News @ M-Media

Blog

  • မိတ္ထီလာ အကြမ်းဖက်ခံရသူများ ကယ်ဆယ်ရေး စခန်းတွင် ၁၀-ရက်တွင်း ၃-ကြိမ် မီးလောင်မှုဖြစ်၊ အချိန်မီ ငြိမ်းသတ်နိုင်ခဲ့

    မိတ္ထီလာ အကြမ်းဖက်ခံရသူများ ကယ်ဆယ်ရေး စခန်းတွင် ၁၀-ရက်တွင်း ၃-ကြိမ် မီးလောင်မှုဖြစ်၊ အချိန်မီ ငြိမ်းသတ်နိုင်ခဲ့

    ဇန်န၀ါရီ ၂၇၊ ၂၀၁၄
    M-Media
    ဇာနည်

    အကြမ်းဖက်ခံရသူများ နေထိုင်ရာ ကယ်ဆယ်ရေးစခန်း တခုဖြစ်ပါတယ်။

    မိတ္ထီလာ ။      ။      မိတ္ထီလာမြို့တွင် ပြီးခဲ့သည့် ၂၀၁၃-ခုနှစ် မတ်လအတွင်းက ရွှေအရောင်းအ၀ယ်မှ အစပြုကာ ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု အတွင်း အကြမ်းဖက်ခံရသည့် အစ္စလာမ်ဘာသာဝင်များ ယာယီနေထိုင်သော ကယ်ဆယ်ရေးစခန်းတစ်ခုတွင် ဇန်န၀ါရီ ၂၄-ရက် သောကြာနေ့က မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့သည်ဟု သိရသည်။

    ကယ်ဆယ်ရေး စခန်းများအနက် ရေအရင်းအမြစ် ကယ်ဆယ်ရေးစခန်းရှိ အဆောင်တစ်ခု၏ ခေါင်မိုး(မိုးကာဖျင်) လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။ နံနက် ၃ နာရီခန့်တွင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ကာ စခန်းအတွင်းရှိနေသူများက အချိန်မီသိရှိပြီး မီးငြှိမ်းသက်နိုင်ခဲ့သည်ဟု ထိုစခန်းတွင် နေထိုင်သူတစ်ဦးက ပြောကြားခဲ့သည်။

    လွန်ခဲ့သည့် ၅-ရက်ခန့်ကလည်း မီးလောင်ကျွမ်းမှုတစ်ခုဖြစ်ပွားခဲ့ပြီး ထိုကဲ့သို့ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းမှာ ၁၀-ရက်အတွင်း ၃-ကြိမ်ရှိပြီ ဖြစ်ကာ ပထမအကြိမ်နှင့် တတိယအကြိမ် မီးလောင်သည့် ပုံစံနှင့် အချိန်မှာ အတူတူဖြစ်သည်ဟု သိရသည်။

    မီးလောင်သည့် အချိန်နှင့် လောင်ကျွမ်းပုံများမှာ မတော်တဆလောင်ကျွမ်းသည့် ပုံစံမျိုးမဟုတ်ဘဲ တမင်ရှို့သည့်မီးဟု ယူဆနိုင်ကြောင်း၊ စခန်းရှိ တာဝန်ရှိသူများက စုံစမ်းမှုများကို ပြုလုပ်နေကာ၊ စခန်းအတွင်း နေထိုင်သူများမှာလည်း ညစဉ် အလှည့်ကျ ကင်းစောင့်၍ သတိဝီရိယနှင့် နေထိုင် နေရကြောင်း ထိုစခန်းရှိ အစ္စလာမ်ဘာသာဝင်တစ်ဦးက ပြောကြားခဲ့သည်။

    မိတ္ထီလာမြို့တွင် ပြီးခဲ့သည့် မတ်လက ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် မိသားစုထောင်ပေါင်းများစွာမှာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ အကြမ်းဖက်မှု များ ငြိမ်သက်သွားပြီးနောက် အိုးမဲ့အိမ်မဲ့ဖြစ်သွားသူများအား အိမ်ယာ များ ပြည်လည်ဆောက်လုပ်ပေးမည်ဟု အစိုးရ တာဝန်ရှိသူများက ပြောကြားခဲ့ သော်လည်း၊ တစ်နှစ်နီးပါး ကြာမြင့်လာခဲ့သည့်တိုင် မည်သည့် စီစဉ်ဆောင်ရွက်မှုမှ ပြုလုပ်ပေးခြင်း မရှိဘဲ ပြည်သူများမှာ ကယ်ဆယ်ရေး စခန်းများတွင်သာ ဆက်လက်နေထိုင်နေရပြီး မိမိတို့ အိမ်များသို့ အမြန်ဆုံး ပြန်လည်ပြောင်းရွေ့ နေထိုင်ရန်သာ ဆန္ဒရှိကြကြောင်း သိရသည်။

  • စင်္ကာပူထုတ် ဟာလလ် တံဆိပ်ဖြင့် ဝက်သားထုပ်ပုံများ ဆိုရှယ် မီဒီယာတွင် ပြန့်နှံ ၊ လုပ်ကြံသတင်း ဖြစ်ကြောင်းသိရ

    ဇန်နဝါရီ ၂၇၊ ၂၀၁၄
    M-Media

    PHOTO: NTUC
    PHOTO: NTUC

    – စင်ကာပူနိုင်ငံ NTUC FairPrice ကုမ္ပဏီမှ ထုတ်လုပ်သော ၀က်သားထုပ်များတွင် ဟာလာလ်တံဆိပ်ကပ်ထားသည့် ဓာတ်ပုံတစ်ပုံမှာ မကြာသေးခင်က Facebook စာမျက်နှာတွင် ပေါ်ထွက်လာခဲ့ပြီး ထိုဓာတ်ပုံမှာ လုပ်ကြံထားသော ဓာတ်ပုံဖြစ်သည်ဟု သိရသည်။

    ထိုဓာတ်ပုံမှာ ၂၀၀၇ ခုနှစ်မှ စတင်ကာ အင်တာနက် စာမျက်နှာများတွင် ပေါ်ထွက် လာခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ပျောက်ကွယ်သွားခဲ့ပြီး ၆ နှစ်ကြာမှ ပြန်လည် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

