News @ M-Media
Blog
  • သရဲတစ္ဆေ ကြောက်ကြသူများ
    ဇန်နဝါရီ ၃၊ ၂၀၁၄
    M-Media
    ဆောင်းပါးရှင်- သဲတစ်ပွင့်
    ghost_council_of_orzhova_by_velinov-d5moyq4
    တစ္ဆေသရဲ ဆိုတာကို ကြောက်တတ်ကြသူတွေ အတော်များတယ် ထင်ပါရဲ့။
    ကမ္ဘာတစ်ဝန်းလုံးမှာ ခေတ်အဆက်ဆက် ယုံတမ်းစကားတွေ၊ ပုံပြင်တွေ၊ စာအုပ်တွေ၊ သက်ကြီးစကားသက်ငယ်ကြားတွေ … အများကြီး ရှိခဲ့တာပဲကိုး။ နောက်ပိုင်းခေတ် ရုပ်ရှင်ခေတ်ရောက်တော့လည်း ခုချိန်ထိကိုပဲ ပေါများလိုက်တဲ့ သူရဲတစ္ဆေ ဇာတ်လမ်းတွေ။ ခုနောက်ဆုံး အင်တာနက် စာမျက်နှာပေါ်အထိလည်း တစ္ဆေသရဲ မင်းမူတုန်း … Smart Phone တွေTablet တွေ i-Devices တွေမှာတောင် သရဲတစ္ဆေ game တွေ ကစားကြတုန်း။ Facebook Page တွေ Group တွေလည်း ရှိပါ့။
    တစ္ဆေခြောက်ပြပြီး တစ်သက်စာ ဖူဖူလုံလုံ လုပ်စားနေကြသူတွေလည်း တစ်ပုံတစ်ပင်ပေါ့။
    ခုဒီစာဖတ်နေကြတဲ့မိတ်ဆွေတွေလည်း သရဲတစ္ဆေ ကြောက်ကြတဲ့သူတွေကို သေချာပေါက် တွေ့ဖူးကြပါမှာ။ ကိုယ်တိုင်တောင် အဲဒီထဲ ပါကောင်းပါနေမှာပဲ။ တစ်ချို့ဆို ဘယ်လောက် ကြောက်တတ်သလဲဆို ကိုယ့်မိသားစုဝင် ကိုယ်သိပ်ချစ်တဲ့ သွေးသားရင်းချာထဲက ကွယ်လွန်သွားရင်တောင် အဲဒီသူကို အစွဲပြု အကြောက်လွန်တော့တာပဲ။
    တစ္ဆေသရဲအကြောင်း ဒီလောက်တောင် ခေါင်းစဉ်စုံ ကဏ္ဍစုံမှာ တွေ့နေရတာ … ကိုယ်တွေ့ ကြုံဖူးပါတယ်ဆိုတဲ့သူ ဘယ်မှာ လက်ဆုပ်လက်ကိုင် ပြနိုင်ကြလို့တုန်း။
    သရဲအခြောက်ခံရပါတယ်ဆိုသူ အများစုကို လေ့လာကြည့် … ကြောက်တတ်တဲ့စိတ်အခံကြောင့် အထင်မှား အမြင်မှား ကိုယ့်လိပ်ပြာကိုယ်မလုံရာကနေ ဖြစ်ကြတာ။
    ရွာတွေကလာတတ်တဲ့ ဇာတ်လမ်းတွေဆိုလည်း ကြည့်ကြည့် … သစ်ရွက်ထူထူ သစ်ပင်အောက်မှာ အရက်မူးမူးနဲ့ ညအိပ်မိရင် အောက်ဆီဂျင် အပြည့်အဝ မရလို့ သေလည်း အဲဒါ ညောင်ပင်တစ္ဆေ သရဲသဘက်က နတ်က သတ်တာပဲ။ ရေတွင်းရေကန်ပျက်ထဲ ဆင်းမိတဲ့သူ သေလည်း သရဲအပြစ်ပဲ။ အာဟာရချို့တဲ့လို့ … စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကြီးကြီးဖြစ်လို့ … ငှက်ဖျားလိုရောဂါမျိုး ကူးစက်လို့ … ဘာကြောင့်ဖြစ်ဖြစ် hallucination ကယောင်ခြောက်ခြားဖြစ်လည်း ကျားကျား မီးယပ်ဆိုသလို သရဲတစ္ဆေ စုန်းကဝေပဲ ခေါင်းစဉ်တပ်ခံရတာပဲ။ ယုတ်စွအဆုံး လေတိုက်ရင်တောင် … သစ်ပင်က အသံမြည်ရင်တောင် … အရိပ်တစ်ခုခု မြင်ရင်တောင် … ဘာပဲဖြစ်ဖြစ် အကြောင်းရင်းမှန်ကိုမလေ့လာဘဲ ကြောက်ပစ်လိုက်ကြတာပဲ။ အမယ် … ထမင်းလုံးတစ္ဆေဆိုတာတောင် ရှိသေး။ ကယောက်ကယက် အိပ်မက်မက်တာတောင် သရဲကြောင့်တဲ့။
    ဒီလိုပြောလို့ နာနာဘာဝဆိုတာ မရှိဘူးလား မေးလာရင် ရုပ်တရားရဲ့အလွန် နာမ်လောက ပရလောက ဝိဥာဉ်လောက ဆိုတာကတော့ ဘာသာတရားတိုင်းက လက်ခံတာပဲလေ။ Parapsychology လိုမျိုး စိတ်တရားကိုလေ့လာတဲ့ ဘာသာရပ်တွေလည်း ရှိတာပဲ။ အာရုံငါးပါးနဲ့ ကျက်စားလို့မရတဲ့ Paranormal Phenomena ဖြစ်ရပ်တွေဆိုတာလည်း ရှိတာပဲ။ ဒါပေမယ့် သရဲတစ္ဆေပါလို့ အများပြောနေ၊ ကြားနေ ၊ ယုံနေတာတွေရဲ့ ၉၉%ကတော့ စိတ်ထင်ယောင်ထင်မှားဖြစ်တာ၊ ကောလဟလကို အခြေခံတာ၊ တစ်စုံတစ်ယောက်က အဖွဲ့တစ်ဖွဲ့က ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်စားဖို့ ခြောက်တာ (ဆိုပါစို့ … သရဲအကြောင်း ရုပ်ရှင်တွေ၊ စာအုပ်တွေ စာတွေရော … ဒါမှမဟုတ် စုန်းပရောဂ ဆရာဆိုတာမျိုးတွေရော … နောက်ထပ် နည်းအမျိုးမျိုး ခေါင်းစဉ် သွယ်သွယ်နဲ့ လုပ်စားကြသူတွေပေါ့) ၊ စသည်စသည်တွေပဲ ဖြစ်နေတာကို တွေ့ရပါမယ်။
    islamophobia___political_cartoon_by_jasonsworld-d62h2kg
    အလားတူအကြောက်ရောဂါ phobia တစ်ခုလည်း ကျွန်တော်တို့လူ့ဘောင်မှာ တွေ့ရလေရဲ့ … ကျွန်တော်ဘာကိုပြောချင်သလဲ ခုလောက်ဆို သိလောက်ကြပါပြီ … Islamophobia ခေါ် အစ္စလာမ်သာသနာကို မွတ်စလင်မ်တွေကို စိုးကြောက်တဲ့ရောဂါပေါ့။ သရဲသဘက်ထက်တောင် ရွံမုန်း ကြောက်နေသူတွေ ရှိကြပါရဲ့။ မြန်မာပြည်မှာသာမက ကမ္ဘာမှာပါ ဒီအကြောက်တရားကြီး ရှိနေတာပါ။ ဒီနှစ်ပိုင်းတွေအတွင်းမှာကတော့ ဒီမြေဒီရေမှာ ပိုဆိုးမယ်ထင်ပါရဲ။
    ကမ္ဘာ့လူဦးရေရဲ့ လေးပုံတစ်ပုံလောက်ရှိတဲ့ သန်းပေါင်း၁၅၀၀ကျော် မွတ်စလင်မ်တွေထဲမှာ ဘာသာတရားရဲ့ သွန်သင်ချက်နဲ့ဆန့်ကျင်ပြီး မဟုတ်မဟတ်လုပ်သူ ကြောက်စရာကောင်းသူလည်း ရှိတာပေါ့ … သူတို့လည်း လူတွေပဲလေ။ လူပီပီ … ပုထုဇဉ်ပီပီ ကိုယ့်အတ္တကို ကိုယ် ရှေ့တန်းတင်ကြသူတွေ .. အာသာ ဆန္ဒနောက်လိုက်သူတွေ … လောဘဒေါသမောဟမာန်မာနကို အတောမသတ်နိုင်သူတွေ … သူများကြိုးစွဲရာ မှိုင်းတိုက်ရာ ကကြသူတွေ ရှိမှာပေါ့။ ဒါသဘာဝပါပဲ။ ကြိုက်တဲ့ဘာသာ၊ ကြိုက်တဲ့လူမျိုး၊ ကြိုက်တဲ့ဝါဒီ (ဝါဒတစ်ခုခုကိုကျင့်သုံးသူလူ့အစုအဝေး … ဆိုပါစို့ … ခုခေတ်စကားနဲ့ပြောရရင် ဒီမိုအုပ်စု၊ ကွန်မြုနစ်ဝါဒီ၊ လစ်ဘရယ်ဝါဒီ၊ ဘာသာမဲ့အုပ်စု) … ဘယ်လူ့အစုအဝေးကိုကြည့်ကြည့် သိုးမည်းတွေကတော့ ရှိစမြဲပဲ။
