News @ M-Media

Blog

  • ဟားမက်စ်အဖွဲ့နှင့် အပစ်ရပ်ပြီးနောက် အလ်အက္ကဆွာဗလီကို အစ္စရေးက ဝင်ရောက်စီးနင်း

    ဟားမက်စ်အဖွဲ့နှင့် အပစ်ရပ်ပြီးနောက် အလ်အက္ကဆွာဗလီကို အစ္စရေးက ဝင်ရောက်စီးနင်း

    မေ ၂၁၊ ၂၀၂၁
    M-Media

    -ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်က ဟားမက်စ်အဖွဲ့နဲ့ အပစ်ရပ်ပြီးပြီးချင်းမှာပဲ အစ္စရေးဟာ ဂျေရုစလင်က အလ်အက္ကဆွာဗလီကို ဝင်ရောက်စီးနင်းပြီး ပါလက်စတိုင်း ဝတ်ပြုသူတွေကို တိုက်ခိုက်ခဲ့ပါတယ်။

    အီဂျစ်ကကြားဝင်ညှိပေးတဲ့ အပစ်ရပ်ရေးသဘောတူညီချက်ကြောင့် ဂါဇာကို အစ္စရေးက ၁၁ ရက်ကြာ လေကြောင်းတိုက်ခိုက်မှုဟာ ဒီကနေ့နေ့လည်ပိုင်းမှာ ရပ်သွားပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ကလေးငယ် ၆၆ ဦးအပါအဝင် ပါလက်စတိုင်း ပြည်သူ ၂၄၃ ဦး သေဆုံးခဲ့ပါတယ်။ ဒဏ်ရာရသူက ထောင်ချီရှိပါတယ်။

    ​စာသင်ကျောင်း ၄၆ ခုနဲ့ မူကြိုကျောင်း ၂ ခု အပါအဝင် ပညာရေးအဆောက်အဦး အနည်းဆုံး ၆၁ ခု၊ ဆေးရုံဆေးခန်းတွေ၊ မီဒီယာနဲ့ လူနေအိမ်တွေအပါအဝင် ဂါဇာက အဆောက်အဦးတော်တော်များများ အစ္စရေးရဲ့ ပစ်မှတ်ထားဖျက်ဆီးမှုကို ခံခဲ့ရပါတယ်။ အိုးမဲ့အိမ်မဲ့ဖြစ်ရတဲ့ ပါလက်စတိုင်းအရေအတွက်က အနည်းဆုံး ၆ သောင်းလောက် ရှိပါတယ်။

    အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှာ ပြီးခဲ့တဲ့ ဧပြီလအတွင်း ပါလက်စတိုင်းနေအိမ်တွေကို ဂျူးအခြေချသူတွေက လုယူသိမ်းပိုက်ခဲ့ပြီးတဲ့နောက် ပါလက်စတိုင်းနဲ့ အစ္စရေးတို့အကြား တင်းမာမှုတွေ မြင့်တက်လာတာပါ။

    ဒီလုယူမှုကို မကျေနပ်တဲ့အတွက် ပါလက်စတိုင်းတွေက ဂျေရုစလင်မှာရှိတဲ့ အလ်အက္ကဆွာဗလီမှာ ထိုင်သပိတ်ပြုလုပ်ခဲ့ပြီး အစ္စရေးတပ်ဖွဲ့က အင်အားသုံးဖြိုခွဲမှုကြောင့် လူ ၇၀၀ လောက် ဒဏ်ရာရခဲ့ပြီးတဲ့နောက် ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ ဟားမက်စ်က ဂါဇာကနေ အစ္စရေးဘက်ကို ဒုံးကျည်တွေနဲ့ မေ ၉ ရက်နေ့မှာ တုန့်ပြန် ပစ်ခတ်ခဲ့ပါတယ်။

