News @ M-Media

Blog

  • အေစီမီလန်အသင်းမှာ ပိုမိုတိုးတက်လာသည်ဟု ဘာလော့တယ်လီဆို

    အေစီမီလန်အသင်းမှာ ပိုမိုတိုးတက်လာသည်ဟု ဘာလော့တယ်လီဆို

    ဇန်န၀ါရီ ၃၁၊ ၂၀၁၄
    M-Media

    – ရာသီတစ်ဝက်ကျိုးချိန်အထိ ရုန်းကန်နေခဲ့ရပြီး အသင်းသို့ နည်းပြသစ် ဆီးဒေါ့ဖ် ရောက်ရှိလာပြီးနောက် အသင်းအနေဖြင့် ပိုမိုကောင်းမွန်လာသည်ဟု အေစီမီလန်အသင်း၏ တိုက်စစ်မှူး ဘာလော့တယ်လီက ပြောကြားလိုက်သည်။

    အေစီမီလန်အသင်းမှာ ယခုနှစ်တွင် ခြေစွမ်းအလွန်ဆိုးရွားခဲ့ပြီး ရာသီအစတွင် ဇယား၏ အလယ်သို့ရောက်ရှိနေခဲ့သောကြောင့် နည်းပြ အယ်လီဂရီကို ထုတ်ပယ်ခဲ့ကာ ဆီးဒေါ့ဖ်ဖြင့် အစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်သည်။

    အေစီမီလန်သို့ရောက်ရှိလာခဲ့သည်မှာ ၁ နှစ်နီးပါးရှိနေပြီး၊ လွန်ခဲ့သည့် သီတင်းပတ်များအတွင်း ချယ်ဆီးနှင့် ပီအက်စ်ဂျီတို့က ခေါ်ယူရန် ဆက်သွယ် ခြင်းခံခဲ့ရသည့် ဘာလော့တယ်လီက အေစီမီလန်အသင်းနေဖြင့် နည်းပြသစ်လက်အောက်တွင် တဖြည်းဖြည်းတိုးတက်လာခဲ့ပြီး၊ ဥရောပ၀င်ခွင့်အတွက် စိန်ခေါ်နိုင်သည့် အသင်းဖြစ်လာခဲ့ပြီဟုဆိုသည်။

    “ဒီလိုအသင်းကြီးမျိုးမှာ ကစားရတာကို ကျွန်တော်ပျော်ပါတယ်။ အထူးသဖြင့် ရုန်းကန်နေရတဲ့ အခိုက်အတန့်မှာပေါ့။ ဘာကြောင့်လဲဆိုတော့ လူတိုင်း က လွယ်ကူတဲ့အချိန်တွေကို ဖြတ်ကျော်နိုင်ကြတယ်လေ။ ရုန်းကန်နေရတဲ့အချိန်မှာတော့ ကိုယ့်ရဲ့အကောင်းဆုံး ပုံစံကို ရဖို့မလွယ်ပါဘူး” ဟု အသင်း၏ ၀ဘ်ဆိုဒ်သို့ ပြောကြားခဲ့သည်။

    ထို့ပြင် အသင်းအား ဥရောပ၀င်ခွင့်ရနိုင်သည့် အဆင့် ၅ နေရာဖြင့် ရာသီ သိမ်းနိုင်အောင် မိမိ၏ သွင်းဂိုးများဖြင့် ကူညီသွားမည်ဖြစ်ပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ပါဝင်ကစားခွင့်ရရန်ကိုလည်း မျှော်လင့်နေကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref : Goal

  • ကမ္ဘောဒီးယားတွင် မော်တာကျည်ဟောင်း ပေါက်ကွဲမှုဖြစ်၊ ကလေးငယ် ၃ ဦးသေဆုံး

    ကမ္ဘောဒီးယားတွင် မော်တာကျည်ဟောင်း ပေါက်ကွဲမှုဖြစ်၊ ကလေးငယ် ၃ ဦးသေဆုံး

    ဇန်န၀ါရီ ၃၁၊ ၂၀၁၄
    M-Media

    ကမ္ဘောဒီယားနိုင်ငံတွင် မော်တာကျည်အဟောင်း ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး ကလေးငယ်သုံးဦးသေဆုံးခဲ့သည်ဟု သိရသည်။