    ထိုကိစ္စနှင့် ပတ်သက်၍ FairPrice ၏ စီအီးအိုဖြစ်သူ Seah Kian Peng ကမူ ထိုကဲ့သို့ လုပ်ကြံမှုမှာ ဆိုးရွားသော ဘာသာရေးဆိုင်ရာ ဂယက်ရိုက်မှု တစ်ခုဖြစ်လာကြောင်း၊ တမင်အကွက်ချ ဖန်းတီးမှုဖြစ်ပြီး ရဲတပ်ဖွဲ့ကိုလည်း တိုင်ကြားထားကြောင်း ပြောကြားခဲ့သည်။

    ထို့ပြင် ၎င်းတို့ကုမ္ပဏီမှ ဖြန့်ချီသော ၀က်သားအထုပ်များတွင် စင်ကာပူအစ္စလာမ်ဘာသာရေးကောင်စီ(MUIS) က ထုတ်ပေးသော ဟာလာလ်တံဆိပ် ကပ်ထားမှုများမရှိကြောင်း၊ FairPrice ၏ အစားအသောက်များတွက် အဟာရနှင့် ထုတ်လုပ်မှုဆိုင်ရာ အချက်အလက်များအား ဂရုတစိုက်ဆောင်ရွက်ပြီး၊ အစားအသောက် များပေါ်တွင် ရိုက်နှိပ်ထားသော အချက်အလက်များမှာ တိကျ၍ အသိအမှတ်ပြုထားသော အချက်အလက်များဖြစ်ကြောင်း Kian Peng က ထည့်သွင်းပြောကြားခဲ့သည်။

    ဆက်လက်၍ မလိုအပ်သော ရှုပ်ထွေးမှုများအား ရှောင်ရှားရန် အတွက် ထိုလုပ်ကြံထားသည့် ပုံများကို ဆက်လက်ဖြန့်ဖြူးမှုများ မပြုလုပ်ရန်ကိုလည်း ပြည်သူများအား မေတ္တာရပ်ခံခဲ့ပြီး၊ စုံစမ်းမေးမြန်းလိုပါက ကုမ္ပဏီအား ဖုန်းဖြင့်ဖြစ်စေ၊ ကုမ္ပဏီ၏ ၀ဘ်ဆိုဒ်တွင်ဖြစ်စေ မေးမြန်းနိုင်ကြောင်း အသိပေးပြောကြားခဲ့သည်။
    Ref: CNA

  • Irrawaddy: မောင်တော အကြမ်းဖက်ခံရမှု စုံစမ်းရန် ICG တိုက်တွန်း

    ဇန်နဝါရီ ၂၇၊ ၂၀၁၄
    ဧရာဝတီ

    12.-Photo-Rohingya
    ရခိုင်ပြည်နယ်၊ ဒုက္ခသည်စခန်းတခုအတွင်းမှ အမျိုးသမီးနှင့် ကလေးတဦး (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

    ရခိုင်ပြည်နယ်၊ မောင်တောမြို့ ဒုချီးရားတန်းရွာတွင် ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်မှုနှင့် ပတ်သက်ပြီး အငြင်းပွားဖွယ် ဖြစ်နေချိန်၌ မြန်မာအစိုးရနှင့် လက်တွဲ ဆောင်ရွက်နေသည့် ဘယ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ အခြေစိုက် နိုင်ငံတကာ ပဋိပက္ခများ လေ့လာစောင့်ကြည့်ရေး အဖွဲ့ (ICG) က ပွင့်လင်းမြင်သာသည့် စုံစမ်းမှု တခု အမြန်ဆုံး လုပ်ဆောင်ရန် တိုက်တွန်းလိုက်သည်။

    ဒုချီးရားတန်းရွာ၌ ရဲတပ်ကြပ်ကြီး တဦး သေဆုံးမှု အပါအ၀င် မွတ်စလင် ၄၀ ဦးကျော် သေဆုံးမှုတွင် ရာဇ၀တ်မှု ကျူးလွန်သူ အားလုံးကို မြန်မာ အစိုးရ အနေဖြင့် ထိထိရောက်ရောက် စုံစမ်း အရေးယူပေးရန် ICG က တိုက်တွန်းခြင်း ဖြစ်သည်။

    ICG ၏ ယခု သတင်းထုတ်ပြန်ချက်သည် အကြမ်းဖက်မှု ဖြစ်ပွားခဲ့ရာ ဒေသသို့ သွားရောက်ခဲ့သူများ အပါအ၀င် ယင်းအဖြစ်အပျက်နှင့် ပတ်သက်ပြီး မျက်မြင်သက်သေများနှင့် မေးမြန်း ပြောဆိုမှုပြီးနောက် မှတ်တမ်းဓာတ်ပုံ တချို့ပါ ရရှိခဲ့သောကြောင့် ဇန်န၀ါရီလ ၉ ရက်က ၁၃ ရက်အတွင်း အကြမ်းဖက်မှု ဖြစ်ရပ်တွင် လူပေါင်း ၄၉ ဦး ၀န်းကျင် အသတ်ခံခဲ့သည်ကို ယုံကြည်ရကြောင်းကို ယမန်နေ့ ရက်စွဲဖြင့် ထပ်မံ ထုတ်ဖော် ပြောဆိုခြင်း ဖြစ်သည်။

    ICG ၏ စုံစမ်းမှုများ အရ သေဆုံးသူများထဲတွင် အမျိုးသမီးနှင့် ကလေးငယ်များ ပါဝင်ပြီး ရဲတပ်ဖွဲ့က အဆိုပါ လူသတ်မှု တချို့ကို ကျူးလွန်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။

    ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းများက အဆိုပါ အကြမ်းဖက်မှု အပေါ် အမှုမှန် ပေါ်လာရေး အမြန်ဆုံး ဆောင်ရွက်မှု ပြုရန် တိုက်တွန်းထားသော်လည်း မြန်မာ အစိုးရက ယင်းဖြစ်ရပ်သည် ဟုတ်မှန်ခြင်း မရှိကြောင်း ငြင်းဆိုဆဲ ဖြစ်သည်။

    ဒုချီးရားတန်းရွာ ကိစ္စနှင့် ပတ်သက်ပြီး မြန်မာ နိုင်ငံခြားရေး ၀န်ကြီးဌာနက ဇန်န၀ါရီလ ၂၄ ရက် နေ့စွဲဖြင့် ထုတ်ပြန် ကြေညာချက်မှာ အောက်ပါ အတိုင်း ဖြစ်သည်။

