News @ M-Media
Blog
  • ကမ္ဘာသိ မြန်မာ့သမိုင်းပညာရှင် ဇေယျကျော်ထင် ဗိုလ်မှူးဘရှင်၏ (၉၉)နှစ်မြောက် မွေးနေ့ အခမ်းအနား
    ကမ္ဘာသိ မြန်မာ့သမိုင်းပညာရှင် ဇေယျကျော်ထင် ဗိုလ်မှူးဘရှင်၏ (၉၉)နှစ်မြောက် မွေးနေ့ အခမ်းအနား
    ဇန်နဝါရီ ၆၊ ၂၀၁၄
    M-Media
    A.N.Lay
    untitled(6)
    ရန်ကုန်   ။          ။       ကမ္ဘာသိမြန်မာ့သမိုင်းပညာရှင် ဇေယျကျော်ထင် ဗိုလ်မှူးဘရှင်၏ (၉၉) နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် တော်ဝန်နှင်းဆီခန်းမ၌ ဇန်န၀ါရီလ ၄-ရက်နေ့ နေ့လည် ၃-နာရီ အချိန်တွင် ပြုလုပ်ခဲ့သည်။
    ဗိုလ်မှူးဘရှင်၏အကြောင်းကို NLD ၏ နာယက ဦးတင်ဦးကမှ ပြောရာတွင် “ကျွန်တော်တို့ဆရာကြီး ဦးဘရှင် စာပေတွေဟောပြောတဲ့နေရာမှာလည်း အတုယူစရာတွေ အများကြီးလည်း ရအောင် နားလည်လွယ်အောင် ရယ်စရာတွေနဲ့ပြောလေ့ရှိပါတယ်။ ဗုဒ္ဓဘာသာ အကြောင်းကိုလည်း တော်တော်သိ တော်တော်တက်သည့်အတွက် ကျွန်တော့်စိတ်ထဲမှာတောင် သူ့ကို အစ္စလာမ်ဘာသာဝင်လို့တောင် မထင်မိဘဲ ဗုဒ္ဓဘာသာဝင် တစ်ဦးလို့တောင် ထင်မိပါတယ်။ နောက်အစ္စလာမ်ဘာသာ မေတ္တာကို အဓိကထားတာပါ။ ကျွန်တော်တို့ အတူတကွ နေထိုင်လာတဲ့ တပ်ထဲမှာလည်း အစ္စလာမ်ဘာသာဝင်တွေအများကြီးရှိသလို လွတ်လပ်ရေးဖခင် တစ်ဦးဖြစ်သည့် ဗိုလ်ချူပ် အောင်ဆန်းတို့ကို တရားစီရင်သည့် ဦးစည်သူဟာလည်း အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါသည်။
    “ဆရာကြီး ဗိုလ်မှူးဘရှင် အကြာင်းကိုပြောမယ်ဆိုရင် သူရဲ့စေတနာတွေကို ပြန်ပြီးအမှတ်ရမိပါတယ်။ ဆရာဟာ ပါဋိလိုတွေလည်းရတော့ ကျွန်တော်တို့ တော်တော့်ကိုအံသြမိပါတယ်။ ရေးသည့်အခါမှာလည်း ဆရာကြီးဟာ စနစ်တကျရေးလေ့ရှိပါတယ်။ ဒါကြောင့် ပညာရှင်ဟာ ကိုယ့်တက်ရုံနဲ့မပြီးဘူး။ ပညာတွေကိုဖြန့်ဝေပေးရတယ်။ ဖြန့်ဝေတဲ့နေရာမှာလည်း ဒီအတိုင်းဖြန့်ဝေလို့မရဘူး။ စေတနာပါ ပါဝင်အောင် ဖြန့်ဝေပေးမှရတယ်လို့ ဆရာကြီးက ကျွန်တော်တို့ကို အမြဲပြောပြီးဆုံးမလေ့ ရှိပါတယ်။ နှမြောစရာက ဆရာကြီးက ငယ်ငယ်ရွယ်ရွယ် နဲ့ဆုံးသွားတာပါပဲ။ ဆရာကြီးသာ နောက်ထပ်နှစ်အနည်းငယ်လောက် အသက်ရှင်နေအုံးမယ်ဆိုရင် ကျွန်တော်တို့ သမိုင်းပညာရှင်တွေ အတွက် စာပေသမားတွေအတွက် ဧကန်မလွဲ အများကြီး အကျိုးဖြစ်ထွန်းစေမှာပါ။ ဆရာကြီး အရမ်းတော်သည့် လူတစ်ယောက်ပါဟု” သမိုင်းပညာရှင် ဒေါက်တာ တိုးလှမှ ပြောကြားခဲ့ပါသည်။
    အဆိုပါ အခမ်းအနားတွင် ဦးတင်ဦးလေး မှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီးနောက် ကြွရောက်လာသည့် ဧည့်သည်တော်များကို မုန့်များဖြင့် တည်ခင်း ကျွေးမွေးခဲ့ပြီး အခမ်းအနားကို ညနေ ၅ နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည်။
    ဗိုလ်မှူးဘရှင်သည် အစ္စလာမ်သာသနာရေးရာကောင်စီတွင် အာန်ဆွာရီ သင်တန်းများကို တိုင်းချစ်ပြည်ချစ်စိတ် ရှိအောင် သာသနာ ဗဟုသုတ ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင်တိုင်းကျိုးပြည်ကျိုးသာသနာ အကျိုးကျေပွန်စွာ ထမ်းဆောင်နိုင်စေအောင် အစ္စလာမ်သာသနာရေးကောင်စီ ဖွံဖြိုးတိုးတက် ကြံခိုင်စေရန် ရည်ရွယ်လျက် မြန်မာပြည်ဒေသအနှံတွင် သင်တန်းများကို အမှတ်စဉ် (၁) မှ အမှတ်စဉ် (၂၈) အထိ ကိုယ်တိုင်ကိုယ်ကျ
    ဦးဆောင်ပါဝင်ပို့ချခဲ့သည်။ ခုတိုင် အစ္စလာမ်သာသနာရေးရာကောင်စီသည် အန်စွာရီ သင်တန်းများကို စဉ်ဆက် မပြတ်ဖွင့်လှစ်ပို့ချလျက် ရှိနေပေ သည်။ ဗိုလ်မှူးဘရှင်၏ အထင်ကရ လုပ်ဆောင်ချက်တစ်ရပ်မှာ ကျမ်းမြတ်ကုရ်အာန် နှစ် ၁၄၀၀-ပြည့်ကို ဦးစီးဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်သည်။
    ဗိုလ်မှူးဘရှင်သည် မြန်မာနိုင်ငံ သုတေသနအသင်းအမှုဆောင် ကော်မတီ (၁၉၆၅-၆၉) မြန်မာစာကော်မရှင် အဖွဲ့ဝင်၊ ရန်ကုန်တက္ကသိုလ် သမိုင်းဘွဲ့လွန် သင်တန်းများတွင် အထူးကထိက၊ မြန်မာနိုင်ငံ အစ္စလာမ်သာသနာရေးကောင်စီ ဌာနချူပ် အထွေထွေ အတွင်းရေးမှူးအဖြစ် ဆောင်ရွက် ခဲ့သည်။ ၁၉၇၀ ခုနှစ် ဇန်နဝါရီလ ၇-ရက် ညနေ ၅း ၅၀ အချိန်တွင် နှလုံးရောဂါဖြင့် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့ပါသည်။ ကွယ်လွန်ချိန်၌
    ဇနီးဒေါ်ခင်မေကြီး (သတ္တဗေဒကထိက) နှင့် သား ၁-ဦး ၊ သမီး ၄-ဦး ကျန်ရစ်ခဲ့သည်။