    ဒါပေမယ့် မွတ်စလင်မ်နဲ့ပတ်သက်လာရင်တော့ ခုချိန်မှာ သတင်းမှားနဲ့မှ ထမင်းစားရသူတို့ … အမုန်းစကားပြောမှ … အမုန်းတရားဟောမှ ရည်ရွယ်ချက်ရှိရှိ ပြဿနာဖန်မှ နေရာရ လူကြည်ညိုခံရပြီး စားဝင်အိပ်ပျော်ရမယ့်သူတို့က ခြောက်လုံးမြှောက်လုံးတွေနဲ့ ကြိမ်ဖန်များစွာ မှိုင်းတိုက် ကုလားတစ္ဆေ ခြောက်ခဲ့လေတော့ နှစ်ပေါင်းထောင်ချီ ပုဂံခေတ် အနော်ရထာမတိုင်မီကတည်းက တိုင်းပြည်မှာရှိနေတဲ့ လူ့အစုအဝေးကပဲ ဒီလေးငါးနှစ်အတွင်းမှာမှ တိုင်းပြည်ပျောက်အောင် သိမ်းတော့မလိုလို။ အမျိုး ဘာသာ သာသနာဆိုတဲ့ လူပြိန်းကြိုက်ခေါင်းစဉ်နဲ့ ဖြဲခြောက်တော့ နဂိုကတည်းက မဟုတ်တာတွေးကြောက်တတ်တဲ့ ကျွန်တော်တို့လူတွေ မွတ်စလင်မ်အပေါ် သရဲသဘက် ဘီလူးတစ္ဆေ စုန်းကဝေတို့ထက် အကြောက်လွန် ရွံမုန်းကြလေသတည်းပေါ့လေ။
    ဘယ်ကဘယ်လို လံကြုပ်တွေမှန်းမသိတဲ့ မွတ်စလင်မ်တွေ ကြားတောင်မကြားကြဖူးတဲ့ ပြည်သိမ်းစီမံကိန်းတို့ ဘာတို့တွေကလည်း ဖွဘုတ်ပေါ်ရောက်လာတော့ … ဟဲဟဲ … အဲဒါကို ယုံတဲ့သူတွေထဲမှာ ခေတ်ပညာတတ်ကြီးတွေတောင် ပါသဗျ။ ကုလသမဂ္ဂ အတွင်းရေးမှူးဟောင်း ကွယ်လွန်သူ ဦးသန့်ပြောခဲ့တဲ့ “မစဉ်းစားပဲ ယုံလွယ်သူပေါများသော တိုင်းပြည်” ဆိုတာ တယ်မှန်သကိုး။
    tumblr_kympvacny11qzulrs
    မိတ်ဆွေတို့ရေ …
    မိတ်ဆွေတို့ဝန်းကျင်မှာ သိကြွမ်းတဲ့ မွတ်စလင်မ်ဆိုသူတွေထဲမှာ
    မိတ်ဆွေတို့ ဖတ်ဖူးကြားဖူး အခြောက်ခံရဖူးတဲ့ မိစ္ဆာစိတ်ဝင် မွတ်စလင်မ်ဆိုသူ ဘယ်လောက်များများ တွေ့ဖူးပါသလဲခင်ဗျား။
    စာတွေ့တွေ ဘုန်းဘုန်းတစ်ချို့ဟောတာတွေ၊ ဟို website ဒီ website ကဟာတွေ …   သူများနိုင်ငံတစ်ချို့မှာ ဖြစ်နေတာတွေ မပါဘူးနော် … မိတ်ဆွေတို့ အမှန်တကယ် သိကြွမ်းသူတွေထဲကပဲ ဆိုလိုတာပါ။
    ဖြစ်နိုင်ရင် စာရင်းလေး ချရေးကြည့်ပေါ့ … ရာခိုင်နှုန်းလေးလည်း တွက်ကြည့်ပါဦး။
    သေချာပါတယ် … တစ္ဆေသရဲတုန်းကလိုပါပဲ … အနည်းငယ် မကောင်းဆိုးဝါးရှိနိုင်ပေမယ့် အများသူငှါကတော့ ထင်ထားသလို ခြောက်ခြားနေသလို မဟုတ်ဘဲ သူလိုငါလို ချစ်စရာ ခင်စရာ လူသားတွေပဲဆိုတာ မိတ်ဆွေ သေချာပေါက်တွေ့မှာပါ။
    နိဂုံးချုပ် ဥပမာအနေနဲ့ပြောရရင် … သစ်ပင်တွေကို လိုက်ကြည့်ရင်း သစ်တောကြီး မမြင်တာမျိုး မဖြစ်စေချင်ဘူးဗျာ …..။
    သစ်တောထဲမှာ ပေါက်နေတဲ့ သစ်ပင်တစ်ချို့ စိမ်းလန်းချင်မှ စိမ်းလန်းမယ်။ အဆိပ်ရှိရင် ရှိမယ်။ သစ်ဥသစ်ဖု ဝေဆာချင်မှ ဝေဆာမယ်။
    အကိုင်းအခက် သွေ့ခြောက်နေတဲ့ အပင်ကိုမှ ရွေးပြီး လက်ညှိုး မထိုးသင့်ပါ။ အင်းဆက်တွေ အကောင်ငယ်တွေကို ဖမ်းဆီးသေကြေစေတတ်တဲ့ အသားစားပင် တစ်ချို့ကို ညွှန်းဆိုရင်း မကောင်းဆိုးရွား သစ်ပင်များလို့ မသမုတ်သင့်ပါ။ ဆူးကြမ်း လွှမ်းတဲ့အပင်ကိုသာ ကွက်ကြည့်ပြီး ကြောက်စရာ့ သစ်ပင် မဆိုသင့်ပါ။ ရစ်နွယ်တတ်တဲ့ သစ်ပင်အချို့ကြောင့် ကျန်အပင်များကိုပါ တစ်တန်းတစ်စားတည်း မသတ်မှတ်သင့်ပါ။ အဆိပ်ပင်တစ်ချို့ကြောင့် အပင်အားလုံး အဆိပ်ရှိတယ် ကောက်ချက်မချစေလိုပါ။
    သစ်တောတစ်ခုလုံးကို လွှမ်းခြုံ မြင်တတ်ရင်တော့ စိမ်းလန်းစိုပြေ လှပတင့်တယ်မှုကို မုချ တွေ့ရမှာပါ ချစ်မိတ်ဆွေ။
    နှစ်သစ်ကာလမှာ စိတ်သစ်ကိုယ်သစ်နဲ့ အချင်းချင်း အမျက်အဤမရှိ … ချစ်သောမျက်စိဖြင့် ကြည့်နိုင်စွမ်း ရကြပါစေသား။ အဘိဇ္ဇာကင်းစွာ ကြည်ကြည်လင်လင် မြင်နိုင်ကြပါစေသား။
  • ဇန်နဝါရီ ၃ ပြည်တွင်းသတင်း စုစည်းမှု
    ဇန်နဝါရီ ၃ ပြည်တွင်းသတင်း စုစည်းမှု
    ဇန်နဝါရီ ၃၊ ၂၀၁၄
    M-Media
    သမ္မတ၏ လွတ်လပ်ရေး အထိမ်းအမှတ် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ယနေ့ ရိုဟင်ဂျာ ၁၈၇ ဦးလွတ်မြောက်
    ဇန်န၀ါရီလ ၂ ရက်နေ့ကထုတ်ပြန်တဲ့ သမ္မတရဲ့ ပြစ်ဒဏ် လွတ်ငြိမ်းခွင့် အမိန့်အရ ယနေ့ ဇန်နဝါရီလ ၃ ရက်၊ နေ့လည် ၃ နာရီမှာ ဘူးသီးတောင် အကျဉ်းထောင်မှ ရိုဟင်ဂျာ မွတ်စလင် ၁၈၇ ဦးလွတ်မြောက်ခဲ့ကြောင်း ဘူးသီးတောင်မြို့နယ်၊ အမှတ် ၄ ရပ်ကွက်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ရုံးမှ တာဝန်ခံအရာရှိ၏ တင်ပြချက်အရ သိရှိရဟု ဘူးသီးတောင် ပြည်သူလွှတ်တော်အမတ် ဦးရွှေမောင်၏ FaceBook စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။
    လွတ်မြောက်လာသူများတွင်  ဘူးသီးတောင်မြို့နယ်မှ ၅၅ ဦးနှင့် မောင်တောမြို့နယ်မှ ၁၃၂ ဦး ဖြစ်ပြီး မနက်ဖြန်လွတ်လပ်ရေးနေ့မှာလဲ ထပ်မံလွတ်မြောက်လာဖွယ်ရှိကြောင်းကို ၄င်းက ဆက်လက်ရေးသားထားပါတယ်။
    ____________________________________
    ဘာသာလေးမျိုးတရားပွဲ ကျင်းပ
    မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် အနီးစခန်း ၀ါးဘိုးကျေးရွာ အာရှအလင်းရောင် ပရိယတ္တိစာသင်တိုက်၌  ဒီဇင်ဘာ ၃၁ ရက် ည ၇ နာရီမှ ၁၂ နာရီထိ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာနှင့် ဟိန္ဒူဘာသာများစုပေါင်း၍ ဘာသာလေးမျိုး တရားပွဲ ကျင်းပပြုလုပ် ခဲ့သည်။
    _____________________________________
    လွတ်လပ်ရေး အထိမ်းအမှတ် လွတ်ငြိမ်းချမ်းသာခွင့် ၇၀၀၀ ကျော်တွင် နိုင်/ကျဉ်း ၃ ဦးသာပါဝင်သေး
    ဇန်န၀ါရီလ ၂ ရက်နေ့ကထုတ်ပြန်တဲ့ သမ္မတရဲ့ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်အမိန့်အရ  ဒီနေ့လွတ်လာတဲ့ အကျဉ်းသား ၇၀၀၀ ကျော်မှာ နိုင်ငံရေး အကျဉ်းသားက သုံးဦးပဲ ပါဝင်ပြီး မူးယစ်ဆေးဝါးမှုနဲ့ ထောင်ကျနေတဲ့ မောင်ဝိတ် လည်း လွတ်မြောက်တဲ့ထဲမှာပါဝင်လာကြောင်းကို VOA သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