    အဲဒီနောက် အစ္စရေးက ဂါဇာကို ၁၁ ရက်ကြာ ဗုံးကြဲခဲ့တာပါ။ အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ အနောက်ဖက်ကမ်းမှာလည်း အစ္စရေးတပ်ဖွဲ့တွေနဲ့ ဂျူးအခြေချနေထိုင်သူတွေရဲ့ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းတွေ သေဆုံးတာ၊ ဒဏ်ရာရတာတွေ ရှိခဲ့ပါတယ်။

    ဟားမက်စ်အဖွဲ့ရဲ့ ဒုံးကျည်တွေကြောင့် အနည်းဆုံး အစ္စရေး ၁၂ ဦး သေဆုံးခဲ့ပြီး ရာနဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။

    အလ်အက္ကဆွာဗလီကို ဝင်စီး

    ဟားမက်စ်နဲ့ အပစ်ရပ်ရေးသဘောတူညီချက်ရပြီး နာရီပိုင်းအကြာမှာပဲ အစ္စရေးတပ်ဖွဲ့တွေက ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်း ဂျေရုစလင်မြို့မှာရှိတဲ့ အလ်အက္ကဆွာဗလီကို ဝင်ရောက်စီးနင်းခဲ့ပါတယ်။

    သောကြာနေ့ ဝတ်ပြုမှုအပြီး ဝတ်ပြုသူတွေ ရှိနေချိန်မှာ မျက်ရည်ယိုဗုံးတွေ၊ မီးခိုးဗုံးတွေ၊ ရာဘာကျည်ဆံတွေနဲ့ ပစ်ခတ်ခဲ့တာလို့ မျက်မြင်ကြုံရသူတွေကို မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • အင်္ဂါဂြိုဟ်၏ ပထမဆုံး မြေပြင်ဓာတ်ပုံကို တရုတ်က ထုတ်ပြ

    အင်္ဂါဂြိုဟ်၏ ပထမဆုံး မြေပြင်ဓာတ်ပုံကို တရုတ်က ထုတ်ပြ

    မေ ၂၀၊ ၂၀၂၁
    M-Media

    အင်္ဂါဂြိုဟ်မြေပြင်ဓာတ်ပုံ

    -အင်္ဂါဂြိုဟ်ဆင်းယာဉ်ငယ်ကနေ ပထမဆုံး ပေးပို့တဲ့ ဓာတ်ပုံကို တရုတ်နိုင်ငံက မနေ့မှာ ထုတ်ပြလိုက်ပါတယ်။

    တရုတ်ရဲ့ အင်္ဂါဂြိုဟ်သွား အာကာယာဉ် Tianwen-1 ကနေ ဂြိုဟ်ဆင်းယာဉ် Zhurong ဟာ စနေနေ့က အင်္ဂါဂြိုဟ်ပေါ်ကို အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ သမိုင်းဝင်အောင်မြင်မှုဖြစ်ပြီး အမေရိကန်ပြီးရင် အင်္ဂါဂြိုဟ်ပေါ် ယာဉ်စေလွှတ်နိုင်တဲ့ ဒုတိယမြောက်နိုင်ငံအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

    Zhurong က ပေးပို့တဲ့ ပထမဆုံးဓာတ်ပုံဟာ အင်္ဂါဂြိုဟ်မြေပြင်ကို ရိုက်ကူးထားတာပါ။ ယာဉ်ငယ်ဟာ အင်္ဂါဂြိုဟ် မြေပြင်နဲ့ လေထုကို ၃ လကြာ လေ့လာစူးစမ်းမှာဖြစ်သလို၊ ဓာတ်ပုံတွေနဲ့ ပထဝီဆိုင်ရာ အချက်အလက်တွေကိုလည်း စုဆောင်းမှာ ဖြစ်ပါတယ်။

    တရုတ်ဟာ အခုနှစ်မကုန်ခင်မှာ အကာသစခန်း ဆောက်လုပ်ပြီးစီးဖို့ ရည်ရွယ်ထားပြီး စခန်းရဲ့ ပထမဆုံးအစိတ်အပိုင်းကို ပြီးခဲ့တဲ့လမှာ အာကာသထဲ လွှတ်တင်နိုင်ခဲ့ပါတယ်။