  • ပုဒ်မ(၁၈)အပါအဝင် ဒီမိုကရေစီ စနစ်နှင့်မကိုက်ညီသည့် ဥပဒေများ ပယ်ဖျက်ပေးရန်အတွက် ၈၈မျိုးဆက်နှင့် အဖွဲ့ ၆၀ ဆန္ဒထုတ်ဖော်
    ပုဒ်မ(၁၈)အပါအဝင် ဒီမိုကရေစီ စနစ်နှင့်မကိုက်ညီသည့် ဥပဒေများ ပယ်ဖျက်ပေးရန်အတွက် ၈၈မျိုးဆက်နှင့် အဖွဲ့ ၆၀ ဆန္ဒထုတ်ဖော်
    ဇန်နဝါရီ ၆၊ ၂၀၁၄
    M-Media
    A.N.Lay
    1484086_621831741187786_1726760947_n
    ရန်ကုန် ။        ။      ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ပုဂ္ဂိုလ်များ ပထမဆုံး ပါဝင်သည့ှ်ဆန္ဒပြပွဲတွင် ပုဒ်မ (၁၈) အပါအဝင် ဒီမိုကရေစီစနစ်နှင့် မကိုက်ညီသည့် ဥပဒေများကို ဖျက်သိမ်းပေးရေး ဆန္ဒထုတ်ဖော် တောင်းဆိုပွဲကို ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးဆောင်၍ ဇန်နဝါရီ ၅ ရက်နေ့တွင် ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံဘေး၊ ဧမာနွေလ ဘူးရားကျောင်းရှေ့တွင်ပြုလုပ်ခဲ့ပါတယ်။
    အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် အချက်သုံးချက်ပါ သဘောထားကြေညာချက် ထုတ်ပြန်ခဲ့ရာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ဖော်ဆောင်မှုများ၊ နိုင်ငံသားတို့ မှုလအခွင့်အရေးများနှင့် နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်းအရ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်း လှည့်လည်ခွင့်သည် နိုင်ငံသားများ အားလုံးအတွက် အာမခံချက်ရှိသော အခွင့်အရေးဖြစ်သဖြင့် ဒီမိုကရေစီ နိုင်ငံတော်နှင့် မသင့်လျော်ဘဲ ပြည်သူလူထုအပေါ် နိုင်ငံရေး အရ တဖက်သတ် ဖိနှိပ် ချူပ်ချယ်မှုများအား မပြုလုပ်ရန်များ ဒီမိုကရေစီ နိုင်ငံတော်နှင့် မသင့်လျော်ဘဲ ပြည်သူလူထု အပေါ် နိုင်ငံရေးအရ တဖက်သတ် ဖိနှိပ်ချုပ်ချယ်သောဥပဒေများအား ပြင်ဆင်ရန်နှင့် မကိုက်ညီသည်များကို ဖျက်သိမ်းပေးရန် တောင်းဆိုခဲ့ပြီး ခြွင်းချက်မရှိလွှတ်ပေးရန်၊ တရားစွဲဆိုဆဲ အမှုများအား ပလပ် ဖျက်သိမ်းပေးရန်နှင့် ထပ်မံဖမ်းဆီးအရေးယူမှုများ မပြုလုပ်ရန် တောင်းဆိုခဲ့သည်။
    “အဓိက ရည်ရွယ်ချက်ကတော့ ပုဒ်မ ၁၈ ကို ဖျက်သိမ်းဖို့တင်မဟုတ်ပါဘူး နိုင်ငံရေး အကျဉ်းသားတွေအားလုံး လွတ်မြောက်ဖို့၊ ဒီမိုကရေစီ ခေတ်စနစ်နဲ့ မကိုက်ညီတဲ့ ဥပဒေတွေ၊ လူ့အခွင့်အရေးချိုးဖောက်တဲ့ ဥပဒေတွေကို ဖျက်သိမ်းပေးဖို့၊ ဘာလို့လဲဆိုတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွေက စစ်အစိုးရ လက်ထက်မှာ မြစ်ဖျားခံခဲ့ရတယ်။ စစ်အစိုးရလက်ထက်မှာ သူတို့ အာဏာတည်မြဲဖို့သူတို့ လိုသလို ဆွဲထားတဲ့ပုဒ်မတွေဟာ ဒီဘက် အစိုးရ လက်ထက် မှာ မရှိသင့်တော့ဘူး။ အဲ့ဒါကို ပြည်သူတွေသိစေချင်လို့ ကျနော်တို့ ဆန္ဒပြရခြင်း ဖြစ်ပါတယ်လို့ ဦးဆောင်သူတစ်ဦးဖြစ်သည့် ဦးမာကီးမှ ပြောကြားခဲ့ ပါတယ်။
    “နိုင်ငံသားအခွင့်အရေးအပြည့်အဝပေး” နိုင်ငံရေးအရ ဖိနှိပ်ဖမ်းဆီးမှု ချက်ချင်းရပ်” Freedom” ဟူသော စာသားများကို ဟစ်အော်ပြီး ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြပါတယ်။
    အဆိုပါဆန္ဒထုတ်ဖော်မှုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဟံသာဝတီ ဦးဝင်းတင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးခိုင်မောင်ရည်နှင့် ဒေါ်ဖြူဖြူသင်းတို့ အပါအဝင် လူမှုအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ ပါဝင်ခဲ့ကြပြီး ၎င်းဆန္ဒထုတ်ဖော်မှုတွင် ၈၈ မျိုးဆက်များ အပါအဝင် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ပုဂ္ဂိုလ်များအပါအဝင် စုစုပေါင်း အင်အား ၅၀၀ ကျော်ဆန္ဒထုတ်ဖော်ခဲ့ထုတ်ဖော်ခဲ့ပါတယ်။
  • “ မောင်သော်က ပြောတဲ့ လွတ်လပ်ရေးနေ့ အကြောင်း”
    လွတ်လပ်ရေးရပြီး နာရီပိုင်းအတွင်း အချုပ်ကျခဲ့သူ ၊ လွတ်လပ်ရေးနေ့ ဂုဏ်ပြု တပ်ဖွဲ့မှာ ပါဝင်ခဲ့သူ “ မောင်သော်က ပြောတဲ့ လွတ်လပ်ရေးနေ့အကြောင်း”
    ရေးသူ- မောင်သော်က
    mg taw ka 2
    ကျွန်တော်က မြန်မာ့လွတ်လပ်ရေးလှုပ်ရှားမှုသမိုင်းမှာ အရေးကြီးတဲ့အခန်းက ပါဝင်ခွင့်မရခဲ့ပေမယ့် သမိုင်းမှာရစ်သီရစ်သီတော့ပါခဲ့တာချည်းပဲ။ လွတ်လပ်ရေးရတဲ့အချိန်မှာတော့ အနီးကပ်ပါခွင့်ရခဲ့တယ်။ ဘယ်လောက်နီးနီး ကပ်ကပ်ပါခဲ့လို့လဲ။ ကိုက်ငါးဆယ်လောက် နီးကပ်တဲ့နေရာကပါခဲ့တယ်။