    “၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်၊ ညပိုင်းတွင် အဖွဲ့ဝင် ၅ ဦးပါသည့် ရဲလှည့်ကင်း အဖွဲ့သည် ပုံမှန်လှည့်ကင်း တာဝန် ထမ်းဆောင်စဉ် မောင်တောမြို့နယ်၊ ဒုချီးရားတန်း (အလယ်) ရွာအရောက်၌ တုတ်၊ ဓါး ကိုင်ဆောင်ထားသည့် ဘင်္ဂါလီအုပ်စုအင်အား (၁၀၀) ခန့်မှ ဝိုင်းဝန်းရန်မူ မှုကို ခံရသဖြင့် လူစုခွဲ ရှောင်ပေးခဲ့သည်။”

    “ယင်းသို့ လူစုခွဲ တိမ်းရှောင်စဉ် ရဲလှည့်ကင်း အဖွဲ့ခေါင်းဆောင်မှာ လူစုကွဲ၍ ကျန်ရစ်ခဲ့ပြီး ၎င်းကိုင်ဆောင်သော လက် နက်နှင့်အတူ ယနေ့တိုင် ပျောက်ဆုံးလျက် ရှိပါသည်။

    နယ်မြေခံ ရဲတပ်ဖွဲ့နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် အင်အားစု စည်းပြီး ယင်းလူစုကွဲ ပျောက်ဆုံး ကျန်ရစ်ခဲ့သူအား ပြန်လည် ရှာဖွေရန် ၎င်းကျေးရွာသို့ ထပ်မံ သွားရောက်ခဲ့ရာတွင် တုတ်၊ ဓါး ကိုင်ဆောင်ထားသည့် ဘင်္ဂါလီ အုပ်စု အင်အား ၅၀၀ ကျော်၏ ဝိုင်းဝန်းရန်မူ မှုကို ခံခဲ့ရသည်။ အကြမ်းဖက် အုပ်စုသည် အန္တရာယ်ပြုရန် ချန်းကပ်လာသည့် အတွက် မိမိဘက်မှ သေနတ် ၈ ချက်ဖောက်၍ သတိပေးခဲ့သည်”

    “ယင်းသို့ သတိပေး ပစ်ဖောက်ခဲ့ခြင်းကြောင့် အရပ်ဘက် ပြည်သူ တစုံတဦး တယောက်မျှ ထိခိုက် သေဆုံးခြင်း မရှိခဲ့ ပါ” ဟု မြန်မာအစိုးရက ကြေညာခဲ့သည်။

    မြန်မာအစိုးရ၏ ယင်းကြေညာချက် ထွက်ပေါ်လာပြီး ၂ ရက် အကြာတွင် ICG က ဒုချီးရားတန်းရွာ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ယခုကဲ့သို့ ထပ်မံ ဖော်ပြလာခြင်း ဖြစ်သည်။

    ICG ၏ သတင်းထုတ်ပြန်ချက်တွင် ပထမဆုံး ပြဿနာ ဖြစ်ပွားခဲ့သည့် ဇန်န၀ါရီလ ၉ ရက်တွင် ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို ဖြတ်ကူးရန် ကြိုးစားနေသည့် မွတ်ဆလင် ၈ ဦး အုပ်စု တစုကို ရခိုင်ဗုဒ္ဓဘာသာ ရွာလူကြီးက ဖမ်းဆီး သတ်ပစ်ပြီး ကျင်းတူး မြှုပ်နှံခဲ့သည်မှာ အထင်အရှား ဖြစ်သော်လည်း မည်သည့်အတွက် ယင်းသို့ သတ်ဖြတ်ရသည်ကို ရှင်းလင်း သဲကွဲမှု မရှိကြောင်း ICG က ဆိုသည်။

    ဒုချီးရားတန်းရွာရှိ မွတ်ဆလင်တဦးက သေဆုံးသူတွေကို မြှုပ်နှံထားသည့် သင်္ချိုင်းကို ဖြတ်သွားစဉ် အလောင်းများကို စမတ်ဖုန်းနှင့် ဓာတ်ပုံရိုက်ခဲ့သည်ဟု ICG က ရေးသားထားသည်။ အဆိုပါ ဓာတ်ပုံ အထောက်အထားရှိနေသည့် အတွက် ရဲတပ်ဖွဲ့က သတင်းမပေါက်ကြားအောင် ကာကွယ် ကြိုးစားခဲ့သည်ဟု ICG က ဆိုသည်။

    ၎င်းကြိုးပမ်းမှုတွင် ရဲတပ်ကြပ်ကြီး တဦးအား မွတ်ဆလင် ရွာသားများက ဖမ်းဆီး သတ်ဖြတ်လိုက်သောကြောင့် ပြဿနာ မီးပွား စတင် ဖြစ်ပွားကာ လူသတ်မှုများကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ICG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ICG ၏ ထုတ်ပြန်ချက် အရ အဆိုဒေသရှိ ရဲဝန်ထမ်းများသည် ရခိုင်လူမျိုးများ ဖြစ်ပြီး ပြီးခဲ့သည့် သတ်ဖြတ်မှုတွင် ပါဝင်ကျူးလွန်ခဲ့သည်ဟု ယုံကြည်ရသဖြင့် ယင်းဒေသခံ ရခိုင်လူမျိုး ရဲတပ်ဖွဲ့ဝင်များကို ရုပ်သိမ်းသင့်ကြောင်း ထောက်ပြ ထားသည်။

    အခင်းဖြစ်ရပ်အပေါ် စုံစမ်းမှုနှင့် နယ်မြေ လုံခြုံရေး ကိစ္စများ အတွက် ရခိုင်ပြည်နယ် ပြင်ပက ရဲတပ်ဖွဲ့များဖြင့်သာ ဖော်ဆောင် သင့်ကြောင်း ဖြစ်နိုင်ပါက စစ်တပ်က အကူအညီပေးသင့်ကြောင်း ICG က ထောက်ပြသည်။

    မြန်မာနိုင်ငံ အစိုးရ အနေဖြင့် ဆက်တိုက်ဖြစ်ပေါ်ခဲ့သည့် မွတ်ဆလင် ဆန့်ကျင်ရေး အကြမ်းဖက် ရာဇ၀တ်မှုများကို ကျူးလွန်နေသူများ အပေါ် အပြစ်ပေး အရေးယူမှု လုပ်မည် ဆိုပါလျှင် အစွန်းရောက် လှုပ်ရှားမှုများ အဆုံးသတ်သွားနိုင်ကြောင်း ICG က ဆက်လက် ဖော်ပြထားသည်။

