News @ M-Media

Blog

  • တရုတ်ကိုအားမကိုးလျှင် အားကိုးစရာမရှိဟု ကမ္ဘောဒီယားအာဏာရှင်ပြော

    တရုတ်ကိုအားမကိုးလျှင် အားကိုးစရာမရှိဟု ကမ္ဘောဒီယားအာဏာရှင်ပြော

    မေ ၂၁၊ ၂၀၂၁
    M-Media

    -တရုတ်နိုင်ငံကို အားမကိုးရင် မိမိတို့မှာ အားကိုးစရာမရှိဘူးလို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ပြောကြားလိုက်ပါတယ်။

    တရုတ်ဟာ ဟွန်ဆန်အစိုးရကို အဓိကကျောထောက်နောက်ခံပေးနေတဲ့ နိုင်ငံဖြစ်ပါတယ်။ နိုင်ငံအတွင်း အခြေခံအဆောက်အဦး တည်ဆောက်ရေးအတွက် ဒေါ်လာ ဘီလီယံချီ ထုတ်ပေးထားတာပါ။

    ကမ္ဘောဒီးယားဟာ တရုတ်ကို မှီခိုလွန်းပြီး အကြွေးနွံထဲနစ်တော့မယ်ဆိုတဲ့ ဝေဖန်မှုတွေ ရှိလာပါတယ်။ မနေ့က အွန်လိုင်းကနေတစ်ဆင့်ပြုလုပ်တဲ့ Future of Asia အစည်းအဝေးမှာ ဝန်ကြီးချုပ် ဟွန်ဆန်က ဒီဝေဖန်မှုတွေကို ကာကွယ်ခဲ့ပါတယ်။

    “တရုတ်ကိုမမှီခိုရင် ကျွန်တော် ဘယ်သူ့ကို မီခိုရမလဲ။ တရုတ်ဆီမတောင်းရင် ဘယ်သူ့ဆီ ကျွန်တော်တောင်းရမလဲ”

    ကမ္ဘောဒီယားမှာလုပ်ပေးနေတဲ့ ဖွံဖြိုးရေးလုပ်ငန်းကိုမှီပြီး တရုတ်က ရေတပ်စခန်းဆောက်ဖို့ရှိနေတယ်ဆိုတဲ့ သတင်းတွေကိုလည်း ဟွန်ဆန်က ထပ်မံငြင်းဆိုခဲ့ပါတယ်။

    ဟွန်ဆန်ဟာ နိုင်ငံအတွင်းက အဓိကအတိုက်အခံပါတီ CNA ကို ဖျက်သိမ်းတဲ့အထိ နှိပ်ကွပ်ခဲ့ပြီး ခေါင်းဆောင်တွေကိုလည်း နို်ငငံတော်သစ္စာဖောက်မှုနဲ့ တရားစွဲဆိုထားပါတယ်။ ဟွန်ဆန်ရဲ့ အာဏာရှင်ဆန်မှုကြောင့် ဥရောပသမဂ္ဂနဲ့ အနောက်နိုင်ငံတွေက ပိတ်ဆို့မှုတစ်ချို့ ပြုလုပ်ထားပါတယ်။

    Ref: Nikkei Asia

  • စစ်ကောင်စီကြောင့် ဂျပန်၏ အကူအညီ ရပ်တန့်ဖွယ်ရှိ

    စစ်ကောင်စီကြောင့် ဂျပန်၏ အကူအညီ ရပ်တန့်ဖွယ်ရှိ

    မေ ၂၁၊ ၂၀၂၁
    M-Media

    FILE PHOTO: Myanmar’s military junta leader, General Min Aung Hlaing, speaks in a media broadcast in Naypyitaw, Myanmar February 8, 2021 in this still image taken from video. MRTV/Reuters TV via REUTERS

    -ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်မှုကြောင့် မြန်မာနိုင်ငံအပေါ် ပေးအပ်နေတဲ့ အကူအညီတွေအားလုံး ရပ်ဆိုင်းသွားဖွယ် ရှိတယ်လို့ ဂျပန်နိုင်ငံခြားရေးဝန် တိုရှီမစ်ဆု မိုတီဂီက ပြောကြားလိုက်ပါတယ်။

    မြန်မာနိုင်ငံကို အကူအညီအသစ်တွေ ထပ်မပေးတော့ဘူးလို့ ဂျပန်က ကြေငြာထားတာပါ။ လက်ရှိပေးနေတာတွေကိုလည်း ရပ်ဆိုင်းဖွယ် ရှိနေပါတယ်။