    ကျေးလက်ဒေသဖြစ်သည့် Porcommune တွင် ဇန်န၀ါရီ ၃၀ ရက် ကြာသာပတေးနေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၈ နှစ်မှ ၁၃ နှစ်အရွယ်ရှိ ကလေးငယ်သုံးဦးမှာ ကျွဲနွားများကျောင်းနေစဉ် ၆၀ မီလီမီတာ မော်တာကျည်အဟောင်းကို တွေ့ရှိခဲ့ပြီး ခဲဖြင့်ပစ်ပေါက်ရာမှ ပေါက်ကွဲခဲ့ခြင်း ဖြစ်သည် ဟု ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

    ထိုကဲ့သို့ ပေါက်ကွဲမှုကြောင့် အဆိုပါကလေးငယ်သုံးဦးစလုံး အသက်ဆုံးရှုံးခဲ့ရသည်။ ထိုမော်တာကျည်မှာ စစ်အတွင်းကျန်ရှိခဲ့သော ကျည်အဟောင်း ဖြစ်ပြီး၊ စစ်အတွင်းက ကျန်ရှိနေသည့် မြေမြှုပ်မိုင်းများနှင့် ဗုံးဆံအဟောင်းများ ပေါက်ကွဲမှုကြောင့် ကမ္ဘောဒီးယားနိုင်ငံတွင် လူအများအပြား သေဆုံး လေ့ရှိပြီး ၂၀၁၃ ခုနှစ်အတွင်း သေဆုံးသူ ၂၂ ဦးနှင့် ဒဏ်ရာရသူ ၈၉ ဦးရှိခဲ့သည်။

    ၁၉၉၈ ခုနှစ်မှ အဆုံးသတ်ခဲ့သည့် စစ်ပွဲလက်ကျန် မြေမြှုပ်မိုင်းနှင့် အခြားသော လက်နက်ခဲယမ်း အဟောင်းများမှာ နိုင်ငံအတွင်း ၄ သန်းမှ ၆ သန်း အထိ ရှိသည်ဟု သိရသည်။ ထိုမိုင်းများအား ရှင်းလင်းရေးအတွက် တစ်နှစ်လျှင် ကန်ဒေါ်လာ သန်း ၅၀ ခန့် အသုံးပြုနေပြီး မြေမြှုပ်မိုင်းနှင့် လက်နက် ခဲယမ်းအဟောင်း ၃ သန်းအား ဖယ်ရှားပြီးဖြစ်ကြောင်း၊ လာမည့် ၂၀၂၀ ခုနှစ်တွင် နိုင်ငံအတွင်းရှိ မြေမြှုပ်မိုင်း အားလုံးကို ဖယ်ရှားနိုင်ရန် လုပ်ဆောင် နေကြောင်း ကမ္ဘောဒီယား မိုင်းရှင်းလင်းရေးစင်တာ၏ ဒါရိုက်တာ Heng Ratana က ပြောကြားခဲ့သည်။

    Ref : Xinhua

  • ဆီးရီးယား ဓာတုလက်နက်ဖျက်သိမ်းရေး လုပ်ဆောင်မှုများ ကြန့်ကြာနေဟု အမေရိကန်ဆို

    ဆီးရီးယား ဓာတုလက်နက်ဖျက်သိမ်းရေး လုပ်ဆောင်မှုများ ကြန့်ကြာနေဟု အမေရိကန်ဆို

    ဇန်န၀ါရီ ၃၁၊ ၂၀၁၄
    M-Media

    – ဆီးရီးယားအနေဖြင့် ၎င်းတို့တွင်ရှိနေသည်ဟု ကြေညာထားသည့် ဓာတုလက်နက်များ၏ ၄ ရာခိုင်နှုန်းကိုသာ ရှင်းလင်းနိုင်သေးပြီး၊ ကျန်ရှိနေသည့် ဓာတုလက်နက်များအား ဖျက်ဆီးရန်အတွက် ကုလနှင့် အမြန်ဆုံး ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် အမေရိကန်မှ တိုက်တွန်းပြောဆိုလိုက်သည်။

    ဆီးရီးယား၏ ဓာတုလက်နက်ဖျက်သိမ်းရေးကြိုးပမ်းမှုမှာ တိုးတက်မှုမရှိဘဲ ကြန့်ကြာနေသည်ဟု နိုင်ငံတကာ ဓာတုလက်နက်တားဆီးရေးအဖွဲ့ OPCW ၏ ယမန်နေ့ကထုတ်ပြန်ချက်တွင် OPCW မှ အမေရိကန်ကိုယ်စားလှယ် ရောဘတ် မီကူလက်က ပြောကြားခဲ့သည်။

