News @ M-Media
Blog
  • ပုဒ်မ(၁၈)အပါအဝင် ဒီမိုကရေစီ စနစ်နှင့်မကိုက်ညီသည့် ဥပဒေများ ပယ်ဖျက်ပေးရန်အတွက် ၈၈မျိုးဆက်နှင့် အဖွဲ့ ၆၀ ဆန္ဒထုတ်ဖော်
    ပုဒ်မ(၁၈)အပါအဝင် ဒီမိုကရေစီ စနစ်နှင့်မကိုက်ညီသည့် ဥပဒေများ ပယ်ဖျက်ပေးရန်အတွက် ၈၈မျိုးဆက်နှင့် အဖွဲ့ ၆၀ ဆန္ဒထုတ်ဖော်
    ဇန်နဝါရီ ၆၊ ၂၀၁၄
    M-Media
    A.N.Lay
    1484086_621831741187786_1726760947_n
    ရန်ကုန် ။        ။      ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ပုဂ္ဂိုလ်များ ပထမဆုံး ပါဝင်သည့ှ်ဆန္ဒပြပွဲတွင် ပုဒ်မ (၁၈) အပါအဝင် ဒီမိုကရေစီစနစ်နှင့် မကိုက်ညီသည့် ဥပဒေများကို ဖျက်သိမ်းပေးရေး ဆန္ဒထုတ်ဖော် တောင်းဆိုပွဲကို ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးဆောင်၍ ဇန်နဝါရီ ၅ ရက်နေ့တွင် ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံဘေး၊ ဧမာနွေလ ဘူးရားကျောင်းရှေ့တွင်ပြုလုပ်ခဲ့ပါတယ်။
    အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် အချက်သုံးချက်ပါ သဘောထားကြေညာချက် ထုတ်ပြန်ခဲ့ရာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ဖော်ဆောင်မှုများ၊ နိုင်ငံသားတို့ မှုလအခွင့်အရေးများနှင့် နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်းအရ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်း လှည့်လည်ခွင့်သည် နိုင်ငံသားများ အားလုံးအတွက် အာမခံချက်ရှိသော အခွင့်အရေးဖြစ်သဖြင့် ဒီမိုကရေစီ နိုင်ငံတော်နှင့် မသင့်လျော်ဘဲ ပြည်သူလူထုအပေါ် နိုင်ငံရေး အရ တဖက်သတ် ဖိနှိပ် ချူပ်ချယ်မှုများအား မပြုလုပ်ရန်များ ဒီမိုကရေစီ နိုင်ငံတော်နှင့် မသင့်လျော်ဘဲ ပြည်သူလူထု အပေါ် နိုင်ငံရေးအရ တဖက်သတ် ဖိနှိပ်ချုပ်ချယ်သောဥပဒေများအား ပြင်ဆင်ရန်နှင့် မကိုက်ညီသည်များကို ဖျက်သိမ်းပေးရန် တောင်းဆိုခဲ့ပြီး ခြွင်းချက်မရှိလွှတ်ပေးရန်၊ တရားစွဲဆိုဆဲ အမှုများအား ပလပ် ဖျက်သိမ်းပေးရန်နှင့် ထပ်မံဖမ်းဆီးအရေးယူမှုများ မပြုလုပ်ရန် တောင်းဆိုခဲ့သည်။
    “အဓိက ရည်ရွယ်ချက်ကတော့ ပုဒ်မ ၁၈ ကို ဖျက်သိမ်းဖို့တင်မဟုတ်ပါဘူး နိုင်ငံရေး အကျဉ်းသားတွေအားလုံး လွတ်မြောက်ဖို့၊ ဒီမိုကရေစီ ခေတ်စနစ်နဲ့ မကိုက်ညီတဲ့ ဥပဒေတွေ၊ လူ့အခွင့်အရေးချိုးဖောက်တဲ့ ဥပဒေတွေကို ဖျက်သိမ်းပေးဖို့၊ ဘာလို့လဲဆိုတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွေက စစ်အစိုးရ လက်ထက်မှာ မြစ်ဖျားခံခဲ့ရတယ်။ စစ်အစိုးရလက်ထက်မှာ သူတို့ အာဏာတည်မြဲဖို့သူတို့ လိုသလို ဆွဲထားတဲ့ပုဒ်မတွေဟာ ဒီဘက် အစိုးရ လက်ထက် မှာ မရှိသင့်တော့ဘူး။ အဲ့ဒါကို ပြည်သူတွေသိစေချင်လို့ ကျနော်တို့ ဆန္ဒပြရခြင်း ဖြစ်ပါတယ်လို့ ဦးဆောင်သူတစ်ဦးဖြစ်သည့် ဦးမာကီးမှ ပြောကြားခဲ့ ပါတယ်။
    “နိုင်ငံသားအခွင့်အရေးအပြည့်အဝပေး” နိုင်ငံရေးအရ ဖိနှိပ်ဖမ်းဆီးမှု ချက်ချင်းရပ်” Freedom” ဟူသော စာသားများကို ဟစ်အော်ပြီး ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြပါတယ်။
    အဆိုပါဆန္ဒထုတ်ဖော်မှုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဟံသာဝတီ ဦးဝင်းတင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးခိုင်မောင်ရည်နှင့် ဒေါ်ဖြူဖြူသင်းတို့ အပါအဝင် လူမှုအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ ပါဝင်ခဲ့ကြပြီး ၎င်းဆန္ဒထုတ်ဖော်မှုတွင် ၈၈ မျိုးဆက်များ အပါအဝင် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ပုဂ္ဂိုလ်များအပါအဝင် စုစုပေါင်း အင်အား ၅၀၀ ကျော်ဆန္ဒထုတ်ဖော်ခဲ့ထုတ်ဖော်ခဲ့ပါတယ်။
  • “ မောင်သော်က ပြောတဲ့ လွတ်လပ်ရေးနေ့ အကြောင်း”
    လွတ်လပ်ရေးရပြီး နာရီပိုင်းအတွင်း အချုပ်ကျခဲ့သူ ၊ လွတ်လပ်ရေးနေ့ ဂုဏ်ပြု တပ်ဖွဲ့မှာ ပါဝင်ခဲ့သူ “ မောင်သော်က ပြောတဲ့ လွတ်လပ်ရေးနေ့အကြောင်း”
    ရေးသူ- မောင်သော်က
    mg taw ka 2
    ကျွန်တော်က မြန်မာ့လွတ်လပ်ရေးလှုပ်ရှားမှုသမိုင်းမှာ အရေးကြီးတဲ့အခန်းက ပါဝင်ခွင့်မရခဲ့ပေမယ့် သမိုင်းမှာရစ်သီရစ်သီတော့ပါခဲ့တာချည်းပဲ။ လွတ်လပ်ရေးရတဲ့အချိန်မှာတော့ အနီးကပ်ပါခွင့်ရခဲ့တယ်။ ဘယ်လောက်နီးနီး ကပ်ကပ်ပါခဲ့လို့လဲ။ ကိုက်ငါးဆယ်လောက် နီးကပ်တဲ့နေရာကပါခဲ့တယ်။
    ဒီလိုဗျ၊ လွတ်လပ်ရေးမရခင်အချိန်လေးမှာ ကျွန်တော်က တပ်ထဲရောက်နေပြီ တပ်သားကလေးပေါ့ဗျာ။ မြန်မာပြည်ဘုရင့်ရေတပ်မတော် အရံတပ်ဖွဲ့လို့ ခေါ်တဲ့တပ်မှာပေါ့။ (Burma Royal Navy Volunteer Reserve)လို့ခေါ်တယ်။ နံပြားဦးထုပ်ခေါ်တဲ့ ရေတပ်သားဦးထုပ်မှာ (BURMA R.N.V.R) ဆိုတဲ့ ရွှေချည်ထိုး စာလုံးထိုးထားတယ်။
    အဲဒါ ကျုပ်တို့လည်းတပ်ထဲရောက်ကရော စစ်ရေးပြကွင်းထဲမှာ တစ်နေကုန် စစ်ရေးပြလေ့ကျင့်ရတော့တာပဲဗျို့။ လူကို ချွေးဒီးဒီးကျပြီး ဖတ်ဖတ်မောရော။ ဒီလောက် တောင် စစ်ရေးပြကွင်းမှာ အမောင်းခံတဲ့ အကြောင်းက ၁၉၄၈ ဇန်န၀ါရီ ၄ ရက်နေ့မှာ ကျုပ်တို့က ဂုဏ်ပြုတပ်ဖွဲ့ အနေနဲ့ ပါရမယ်။ ခုဝန်ကြီးများရုံးလို့ခေါ်တဲ့ အတွင်းဝန်ရုံး အတွင်းမှာပေါ့။ ကျုပ်တို့ တပ် ဖြစ်တဲ့ ရတနာပုံရေတပ်စခန်းက ယခင်စိန်ပေါလ်ကျောင်းခေါ်တဲ့ ကျောင်းတွင်းမှာ တပ်စွဲထားတုန်း ရှိသေးတယ်။
    အဲဒီနေ့နံနက် ၄နာရီ မိနစ် ၂၀ မှာ နှစ်ပေါင်း တစ်ရာကျော် မြန်မာ့မြေပေါ်မှာ လွှင့်ထူခဲ့တဲ့ ဗြိတိသျှတို့ရဲ့ ယူနီယံဂျက်အလံကို ဆွဲချပြီး ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံအလံတော်ကို ပထမဆုံးလွှင့်တင်မယ်။ အဲဒီအခမ်းအနားရဲ့ ဂုဏ်ပြုတပ်ဖွဲ့မှာ ကျုပ်တို့ပါခဲ့ရတယ်။ အလံကိုင်နဲ့ ကျုပ်တို့တပ်ဖွဲ့ဟာ ကိုက်ငါးဆယ်လောက်ပဲဝေးပါတယ်။
    ၁၉နှစ်သား လူငယ်တစ်ယောက် အနေနဲ့ဘယ်လို ခံစားရ မလဲ။ မြန်မာပြည်ရဲ့ နောက်ဆုံးဘုရင်ခံ ဆာဟူးဘတ်ရန့်စ်လည်းရှိနေတယ်။ ရန်ကုန်ဆိပ်ကမ်းတွင်းမှာ အလံနှင့်တကွ သူ ပြည်တော်ပြန်ဖို့ ဘာကင်ဟမ် စစ်သင်္ဘောကြီးကလည်း အသင့်စောင့်နေတယ်။ ကျုပ်ကချာတိတ်ပါ။ ဒါပေမယ့် သေနတ်မြှောက် အလေးပြုနေတဲ့အခိုက်မှာ ဘင်ခရာအဖွဲ့ က ဂေါ့ဆေ့ဗ်သကင်း (God Save The King) သီချင်းတီးမှုတ်ပြီး ဗြိတိသျှအလံကို တစ်ဖြည်းဖြည်းဆွဲချည်နေတော့ ကျုပ်ရင်ထဲမှာ တစ်မျိုးကြီးပဲဗျာ။ သက်ဆိုင်သူ ဆာဟူးဘတ်ရန့်စ်ဆို ဘယ်လိုခံစားရမယ် မသိဘူး။ ဗြိတိသျှအင်ပါယာ နေ၀င်စပြုပြီ လို့ပဲ ကျုပ်ခံစားမိတယ်။
    နောက်ပြီး သေနတ်ထမ်း၊ ဟိုတုန်းကတော့ အင်္ဂလိပ်လို (Shoulder Arm) လို့ပဲ အမိန့်ပေးတယ်။ ဆာဟူးဘတ့်ရန့်စ်လက်ကို ယူနီယံဂျက်အလံပေးအပ်လိုက်တယ်။ အင်္ဂလိပ်အလံကို ဘာကင်ဟမ် စစ်သင်္ဘောက ရေတပ်သားတွေဆွဲချ တယ်။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံကို ဗမာ့ရေတပ်မတော်သားများက လွှင့်ထူတယ်။ လွှင့်တင်တဲ့ ရေတပ်သားကတော့ ကျွန်တော်မှတ်ထားတာ မလွဲရင် တပ်ကြပ်ကြီး အချက်ပြ စောဂွမ်စိန်ပါ။ နောင်တော့ ဗိုလ်ကြီးစောဂွမ်စိန်ဖြစ်လာတယ်။
    ကမ္ဘာမကြေတီးပြီး မြန်မာ့အလံကို ဆွဲတင်တဲ့အခါမှာ ကျွန်တော်တို့ က သေနတ်မြှောက်အလေးပြု (Present Arm) အနေအထားမှာနေရတယ်။ ကျွန်တော့်ရင်ထဲမှာ ဖော်မပြနိုင်တဲ့ ကြည်နူးမှုနဲ့ ရင်တသိမ့်သိမ့်တုန်ပြီး အလေးပြုရင်း မျက်ရည်တွေတွေ ကျမိတယ်ဗျာ။
    မြန်မာပြည်ရဲ့ ပထမဆုံးသမ္မတကြီး စပ်ရွှေသိုက်က မိန့်ခွန်းမြွတ်ကြားတယ်။ ကျွန်တော်တော့ ရင်ဝယ်တသိမ့်သိမ့် ခံစားနေရလို့ ဘာတွေပြောသွားမှန်းတောင် မသိလိုက်ပါဘူး။ အခမ်းအနားပြီးတာနဲ့ စစ်ကြောင်းပုံပြု ချီတက်ပြီး တပ်ပြန်ခဲ့ကြတယ်။ လွတ်လပ်တဲ့ ဗမာ့ရေတပ်မတော်အနေနဲ့ စစ်ချီလမ်းလျှောက်ရတာ အရသာရှိလိုက်တာဗျာ။