    ဒီလိုဗျ၊ လွတ်လပ်ရေးမရခင်အချိန်လေးမှာ ကျွန်တော်က တပ်ထဲရောက်နေပြီ တပ်သားကလေးပေါ့ဗျာ။ မြန်မာပြည်ဘုရင့်ရေတပ်မတော် အရံတပ်ဖွဲ့လို့ ခေါ်တဲ့တပ်မှာပေါ့။ (Burma Royal Navy Volunteer Reserve)လို့ခေါ်တယ်။ နံပြားဦးထုပ်ခေါ်တဲ့ ရေတပ်သားဦးထုပ်မှာ (BURMA R.N.V.R) ဆိုတဲ့ ရွှေချည်ထိုး စာလုံးထိုးထားတယ်။
    အဲဒါ ကျုပ်တို့လည်းတပ်ထဲရောက်ကရော စစ်ရေးပြကွင်းထဲမှာ တစ်နေကုန် စစ်ရေးပြလေ့ကျင့်ရတော့တာပဲဗျို့။ လူကို ချွေးဒီးဒီးကျပြီး ဖတ်ဖတ်မောရော။ ဒီလောက် တောင် စစ်ရေးပြကွင်းမှာ အမောင်းခံတဲ့ အကြောင်းက ၁၉၄၈ ဇန်န၀ါရီ ၄ ရက်နေ့မှာ ကျုပ်တို့က ဂုဏ်ပြုတပ်ဖွဲ့ အနေနဲ့ ပါရမယ်။ ခုဝန်ကြီးများရုံးလို့ခေါ်တဲ့ အတွင်းဝန်ရုံး အတွင်းမှာပေါ့။ ကျုပ်တို့ တပ် ဖြစ်တဲ့ ရတနာပုံရေတပ်စခန်းက ယခင်စိန်ပေါလ်ကျောင်းခေါ်တဲ့ ကျောင်းတွင်းမှာ တပ်စွဲထားတုန်း ရှိသေးတယ်။
    အဲဒီနေ့နံနက် ၄နာရီ မိနစ် ၂၀ မှာ နှစ်ပေါင်း တစ်ရာကျော် မြန်မာ့မြေပေါ်မှာ လွှင့်ထူခဲ့တဲ့ ဗြိတိသျှတို့ရဲ့ ယူနီယံဂျက်အလံကို ဆွဲချပြီး ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံအလံတော်ကို ပထမဆုံးလွှင့်တင်မယ်။ အဲဒီအခမ်းအနားရဲ့ ဂုဏ်ပြုတပ်ဖွဲ့မှာ ကျုပ်တို့ပါခဲ့ရတယ်။ အလံကိုင်နဲ့ ကျုပ်တို့တပ်ဖွဲ့ဟာ ကိုက်ငါးဆယ်လောက်ပဲဝေးပါတယ်။
    ၁၉နှစ်သား လူငယ်တစ်ယောက် အနေနဲ့ဘယ်လို ခံစားရ မလဲ။ မြန်မာပြည်ရဲ့ နောက်ဆုံးဘုရင်ခံ ဆာဟူးဘတ်ရန့်စ်လည်းရှိနေတယ်။ ရန်ကုန်ဆိပ်ကမ်းတွင်းမှာ အလံနှင့်တကွ သူ ပြည်တော်ပြန်ဖို့ ဘာကင်ဟမ် စစ်သင်္ဘောကြီးကလည်း အသင့်စောင့်နေတယ်။ ကျုပ်ကချာတိတ်ပါ။ ဒါပေမယ့် သေနတ်မြှောက် အလေးပြုနေတဲ့အခိုက်မှာ ဘင်ခရာအဖွဲ့ က ဂေါ့ဆေ့ဗ်သကင်း (God Save The King) သီချင်းတီးမှုတ်ပြီး ဗြိတိသျှအလံကို တစ်ဖြည်းဖြည်းဆွဲချည်နေတော့ ကျုပ်ရင်ထဲမှာ တစ်မျိုးကြီးပဲဗျာ။ သက်ဆိုင်သူ ဆာဟူးဘတ်ရန့်စ်ဆို ဘယ်လိုခံစားရမယ် မသိဘူး။ ဗြိတိသျှအင်ပါယာ နေ၀င်စပြုပြီ လို့ပဲ ကျုပ်ခံစားမိတယ်။
    နောက်ပြီး သေနတ်ထမ်း၊ ဟိုတုန်းကတော့ အင်္ဂလိပ်လို (Shoulder Arm) လို့ပဲ အမိန့်ပေးတယ်။ ဆာဟူးဘတ့်ရန့်စ်လက်ကို ယူနီယံဂျက်အလံပေးအပ်လိုက်တယ်။ အင်္ဂလိပ်အလံကို ဘာကင်ဟမ် စစ်သင်္ဘောက ရေတပ်သားတွေဆွဲချ တယ်။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံကို ဗမာ့ရေတပ်မတော်သားများက လွှင့်ထူတယ်။ လွှင့်တင်တဲ့ ရေတပ်သားကတော့ ကျွန်တော်မှတ်ထားတာ မလွဲရင် တပ်ကြပ်ကြီး အချက်ပြ စောဂွမ်စိန်ပါ။ နောင်တော့ ဗိုလ်ကြီးစောဂွမ်စိန်ဖြစ်လာတယ်။
    ကမ္ဘာမကြေတီးပြီး မြန်မာ့အလံကို ဆွဲတင်တဲ့အခါမှာ ကျွန်တော်တို့ က သေနတ်မြှောက်အလေးပြု (Present Arm) အနေအထားမှာနေရတယ်။ ကျွန်တော့်ရင်ထဲမှာ ဖော်မပြနိုင်တဲ့ ကြည်နူးမှုနဲ့ ရင်တသိမ့်သိမ့်တုန်ပြီး အလေးပြုရင်း မျက်ရည်တွေတွေ ကျမိတယ်ဗျာ။
    မြန်မာပြည်ရဲ့ ပထမဆုံးသမ္မတကြီး စပ်ရွှေသိုက်က မိန့်ခွန်းမြွတ်ကြားတယ်။ ကျွန်တော်တော့ ရင်ဝယ်တသိမ့်သိမ့် ခံစားနေရလို့ ဘာတွေပြောသွားမှန်းတောင် မသိလိုက်ပါဘူး။ အခမ်းအနားပြီးတာနဲ့ စစ်ကြောင်းပုံပြု ချီတက်ပြီး တပ်ပြန်ခဲ့ကြတယ်။ လွတ်လပ်တဲ့ ဗမာ့ရေတပ်မတော်အနေနဲ့ စစ်ချီလမ်းလျှောက်ရတာ အရသာရှိလိုက်တာဗျာ။
    တပ်ရောက်တော့ မိုးတောင်ကောင်းကောင်းမလင်းတတ်သေးဘူး။ ဝေလီဝေလင်းမှာ စပယ်ရှယ် ရမ် ရာရှင်ဝေတယ်ဗျာ။ သောက်ကြတာပေါ့။ ကောင်းတာတော့ မပြောနဲ့၊ နံ့သာပုငှက်ပျောသီးနံ့ကသင်းနေသေးတယ်။ သောက်ပြီး ပျော်လွန်းအားကြီးလို့ သေနတ်တွေ မိုးပေါ်ထောင်ဖောက်ကြတယ်။ ဗလာကျည် မဟုတ်ဘူးဗျ။ ထိပ်ဖူးနဲ့ကျည်တွေကိုဖောက်ကြတာ။ ကင်းရုံက ကင်းသမားတွေလည်းပါတယ်။ ကင်းမှူးကဆိုခြောက်လုံးပြူးကို တဒိုင်းဒိုင်း ဖောက်တော့တာပဲ။
    လွတ်လပ်ရေးရတာ ပျော်လို့ပေါ့ဗျာ။ ဒါမှမဟုတ် လွတ်လပ်ရေး သမိုင်းတစ်လျှောက်မှာ ပါဝင်ခဲ့ကြတဲ့ အသက်ပေးခဲ့ကြတဲ့ အာဇာနည်များကို ဂုဏ်ပြုတဲ့အနေနဲ့ပေါ့ဗျာ။ ဘယ်သူ့အမိန့်မှ မရဘဲ ဖောက်ကြတာ။ အဲဒါ ဘယ်သူ့ကျည်ဆံကသွားမှန်သလဲတော့မသိဘူးဗျာ။ ကောင်းကင်ဓာတ်မီးကြိုးထိပြီး ပြတ်ကျသွားလို့ တပ်ဝန်းတစ်ခုလုံး မှောင်အတိကျသွားတော့တယ်။