    “ကျွန်တော်တို့ လုံး၀ မလုပ်ချင်ပါဘူး။ ဒီလိုအခြေအနေမျိုးဆိုရင် ရှေ့ဆက်ဖို့ ခက်ခဲမယ်ဆိုတာကိုတော့ သိသိသာသာ ပြရပါလိမ့်မယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို မိတ်ဖက်အဖြစ် နည်းလမ်းအသွယ်သွယ်နဲ့ ထောက်ခံအားပေးတဲ့ နိုင်ငံတစ်ခုဖြစ်တဲ့ ကျွန်တော်တို့ဟာ နိုင်ငံတကာအသိုင်းအ၀ိုင်းကို ကိုယ်စားပြုကြောင်း ရှင်းရှင်းလင်းလင်း သတင်းစကားပါးဖို့ လိုအပ်ပါတယ်” လို့ နိုင်ငံခြားရေးဝန်ကြီး မိုတီဂီက ပြည်တွင်း သတင်းဌာနတွေကို ပြောကြားခဲ့ပါတယ်။

    စစ်ကောင်စီတပ်တွေရဲ့လက်ချက်ကြောင့် နိုင်ငံတစ်ဝှမ်း အနည်းဆုံး လူ ၈၀၀ လောက် သေဆုံးပြီး ထောင်ချီဒဏ်ရာရတာ၊ ဖမ်းဆီးခံထားရတွေ ရှိတယ်လို့ စောင့်ကြည့်​လေ့လာသူတွေက ပြောပါတယ်။

    ၂၀၁၉ ဘဏ္ဍာရေးနှစ်မှာ ဂျပန်ဟာ မြန်မာကို ကန်ဒေါ်လာ ၁.၇၄ ဘီလီယံဖိုးလောက် အကူအညီတွေ ပေးခဲ့တာပါ။ မြန်မာပြည်သူတွေအတွက် ကန်ဒေါ်လာ ၄ သန်း တန်ဖိုးရှိမယ့် အရေးပေါ်အကူအညီတွေကို WFP ကတစ်ဆင့် ပေးအပ်သွားမယ်လို့ မကြာသေးခင်ကပဲ ဂျပန်က ထုတ်ပြန်ထားပါတယ်။

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရေးနဲ့ ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေးလုပ်ဖို့ မိုတီဂီက တိုက်တွန်းခဲ့သလို၊ ဂျပန်ဟာ စစ်ကောင်စီနဲ့ ဆက်လက် ဆွေးနွေးညှိနှိုင်းမယ်လို့ ပြောကြားခဲ့ပါတယ်။

    “စစ်တပ်၊ ဥရောသမဂ္ဂနဲ့ အမေရိကန်အပါအဝင် မြန်မာနိုင်ငံမှာ ကျွန်တော်တို့ ဆက်သွယ်ရေးလမ်းကြောင်း တော်တော်များများရှိပါတယ်”

    Ref: The Star

  • ဟားမက်စ်အဖွဲ့နှင့် အပစ်ရပ်ပြီးနောက် အလ်အက္ကဆွာဗလီကို အစ္စရေးက ဝင်ရောက်စီးနင်း

    ဟားမက်စ်အဖွဲ့နှင့် အပစ်ရပ်ပြီးနောက် အလ်အက္ကဆွာဗလီကို အစ္စရေးက ဝင်ရောက်စီးနင်း

    မေ ၂၁၊ ၂၀၂၁
    M-Media

    -ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်က ဟားမက်စ်အဖွဲ့နဲ့ အပစ်ရပ်ပြီးပြီးချင်းမှာပဲ အစ္စရေးဟာ ဂျေရုစလင်က အလ်အက္ကဆွာဗလီကို ဝင်ရောက်စီးနင်းပြီး ပါလက်စတိုင်း ဝတ်ပြုသူတွေကို တိုက်ခိုက်ခဲ့ပါတယ်။

    အီဂျစ်ကကြားဝင်ညှိပေးတဲ့ အပစ်ရပ်ရေးသဘောတူညီချက်ကြောင့် ဂါဇာကို အစ္စရေးက ၁၁ ရက်ကြာ လေကြောင်းတိုက်ခိုက်မှုဟာ ဒီကနေ့နေ့လည်ပိုင်းမှာ ရပ်သွားပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ကလေးငယ် ၆၆ ဦးအပါအဝင် ပါလက်စတိုင်း ပြည်သူ ၂၄၃ ဦး သေဆုံးခဲ့ပါတယ်။ ဒဏ်ရာရသူက ထောင်ချီရှိပါတယ်။