    တပ်ရောက်တော့ မိုးတောင်ကောင်းကောင်းမလင်းတတ်သေးဘူး။ ဝေလီဝေလင်းမှာ စပယ်ရှယ် ရမ် ရာရှင်ဝေတယ်ဗျာ။ သောက်ကြတာပေါ့။ ကောင်းတာတော့ မပြောနဲ့၊ နံ့သာပုငှက်ပျောသီးနံ့ကသင်းနေသေးတယ်။ သောက်ပြီး ပျော်လွန်းအားကြီးလို့ သေနတ်တွေ မိုးပေါ်ထောင်ဖောက်ကြတယ်။ ဗလာကျည် မဟုတ်ဘူးဗျ။ ထိပ်ဖူးနဲ့ကျည်တွေကိုဖောက်ကြတာ။ ကင်းရုံက ကင်းသမားတွေလည်းပါတယ်။ ကင်းမှူးကဆိုခြောက်လုံးပြူးကို တဒိုင်းဒိုင်း ဖောက်တော့တာပဲ။
    လွတ်လပ်ရေးရတာ ပျော်လို့ပေါ့ဗျာ။ ဒါမှမဟုတ် လွတ်လပ်ရေး သမိုင်းတစ်လျှောက်မှာ ပါဝင်ခဲ့ကြတဲ့ အသက်ပေးခဲ့ကြတဲ့ အာဇာနည်များကို ဂုဏ်ပြုတဲ့အနေနဲ့ပေါ့ဗျာ။ ဘယ်သူ့အမိန့်မှ မရဘဲ ဖောက်ကြတာ။ အဲဒါ ဘယ်သူ့ကျည်ဆံကသွားမှန်သလဲတော့မသိဘူးဗျာ။ ကောင်းကင်ဓာတ်မီးကြိုးထိပြီး ပြတ်ကျသွားလို့ တပ်ဝန်းတစ်ခုလုံး မှောင်အတိကျသွားတော့တယ်။
    ဘာဖြစ်ရမလဲ။ တာဝန်မှူးထွက်လာပြီး သေနတ်ဖောက်တဲ့ အကောင်တွေ အားလုံးကို ကွာတားဂတ်ခေါ်တဲ့ အချုပ်ခန်းထဲသွင်းတော့တာပေါ့။ နံနက် ခြောက်နာရီလောက်မှာ ကွာတားဂတ်ထဲ လူနှစ်ဆယ်လောက် ပြည့်သွားတာပဲ။ဘယ်နေလိမ့်မလဲပါတာပေါ့။ ကျုပ်လက်ထဲမှာ ယမ်းငွေ့တလူလူ ထွက်နေတဲ့ ရိုင်ဖယ်ကြီးနဲ့ လက်ပူး လက်ကြပ်ကို မိတာပါပဲဗျာ။ ဒါကြောင့် မြန်မာပြည်လွတ်လပ်ရေးရလျှင်ရချင်း လွတ်လပ်ရေးရ တာ ပျော်လို့ အချုပ်ခံခဲ့ရသူဟာ ကျွန်တော်ပါပဲ။ လွတ်လပ်ရေးရပြီး နှစ်နာရီ အတွင်းမှာ အချုပ်ခန်းထဲ ရောက်ခဲ့ရပါတယ်။
    တာဝန်မှူးကတော့ သူ့တာဝန်သူ ဆောင်ရွက်တာပေါ့ဗျာ။ နောက် ၁၀ နာရီလောက်မှာ ဗိုလ်မှူးသန်းဖေ ( ဗိုလ်ချုပ်သန်းဖေကွယ်လွန်) ရောက်လာပြီး ‘ ဟေ့ ဟိုခွေးမသားလေးတွေ လွတ်လပ်ရေးရတာနဲ့ မင်းတို့က ဘာလို့ သေနတ်ဖောက်ရတာလဲ။ ငါ နရင်းတီးလိုက်ရ သွားချေးယိုးဒယား ကသွားရော့မယ်။ အခု အချုပ်ခန်းထဲကထွက်၊ မက်စ်မှာ ရမ်ဝေနေတယ်။ သွားသောက်ကြ၊ မူးပြီးသေနတ်လည်း မဖောက်ကြနဲ့ဦး’ လို့ပြောပြီး အချုပ်ကလွှတ်လိုက်တယ်။
    ရုံးတင်ပြီး အရေးလည်းမယူခဲ့ဘူး။ သူအားရပါးရဆဲပြီးရင် ပြီးတာပါပဲ။ အဲဒီ အဘိုးကြီးကျေးဇူး ကျွန်တော့် အပေါ်မှာ အများကြီးရှိပါတယ်။ ဒါ့ကြောင့် လွတ်လပ်ရေးနေ့ ရောက်ရင် ကျွန်တော် ငိုချင်တယ်လို့ ပြောတာပါ။ အဲဒါထက်ထူးခြားတာက နောက်ပိုင်းများမှာ နိုင်ငံခြားတိုင်းပြည်ရောက်နေတဲ့ အခိုက် လွတ်လပ်ရေးနေ့နဲ့များ ကြုံကြိုက်ရင် ကိုယ့်တိုင်းပြည်သိပ်လွမ်းမိ တယ်။ နိုင်ငံခြားရောက် မြန်မာများကလည်း အဲဒီနေ့မှာ စုစုဝေးဝေး ကျင်းပကြတယ်။
    ဘယ်သူ့ကိုလိုနီမှ မဖြစ်ခဲ့ဖူးရင် လွတ်လပ်ရေးနေ့ဆိုတာ မရှိနိုင်ဘူး။ အင်္ဂလိပ်လွတ်လပ်ရေးနေ့မရှိ၊ ပြင်သစ်မှာလည်း လွတ်လပ်ရေးနေ့ မရှိဘူး၊ ကိုလိုနီမဖြစ်ခဲ့ဖူးရင် အချုပ်အခြာအာဏာရဲ့ အရသာကို မသိနိုင်ဘူး။
    မှတ်ချက်။ ။
    ပန်မဂ္ဂဇင်း ဇန်န၀ါရီလ ၁၉၈၈
    မောင်သော်က၏ ညနေခင်းများ စာစုမှ ပြန်လည်ကောက်နုတ်တင်ပြထားတာပါ။
    (ပီတာအောင်) ဇန်န၀ါရီလ ၄ ရက် ၂၀၁၄
    ဟစ်တိုင်မှ တဆင့် ကူးယူဖော်ပြပါသည်။
    မူရင်းလင့် =>http://www.hittai.org/?show=rm&fileid=195&t=home7&id=7
    =======================
    သရော်စာ အရေးကောင်းသူ စာရေးဆရာ မောင်သော်က (ခ) ဗိုလ်မှူးဘသော် (ရေ)(ခ) နူရ်းမာမက် သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် စတင်ဖွဲ့စည်းတည်တောင်ခဲ့သူများတွင် တစ်ဦး အပါအဝင်ဖြစ်ပြီး ဗဟိုကော်မတီ ပါတီဝင်တဦးအဖြစ်လဲ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
    စာရေးဆရာ မောင်သော်က အကြောင်းပိုစ်များ ဖတ်လိုလျှင် http://www.m-mediagroup.com/news/tag/mgthawka
  • မလေးရှား စာပေဟောပြောပွဲတွင် စာရေးဆရာ ညီမင်းညို ပြောကြားမှု ကောက်နှုတ်ချက် (ရုပ်သံ)
    မလေးရှား စာပေဟောပြောပွဲတွင် စာရေးဆရာ ညီမင်းညို ပြောကြားမှု ကောက်နှုတ်ချက် (ရုပ်သံ)
    ဇန်နဝါရီ ၅ ၊ ၂၀၁၃
    M-Media
    ဇန်နဝါရီ ၁ ရက်နေ့က မလေးရှားနိုင်ငံ  ကွာလာလမ်ပူမြိုမှာပြုလုပ်ခဲ့တဲ့ သတ္တမအကြိမ်မြောက် စာပေဟောပြောပွဲတွင် စာရေးဆရာ ညီမင်းညိုရဲ့ ဟောကြားချက်မှ ကောက်နှုတ်ချက် ရုပ်သံ မှတ်တမ်း အပိုင်းတခုဖြစ်ပါသည်။
    လူတယောက်နှင့် တယောက် တိုက်မိတာ ဖြစ်တတ်ပါလား ?
    တယောက်နှင့် တယောက် တွန်းမိ တိုက်မိတာ ဖြစ်နိုင်တယ်။ …
    မိန်းမတယောက် .. ဘာသာခြား .မိန်းတယောက် သည် ကို၇င်လေးတပါးကို တိုက်တယ် …
    အမျိုးသမီးတယောက်က ကိုရင်လေးတပါးကို တိုက်တာ…
    လူတယောက်က လူတယောက်ကို ဝင်တိုက်တာ..
    နာမဝိသေသနတွေ ထည့်လိုက်တော့..
    ဘာသာခြား အမျိုးသမီးတယောက် .. မြန်မာကိုရင်လေးတပါးကို တိုက်လိုက်တဲ့အချိန်မှာ….
    အိမ်အလုံး ၅၀ မီးလောင်သွားတယ်….
    အနောက်မှာ အိမ်အလုံး ၅၀ မီးလောင်သွားတဲ့အချိန် .. အရှေ့က အိမ်အလုံး ၅၀ ကို မိးထက်ရှို့လိုက်တယ်
    အရှေ့နဲ့ အနောက်နဲ့ လောင်တဲ့အချိန်မှာ တောင်နဲ့ မြောက်နဲ့ က အဆင်သင့်…
    အရှေ့အနောက်တောင်မြောက်၊ ဝဲယာ ဆုံပြီဆို ကြားနေကြ အသံ တသံ ခင်ဗျားတို့ကြားရလိမ့်မယ်။
    ” မြန်မာနိုင်ငံဟာ မီးဟုန်းဟုန်းတောက်ပြိး တိုင်းပြည်ဟာ ချောက်ထဲကျဖို့ လက်တလုံးအလိုမှာ ရောက်နေတဲ့အတွက် တပ်မတော်ဟာ အာဏာကို မလိုချင်ပါဘဲနှင့် ….
  • မတရား ဖမ်းဆီးထောင်ချ ခံထားရသည့် ဦးကျော်လှအောင် အကြောင်း တစေ့တစောင်း
    ဇန်နဝါရီ ၅ ၊ ၂၀၁၃
    M-Media
    ဦးကျော်လှအောင် (ရခိုင်-မွတ်စလင်) ၏ ဘဝတစ်လျှောက်တွင် ရင်ဆိုင်ခဲ့ရသည့် မတရားမှု တချို့
    1531642_714673878545566_2069862504_n
    ဦးကျော်လှအောင်သည် စာရေးတစ်ဦးအဖြစ် စစ်တွေခရိုင်တရားမရုံး နှင့် စက်ရှင်တရားသူကြီးရုံးတို့တွင် ၁၉၆၁-ခုနှစ်မှ စတင် အမှုထမ်းဆောင်ခဲ့သည်။ ၁၉၆၅-ခုနှစ်တွင် သူသည် လက်ရေးတို စာရေး တစ်ဦးအဖြစ် တာဝန်ထမ်းဆာင်ခဲ့သည်။ ၁၉၈၃-ခုနှစ်၊ စက်တင်ဘာလ ၇-ရက်နေ့တွင် သူသည် ၎င်းရာထူးမှ အငြိမ်းစား ယူခဲ့ပြီး ၁၉၈၄-ခုနှစ်မှ စတင်ကာ အထက်တန်းရှေ့နေတစ်ဦးအဖြစ် ဆောင်ရွက်ခဲ့သည်။
    ၁၉၈၆ခုနှစ်တွင် တောင်သူလယ်သမားတစ်စု၏ မြေယာသိမ်း အမှုတွင် မြန်မာနိုင်ငံမြေသိမ်းမှု ဥပဒေနှင့်အညီ အသနားခံစာ ရေးသားပေးခဲ့သည်။ ထိုစဉ်က စစ်တွေမြို့၊ ပြည်သူ့ကောင်စီမှ မကျေနပ်၍ ၁၉၈၆-ခုနှစ် သြဂုတ်လ ၂၅-ရက်နေ့တွင် အရေးပေါ်စီမံမှုအက်ဥပဒေ ပုဒ်မ ၅/ည အရ အမှုဖွင့်ပြီး ဖမ်းဆီးချုပ်နှောင်ခံခဲ့ရသည်။
    ပထမဦးဆုံး ဖမ်းဆီးခံရပြီး တိုက်ခန်းတစ်ခုထဲတွင် ပုသိမ်ဆရာတော် နှင့် အတူနေခဲ့ပြီး ပုသိမ်ဆရာတော်မှ တခြား ရခိုင်အကျဉ်းသားများကို ခေါ်ဆောင်၍ ဦးကျော်လှအောင် အား လိုအပ်သည်များ ကူညီဆောင်ရွက် ပေးရန် မိန့်ကြားခဲ့သည်။
    ၎င်းအမှုကို စစ်တွေမြို့နယ်တရားရုံးတွင် ရင်ဆိုင်နေစဉ် (၁၉၈၈ အရေးအခင်းကာလ) ၁၉၈၈ခုနှစ်၊ သြဂုတ်လ ၂၅-ရက်နေ့တွင် စစ်တွေ အကျဉ်းထောင်ထဲရှိ အကျဉ်းသားများ၏ ဆူပူအုံကြွမှုဖြစ်လာခဲ့သည်။ စစ်တွေအကျဉ်းထောင် အုတ်နံရံကို အကျဉ်းသားတချို့မှ ဖောက်ထွင်းခဲ့ပြီး အကျဉ်းထောင်အာဏာပိုင် များမှ အကျဉ်းသား တချို့ကို သေနတ်ဖြင့် ပစ်ခဲ့သည်အထိ ဖြစ်ခဲ့သည်။ ထိုစဉ်က ဦးကျော်လှအောင် မှာ တိုက်ခန်းငယ်တစ်ခုတွင် တစ်ဦးတည်း နေရသည့် အချိန်ဖြစ်သည်။ ညနေ ၄-နာရီခန့် အချိန်တွင် ကျောင်းသားခေါင်းဆောင်များနှင့် ဒေသခံ လူကြီးတချို့၏ တောင်းဆိုမှုအရ အကျဉ်းသားများကို စနစ် တကျ လွတ်ပေးခဲ့ရသည်။
    ဦးကျော်လှအောင် နှင့် ဦးဘသိန်းခင် (ကန်းတောင်းကြီးမှ ရခိုင် ဗုဒ္ဓဘာသာ တစ်ဦး) တို့ကို ကျောင်းသား လူငယ်တချို့က ညသန်းခေါင် အချိန်တွင် ပုလုပ်တောင်ရပ်ကွက် (ယခု ရဲနွယ်စုရပ်ကွက်)ရှိ ဦးကျော်လှအောင်၏ နေအိမ်သို့ ပို့ပေးခဲ့သည်။ ထိုစဉ်က ဦးကျော်လှအောင် အပေါ် ပုဒ်မ ၅/ည ဖြင့် စွဲဆိုထားသောအမှုမှာ မပြီးပြတ်သေးဘဲ စွဲချက်တင်ထားသော အဆင့်တွင်သာ ရှိသေးသည်။
    အရေးအခင်းကာလအပြီး တရားရုံးများတွင် ပြန်လည် ရုံးထိုင်လာသောအခါ ၎င်း ၅/ည အမှုမှာ စစ်တွေမြို့ ပြည်နယ်တရားရုံးတွင်ရောက်ရှိနေပြီး ၎င်းအမှုကို ဆက်လက်ရင်ဆိုင်ဖြေရှင်းရန် ဦးကျော်လှအောင်မှ ပြည်နယ်တရားသူကြီးအား အကျိုးအကြောင်းပြောပြရာ ၎င်းအမှုတွင် အချုပ်လွှတ်ထုချေခွင့်ပြုထားခဲ့သည်။