    ဘာဖြစ်ရမလဲ။ တာဝန်မှူးထွက်လာပြီး သေနတ်ဖောက်တဲ့ အကောင်တွေ အားလုံးကို ကွာတားဂတ်ခေါ်တဲ့ အချုပ်ခန်းထဲသွင်းတော့တာပေါ့။ နံနက် ခြောက်နာရီလောက်မှာ ကွာတားဂတ်ထဲ လူနှစ်ဆယ်လောက် ပြည့်သွားတာပဲ။ဘယ်နေလိမ့်မလဲပါတာပေါ့။ ကျုပ်လက်ထဲမှာ ယမ်းငွေ့တလူလူ ထွက်နေတဲ့ ရိုင်ဖယ်ကြီးနဲ့ လက်ပူး လက်ကြပ်ကို မိတာပါပဲဗျာ။ ဒါကြောင့် မြန်မာပြည်လွတ်လပ်ရေးရလျှင်ရချင်း လွတ်လပ်ရေးရ တာ ပျော်လို့ အချုပ်ခံခဲ့ရသူဟာ ကျွန်တော်ပါပဲ။ လွတ်လပ်ရေးရပြီး နှစ်နာရီ အတွင်းမှာ အချုပ်ခန်းထဲ ရောက်ခဲ့ရပါတယ်။
    တာဝန်မှူးကတော့ သူ့တာဝန်သူ ဆောင်ရွက်တာပေါ့ဗျာ။ နောက် ၁၀ နာရီလောက်မှာ ဗိုလ်မှူးသန်းဖေ ( ဗိုလ်ချုပ်သန်းဖေကွယ်လွန်) ရောက်လာပြီး ‘ ဟေ့ ဟိုခွေးမသားလေးတွေ လွတ်လပ်ရေးရတာနဲ့ မင်းတို့က ဘာလို့ သေနတ်ဖောက်ရတာလဲ။ ငါ နရင်းတီးလိုက်ရ သွားချေးယိုးဒယား ကသွားရော့မယ်။ အခု အချုပ်ခန်းထဲကထွက်၊ မက်စ်မှာ ရမ်ဝေနေတယ်။ သွားသောက်ကြ၊ မူးပြီးသေနတ်လည်း မဖောက်ကြနဲ့ဦး’ လို့ပြောပြီး အချုပ်ကလွှတ်လိုက်တယ်။
    ရုံးတင်ပြီး အရေးလည်းမယူခဲ့ဘူး။ သူအားရပါးရဆဲပြီးရင် ပြီးတာပါပဲ။ အဲဒီ အဘိုးကြီးကျေးဇူး ကျွန်တော့် အပေါ်မှာ အများကြီးရှိပါတယ်။ ဒါ့ကြောင့် လွတ်လပ်ရေးနေ့ ရောက်ရင် ကျွန်တော် ငိုချင်တယ်လို့ ပြောတာပါ။ အဲဒါထက်ထူးခြားတာက နောက်ပိုင်းများမှာ နိုင်ငံခြားတိုင်းပြည်ရောက်နေတဲ့ အခိုက် လွတ်လပ်ရေးနေ့နဲ့များ ကြုံကြိုက်ရင် ကိုယ့်တိုင်းပြည်သိပ်လွမ်းမိ တယ်။ နိုင်ငံခြားရောက် မြန်မာများကလည်း အဲဒီနေ့မှာ စုစုဝေးဝေး ကျင်းပကြတယ်။
    ဘယ်သူ့ကိုလိုနီမှ မဖြစ်ခဲ့ဖူးရင် လွတ်လပ်ရေးနေ့ဆိုတာ မရှိနိုင်ဘူး။ အင်္ဂလိပ်လွတ်လပ်ရေးနေ့မရှိ၊ ပြင်သစ်မှာလည်း လွတ်လပ်ရေးနေ့ မရှိဘူး၊ ကိုလိုနီမဖြစ်ခဲ့ဖူးရင် အချုပ်အခြာအာဏာရဲ့ အရသာကို မသိနိုင်ဘူး။
    မှတ်ချက်။ ။
    ပန်မဂ္ဂဇင်း ဇန်န၀ါရီလ ၁၉၈၈
    မောင်သော်က၏ ညနေခင်းများ စာစုမှ ပြန်လည်ကောက်နုတ်တင်ပြထားတာပါ။
    (ပီတာအောင်) ဇန်န၀ါရီလ ၄ ရက် ၂၀၁၄
    ဟစ်တိုင်မှ တဆင့် ကူးယူဖော်ပြပါသည်။
    မူရင်းလင့် =>http://www.hittai.org/?show=rm&fileid=195&t=home7&id=7
    =======================
    သရော်စာ အရေးကောင်းသူ စာရေးဆရာ မောင်သော်က (ခ) ဗိုလ်မှူးဘသော် (ရေ)(ခ) နူရ်းမာမက် သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် စတင်ဖွဲ့စည်းတည်တောင်ခဲ့သူများတွင် တစ်ဦး အပါအဝင်ဖြစ်ပြီး ဗဟိုကော်မတီ ပါတီဝင်တဦးအဖြစ်လဲ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
    စာရေးဆရာ မောင်သော်က အကြောင်းပိုစ်များ ဖတ်လိုလျှင် http://www.m-mediagroup.com/news/tag/mgthawka
  • မလေးရှား စာပေဟောပြောပွဲတွင် စာရေးဆရာ ညီမင်းညို ပြောကြားမှု ကောက်နှုတ်ချက် (ရုပ်သံ)
    မလေးရှား စာပေဟောပြောပွဲတွင် စာရေးဆရာ ညီမင်းညို ပြောကြားမှု ကောက်နှုတ်ချက် (ရုပ်သံ)
    ဇန်နဝါရီ ၅ ၊ ၂၀၁၃
    M-Media
    ဇန်နဝါရီ ၁ ရက်နေ့က မလေးရှားနိုင်ငံ  ကွာလာလမ်ပူမြိုမှာပြုလုပ်ခဲ့တဲ့ သတ္တမအကြိမ်မြောက် စာပေဟောပြောပွဲတွင် စာရေးဆရာ ညီမင်းညိုရဲ့ ဟောကြားချက်မှ ကောက်နှုတ်ချက် ရုပ်သံ မှတ်တမ်း အပိုင်းတခုဖြစ်ပါသည်။
    လူတယောက်နှင့် တယောက် တိုက်မိတာ ဖြစ်တတ်ပါလား ?
    တယောက်နှင့် တယောက် တွန်းမိ တိုက်မိတာ ဖြစ်နိုင်တယ်။ …
    မိန်းမတယောက် .. ဘာသာခြား .မိန်းတယောက် သည် ကို၇င်လေးတပါးကို တိုက်တယ် …
    အမျိုးသမီးတယောက်က ကိုရင်လေးတပါးကို တိုက်တာ…
    လူတယောက်က လူတယောက်ကို ဝင်တိုက်တာ..
    နာမဝိသေသနတွေ ထည့်လိုက်တော့..
    ဘာသာခြား အမျိုးသမီးတယောက် .. မြန်မာကိုရင်လေးတပါးကို တိုက်လိုက်တဲ့အချိန်မှာ….
    အိမ်အလုံး ၅၀ မီးလောင်သွားတယ်….
    အနောက်မှာ အိမ်အလုံး ၅၀ မီးလောင်သွားတဲ့အချိန် .. အရှေ့က အိမ်အလုံး ၅၀ ကို မိးထက်ရှို့လိုက်တယ်
    အရှေ့နဲ့ အနောက်နဲ့ လောင်တဲ့အချိန်မှာ တောင်နဲ့ မြောက်နဲ့ က အဆင်သင့်…
    အရှေ့အနောက်တောင်မြောက်၊ ဝဲယာ ဆုံပြီဆို ကြားနေကြ အသံ တသံ ခင်ဗျားတို့ကြားရလိမ့်မယ်။
    ” မြန်မာနိုင်ငံဟာ မီးဟုန်းဟုန်းတောက်ပြိး တိုင်းပြည်ဟာ ချောက်ထဲကျဖို့ လက်တလုံးအလိုမှာ ရောက်နေတဲ့အတွက် တပ်မတော်ဟာ အာဏာကို မလိုချင်ပါဘဲနှင့် ….