    _______________________________________
    သမ္မတအရည်အချင်း ကန့်သတ်ချက် အခြေခံဥပေဒ ပုဒ်မ ပယ်ဖျက်ရန် ရန်ကုန်မှာ ဆန္ဒပြ
    ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါဝင်တဲ့  ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်နိုင်အောင် တားဆီးထားတဲ့  ပုဒ်မတွေဖြစ်တဲ့ ၅၉ (စ) နဲ့ ၅၉ (ဃ) တွေကို ဖျက်သိမ်းပေးဖို့ ဒီနေ့ မနက်က ရန်ကုန်မြို့ မြို့တော် ခန်းမရှေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူ လူ ၂၀၀ နီးပါး ဆန္ဒပြခဲ့ကြပါတယ်။
  • ဇန်နဝါရီ ၃ နိုင်ငံတကာ သတင်းများ
    ဇန်နဝါရီ ၃၊ ၂၀၁၄
    M-Media
    North Korean leader Kim Jong Un visits the newly built ski resort in the Masik Pass region
    ဦလေးအား ကွပ်မျက်လိုက်ခြင်းကြောင့် ပြည်သူများအကြား ညီညွတ်မှု ပိုလာသည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဆို
    – မိမိ၏ ဦးလေးဖြစ်သူ ဂျန်ဆွန်ထက်ကို ကွပ်မျက်လိုက်ခြင်းက တိုင်းပြည်၏ အညစ်အကြေးများကို ဖယ်ရှားလိုက်ခြင်းဖြစ်ပြီး ပြည်သူများအကြား စည်းလုံးညီညွတ်မှုပိုလာစေသည်ဟု မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်မှ ဗုဒ္ဓဟူးနေ့က နိုင်ငံပိုင် ရုပ်မြင်သံကြားမှပြောကြားခဲ့သော နှစ်သစ်ကူး မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
    ဂျန်ဆွန်ထက်မှာ မြောက်ကိုရီးယားနိုင်ငံရေးအသိုင်းအ၀ိုင်းတွင် ဒုတိယ အာဏာအရှိဆုံးခေါင်းဆောင်ဖြစ်ပြီး၊ ကင်ဂျုံအန်အား ကူညီပေးနေသည်ဟု အများက သတ်မှတ်ထားသည်။ သို့သော်လည်း လက်ရှိအစိုးရအား ဖြုတ်ချရန်ကြံစည်မှု အပါအ၀င် ဂျန်ဆွန်ထက်အား အမှုများစွာဖြင့် စွဲဆိုခဲ့ပြီးနောက် ကင်ဂျုံအန်က ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ကွပ်မျက်ခဲ့သည်။
    ………………………….
    ကြည်း၊ ရေ၊ လေ ပူးပေါင်းထားသည့် စစ်ဌာနချုပ်တစ်ခု တရုတ် ထူထောင်တော့မည်
    – ပဋိပက္ခဖြစ်နေသည့် အခြေအနေများအား တုန့်ပြန် ဖြေရှင်းရာ၌ ပိုမို ထိရောက် စေရန်အတွက် တရုတ်တပ်မတော်၏ ကြည်း၊ ရေ၊ လေတပ်များ ပူးပေါင်းထားသည့် စစ်ဌာနချုပ်တစ်ခုထူထောင်ရန် ကာကွယ်ရေးဝန်ကြီးဌာနက စီစဉ်နေသည်ဟု နိုင်ငံပိုင် မီဒီယာများက ယနေ့တွင် ဖော်ပြခဲ့သည်။
    ယခုလောလောဆယ်တွင် ကမ္ဘာ့အင်အားအကြီးဆုံး တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် PLA မှာ ရေတပ်၊ လေတပ်တို့နှင့် ပူးပေါင်းဆောင်ရွက်မှုများ မရှိဘဲ ပထ၀ီဒေသအရ အချက်အချာနေရာများတွင် ဒေသ ၇ ခုခွဲ၍ တပ်စွဲထားသည်။
    ထို့ကြောင့် တပ်ပေါင်းစု စစ်ဌာနချုပ်တည်ထောင်ရန်အတွက် အစီစဉ်တစ်ခုကို ကာကွယ်ရေးဝန်ကြီဌာနမှ စတင်ဆောင်ရွက် နေသော်လည်း၊ ယခုလက်ရှိရှိနေသည့် စစ်ဌာချုပ်များအား အစားထိုးမည်လာဆိုသည်ကို အသိအကျ မသိရှိရသေးပေ။ သို့သော်လည်း ထိုကဲ့သို့ ဆောင်ရွက်မှုများ အခြားမည်သည့်တိုင်းပြည်ကိုမှ ရည်ရွယ်ခြင်းမဟုတ်ဟု တရုတ် ကာကွယ်ရေးဝန်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။
    Ref: CNA
    ………………………….
    တရားရုံးသို့သွားရောက်စဉ် ပါကစ္စတန်စစ်အာဏာရှင်ဟောင်း နှလုံးရောဂါကြောင့် ဆေးရုံတင်ခဲ့ရ
    – ပါကစ္စတန်နိုင်ငံ၏ စစ်အာဏာရှင်ဟောင်း ပါဗက်ဇ် မူရှာရက်ဖ်မှာ တရားရင်ဆိုင်ရန်အတွက် ယမန်နေ့ တရားရုံးသို့ သွားရောက်စဉ် ရုတ်တရက် နှလုံးဖောက် လာသောကြောင့် ဆေးရုံသို့ တင်ဖို့ခဲ့ရသည်ဟု သိရသည်ဟု ရဲတပ်ဖွဲ့နှင့် ကျန်းမာရေးတာဝန်ရှိသူများက ပြောကြားခဲ့သည်။ မူရှာရက်ဖ်မှာ ပြီးခဲ့သည့် ရုံချိန်းနှစ်ခုတွင်လည်း လုံခြုံရေးစိုးရိမ်ရသဖြင့် သွားရောက်နိုင်ခြင်း မရှိခဲ့ပေ။ မူရှာရက်ဖ်မှာ ၁၉၉၉ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ တိုင်းပြည်အား အုပ်စိုးခဲ့စဉ် ကာလအတွင်း ကျူးလွန်ခဲ့သော ပြစ်မှုများကြောင့် တရား ရင်ဆိုင်နေရသူဖြစ်သည်။
    Ref: english.alarabiya
    ………………………….
    ငါးခိုးဖမ်းသူ အိန္ဒိယနိုင်ငံသား ၂၅ ဦးအား သီရိလင်္ကာ ထိန်းသိမ်း
    – ငါးခိုးဖမ်းခြင်းပြဿနာကြောင့် နှစ်နိုင်ငံ တင်းမာမှုများ ရှိနေသော်လည်း တရားမ၀င် ငါးခိုးဖမ်းသည့် အိန္ဒိယနိုင်ငံသား ၂၅ ဦးအား သီရိလင်္ကာရေတပ်က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဒီဇင်ဘာလအတွင်းတွင် ငါးခိုးဖမ်းမှုကြောင့် ဖမ်းဆီးထားသည့် အိန္ဒိယနိုင်ငံသား ၁၈၀ ဦးအထိ ရှိလာပြီဟု သိရိလင်္ကာအစိုးရ တာဝန်ရှိသူများက ယနေ့တွင် ပြောကြားလိုက်သည်။
    ထို့ပြင် ရေတပ်က ဖမ်းဆီးရမိခဲ့သည့် ငါးဖမ်းသင်္ဘော ငါးစင်းအား သိရိလင်္ကာ ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ ငါးခိုးဖမ်းမှုကြောင့် သီရိလင်္ကာက ထိန်းသိမ်းထားသည့် အိန္ဒိယနိုင်ငံသားမှာ ၂၀၅ ဦးအထိ ရှိလာပြီဖြစ်ပြီး အိန္ဒိယတွင်လည်း သီရိလင်္ကာ ငါးဖမ်းသမားများမှာ ထိုပမာဏခန့် ရှိနေရာ ထိုပြဿနာနှင့်ပက်သက်၍ နှစ်နိုင်ငံ ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ရန် စီစဉ်နေသည်ဟု သိရသည်။
    Ref: ဆင်ဟွာ
    ……………………………..