    ၁၉၈၉ခုနှစ်တွင် ဦးကျော်လှအောင် နှင့် သူ့လုပ်ဖော်ကိုင်ဖက်တချို့ပူးပေါင်းပြီး မွတ်စလင်မ် လူထုအတွက် တန်းတူအခွင့်အရေးရရှိရေးကို ရှေးရှု့ပြီး အမျိုးသား လူ့အခွင့်အရေး ဒီမိုကရက်တစ်ပါတီကို ထူထောင်၍ ရွေးကောက်ပွဲဝင်ရန်စီစဉ်ခဲ့သည်။ ဦးကျော်လှအောင်သည် ၁၉၉၀ပြည့်နှစ်၊ ရွေးကောက်ပွဲမတိုင်မီ စစ်တွေမြို့ မဲဆန္ဒနယ် အမှတ် (၁)မှ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ရန်စီစဉ်ခဲ့ပြီး မဲဆွယ်နေစဉ်ကာလ ၁၉၉၀-ခုနှစ်၊ ဧပြီလ ၁၀-ရက်နေ့တွင် ထပ်မံ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။
    ၎င်း ရင်ဆိုင်ခဲ့သည့် အရေးပေါ်စီမံမှု အက်ဥပဒေ ပုဒ်မ ၅/ည အပါအဝင် တခြား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၂၄ အရ တစ်မှု နှင့် ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေး အက်ဥပဒေပုဒ်မ ၆/၁ အရ အမှုဖွင့်ပြီး အရေးယူ ထားသည်။
    ယင်းသို့ အဖမ်းခံနေရစဉ် စစ်ခုံရုံးအမှတ်-၃၆/နပ-စခ/၉၀ တွင် ပုဒ်မ ၅/ည အရ အမှုတွဲကို ပြည်နယ်တရားရုံးမှ ဆွဲယူပြီး ၁၉၉၀-ခုနှစ်၊ မေလ ၂၁-ရက်နေ့တွင် ထောင်ဒဏ် ၁၄-နှစ်ကျခံစေရန် အမိန့်ချမှတ်ခြင်း ခံခဲ့ရသည်။
    ဦးကျော်လှအောင်ကို စစ်ခုံရုံးမှ ထောင်ဒဏ်ချပြီး တခြား ရခိုင်ခေါင်းဆောင်များ နှင့် မွတ်စလင်မ်တချို့ ကိုလည်း ထောင်ဒဏ် ၅-နှစ်၊ ၇-နှစ် နှင့် ၁၀-နှစ် အသီးသီးချခဲ့သည်။ ၎င်းထဲတွင် ယခင်စစ်တွေ အမှတ်(၂) ရဲစခန်းမှ စခန်းမှူးဟောင်း ဦးမောင်ညွန့်စိန်၊ စစ်တွေမြို့မှ ရခိုင်ခေါင်းဆောင် ဦးသာထွန်းအောင်၊ တောင်ကုတ်မြို့နယ်မှ ရခိုင်ခေါင်းဆောင် တစ်ဦးလည်းဖြစ် စီးပွါးရေးလုပ်ငန်းရှင် တစ်ဦးလည်းဖြစ်သူ ဦးကျောက်တောင် အပါအဝင် တခြားရခိုင်ခေါင်းဆောင်များလည်း ထောင်ထဲတွင် အတူတူ ရင်းရင်းနှီးနှီး နေခဲ့ကြသည်ဟုဆိုသည်။
    ၎င်းရခိုင်ခေါင်းဆောင်များ၏ တိုက်တွန်းချက်အရ ဦးကျော်လှအောင် ရရှိမည့် စစ်တွေ အမှတ် (၁)နယ်မှ မဲများကို ရခိုင်ပါတီတစ်ခုသို့ လွှဲပေးရန် စီစဉ်ခဲ့ရာ အမျိုးသားလူ့အခွင့်အရေး ဒီမိုကရက်တစ်ပါတီတွင်း အများသဘောဆန္ဒအရ ၎င်းမဲများကို ကမန်အမျိုးသားပါတီမှ ရှေ့နေဦးရွှေယ အား ပေးခဲ့သည်။ ဤသို့ဖြင့် စစ်တွေမြို့ အမှတ် (၁) နယ်မှ ဦးရွှေယ မဲအနိုင်ရရှိခဲ့သည်။
    ဦးကျော်လှအောင် အား စွဲဆိုထားသည့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၂၂၄ အရ စွဲဆိုသော အမှုနှင့် ပြည်သူပိုင် ပစ္စည်းကာကွယ်ရေး အက်ဥပဒေပုဒ်မ ၆(၁)အရ စွဲဆိုသော အမှုများကို ပြည်နယ်တရားရုံးသို့လွှဲပေးလိုက်၊ ပြည်နယ်တရားရုံးမှ တဖန် မြို့နယ်တရားရုံးသို့ လွှဲပေးလိုက် စသဖြင့် ကြန့်ကြာခဲ့ပြီး နောက်ဆုံးတွင် စစ်တွေမြို့နယ် တရားသူကြီးရုံးတွင် အမှုအမှတ်-၁၇၀၈/၉၂ တွင် ပုဒ်မ ၂၂၄အရ နှင့် အမှုကြီး အမှတ်-၁၇၀၉/၉၂ အမှုတွင် ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေး အက်ဥပဒေ ပုဒ်မ ၆(၁)အရ စစ်ဆေးပြီး ၁၉၉၂ခုနှစ်၊ နိုဝင်ဘာလ ၃၀-ရက်နေ့တွင် အလုပ်နှင့် ထောင်ဒဏ် (၆)လ စီကျခံစေရန် နှင့် ပြစ်ဒဏ်နှစ်ခုစလုံးကို တစ်ပေါင်းတည်း ကျခံစေရန် စီရင်ချက် ချခဲ့သည်။
    ထိုစဉ်က ပုဒ်မ ၅/ည ဖြင့် စစ်ခုံရုံးမှ ပြစ်ဒဏ်စီရင်ချက်ချထားသည်ဖြစ်၍ စစ်တွေ အကျဉ်းထောင် အတွင်းရှိ တိုက်ခန်းတွင် သီးခြားချုပ်နှောင်ထားသဖြင့် အထက်ပါအမှုနှစ်မှုမှ စီရင်ချက်ကို အယူခံဝင်ရန် အခွင့်အလမ်း မရှိခဲ့ပေ။ ထိုအချိန်တွင် နိုင်ငံရေးပုဒ်မ ၅/ည ဖြင့် အပြစ်ပေး ခံရသူများကို တင်းကြပ်စွာ တိုက်ခန်း၌ ထားရှိသောကြောင့် မိမိ၏မိသားစုအပါအဝင် ရှေ့နေများနှင့် အတွေ့မခံရသည့် အချိန်အခါဖြစ်၍ အယူခံဝင်ရန် အခွင့်အလမ်းလုံးဝ မရနိုင်ခဲ့ပေ။ အယူခံဝင်ရန်ကာလစည်းကမ်းကျော်လွန်သွားပြီးချိန်၊ အကျဉ်းထောင်တွင်းရှိ တိုက်ခန်းတွင် လေးနှစ်ကျော် နေပြီးမှ ထောင် အရာရှိများက အေးအေးဆေးဆေး ငြိမ်သက်စွာ နေလာသူများကို နေရာခွဲကာ ထောင်ဆေးရုံသီးသန့်ဆောင်တွင် ပြောင်းရွှေ့နေစေခဲ့သည်။ တခြား အကျဉ်းသားများ၏ အယူခံလွှာများကို ရေးသားပေးရန် တာဝန်ပေးခြင်းခံရသဖြင့် အယူခံလွှာများကို ရေးသားပေးခဲ့ရသည်။
    ဦးကျော်လှအောင် ထောင်ထဲတွင်ရှိနေစဉ် ၈၈-ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ကို အချုပ်ခန်း တစ်ခုတွင် သီးသန့်ထားရှိပြီး ညအချိန်တွင် ထောင်ဝန်ထမ်း တစ်ဦးက စောင့်ကြည့် ရသည်ဟုဆိုသည်။ ကိုမင်းကိုနိုင်၏ ထောင်တွင်းနေထိုင်မှု အခြေအနေကို ဦးကျော်လှအောင်က ၎င်းထောင်ဝန်ထမ်းမှ တစ်ဆင့် မေးမြန်းလေ့ရှိခဲ့ကြောင်း၊ အခြေအနေ အရပ်ရပ်ကို ကိုမင်းကိုနိုင်မှ မေးမြန်းရာ ထောင်ဝန်ထမ်းမှ တစ်ဆင့် ရှင်းပြပေးလေ့ရှိသည်ဟု သိရသည်။
    ၁၉၉၄-ခုနှစ်၊ အမျိုးသားညီလာခံစတင်ချိန်တွင် ယခင် တပ်မတော်အစိုးရမှ ဆယ်နှစ်အထက် ထောင်ဒဏ် ကျခံခဲ့ရသူများကို ဆယ်နှစ်သို့ လျော့ချပေးခဲ့ရာ ဦးကျော်လှအောင် ကျခံခဲ့ရသည့် နှစ်များမှ လေးနှစ် လျော့ချခဲ့သည်။ ၁၉၉၇ခုနှစ်၊ သြဂုတ်လ ၂၈-ရက်နေ့တွင် စစ်တွေအကျဉ်းထောင်မှ လွတ်မြောက်လာ ခဲ့သည်။ ၁၉၉၈-ခုနှစ်မှ နယ်စည်းမထား ဆရာဝန်များအဖွဲ့ စစ်တွေရုံးတွင် အုပ်ချုပ်ရေးမှူးအဖြစ် မိသားစု စားဝတ်နေရေးအတွက် တာဝန်ထမ်းဆောင်ခဲ့သည်။
    ၎င်းအဖွဲ့တွင် တာဝန်ထမ်းဆောင်နေစဉ်ကာလ ၂၀၁၂-ခုနှစ်၊ ဇွန်လ ၁၀-ရက်နေ့တွင် ရခိုင်အစွန်းရောက် တချို့က ကောလာဟလ သတင်းတစ်ခု အင်တာနက် စာမျက်နှာ တစ်ခုတွင် တင်ခဲ့သည်။ ဦးကျော်လှအောင်အား ၄င်း၏နေအိမ်မှ လက်နက်သေတ္တာ ၂-လုံးရရှိ၍ ရဲဘက်မှ ဖမ်းဆီးထားကြောင်း ဖြစ်သည်။ ထိုသတင်း ဖတ်ရှုပြီး မိသားစုထံ ဖုန်းဆက်ကြည့်ရာ ဦးကျော်လှအောင် မှာ ၄င်း၏နေအိမ်တွင် အိပ်စက် အနားယူနေကြောင်း၊ မည်သည့်ပြဿနာမျှ မဖြစ်ခဲ့ ကြောင်း သိခဲ့ရသည်ဟုဆိုသည်။ ကောလာဟလ သတင်းထွက်လာချိန်က မြန်မာစံတော်ချိန် ည ၉-နာရီ ၄၅-မိနစ် (21:45 နာရီ) ဖြစ်ပြီး ဦးကျော်လှအောင် နေအိမ်တွင် အိပ်နေသည်ဟု သတင်းရရှိသည်မှာ ည ၁၀ နာရီ (22:00 နာရီ) ဖြစ်သည်။ နောက်ဆုံး သူတို့မိသားစု သိခဲ့ရသည်မှာ အစွန်းရောက်များက စစ်တွေမြို့ရှိ မွတ်စလင်မ် ရပ်ကွက်များကို တိုက်ခိုက်ရန် ကြိုတင်စီစဉ်ထားသည် ဖြစ်သည်။ ၄င်း အလုပ် လုပ်ကိုင်ခဲ့သော အဖွဲ့အစည်းမှ ကောလာဟလကို ချေပရန်ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
    ၂၀၁၂ခုနှစ်၊ ဇွန်လ (၁၁) ရက်နေ့ နေ့လည်အချိန်တွင် ရခိုင်အစွန်းရောက် ၅၀၀ ကျော် ၎င်းရပ်ကွက်သို့ လာပြီး ဦးကျော်လှအောင်၏ နေအိမ်ကို ဖြိုဖျက်ခဲ့ရာ ၄င်းတို့မိသားစုဝင်များ ခြံနှင့်ကပ်လျက် ဗလီ ကျောင်းခြံဝင်း ဘက်သို့ ထွက်ပြေးသွားခဲ့ရသည်။ တခြား ရွာသူ ရွာသားများလည်း ထိုနည်းတူ ထွက်ပြေး ခဲ့ရသည်။ ဦးကျော်လှအောင် အား ရဲအရာရှိများ လာရောက် ဖမ်းဆီးခဲ့ပြီး ၎င်း၏နေအိမ်အပါအဝင် တခြားနေအိမ်များကိုလည်း ပြိုဖျက်ခဲ့သည်။
    မိသားစုဝင်များအပါအဝင် ရပ်ကွက်ရှိ မွတ်စလင်မ်အားလုံးအား လုံခြုံရေးရဲများက ကာကွယ်ပေးခဲ့သည်။ လုံခြုံရေးရဲများက မွတ်စလင်မ်အားလုံးကို ကျန်ရှိနေသေးသော နေအိမ်နှစ်လုံးတွင် တစ်ည အိပ်ခွင့်ပြုခဲ့သည်။ နောက်တစ်နေ့ နေ့လည်တွင် အစွန်းရောက် ၄၀၀-၅၀၀ ဦးရေရှိသော အုပ်စုတစ်ခုမှ ဝိုင်းအုံလာရာ လုံခြုံရဲများ နှင့် စစ်တပ်မှ တင်းကြပ်စွာကာကွယ် ပေးခဲ့သည်။ ၎င်းအစွန်းရောက်များမှ မွတ်စလင်မ်လူငယ်များကို သတ်ဖြတ်ရန် လာသည်ဖြစ်သော်လည်း ရပ်ကွက်မှ ရခိုင်လူမျိုးတချို့အပါအဝင် လုံခြုံရဲ နှင့် စစ်တပ်မှ သတ်ဖြတ်ရန် ခွင့်မပြုခဲ့ပေ။
    မွတ်စလင်မ်များ၏ တောင်းဆိုချက်အရ လည်းကောင်း၊ စစ်တပ်အကြီးအကဲများ၏ ဆုံးဖြတ်ချက်အရလည်းကောင်း ၎င်းရပ်ကွက်မှ မွတ်စလင် မ်အားလုံးကို မွတ်စလင်မ် လူဦးရေများသည့် သဲချောင်းကျေးရွာသို့ စစ်တပ်ကားများဖြင့် ရွှေ့ပြောင်းပေးခဲ့သည်။