    “ဆီးရီးယားအနေနဲ့ ဓာတုလက်နက်ကွန်ဗန်းရှင်း အမှုဆောင်ကောင်စီရဲ့ ဆုံးဖြတ်ချက်နဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီသဘောတူညီချက် အမှတ် ၂၁၁၈ စတဲ့ သဘောတူညီချက်တွေကို လိုက်နာဖို့အတွက် လိုအပ်တာတွေကို ချင်းခြင်းလုပ်ဆောင်ရပါလိမ့်မယ်” ဟု မီကူလက်က ဆိုသည်။

    ဆီးရီးယားရှိ “ဦစားပေး အဆင့် ၁” သတ်မှတ်ထားသည့် ဓာတုလက်နက်များအားလုံးအား ဖယ်ရှားပစ်ရန် နောက်ဆုံးရက်ကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ သတ်မှတ်ခဲ့သော်လည်း အချိန်မီ ဖယ်ရှားနိုင်ခြင်းမရှိပေ။ ထို့ပြင် “ဦစားပေး အဆင့် ၂” ဓာတုလက်နက်များ ဖယ်ရှားရေး နောက်ဆုံးရက်ကို ဖေဖော်ဝါရီ ၅ ရက်နေ့တွင် သတ်မှတ်ထားပြီး ထိုသတ်မှတ်ရက်ပြည့်မီအောင်လည်း ဆောင်ရွက်နိုင်မည့် အလားအလာလည်း မရှိချေ။

    ဆီးရီးယားအစိုးရကမူ ဓာတုလက်နက်ဖျက်သိမ်းရေး ကြန့်ကြာနေခြင်းမှာ လုံခြုံရေးစိုးရိမ်ရသည့်အတွက်ကြောင့်ဖြစ်ပြီး၊ ထိုလက်နက်များအား အန္တရာယ်ကင်းရှင်းစွာ သယ်ယူပို့ဆောင်ရေးအတွက် ပစ္စည်း ကိရိယာများ လိုအပ်ခြင်းကြောင့်လည်း ဖြစ်သည်ဟု တုံ့ပြန်ပြောဆိုခဲ့သည်။

    Ref : Aljazeera

  • ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ပိုင်နက်အတွက် ရုရှားနှင့် ဂျပန်တို့ ဆွေးနွေး

    ဇန်နဝါရီ ၃၁ ၊ ၂၀၁၄
    M-Media

    kurilraw

    တိုကျို။ ။ နှစ်နိုင်ငံ အငြင်းပွားနေသည့် ပိုက်နက်ကိစ္စနှင့် စီးပွားရေးဆိုင်ရာအပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေးအတွက် ရုရှားနှင့် ဂျပန်နိုင်ငံမှ တာဝန်ရှိသူများမှာ ရုရှားနိုင်ငံ ဆိုချီမြို့၌ ဇန်န၀ါရီ ၃၁ ရက် (ယနေ့တွင်) ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး၊ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ တွေ့ဆုံရန်ကိုလည်း စီစဉ်ခဲ့သည်ဟု သိရသည်။

    ဂျပန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ရှင်ဆူကီ ဆူဂီယာမာနှင့် ရုရှား လက်ထောက်နိုင်ငံခြားရေးဝန်ကြီး အီဂေါ် မော်ဂူလို့ဗ်တို့ ပါဝင်ခဲ့သည့် ထိုဆွေးနွေးပွဲတွင် ဂျပန်နိုင်ငံမြောက်ပိုင်း ဟိုကိုင်းဒိုးပြည်နယ် အတွင်းရှိ ကျွန်းစုတစ်ခု ပိုင်ဆိုင်နှင့်ပက်သက်ပြီး ဆွေးနွေးခဲ့ကြသည်။ ထိုကျွန်းစုအတွက် ဂျပန်နှင့် ရုရှားတို့မှာ ဒုတိယကမ္ဘာစစ်ပြီးကတည်းက အငြင်းပွားနေခဲ့ခြင်းဖြစ်သည်။

    “နိုင်ငံမြောက်ဘက်က ပိုင်နက်ကိစ္စနဲ့ ငြိမ်းချမ်းစွာအဆုံးသတ်နိုင်ဖို့အတွက် ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးချင်ပါတယ်” ဟု ဆွေးနွေးပွဲတွင် ဆူဂီယာမာက ပြောကြားခဲ့ကြောင်း ဂျပန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