    Ref: Aljazeera

  • ရုရှား၏ စစ်သုံးရဟတ်ယာဉ်ပြပွဲကို စစ်ကောင်စီအဖွဲ့ဝင် တက်ရောက်မည်

    ရုရှား၏ စစ်သုံးရဟတ်ယာဉ်ပြပွဲကို စစ်ကောင်စီအဖွဲ့ဝင် တက်ရောက်မည်

    မေ ၂၀၊ ၂၀၂၁
    M-Media

    -ရုရှားနိုင်ငံမှာ ပြုလုပ်မယ့် တိုက်ခိုက်ရေးရဟတ်ယာဉ်ပြပွဲကို တက်ရောက်ဖို့ စစ်ကောင်စီရဲ့ လေတပ်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမောင်မောင်ကျော် မော်စကိုကို ရောက်ရှိနေတယ်လို့ သိရပါတယ်။

    HeliRussia လို့အမည်ပေးထားတဲ့ အဲဒီပြပွဲမှာ ရုရှားနိုင်ငံကထုတ်လုပ်တဲ့ စစ်ဖက်သုံး ရဟတ်ယာဥ်တွေကို ပြသမှာဖြစ်ပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်သပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီအပေါ် အမေရိကန်ကပြုလုပ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုစာရင်းထဲမှ ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်လည်း ပါဝင်နေပါတယ်။

    ရုရှားဟာ အာဏာသိမ်းစစ်ကောင်စီကို လူသိရှင်ကြားထောက်ခံထားတဲ့ နိုင်ငံဖြစ်ပြီး နေပြည်တော်မှာ မတ်လ ၂၇ ရက်နေ့က ပြုလုပ်တဲ့ တပ်မတော်နေ့အခမ်းအနားကို ရုရှား ဒုတိယကာကွယ်ရေးဝန်ကြီး အလက်ဇန်းဒါးဖိုမင် တက်ရောက်ခဲ့ပါတယ်။

    မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးခိုင်မာအောင် ဆောင်ရွက်ချင်တယ်လို့လည်း ဖိုမင်က ပြောကြားခဲ့ပါတယ်။

    စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့ သားမက်ဖြစ်သူ စီးပွားရေးလုပ်ငန်းရှင် ဦးတေဇလည်း ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်နဲ့အတူ ပါသွားတယ်လို့ ပြည်တွင်းသတင်းတွေက ဖော်ပြပါတယ်။

    ဒီခရီးစဉ်အတွင်း စစ်လက်နက်ပစ္စည်း ဝယ်ယူရေးအပါအဝင် စီမံကိန်း အခု ၂၀ လောက်အတွက် ဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။

    HeliRussia ပြပွဲတာဝန်ခံက ဧည့်သည်စာရင်းထဲမှာ မြန်မာကိုယ်စားလှယ်အဖွဲ့ မပါဝင်ဘဲ အမှန်တကယ်တက်ရောက်မှာလားဆိုတာ အတည်မပြုနိုင်ဘူးလို့ ပြောကြားခဲ့ပါတယ်။