    ICG က မကြာသေးခင်က ထုတ်ပြန်ခဲ့သည့် The Dark Side of Transition: Violence against Muslims in Myanmar “အသွင်ကူး ပြောင်းရေး၏ အမှောင်ဘက်ခြမ်း- မြန်မာနိုင်ငံတွင် မွတ်စလင်များအပေါ် အကြမ်းဖက်မှု” အစီရင်ခံစာတွင် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး ပွင့်လင်းလာသည့် ဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် အကြံပြုထားသည်။

    ICG ၏ စာမျက်နှာ ၃၆ မျက်နှာရှိပါ ယင်းအစီရင်ခံစာတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများ အတွင်း အစိုးရ၏ ထိရောက်သော ဖြေရှင်းမှု မရှိခြင်း၊ လူ့အဖွဲ့အစည်း အတွင်း ခံယူချက် သဘောထားများ ပြောင်းလဲ မပစ်နိုင်ခြင်း များသည် ဒေသတွင်းနှင့် ပြင်ပ ကမ္ဘာအထိပါ သက်ရောက်နိုင်ကြောင်း ICG က ထောက်ပြ ထားသည်။

    ယင်းအပြင် ရဲတပ်ဖွဲ့ဝင်များအား တရားဥပဒေ စိုးမိုးရေးကို လေးစားရန်၊ လူစုလူဝေးဖြင့် ဖြစ်ပေါ်လာသည့် ကိစ္စများကို နိုင်ငံတကာ စံချိန်စံနှုန်းမီ ကိုင်တွယ် ဖြေရှင်းရန်နှင့် လူနည်းစုများကို အကာအကွယ် ပေးနိုင်ရေး စသည့် ကိစ္စရပ်များကို လေ့ကျင့် သင်ကြားပေးရန် လိုအပ်ကြောင်း အကြံပြု ထားသည်။

    Link=> http://burma.irrawaddy.org/news/2014/01/27/53966.html

  • ဒေါ်အောင်ဆန်းစုကြည်အား တရားဝင် ခရီးစဉ် ဖိတ်ကြားရန် အချိန်တန်ပြီဟု မြန်မာဆိုင်ရာ တရုတ် သံအမတ်ကြီးပြော

    ဇန်နဝါရီ ၂၇၊ ၂၀၁၄
    M-Media
    AunSanSuuKyiMineMar14-621x320

    အတိုက်အခံခေါင်းဆောင်ဖြစ်သူ ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား တရားဝင် ခရီးစဉ်ဖိတ်ကြားရန် အချိန်တန်ပြီဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးမှ ပြောကြားလိုက်သည်။

    မြန်မာနိုင်ငံအပေါ် စီးပွားရေးနှင့်နိုင်ငံရေးအရ သြဇာကြီးနေလျက်ရှိသော တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက် လိုပါကြောင်း၊ သို့သော် တရုတ်အစိုးရ၏ ဖိတ်ကြားချက်ရှိမှသာ ဖြစ်နိုင်ကြောင်း ဒေါ်စုကြည်မှ ပြောခဲ့သည်။

    ဒေါ်စုကြည်၏ အတိုက်အခံ အုပ်စုဖြစ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အပါအ၀င် ပြည်တွင်းရှိ နိုင်ငံရေး ပါတီအားလုံး ရင်ကြားစေ့ရေးကို ဘေဂျင်းမှ ဆက်လက် တိုက်တွန်းသွားမည်ဟု သံအမတ်ကြီး ယန်ဟောက်လန် Yang Houlan မှ Sunday Morning Post နှင့်ပြုလုပ်သည့် အင်တာဗျူးတစ်ရပ်တွင် ပြောကြားခဲ့သည်။

    “ ဒီရာထူးတာဝန်အပ်နှင်းခံရချိန်ကစပြီး ဒေါ်စုကြည်နဲ့ အကြိမ်ကြိမ် ဆုံတွေ့ဖူးပါတယ်။ မြန်မာပြည်သူတွေအကြား သူမရဲ့ နိုင်ငံတကာ ရပ်တည်မှု နဲ့ ထင်ပေါ် လူကြိုက်များမှုအရ တရုတ်ပြည်ရဲ့ ဖိတ်ကြားမှု ဖြစ်လာရပါပြီ ” ဟု သူက ဆိုသည်။

    တစ်ချိန်က တရုတ်ပြည်ရှိ အစိုးရတွဲဖက် အသင်းအဖွဲ့များ၏ ဖိတ်ကြားမှုများကို ဒေါ်စုကြည်မှ အချိုသတ်ရှောင်လွှဲ ခဲ့ဖူးသည်။

    တရုတ်မီဒီယာတစ်ခုနှင့်အင်တာဗျူးစကားကောက်ကြောင်းအရ ဒေါ်စုကြည်သည် တစ်ချိန်ချိန်တွင်တော့ တရုတ်ပြည်သို့ အလည်အပတ် သွားရောက်လိမ့်မည်ဟု ၂၀၁၁ ခုနှစ်နှောင်းပိုင်းမှ စ၍ သုံးသပ်မှုများ ရှိခဲ့သည်။

    ယမန်နှစ် ဇန္န၀ါရီလအတွင်း တောင်ကိုးရီးယားခရီးစဉ်၌ သူမအနေနှင့် များမကြာမီ တရုတ်ပြည်သို့ သွားရောက်ရန် မျှော်လင့် ထားကြောင်း ပြောဆိုခဲ့သည်။

    ဒေါ်စုကြည်၏အတိုက်အခံပါတီ နှင့် တရုတ်ပြည်အကြား ဆက်ဆံရေးမှာ ယမန်နှစ်က အထူး တိုးတက်လာသည်။ နှစ်ဖက် စလုံးမှလည်း ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံ အထွေထွေရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ပိုမိုချိတ်ဆက် သွားလိုကြောင်း အသွင်ဆောင်နေလျက်ရှိသည်။

    NLD ပါတီမှ ကိုယ်စားလှယ်လေးဦးကို တရုတ်ပြည်သို့ ယမန်နှစ်က စေလွှတ်ပေးခဲ့သည်။ ယမန်နှစ် ဒီဇင်ဘာလ အတွင်း လတ်တစ်လောစေလွှတ်သော အဖွဲ့အား အတိုက်အခံပါတီ အတွင်းရေးမှူး နှင့် ဒေါ်စုကြည်၏အမာခံ လူယုံတစ်ဦးဖြစ်သူ ဦးဥာဏ်ဝင်းမှ ဦးဆောင်ခဲ့သည်။

