News @ M-Media

Blog

  • လူနေအိမ်များကို အစ္စရေးက တိုက်ခိုက်မှုကြောင့် ဂါဇာတွင် အိုးမဲ့အိမ်မဲ့ဖြစ်သူ ၅ သောင်းကျော်ပြီ

    လူနေအိမ်များကို အစ္စရေးက တိုက်ခိုက်မှုကြောင့် ဂါဇာတွင် အိုးမဲ့အိမ်မဲ့ဖြစ်သူ ၅ သောင်းကျော်ပြီ

    မေ ၁၈၊ ၂၀၂၁
    M-Media

    -ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်မှာ အစ္စရေးရဲ့ လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် အဆောက်အဦး ၄၅၀ လောက် ပျက်ဆီးခဲ့ပြီး လူပေါင်း ၅၈၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

    အိုးမဲ့အိမ်မဲ့ဖြစ်သွားသူတွေထဲက ၄၇၀၀၀ လောက်ဟာ ကုလက ဆောက်ပေးထားတဲ့ စာသင်ကျောင်းတွေမှာ ခိုလှုံနေရတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအဖွဲ့ (OCHA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျန်လယ်ရာကီက ဆိုပါတယ်။

    ဖျက်ဆီးခံရတဲ့ အဆောက်အဦး ၄၅၀ ထဲမှာ ဆေးရုံ ၆ ရုံ၊ အခြေခံကျန်းမာရေးစောင့်ရှောက်မှုဌာန ၉ ခုလည်း ပါဝင်ပါတယ်။ ဆေးဘက်ဆိုင်ရာပစ္စည်းတွေကို ထုတ်လုပ်ပေးနေတဲ့ ဂါဇာရဲ့ တစ်ခုတည်းသော သရီးဒီပရင်တာ Tashkeel3D ကိုလည်း အစ္စရေးက ဖျက်ဆီးခဲ့ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ် တနင်္လာနေ့ကစတင်ပြီး ပြုလုပ်ခဲ့တဲ့ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် က​လေးငယ် ၆၁ ဦး အပါအဝင် အနည်းဆုံး ပါလက်စတိုင်းပြည်သူ ၂၁၃ ဦး သေဆုံးပြီ ဖြစ်ပါတယ်။ ဒဏ်ရာရသူ အရေအတွက်ကလည်း ၁၅၀၀ လောက် ရှိနေပါတယ်။

    ပါလက်စတိုင်းတော်လှန်ရေးအဖွဲ့ ဟားမက်စ်ရဲ့ ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေး ၂ ဦး အပါအဝင် အစ္စရေး ၁၂ ဦး သေဆုံးပြီး အနည်းဆုံး ၃၀၀ လောက် ဒဏ်ရာရခဲ့ပါတယ်။

    အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှာ ပြီးခဲ့တဲ့ ဧပြီလအတွင်း ပါလက်စတိုင်းနေအိမ်တွေကို ဂျူးအခြေချသူတွေက လုယူသိမ်းပိုက်ခဲ့ပြီးတဲ့နောက် ပါလက်စတိုင်းနဲ့ အစ္စရေးတို့အကြား တင်းမာမှုတွေ မြင့်တက်လာတာပါ။

    ဒီလုယူမှုကို မကျေနပ်တဲ့အတွက် ပါလက်စတိုင်းတွေက ဂျေရုစလင်မှာရှိတဲ့ အလ်အက္ကဆွာဗလီမှာ ထိုင်သပိတ်ပြုလုပ်ခဲ့ပြီး အစ္စရေးတပ်ဖွဲ့က အင်အားသုံးဖြိုခွဲမှုကြောင့် လူ ၇၀၀ လောက် ဒဏ်ရာရခဲ့ပြီးတဲ့နောက် ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ ဟားမက်စ်က ဂါဇာကနေ အစ္စရေးဘက်ကို ဒုံးကျည်တွေနဲ့ ပြီးခဲ့တဲ့တစ်ပတ် တနင်္လာနေ့မှာ တုန့်ပြန် ပစ်ခတ်ခဲ့ပါတယ်။

    အစ္စရေးက ပိတ်ဆို့ထားတဲ့ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှာလည်း ဂျူးအခြေချနေထိုင်သူတွေက နေအိမ်တွေလုယူမှုကို မကျေနပ်တဲ့အတွက် ပါလက်စတိုင်းတွေ ဆန္ဒပြနေပြီး အစ္စရေးလုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်ကြောင့် သေဆုံးဒဏ်ရာရသူ တော်တော်များများ ရှိနေပါတယ်။

    Ref: Aljazeera

  • အင်ဒိုနီးရှားတွင် အုပ်စုဖွဲ့ ဆဲလ်ဖီရိုက်ရန် ကြိုးစားရာမှ လှေမှောက်သေဆုံးမှု ဖြစ်ပွား