  • မတရား ဖမ်းဆီးထောင်ချ ခံထားရသည့် ဦးကျော်လှအောင် အကြောင်း တစေ့တစောင်း
    ဇန်နဝါရီ ၅ ၊ ၂၀၁၃
    M-Media
    ဦးကျော်လှအောင် (ရခိုင်-မွတ်စလင်) ၏ ဘဝတစ်လျှောက်တွင် ရင်ဆိုင်ခဲ့ရသည့် မတရားမှု တချို့
    1531642_714673878545566_2069862504_n
    ဦးကျော်လှအောင်သည် စာရေးတစ်ဦးအဖြစ် စစ်တွေခရိုင်တရားမရုံး နှင့် စက်ရှင်တရားသူကြီးရုံးတို့တွင် ၁၉၆၁-ခုနှစ်မှ စတင် အမှုထမ်းဆောင်ခဲ့သည်။ ၁၉၆၅-ခုနှစ်တွင် သူသည် လက်ရေးတို စာရေး တစ်ဦးအဖြစ် တာဝန်ထမ်းဆာင်ခဲ့သည်။ ၁၉၈၃-ခုနှစ်၊ စက်တင်ဘာလ ၇-ရက်နေ့တွင် သူသည် ၎င်းရာထူးမှ အငြိမ်းစား ယူခဲ့ပြီး ၁၉၈၄-ခုနှစ်မှ စတင်ကာ အထက်တန်းရှေ့နေတစ်ဦးအဖြစ် ဆောင်ရွက်ခဲ့သည်။
    ၁၉၈၆ခုနှစ်တွင် တောင်သူလယ်သမားတစ်စု၏ မြေယာသိမ်း အမှုတွင် မြန်မာနိုင်ငံမြေသိမ်းမှု ဥပဒေနှင့်အညီ အသနားခံစာ ရေးသားပေးခဲ့သည်။ ထိုစဉ်က စစ်တွေမြို့၊ ပြည်သူ့ကောင်စီမှ မကျေနပ်၍ ၁၉၈၆-ခုနှစ် သြဂုတ်လ ၂၅-ရက်နေ့တွင် အရေးပေါ်စီမံမှုအက်ဥပဒေ ပုဒ်မ ၅/ည အရ အမှုဖွင့်ပြီး ဖမ်းဆီးချုပ်နှောင်ခံခဲ့ရသည်။
    ပထမဦးဆုံး ဖမ်းဆီးခံရပြီး တိုက်ခန်းတစ်ခုထဲတွင် ပုသိမ်ဆရာတော် နှင့် အတူနေခဲ့ပြီး ပုသိမ်ဆရာတော်မှ တခြား ရခိုင်အကျဉ်းသားများကို ခေါ်ဆောင်၍ ဦးကျော်လှအောင် အား လိုအပ်သည်များ ကူညီဆောင်ရွက် ပေးရန် မိန့်ကြားခဲ့သည်။
    ၎င်းအမှုကို စစ်တွေမြို့နယ်တရားရုံးတွင် ရင်ဆိုင်နေစဉ် (၁၉၈၈ အရေးအခင်းကာလ) ၁၉၈၈ခုနှစ်၊ သြဂုတ်လ ၂၅-ရက်နေ့တွင် စစ်တွေ အကျဉ်းထောင်ထဲရှိ အကျဉ်းသားများ၏ ဆူပူအုံကြွမှုဖြစ်လာခဲ့သည်။ စစ်တွေအကျဉ်းထောင် အုတ်နံရံကို အကျဉ်းသားတချို့မှ ဖောက်ထွင်းခဲ့ပြီး အကျဉ်းထောင်အာဏာပိုင် များမှ အကျဉ်းသား တချို့ကို သေနတ်ဖြင့် ပစ်ခဲ့သည်အထိ ဖြစ်ခဲ့သည်။ ထိုစဉ်က ဦးကျော်လှအောင် မှာ တိုက်ခန်းငယ်တစ်ခုတွင် တစ်ဦးတည်း နေရသည့် အချိန်ဖြစ်သည်။ ညနေ ၄-နာရီခန့် အချိန်တွင် ကျောင်းသားခေါင်းဆောင်များနှင့် ဒေသခံ လူကြီးတချို့၏ တောင်းဆိုမှုအရ အကျဉ်းသားများကို စနစ် တကျ လွတ်ပေးခဲ့ရသည်။
    ဦးကျော်လှအောင် နှင့် ဦးဘသိန်းခင် (ကန်းတောင်းကြီးမှ ရခိုင် ဗုဒ္ဓဘာသာ တစ်ဦး) တို့ကို ကျောင်းသား လူငယ်တချို့က ညသန်းခေါင် အချိန်တွင် ပုလုပ်တောင်ရပ်ကွက် (ယခု ရဲနွယ်စုရပ်ကွက်)ရှိ ဦးကျော်လှအောင်၏ နေအိမ်သို့ ပို့ပေးခဲ့သည်။ ထိုစဉ်က ဦးကျော်လှအောင် အပေါ် ပုဒ်မ ၅/ည ဖြင့် စွဲဆိုထားသောအမှုမှာ မပြီးပြတ်သေးဘဲ စွဲချက်တင်ထားသော အဆင့်တွင်သာ ရှိသေးသည်။
    အရေးအခင်းကာလအပြီး တရားရုံးများတွင် ပြန်လည် ရုံးထိုင်လာသောအခါ ၎င်း ၅/ည အမှုမှာ စစ်တွေမြို့ ပြည်နယ်တရားရုံးတွင်ရောက်ရှိနေပြီး ၎င်းအမှုကို ဆက်လက်ရင်ဆိုင်ဖြေရှင်းရန် ဦးကျော်လှအောင်မှ ပြည်နယ်တရားသူကြီးအား အကျိုးအကြောင်းပြောပြရာ ၎င်းအမှုတွင် အချုပ်လွှတ်ထုချေခွင့်ပြုထားခဲ့သည်။
    ၁၉၈၉ခုနှစ်တွင် ဦးကျော်လှအောင် နှင့် သူ့လုပ်ဖော်ကိုင်ဖက်တချို့ပူးပေါင်းပြီး မွတ်စလင်မ် လူထုအတွက် တန်းတူအခွင့်အရေးရရှိရေးကို ရှေးရှု့ပြီး အမျိုးသား လူ့အခွင့်အရေး ဒီမိုကရက်တစ်ပါတီကို ထူထောင်၍ ရွေးကောက်ပွဲဝင်ရန်စီစဉ်ခဲ့သည်။ ဦးကျော်လှအောင်သည် ၁၉၉၀ပြည့်နှစ်၊ ရွေးကောက်ပွဲမတိုင်မီ စစ်တွေမြို့ မဲဆန္ဒနယ် အမှတ် (၁)မှ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ရန်စီစဉ်ခဲ့ပြီး မဲဆွယ်နေစဉ်ကာလ ၁၉၉၀-ခုနှစ်၊ ဧပြီလ ၁၀-ရက်နေ့တွင် ထပ်မံ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။
    ၎င်း ရင်ဆိုင်ခဲ့သည့် အရေးပေါ်စီမံမှု အက်ဥပဒေ ပုဒ်မ ၅/ည အပါအဝင် တခြား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၂၄ အရ တစ်မှု နှင့် ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေး အက်ဥပဒေပုဒ်မ ၆/၁ အရ အမှုဖွင့်ပြီး အရေးယူ ထားသည်။
    ယင်းသို့ အဖမ်းခံနေရစဉ် စစ်ခုံရုံးအမှတ်-၃၆/နပ-စခ/၉၀ တွင် ပုဒ်မ ၅/ည အရ အမှုတွဲကို ပြည်နယ်တရားရုံးမှ ဆွဲယူပြီး ၁၉၉၀-ခုနှစ်၊ မေလ ၂၁-ရက်နေ့တွင် ထောင်ဒဏ် ၁၄-နှစ်ကျခံစေရန် အမိန့်ချမှတ်ခြင်း ခံခဲ့ရသည်။