    “ အနေအထားအသစ်တွေအောက်မှာ ကျွန်တော်တို့ရဲ့ပူးပေါင်းဆောင်ရွက်ချက်တွေ ဆက်လက်တိုးမြှင့်သွားနိုင်မယ့် နည်းလမ်းတွေ၊ လမ်းကြောင်းတွေနဲ့ပတ်သက်လို့ သူတို့ဖက်က သုံးသပ်ချက်အမြင်တွေကိုလည်း ကျွန်တော်တို့ဖက်က စိတ်ဝင်တစား ကြား သိလိုပါတယ် ” ဟု သံအမတ်ယန် က ပြောပါသည်။

    စစ်တပ်၏နှောင်ကြိုးကြီးမားလှသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို ကျော်လွှားကာ လာမည့်နှစ်တွင် NLD မှ မဲပြတ်နိုင်လိမ့်မည်ဟု တွက်ဆထားကြသည်။

    သမ္မတဦးသိန်းစိန်ကလည်း ဒေါ်စုကြည်အား ရည်ညွှန်းလျက် မိမိသည် မည်သည့်နိုင်ငံသားကို မဆို နိုင်ငံ့ ဦးသျှောင်ဖြစ်စေမည့် နိုင်ငံတော် ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံ စည်းမျဉ်းများ ပြုပြင်ပြောင်းလဲရေးကို ထောက်ခံသည်ဟု ပြောဆိုခဲ့ပြီးလည်း ဖြစ်ပေသည်။

    ဓါတ်ပုံ အညွန်း- ၂၀၁၃ ခုနှစ်အတွင်း လက်ပတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြမှုကို အကြမ်းဖက်ဖြိုခွင်းခဲ့မှုအား စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက် ခဲ့သော ဒေါ်အောင်ဆန်းစုကြည် စီမံကိန်း နယ်မြေ တနေရာတွင် တွေ့ရစဉ်

    Photo- AP

    Ref: South China Morning Post

  • အရစ္စတိုတယ်နှင့် အလ်-ဖာရာဘီပြီးနောက် ‘တတိယမြောက် ဂုရု’ “နီဆာရ် အလ်-ဒင် အလ်-တူဆီ”

    ဇန်နဝါရီ ၂၇၊ ၂၀၁၄
    M-Media
    ရှာဖွေတင်ဆက်သူ- ကိုလေး

    Al-Tusi_Nasirခါဝါဂျာ မုဟမ္မဒ် အစ်ဗနေ့ မုဟမ္မဒ် အစ်ဗနေ့ ဟာဆန် အလ်-တူဆီ (Khawaja Muhammad ibn Muhammad ibn Hasan Tusi) လို့ အမည်ရတဲ့ အလ်-တူဆီကို သက္ကရာဇ် ၁၂၇၄ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ တွစ်မြို့ (ယခု အီရန်အရှေ့မြောက်ပိုင်း) မှာ မွေးဖွားခဲ့တာပါ။ တူဆီကို နီဆာရ် အလ်-ဒင် အလ်-တူဆီ(Nasīr al-Dīn al-Tūsī)လို့ လူသိများပြီး ပါရှန်းလူမျိုး မွတ်စလင် ပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ သိပ္ပံနဲ့ အတွေးအခေါ် နယ်ပယ်တွေမှာ စာအုပ်ပေါင်း များစွာရေးခဲ့တဲ့ တူဆီကို နက္ခတ္တဗေဒ ပညာရှင်၊ သင်္ချာပညာရှင်၊ ရူပဗေဒ ပညာရှင်၊ အတွေးခေါ်နဲ့ ဘာသာရေး ပညာရှင် တစ်ဦးလို့လည်း မှတ်ယူနိုင်ပါသေးတယ်။

    တူဆီဟာ သင်္ချာ၊ ဒဿနိကဗေဒနဲ့ ဘာသာရေး၊ သိပ္ပံနယ်ပယ်တွေ အတွက် အာရဗီ၊ ပါရှန်း စတဲ့ ဘာသာစကားတွေနဲ့ စာအုပ်ပေါင်း ၁၅၀ ကျော်ရေးသားခဲ့ပါတယ်။ သူရဲ့ ကလောင်စွမ်းထက်မှု၊ သူရေးသားတဲ့ စာအုပ်တွေရဲ့ အရေးပါမှုကြောင့် တူဆီကို ‘လူခပ်သိမ်းရဲ့ဆရာ’၊ ‘အောင်မြင်သော ပညာရှင်အာစရိ’၊ (အရစ္စတိုတယ်နှင့် အလ်-ဖာရာဘီပြီးနောက်) ‘တတိယမြောက် ဂုရု’ စသဖြင့် ခေတ်အဆက်ဆက် ပညာရှင်များက တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။ ဒါ့အပြင် တူဆီဟာ အီရန်မြောက်ပိုင်း မာရာဂါ (Maragha) ဒေသမှာရှိတဲ့ နက္ခတ္တဗေဒဆိုင်ရာမှာ ကျော်ကြားတဲ့ သုသေသနစင်တာရဲ့ အုပ်ချုပ်သူ တစ်ယောက်လည်းဖြစ်ပါသေးတယ်။

    တူဆီဟာ ပညာတတ် မိသားစုက မွေးဖွားလာတာဖြစ်ပြီး အဖေနဲ့ ဦးလေးဖြစ်သူတို့က အစ္စလာမ် ဘာသာရေး သိပ္ပံနဲ့၊  ရိုးရိုးသိပ္ပံ ပညာရပ်တွေကို တတ်မြောက်လာအောင် တူဆီကို တွန်းအား ပေးခဲ့ကြတာပါ။ တူဆီဟာ ဒဿနိကဗေဒနဲ့ သင်္ချာ ပညာရပ်တွေကိုလည်း မွေးရပ်မြေ တွစ်မြို့မှာ ဆည်ပူးခဲ့ပါတယ်။ ဒါပေမယ့် သက္ကရာဇ် ၁၂၁၃ နောက်ပိုင်း မှာတော့ တူဆီဟာ နီရှာပူးရ်မြို့ကို သွားရောက်ခဲ့ပြီး သိပ္ပံ၊ ဆေးပညာနဲ့ ဒဿနိကဗေဒ ပညာရပ်တွေကို ဆက်လက် ဆည်းပူးခဲ့ပါတယ်။ မွတ်စလင် သိပ္ပံပညာရှင်ကြီး တစ်ဦးဖြစ်တဲ့ အစ်ဗနေ့ ဆီနာရဲ့ ရေးသားချက်တွေကို လေ့လာခဲ့ပြီး ဆီနာရဲ့ အတွေးအခေါ်တွေက တူဆီကို လွှမ်းမိုးခဲ့တာပါ။