    ​စာသင်ကျောင်း ၄၆ ခုနဲ့ မူကြိုကျောင်း ၂ ခု အပါအဝင် ပညာရေးအဆောက်အဦး အနည်းဆုံး ၆၁ ခု၊ ဆေးရုံဆေးခန်းတွေ၊ မီဒီယာနဲ့ လူနေအိမ်တွေအပါအဝင် ဂါဇာက အဆောက်အဦးတော်တော်များများ အစ္စရေးရဲ့ ပစ်မှတ်ထားဖျက်ဆီးမှုကို ခံခဲ့ရပါတယ်။ အိုးမဲ့အိမ်မဲ့ဖြစ်ရတဲ့ ပါလက်စတိုင်းအရေအတွက်က အနည်းဆုံး ၆ သောင်းလောက် ရှိပါတယ်။

    အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှာ ပြီးခဲ့တဲ့ ဧပြီလအတွင်း ပါလက်စတိုင်းနေအိမ်တွေကို ဂျူးအခြေချသူတွေက လုယူသိမ်းပိုက်ခဲ့ပြီးတဲ့နောက် ပါလက်စတိုင်းနဲ့ အစ္စရေးတို့အကြား တင်းမာမှုတွေ မြင့်တက်လာတာပါ။

    ဒီလုယူမှုကို မကျေနပ်တဲ့အတွက် ပါလက်စတိုင်းတွေက ဂျေရုစလင်မှာရှိတဲ့ အလ်အက္ကဆွာဗလီမှာ ထိုင်သပိတ်ပြုလုပ်ခဲ့ပြီး အစ္စရေးတပ်ဖွဲ့က အင်အားသုံးဖြိုခွဲမှုကြောင့် လူ ၇၀၀ လောက် ဒဏ်ရာရခဲ့ပြီးတဲ့နောက် ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ ဟားမက်စ်က ဂါဇာကနေ အစ္စရေးဘက်ကို ဒုံးကျည်တွေနဲ့ မေ ၉ ရက်နေ့မှာ တုန့်ပြန် ပစ်ခတ်ခဲ့ပါတယ်။

    အဲဒီနောက် အစ္စရေးက ဂါဇာကို ၁၁ ရက်ကြာ ဗုံးကြဲခဲ့တာပါ။ အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ အနောက်ဖက်ကမ်းမှာလည်း အစ္စရေးတပ်ဖွဲ့တွေနဲ့ ဂျူးအခြေချနေထိုင်သူတွေရဲ့ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းတွေ သေဆုံးတာ၊ ဒဏ်ရာရတာတွေ ရှိခဲ့ပါတယ်။

    ဟားမက်စ်အဖွဲ့ရဲ့ ဒုံးကျည်တွေကြောင့် အနည်းဆုံး အစ္စရေး ၁၂ ဦး သေဆုံးခဲ့ပြီး ရာနဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။

    အလ်အက္ကဆွာဗလီကို ဝင်စီး

    ဟားမက်စ်နဲ့ အပစ်ရပ်ရေးသဘောတူညီချက်ရပြီး နာရီပိုင်းအကြာမှာပဲ အစ္စရေးတပ်ဖွဲ့တွေက ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်း ဂျေရုစလင်မြို့မှာရှိတဲ့ အလ်အက္ကဆွာဗလီကို ဝင်ရောက်စီးနင်းခဲ့ပါတယ်။

    သောကြာနေ့ ဝတ်ပြုမှုအပြီး ဝတ်ပြုသူတွေ ရှိနေချိန်မှာ မျက်ရည်ယိုဗုံးတွေ၊ မီးခိုးဗုံးတွေ၊ ရာဘာကျည်ဆံတွေနဲ့ ပစ်ခတ်ခဲ့တာလို့ မျက်မြင်ကြုံရသူတွေကို မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • အင်္ဂါဂြိုဟ်၏ ပထမဆုံး မြေပြင်ဓာတ်ပုံကို တရုတ်က ထုတ်ပြ

    အင်္ဂါဂြိုဟ်၏ ပထမဆုံး မြေပြင်ဓာတ်ပုံကို တရုတ်က ထုတ်ပြ

    မေ ၂၀၊ ၂၀၂၁
    M-Media

    အင်္ဂါဂြိုဟ်မြေပြင်ဓာတ်ပုံ

    -အင်္ဂါဂြိုဟ်ဆင်းယာဉ်ငယ်ကနေ ပထမဆုံး ပေးပို့တဲ့ ဓာတ်ပုံကို တရုတ်နိုင်ငံက မနေ့မှာ ထုတ်ပြလိုက်ပါတယ်။