    ဦးကျော်လှအောင်ကို စစ်ခုံရုံးမှ ထောင်ဒဏ်ချပြီး တခြား ရခိုင်ခေါင်းဆောင်များ နှင့် မွတ်စလင်မ်တချို့ ကိုလည်း ထောင်ဒဏ် ၅-နှစ်၊ ၇-နှစ် နှင့် ၁၀-နှစ် အသီးသီးချခဲ့သည်။ ၎င်းထဲတွင် ယခင်စစ်တွေ အမှတ်(၂) ရဲစခန်းမှ စခန်းမှူးဟောင်း ဦးမောင်ညွန့်စိန်၊ စစ်တွေမြို့မှ ရခိုင်ခေါင်းဆောင် ဦးသာထွန်းအောင်၊ တောင်ကုတ်မြို့နယ်မှ ရခိုင်ခေါင်းဆောင် တစ်ဦးလည်းဖြစ် စီးပွါးရေးလုပ်ငန်းရှင် တစ်ဦးလည်းဖြစ်သူ ဦးကျောက်တောင် အပါအဝင် တခြားရခိုင်ခေါင်းဆောင်များလည်း ထောင်ထဲတွင် အတူတူ ရင်းရင်းနှီးနှီး နေခဲ့ကြသည်ဟုဆိုသည်။
    ၎င်းရခိုင်ခေါင်းဆောင်များ၏ တိုက်တွန်းချက်အရ ဦးကျော်လှအောင် ရရှိမည့် စစ်တွေ အမှတ် (၁)နယ်မှ မဲများကို ရခိုင်ပါတီတစ်ခုသို့ လွှဲပေးရန် စီစဉ်ခဲ့ရာ အမျိုးသားလူ့အခွင့်အရေး ဒီမိုကရက်တစ်ပါတီတွင်း အများသဘောဆန္ဒအရ ၎င်းမဲများကို ကမန်အမျိုးသားပါတီမှ ရှေ့နေဦးရွှေယ အား ပေးခဲ့သည်။ ဤသို့ဖြင့် စစ်တွေမြို့ အမှတ် (၁) နယ်မှ ဦးရွှေယ မဲအနိုင်ရရှိခဲ့သည်။
    ဦးကျော်လှအောင် အား စွဲဆိုထားသည့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၂၂၄ အရ စွဲဆိုသော အမှုနှင့် ပြည်သူပိုင် ပစ္စည်းကာကွယ်ရေး အက်ဥပဒေပုဒ်မ ၆(၁)အရ စွဲဆိုသော အမှုများကို ပြည်နယ်တရားရုံးသို့လွှဲပေးလိုက်၊ ပြည်နယ်တရားရုံးမှ တဖန် မြို့နယ်တရားရုံးသို့ လွှဲပေးလိုက် စသဖြင့် ကြန့်ကြာခဲ့ပြီး နောက်ဆုံးတွင် စစ်တွေမြို့နယ် တရားသူကြီးရုံးတွင် အမှုအမှတ်-၁၇၀၈/၉၂ တွင် ပုဒ်မ ၂၂၄အရ နှင့် အမှုကြီး အမှတ်-၁၇၀၉/၉၂ အမှုတွင် ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေး အက်ဥပဒေ ပုဒ်မ ၆(၁)အရ စစ်ဆေးပြီး ၁၉၉၂ခုနှစ်၊ နိုဝင်ဘာလ ၃၀-ရက်နေ့တွင် အလုပ်နှင့် ထောင်ဒဏ် (၆)လ စီကျခံစေရန် နှင့် ပြစ်ဒဏ်နှစ်ခုစလုံးကို တစ်ပေါင်းတည်း ကျခံစေရန် စီရင်ချက် ချခဲ့သည်။
    ထိုစဉ်က ပုဒ်မ ၅/ည ဖြင့် စစ်ခုံရုံးမှ ပြစ်ဒဏ်စီရင်ချက်ချထားသည်ဖြစ်၍ စစ်တွေ အကျဉ်းထောင် အတွင်းရှိ တိုက်ခန်းတွင် သီးခြားချုပ်နှောင်ထားသဖြင့် အထက်ပါအမှုနှစ်မှုမှ စီရင်ချက်ကို အယူခံဝင်ရန် အခွင့်အလမ်း မရှိခဲ့ပေ။ ထိုအချိန်တွင် နိုင်ငံရေးပုဒ်မ ၅/ည ဖြင့် အပြစ်ပေး ခံရသူများကို တင်းကြပ်စွာ တိုက်ခန်း၌ ထားရှိသောကြောင့် မိမိ၏မိသားစုအပါအဝင် ရှေ့နေများနှင့် အတွေ့မခံရသည့် အချိန်အခါဖြစ်၍ အယူခံဝင်ရန် အခွင့်အလမ်းလုံးဝ မရနိုင်ခဲ့ပေ။ အယူခံဝင်ရန်ကာလစည်းကမ်းကျော်လွန်သွားပြီးချိန်၊ အကျဉ်းထောင်တွင်းရှိ တိုက်ခန်းတွင် လေးနှစ်ကျော် နေပြီးမှ ထောင် အရာရှိများက အေးအေးဆေးဆေး ငြိမ်သက်စွာ နေလာသူများကို နေရာခွဲကာ ထောင်ဆေးရုံသီးသန့်ဆောင်တွင် ပြောင်းရွှေ့နေစေခဲ့သည်။ တခြား အကျဉ်းသားများ၏ အယူခံလွှာများကို ရေးသားပေးရန် တာဝန်ပေးခြင်းခံရသဖြင့် အယူခံလွှာများကို ရေးသားပေးခဲ့ရသည်။
    ဦးကျော်လှအောင် ထောင်ထဲတွင်ရှိနေစဉ် ၈၈-ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ကို အချုပ်ခန်း တစ်ခုတွင် သီးသန့်ထားရှိပြီး ညအချိန်တွင် ထောင်ဝန်ထမ်း တစ်ဦးက စောင့်ကြည့် ရသည်ဟုဆိုသည်။ ကိုမင်းကိုနိုင်၏ ထောင်တွင်းနေထိုင်မှု အခြေအနေကို ဦးကျော်လှအောင်က ၎င်းထောင်ဝန်ထမ်းမှ တစ်ဆင့် မေးမြန်းလေ့ရှိခဲ့ကြောင်း၊ အခြေအနေ အရပ်ရပ်ကို ကိုမင်းကိုနိုင်မှ မေးမြန်းရာ ထောင်ဝန်ထမ်းမှ တစ်ဆင့် ရှင်းပြပေးလေ့ရှိသည်ဟု သိရသည်။
    ၁၉၉၄-ခုနှစ်၊ အမျိုးသားညီလာခံစတင်ချိန်တွင် ယခင် တပ်မတော်အစိုးရမှ ဆယ်နှစ်အထက် ထောင်ဒဏ် ကျခံခဲ့ရသူများကို ဆယ်နှစ်သို့ လျော့ချပေးခဲ့ရာ ဦးကျော်လှအောင် ကျခံခဲ့ရသည့် နှစ်များမှ လေးနှစ် လျော့ချခဲ့သည်။ ၁၉၉၇ခုနှစ်၊ သြဂုတ်လ ၂၈-ရက်နေ့တွင် စစ်တွေအကျဉ်းထောင်မှ လွတ်မြောက်လာ ခဲ့သည်။ ၁၉၉၈-ခုနှစ်မှ နယ်စည်းမထား ဆရာဝန်များအဖွဲ့ စစ်တွေရုံးတွင် အုပ်ချုပ်ရေးမှူးအဖြစ် မိသားစု စားဝတ်နေရေးအတွက် တာဝန်ထမ်းဆောင်ခဲ့သည်။