    Ref: The Star

  • အာဏာသိမ်းစစ်ကောင်စီကို အစ္စရေးက လက်နက် ဆက်ထောက်ပံ့နိုင်ဟု လေ့လာသူများပြော

    အာဏာသိမ်းစစ်ကောင်စီကို အစ္စရေးက လက်နက် ဆက်ထောက်ပံ့နိုင်ဟု လေ့လာသူများပြော

    မေ ၁၈၊ ၂၀၂၁
    M-Media

    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အစ္စရေးသမ္မတ ရူဗင် ရစ်ဗ်လင်

    -အစ္စရေးဟာ စစ်ကောင်စီကို လက်နက်တွေ ဆက်လက်ထောက်ပံ့ဖွယ်ရှိတယ်လို့ လေ့လာဆန်းစစ်သူတွေက ပြီးခဲ့တဲ့တစ်ပတ်မှာ ပြောကြားခဲ့ပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့က အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ ပြည်သူလူထုအပေါ် အကြမ်းဖက်သတ်ဖြတ်မှုတွေ လုပ်ဆောင်နေပြီး မေလလ ၁၈ ရက်နေ့အထိ သေဆုံးသူ ၈၀၀ ကျော်ရှိနေကာ၊ ဒဏ်ရာရသူနဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူ ထောင်ချီ ရှိနေပါတယ်။

    ဒီလိုအကြမ်းဖက်မှုတွေကြောင့် စစ်ကောင်စီကို လက်နက်ပေးပို့ရောင်းချမှု ပိတ်ပင်ရေးအတွက် ကမ္ဘာ့အဖွဲ့အစည်း ၂၀၀ ကျော်က မေလအစောပိုင်းမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို လက်မှတ်ရေးထိုး တောင်းဆိုခဲ့ပါတယ်။

    တောင်းဆိုမှုမှာ ပါဝင်ခဲ့တဲ့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ Amnesty International က မြန်မာစစ်တပ်ကို လက်နက် တပ်ဆေင်ထောက်ပံ့ပေးရာမှာ တရုတ်နဲ့ ရုရှားတို့က အများဆုံးဖြစ်ပြီး၊ အစ္စရေး၊ ယူကရိန်း၊ တူရကီ၊ အိန္ဒိယနဲ့ ဆားဘီးယားတို့လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

    အစ္စရေးဟာ ​မြန်မာစစ်အာဏာရှင်တွေကို အရင်ကတည်းက လက်နက်ခဲယမ်းတွေ ထောက်ပံ့တာ၊ စစ်ဖက်ဆိုင်ရာ အကူအညီပေးတာတွေ လုပ်ခဲ့တာပါ။ ဖရီးဂိတ်သင်္ဘောတွေ၊ လက်နက်တပ်ယာဉ်တွေကိုလည်း ရောင်းချခဲ့ပါတယ်။ Amnesty International က အစ္စရေးဟာ စစ်ကောင်စီတပ်ကို လက်နက်ဆက်ရောင်းတာမျိုး ရှိနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    လက်ရှိ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ၂၀၁၅ ခုနှစ် စက်တင်ဘာတုန်းက အစ္စရေးကို သွားရောက်ခဲ့ပြီး လက်နက်စက်ရုံတွေ၊ ရေတပ်၊ လေတပ်စခန်းတွေကို သွားရောက်ကြည်ရှုကာ စစ်ဖက်ဆိုင်ရာ နားလည်မှုစာချွန်လွှာတွေကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

    ရိုဟင်ဂျာတွေကို စစ်တပ်က အစုအလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်ပြီးတဲ့နောက်ပိုင်း ၂၀၁၆ ခုနှစ် ဒီဇင်ဘာမှာ လူ့အခွင့်အရေးအဖွဲ့တွေက မြန်မာစစ်တပ်ကို လက်နက်မရောင်းဖို့ အစ္စရေးလက်နက်တင်ပို့မှုဌာန အကြီးအကဲကို တောင်းဆိုခဲ့ပေမယ့် သူက ပယ်ချခဲ့ပြီး မြန်မာစစ်တပ်ကို လက်နက်ဆက်ရောင်းနေလားဆိုတာ လျှို့ဝှက်ချက်ဖြစ်တဲ့အတွက် ထုတ်မပြောနိုင်ဘူးလို့ ဆိုပါတယ်။