    ဦးကျော်လှအောင်မှာ ဒီကိစ္စများကို ဘာတစ်ခုမှ မသိခဲ့သလို၊ မိမိ၏မိသားစုဝင်များ၏ အခြေအနေကိုလည်း သိခွင့်မရခဲ့ဟုဆိုသည်။ ကံကောင်းစွာဖြင့် ၄င်း၏ မိသားစုဝင်များနှင့် တခြားမွတ်စလင်မ်များကို ရဲနှင့် စစ်တပ်မှ အကာအကွယ်ပေးခဲ့ပြီး လုံခြုံရာ အရပ်သို့ ရွှေ့ပြောင်းပေးခဲ့သည်။
    ရဲများ၏ အကာအကွယ်ရရှိခြင်းမှာ ၄င်းရပ်ကွက်သည် ရဲတပ်ရင်းအခြေစိုက်ရာ နှင့် နီးကပ်စွာ တည်ရှိသလို တပ်မတော်မှ ဗိုလ်ကြီးအဆင့် ပုဂ္ဂိုလ်တစ်ဦး ဦးကျော်လှအောင်၏ နေအိမ်နှင့်ကပ်လျက်အိမ်တစ်အိမ်တွင် နေထိုင်ခဲ့ဖူးသည်။ တစ်ခြားတစ်ဘက်တွင် ရဲများကို စစ်ရေးပြ သင်တန်းပြခဲ့သည့် ရဲတပ်ကြပ်ကြီး တစ်ဦးမှာ မွတ်စလင်မ် ဖြစ်ရာ သူ့တပည့်များမှ အစွမ်းကုန် အကာအကွယ်ပေးခဲ့ခြင်းဖြစ်သလို၊ အနီးအနားရှိ ရခိုင် လူမျိုးအများစုမှာလည်း မွတ်စလင်မ်များ နှင့် ရင်းနှီးသူများဖြစ်ခြင်းတို့ကြောင့် ဖြစ်သည်။
    ဦးကျော်လှအောင် အား ဥပဒေပုဒ်မ ၅၀၅/ခ ဖြင့် တရားစွဲဆိုခဲ့သည်။ အာဏာပိုင်များက ၎င်း၏နေအိမ်မှ အေလ်ကိုင်ဒါ နှင့်ဆက်နွယ်သည့် စာရွက်တစ်ခုရရှိသည် ဟုပြောသည်။ ဖမ်းဆီးမခံရခင် ကောလာဟလ သတင်းမှာ ရေးသားခဲ့သည်ကတစ်မျိုး၊ ဖမ်းဆီးပြီးတော့ အာဏာပိုင်များ၏ စွပ်စွဲမှုက နောက်တစ်မျိုး ဖြစ်နေသည်။ စွပ်စွဲပြောဆိုမှု နှင့် ကောလာဟလ တို့မှာ ကွာဟနေသည်ကို တွေ့ရှိရသည်။ အမှန် စင်စစ် ၎င်းရပ်ကွက်မှ အာဏာပိုင်များက မည့်သည့် တရားမဝင်စာရွက်စာတမ်းမျှ မရရှိခဲ့ပေ။
    ဦးကျော်လှအောင်၏ မိသားစုဝင်များသည် ငြိမ်းချမ်းရေးလိုလားသော လူမျိုးဘာသာပေါင်းစုံနဲ့ ချစ်ခင် ရင်းနှီးစွာနေထိုင်ခဲ့သူများဖြစ်ကြောင်း သက်သေသာဓကပေါင်း များစွာ ရှိနေပြီး အေလ်ကိုင်ဒါဆိုတဲ့ စကားလုံးကိုတောင် စာလုံး မပေါင်းတတ်သူများ ဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ မိသားစု ဝင်များမှာ ဤကဲ့သို့သော အမည်ဝေါဟာရများနှင့် ရင်းနှီးကျွမ်းဝင်မှု မရှိသောကြောင့် ဖြစ်သည်။
    အမှန်တွင် ၂၀၀၁-ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက် အမေရိကန်ပြည်ထောင်စုတွင် ကမ္ဘာ့ ကုန်သွယ်ရေး အဆောက်အအုံကို တိုက်ခိုက်ပြီး အစွန်းရောက်ဝါဒကို ရခိုင်ပြည်နယ်တွင် ပထမဦးဆုံး ရှုတ်ချပြောဆိုသူမှာ ဦးကျော်လှအောင် ဖြစ်သည်။ ဦးကျော်လှအောင်သည် မွတ်စလင်မ်များကို အစွန်း ရောက်အုပ်စုအား အားပေးထောက်ခံမှု မလုပ်ကြရန် စည်းရုံးခဲ့သူတစ်ဦးဖြစ်ပြီး၊ “ရခိုင်ဗုဒ္ဓဘာသာများ၊ ဗမာဗုဒ္ဓဘာသာများနှင့် ခရစ်ယာန်များကိုလည်း ထာဝရဘုရားသခင် (အလ္လာအရှင်မြတ်)မှ ဖန်ဆင်းခဲ့သည်။ မွတ်စလင်မ် မဟုတ်သူများကို ခွဲခြားဆက်ဆံရန် မည်သို့မျှ လက်ခံနိုင်မည် မဟုတ်ကြောင်း” ထပ်တလဲလဲ ဟောပြောစည်းရုံးလေ့ရှိခဲ့သူ Liberal ဝါဒကို ဆွဲကိုင်ထားသူ တစ်ဦးလည်းဖြစ်သည်။
    1503366_707368589276095_532245666_n
    မနှစ်က ဦးကျော်လှအောင် ဖမ်းဆီးခံရပြီး နိုင်ငံတကာအဖွဲ့အစည်းတချို့မှ အစိုးရကို ဖီအားပေးခဲ့ရာ သမ္မတ ဦးသိန်းစိန်မှ ၄င်း၏ အမှုတွဲ နှင့် ကိုယ်ရေးရာဇဝင်ကို နေပြည်တော်သို့ ပို့ဆောင်ရန် ပန်ကြားခဲ့ သည်ဟုသိရသည်။ ထောင်အာဏာပိုင်များက အမှုတွဲ နှင့် ကိုယ်ရေးရာဇဝင်များကို ပို့ပေးခဲ့သည်။ သမ္မတ ဦးသိန်းစိန် က  အစိုးရမဟုတ်သော အဖွဲ့အစည်းမှ ဝန်ထမ်းများကို ပြန်လွတ်ပေးရန် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ပေးခဲ့ရာ ဦးကျော်လှအောင် မှာ ၂၀၁၂-ခုနှစ်၊ သြဂုတ်လ ၁၆-ရက်နေ့တွင် လွတ်မြောက်လာခဲ့သည်။
    ၎င်းလွတ်မြောက်သွားခြင်းက ၄င်းအပေါ်တွင် မည်သည့်စွဲချက်မျှ မရှိကြောင်းနှင့် ကောလာဟလများကို အတည်ပြု သက်သေပြရန် မည်သည့် သက်သေအထောက်အထားမျှ မရှိကြောင်းကို ဖော်ပြနေသည်။
    ထောင်မှ လွတ်မြောက်လာပြီး နယ်စည်းမထားဆရာဝန်များအဖွဲ့တွင် ယခင်က လုပ်ကိုင်လျက်ရှိသော အလုပ်မှ ၄င်း၏အသက်အရွယ်အိုမင်းမှုနှင့် အာဏာပိုင်များ၏ ဖီအားတချို့ကြောင့်၂၀၁၂ခုနှစ်၊ သြဂုတ်လ တွင် အငြိမ်းစားယူလိုက်ပြီဖြစ်သည်။ အဖွဲ့အစည်းများကို အစွန်းရောက်များမှ ဖီအားပေးမှုကြောင့် ၄င်း၏မိသားစုဝင်များမှာလည်း သူတို့၏စားဝတ်နေရေးအတွက် မည်သည့် အဖွဲ့အစည်း၌မှ အလုပ်လုပ်ကိုင် နိုင်ရန် အခွင့်အလမ်း မရရှိပေ။
    1467222_702160569796897_1118236379_n
    ရန်ကုန် အမေရိကန်သံရုံးမှ သံအမတ်ကြီး စစ်တွေသို့သွားရောက်စဉ် ဦးကျော်လှအောင်မှ ၄င်းအား “ဘင်္ဂါလီ ဆိုတဲ့ အသုံးကို ဘင်္ဂါလာဒေရှ့်နိုင်ငံ အရှေ့ပါကီစတန်မှ ခွဲထွက်အပြီး ရခိုင်ပြည်ရှိ မွတ်စလင်မ်များ အတွက် သုံးဒါဖြစ်ကြောင်း၊ အရှေ့ပါကီစတန်ရှိတုန်းက ဘင်္ဂါလီ အသုံးကို မသုံးဘဲ အာရ်ကာနီစ် မွတ်စလင်မ် Arakanese Muslims ဟုသာ သုံးခဲ့ကြောင်း” ပြောသည်ကို ဒေသအာဏာပိုင်များမှ သဘော မကျခဲ့ပေ။ အာဏာပိုင် တချို့ မကျေမနပ်ဖြစ်ပုံရသည်။ တခြားကိစ္စတစ်ခုကတော့ နိုင်ငံခြားအဖွဲ့အစည်းများ လာရင် ဦးကျော်လှအောင်နှင့် တွေ့ဆုံသည်ကိုလည်း ဒေသ အာဏာပိုင်တချို့က မနှစ်သက်ခြင်း ဖြစ်သလို၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အကြောင်းကို အမှန်အတိုင်းထုတ်ဖော်ပြောမည်ကို ဒေသ အာဏာပိုင်များမှ မလိုလားခြင်းဖြစ်နိုင်မည်ဟု ယူဆရသည်။
    ၂၀၁၃-ခုနှစ်၊ ဧပြီလ ၂၆-ရက်နေ့တွင် အာဏာပိုင်များမှ လူစာရင်းကောက်ခံရာတွင် ဘင်္ဂါလီဟု ထည့်ပြီး အတင်းလက်မှတ်ထိုးခိုင်းရာ လူငယ်တချို့မှအော်ဟစ်သပိတ်မှောက်ခဲ့ကြပြီး ခဲများဖြင့် ပစ်ဖောက်သည် ဟုသိရသည်။ ဒီဖြစ်ရပ်က ဦးကျော်လှအောင် နေခဲ့သော ယာယီနေအိမ်အနီးအနားတွင် မဟုတ်ဘဲ တခြား တစ်နေရာတွင် ဖြစ်ခဲ့သည်ဟုဆိုသည်။ အာဏာပိုင်များမှ လူဦးရေစာရင်းကောက်ခံမှုကို ခေတ္တာ ရပ်နားထား သည်ဟုဆိုသည်။ မွတ်စလင်မ် ရပ်ကွက်လူကြီးတချို့ကို ဖမ်းဆီးစစ်ဆေးခဲ့ပြီး တချို့မှာ အခုထိ လွတ်မလာ ခဲ့ပေ။ တစ်ရက်တည်းတွင် တခြားရပ်ကွက်တစ်ခုဖြစ်သော ဘောဒူဖ တွင် ရဲနှင့်လူတချို့ပြဿနာဖြစ်ခဲ့ပြီး ရဲတစ်ဦးကို လူတချို့က ရိုက်ပုတ်ခဲ့သည်ဟုသိရသည်။ ၄င်းရဲက မွတ်စလင်မ်အိမ်တစ်အိမ်ထဲသို့ ပြေးဝင်ခဲ့သည်ဟုဆိုသည်။ ၄င်းရဲကို အသက်ဘေးမှ ကာကွယ်ပေးခဲ့သော အိမ်ပိုင်ရှင်သည် ဦးကျော်လှအောင်၏ တူတစ်ဦးလို ဖြစ်နေသည်။ ၄င်းက ဦးကျော်လှအောင်အား ဦးလေးဟု ခေါ်သည်။
    ရဲကို ရိုက်ပုတ်ခဲ့သော မွတ်စလင်မ် အုပ်စုက ၄င်းအိမ်ကို ဝိုင်းအုံကာ မီးရှို့ရန် ကြိုးစားခဲ့ရာ အိမ်ပိုင်ရှင်မှ ဦးကျော်လှအောင်အား ဖုန်းဆက် အကူအညီတောင်းခဲ့သည်။ ထိုအချိန်တွင် ဦးကျော်လှအောင်သည် ကျန်းမာရေး မကောင်း၍ ယာယီ အိမ်တွင် အနားယူနေချိန်ဖြစ်ပြီး ဖုန်းမှတဆင့် ပြဿနာဖြစ်ပုံကို သိခဲ့ရသည်။ ဦးကျော်လှအောင်မှ ဖုန်းဆက်ပြီး မွတ်စလင်မ်လူငယ်များအား အစွန်းရောက်မှုကို ရှောင်ရှား ရန် နားလည်အောင် ရှင်းပြပြီး တားမြစ်ခဲ့သည်။ ဦးကျော်လှအောင်၏ ဖုန်းမှတဆင့် တားမြစ်မှုကြောင့် လူငယ်များ နောက်ဆုတ်သွားခဲ့ပြီး ၄င်းအိမ်ကို မီးမရှို့ခဲ့သလို၊ ၄င်းရဲကိုလည်း အာဏာပိုင်များထံသာ လွှဲပေးခဲ့သည်။ သို့သော် အာဏာပိုင်များမှ ဦးကျော်လှအောင် ကို ဒီကိစ္စမှာ နားလည်မှုလွဲခဲ့ပြီး သံသယဖြစ်ခဲ့သည်။ ထိုနေ့မှစ၍ ဦးကျော်လှအောင် အား ဖမ်းဆီးရန် အကြိမ်ကြိမ်ကြိုးစားခဲ့ရာ ၄င်းမှာ အတွေ့မခံခဲ့ပေ။ မွတ်စလင်မ်တို့၏ ဥပုသ်လတွင် ကျန်းမာရေး မကောင်း၍ ယာယီနေအိမ်တွင် အနားယူ နေစဉ် ဇူလိုင်လ ၁၅-ရက်နေ့တွင် စခန်းမှူး နှင့် အရပ်ဝတ်နဲ့ ရဲနှစ်ဦး လာရောက်ခေါ်ဆောင် သွားခဲ့သည်။ ရဲအရာရှိများ၏ပြောပြချက်အရ ၄င်းအား စစ်ဆေး မေးမြန်းမည်သာဖြစ်ပြီး နေအိမ်သို့ ပြန်လည် ပို့ပေးမည်ဟု ပြောဆိုခဲ့သည်။
    နိုင်ငံတကာအဖွဲ့အစည်းတချို့မှ ဦးကျော်လှအောင် အား မတရားဖမ်းဆီးထားခြင်းနှင့်ပတ်သက်ပြီး ကြေငြာချက်၊ အစိုးရအပေါ် တိုက်တွန်းချက် နှင့် သတင်းတချို့ထုတ်ပြန်ခဲ့သည်။