    အီရတ်နိုင်ငံတွင် ယခုနှစ်အတွင်း သေဆုံးမှု ငါးနှစ်အတွင်း အမြင့်ဆုံးဖြစ်လာ
    – ၂၀၁၃ ခုနှစ်အတွင်း အီရတ်နိုင်ငံတစ်ဝှမ်းတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် အရပ်သား ၇၈၁၈ ဦး အပါအ၀င် စုစုပေါင်း ၈၈၆၈ ဦး သေဆုံးခဲ့သည်ဟု ကုလသမဂ္ဂမှ ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထိုပမာဏမှာ အမေရိကန်မှ အီရတ်နိုင်ငံအား ကျူးကျော်တိုက်ခိုက်ပြီးနောက် ဖြစ်ပွားခဲ့သည့် ငါနှစ်ကြာစစ်ပွဲအတွင်း တစ်နှစ်တာ အမြင့်ဆုံး သေဆုံးမှုလည်းဖြစ်သည်။ ဒီဇင်ဘာလ တစ်လတည်းမှာပင် နိုင်ငံတစ်ဝှမ်း အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ၇၅၉ ဦး သေဆုံးခဲ့ပြီး ၁၃၄၅ ဦး ဒဏ်ရာရရှိခဲ့သည်။
    Ref: ဆင်ဟွာ
    ……………………………..
    မလေးရှား၏ ၂၀၁၄ ခရီးသွားနှစ်အား စတင်
    – မလေရှား၏ ၂၀၁၄ ခရီးသွားနှစ်ကို စတင်အကောင်အထည်ဖော်သည့်အနေဖြင့် တရုတ်နိုင်ငံ ဘေဂျင်းနှင့် ရှန်ဟိုင်းမြို့မှ ခရီးသွား ၈၀ ကျော်ကို မလေးရှား ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး အုန်ဟုန်ပန်က ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဗုဒ္ဓဟူးနေ့က ကြိုဆိုခဲ့သည်ဟု သိရသည်။
    ထို့ပြင် နိုင်ငံအတွင်းသို့ ၀င်ရောက်နိုင်သည့် လေဆိပ်၊ ရထားနှင့် ကားဂိတ် ၂၇ ခုတို့တွင်လည်း ထိုကဲ့သို့ ကြိုဆိုမှုများ ပြုလုပ်ခဲ့ကြသည်။ ယခုနှစ်အား ခရီးသွားနှစ်အဖြစ် သတ်မှတ်ထားသည့် မလေးရှားနိုင်ငံမှာ နိုင်ငံတစ်ဝှမ်းတွင် ခရီးသွားများအတွက် အမှတ်တရဖြစ်စေမည့် အဆိုအကများ၊ ရိုးရာယဉ်ကျေးမှုဆိုင်ရာ ဖျော်ဖြေတင်ဆက်မှုများကို ပြုလုပ်ရန် စီစဉ်ထားရှိသည်။
    Ref: ဆင်ဟွာ
  • ဇန်နဝါရီ ၃ အားကစားသတင်းများ
    ဇန်နဝါရီ ၃၊ ၂၀၁၄
    M-Media
    မန်ယူတိုက်စစ်မှူးဟောင်း ဆိုးလ်ရှား ကာဒစ်ဖ်အသင်း၏ နည်းပြဖြစ်လာ
    – မန်ယူအသင်း၏ တိုက်စစ်မှူးဟောင်း ဆိုးလ်ရှားအား မိမိတို့အသင်း၏ နည်းပြအဖြစ် ခန့်အပ်လိုက်ပြီဟု ကာဒစ်ဖ်စီတီးအသင်းက ယမန်နေ့တွင် ကြေညာခဲ့သည်။ ဆိုးလ်ရှားမှာ ၎င်း၏နိုင်ငံ နော်ဝေရှိ Molde ကလပ်အသင်းအား နော်ဝေအမှတ်ပေးဖလား Tippeligaen နှစ်ကြိမ်တိုင်တိုင် ဆွတ်ခူးရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်ပြီး နယူးကာဆယ်အသင်းနှင့် စနေနေ့တွင် ကစားမည့် FA ဖလားပွဲစဉ်တွင် ကာဒစ်ဖ်အသင်းအား ပထမဆုံး ကိုင်တွယ်ရမည်ဖြစ်သည်။
    ကာဒစ်ဖစ်နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရခြင်းက မိမိအတွက် စိန်ခေါ်မှုကောင်းတစ်ခုဖြစ်ပြီး၊ ကာဒစ်ဖ်အသင်းမှာလည်း နောက်ထပ်ခြေလှမ်းတစ်ခုအား လှမ်းရန်အတွက် အဆင်သင့် ဖြစ်နေကြောင်း၊ မိမိအနေဖြင့် အသင်းအား ကူညီပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ဆိုးလ်ရှားက ကလပ်အသင်း၏ ၀ဘ်ဆိုဒ်မှ တစ်ဆင့် ပြောကြားခဲ့သည်။
    355307_heroa
    ……………………………………….
    ဘာကာနှင့် အာဆင်နယ်အသင်းတို့တွင် ကစားလိုသည်ဟု ပေါ့ဂ်ဘာဆို
    – မိမိအနေဖြင့် ဘာစီလိုနာနှင့် အာဆင်နယ်ကဲ့သို့ အသင်းကြီးများတွင် ကစားရန် အိပ်မက်မက်နေသည်ဟု ဂျူဗင်တပ်စ်အသင်း၏ ပြင်သစ် အလယ်တန်းလူ ပေါလ်ပေါ့ဂ်ဘာက ပြောကြားလိုက်သည်။ ပေါ့ဂ်ဘာမှာ မန်ချက်စတာယူနိုက်တက်အသင်းမှ ဂျူဗင်တပ်စ်အသင်းသို့ ၂၀၁၂ ခုနှစ် နွေရာသီတွင် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ခြေစွမ်းကောင်းများကို ပြသနိုင်သောကြောင့် ဂျူဗင်တပ်စ်အသင်းတွင် အဓိကကစားသမား ဖြစ်လာခဲ့သည်။
    ပီအက်စ်ဂျီအသင်းက ခေါ်ယူရန်စိတ်ဝင်စားနေသော်လည်း ယခုလက်ရှိ ဂျူဗင်တပ်စ်အသင်းတွင် ပျော်ရွှင်လျက်ရှိကြောင်း ပေါ့ဂ်ဘာက La Repubblica သတင်းစာသို့ ပြောကြားခဲ့ပြီး ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့ရန် စီစဉ်နေစဉ်က မန်ယူနည်းပြ ဖာဂူဆန်အနေဖြင့် အီတလီတွင် လူမျိုးရေးခွဲခြားသောကြောင့် ပြောင်းရွှေ့ခြင်း မပြုရန် တားမြစ်ခဲ့ကြောင်း၊ သို့သော်လည်း မည်သည့်နိုင်ငံတွင်မှ လူမျိုးရေးခွဲခြားမှု ပျောက်ကွယ်သွားခြင်း မရှိသေးဘဲ အင်္ဂလန်တွင်ပင် ထိုကဲ့သို့ ခွဲခြားမှုများ ရှိနေကြောင်း ပေါ့ဂ်ဘာက ထပ်လောင်းပြောကြားခဲ့သည်။
    …………………………..