    ပြည်သူလူထုအပေါ် ညှင်းပမ်းနှိပ်စက်မှု၊ တိုင်းရင်းသားတွေအပေါ် ကျူးလွန်မှုကြောင့် အရင်စစ်အာဏာရှင်လက်ထက် အနောက်နိုင်ငံတွေက လက်နက်ရောင်းချမှု ပိတ်ပင်ထားတဲ့အချိန်မှာ မြန်မာစစ်ခေါင်းဆောင်တွေဟာ အစ္စရေးထံကနေ လက်နက်တွေ ဝယ်ယူခဲ့တယ်လို့ အစ္စရေးဆိုင်ရာ မြန်မာသံအမတ်က ၂၀၁၇ ခုနှစ် နိုဝင်ဘာလ အစ္စရေးစစ်တပ်ရေဒီယိုနဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။ အစ္စရေးဟာ သူတို့လက်နက်တွေအသုံးပြုမှုအတွက် ကန့်သတ်ချက်တွေ မလုပ်ပေးထားဘူးလို့လည်း သူက ဆိုပါတယ်။

    ဒီသတင်းကြောင့် ဖိအားတွေများလာပြီးတဲ့နောက်ပိုင်း အစ္စရေး လက်နက်ကုမ္ပဏီတွေက ၂၀၁၈ ခုနှစ် အစောပိုင်းမှာ မြန်မာနိုင်ငံနဲ့ ဆက်သွယ်ဆောင်ရွက်မှုတွေကို ရပ်ဆိုင်းခဲ့ပါတယ်။

    ဒါပေမယ့် အဲဒီနောက်ပိုင်းမှာလည်း အစ္စရေးစစ်တပ်နဲ့ မြန်မာစစ်သံမှူးဟာ အဆက်အသွယ် ပြုလုပ်နေဆဲဖြစ်တယ်လို့ အစ္စရေးရုပ်သံ Israeli Public Broadcasting က ဂျာနယ်လစ် ဂီလီကိုဟင်က ၂၀၁၈ ခုနှစ် ဇူလိုင်လမှာ ဖော်ထုတ်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဇွန်လ ၄ ရက်နေ့ တယ်အဗီးမြို့က လက်နက်ပြပွဲတစ်ခုကို မြန်မာစစ်တပ်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တာကိုလည်း ကိုဟင်က ထပ်မံဖော်ထုတ်ခဲ့ပါတယ်။

    အစ္စရေးဟာ ရဝမ်ဒါမှာ လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်တဲ့ အစိုးရ၊ ဂွာတီမာလာမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကိုကျူးလွန်တဲ့ စစ်အာဏာရှင်၊ ဘော့စနီးယားစစ်ပွဲမှာ စစ်ရာဇဝတ်မှုကျူးလွန်တဲ့ ဆားဘီးယားအစိုးရတို့ကို လက်နက်ထောက်ပံ့မှုနဲ့ အခြားကူညီမှုတွေ လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ သတင်းဆိုးတွေ ထွက်ဖူးပါတယ်။

    ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်က ရွေးကောက်ပွဲအနိုင်ရအစိုးရကို ဖြုတ်ချအာဏာသိမ်းပြီး၊ နိုင်ငံတစ်ဝှမ်း အကြမ်းဖက်သတ်ဖြတ်မှုတွေ ကျူးလွန်နေတာကိုလည်း အစ္စရေးက ထိထိရောက်ရောက် ဝေဖန်ရှုတ်ချတာမျိုး မလုပ်ခဲ့ပါဘူး။

    Ref: Amnesty International, 972mag

  • လူနေအိမ်များကို အစ္စရေးက တိုက်ခိုက်မှုကြောင့် ဂါဇာတွင် အိုးမဲ့အိမ်မဲ့ဖြစ်သူ ၅ သောင်းကျော်ပြီ

    လူနေအိမ်များကို အစ္စရေးက တိုက်ခိုက်မှုကြောင့် ဂါဇာတွင် အိုးမဲ့အိမ်မဲ့ဖြစ်သူ ၅ သောင်းကျော်ပြီ