    ဦးကျော်လှအောင် အား အာဏာပိုင်များမှ ဥပဒေပုဒ်မ ၁၄၈၊ ၁၅၀ နှင့် ၃၃၃ တို့ဖြင့် တရားစွဲဆိုထားခဲ့ပြီး နောက်ပိုင်းတွင် ဥပဒေပုဒ်မ အများအပြားတပ်ကာ စွဲချက်တင်ထားသည်။ ၄င်းဥပဒေပုဒ်မများမှာ ၁၄၈၊ ၁၅၀၊ ၃၃၂၊ ၃၃၃၊ ၃၉၅၊ ၅၀၅/ခ နှင့် ၁၀၉ တို့ဖြစ်သည်။
    ဦးကျော်လှအောင်မှာ ယခုဆိုလျှင် အသက် ၇၅နှစ် ရှိနေပြီဖြစ်သည်။
    *  မှတ်ချက် – ဦးကျော်လှအောင်၏ မိသားစုဝင်တစ်ဦးမှ ရေးသားထားခြင်းဖြစ်သည်။
  • ဗုဒ္ဒေါမောကန် (ရေးသူ-ဒေါက်တာ သန်းထွန်း)
    ရေးသူ-ဒေါက်တာ သန်းထွန်း
    ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်းမှ ကူးယူဖော်ပြသည်။
    a
    ရခိုင်က မလယ(Malaya) ထိ ကမ်းရိုးတန်းတစ်လျှောက်မှာ တစ်လျှောက်မှာ ရခိုင်၊ တရုတ်၊ ပသီ အားလုံးလေးစားရတဲ့ပလီတစ်မျိုးရှိတယ်။ ဟိန္ဒီက သူတို့နတ်ကွန်းမဟုတ်ရင် ဗုဒ္ဓ၊ မွတ်စလင်မ်၊ ခရစ်ယာန် ကျောင်း အားလုံးကို “ပလ္လိ”လို့ ခေါ်တယ်။ ရှေးရှေးက နတ်အမျိုးမျိုးကို ယုံသလိုပေါ့။ မွတ်စလင်စာပေတွေမှာ ပါရှိတဲ့ ဗဒြုဒ္ဒိန်သြလိယ (Badru’ddin Aulia) ဆိုတဲ့ ပုဂ္ဂိုလ်နာမည်က ရွေ့လျောလာတဲ့နာမည်ဖြစ်လာတယ်။ အခုခေတ်ဘင်္ဂလားဒေ့ရှ်မှာ အဲဒီပုဂ္ဂိုလ်ကို ခွာဇခိဇာ (Khwaja Khizar) လို့ ခေါ်တယ်။ ရေကြီးတာကို ထိန်းတဲ့ နတ်(Spirit of Flood)ဖြစ်တယ်။ ရေနဲ့ဆိုင်တဲ့ပွဲလမ်းသဘင်မှာ သူ့ကို ပူဇော်ပသရတယ်။ ဒီအယူနဲ့ ဒီပူဇော် ပွဲဟာ အနောက်အာရှဆီးမိုက်(Semites)တွေဆီက အိန္ဒိယကို ဖြတ်ပြီး ရခိုင်ကို ရောက်လာခဲ့တယ်။ ဟိန္ဒီ တွေရဲ့ သီဝဂိုဏ်း(Sarvite)နဲ့လည်း ဆက်သွယ်တယ်လို့ ထင်ရတယ်။
    ဒီကိစ္စကို ဆာရစ်ချဒ်တင်ပဲလ်(Sir Richard Temple)က ရန်ကုန်ဂေဇက်(The Yangon Gazette) မှာ ၁၈၉၄-ခုနှစ်က ဒီလို ရေးသားခဲ့ပါတယ်။
    ဒေါက်တာအင်ဒါဆန်(Anderson)က ၁၇-ရာစု အင်္ဂလိပ်-ယိုးဒယားဆက်ဆံရေး(၁၈၉၀-၂၃၈)မှာ ၂၃ဂျန် ၁၆၈၇နဲ့ နောက်တစ်နေ့မှာ ကာတာန(Carter) သင်္ဘောနဲ့ အတွဲဂျိမ်း(The James)သင်္ဘော မြိတ်(Mergu)ဆိပ်ကို ၀င်လာတော့ သင်္ဘောအုပ်ချုပ်သူအာမီဂါဂေါစလင်းကို အရေးပိုင်မစ္စတာဝှိုက်အိမ်ရှေ့ ရီစလူးရှင်း သင်္ဘောမှာ ၀င်ဆိုက်ထားတယ်။ ဒါမှ ဗန်ဒမခေါင်(Bandemahkon)ဘက်ကို သင်္ဘောသားတွေမသွားမှာလို့ ပြောတယ်။ ဆက်ပြီး အင်ဒါဆင်ပြောပုံက မြိတ်သင်္ဘောဆိပ်အနောက်ဘက်မှာ ဗန်ဒမခေါင်ကျွန်းရှိတယ်။ အရှေ့အိန္ဒိယကုမ္ပဏီက ဖေဖော်ဝါရီ ၁၊ ၁၈၃၀ထုတ်တဲ့ မြိတ်ကျွန်းဆွယ်ပုံကို ဇွန်၊၁၈၇၁ ပြင်ဆင်ဖြည့်စွက်ထုတ်တဲ့မြေပုံမှာ မဒြမကန်(Madramacan)နာမည်နဲ့ ကျွန်းကလေးကို ပြသေးတယ်။ မြိတ်သားတွေကို မေးတော့ ဒီနာမည် ကို သူတို့မသိ၊ သူတို့က လူတိုင်းဘယ်တော့မဆို ဒီကျွန်းကိ ပတော(Pataw)လို့ပဲခေါ်ပါတယ်လို့ ပြောကြပါတယ်။
    ဒီကျွန်းရဲ့ မြောက်ဘက်ကျကျအရှေ့ဘက်ကမ်းက တစ်နေရာကို မြိတ်ဒေသခံတွေက ဗုဒ္ဓမခန်လို့ ခေါ်တဲ့အခါ ကျုပ်က အဲဒီနာမည်ဟာ မဒြမကန်က ဆင်းသက်လာတာဖြစ်မယ်လို့ တွေးမိတယ်။ ပသီ သူတော်စင်ဗုဒ္ဒရ်ဥဒိန်(Buddhar Udin)နေသွားတဲ့နေရာလို့ အဆိုရှိတယ်။ သူက မြောက်အရပ်က ပင်လယ်အတိုင်း ဆင်းလာပြီး ပတောမြောက်ပိုင်းသဘာဝအလှကို မြင်တော့ ပင်လယ်ထဲစီးဝင်လာတဲ့စမ်းချောင်းကမ်းပါးတစ်ခုမှာ တဲထိုးပြီး နေလိုက်တယ်။ အဲဒီနေရာမှာလည်း ကျောက်တုံးကြီး(Boulder)ရှိနေတယ်။ အဲဒီကျောက်တုံးကြီးပေါ်မှာ ရက်ပေါင်းလေးဆယ်တိုင်တိုင် တရားထိုင်ပြီး သူဆုတောင်း သမျှ ဘုရားသခင်က ပေးတယ်လို့ ပြောလေ့ရှိ ကြတယ်။ မွတ်စလင်မ်တွေက နောက်တော့ဒီနေရာကို ဗုဒ္ဒရ်ဥဒိန်ရဲ့  မခန်(Buddhar Udin’s Makhan)လို့ ခေါ်ကြတယ်။
    ထူးဆန်းတဲ့အချက် တစ်ချက်က မွတ်စလင်မ်တွေလိုပဲ ဗုဒ္ဓဘာသာဝင်တွေကလည်း ဒီနေရာကို အထွတ်အမြတ်ထားတယ်။ မြိတ်မှာရှိတဲ့ တရုတ်တွေကလည်း ဒီလိုပဲ ရိုသေလေးစားတယ်။ ဗုဒ္ဓဘာသာဝင် တွေဆိုရင် သူတို့ယုံကြည်မှု အတိုင်း ဒီကျောက်တုံးကြီးကို ရွှေချတယ်။ တရုတ်ကတော့ အမှတ်အသားတွေ ရေးထားတဲ့လေးထောင့် ကွက်ကလေးတွေကို ရွှေရောင်ပြားပေါ်မှာ ဖြစ်ဖြစ်၊ စက္ကူအညိုပေါ်မှာ ဖြစ်ဖြစ် အလှအပရေးချ ယ်ပြီး ရေလုပ်ငန်း ဆိုင်ရာနတ်ကို ပူဇော်ကြတယ်။
    ဆာဘွဲ့ရကာနယ်(ဗိုလ်မှုးကြီး)စလေဒင်(Sir Edward Sladen)က ပြောဖူးတာက စစ်တွေမြို့စွန်မြို့ဖျားတစ်ဖက်မှာ အင်္ဂလိပ်နာမည်နဲ့ ပွိုင့်(The Point)ခေါ်တဲ့နေရာရှိတယ်။ ရခိုင်တွေ အဲဒီနေရာကို ဗုဒ္ဓောမော်လို့ ဒီနေရာမှာ လာနေတဲ့ မွတ်စလင်သူတော်စင်ဗုဒ္ဓအောင်လိယ(Buddha Aouliah)ကို စွဲပြီး ခေါ်တာဖြစ်တယ်။ အဲဒီပုဂ္ဂိုလ်မကွယ်လွန်မီ အချိန် အကြာကြီးကပဲ ဒီနေရာမှာ လာနေသွားပါတယ်။ အဲဒါကြောင့်ရခိုင်ဌာနေတွေက ဘာသာမရွေး ဒီအရပ်ကို မွန်မြတ်တယ်လို့ စွဲလမ်းယုံကြည်နေကြပါတယ်။ ရှိခိုးတယ်။ တန်ခိုးကြီးတဲ့ပုဂ္ဂိုလ်တွေက နှိပ်စက်မယ် ထင်ရင် အပြစ်ဒဏ်မှ ကင်းလွတ်အောင် ဒီမှာ ဆုတောင်းရင် ရမယ်လို့ထင်တယ်။ ကျောက်တုံးကြီးတစ်တုံး ကို ထွင်းပြီး သဘာဝဂူလိုဖြစ်အောင် ဖန်တီးလိုက်တော့ ဗုဒ္ဓဆာဟစ်(Buddha Sahib)က ၀င်ပြီး သီတင်းသုံးပါတယ်လို့ ဆာအက်ဒ၀ပ်(Sir Edward)က ပြောတယ်။ ပြီးတော့ မွတ်စလင်တွေက အဲဒီပုဂ္ဂိုလ်သီတင်းသုံးနေထိုင်ဖို့ ကပ်လျက် ကျောက်တုံးပေါ်မှာ ပသီပလီအသေးလေးကို တည်ဆောက်ပေးခဲ့ကြပါတယ်။
    နောက်ကပ်လျက်ကျောက်တုံးကြီးတစ်ခုအပေါ်မှာ (ပသီသူတော်စင်ရဲ့) ကျောင်းသင်္ခမ်းဆောက် ပေးတယ်။ သူဘုရားအာရုံပြုပြီး နဖူးနဲ့ကြမ်းကို တိုက်ပြီး ၀တ်ပြုကြိမ်များလို့ ကျောက်ပေါ်မှာ အရာထင် ကျန်ရစ်တယ်လို့ လိုက်ပြလေ့ရှိကြပါတယ်။ အာအက်ဒွပ်စလေဒင်အပြောက ဒီသူတော်စင်ဟာ လူသာမန် ထက်ပိုတဲ့အစွမ်းရှိတယ်။ ဒါကို စတင်သိရှိသူတွေက ဟိန္ဒူတွေဖြစ်တယ်တဲ့။ သူက သင်္ဘောသားဆိုင်ရာ ရေကြောင်း ကိစ္စမှာ အောင်မြင်အောင် ဘေးမသီ ရန်မခပဲ အန္တရာယ်အပေါင်းက ကင်းလွတ်အောင် လုပ်ပေး နိုင်တယ်။ ဘင်္ဂလီ အမျိုးသမီးတွေကဆိုရင် ပူဇော်ကန်တော့ဖို့လာတိုင်း ရေထဲမှာ ပိုက်ဆံအကြွေနည်းနည်း ပစ်ချလေ့ရှိတယ်။ ဒီလိုရေမှာ ပိုက်ဆံပစ်ထည့်တဲ့အခါ ပါးစပ်က ဒဂျကပဉ္စပယ်သေဗုဒ္ဓရ် ဗုဒ္ဓရ်လို့ ရွတ်ဆို ကြတယ်။
    ဒေါက်တာအန်ဒါဆင်က မွတ်စလင်မ်တွေဟာ ဗုဒ္ဓကျမ်းစာ တစ်ပုဒ်တစ်လေယူပြီး ရွတ်ဆိုတာလား မေးရင် မဟုတ်ဘူး။ သူတို့ဒီလို မလုပ်တာ သေချာတယ်လို့ ဖြေပါတယ်။
    မြေပုံဟောင်းတစ်ခု (၁၇၉၀)လောက်က ရေးဆွဲခဲ့တဲ့အထဲမှာ မြိတ်(Mergu)နဲ့မျက်နှာချင်းဆိုင်ကျွန်း တစ်ကျွန်းဟာ ဗဒြနန်ဖြစ်တယ်။ ဗဒါရ်မောကန်() ကျွန်းက နတ်မြစ်(Naff River)ရဲ့ အနောက်ဘက်ကမ်းမှာ ရှိပါတယ်။ ရှာပူရိကျွန်း(Isle of Shapuri)ပေါ်က သဲသောင်ပြင်ကို ဗုဒရ်မကမ်သဲသောင်(Buddhamakan Beach)လို့ ခေါ်ပါတယ်။
    ဒန်း(Duen)ရေးတဲ့အရှေ့အင်ဒီးစ်လမ်းညွှန်(၁၇၈၀)စာမျက်နှာ-၃၃၂(Directory of East Indies, 1780-332)မှာ မြိတ်ကို သွားတဲ့သင်္ဘောနဲ့ မြိတ်က သွားတဲ့သင်္ဘောနဲ့ မြိတ်က ပြန်ထွက်လာတဲ့သင်္ဘောမှန်သမျှ မြိတ်ရဲ့ အရှေ့တောင်ဘက် တောင်ယွန်းယွန်းမှာ မြင်နေရတဲ့မဒြမစမ်ကျွန်းနဲ့ ကြားအလယ်ကြောကို ယူပြီး သင်္ဘောမောင်းပါလို့ ရေကြောင်းပြရတယ်။ မြိတ်မှာ ပသီကုန်သည်ကြီးတွေများတယ်။ ပြီးတော့စာမျက်နှာ(၁၉၈)အထိ ဆက်ဖတ်ရင် ရခိုင်မြစ်ဝမှာဆိုရင် ပင်လယ်ထဲကို အစွန်းအရှည်ကြီးထွက်တဲ့နေရာက အနောက်ကို ပင်လယ် (၆)တိုင်(xxxx as far as the mouth of the Arakan River. The edge of that which projects the farthest, is 6 leauges from from the land Westward of Maw hill, situate on the North side of the river of that name)သွားရင် မင်မြစ်မြောက်ဖက်ကမ်းကို ရောက်တယ်။ အဲဒီက အရှေ့ဖက်မှာ ဗဒြေမကန်ဆိုတဲ့ ရခိုင် မြစ်မြောက်ဖက်ပွိုင့်(Point)လို့ ခေါ်တဲ့နေရာမှာ ရှိပါတယ်။ သောင်ကမ်းပေါ်မတင်အောင် ကျောက်နဲ့ မတိုက်မိအောင် ဗန်ဒြေမကန်ပွိုင့်ရဲ့ တောင်ဘက်ကို ဖြတ်ထွက်ရတယ်။