    ဟန်ဆောင်လှဲချသည့် ကစားမားများအား ဒိုင်လူကြီးက ပြင်းထန်စွာ အရေးယူရန် ဘလတ္တာတိုက်တွန်း
    – ဟန်ဆောင်လှဲချမှုပြုလုပ်သော ကစားသမားများအား ဒိုင်လူကြီးများအနေဖြင့် ၎င်းတို့၏ အခွင့်အာဏာအပြည့်သုံး၍ အရေးယူမှုများပြုလုပ်ရန် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာဥက္ကဌ ဆပ်ဘလတ္တာက တိုက်တွန်းပြောဆိုခဲ့သည်။ ထိုကဲ့သို့ပြောဆိုမှုများမှာ အင်္ဂလန်ပရီးမီယားလိဂ်တွင် ဟန်ဆောင်လှဲချမှုများနှင့် ပက်သက်၍ ဝေဖန်မှုများ ဖြစ်ပေါ်ခဲ့ပြီး ရက်အနည်းငယ်အကြာတွင် ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။ ပြီးခဲ့သည့် တစ်ပါတ်ကျော်က ချယ်ဆီးနှင့် လီဗာပူးလ်တို့ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် လီဗာပူးလ်တိုက်စစ်မှူး လူးဝစ်ဆွာရက်က်၏ ဧရီယာအတွင်း လဲကျမှုကို ဟန်ဆောင်လှဲချမှုအဖြစ် မော်ရင်ဟိုက ဝေဖန်ခဲ့ပြီး၊ ဗုဒ္ဓဟူးနေ့ကကစားခဲ့သည့် ချယ်ဆီးနှင့် ဆောက်သက်တမ်တို့ပွဲစဉ်တွင် ချယ်ဆီးကစားသမား အော်စကာ၏ ဟန်ဆောင်လှဲချမှုအား ဒိုင်လူကြီးမှ အပြစ်ပေးခဲ့မှုကို ထောက်ခံသည်ဟု မော်ရင်ဟိုကပင် ပြောဆိုခဲ့သည်။
    ……………………………..
    မက်ဆီ လေ့ကျင့်ခန်းပြန်ဆင်းပြီ
    – ဒဏ်ရာကြောင့် အနားယူနေရသည့် ဘာစီလိုနာအသင်း၏ အာဂျင်တိုင်း တိုက်စစ်မှူး မက်ဆီမှာ အသင်း၏ လေ့ကျင့်ခန်း အစီအစဉ်တွင် ပြန်လည် ပါဝင်လာသည်ဟု သိရသည်။ အသက် ၂၆ နှစ်အရွယ်ရှိ မက်ဆီမှာ နိုင်ဝင်ဘာ လဆန်းကတည်းက တံကောက်ကြောဒဏ်ရာရရှိခဲ့ပြီး၊ အာဂျင်တီးနားသို့ ပြန်၍ ဆေးကုသမှု ခံယူခဲ့ပြီးနောက် ဒဏ်ရာအခြေအနေမှာ တိုးတက်လာခဲ့သည်။ မက်ဆီ လေ့ကျင့်ခန်းဆင်းနေကြောင်းကို ဘာစီလိုနာအသင်းကလည်း အတည်ပြုခဲ့သည်။
    ………………………….
    နာပိုလီတွင် ပျော်ရွှင်နေကြောင်း ဟီဂူအင်ဆို
    – ဇန်န၀ါရီ အပြောင်းအရွှေ့တွင် အသင်းမှ ထွက်ခွာတော့မည့်ဟု သတင်းများထွက်ပေါ်နေသည့် တိုက်စစ်မှူး ဟီဂူအင်က မိမိအနေဖြင့် နာပိုလီအသင်း၌ ကစားရခြင်းကြောင့် အတွေ့အကြုံကောင်းများ ရရှိပြီး ပျော်ရွှင်မိသည်ဟု ပြောကြားလိုက်သည်။ ဟီဂူအင်မှာ ရီးယဲလ်မက်ဒရစ်အသင်းမှာ နာပိုလီသို့ ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကာလက ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး၊ အသင်းအတွက် ၂၁ ပွဲကစားကာ ၁၃ ဂိုးသွင်းယူပေးထားနိုင်သည်အထိ စွမ်းကောင်းများကို ပြသနေသည်။
  • ဘာသာရေး သဘောထား သေးသိမ်ခဲ့သော ၂၀၁၃ ခုနှစ် မြန်မာပြည် (ဘာသာပြန်- ဆောင်းပါး)
    ဇန်နဝါရီ ၃၊ ၂၀၁၄
    M-Media
    ဘာသာပြန်- မြင့်မိုရ်မောင်မောင်
    WirathuBurma1-621x321
    (Photo-AP) ပြဿနာသံဃာ ဦးဝီရသူ
    ယမန်နှစ်ကို မြန်မာပြည်ရှိ မွတ်စ်လင် ဆန့်ကျင်ရေးဆိုင်ရာ ဘာသာရေးတင်းမာသည့် နှစ်တစ်နှစ်အဖြစ် မြင်တွေ့ခဲ့ရလေပြီ။ယင်းသို့ဖြစ်အောင် အသံ အကျယ်လောင်ဆုံး မီးမွှေးမှိုင်းတိုက်ခဲ့သူမှာ အစွန်းရောက်သံဃာ ဦးဝီရသူ ဖြစ်လေ၏။
    ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်၌ ဗုဒ္ဓဘာသာဝင်များ နှင့် ရိုဟင်ဂျာ မွတ်စ်လင် လူနည်းစုအကြားရှိ တင်းမာမှုမှသည် အကြမ်းဖက်မှုသို့ ပေါက်ကွဲ ထွက်လာရာဝယ် ပြဿနာများ စတင်ပွင့်အံလာခဲ့သည်။ ၂၀၁၂ ခုနှစ် ဇွန်နှင့်အောက်တိုဘာလအတွင်း လူပေါင်း ၁၉၂ ဦးမှာ အုပ်စုဖွဲ့အကြမ်းဖက်မှုဖြင့် အသတ်ခံရသည်။
    ၂၀၁၃ ခုနှစ်တွင် တိုက်ခိုက်မှုများ တိုးပွားလာသည့်အပြင် ရိုဟင်ဂျာမွတ်စ်လင်များသာမက၊ ကျောထောက်နောက်ခံ မတူညီသော အခြားမွတ်စ်လင်မ်များရှိရာ ဒေသများထံ ပျံ့နှံ့လာပြီး မွတ်စ်လင် အားလုံး ပစ်မှတ်များ ဖြစ်လာသည်။
    ၂၀၁၃ ခုနှစ် သြဂုတ်လတွင် ထုတ်ဝေသော မွတ်စ်လင် များအပေါ်အကြမ်းဖက်မှုအစီခံရင်ခံစာ၌ လူ့အခွင့်အရေးကျွမ်းကျင်ပညာရှင်နှင့် ကလောင်ရှင်များ အဖွဲ့ Physicians for Human Rights (PHR) ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Bill Davis က  “ မြန်မာပြည်က ကြောက်စရာ အကြမ်းဖက်လှိုင်းကြီးဟာ ရိုဟင်ဂျာကို ကျော်လွန်ပြီး နိုင်ငံတစ်ဝှန်း မွတ်စ်လင်မ်လူ့အဖွဲ့အစည်းတွေအထိ ပျံနှံ့ပြီး အကြီးအကျယ်ပျက်စီးနစ်နာစေခဲ့တယ် ” ဟု ဆိုထားသည်။
    အဆိုးဆုံးဖြစ်ရပ်ကို ကြုံဆုံခဲ့ရသည်မှာ မွတ်စ်လင် လူဦးရေ အတော်အတန်များပြားသည့် မြန်မာပြည်အလယ်ပိုင်းမှ မိတ္ထီလာမြို့ပင်။ ၂၀၁၃ ခုနှစ် မတ်လ ၂၆ မှ ၂၉ ရက်အတွင်းက ဖြစ်သည်။ မွတ်စ်လင်ပိုင်ရွှေဆိုင်တစ်ခု၌ ၀န်ထမ်းအမျိုးသမီးတစ်ဦးနှင့် အရောင်းအ၀ယ်လာလုပ်သော ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ဦး အချင်းများရာမှ စတင်ခဲ့သည်။ ဒေါသထွက်နေသည့် လူအုပ်ကြီး စုရုံးရောက်ရှိလာပြီး ရဲတပ်ဖွဲ့မှလည်း ဆိုင်ရှင်နှင့်ဝန်ထမ်းတို့အား ဖမ်းချုပ်လိုက်သည်။