    ၎င်းအဖွဲ့တွင် တာဝန်ထမ်းဆောင်နေစဉ်ကာလ ၂၀၁၂-ခုနှစ်၊ ဇွန်လ ၁၀-ရက်နေ့တွင် ရခိုင်အစွန်းရောက် တချို့က ကောလာဟလ သတင်းတစ်ခု အင်တာနက် စာမျက်နှာ တစ်ခုတွင် တင်ခဲ့သည်။ ဦးကျော်လှအောင်အား ၄င်း၏နေအိမ်မှ လက်နက်သေတ္တာ ၂-လုံးရရှိ၍ ရဲဘက်မှ ဖမ်းဆီးထားကြောင်း ဖြစ်သည်။ ထိုသတင်း ဖတ်ရှုပြီး မိသားစုထံ ဖုန်းဆက်ကြည့်ရာ ဦးကျော်လှအောင် မှာ ၄င်း၏နေအိမ်တွင် အိပ်စက် အနားယူနေကြောင်း၊ မည်သည့်ပြဿနာမျှ မဖြစ်ခဲ့ ကြောင်း သိခဲ့ရသည်ဟုဆိုသည်။ ကောလာဟလ သတင်းထွက်လာချိန်က မြန်မာစံတော်ချိန် ည ၉-နာရီ ၄၅-မိနစ် (21:45 နာရီ) ဖြစ်ပြီး ဦးကျော်လှအောင် နေအိမ်တွင် အိပ်နေသည်ဟု သတင်းရရှိသည်မှာ ည ၁၀ နာရီ (22:00 နာရီ) ဖြစ်သည်။ နောက်ဆုံး သူတို့မိသားစု သိခဲ့ရသည်မှာ အစွန်းရောက်များက စစ်တွေမြို့ရှိ မွတ်စလင်မ် ရပ်ကွက်များကို တိုက်ခိုက်ရန် ကြိုတင်စီစဉ်ထားသည် ဖြစ်သည်။ ၄င်း အလုပ် လုပ်ကိုင်ခဲ့သော အဖွဲ့အစည်းမှ ကောလာဟလကို ချေပရန်ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
    ၂၀၁၂ခုနှစ်၊ ဇွန်လ (၁၁) ရက်နေ့ နေ့လည်အချိန်တွင် ရခိုင်အစွန်းရောက် ၅၀၀ ကျော် ၎င်းရပ်ကွက်သို့ လာပြီး ဦးကျော်လှအောင်၏ နေအိမ်ကို ဖြိုဖျက်ခဲ့ရာ ၄င်းတို့မိသားစုဝင်များ ခြံနှင့်ကပ်လျက် ဗလီ ကျောင်းခြံဝင်း ဘက်သို့ ထွက်ပြေးသွားခဲ့ရသည်။ တခြား ရွာသူ ရွာသားများလည်း ထိုနည်းတူ ထွက်ပြေး ခဲ့ရသည်။ ဦးကျော်လှအောင် အား ရဲအရာရှိများ လာရောက် ဖမ်းဆီးခဲ့ပြီး ၎င်း၏နေအိမ်အပါအဝင် တခြားနေအိမ်များကိုလည်း ပြိုဖျက်ခဲ့သည်။
    မိသားစုဝင်များအပါအဝင် ရပ်ကွက်ရှိ မွတ်စလင်မ်အားလုံးအား လုံခြုံရေးရဲများက ကာကွယ်ပေးခဲ့သည်။ လုံခြုံရေးရဲများက မွတ်စလင်မ်အားလုံးကို ကျန်ရှိနေသေးသော နေအိမ်နှစ်လုံးတွင် တစ်ည အိပ်ခွင့်ပြုခဲ့သည်။ နောက်တစ်နေ့ နေ့လည်တွင် အစွန်းရောက် ၄၀၀-၅၀၀ ဦးရေရှိသော အုပ်စုတစ်ခုမှ ဝိုင်းအုံလာရာ လုံခြုံရဲများ နှင့် စစ်တပ်မှ တင်းကြပ်စွာကာကွယ် ပေးခဲ့သည်။ ၎င်းအစွန်းရောက်များမှ မွတ်စလင်မ်လူငယ်များကို သတ်ဖြတ်ရန် လာသည်ဖြစ်သော်လည်း ရပ်ကွက်မှ ရခိုင်လူမျိုးတချို့အပါအဝင် လုံခြုံရဲ နှင့် စစ်တပ်မှ သတ်ဖြတ်ရန် ခွင့်မပြုခဲ့ပေ။
    မွတ်စလင်မ်များ၏ တောင်းဆိုချက်အရ လည်းကောင်း၊ စစ်တပ်အကြီးအကဲများ၏ ဆုံးဖြတ်ချက်အရလည်းကောင်း ၎င်းရပ်ကွက်မှ မွတ်စလင် မ်အားလုံးကို မွတ်စလင်မ် လူဦးရေများသည့် သဲချောင်းကျေးရွာသို့ စစ်တပ်ကားများဖြင့် ရွှေ့ပြောင်းပေးခဲ့သည်။
    ဦးကျော်လှအောင်မှာ ဒီကိစ္စများကို ဘာတစ်ခုမှ မသိခဲ့သလို၊ မိမိ၏မိသားစုဝင်များ၏ အခြေအနေကိုလည်း သိခွင့်မရခဲ့ဟုဆိုသည်။ ကံကောင်းစွာဖြင့် ၄င်း၏ မိသားစုဝင်များနှင့် တခြားမွတ်စလင်မ်များကို ရဲနှင့် စစ်တပ်မှ အကာအကွယ်ပေးခဲ့ပြီး လုံခြုံရာ အရပ်သို့ ရွှေ့ပြောင်းပေးခဲ့သည်။
    ရဲများ၏ အကာအကွယ်ရရှိခြင်းမှာ ၄င်းရပ်ကွက်သည် ရဲတပ်ရင်းအခြေစိုက်ရာ နှင့် နီးကပ်စွာ တည်ရှိသလို တပ်မတော်မှ ဗိုလ်ကြီးအဆင့် ပုဂ္ဂိုလ်တစ်ဦး ဦးကျော်လှအောင်၏ နေအိမ်နှင့်ကပ်လျက်အိမ်တစ်အိမ်တွင် နေထိုင်ခဲ့ဖူးသည်။ တစ်ခြားတစ်ဘက်တွင် ရဲများကို စစ်ရေးပြ သင်တန်းပြခဲ့သည့် ရဲတပ်ကြပ်ကြီး တစ်ဦးမှာ မွတ်စလင်မ် ဖြစ်ရာ သူ့တပည့်များမှ အစွမ်းကုန် အကာအကွယ်ပေးခဲ့ခြင်းဖြစ်သလို၊ အနီးအနားရှိ ရခိုင် လူမျိုးအများစုမှာလည်း မွတ်စလင်မ်များ နှင့် ရင်းနှီးသူများဖြစ်ခြင်းတို့ကြောင့် ဖြစ်သည်။
    ဦးကျော်လှအောင် အား ဥပဒေပုဒ်မ ၅၀၅/ခ ဖြင့် တရားစွဲဆိုခဲ့သည်။ အာဏာပိုင်များက ၎င်း၏နေအိမ်မှ အေလ်ကိုင်ဒါ နှင့်ဆက်နွယ်သည့် စာရွက်တစ်ခုရရှိသည် ဟုပြောသည်။ ဖမ်းဆီးမခံရခင် ကောလာဟလ သတင်းမှာ ရေးသားခဲ့သည်ကတစ်မျိုး၊ ဖမ်းဆီးပြီးတော့ အာဏာပိုင်များ၏ စွပ်စွဲမှုက နောက်တစ်မျိုး ဖြစ်နေသည်။ စွပ်စွဲပြောဆိုမှု နှင့် ကောလာဟလ တို့မှာ ကွာဟနေသည်ကို တွေ့ရှိရသည်။ အမှန် စင်စစ် ၎င်းရပ်ကွက်မှ အာဏာပိုင်များက မည့်သည့် တရားမဝင်စာရွက်စာတမ်းမျှ မရရှိခဲ့ပေ။