    ဗတ်တလာ(Butler)ရဲ့ မြိတ်ခရိုင်ဂေဇက်တိယ(Gazzette of the Mergu District)၁၈၈၄ကို ကြည့်တဲ့အခါ ရှေးက ဖော်ပြခဲ့တဲ့နေရာတွေကို ကို မဖော်ပြပဲ ထားတယ်။ ၁၃၊ အောက်တိုဘာ၊၁၈၉၃မှာ မြန်မာအတွင်းဝန်များရုံး(Burmese Secretariat)ရှိ စီအက်စ်ဘိန်း(C.S.Bayne)ကို သူက ညွှန်းလို့ ရခိုင်ကော်မရှင်နာ(Commisioner)မင်းကြီးကာနယ်ပါရောက်တ်(Parrot)က သူ့ရုံးမှာရှိတဲ့မှတ်တမ်းတွေကို ပေးလိုက်ပါတယ်။ စစ်တွေမြို့မှာ ပွိုင့်(The Point)လို့လည်း ခေါ်တယ်။ စကဲန်ဒယ်လ်ပွိုင့်(ထောင်ချောက်ထိပ်Scandal Point)လို့လည်းခေါ်တဲ့နေရာဟာ အမှန်က ကုန်းပိုင်းက မြေစွန်း ကျဉ်းကျဉ်းကလေး ပင်လယ်ထဲစွန်းထွက် နေတဲ့နေရာပါ။ အဲဒီမြေစွန်းရဲ့ အနောက်ဖက်က ကလဒန်(Kaladan)မြစ်စဖြစ်ပါတယ်။ ရခိုင်က ဗုဒ္ဓေျာေမ်ာခေါ်တယ်။ မော်ရဲ့ အဓိပ္ပါယ်က အစွန်း၊ ဗုဒ္ဓက ဗုဒ္ဓောရ်(Budder)ကို ဆိုလိုတယ်။ အမှန်က ဥရ်ဒူ(Urdu)နာမည်ရင်းဗဒ္ဒါမကမ်ကို ပီသအောင် မခေါ်ကြလို့ဖြစ်တယ်။ မြေစွန်းဆိုသည်မှာလည်း ရခိုင်ကမ်းတစ်လျှောက်ပတ်နေတဲ့တောင်ရိုးရဲ့ အစွန်းဖြစ်ပါတယ်။ စစ်တွေတောင်ဘက်မှာ ဒီကုန်းမြင့်အစဟာ အနောက်ဖရုံကာ(Boronga)ကျွန်းဖြစ်သွားတယ်။ တောင်ရိုးကတော့ ရမ်းဗြဲ(Ramree)ရောက်ပြီးတော့ ချီဒူးပါ(Chedapa)ကျွန်းမှာ လုံးဝရပ်စဲသွားပါတယ်။
    အခုလိုတောင်စွန်းကို ပိတ်တဲ့နေရာမျိုးမှာ ထောင့်မှန်လိုထောင်နေတဲ့ကျောက်တွေရှိတယ်။ ရာသီ ဥတုဒဏ်ကို နှစ်ကုဋေချီပြီး ခံရလေတော့ အောက်ခြေမှာ လုံးဝိုင်းလိုက်လို့ ကျောက်တုံးကြီးတွေအစုအဝေး လိုက်ရှိသလို မြင်ရတယ်။ အချို့ကျောက်လုံးဆိုရင် မြေပြင် အထက်ပေ(၅၀)အထိ မြင့်တာလည်းရှိတယ်။ အဲဒီနေရာကိုပဲ ဗုဒ်ဒူရ်မကန်လို့ ခေါ်နေကြတယ်။ ဒီနာမည်ကလည်း ဒီနေရာမှာ နှစ်တွေအကြာကြီးလာနေ သွားတဲ့မွတ်စလမ်သူတော်စင်ဗုဒ္ဓေရ်သြလိယ(Budder Aulia)ကို စွဲပြီး ခေါ်တာဖြစ်တယ်။ ရခိုင်မှာနေကြတဲ့လူမျိုးမရွေး၊ ဘာသာမရွေး အားလုံးပဲ ဘေးရန်ကင်းဖို့ လုပ်ငန်းအောင်မြင်ဖို့ ဒီနေရာမှာ လာပြီး ဆုတောင်းကြတယ်။ ဒီဝန်းကျင်က အကြီးဆုံးကျောက်တုံးကို ထွင်းပြီး သဘာဝဂူကို ထွင်းဖောက်လိုက်ပြီးကာမှ ဗုဒ္ဓေရ်ဆဟစ်(Buddha Sahib)က ဒီဂူထဲမှာ သီတင်းသုံးခဲ့ပါတယ်။ ကပ်လျက်နေရာမှာ မွတ်စလင်ပလီတစ်ခုရှိတယ်။
    တတိယကျောက်တုံးအပေါ်မှာတော့ စေတီပုထိုးက ခုံးမျိုးကို တွေ့ရတယ်။ ဒီနေရာက အမွန်မြတ်ဆုံးလို့ ထင်ရတယ်။ ဘာကြောင့်လည်းဆိုတော့ ဗုဒ္ဓခြေတော်ရာကဲ့သို့ ချိုင့်တွေရှိနေလို့ ဖြစ်တယ်။ အခုလိုဟိန္ဒူ၊ မွတ်စလင်နဲ့ ဗုဒ္ဓသုံးမျိုးသုံးဘက်ပူဇော်ထိုက်တဲ့နေရာတွေစုပြီး တွေ့ရခဲတယ်။ လာပြီး ပူဇော်ကြတာမှာလည်း ခြားနားပုံမျိုးရှိနိုင်ပါတယ်။ ဒါပေမယ့်အလေးအမြတ်ပြုကြပုံကတော့ တူညီပါတယ်။ ဒီတော့ ကျွန်တော့်အထင်ကို ပြောရရင် ဗုဒ္ဓေရ်သြလိယခေါ် ဗုဒ္ဓေရ်ဆာဟစ်က မွတ်စလင်ဖကီရ်(Fakir)ဖြစ်ပြီး သူက တန်ခိုးရှိတယ်။ ပရောဖက်(Prophet)(တမန်တော်) အဖြစ်နဲ့ ပူဇော်ရတယ်။ ဒီနေရာမှာ လာပြီး ဆုတောင်းကြရင် ဘုရားသခင်က ပိုပြီး နှစ်သက်မယ်လို့ ထင်ကြတယ်။ ဗုဒ္ဓဘာသာဝင်တွေက သူတို့အယူဘက် ဆွဲပြီး သာသနာစောင့်ရုက္ခစိုးနတ်နဲ့ တူသလိုထင်မှတ်ကြပြီး ပူဇော်ကြပါတယ်။ သူတို့ကလည်း ပူဇော်စရာတွေ များများနဲ့ ပူဇော်ကြမှာဖြစ်ပါတယ်။ ဟိန္ဒူကလည်း ဒီမှာနေသွားတဲ့ဗုဒ္ဓေရ်က တန်ခိုးဣိဒ္ဓိပတ်နှင့်ပြည့်စုံတယ် လို့ သူတို့က စတင်သိရှိပြီး ပင်လယ်ရေလမ်းခရီးမှာ ဘေးအန္တရာယ်ကင်းပြီး ကိုယ့်အိမ်ကို ကိုယ်ပြန်ရောက် အောင်၊ ပင်လယ်ကူးကုန်သွယ်ရေးမှာ အကျိုးဖြစ်ထွန်းအောင် ဒီသူတော်စင်က မ,စနိုင်တယ်လို့ စတင် ပြောဆိုသူတွေဖြစ်ပါတယ်။ တစ်ခါက မနိတ်(Maniche)နဲ့ ကျန်(Chand)ခေါ်တဲ့ဟိန္ဒူအယူရှိသူနှစ်ယောက်ဟာ ပရုသိန်(ပုသိမ်Pathein)က စစ်တကောင်း(Chittagong)ကို ပြန်လာတဲ့အခါ “ရေချို”လိုချင်လို့ စစ်တွေကို ၀င်ရတယ်။ ဗုဒ္ဓေရ်မကမ် ကျောက်စွန်းမှာ သင်္ဘောဆိုက်ကပ်ပြီး လူအများရှိခိုးပူဇော်တဲ့ကျောက်တုံးကြီးတွေနားက ရေချိုကန်ငယ်ကို ရောက်လာကြတယ်။ ဖကီရ်(Fakir)ကို တွေ့တဲ့အခါ “ငါနေဖို့ ကျောက်ကို ဂူသွင်းပေးခဲ့”လို့ ခိုင်းတယ်။ သူတို့ ကုန်ရှုံးလို့ ဒီတာဝန် မယူပါရစေနဲ့လို့ ပြောတော့ ငါခိုင်းတာလုပ်၊ မင်းတို့မှာ အိမ်ပြန်ကုန်ပါမလာရင် ဒီမြေတွေ ကျုံးတင်သွားလို့ ခိုင်းတယ်။ ပြောတဲ့အတိုင်းလုပ်ကြရပြီး စစ်တကောင်းပြန်ရောက်တော့ ကျုံးတင်လာသမျှ ရွှံ့ဟာ ရွှေဖြစ်တယ်တဲ့။ စိန်ကျောက်တောင် အဆစ်ပါသေးတယ်။
    ယနေ့အထိဒီလိုအံ့သြစရာတွေကို ယုံကြည်ကိုးကွယ်သူတွေတွေ့ကြုံခံစားနေရသေးတယ်လို့ ပြော ကြတယ်။ ဒီက တွင်းရေဖြင့် ရေချိုးရင် ကုမရတဲ့ဝေဒနာလည်းပျောက်တယ်။ ဝေဒနာရှင်ကိုယ်တိုင် မလာနိုင် ရင်လည်း ကိုယ်စားလွှတ်ပြီး ပူဇော်ဆုတောင်းနိုင်တယ်။ ဖကီရ်(Fakir)ကို မြင်ရတဲ့ လူပူးဝင်ပြီး ပြောဆိုသံကို ကြားတဲ့လူရှိတယ်လို့လည်း ပြောကြတယ်။ ပူဇော်ကြတဲ့အခါ စားစရာနဲ့ဖြစ်ဖြစ် သောက်စရာနဲ့ဖြစ်ဖြစ် ပသ ရတယ်။ အခုဗုဒ္ဓေရ်မကမ်မှာ အရာရောက်ဆုံးယာဇ်ကောင်က ဆိတ်ဖြစ်တယ်။ ဆိတ်ကို သတ်ပြီး ယာဇ် ပူဇော်ရင် အကျိုးပေးလည်း မြန်တယ်။ ထိရောက်တယ်လို့ ယုံကြည်တယ်။
    သံတွဲဟာလည်း အလားတူကျောက်တုံးကြီးတွေရှိတယ်လို့ သိရတယ်။ ဗုဒ္ဓေရ်မကမ်က ကျောက်တုံးကြီးတွေရှိတယ်လို့ သိရတယ်။ ဗုဒ္ဓေရ်မကမ်က ကျောက်တုံးကြီးတွေနဲ့ ဆင်တူတွေဖြစ်တယ်။ ဟိုမှာလိုပဲ လူအများက လေးစားပြီး ဂါရ၀ပြုလေ့ရှိပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဗုဒ္ဓေရ်ဆာဟစ်က ရေကြောင်းကိစ္စတွေမှာ မ,စစောင့်ရှောက်လို့ဖြစ်ပါတယ်။ သူ့ရဲ့ဂုဏ်သတင်းဟာလည်း မလာယု(Malayu)ကျွန်းဆွယ်ရဲ့ ကမ်းရိုးတန်းတစ်လျှောက်မှာ ထင်ရှားကျော်ကြားလှပါတယ်။ ဒါ့ထက်တောင်သြဇာ ကျယ်ပြန့်မှာဖြစ်ပါတယ်။ မြိတ်(Mergu)အနားမှာ မဒြမကမ် ရှိနေတာက ဒီစကား မှန်ကန်တယ်လို့ ထောက်ခံနေပါတယ်။ မဒ္ဒြက ဗုဒ္ဒြ၊ ဗုဒ္ဓေရ်အထိ အဆင့်ဆင့်ဆင်းသက်လာတာသေချာပါတယ်။ အဲဒီနေရာ တစ်ခုစီမှာ ကျောက်တုံးအနေအထားနဲ့ ရှိခိုးပူဇော်ပသကြပုံတွေကို ယှဉ်ကြည့်ရင် နတ်ကွန်းနှစ်ခုမှာ အယူ တစ်ခုတည်း တန်ခိုးရှင် တစ်ပါးတည်းဖြစ်ရမယ်လို့ ဆိုချင်ပါတယ်။
    အခုဖော်ပြပြီးတာတွေကို ဖတ်ရတဲ့လူဟာ ဆာအက်ဒ၀ပ်စလေဒင်(Sir Edward Sladen)ပြောပုံနဲ့ မှတ်တမ်းကောက်နုတ်ချက်ပြောပုံနဲ့လည်း တူညီနေတာကို တွေ့မှာဖြစ်ပါတယ်။ ရှာနိုင်မယ်ဆိုရင် ဆာအာသာဖယ်ယာ(Sir Arthur Phayre)လည်း ဒီအကြောင်းကို ရေးခဲ့ပြီးဖြစ်မယ်ထင်ရတယ်။ အပေါ်က ဖော်ပြချက်တွေဟာ သူ့အစီရင်ခံစာထဲက ဆင်းသက်လာတာပင်လျှင် ဖြစ်နိုင်ပါတယ်။
    ရှေးဟောင်းပစ္စည်းအဆောက်အအုံနဲ့ ရှေးဟောင်းသုနေသနလုပ်သင့်တဲ့နေရာစာရင်း၊ ၁၈၉၂၊ စာမျက်နှာ-၇မှာ-
    မှတ်၈၊ စစ်တွေခရိုင်၊ တည်နေရာ-စစ်တွေကျွန်းတောင်ဘက် ပင်လယ်အော်ရဲ့ အရှေ့ဘက်ကမ်း၊ အဆောင်အအုံအမည် ဗုဒ္ဓမကမ်ဂူ။ အစဉ်အလာပြောစကားမှာ ဂူနဲ့ပလီကို ဗုဒ္ဓသြလိယအမည်ရှိတဲ့ မွတ်စလင်သူတော်စင်တစ်ဦးကို အထိမ်းအမှတ်ပြုပြီး တည်ဆောက်ထားတာဖြစ်ပါတယ်။ အရင်နှစ်ပေါင်း (၁၂၀)(ခရစ်နှစ် ၁၇၇၁-ခုနှစ်လောက်က ဖြစ်နိုင်တယ်) စစ်တကောင်းကုန်သည်မနစ်(Maniche)နဲ့ ကျန်(Chand)တို့ဌာနေကို အပြန် သင်္ဘောမှာ နနွင်း(Turmeric)တင်ခဲ့တယ်။ ရေချိုလို့အပ်လို့ စစ်တွေကို ၀င်ရတယ်။ ကျောက်ဆောင်လွတ်ရာမှာ သင်္ဘောကျောက်ချတယ်။ အခုဗုဒ္ဓမကမ်နဲ့တည့်တည့်လောက်မှာ ဖြစ်တယ်။ ညရောက်တဲ့အခါ မနစ်ကို သူတော်စင်က ဒီနေရာမှာ သူနေဖို့နေရာတည်ဆောက်ပေးရမယ်လို့ အိပ်မက်ပေးတယ်။ လုပ်နိုင်အောင် သူတို့သင်္ဘောပေါ်က နနွင်းတွေအမှန်ရွှေဖြစ်စေမယ်တဲ့။ သူတို့ညီနောင်ဟာ နောက်တစ်နေ့နနွင်းတွေ အမှန်ရွှေဖြစ်တာ တွေ့တော့ ရေတွင်းတူးတယ်။ ပြီးတော့အခုမြင်တွေ့နေရတဲ့ဂူ ကိုလည်း တည်ဆောက်ပေးတယ်။ စောင့်ရှောက်သူနဲ့ xxxxxသုံးစွဲပုံ၊ ဗုဒ္ဓ၊ ဟိန္ဒူ၊ ပသီအားလုံးပူဇော်ရာ ဒေသ၊ xxxxကောင်းတယ်။ ဂုဏ်သရေရှိပသီလူကြီးတစ်ဦးက စောင့်ရှောက်ထားတယ်။
    သံတွဲနှင့်မြိတ်မှာ အလားတူပူဇော်ရာဌာနတွေ့တယ်ဆိုတဲ့စကားက မရေမရာနိုင်လှပါတယ်။ အထောက်အထားသက်သေခံနေရာမရှိပါ။