    သို့ဖြင့် အခြေအနေတည်ငြိမ်သွား သယောင်ရှိသော်လည်း အရောင်းအ၀ယ်လာလုပ်သည့် အမျိုးသမီးသေဆုံးသွားသည်ဟု လုပ်ကြံ သတင်း ပြန့်သွားခဲ့၏။ ထိုအခါ သံဃာများ အပါအ၀င် လူအုပ်ကြီးတစ်ခုသည် ရွှေဆိုင်သို့ ကမူးရှုးထိုး ရောက်လာကြလေသည်။ ယင်းလူအုပ်သည် ရဲတပ်ဖွဲ့ဝင်များထက် ပမာဏ များပြားနေသည်။ ၄င်းတို့အနေဖြင့် ဆိုင်ကို ဖျက်ဆီးနိုင်၏၊ သို့သော် ထိုသို့ပြုမူပြီးနောက် လူစုခွဲရမည်ဟု ရဲတပ်ဖွဲ့ဝင်များက ထိုသူတို့အား တောင်းဆိုခဲ့သည်။ လူအုပ်ကြီးက ဆိုင်ကို ဖျက်ဆီး၍ ပစ္စည်းများဝင်ယူကြကာ အနီးအနားရှိ မွတ်စ်လင် ဈေးဆိုင်များစွာကိုလည်း သောင်းကျန်း ဖျက်ဆီးလိုက်လေသည်။
    ဤသတင်းပြန့်သွားသည့်အခါ လူတစ်ထောင်ထက် မနည်းသော လူရမ်းကားအုပ်စု ရောက်ရှိလာပြီး သောင်းကျန်းမှုဇာတ်လမ်း စတင်ခဲ့သည်။ အကြမ်းဖက်မှုမှာ နှစ်ရက် တိုင်တိုင်ဖြစ်ပွားလျက် မန္တလေးတိုင်းရှိဒေသများထံသို့လည်း ကူးစက်သွား၏။
    အဆုံးသတ်လေလျှင် မဒ်ရာဆာ ခေါ် အစ္စလာမ်ဘာသာရေး စာသင်ကျောင်းမှ ဆရာ ၄ ဦး နှင့် ကျောင်းသား ၂၀ ကျော် အပါအ၀င် လူ ၄၀ ကျော် သတ်ဖြတ်ခံရသည်။ ဆက်လက်ပြီး မွတ်စ်လင်  အိမ်ခြေပေါင်း ၁၅၀၀ နှင့် မိတ္ထီလာရှိ ဗလီ ၁၃ လုံးအနက် ၁၂ လုံး ဖျက်ဆီးခံရသည်။ ထိုနေ့ရက်များ မတိုင်မီက မွတ်စ်လင် အိမ်များကို မှုတ်ဆေးများဖြင့် ၇၈၆ နံပါတ်အား ပုံဖော်ပက်ဖျန်းခဲ့ကြောင်း၊ ၄င်းမှာ တိုက်ခိုက်ရမည့်အိမ်ခြေများအဖြစ် ရည်ညွှန်းခြင်းဖြစ်ကြောင်း PHR အစီရင်ခံစာ သုတေသီများထံ ပြောပြခဲ့ကြသည်။
    အကြမ်းဖက်ဖြစ်စဉ်နောက်ဝယ် မွတ်စ်လင် ၁၆ ဦးကို ထောင်ဒဏ် ၂ နှစ်မှ တစ်သက်တစ်ကျွန်း အထိလည်းကောင်း၊ ဗုဒ္ဓဘာသာဝင် ၂၈ ဦးကို ထောင်ဒဏ် ၃ နှစ်မှ ၁၅ နှစ်အထိလည်းကောင်း အသီးသီး ချမှတ်လိုက်သည်။
    ရခိုင်ပြည်နယ်ပြင်ပ၌ ဤသည်မှာ အကြီးမားဆုံးမွတ်စ်လင် ဆန့်ကျင်ရေးလုပ်ရပ်ဖြစ်၏။ သို့တစေ နိုင်ငံ့နေရာအနှံ့အပြားတွင် မွတ်စ်လင် ဆန့်ကျင်ရေး အကြမ်းဖက်မှု အခြားဖြစ်စဉ်များကိုလည်း ၂၀၁၃ ခုနှစ်တစ်လျှောက်လုံး တွေ့မြင်ရပေသည်။
    ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် ရန်ကုန်မြို့၊ သာကေတမြို့နယ်ရှိ မွတ်စ်လင် ကျောင်းတစ်ကျောင်းနှင့်ဈေးဆိုင်များအား ဖျက်ဆီးလိုက်ကြသည်။ ကျောင်း၏ခေါင်မိုးပြုပြင်ရန် ခွင့်ပြုချက် ရရှိပြီးနောက် ဆောင်ရွက်ရာတွင် ကျောင်းဆောင်ကို ဗလီဝတ်ကျောင်းအဖြစ် အသွင်ပြောင်းသည်ဟု လွဲမှားစွာယူဆကြသော လူတစ်စုမှ ဖျက်ဆီးခဲ့ကြခြင်းဖြစ်သည်။
    ဧပြီလ ၃၀ ရက်တွင် ရန်ကုန်တိုင်း၊ ဥက္ကံ၌ မွတ်စ်လင် အမျိုးသမီးတစ်ဦးက ဆွမ်းခံကြွလာသော ကိုရင်ငယ်အား မတော်တဆတိုက်မိပြီး ၄င်း၏သပိတ်ကျကွဲသွားခဲ့၏။ သူမအား ထိန်းသိမ်းပြီးသည့်နောက် မွတ်စ်လင် တို့သည် လက်တုန့်ပြန်ရန် လူစုနေသည်ဟူသော ကောလဟလ ပျံ့နှံ့လေသည်။ ထိုအခါ လူဦးရေ ၂၀၀ မှ ၃၀၀ ရှိ ဗုဒ္ဓဘာသာဝင် လူအုပ်များသည် လက်ဦးမှုရယူရန် ဆုံးဖြတ်၍ အနီးဝန်းကျင်ဒေသများမှ မွတ်စ်လင် ရွာများကို တိုက်ခိုက်ခြင်း၊ နေအိမ်နှင့် ဗလီဝတ်ကျောင်းတို့ကို ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြသည်။ အနည်းဆုံး လူတစ်ဦး သတ်ဖြတ်ခံလိုက်ရသည်။
    မေလ ၄ ရက်တွင် ကချင်ပြည်နယ်၊ ဖားကန့်၌ ဗုဒ္ဓဘာသာဝင် ၃၀ ပါလူအုပ်က မွတ်စ်လင်မ်ပိုင် နေရာသုံးခုရှိ အိမ်ရာနှင့်ဆိုင်ခန်းများအား အကြောင်းမဲ့တိုက်ခိုက်ခဲ့ကြပြန်သည်။
    ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့၌ မေလ ၂၈ နှင့် ၂၉ ရက်တွင်လည်း အကြမ်းဖက်မှု ဖြစ်ပေါ်လာရာ ဗလီဝတ်ကျောင်းတစ်လုံးအား မီးရှို့ခဲ့ကြသည်။ မွတ်စ်လင် အမျိုးသားတစ်ဦးသည် ဓာတ်ဆီရောင်းသောအမျိုးသမီးတစ်ဦးအား ဓာတ်ဆီဖြင့် ပက်လောင်းမီးရှို့လိုက်သည့်သတင်းနောက်ပိုင်း ယင်းသို့ ဖြစ်ပွားခဲ့ရသည်။ ဂျာနယ်လစ်များ နှင့် လူမှုကယ်ဆယ်ရေးလုပ်သားများသည်ပင် ပြောင်ပြောင်တင်းတင်း ခြိမ်းခြောက်ခံရသည်ဟု ဆိုကြသည်။ ထိုကျူးလွန်သူအား ထောင်ဒဏ် ၂၆ နှစ် ချမှတ်စီရင်လိုက်ကြောင်း သိရသည်။
    မေလ ၂၉ ရက်တွင် ပဲခူးတိုင်းရှိမြို့ငယ်လေးတစ်မြို့တွင်လည်း သမီးယောက်ဖနှစ်ဦး ခိုက်ရန်ဖြစ်ပွားခဲ့သည်။ တစ်ဦးမှာ မွတ်စ်လင် ဖြစ်ပြီး နောက်တစ်ဦးမှာ ဗုဒ္ဓဘာသာဝင်ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်ဖြစ်သူ ဒဏ်ရာ အနာတရဖြစ်ခဲ့ပြီး နှစ်ဦးစလုံးကို ရဲဌာနသို့ ပို့ဆောင်ခဲ့သည်။ သို့သော် လူရမ်းကားအုပ်စု တစ်စုရောက်ရှိစုရုံးလာပြီး မွတ်စ်လင် ဖြစ်သူအား အပြင်းထန်ဆုံး စီရင်ချက်ချရန် တောင်းဆိုပြီးနောက် ဗလီတစ်လုံးနှင့် ဘာသာရေး စာသင်ကျောင်း တစ်ဆောင်အား ဖျက်ဆီးလိုက်သည်။
    ဇွန်လ ၃၀ ရက်တွင် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်း အမျိုးသမီးတစ်ဦးကို မွတ်စ်လင်မ်ဟုယူဆရသူ အမျိုးသား တစ်ဦး သို့မဟုတ် နှစ်ဦးက ဗလက္ကာရပြုခဲ့သည်ဟု ဆိုသည်။ လူ ၅၀ ခန့်ရှိသော အုပ်စုသည် ရဲစခန်းပြင်ပ၌ စုရုံးသောင်းကျန်းခဲ့သည်။ ၄င်းနောက် ဆက်လက်၍ မွတ်စ်လင်အိမ်ခြေများစွာကိုဖျက်ဆီးကာ မွတ်စ်လင်မ်သုံးဦးကိုလည်း တိုက်ခိုက်ခဲ့ကြသည်။ နောက်တစ်နေ့တွင် နောက်ထပ်မွတ်စ်လင်မ်အိမ်တစ်လုံးကို မီးရှို့ခဲ့ပြန်၏။ စက်တင်ဘာ ၂၉ မှ အောက်တိုဘာ ၂ ရက်နေ့အထိ မွတ်စ်လင်မ်များကို ဗုဒ္ဓဘာသာဝင်လူရမ်းကားအုပ်စုများ ဆက်တိုက်သတ်ဖြတ်သော အကြမ်းဖက်မှုများသည် သံတွဲ၌ ဖြစ်ပွားခဲ့သည်။
    ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ သရက်တောဘုန်းကြီးကျောင်းမှ သံဃာများသည် သြဂုတ်လ ၂၀ ရက် နှင့် ၂၃ ရက် တိုက်ခိုက်မှုတွင် ပါဝင်ကြောင်း သတင်းများရရှိခဲ့သည်။
    သြဂုတ်လ ၂၄ ရက်တွင် စစ်ကိုင်းတိုင်း၊ ထန်းကုန်းရွာ၌ ဗုဒ္ဓဘာသာဝင်အမျိုးသမီးတစ်ဦးကို မွတ်စ်လင် အမျိုးသား သုံးဦးမှ ဗလက္ကာရပြုကျင့်သည်ဟု ကောလဟလ သတင်း ပြန့်ကားလေသည်။ ရဲစခန်းအနီးတွင် လူအုပ်များစုရုံးလာကြပြီး ညနေပိုင်း၌ အနီးအနားရှိရွာသားများပူးပေါင်းပါဝင်လာကြသည့်နောက် မွတ်စ်လင်မ်တို့အား စတင် တိုက်ခိုက်ပါတော့သည်။ မွတ်စ်လင် တို့၏ အိမ်ရာ ၄၆ လုံး၊ ဆိုင် ၁၂ ဆိုင်နှင့် ဆန်စက်တစ်ခု မီးရှို့ခံရသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်တို့မှာ ရပ်ကြည့်လျက်သာရှိခဲ့ကြောင်း သတင်းများက ဆိုသည်။
    “ မွတ်စ်လင်မ်ဆန့်ကျင်ရေးကိစ္စများအပါအ၀င် ဆိုးဆိုးဝါးဝါး လူ့အခွင့်အရေးချိုးဖောက်မှုများသည် ၂၀၁၁ ခုနှစ် ဇွန်လမှ စတင်ပြီး လူပေါင်း နှစ်သိန်းခွဲ ၀န်းကျင်ကို နေရပ်စွန့်ခွာခြင်းဖြစ်စေခဲ့သလို – မြောက်များစွာသော ဗလီများ၊ ဆယ်ဂဏန်းမျှသော ဘုန်းတော်ကြီးကျောင်းများ၊ အိမ်ခြေပေါင်း တစ်သောင်းကျော် ပျက်စီးမှုအကျိုးဆက် ဖြစ်စေခဲ့သည် ” ဟု PHR အစီရင်ခံစာ၌ ဖော်ပြသည်။
    ရဲတပ်ဖွဲ့ဝင်တို့၏ တုန့်ပြန်ဆောင်ရွက်မှုများမှာလည်း ဝေဖန်ရှုတ်ချခံထားရသည်။ မိတ္ထီလာအရေး၌ ရဲတပ်ဖွဲ့ဝင်တို့ကို မဆိုစလောက်သာတွေ့ရပြီး အခြေအနေအားထိန်းချုပ်ရန် လုံးလုံးလျားလျား လက်လွတ်စပယ် နေခဲ့ကြသည်။
    International Crisis Group ၏ အစီရင်ခံစာက ၂၀၁၂ ခုနှစ် လက်ပံတောင်းကြေးနီတူးဖော်ရေးစီမံကိန်း ဆန္ဒပြကန့်ကွက်မှုတွင် ရဟန်းတော်တစ်စုအပါအ၀င် ဆန္ဒပြသူများအား မီးလောင်ဗုံးဖြင့်  ဆိုးရွားစွာတုန့်ပြန်သည့် လုပ်ရပ်ဖြစ်ပွားပြီးသည့်နောက် ရဲတပ်ဖွဲ့ဝင်များအပေါ် ပြင်းပြင်း ထန်ထန်ဝေဖန် ရှုတ်ချမှုများ ထွက်ပေါ်လာခဲ့သည်။ ထို့ကြောင့်လည်း ရဲတပ်ဖွဲ့ဝင်များအနေနှင့် ဖိဖိစီးစီးကိုင်တွယ်ရန် စိတ်လက် မပါသည့်နှယ် ဖြစ်ကောင်းဖြစ်နိုင်ပေမည် ဟု ဆိုထား၏။
    မိတ္ထီလာ နှင့် လားရှိုးတွင် အဖြစ်ဆိုးများကြုံတွေ့ပြီးချိန်မှ စ၍ ရဲတပ်ဖွဲ့ဝင်များမှ ပိုမိုမြန်ဆန်ထိရောက်စွာ တုန့်ပြန်ကိုင်တွယ်လာကြသဖြင့် အုပ်စုဖွဲ့ အကြမ်းဖက်မှုများသည် ရက်ပေါင်း များစွာ မဖြစ်တော့ပဲ နာရီပိုင်းမျှသာ ကြာညောင်းခဲ့သည့်အပြင် အသေ အပျောက်အပျက်အစီးလည်း နည်းပါးခဲ့သည်ဟု သတင်းများက ဖော်ပြသည်။
    အကြမ်းဖက်မှုနှင့်မီးရှို့မှုများ၌ လူအချို့ကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးကာ တရားစွဲဆိုထားသည်။ အစပိုင်းတွင် မွတ်စ်လင် များကိုသာ ဖမ်းဆီးလိမ့်မည်ဟု စိုးရိမ်မှုများ ရှိနေခဲ့သော်လည်း လက်တွေ့၌ ဖမ်းဆီးရုံးတင်ခဲ့သည့် ဗုဒ္ဓဘာသာဝင် အရေအတွက်မှာ မွတ်စ်လင်မ်တို့ထက် အရေအတွက် များပြားခဲ့ပေသည်။ ဇူလိုင်လ ၂၅ ရက်တွင် မိတ္ထီလာအရေးအတွင်း လူသတ်မှု၊ စော်ကားမှု၊ အကြမ်းဖက်မှုကို ကျူးလွန်ခဲ့ကြောင်း သံဃာနှစ်ဦးအပါအ၀င် ဗုဒ္ဓဘာသာဝင် ၂၅ ဦးအား စစ်ဆေးတွေ့ရှိရသည်ဟု ဆိုသည်။
    မန္တလေးအခြေစိုက် ဦးဝီရသူ ဦးဆောင်သော ၉၆၉ ဗုဒ္ဓဘာသာလှုပ်ရှားမှု ရေပန်းစား အရှိန်မြင့်တက်လာခြင်းကလည်း မွတ်စ်လင် ဆန့်ကျင်ရေး အကြမ်းဖက်မှုဖြစ်အောင် တွန်းအားပေးခြင်းကြောင့်ဖြစ်ကြောင်း ပြစ်တင်ဝေဖန်မှုရှိနေသည်။
    မွတ်စ်လင်မ်ဆန့်ကျင်ရေးလှုံ့ဆော်မှုကြောင့် ဦးဝီရသူမှာ ၂၀၀၃ မှ ၂၀၁၂ ခုနှစ်အထိ ထောင်နန်းစံခဲ့သည်။
    ဗုဒ္ဓဘုရားဂုဏ်တော် ၉ ပါး၊ ဓမ္မဂုဏ်တော် ၆ ပါး နှင့် သံဃာ့ဂုဏ်တော် ၉ ပါးတို့ကို ၉၆၉ နံပါတ်အဖြစ် သတ်မှတ်ခဲ့သည်။ ယင်းလှုပ်ရှားမှုမှာ ငြိမ်းချမ်းရေး တိုးမြှင့်ရန်ဖြစ်သည်ဟု အယုံသွင်းခဲ့ကြသည်။
    အဖြစ်မှန်၌မူ ၉၆၉ အဖွဲ့သည် အစွန်းရောက် လူမျိုးကြီးဝါဒဖော်ဆောင်ရေး လှုပ်ရှားမှုသာဖြစ်နေပြီး၊ မွတ်စ်လင်မ်တို့သည် တိုင်းပြည်ကို သိမ်းပိုက်ရန်ကြံစည်နေသည်ဟု ကြမ်းတမ်းသော စွပ်စွဲမှုများအား ဖန်တီးထားခဲ့သည်။
    နိုင်ငံ့လူဦးရေ ၅ ရာခိုင်နှုန်းမျှသာရှိသော မွတ်စ်လင်မ်တို့က နိုင်ငံ့လူဦးရေ ၉၀ ရာခိုင်နှုန်းကျော်ရှိနေသော လူများစုဗုဒ္ဓဘာသာဝင်များကို အန္တရာယ်ပေးခြိမ်းခြောက်နေသည် ဟူသော ယိုးစွပ်မှုများလည်း အပါအ၀င်ဖြစ်၏။ သို့သာမကသေး ဂျိဟာ့ဒ်ကို တိတ်တိတ်ပုန်း ဖန်တီးမည့်သူများသည် လည်းကောင်း၊ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများကို ထိမ်းမြားခြင်းဖြင့် ဘာသာပြောင်းစေသူအား ငွေကြေးထောက်ပံ့ပေး ကမ်းသည့် အစီအစဉ်သည် လည်းကောင်း ရှိနေသည်ဟုလည်း ဆိုကြကုန်သည်။ ၂၀၁၃ ခုနှစ် ဇွန်လတွင် ဦးဝီရသူသည် ဘာသာကွဲများ ထိမ်းမြားရေးကို ပိတ်ပင်မည့် ဥပဒေ တစ်ရပ်ဖြစ်လာရန် နှိုးဆော်ခဲ့၏။