    အင်ဒိုနီးရှားတွင် အုပ်စုဖွဲ့ ဆဲလ်ဖီရိုက်ရန် ကြိုးစားရာမှ လှေမှောက်သေဆုံးမှု ဖြစ်ပွား

    မေ ၁၆၊ ၂၀၂၁
    M-Media

    -အင်ဒိုနီရှားက ဘေးမဲ့တောတစ်ခုမှာ အုပ်စုလိုက် ဆဲလ်ဖီရိုက်ဖို့ ကြိုးစားရာကနေ လှေမှောက်သွားတဲ့အတွက် အနည်းဆုံး လူ ၇ ဦး သေဆုံးခဲ့ပါတယ်။

    ဂျာဗားကျွန်းက ဘေးမဲ့တောမှာ မနေ့က ခရီးသွား ၂၀ လောက် လှေတစ်စီးနဲ့ လှည့်လည်ကြည့်ရှုစဥ် လှေအစွန်းမှာ လူအားလုံး အဖွဲ့လိုက် ဆဲလ်ဖီရိုက်ဖို့ လုပ်ရာကနေ ဟန်ချက်ပျက် လှေမှောက်သွားတာ ဖြစ်ပါတယ်။

    ရဲတပ်ဖွဲ့ကတော့ လှေဟာ သတ်မှတ်လူထက် ပိုတင်ခဲ့ပြီး လှေမောင်းသူကလည်း အသက် ၁၃ နှစ်လောက်သာ ရှိသေးတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒီအဖြစ်အပျက်အတွင်း ၁၁ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ၇ ဦးသေဆုံးကာ ၂ ဦး ပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။

    လှေခရီးစဥ်ကို စီစဥ်ခဲ့သူတွေ တာ၀န်မဲ့ခဲ့လားဆိုတာ စုံစမ်းစစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

    Ref: AFP

  • မူလတန်းအဆင့်မှစ၍ ကွန်ပျူတာပရိုဂရမ်းမင်းသင်ကြားရေးစီမံကိန်း ဘရူနိုင်းတွင် စတင်

    မူလတန်းအဆင့်မှစ၍ ကွန်ပျူတာပရိုဂရမ်းမင်းသင်ကြားရေးစီမံကိန်း ဘရူနိုင်းတွင် စတင်

    မေ ၁၆၊ ၂၀၂၁
    M-Media

    ဓာတ်ပုံ – ဆုရသွားသည့် ကလေးငယ် ၅ ဦး

    -ကလေးငယ်တွေကို မူလတန်းအဆင့်ကနေ ကွန်ပျူတာပရိုဂရမ်းမင်း သင်ကြားပေးမယ့်အစီအစဥ်ကို ဘရူနိုင်းနိုင်ငံမှာ စတင်လိုက်ပါတယ်။

    ဘန်ဒါဆရီ ဘက်ဂ၀မ်မြို့က Seri Mulia Sarjana ကျောင်းမှာ ၂ တန်းနဲ့ ၃ တန်းကလေးတွေကို ဇန်န၀ါရီ ၁၈ ရက်နေ့ကနေ မတ်လ ၆ ရက်နေ့အထိ Bee-Bot နဲ့ Microbit ဆိုတဲ့ စက်ရုပ်လေးတွေနဲ့ ပရိုဂရမ်းမင်း အခြေခံတွေကို အစမ်းလေ့ကျင့်ပေးခဲ့တာပါ။

    အခုအချိန်မှာတော့ ပရိုဂရမ်းမင်းသင်ကြားရေး ရှေ့ပြေးစီမံကိန်းကို စတင်တော့မှာဖြစ်ပြီး လိုအပ်တဲ့ သင်ထောက်ကူပစ္စည်းတွေလည်း ကျောင်းမှာ ရောက်ရှိနေပါပြီ။ ဒီစီမံကိန်းကို ဘရူနိုင်းအစိုးရရဲ့ ဆက်သွယ်ရေး၀န်ကြီးဌာန (AITI) က ဆောင်ရွက်တာ ဖြစ်ပါတယ်။

    Seri Mulia Sarjana က လေ့ကျင့်သင်ကြားပေးမှုမှာ ကုဒ်ရေးနိုင်မှု၊ တွေးခေါ်ဖန်တီးမှု၊အုပ်စုဖွဲ့လုပ်ဆောင်နိုင်မှု၊ စဥ်းစားတွေးခေါ်နိုင်မှု စတဲ့ ကျွမ်းကျင်မှုတွေကို စစ်ဆေးပြီး ထူးချွန်တဲ့ ကလေးငယ် ၅ ဦးကို ဆုချီးမြှင့်ခဲ့ပါတယ်။

    Ref: The Star

  • စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးသူအရေအတွက် ၈၀၀ ကျော်ပြီ

    စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးသူအရေအတွက် ၈၀၀ ကျော်ပြီ

    မေ ၁၈၊ ၂၀၂၁
    M-Media

    -ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ရဲ့ အကြမ်းဖက်မှုကြောင့် သေဆုံးသူအရေအတွက်ဟာ ၈၀၀ ကျော်ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) က ပြောပါတယ်။

