ဇန်န၀ါရီ ၂၂၊ ၂၀၁၄
M-Media
– Pirates of the Caribbean ရုပ်ရှင်များတွင် ပါဝင်သရုပ်ဆောင်ခဲ့သူ ဟောလီးဝုဒ် နာမည်ကျော်မင်းသား ဂျော်နီဒပ်မှာ၊ မင်းသမီး အမ်ဘာဟီးယာ့ဒ်နှင့် လက်ထပ်တော့မည်ဟု အမေရိကန် လူမှုမဂ္ဂဇင်း People က ရေးသားဖော်ပြခဲ့သည်။
သို့သော်လည်း သတင်းရင်းမြစ်ကိုမူ အဆိုပါ မဂ္ဂဇင်းက ထုတ်ဖော် ရေးသားခြင်း မပြုခဲ့ဘဲ ဂျော်နီဒပ်နှင့် ဟီးယာ့ဒ်တို့၏ ကိုယ်စားလှယ်များကလည်း ထိုသတင်းအား အတည်ပြုခြင်း မရှိသေးပေ။
အသက် ၅၀ အရွယ်ရှိပြီဖြစ်သည့် ဂျော်နီဒပ်မှာ ၁၉၈၃ ခုနှစ်က လိုရီ အန်နီ အလီဆန်ဖြင့် လက်ထပ်ခဲ့ပြီး ၎င်းတို့၏ အိမ်ထောင်ရေးမှာ ၂-နှစ်သာ ကြာခဲ့သည်။ နောက်ပိုင်းတွင် ဂျော်နီဒပ်မှာ မင်းသမီး ၀ီနိုနာ ရိုက်ဒါနှင့် ဗြိတိန်မော်ဒယ် ကိတ်မော့စ် တို့နှင့်လည်း တွဲခဲ့သည်။ ထို့ပြင် ပြင်သစ် အဆိုတော် မင်းသမီး ဗန်နက်ဆာ ပါရာဒစ်နှင့် ဂျော်နီဒပ်တို့၏ ဆက်ဆံရေးမှာ ၁၄-နှစ်ကြာခဲ့ပြီး လက်မထပ်ခဲ့ သော်လည်း ကလေးနှစ်ယောက် ထွန်းကားခဲ့သည်။
၂၀၁၂ ခုနှစ်တွင် ဗန်နက်ဆာနှင့် တရားဝင် လမ်းခွဲခဲ့ပြီးနောက် ဂျော်နီဒပ်မှာ အသက် ၂၇-နှစ်အရွယ် မင်းသမီး အမ်ဘာဟီးယာ့ဒ် နှင့် တွဲနေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ အမ်ဘာမှာ Zombieland ရုပ်ရှင်ဖြင့် နာမည် ကျော်ခဲ့သူဖြစ်ပြီး The Rum Diary ဇာတ်ကားတွင် ဂျောနီဒပ်နှင့် အတူတွဲ၍ သရုပ်ဆောင်ခဲ့သူ ဖြစ်သည်။ ထို့ပြင် ၎င်းတို့နှစ်ဦး အတူတွဲ၍ သရုပ်ဆောင်ထားသည့် London Fields ဇာတ်ကားမှာလည်း မကြာခင် ပြသတော့မည် ဖြစ်သည်။
Ref : ChannelNewsAsia