    တရုတ်ရဲ့ အင်္ဂါဂြိုဟ်သွား အာကာယာဉ် Tianwen-1 ကနေ ဂြိုဟ်ဆင်းယာဉ် Zhurong ဟာ စနေနေ့က အင်္ဂါဂြိုဟ်ပေါ်ကို အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ သမိုင်းဝင်အောင်မြင်မှုဖြစ်ပြီး အမေရိကန်ပြီးရင် အင်္ဂါဂြိုဟ်ပေါ် ယာဉ်စေလွှတ်နိုင်တဲ့ ဒုတိယမြောက်နိုင်ငံအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

    Zhurong က ပေးပို့တဲ့ ပထမဆုံးဓာတ်ပုံဟာ အင်္ဂါဂြိုဟ်မြေပြင်ကို ရိုက်ကူးထားတာပါ။ ယာဉ်ငယ်ဟာ အင်္ဂါဂြိုဟ် မြေပြင်နဲ့ လေထုကို ၃ လကြာ လေ့လာစူးစမ်းမှာဖြစ်သလို၊ ဓာတ်ပုံတွေနဲ့ ပထဝီဆိုင်ရာ အချက်အလက်တွေကိုလည်း စုဆောင်းမှာ ဖြစ်ပါတယ်။

    တရုတ်ဟာ အခုနှစ်မကုန်ခင်မှာ အကာသစခန်း ဆောက်လုပ်ပြီးစီးဖို့ ရည်ရွယ်ထားပြီး စခန်းရဲ့ ပထမဆုံးအစိတ်အပိုင်းကို ပြီးခဲ့တဲ့လမှာ အာကာသထဲ လွှတ်တင်နိုင်ခဲ့ပါတယ်။

    Ref: Aljazeera

  • ရုရှား၏ စစ်သုံးရဟတ်ယာဉ်ပြပွဲကို စစ်ကောင်စီအဖွဲ့ဝင် တက်ရောက်မည်

    ရုရှား၏ စစ်သုံးရဟတ်ယာဉ်ပြပွဲကို စစ်ကောင်စီအဖွဲ့ဝင် တက်ရောက်မည်

    မေ ၂၀၊ ၂၀၂၁
    M-Media

    -ရုရှားနိုင်ငံမှာ ပြုလုပ်မယ့် တိုက်ခိုက်ရေးရဟတ်ယာဉ်ပြပွဲကို တက်ရောက်ဖို့ စစ်ကောင်စီရဲ့ လေတပ်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမောင်မောင်ကျော် မော်စကိုကို ရောက်ရှိနေတယ်လို့ သိရပါတယ်။

    HeliRussia လို့အမည်ပေးထားတဲ့ အဲဒီပြပွဲမှာ ရုရှားနိုင်ငံကထုတ်လုပ်တဲ့ စစ်ဖက်သုံး ရဟတ်ယာဥ်တွေကို ပြသမှာဖြစ်ပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်သပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီအပေါ် အမေရိကန်ကပြုလုပ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုစာရင်းထဲမှ ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်လည်း ပါဝင်နေပါတယ်။

    ရုရှားဟာ အာဏာသိမ်းစစ်ကောင်စီကို လူသိရှင်ကြားထောက်ခံထားတဲ့ နိုင်ငံဖြစ်ပြီး နေပြည်တော်မှာ မတ်လ ၂၇ ရက်နေ့က ပြုလုပ်တဲ့ တပ်မတော်နေ့အခမ်းအနားကို ရုရှား ဒုတိယကာကွယ်ရေးဝန်ကြီး အလက်ဇန်းဒါးဖိုမင် တက်ရောက်ခဲ့ပါတယ်။

    မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးခိုင်မာအောင် ဆောင်ရွက်ချင်တယ်လို့လည်း ဖိုမင်က ပြောကြားခဲ့ပါတယ်။

    စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့ သားမက်ဖြစ်သူ စီးပွားရေးလုပ်ငန်းရှင် ဦးတေဇလည်း ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်နဲ့အတူ ပါသွားတယ်လို့ ပြည်တွင်းသတင်းတွေက ဖော်ပြပါတယ်။

    ဒီခရီးစဉ်အတွင်း စစ်လက်နက်ပစ္စည်း ဝယ်ယူရေးအပါအဝင် စီမံကိန်း အခု ၂၀ လောက်အတွက် ဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။

    HeliRussia ပြပွဲတာဝန်ခံက ဧည့်သည်စာရင်းထဲမှာ မြန်မာကိုယ်စားလှယ်အဖွဲ့ မပါဝင်ဘဲ အမှန်တကယ်တက်ရောက်မှာလားဆိုတာ အတည်မပြုနိုင်ဘူးလို့ ပြောကြားခဲ့ပါတယ်။

    Ref: The Star