    Photo from “Buddermokan, Report on the Antiquities of Arakan by Forchammer(1891)
    Photo from “Buddermokan, Report on the Antiquities of Arakan by Forchammer(1891)
    မြန်မာနိုင်ငံမှာ ပထမဆုံးရှေးဟောင်းသုတေသနဌာနမှူးလုပ်ရတဲ့ဂျာမန်လူမျိုးပညာရှင်၊ ရန်ကုန် ကောလိပ် ပါဠိပါမောက္ခအမီလ်ဖိုခင်ဖား(Emile Forchinmer)ရဲ့ ရခိုင်ရှေးလက်ရာတွေအကြောင်းအစီရင်ခံစာ(၁၈၉၂)ဓာတ်ပုံနံပါတ်၆၈(၄၂)စာမျက်နှာ(၆၀)ကစပြီး ရေးသားထားတာကို ကြည့်ရင်-
    ရခိုင်ဗိသုကာလက်ရာဟာ မြန်မာ့ပစ္စယံအဆင့်ဆင့်နဲ့ စေတီ၊ မွတ်စလင်တွေရဲ့ ထောင့်လေးထောင့် မှာ မျှော်စင်(Minerat)ပါတဲ့မျှော်စင်နှင့် ထိပ်အုပ်ခုံးပဲ တွေ့မယ်။ ရှိခိုးပုံလည်း ဒီလိုပဲရောနှောနေတယ်။ ကျောင်း ဆိုရင်လည်း ဗုဒ္ဓဘာသာဝင်ရော မဟာမေဒင်ဘာသာဝင်ပါတက်ကြတယ်။ ဗုဒ္ဓေရ်မော်ကန်မှာလည်း ကိုးကွယ်သူရှိတယ်။ ထင်ရှားကြီးကျယ်တဲ့သူတော်စင်ကို မွတ်စလင်မ်တွေက ဗုဒ္ဓေရ်သြလိယ(Budder Auliah)ကို ရည်မှန်း ပြီး ဗုဒ္ဓေရ်မောကန်ကို ခရစ်နှစ်)(၁၇၆၅)ခုနှစ်မှာ တည်ဆောက်ခဲ့ပါတယ်။ ရခိုင်ဒုတိယအရေးပိုင်(Deputy Commisioner) ကာနယ်နယ်လဆင်ဒေဗီးစ် (Colonel Nelson Davies)က (၁၈၇၆)ခုနှစ်မှာ မှတ်တမ်းတင်ခဲ့တယ်။ အဲဒီစာကို ခေတ္တ ငှားယူကြည့်ရှုခွင့်ရပါတယ်။ စာတမ်းထဲမှာ စစ်တွေကျွန်းတောင်ဘက် (ဘင်္ဂလား)ပင်လယ်အော်ရဲ့ အရှေ့ဖျားလောက်မှာ အုတ်အင်္ဂတေရော အဆောက်အအုံစုစုဝေးဝေးတစ်နေရာမှာ တွေ့မယ်။ အဲဒီအထဲက တစ်ခုဟာ မွတ်စလင်ပလီဖြစ်တယ်။ နောက်တစ်ခုက သစ်ပင်မရှိ၊ ပြောင်နေတဲ့ကျောက်တုံးကြီးပေါ်မှာ ရသေ့နေဖို့ အပေါ်ထပ် အဆောက်အအုံက တိုက်တန်းလျားဖြစ်နေတယ်။ ဒီနေရာကို ဗဒ္ဒေရ်မောကန်လို့ ခေါ်တယ်။ ဗဒ္ဒေရ်မောကန်လို့ ခေါ်တယ်။ ဗဒ္ဒေရ်က ပသီ သူတော်စင်ရဲ့ အမည်ဖြစ်တယ်။ မကန်က နေစရာ ကျောင်းသင်္ခမ်းဖြစ်တယ်။ အရင်နှစ်ပေါင်း(၁၄၀)(ခရစ်နှစ်၁၇၃၆) က စစ်တကောင်းက မနစ်နဲ့ ကျန်ညီနောင် ဟာ အပြန်လမ်းမှာ နဂရစ်အငူမှာ ပတ်ပြီး ရေဖြည့်ချင်လို့ စစ်တွေကို ရောက်လာတယ်။ သူတို့သင်္ဘော တစ်စင်းလုံး နနွင်းအပြည့်တင်လာတယ်။ သင်္ဘောကို ဗုဒ္ဓေရ်မော်ကန်ကျောက်နားမှာ သင်္ဘောကျောက်ချပြီး ထားတယ်။ ညကျတော့ ကျန်နဲ့မနှစ်က ကျောက်တုံးကြီးတွေနားက ရေကို သယ်ယူပြီးလို့ အိပ်တဲ့အခါ မနှစ်က သူတော်စင်ဗုဒ္ဒေရ်သြလိယက သူနေဖို့ ရေရှိရာအရပ်မှာပဲ ကျောက်ဂူထွင်းပေးလို့ အိပ်မက် ပေးတယ်။ သူခိုင်းစေတဲ့အတိုင်း လုပ်နိုင်ဖို့ သူတို့မှာ ငွေနဲ့ပစ္စည်းလုံလောက်အောင် မရှိပါလို့ ပြောတဲ့အခါ မင်းတို့ယူလာတဲ့နနွင်းကို ရွှေဖြစ်ရင်ကောလို့ မေးတယ်။ နံနက်မှာ မနစ်က နနွင်းတွေကို ကြည့်လိုက်တော့ ရွှေဖြစ်နေတာတွေ့တော့ ဂူလည်း ဖောက်တယ်။ ရေတွင်းလည်း တူးပေးခဲ့တယ်။ ဂူကို ဒေသခံတွေက ဗုဒ္ဓောမော်လို့ ခေါ်ကြပါတယ်။ ခရစ်(၁၈၃၄)ကစပြီး စစ်တကောင်းအရေးပိုင်ဝီလီယံဒမ်ပီယာ(Willian Dumpire)ရဲ့ ရုံးမှာ ပါရှန်းနဲ့ အူရဒူ အမိန့်တော်တွေကို တွေ့နိုင်ပါတယ်။ ရခိုင်အရေးပိုင်တီဒစ်ကင်ဆန်(T.Dickenson)ရဲ့ စာမှာ ဘုဒမောအပိုင်သူကြီး ဟူစိန်အလီ(Hussain Ali)ကို (၁၈၂၅)ခုနှစ်မှာ ဗြိတိသျှတပ်တွေကို ကောင်းကောင်း ကူညီတဲ့အတွက် ဆုပေးတဲ့အနေနဲ့ ဘုဒမောက ရနိုင် သမျှပူဇော်တဲ့ပစ္စည်း၊ အလှုငွေကို ကောက်ယူ သုံးစွဲနိုင်ခွင့်ပေးမယ်လို့ ရေးသား ဖော်ပြခဲ့ပါတယ်။
    စစ်တွေယာယီတရားသူကြီးအာစီရိပ်(R.C.Raikes)က ဟူစိန်အလီကို ဗုဒ္ဒေရ်မောကန်ကို စောင့်ထိန်းပါ၊ အမျိုးသမီးသီတင်းသည်(Female Fakir) မမင်းအောင်ကို (ကိုယ်စား)ဆက်လက်ပြီး တာဝန်ပေးခဲ့တဲ့အခါ အဲဒီအမျိုးသမီးက (၁၈၄၉)ခုနှစ်မှာ အဆောက်အဦးကိုလည်း ပြင်တယ်။ ရေတွင်းလည်း ထပ်ပြီး တူးပေးပါတယ်။ အစုစုကုန်ကျစရိတ်က ငွေ(၂၀၀၀)ဖြစ်ပါတယ်။
    ဟူစိန်အလီ(Hussain Ali)ကွယ်လွန်တဲ့အခါ သူ့အလုပ်ကို သားဖြစ်သူအဗဒူလာ(Abdula)က ဆက်ခံတယ်။ သူကွယ်လွန်တော့ ညီမမယ်မူရဇမယ် (Moorazamal)က ဆက်ခံတယ်။ (ဒီအမျိုးသမီးက) အဗဒုမရိန်(Abdul Marein)ရဲ့ ဇနီးမယား ဖြစ်ပါတယ်။ ခုတော့ဇနီးမယားကိုယ်စား အဗဒူမရိန်ကပဲ (ဒီနေရာကို) အုပ်ချုပ်စီမံရပါတယ်။
    မွတ်စလင်နာမည်ကို မြန်မာသံက မှန်ကန်အောင် ကောက်ယူဖို့ သိပ်ခက်ခဲတယ်။ ဥပမာ-မရိန်(Marein)ဆိုရင် မြန်မာတွေက ကရိမ်(Karim)ခေါ်မှာ ဖြစ်ဖို့ များတယ်။ အဲဒါထက် အဗဒုရဟီးမ်(Abdur Rahim)ဖြစ်ဖို့ ပိုနီးစပ်တယ်။ မူရဇာမယ်(Moora Zamal)ကိုလည်း မူရဇမတ်(Moora Zamat)ဖြစ်မယ် ထင်ရပါတယ်။ အဆောက်အအုံအတွင်းမှာ ဘာမှကြည့်စရာမရှိ၊ ရိုးရိုးလေးထောင့်ခန်းဖြစ်ပါတယ်။ ကျောက်တုံးကြီးကို ထွင်းထားတာ တစ်ခန်း၊ တုံးထိပ်မှာ တစ်ခန်းရှိတယ်။ အခန်းထဲကို မြောက်နဲ့ တောင်ဘက်နှစ်ဘက်မှာ အ၀င်ပေါက် လုပ်ထားတယ်။ အ၀င်ကုန်းက သပ်ထိုးကုန်း ဖြစ်တယ်။ အတွင်းခန်းကိုလည်း သပ်စီကုန်း(true urch) နဲ့တည်ဆောက်တယ်။ ဂူက အပြင်အကျယ် ၉ပေ၊၆လက်မ ရှိတယ်။ အတွင်းအရှည်၇ပေ၊အကျယ်၅ပေ၈လက်မ၊ အမြင့်၆ပေ၅လက်မ၊ ကျောက်တစ်စိတ်တစ်ပိုင်း အုတ်အင်္ဂတေတစ်စိတ်တစ်ပိုင်းဆောက်ထားတဲ့ဂူဖြစ်တယ်။ အ၀င်ပေါက်မှာ အလှဆင်တဲ့ပန်းခွေလိုဟာမျိုး ဘာတစ်ခုမှမရှိပါ။ နောက်ဂူတစ်ခုလည်း ဒီလိုပါပဲ။ ကြမ်းပြင်ကတော့ တောင်ဘက်ပေါက်ကို နည်းနည်း နိမ့်ဆင်းသွားတယ်။ ပထမဂူထက်လည်း နည်းနည်းငယ်တယ်။ ပလီက အပေါ်ဂူ၊ တက်စရာလှေကား ရှိတယ်။ အရှေ့ဘက်မျက်နှာစာက ၂၈ပေ၆လက်မ၊ တောင်ဘက်၂၆ပေ၆လက်မ၊ အတွင်းခန်းအရှည် ၁၆ပေ၉လက်မ၊ အကျယ်၁၃ပေ၊ မျက်နှာကြက်က ၃၈ပေါင်းမိုး(Cupola)ဖြစ်ပါတယ်။ အနောက်နံရံမှာ မုခ်ကပ်(Niche)ရှိတယ်။ နံရံတွင်းကို ၁ပေ၀င်အောင် ချိုင့်ထွင်းထားတယ်။ အပေါ်ကုန်းထိပ်ချွန်တယ်။ ဘေးတိုင်ဖုံး(Pilaster)ရှိတယ်။ ဒီအဆောက်အဦးက ပလီတိုင်းပါရှိနေကျမျှော်စင်(Minaret)ဖြစ်နိုင်ပါတယ်။ ပါရှန်စာနဲ့ ဒီနေရာကို ကိုးကွယ်ယုံကြည် မှုနဲ့ ဆိုင်တယ်လို့ အသိအမှတ်စာရှိတယ်။ ဣဒ်ဂါး(Idgah)ဆိုတဲ့ဝတ်ပြုဆောင်မှာ “ဥပေါင်းမျိုး”(Cupola)ရှိတယ်။ အနားက ကျောက်ကြားမှာ မရအရညှပ်သွင်းထားတယ်။ အားလုံးအပျက်အစီးမရှိ၊ အတွဲညီလို့ ကြည့်ကောင်းပါတယ်။ ပလီကို ဗုဒ္ဓသာသနာဝင်ဘုန်းကြီးကျောင်းက အတုယယူဟန်ရှိတယ်လို့ ပြောလို့ရတယ်။ ဒီစကားတွေအရ ဒေါက်တာဖိုခင်မာထင်သလို ဘုရားကျောင်း၊ ပလီ၊ စေတီအားလုံးရောနေတယ်။ နားရှုပ်စရာဖြစ်ပါတယ်။ ဒါပေမယ့်ဗုဒ္ဓဘာသာဝင်တွေရဲ့ စေတိယဟာ ဟိန္ဒူ(ဗြဟ္မဏ)ကျောင်းတော်တွေနဲ့ ဆက်သွယ်မှုရှိရမှာ ဖြစ်သလို မွတ်စလင်အဆောင်အအုံတွေရဲ့ ကုန်းပေါက်၊ ကုန်းမိုးတွေကဟာလည်း တည်ဆောက်ဖွဲ့စည်းပုံ မှာ အပြန်အလှန်ပုံတူကူးယူကြလို့ ရောနှောယှက်တင်ရှိမှာ မှန်ပါတယ်။ ဒါကြောင့်စစ်တွေက ဒီပလီကိုလည်း ရှေးမူမပျက်ထိန်းသိမ်းထားသင့်ပါတယ်။
    စစ်တွေဒုတိယအရေးပိုင်အေအယ်လ်ဟောက်(A.L.Hough)က ၁၃၊ဒီဇင်ဘာ၊၁၈၉၃မှာ စာတစ်စောင်ပို့ပေးပါတယ်။ စာရေးသူက ဘင်္ဂါလီအမျိုးသားပညာအုပ် တစ်ယောက်ဖြစ်မယ် ထင်ရတယ်။သူ့စာအတိုင်း ဖော်ပြပါမယ်။ ဖောဒေါရ်မုကမ်ကို ဗောဒေရ်မုခန်ခေါ်မှ မှန်တယ်။ ဗောဒေရ်နေတဲ့ အိမ်လို့ အဓိပ္ပါယ်ရှိတယ်။ ဗောဒေါရ်ဆိုတာ ပီရ်ဗောဒေါ်ရ်၊ ဗောဒေါရ်ဆာပါ၊ ဗောဒေါရ်သြလိယ တစ်ဦးတည်းကို အမျိုးမျိုးခေါ်နေကြတာ ဖြစ်တယ်။ သူ့နာမည်က ရှိုက်ခ်(Sheik) ဗောဒေရ်ဥဒ္ဒန် (Boderuddin)ဖြစ်တယ်။ ဘုရားသခင်ရဲ့ တမန်တော်(Prophet)မဟုတ်ပါ။ လူသာမန်ပါပဲ၊ အာရဗီဘာသာ စကား၊ ပါရှန် ဘာသာစကားကို ကောင်းကောင်း တတ်တဲ့မော်လ၀ီ (Malvie)ဖြစ်ပါတယ်။ ကုလားလူမျိုး၊ ပန်ချာပီဖြစ်ဖို့ များတယ်။ ဒေလီ(Delhi)က ဇမမတ်စ်ဂျစ်(Jama Masjid)မှာ စတင်ပြီး သာသနာရေး ၀န်ထမ်းဖြစ်ခဲ့ပါတယ်။ သူ့မှာ ဓမ္မမိတ်ဆွေသုံးဦးရှိတယ်။ ရှေးစကားတစ်ခုရှိပါတယ်။ ရှေးရှေးက အိန္ဒိယမှာ လူချမ်းသာတစ်ဦးရှိတယ်။ သူ့မှာ သမီးလှလှတစ်ယောက်လည်းရှိတယ်။ သူတို့မြို့မှာပဲ တရားကျင့်တဲ့ သူတော်စင်(Fakir)တစ်ဦးလည်းရှိတယ်။ နာမည်က ရှိက်ဖိရတ်(Sheik Firit)၊ လူသိများတဲ့နာမည်က ရှက်ဖရစ်ဒ်(Sheik Farid)ဖြစ်တယ်။ တစ်နေ့ဒီသူတော်စင်က လူချမ်းသာအိမ်နားကို ရောက်လာတော့ သမီးလှက နှာခေါင်းကို လက်နဲ့ပိတ်ပြီး နံစော်နေတဲ့အရူးကြီးလို့ ပြောလိုက်တယ်။ အဲဒီညပဲ ကလေးမ၀မ်းဗိုက်အကြီးအကျယ်နာလာတယ်။ ဘယ်သူမှ မကုနိုင်ဘူး။ သူတော်သူမြတ်ကို စော်ကားလို့ ဖြစ်တာလို့ အပြောများလာပြီး အဲဒီသူမြတ်ကို အိမ်အရောက်ပင့်ခဲ့ပြီး တောင်းပန်ရင် ပျောက်မှာလို့ ပြောပြတာနဲ့ ရှာပြီး အိမ်ကို ခေါ်ပေးကြတယ်။ ငါ့အင်္ကျီစုတ်ကို ရေစိမ်ပြီး သောက်ရင် ပျောက်မယ်လို့ဆိုတော့ ၀မ်းဗိုက်က နာလွန်းတာနဲ့ နောက်ဆုံးပြောတဲ့ အတိုင်း သောက်ပါတယ်။ အဲဒီအချိန်ကစပြီး ကိုယ်ဝန်ရှိလာတယ်။ ဆယ်လကြတော့ ဗဒေါ်ရ်ဥဒ္ဒိန်(Bodderuddin)ကို မွေးပါတယ်။