    ရုရှားလက်ထောက်နိုင်ငံခြားရေးဝန်ကြီး မော်ဂူလို့ဗ်ကလည်း နှစ်ပေါင်းများစွာကြာနေပြီဖြစ်သည့် အဆိုပါ ပိုင်ဆိုင်မှုကိစ္စအား ဆွေးနွေးရန် ဆန္ဒရှိနေသည်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် နှစ်နိုင်ငံ အပြင်အလှန်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ယဉ်ကျေးမှုဖလှယ်ရေးကိစ္စရပ်တို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။ ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအားအေးနှင့် ရုရှားသမ္မတ ပူတင်ကတို့တွေ့ဆုံရန်ကိုလည်း စီစဉ်ခဲ့ပြီး၊ ပူတင်နှင့်မတွေ့ဆုံမည် အာဘေးမှာ ဆိုချီ၌ ကျင်းပမည့် ဆောင်းရာသီအိုလံပစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မည်ဖြစ်သည်။ ရုရှားသမ္မတ ပူတင်မှယ ယခုနှစ်အတွင် ဂျပန်နိုင်ငံသို့ လာရောက်လည်ပတ်ရန်ရှိနေသည်။

    Ref: ဆင်ဟွာ

  • ပရဟိတအသင်းအဖွဲ့များ၏ ညီညွတ်ရေး ဈေးရောင်းပွဲတော်

    ပရဟိတအသင်းအဖွဲ့များ၏ ညီညွတ်ရေး ဈေးရောင်းပွဲတော်

    ဇန်န၀ါရီ ၃၁၊ ၂၀၁၄
    M-Media
    ချမ်းငြိမ်းအေး

    ရန်ကုန် ။      ။      မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ကျင်းပပြုလုပ်သော ပရဟိတအသင်းအဖွဲ့များ၏ ညီညွတ်ရေး ဈေးရောင်းပွဲတ်ာကြီး ကို ယနေ့ ဇန်န၀ါရီလ ၃၁-ရက်နေ့တွင် ရန်ကုန်မြို့ရှိ ပြည်သူ့ဥယျာဉ်ရှိ ရေပေါ်ဘောလုံးကွင်းအနီးတွင် နံနက် ၉း၀၀-နာရီမှ ည ၁၀း၀၀-နာရီ ထိ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

    ဈေးရောင်းပွဲတော်တွင် ဓမ္မစကူးလ်ဖောင်ဒေးရှင်း၊ ပရဟိတ ကျောင်းသားလူငယ်များအသင်း၊ မိဘမဲ့ကလေး ထောက်ပံ့ရေးအသင်း၊ တွဲလက် ပရဟိတ မိသားစု၊ မုဒိတာပျိုးခင်း၊ လှိုင်သာယာ လူငယ်များ ကွန်ယက်၊ စေတနာရှင် ပရဟိတ လူငယ်လေးများအဖွဲ့ နှင့် အခြားသော ပရဟိတ အသင်းအဖွဲ့များမှ
    ဈေးရောင်းပွဲတော် ပြုလုပ် ကျင်းပသွားမည် ဖြစ်ကြောင်း သိရပါသည်။

    ပရဟိတ အသင်းအဖွဲ့တွေအနေနဲ့ တစ်နေရာထဲမှာ အစုအဖွဲ့တွေ စုပေါင်းပြီး ဆုံတွေ့ကြပြီး အတွေ့အကြုံများလည်း ဖလှယ်ရင်း တစ်ယောက် တစ်နေရာ စီက အင်အားတွေကနေ စုပေါင်းပြီး အစီအစဉ်တွေအားလုံးကို ဆက်လက် လုပ်ဆောင်သွားနိုင်ရန် ရည်ရွယ်ပြီး ပြုလုပ်ကျင်းပရခြင်း ဖြစ်ပါသည်။ အနေအထားအမျိုးမျိုးဖြင့် ထိခိုက်ခံစားလျက်ရှိနေသော ပြည်သူများအတွက် ဖေးမကူညီစောင့်ရှောက်ခြင်းနဲ့ အထွေထွေပံ့ပိုးရေး လုပ်ငန်းစဉ်များ ကိုလည်း ပြုလုပ်သွားမည် ဖြစ်ကြောင်းသိရှိရပါသည်။

    ဈေးရာင်းပွဲတော်တွင် မိဘမဲ့ကလေးများ၏ သရုပ်ဖော်စွမ်းရည်များ၊ မြန်မာ့ရိုးရာ ခြင်းအလှခတ်ပြခြင်း၊ နာမည်ကျော်တေးသံရှင်များ၏ ဖျော်ဖြေ တင်ဆက်မှု များကိုလည်း ညအထိ တင်ဆက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။