသတင်းလွတ်လပ်ခွင့်ဆိုင်ရာချိုးဖောက်ချက် နောက်ဆုံးဖြစ်အင်က မြန်မာနိုင်ငံမှာ တရားဥပဒေ လစ်ဟာမှုရှိနေတာကို ညွှန်ပြလိုက်တာပါပဲ။  ယေဘူယျအားဖြင့် လူထုတွေအဖို့ အကြောင်းတစ်ရပ်ရဲ့သတင်းကို သိရှိခွင့်ရှိပါတယ်။ ကိုယ့်အလုပ်ကိုယ်လုပ်နေကြတဲ့ ဂျာနယ်လစ်တွေကို အကာ အကွယ်ပေးကြရပါမယ်။ တကယ်လို့ အရေးယူကြ စတမ်းဆိုရင် သတင်းစာ/ဂျာနယ်ကိုသာ အရေးယူအပ်ပါတယ်။ ဂျာနယ်လစ်တွေဟာ မိမိဖော်ပြလိုက်တဲ့ဆောင်းပါးကြောင့် ထောင်သွင်းအကျဉ်းချခံစရာ ဘာအကြောင်းမှ မရှိပါဘူး ”။
    ပေါက်မြို့နယ်တိုင်းမှူး၊ တရုတ်ပညာရှင်များနှင့် ဗိုလ်ချုပ်ဟောင်းတို့၏ လျှို့ဝှက်ဓာတု လက်နက်စက်ရုံ အကြောင်းကို ခေါင်းကြီးသတင်း အဖြစ် ရေးသား တင်ပြလိုက်သောကြောင့် အထက်ပါဖြစ်စဉ်ပေါ်ပေါက်လာခဲ့သည်။
    ယူနတီ အပတ်စဉ်ဂျာနယ် သတင်းထောက် လူမော်နိုင်အား ပထမဆုံး ဖမ်းဆီးခဲ့ကြသည်။
    သူ့အား နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှုပုဒ်မဖြင့် ပေါက်မြို့တွင် ရဲတပ်ဖွဲ့ဝင်များက ထိန်းသိမ်းခဲ့၏။ ထိုပုဒ်မအရ ထောင်ဒဏ် ၁၄ နှစ်အထိစီရင် ခံရဖွယ်ရာရှိနေသည်။ သူသည် ငွေဒဏ်ဆောင်ခြင်းဖြင့် လွတ်မြောက်ဖွယ်ရာ မရှိကြောင်း၊ သူ့အား ပခုက္ကူ အနီးရှိ အထူးရဲတပ်ဖွဲ့သို့ လွှဲပြောင်းမည်ဖြစ်ကြောင်း အာဏာပိုင်များက သူ့မိသားစုသို့ ပြောပြခဲ့သည်။
    CEO ဖြစ်သော ဦးတင့်ဆန်း၊ ဂျာနယ်လစ်များဖြစ်သော ရာဇာဦး၊ ပိုင်သက်ကျော် နှင့် စည်သူစိုးတို့သည်လည်း နောက်တစ်နေ့တွင် ဖမ်းဆီး ထိန်းသိမ်းခံရသည်။
    အဖမ်းမခံရမီ အချိန်ပိုင်းတွင် ဦးတင့်ဆန်းမှ ဧရာဝတီသတင်းဌာနသို့ “ ထိုသတင်းအချက်အလက် အပေါ် အထောက်အထားပြနိုင်ကြောင်း၊ ဖြစ်လာသမျှ ရင်ဆိုင်ရန် အသင့်ရှိကြောင်း ” ပြောကြားခဲ့သည်။
    တစ်ချိန်တည်းမှာပင် နိုင်ငံတစ်ဝှမ်း ပျံနှံ့နေသည့် ယင်းအပတ်စဉ်ထုတ်စာစောင်အား အာဏာပိုင်များမှ လိုက်လံသိမ်းဆည်းခဲ့ကြ၏။
    ထိုသတင်း၌ ၎င်းဓာတုလက်နက်စက်ရုံကို ၂၀၀၉ ခုနှစ်တွင် တည်ဆောက်ခဲ့ကြောင်း၊ ယင်းနေရာအတွက် လယ်သမားများထံမှ မြေယာဧကပေါင်း သုံးထောင်အထက်ကို အဓမ္မသိမ်းယူခဲ့ကြောင်း၊ စစ်တပ်အကြီးအကဲဟောင်း ဦးသန်းရွှေမှ ၂၀၀၉ ခုနှစ်တွင် လာရောက်ခဲ့ဖူးကြောင်း၊ ၂၀၁၁ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်တွင် ဒုသမ္မတလည်း ရောက်ရှိဖူးကြောင်း ဖော်ပြထားသည်။
    “ နယ်စည်းမခြားသတင်းထောက်များအဖွဲ့အနေနဲ့ မြန်မာနိုင်ငံက ဂျာနယ်လစ်တွေရဲ့ မလုံခြုံတဲ့အနေအထားအပေါ် အလွန်စိုးရိမ်ပူပန်နေမိပါတယ် ” ဟု Morillon က ဆက်လက်ပြောကြားသည်။
    သတင်းလွတ်လပ်ခွင့်မရှိဆုံး နိုင်ငံပေါင်း ၁၇၉ နိုင်ငံအနက် မြန်မာနိုင်ငံသည် အမှတ် ၁၅၁ ဖြင့် အဆင့် ၁၈ နေရာသို့ ထိုးတက်သွားသည်ဟု နယ်စည်းမခြားသတင်းထောက်များအဖွဲ့မှ ထုတ်ပြန်ခဲ့သည်။
    Ref: Eurasia Review