    ၉၆၉ အဖွဲ့သည် မွတ်စ်လင်မ်တို့၏ စီးပွားရေးကို သပိတ်မှောက်ရန်၊ မိမိတို့၏ ကျားကန်မှုကို အခြေပြုသည့် ၉၆၉ နံပါတ်ကပ်၍ မိမိကိုယ်ကို ဗုဒ္ဓဘာသာဝင် အဖြစ်ဖော်ကျူးထားသော သူတို့၏ စီးပွားရေး လုပ်ငန်းများကိုသာ အားပေးကြရန် တွန်းအားပေးလျက်ရှိသည်။ မိမိတို့၏ပင်ကိုယ်အမြင် မည်သို့ပင်ရှိနေစေကာမူ ဗုဒ္ဓဘာသာဝင် စီးပွားရေး လုပ်ငန်းရှင် အများအပြားတို့သည် ၄င်းနံပါတ်ကို ထုတ်ဖော်ပြသထားကြ၏။ အချို့မှာ ၉၆၉ ဂိုဏ်းသားတို့၏ အငြိုးထားမှုအား ကြောက်ရွံခြင်းကြောင့်လည်းကောင်း၊ အချို့မှာ ယင်းသို မပြသပါက စီးပွားရေးထိခိုက်မည်ကို စိုးရွံ့ခြင်းကြောင့် လည်းကောင်း လိုက်လျောနေရပေသည်။
    မွတ်စ်လင်မ်တို့နှင့် ရောင်းဝယ်မှုပြုလုပ်မိသော ဗုဒ္ဓဘာသာဝင် အချို့ကို ၉၆၉ ဂိုဏ်းသားတို့၏ နှိပ်စက်မှုရှိကြောင်းပင်လျှင် သတင်းများ ထွက်ရှိလာခဲ့၏။
    ၉၆၉ အဖွဲ့သည် ၄င်းတို့၏ သဘောထားကို ထင်ဟပ်စေသော လက်ကမ်း စာစောင်များ၊ ဒီဗီဒီများကို ကျယ်ပြန့်စွာ ဖြန့်ချိထားကြသည်။ ထိုအဖွဲ့အားထောက်ခံသည့် ရဟန်း သံဃာတို့သည်လည်း (မ)တရားပွဲများ၊ ဟောပြောမှုများဖြင့် တိုင်းပြည်ကို အစိပ်စိပ်အမြွာမြွာ ဆွဲဖြဲလျက်ရှိကြသည်။
    လတ်လတ်ဆတ်ဆတ် သာဓက တစ်ရပ်မှာ ဒီဇင်ဘာလအတွင်း မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှ ၉၆၉ ဂိုဏ်းဝင် ဘုန်းကြီး ၇ ဦးတို့သည် ၉၆၉ ဂိုဏ်း၏သဘောထားဖြန့်ချိရန် ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့ကြောင်း ဧရာဝတီသတင်းဌာနမှ ဖော်ပြခဲ့သည်။ ရခိုင်ပြည်နယ်သည် ရိုဟင်ဂျာ ဆန့်ကျင်ရေးအကြမ်းဖက်မှု စတင်ပေါက်ဖွားရာဒေသဖြစ်၏။
    ၉၆၉ ဂိုဏ်းသည် မွတ်စ်လင်မ် ဆန့်ကျင်ရေး အကြမ်းဖက်မှုဖြစ်ပွားရန် ကြံဆောင်ခဲ့သည် မဟုတ်ဟု ဦးဝီရသူမှ ငြင်းဆိုထားသော်လည်း၊ မိမိတို့သည် မွတ်စ်လင်မ်တို့၏ ဇာတိမှန်ကို ဖြန့်ချိခြင်းကြောင့် မွတ်စ်လင်မ်တို့အပေါ် များစွာသော ဗမာလူမျိုးတို့က မုန်းတီးစိတ်ဝင်ခဲ့ခြင်း ဖြစ်မည် ဟူ၍ သူ့စကားထဲမှ ယင်းသဘောထား တစ်စွန်းတစ်စကို တွေ့ရလေသည်။
    ၉၆၉ ဂိုဏ်းသည် ဗုဒ္ဓဓမ္မ ရင်းမြစ်များစွာနှင့် ဆန့်ကျင်နေသည့်တိုင်အောင် ထိုအဖွဲ့အား ဆန့်ကျင်ပြောဆိုဝံ့သူဟူ၍ မဆိုစလောက်မျှသာ ရှိကြ၏။ ယင်းသို့ဖြစ်ရခြင်းမှာ ၄င်းဂိုဏ်းသားတို့သည် အစ္စလာမ်သာသနာ အပေါ်တိုက်ခိုက်ရေးထက် ဘာသာသာသနာတည်တံ့ရေးအလို့ငှာ ဗုဒ္ဓဘာသာဝင်များသွေးစည်းရေးကို ဖော်ဆောင်နေပါသည်ဟု ကြွေးကြော်ကာ မိမိတို့ကိုယ်ကို ဘာသာရေး ကိုင်းရှိုင်းလွန်းသောဗုဒ္ဓဘာသာဝင်များအဖြစ် အရောင်ခြယ်ပြကြသည်။ ထိုရောအခါ လူထုတို့သည် မိမိတို့၏ဗုဒ္ဓဘာသာကို မိမိတို့ ဖာသာဝေဖန် တိုက်ခိုက်သကဲ့သို့ဖြစ်သွားမည်ကိုစိုးကြောက်သဖြင့် ထိုဂိုဏ်းနှင့်ဆန့်ကျင်သောအသံ မထွက်ဝံ့ကြခြင်းပင်။
    ဦးဝီရသူ၏ထင်ပေါ်မှု နှင့် မြန်မာနိုင်ငံ အ၀ှန်းရှိ မွတ်စ်လင် မ်ဆန့်ကျင်ရေး ကမ်ပိန်း၏နောက်ကွယ်၌ နိုင်ငံတော် အဆင့် အာဏာပိုင်များ ရှိနေသည်ဟု ဗမာလူမျိုး ဒေါက်တာမောင်ဇာနည်က ဇွန်လတွင် ပြောဆိုခဲ့သည်။
    ဦးဝီရသူနှင့် ၉၆၉ဂိုဏ်းတို့၏ မှိုင်းတိုက် ထိုးဆွမှုများတွင် နိုင်ငံအာဏာပိုင်များမှ အားပေး ရပ်တည်ထားခြင်း မရှိကြောင်းကိုလည်း သေချာရေရာသော သက်သေသာဓကများလည်း မရှိပြန်ချေ။
    အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည်ပင်လျှင် ထိုဂိုဏ်းအား ဆန့်ကျင်သည့်စကား ပြောမထွက်လာခဲ့ပါ။ ဤသည်မှာ သူမအား ရပ်တည်ထောက်ခံပေးနေသော ၉၆၉ ဂိုဏ်းသားများ (၀ါ) မွတ်စ်လင်မ် ဆန့်ကျင်ရေးသမားများနှင့် အချေအတင်ဖြစ်ခြင်းမှ ရှောင်လွှဲလိုသည့် သူမ၏နိုင်ငံရေးသဘောထားဖြစ်မည်ဟု များစွာသောသူတို့မှ ယုံကြည်ထားသည်။
    မြန်မာမွတ်စ်လင်မ်ဆန့်ကျင်ရေးအကြမ်းဖက်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်နေမှုများ၊ ယင်းလုပ်ရပ်ဆိုးများကို တာဝန်ယူဖြေရှင်းခြင်း ကင်းမဲ့နေမှုများနှင့် ပတ်သက်၍ စိုးရိမ်သောကရောက်နေကြောင်း လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကော်မရှင်နာမင်းကြီး Navi Pillay က ဇွန်လအတွင်း ထုတ်ဖော်ပြောကြားခဲ့၏။
    ကျွန်ုပ်တို့၏အမြင်အရ ၂၀၁၄ ခုနှစ်၌ အပြောင်းအလဲမှာ ဆင့်ပါးစပ်နှမ်းပက် သလောက်မျှသာ ဖြစ်လျက် မြန်မာမွတ်စ်လင်တို့ အပေါ်ဖိနှိပ်ခြင်းမှာ ရှေ့ဆက်နေဦးမည်သာတည်း။
    xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
    Mark Inkey ၏ သုံးသပ်ချက်သတင်းဆောင်းပါး “2013: A year of religious intolerance in Burma” ကို  မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်။
    —————————————-
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများ၊ ဘာသာပြန် များကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    M-Media ၏ ခွင့်ပြုချက်မရှိဘဲ စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် ထည့်သွင်းဖော်ပြခြင်းများ လုံးဝ ခွင့်မပြုပါ။
    ဆက်သွယ်ရန် [email protected]