    တူဆီဟာ နောက်ပိုင်းမှာ အီရတ်နိုင်ငံကို သွားရောက်ခဲ့ပြီး မူဆိုးလ်မြို့က ဥပဒေ ပညာရှင် တစ်ဦးဖြစ်တဲ့ ကမာလ် အလ်-ဒင် အစ်ဗနေ့ ယူနွတ်စ်(Kamāl al-Dīn ibn Yūnus) ထံမှာ ဥပဒေပညာရပ်ကို လေ့လာခဲ့ပါတယ်။ အစ်ဗနေ့ ယူနွတ်စ်ဟာ ဥပဒေပညာအပြင် နက္ခတ္တဗေဒနဲ့ သင်္ချာနယ်ပယ်တွေမှာလည်း ကျော်ကြားတဲ့ ပါရဂူမြောက် ပညာရှင် တစ်ဦးဖြစ်ပါတယ်။

    တူဆီဟာ သူရဲ့လေ့လာမှုတွေပြီးဆုံးခဲ့ပြီးနောက် ၁၂၃၀ရဲ့ အစောပိုင်းခုနှစ်တွေမှာတော့ အီရန်အရှေ့ပိုင်းမှာရှိတဲ့ အစ္စမာအီလီ(Ismā’īlī) နန်းတော်မှာ သူ့ကို ကူညီထောက်ပံ့ပေးနိုင်တဲ့သူတွေနဲ့ တွေ့ခဲ့ပြီး အစ္စမာအီလီရုံးစိုက်ရာ အလာမွတ်(Alamūt) ကို ပြောင်းရွှေ့ခဲ့ပါတယ်။ အလာမွတ်မြို့ဟာ ၁၂၅၆ ခုနှစ်မှာ မွန်ဂိုတွေ အုပ်ချုပ်မှုကိုခံခဲ့ရပြီး တူဆီဟာလည်း မွန်ဂိုဘုရင် ဟူလာဂူ(Hūlāgū) ရဲ့ အကြံပေးတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ တူဆီဟာ နန်းတော်ရဲ့ နက္ခတဗေဒ ပညာရှင်နဲ့ အောင်ကဖ်(awqāf) လို့ခေါ်တဲ့ သာသနာရေးဝန်ကြီး ဖြစ်လာပါတော့တယ်။ ရာထူးအသစ်နဲ့ တူဆီဟာ နက္ခတဗေဒဆိုင်ရာ သုတေသနစင်တာ တစ်ခု တည်ဆောက်ဖို့ ဟူလာဂူဘုရင်ကို တောင်းဆိုခဲ့ပြီး၊ စင်တာဆောက်လုပ်ရေး လုပ်ငန်းတွေကိုလည်း ကိုယ်တိုင်ကိုယ်ကျ ကြီးကြပ်ခဲ့ပါတယ်။ အဲဒီစင်တာဟာ မွန်ဂိုအင်ပါယာရဲ့ အဓိကရုံးစိုက်ရာ အဇာဘိုင်ဂျန်နိုင်ငံ မာရာဂါ မြို့မှာ တည်ရှိပြီး ၁၂၇၄ ခုနှစ် ကွယ်လွန်ချိန်အထိ တူဆီဟာ ထိုစင်တာရဲ့ အုပ်ချုပ်သူအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

    မာရာဂါ သုတေသနစင်တာမှာ ကျောင်းဆောင်နဲ့ စာကြည့်တိုက်တို့ပါဝင်ပြီး ထိုခေတ်ကာလထိ ဆောက်လုပ်ခဲ့သမျှ စင်တာများထဲမှာ ရည်မှန်းချက်ကြီးမားသော စင်တာများထဲမှ တစ်ခုဖြစ်ကာ ကျွမ်းကျင်မှုပြည့်ဝတဲ့ သုတေသန စင်တာ လည်းဖြစ်ပါတယ်။ မာရာဂါစင်တာဟာ အစ္စလာမ်ကမ္ဘာက ကျော်ကြားသော၊ ပါရမီရှိသော ပညာရှင်များ ကျောင်းသားများကို ဆွဲဆောင်နိုင်ခဲ့သလို တရုတ်ပြည်ကဲ့သို့ ဝေးလံခေါင်ဖျားသောဒေသများမှ ပညာရှင်များကပင် မာရာဂါ စင်တာသို့ လာရောက်ပညာဆည်းပူးခဲ့ကြတာပါ။ ထိုမာရာဂါ သုတေသန စင်တာဟာ နှစ်ပေါင်း ၅၀ ခန့်တည်တံ့ခဲ့ပါတယ်။

    အဲဒီစင်တာရဲ့ စူးစမ်းလေ့လာမှုတွေ ရပ်တန့်သွားခဲ့ပေမယ့် မာရာဂါစင်တာက ထွက်ပေါ်လာခဲ့တဲ့ သိပ္ပံဆိုင်ရာ အမွေအနှစ်တွေကတော့ တရုတ်ပြည်နဲ့ ဥရောပမှာ ရာစုနှစ်ပေါင်းများစွာ ကျန်ရစ်ခဲ့ပါတော့တယ်။ အဲဒီ စင်တာကို လူငယ်ဘ၀က လာရောက်လည်ပတ်ခဲ့ဖူးပြီး အားကျခဲ့တဲ့ သိပ္ပံပညာရှင် Ulugh Beg ဟာ နောင်တစ်ချိန်မှာ စမာကန် သုတေသနစင်တာကို တည်ထောင်ခဲ့ပါတယ်။

    ၁၆ ရာစုနှောင်းပိုင်းက ဒိန်းမတ်ဘုရင် တိုင်ချိုဘရာဟီ (Tycho Brahe) တည်ဆောက်ခဲ့တဲ့ သုတေသနစင်တာ၊ ၁၈ ရာစုမှာ မဂိုဘုရင် ဂျိုင်စင်း(Jai Singh) တည်ဆောက်ခဲ့တဲ့ စင်တာတွေ အပါအ၀င် မဂိုအင်ပါယာ အိန္ဒိယကို အုပ်စိုးစဉ်အခါက ဆောက်လုပ်ခဲ့တဲ့ စူးစမ်းလေ့လာရေးစင်တာတွေအားလုံးဟာ စောစောပိုင်းရာစုနှစ်များက အစ္စလာမ်ကမ္ဘာမှာ ဆောက်လုပ်ခဲ့တဲ့ စင်တာတွေရဲ့ လွှမ်းမိုးမှုတွေ ရှိခဲ့ပါတယ်။