    ဒီပုံပြင်မှာ ဗဒရ်(Bader)ဆိုတဲ့ဗဒရ်မုကွမ်(Badarmaqam)ဟာ စစ်တကောင်းက ဗဒရ်ဥဒ္ဒိန်သြလိယ(Baddaruddin)ဖြစ်တယ်။ တို့ငယ်ငယ်က နားထောင်ဖူးတဲ့အရဗီယံညဥ့်(Arabian Nights)ပုံပြင်တွေထဲက ဗေဒြိန်ဒိန်(Bedreddin[ Badaru’ddin being the same name as the familiar Bedreddin of the Arabian Nights of childhood)ဖြစ်ပါတယ်။
    ကဲ-ဒါတွေအားလုံးပေါင်းပြီး အချုပ်စကားပြောကြည့်ရအောင်၊ စစ်တွေက မြိတ်အထိ ကမ်းရိုးတန်း တစ်လျှောက်လုံးမှာ တန်ခိုးဣိဒ္ဓိပတ်ရှိတဲ့ရသေ့ရဟန်းလိုပုဂ္ဂိုလ်တစ်ဦးသီတင်းသုံးတဲ့နေရာတွေရှိတယ်။ သူ့ကို ပင်လယ်ခရီးသွားတဲ့(ကုန်သည်သင်္ဘေားတွေ)လာပြီး ရှိခိုးပူဇော်တယ်။
    အခုသိသလောက်သူနဲ့ဆိုင်တဲ့နေရာတွေဆိုတာ စစ်တွေ၊ သံတွဲနဲ့ မြိတ်မှာ ရှိတယ်။ ဒီလိုပုဂ္ဂိုလ်က လူ့ဘ၀က သေပြီး နောက်ဘ၀မှာ သူက ဗုဒ္ဓဘာသာဝင်တွေက နတ်၊ ဟိန္ဒူက ဒေ၀ါ၊ မွတ်စလင်က သူတော်စင်ခေါ်မယ်၊ တရုတ်က တစ္ဆေပေါ့။ အရှေ့တိုင်းမှာ ဒီလို(ဖုတ်ပြိတ္တာတစ္ဆေကအစ ကုမ္ဘဏ်ရက္ခ) နတ်ကို လူအများက ယုံတယ်။ ရှိခိုးပူဇော်ပသတယ်။ ဗုဒ္ဓ၀ါဒကို လက်မခံခင်ကပဲ ရှိတဲ့နတ်ကိုးကွယ်တဲ့ ဓလေ့ဟာ အခုထိရှိနေတုန်းပဲဖြစ်တယ်။ ပြီးတော့ဒေသအလိုက် ဒီနတ်ကို (ဗုဒ္ဓဘာသာဝင်တွေက သာသနာတော်စောင့်နတ်ဆိုသလို) သူတို့နဲ့နီးစပ်အောင် ပုံပြင်ထွင်ပြီး ပြောမယ်။ အခုပုဂ္ဂိုလ်ကိုလည်း မွတ်စလင်တွေက စစ်တကောင်းဘက်နေပင်လယ်ကူးသင်္ဘောသားများပေါ်ထွက်တဲ့နေရာဇာတိပိရ်ပဒါ (Pir Badar)သူတော်စင်ဖြစ်တယ်လို့ အမည်တပ်ပေးလိုက်ကြတာဖြစ်တယ်။
    စစ်တကောင်းက ဗဒရုဒိန်သြလိယ(Baddruddin Auliah)အကြောင်းကို နည်းနည်းထပ်ပြီး သိရအောင်လေ့လာပါတယ်။ ဗေးလ်(Beale)ရဲ့ အတ္ထုပ္ပတ္တိအဘိဓာန်(၁၈၈၁)မှာ-
    စစ်တကောင်းခရိုင်(Chittagong District) ရားမတ်ဂန်ဇ်နယ်(Rahmatganj [Rahmatganj is correct])က ခမ်မိုဗာရက်ပလီ(Kadam Mubarah Mosque)ကို န၀ပ်မုဟာမက်ယာစီးန်ခန်(Nawaz Muhammad Yasin Khan)က စစ်တကောင်း(Chittagong)ရစူလ်နဂါရ်(Rasulnagar)မှာ ၂၀၊စက်တင်ဘာ၊ (၁၇၂၃)မှာ စတင်တည်ဆောက်ခဲ့ပါတယ်။ အခုထိ မပျက်မစီးအခြေအနေ ကောင်းမွန်ပါတယ်။ ပီရ်ဗဒါရ်(Pir Badar)ခေါ် ဗဒါရ်(Badar)ဟာ ထင်ရှားတဲ့သူတော်စင်ဖြစ်တယ်။ ဗာရုဒ္ဒိန်သြလိယာ(Badruddin Auliah) လို့လည်း ခေါ်တယ်။ ဗဒါရ်ဆာဟစ်(Badar Sahib)လို့လည်း ခေါ်တယ်။ ဒီသူတော်စင်ကွယ်လွန်တော့ သင်္ချိုင်းနဲ့ကျောက်စာကို စစ်တကောင်းမှာပဲ တွေ့နိုင်တယ်။ ကျောက်စာကိုတော့ ထုံးဖြူ အကြိမ်ကြိမ် သုတ်ကြလို့ ဖတ်မရတော့ပါ။ အနားမှာရှိတဲ့ ဖတ်ရတဲ့ကျောက်စာ မှာတော့ ခရစ်နှစ်(၁၇၂၄)ကို တွေ့ရတယ်။ ဒီပုဂ္ဂိုလ်ဟာ ပင်လယ်ရေကြောင်းသွားလာသူတွေနဲ့ ဘယ်လိုပတ်သက်သလဲဆိုတာကိုတော့ ရှင်းလင်းအောင် မပြောတတ်ပါ။ ရနိုင်သလောက်ဆက်စပ်ကြည့်ရင် အိန္ဒိယမှာ အာရံ(Aryan)တွေ ခရစ်မပေါ်မီ နှစ်(၁၅၀၀)လောက်က ၀င်လာချိန်ထက် အရင်ကပဲ မူလနေထိုင်သူတွေပါ နတ်ကိုးကွယ်နေကြပါတယ်။ ဒါကို တစ်နည်းနည်း (မူရင်းမှာ နတ်ကိုးကွယ်မူ့ကနေ ဟိန္ဒူကိုပြောင်းတယ်ပြီးတော့ အစ္စလာမ်ကို ပြောင်းကိုးကွယ်တယ်လို့ ရေးထားတယ်။ By-M-Media) ခေတ်အလိုက်ပြင်ပြီး လူတွေက မွတ်စလင်ဖြစ်လာကြပြီ၊ သို့သော် ဒီနတ်ကိုးကွယ်တဲ့အယူက တစ်မျိုး မဟုတ်တစ်မျိုးကျန်နေတယ်။ ပြန်ပေါ်တယ်။ ပသီသူတော်ကောင်းက သူနဲ့အဆင်ပြေရင် မစနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်မျိုးတွေဝင်လာတယ်။ ထင်ရှားတဲ့နတ်ကွန်းနတ်စင်လည်း အရေအတွက်လျော့တယ်မရှိ။ တိုးတိုးသာလာတယ်။ အရှေ့ဘင်္ဂလားမှာဆိုရင် ပီရ်ဗဒေရ်(Pir Badar)အပြင် ဇိန္ဒါစင်(Zindā Ghāzī)၊ ဂါဇီမီယာန်(Ghāzī Miyān)နဲ့ ပါန်ကျမီရ်(Pānch Pir)တွေလည်းရှိပါတယ်။ မြောက်ပိုင်းဟိန္ဒူတွေရဲ့ ဗဒတ် (Badar)ဟာ နောက်တော့ ရေနတ်ဖြစ်လာတယ်။) ရေလမ်း(မြစ်ကြောင်းပင်လယ်ကြောင်း)ခရီးထွက်ရင် သူ့ကို ပူဇော်ပသလေ့ရှိတယ်။ အချို့က ပေါ်တူဂီ(Portuguese)သင်္ဘောသားတစ်ယောက် သင်္ဘောပျက်ပြီး သူတစ်ယောက်တည်းမသေပဲ ကုန်းပေါ်တက်လာတာ၊ သူက သင်္ဘောမပျက်အောင် လည်း လူမသေအောင် မ,စနိုင်တယ်ဆိုလို့ တစ်နှစ်တစ်ခါ သူ့နတ်ကွန်းမှာ လူတွေလာပြီး မီးထွန်းပွဲလုပ်ကြတယ်။ တိုင်းရင်းသားတွေက အလှုငွေထည့်ကြရင် ဖရင်ဂီ(Feringis)ဥရောပသားခရစ်ယာန်သာသနာဝင်တွေလည်း ထည့်ပါတယ်။ ဒီပေါ်တူဂီရဲ့ အမည်ကို ပြောနိုင်မှုလည်းရှိတယ်။ ပါသ်ဂေါလ်ပီရီဗိုသေလို(Pas Gual PeerisBotheilo)ဖြစ်ပါတယ်။ သူက ကျောက်တုံးကို စီးပြီး ရခိုင် က လာတာလို့ ပြောကြတယ်။ နှစ်စဉ်ပူဇော်ပွဲကို ရမဇန်(Ramzan)ရဲ့ နှစ်ဆယ့်ကိုးရက်မှာ လုပ်ရတယ်။
    ဟိန္ဒူတွေမှာ ခွာဇခီဇာ(Khwazakhiza)ဆိုတဲ့ရေနတ်(God of Flood)ရှိတယ်။ နောက်တော့ ပီရ်ဘဒ်(Pir Bhad)ကိုပဲ ရေနတ်လုပ်လိုက် ပါတယ်။ ဒီနတ်ကို မိမိသားငယ်ခေါင်းရိတ်ပေးတဲ့အခါ ပူဇော်တယ်။ လက်ထပ်တဲ့အခါ လှေငယ်ကို ဆီမီးတိုင်ထွန်းပြီး ရေမှာ မျှောရတယ်။ လှေသမားတွေက ဒီနတ်နာမည်ကို ရွတ်ဆိုပြီး မတ်တပ်ဆွဲတယ်။ တစ်မျိုးချဲ့ထွင်ပြောကြပုံက ခွာဇခီဇာ(Khwazakhiza)ဟာ မဟာအလက်ဇန်ဒါ(Alexander the Great)ဖြစ်တယ်။ သူက အိန္ဒိယကို မသေးဆေးရည်(Blessed Water or Water of Everlasting life)ရှာရင်း ရောက်လာတာဖြစ်တယ်။ ဒီနတ်ကို မြစ်ဘေးမှာ ဂျင်းတစ်စိတ်၊ ထမင်းတစ်ဆုပ်၊ ငှက်ပျောနှစ်လုံးသုံးလုံးနဲ့ ပူဇော်ရတယ်။ အခုပြောတဲ့ခွာဇခီဇာ(Khwazakhiza)ခေါ် ဘယ်သူပဲဖြစ်ဖြစ် အိန္ဒိယမြစ်နဲ့ ပင်လယ်တွေမှာ သွားလာနေရတဲ့လူတွေက သူ့ကို ပူဇော်ပသရင် သင်္ဘောပျက်ပြီး ရေနစ်သေမှာ မစိုးရိမ်ရဘူး။ သားယောက်ျားမွးရင်လည်း သူ့ကို ကျေးဇူးတင်လို့ ပွဲပေးရတယ်။ သြဂုတ်၊ စက်တင်ဘာလမှာ ဘေရာ(xxx)ပွဲလုပ်ရတယ်။ နတ်ရုပ်ကို ငှက်ပျောဖောင်မှာ တင်ပြီး နေ၀င်လို့ မှောင်စပြုရင် ဆီးမီးခွက်ကို မီးထွန်းညှိပြီး မြစ်ပြင်မှာ မျှောရတယ်။ ယုံကြည်သူတွေများလို့ မီးဖောင်တွေရာနဲ့ချီပြီး ရှိတတ်တယ်။ အမှောင်ထဲမှာ မီးလဲ့လဲ့လေးတွေကို ရေထဲမှာ မျောပါလာတာ သိပ်ကြည့်ကောင်းလို့ လူတွေလည်း ကမ်းပါးညွတ်တောင် ထွက်ကြည့်ကြတယ်။
    ဗုဒ္ဓေရ်မောကန်အကြောင်းကို တော်တော်ပြည့်စုံအောင် ရှာလေတွေ့လေ၊ မဖြစ်နိုင်တာတွေလည်း ရောထွေးပြီး ပိုပြီး ရှုပ်လာပါတယ်။ ဒါပေမယ့်မပြည့်စုံသေးပါ။ မြန်မာ့ပင်လယ်ကမ်းရိုးတန်းမှာ နတ်ကွန်းတွေ ရှိတယ်။ ရေလွှမ်းမိုးတဲ့ဘေးကို ကာကွယ်ပေးနိုင်တဲ့နတ်ဖြစ်တယ်။ ပင်လယ်ရေမှာ နစ်မသေအောင် ကယ်နိုင်မ,နိုင်တဲ့နတ်ဖြစ်တယ်။ ပင်လယ်မှာ ကုန်ကူးရင် ကုန်ရှုံးပြီး ဆင်းရဲမသွားအောင် ကယ်နိုင်၊ မ,နိုင်တဲ့ နတ်ဖြစ်တယ်။ ဒီလိုနဲ့ဟိန္ဒူပုံပြင်၊ မွတ်စလင်ပုံပြင်နဲ့ ဗုဒ္ဓပုံပြင်တွေရောပြီး ပိုပြည့်စုံလာတယ်ဆိုရင်လည်း ဖြစ်တယ်။ ပိုပြီး မသိတာတွေများလို့ စိတ်ဝင်စားပါတယ်။ ပိုပြီး ရှုပ်လာတယ်ဆိုရင်လည်း ဖြစ်ပါတယ်။ ရှေး နတ်ကွန်းကိုးတဲ့ဘက်ကို ယိုင်သွားတာကတော့ အမှန်ဖြစ်ပါတယ်။
    သန်းထွန်း
    ကျမ်းကိုး-ဆာရစ်ချဒ်တင်းပဲလ်-“ဗုဒဒ္ဓေရ်မောကန်”ပြန်သူလျာ၊ အတွဲ-၁၅၊ ပိုင်း-၁၊ ဧပြီ ၁၉၂၅၊ ၁-၃၃