    မေ ၁၈၊ ၂၀၂၁
    M-Media

    -ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်မှာ အစ္စရေးရဲ့ လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် အဆောက်အဦး ၄၅၀ လောက် ပျက်ဆီးခဲ့ပြီး လူပေါင်း ၅၈၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

    အိုးမဲ့အိမ်မဲ့ဖြစ်သွားသူတွေထဲက ၄၇၀၀၀ လောက်ဟာ ကုလက ဆောက်ပေးထားတဲ့ စာသင်ကျောင်းတွေမှာ ခိုလှုံနေရတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအဖွဲ့ (OCHA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျန်လယ်ရာကီက ဆိုပါတယ်။

    ဖျက်ဆီးခံရတဲ့ အဆောက်အဦး ၄၅၀ ထဲမှာ ဆေးရုံ ၆ ရုံ၊ အခြေခံကျန်းမာရေးစောင့်ရှောက်မှုဌာန ၉ ခုလည်း ပါဝင်ပါတယ်။ ဆေးဘက်ဆိုင်ရာပစ္စည်းတွေကို ထုတ်လုပ်ပေးနေတဲ့ ဂါဇာရဲ့ တစ်ခုတည်းသော သရီးဒီပရင်တာ Tashkeel3D ကိုလည်း အစ္စရေးက ဖျက်ဆီးခဲ့ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ် တနင်္လာနေ့ကစတင်ပြီး ပြုလုပ်ခဲ့တဲ့ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် က​လေးငယ် ၆၁ ဦး အပါအဝင် အနည်းဆုံး ပါလက်စတိုင်းပြည်သူ ၂၁၃ ဦး သေဆုံးပြီ ဖြစ်ပါတယ်။ ဒဏ်ရာရသူ အရေအတွက်ကလည်း ၁၅၀၀ လောက် ရှိနေပါတယ်။

    ပါလက်စတိုင်းတော်လှန်ရေးအဖွဲ့ ဟားမက်စ်ရဲ့ ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေး ၂ ဦး အပါအဝင် အစ္စရေး ၁၂ ဦး သေဆုံးပြီး အနည်းဆုံး ၃၀၀ လောက် ဒဏ်ရာရခဲ့ပါတယ်။

    အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှာ ပြီးခဲ့တဲ့ ဧပြီလအတွင်း ပါလက်စတိုင်းနေအိမ်တွေကို ဂျူးအခြေချသူတွေက လုယူသိမ်းပိုက်ခဲ့ပြီးတဲ့နောက် ပါလက်စတိုင်းနဲ့ အစ္စရေးတို့အကြား တင်းမာမှုတွေ မြင့်တက်လာတာပါ။

    ဒီလုယူမှုကို မကျေနပ်တဲ့အတွက် ပါလက်စတိုင်းတွေက ဂျေရုစလင်မှာရှိတဲ့ အလ်အက္ကဆွာဗလီမှာ ထိုင်သပိတ်ပြုလုပ်ခဲ့ပြီး အစ္စရေးတပ်ဖွဲ့က အင်အားသုံးဖြိုခွဲမှုကြောင့် လူ ၇၀၀ လောက် ဒဏ်ရာရခဲ့ပြီးတဲ့နောက် ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ ဟားမက်စ်က ဂါဇာကနေ အစ္စရေးဘက်ကို ဒုံးကျည်တွေနဲ့ ပြီးခဲ့တဲ့တစ်ပတ် တနင်္လာနေ့မှာ တုန့်ပြန် ပစ်ခတ်ခဲ့ပါတယ်။

    အစ္စရေးက ပိတ်ဆို့ထားတဲ့ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှာလည်း ဂျူးအခြေချနေထိုင်သူတွေက နေအိမ်တွေလုယူမှုကို မကျေနပ်တဲ့အတွက် ပါလက်စတိုင်းတွေ ဆန္ဒပြနေပြီး အစ္စရေးလုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်ကြောင့် သေဆုံးဒဏ်ရာရသူ တော်တော်များများ ရှိနေပါတယ်။

    Ref: Aljazeera