    ၁၂၇၄ ခုနှစ်မှာတော့ တူဆီဟာ သူရဲ့ ကျောင်းသားတစ်စုနဲ့အတူ မာရာဂါစင်တာကို စွန်ခွာခဲ့ပြီး ဘဂ္ဂဒတ်ကို ခရီးထွက်ခဲ့ပါတယ်။ တူဆီရဲ့ ရေးသားချက်တွေမှာ ကိုယ်ပိုင်ရေးသားမှုတွေ၊ ရှေးခတ် ဂရိနဲ့ အစောပိုင်း အစ္စလာမ့်သိပ္ပံဆိုင်ရာ ပညာရပ်တွေကို ပြန်ပြောင်းရေးသားခဲ့တာတွေ ပါဝင်ခဲ့ပါတယ်။ ရှေးကတွေ့ ရှိချက်တွေကို ပြန်ပြောင်းရေးသားတဲ့ အဲဒီစာအုပ်တွေမှာလည်း တူဆီဟာ သူရဲ့ ကိုယ်ပိုင်ရှင်းလင်းချက်တွေကို ထပ်ဖြည့်ခဲ့ပါတယ်။ သူရဲ့အမြင်တွေ ထပ်ဖြည့်ထားတဲ့ အဲဒီစာအုပ်တွေဟာ သိပ္ပံနဲ့ဆိုင်တဲ့ ဘာသာရပ်တော်တော် များများမှာ စံထားစရာ စာအုပ်တွေဖြစ်ခဲ့ပါတယ်။ အဲဒီစာအုပ်တွေထဲမှာ ယူကလစ်ရဲ့ Elements ဆိုတဲ့စာအုပ်နဲ့၊ တော်လမီ ရဲ့ Almagest စာအုပ်တွေ ပါဝင်ခဲ့ပြီး၊ အဲဒီစာအုပ်တွေနဲ့ ယူကလစ်ရဲ့ အခြားစာအုပ်တွေကို ဆက်စပ်လေ့လာဖို့အတွက် ကျမ်းတွေကိုလည်း ရေးသားခဲ့ပါသေးတယ်။

    A stamp issued in the republic of Azerbaijan in 2009 honoring Tusi
    ၂၀၀၉ ခုနှစ်တွင် အဇာဘိုင်ဂျန်နိုင်ငံမှ တူဆီအား ဂုဏ်ပြု ထုတ်ဝေခဲ့သည့် တံဆိပ်ခေါင်း

    သင်္ချာနယ်ပယ်မှာတော့ တူဆီဟာ ယူကလစ်ရဲ့ မျဉ်းပြိုင် အယူအဆကို ဆန်းပြားတဲ့ သက်သေပြချက်တစ်ခုနဲ့ မိတ်ဆက်ပေးခဲ့ပြီး အဲဒီ သက်သေပြချက်က ယူကလစ်ရဲ့ အဆိုနဲ့မတူတဲ့ ဂျီအိုမေထရီ ပညာရပ်အသစ် ဖွံ့ဖြိုးလာဖို့အတွက် အလွန်အရေးပါခဲ့ပြီး တရိုင်ဂိုနော် မက်ထရီ ပညာရပ်ကိုလည်း နက္ခတ္တဗေဒမှ ခွဲထွက်စေခဲ့ကာ သီးသန့်ဘာသာရပ်တစ်ခု ဖြစ်လာစေခဲ့ပါတယ်။ တူဆီဟာ လော့ဂျစ်စာအုပ်၊ လူ့ကျင့်ဝတ်စာအုပ်နဲ့ သိပ္ပံပညာရှင် အစ်ဗနေ့ဆီနာရဲ့အတွေးအခေါ်ပညာရပ်ကို ရှင်းလင်းပြတဲ့ ဒဿနိက စာအုပ်တွေကိုလည်း ရေးသားခဲ့ပြီး၊ အဲဒီစာအုပ်တွေဟာ လူ့ဖွဲ့အစည်းတွင်းမှာ  အရေးပါကာ၊ လွှမ်းမိုးမှုရှိတဲ့ စာအုပ်တွေ ဖြစ်လာခဲ့ပါတယ်။

    နက္ခတ္တဗေဒနဲ့ပက်သက်ပြီး ရေးခဲ့တဲ့စာအုပ်တွေမှာ အလ်-တဒ်ကီရာ ဖီ အီလ်မ် အလ် ဟာယာ (Al-Tadhkira fī ‘ilm al-hay’a) စာအုပ်ဟာ အဓိကကျခဲ့ပါတယ်။ တော်လမီရဲ့ နက္ခတ္တဗေဒအယူအဆကို ပြုပြင်ပြောင်းလဲပြီး ရေးသားခဲ့တဲ့ ဒီစာအုပ်ဟာ အလယ်ခေတ် အစ္စလာမ့် နက္ခတ္တဗေဒလောကနဲ့၊ ကော့ပါးနီးကပ်စ်လို ဥရောပရဲ့ အစောပိုင်း ခေတ်သစ် နက္ခတ္တဗေဒပညာရှင်တွေကိုပါ လွှမ်းမိုးခဲ့ပါတယ်။ ဒါတင်မကဘဲ တူဆီဟာ လက်တွေ့အသုံးချ နက္ခတ္တဗေဒကျမ်း၊ သီအိုရီဆိုင်ရာ နက္ခတ္တဗေဒကျမ်းနဲ့ စကြာဝဠာဗေဒကျမ်းတွေကိုလည်း ရေးသားခဲ့ပါသေးတယ်။ ဒါ့အပြင် ပါရှန်း ဘာသာစကားနဲ့လည်း နက္ခတ္တဗေဒနယ်ပယ်မှာ အရေးပါတဲ့ စာအုပ်တစ်အုပ်ကိုရေးသားခဲ့ပြီး ဇစ်-အီ အစ်ခ်ဟာနီ(Zīj-i Īlkhānī)လို့ အမည်ရပါတယ်။ များသောအားဖြင့် ဒီစာအုပ်တွေဟာ သူ့အရင် ထွက်ပေါ်ခဲ့တဲ့ စာအုပ်တွေရဲ့ ရှင်းလင်းချက်တွေ၊ ထပ်ဆင့်ရှင်းလင်းချက်တွေပါပဲ။ သူ့ရဲ့ ပါရှန်းဘာသာစကားနဲ့ရေးထားတဲ့ စာအုပ်တွေကို အာရဗီဘာသာသို့ ပြန်ဆိုခဲ့ပါတယ်။ အဲဒီလိုပြန်ဆိုခဲ့တဲ့အတွက်ကြောင့် နောက်ပိုင်း အစ္စလာမ့်သိပ္ပံလောကရဲ့ မျိုးဆက်တွေပေါ်မှာ အများကြီး လွှမ်းမိုးခဲ့ပြီး၊ အချို့စာအုပ်တွေဟာ ၂၀ ရာစုအထိ အသုံးဝင်လာခဲ့ပါတယ်။