    မေလ ၁၇ ရက်နေ့အထိ သေဆုံးသူဟာ ၈၀၂ ဦး ရှိနေပြီး နိုင်ငံတစ်ဝှမ်းမှာလည်း အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြသူတွေကို စစ်ကောင်စီတပ်တွေက အကြမ်းဖက်ဖြိုခွင်းမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

    “ဒီအရေအတွက်က AAPP က အတည်ပြုနိုင်တဲ့ အရေအတွက်ပါ။ အမှန်တကယ်သေဆုံးတဲ့အရေအတွက်ဟာ ဒီထက်ပိုပြီး များနိုင်ပါတယ်” လို့ AAPP က ပြောပါတယ်။

    စစ်တပ်ကတော့ AAPP ရဲ့ ထုတ်ပြန်မှုဟာ မမှန်ကန်ဘူးလို့ ပြောထားပါတယ်။ မနေ့က မင်းတပ်မြို့မှာ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ စစ်ကောင်စီတပ်တွေ ဖြိုခွင်းမှုကြောင့် အနည်းဆုံး ၆ ဦး သေဆုံးခဲ့ပါတယ်။

    နိုင်ငံတစ်ဝှမ်း စစ်ကောင်စီက ဖမ်းဆီးထားသူအရေအတွက်ဟာ ၄၁၂၀ ဦး ရှိနေပြီး၊ အဲဒီအထဲမှာ သေဒဏ်ချမှတ်ခံရသူ ၂၀ လည်း ပါဝင်ပါတယ်။

    Ref: Reuters

  • က​နေဒါ၊ အမေရိကန်နှင့် ဗြိတိန်တို့က စစ်ကောင်စီကို ပိတ်ဆို့မှုထပ်လုပ်

    က​နေဒါ၊ အမေရိကန်နှင့် ဗြိတိန်တို့က စစ်ကောင်စီကို ပိတ်ဆို့မှုထပ်လုပ်

    မေ ၁၈၊ ၂၀၂၁
    M-Media

    -ရွေးကောက်ခံအစိုးရကို ဖြုတ်ချအာဏာသိမ်းပြီးနောက် ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ အာဏာသိမ်းစစ်ကောင်စီကို ကနေဒါ၊ အမေရိကန်နဲ့ ဗြိတိန်တို့က ထပ်မံပြီး ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်လိုက်ပါတယ်။

    မြန်မာစစ်တပ်နဲ့ အဆက်အသွယ်ရှိတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေကို ပစ်မှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေ ထပ်လုပ်ခဲ့တယ်လို့ ကနေဒါနိုင်ငံခြားရေးဝန်ကြီး မာ့ခ် ဂါနူက ပြောကြားခဲ့သလို၊ နိုင်ငံပိုင်ဖြစ်ပြီး လက်ရှိ စစ်ကောင်စီလက်အောက်ရောက်နေတဲ့ မြန်မာ့ကျောက်မြတ်ရတနာလုပ်ငန်းကို ပိတ်ဆို့အရေးယူမှုတွေ လုပ်လိုက်တယ်လို့ ဗြိတိန်က ထုတ်ပြန်ပါတယ်။

    မြန်မာ့ကျောက်မြတ်ရတနာလုပ်ငန်းကို အမေရိကန်ကလည်း အရေးယူမှု လုပ်ထားပါတယ်။

    အမေရိကန်ကတော့ စစ်ကောင်စီတစ်ဖွဲ့လုံးနဲ့ အခြား လူပုဂ္ဂိုလ် ၁၃ ဦးကို ပိတ်ဆို့အရေးယူမှုတွေ လုပ်ခဲ့ပါတယ်။ အဲဒီအထဲမှာ ဗဟိုဘဏ်အကြီးအကဲနဲ့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌတို့လည်း ပါဝင်ပါတယ်။

    ဒီလူတွေ အမေရိကန်မှာ ပိုင်ဆိုင်မှုရှိမယ်ဆိုရင် ခေတ္တထိန်းသိမ်းထားမှာဖြစ်ပြီး သူတို့ပိုင်ဆိုင်တဲ့လုပ်ငန်းတွေနဲ့ အမေရိကန်တွေ ဆက်သွယ်လုပ်ကိုင်မှုကို တားမြစ်မှာဖြစ်ပါတယ်။

    စစ်ကောင်စီဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေးကို လုပ်ဆောင်ခြင်းမရှိဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြောကြားခဲ့ပြီး စစ်ကောင်စီကို လက်နက်ရောင်းချမှု ပိတ်ပင်ဖို့နဲ့ စစ်တပ်ပိုင်လုပ်ငန်းတွေနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ရပ်ဆိုင်းဖို့ ကမ္ဘာ့နိုင်ငံတွေကို တိုက်တွန်းထားပါတယ်။

    Ref: Global News