    Iranian stamp for the 700th anniversary of his death
    တူဆီ ကွယ်လွန်ခြင်း နှစ် ၇၀၀ ပြည့်အထိမ်းအမှတ် အီရန်မှ ဂုဏ်ပြုထုတ်ဝေခဲ့သည့် တံဆိပ်ခေါင်း

    ကမ္ဘာဂြိုဟ်နဲ့ပက်သက်တဲ့ သီအိုရီတွေမှာဆိုရင်လည်း တူဆီဟာ အီဂျစ် သိပ္ပံပညာရှင် တော်လမီရဲ့ မဆီလျော်တဲ့ အချက်အလက်တွေကို ပြုပြင် ခဲ့ပါတယ်။ အထူးဖြင့် လေးလံတဲ့ဝတ္ထုပစ္စည်းတွေအတွက် စက်ဝိုင်းပုံရွှေ့လျားမှုနဲ့ ပက်သက်ပြီး အခြေခံစည်းမျဉ်း ချိုးဖောက်မှုတွေပါပဲ။ ဒါတွေကို ပြင်ချင်တဲ့ ရည်ရွယ်ချက်ကြောင့်ပဲ တူဆီဟာ စက်ဝိုင်းနှစ်ခုပါဝင်တဲ့ နက္ခတဗေဒဆိုင်ရာ ပုံစံတစ်ခုကို တီထွင်ခဲ့ပြီး သူထွင်ခဲ့တဲ့အဲဒီပစ္စည်းကို သမိုင်းပညာရှင်တွေက ‘တူဆီစုံတွဲ’ လို့ခေါ်ပါတယ်။ စက်ဝိုင်းအကြီး၊ အသေးနှစ်ခုပါပြီး သူတို့ရဲ့ tangent မျဉ်းတွေကို တစ်ထပ်တည်းကျနေတဲ့ အဲဒီပုံစံကိုအသုံပြုပြီး တော်လမီရဲ့ လက်တီကျုဆိုင်ရာသီအိုရီတွေ၊ လနဲ့ပက်သက်တဲ့ ပုံစံတွေကိုလည်း ပြင်နိုင်ခဲ့ပါတယ်။

    တူဆီဟာ ဒါနဲ့ ပက်သက်ပြီး သူရဲ့တွေ့ရှိချက် ပုံစံတော်တော်များများကို အာရဗီဘာသာ စကားနဲ့ ရေးသားထားတဲ့ အလ်-တက်ဒ်ကီရာ ဖီ အီလ်မ် အလ်-ဟာယာ (Al-Tadhkira fī ‘ilm al-hay’a) ကျမ်းမှာ ဖော်ထုတ်ထားပြီး အဲဒီတွေ့ရှိ ချက်တွေဟာနက္ခတ္တဗေဒ သမိုင်းမှာ အလွန် အရေးပါခဲ့ပါတယ်။ ဒါတင်မကသေးဘဲ သူရဲ့နောက်ပိုင်းမှာ ပေါ်ပေါက်ခဲ့တဲ့ နက္ခတဗေဒပညာရှင်တွေနဲ့ စကြ၀ဠာဗေဒ ပညာရှင်တွေအပေါ်မှာ တူဆီရဲ့ ကမ္ဘာကြီးရွှေ့လျားမှုဆိုင်ရာ တွေ့ရှိချက်တွေဟာ လွှမ်းမိုးခဲ့ပါတယ်။

    တူဆီရေးသားခဲ့တဲ့ ၁၅၀ ကျော်သောစာအုပ်တွေထဲမှာ ရူပဗေဒ၊ ဓာတုဗေဒနဲ့ ဇီဝဗေဒ စာအုပ်တွေလည်း ပါဝင်ခဲ့ပါသေးတယ်။ အစ္စလာမ့်သမိုင်းမှာ အကျော်ကြားဆုံး သိပ္ပံ ပညာရှင်တွေထဲက တစ်ဦးဖြစ်တဲ့ တူဆီဟာ သက္ကရာဇ် ၁၂၇၄ ခုနှစ်မှာ အလ်ကာဇီမီယာ (ယခု အီရတ်နိုင်ငံ ဘဂ္ဂဒတ်မြို့) မှာ ကွယ်လွန်ခဲ့ပါတယ်။ သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ လပေါ်က အချင်း ကီလိုမီတာ ၆၀ ရှိတဲ့ ချိုင့်ခွက်တစ်ခုကို သူ့ရဲ့နာမည်ဖြစ်တဲ့ နာဆီရက်ဒင်(Nasireddin)လို့ အမည်ပေးထားပြီး၊ ၁၉၇၉ ခုနှစ်က ဆိုဗီယက် နက္ခတ္တဗေဒပညာရှင် နီကိုလိုင်း စတီပန်နိုဗစ်ခ်ျ ချာရ်နိုက်(Nikolai Stepanovich Chernykh) တွေ့ရှိခဲ့တဲ့ ဂြိုဟ်ငယ်လေးတစ်ခုကိုလည်း တူဆီ ၁၀၂၆၉ (10269 Tusi) လို့အမည်ပေးခဲ့ပါတယ်။

    10418324_758280350873503_5737806535240894871_n

    အီရန်နိုင်ငံက နည်းပညာတက္ကသိုလ်တစ်ခုနဲ့ အဇာဘိုင်ဂျန်က စူးစမ်းလေ့လာရေးစင်တာတစ်ခုကိုလည်း တူဆီရဲ့အမည်ပေးထားပါသေးတယ်။ ဒါတင်မကေသေးဘဲ ဂူးလ်ဂဲလ်ကလည်း တူဆီရဲ့ ၈၁၂ နှစ်မြောက်မွေးနေ့ ကျရောက်တဲ့ ကာလမှာ Google ရဲ့ အဖွင့်စာမျက်နှာမှာ တူဆီရဲ့ပုံနဲ့ ဂုဏ်ပြုခဲ့ကြောင်းပါ……….

    Ref: Muslim Heritage