    ဦးကျော်လှအောင်၏ မိသားစုဝင်များသည် ငြိမ်းချမ်းရေးလိုလားသော လူမျိုးဘာသာပေါင်းစုံနဲ့ ချစ်ခင် ရင်းနှီးစွာနေထိုင်ခဲ့သူများဖြစ်ကြောင်း သက်သေသာဓကပေါင်း များစွာ ရှိနေပြီး အေလ်ကိုင်ဒါဆိုတဲ့ စကားလုံးကိုတောင် စာလုံး မပေါင်းတတ်သူများ ဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ မိသားစု ဝင်များမှာ ဤကဲ့သို့သော အမည်ဝေါဟာရများနှင့် ရင်းနှီးကျွမ်းဝင်မှု မရှိသောကြောင့် ဖြစ်သည်။
    အမှန်တွင် ၂၀၀၁-ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက် အမေရိကန်ပြည်ထောင်စုတွင် ကမ္ဘာ့ ကုန်သွယ်ရေး အဆောက်အအုံကို တိုက်ခိုက်ပြီး အစွန်းရောက်ဝါဒကို ရခိုင်ပြည်နယ်တွင် ပထမဦးဆုံး ရှုတ်ချပြောဆိုသူမှာ ဦးကျော်လှအောင် ဖြစ်သည်။ ဦးကျော်လှအောင်သည် မွတ်စလင်မ်များကို အစွန်း ရောက်အုပ်စုအား အားပေးထောက်ခံမှု မလုပ်ကြရန် စည်းရုံးခဲ့သူတစ်ဦးဖြစ်ပြီး၊ “ရခိုင်ဗုဒ္ဓဘာသာများ၊ ဗမာဗုဒ္ဓဘာသာများနှင့် ခရစ်ယာန်များကိုလည်း ထာဝရဘုရားသခင် (အလ္လာအရှင်မြတ်)မှ ဖန်ဆင်းခဲ့သည်။ မွတ်စလင်မ် မဟုတ်သူများကို ခွဲခြားဆက်ဆံရန် မည်သို့မျှ လက်ခံနိုင်မည် မဟုတ်ကြောင်း” ထပ်တလဲလဲ ဟောပြောစည်းရုံးလေ့ရှိခဲ့သူ Liberal ဝါဒကို ဆွဲကိုင်ထားသူ တစ်ဦးလည်းဖြစ်သည်။
    1503366_707368589276095_532245666_n
    မနှစ်က ဦးကျော်လှအောင် ဖမ်းဆီးခံရပြီး နိုင်ငံတကာအဖွဲ့အစည်းတချို့မှ အစိုးရကို ဖီအားပေးခဲ့ရာ သမ္မတ ဦးသိန်းစိန်မှ ၄င်း၏ အမှုတွဲ နှင့် ကိုယ်ရေးရာဇဝင်ကို နေပြည်တော်သို့ ပို့ဆောင်ရန် ပန်ကြားခဲ့ သည်ဟုသိရသည်။ ထောင်အာဏာပိုင်များက အမှုတွဲ နှင့် ကိုယ်ရေးရာဇဝင်များကို ပို့ပေးခဲ့သည်။ သမ္မတ ဦးသိန်းစိန် က  အစိုးရမဟုတ်သော အဖွဲ့အစည်းမှ ဝန်ထမ်းများကို ပြန်လွတ်ပေးရန် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ပေးခဲ့ရာ ဦးကျော်လှအောင် မှာ ၂၀၁၂-ခုနှစ်၊ သြဂုတ်လ ၁၆-ရက်နေ့တွင် လွတ်မြောက်လာခဲ့သည်။
    ၎င်းလွတ်မြောက်သွားခြင်းက ၄င်းအပေါ်တွင် မည်သည့်စွဲချက်မျှ မရှိကြောင်းနှင့် ကောလာဟလများကို အတည်ပြု သက်သေပြရန် မည်သည့် သက်သေအထောက်အထားမျှ မရှိကြောင်းကို ဖော်ပြနေသည်။
    ထောင်မှ လွတ်မြောက်လာပြီး နယ်စည်းမထားဆရာဝန်များအဖွဲ့တွင် ယခင်က လုပ်ကိုင်လျက်ရှိသော အလုပ်မှ ၄င်း၏အသက်အရွယ်အိုမင်းမှုနှင့် အာဏာပိုင်များ၏ ဖီအားတချို့ကြောင့်၂၀၁၂ခုနှစ်၊ သြဂုတ်လ တွင် အငြိမ်းစားယူလိုက်ပြီဖြစ်သည်။ အဖွဲ့အစည်းများကို အစွန်းရောက်များမှ ဖီအားပေးမှုကြောင့် ၄င်း၏မိသားစုဝင်များမှာလည်း သူတို့၏စားဝတ်နေရေးအတွက် မည်သည့် အဖွဲ့အစည်း၌မှ အလုပ်လုပ်ကိုင် နိုင်ရန် အခွင့်အလမ်း မရရှိပေ။
    1467222_702160569796897_1118236379_n
    ရန်ကုန် အမေရိကန်သံရုံးမှ သံအမတ်ကြီး စစ်တွေသို့သွားရောက်စဉ် ဦးကျော်လှအောင်မှ ၄င်းအား “ဘင်္ဂါလီ ဆိုတဲ့ အသုံးကို ဘင်္ဂါလာဒေရှ့်နိုင်ငံ အရှေ့ပါကီစတန်မှ ခွဲထွက်အပြီး ရခိုင်ပြည်ရှိ မွတ်စလင်မ်များ အတွက် သုံးဒါဖြစ်ကြောင်း၊ အရှေ့ပါကီစတန်ရှိတုန်းက ဘင်္ဂါလီ အသုံးကို မသုံးဘဲ အာရ်ကာနီစ် မွတ်စလင်မ် Arakanese Muslims ဟုသာ သုံးခဲ့ကြောင်း” ပြောသည်ကို ဒေသအာဏာပိုင်များမှ သဘော မကျခဲ့ပေ။ အာဏာပိုင် တချို့ မကျေမနပ်ဖြစ်ပုံရသည်။ တခြားကိစ္စတစ်ခုကတော့ နိုင်ငံခြားအဖွဲ့အစည်းများ လာရင် ဦးကျော်လှအောင်နှင့် တွေ့ဆုံသည်ကိုလည်း ဒေသ အာဏာပိုင်တချို့က မနှစ်သက်ခြင်း ဖြစ်သလို၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အကြောင်းကို အမှန်အတိုင်းထုတ်ဖော်ပြောမည်ကို ဒေသ အာဏာပိုင်များမှ မလိုလားခြင်းဖြစ်နိုင်မည်ဟု ယူဆရသည်။
    ၂၀၁၃-ခုနှစ်၊ ဧပြီလ ၂၆-ရက်နေ့တွင် အာဏာပိုင်များမှ လူစာရင်းကောက်ခံရာတွင် ဘင်္ဂါလီဟု ထည့်ပြီး အတင်းလက်မှတ်ထိုးခိုင်းရာ လူငယ်တချို့မှအော်ဟစ်သပိတ်မှောက်ခဲ့ကြပြီး ခဲများဖြင့် ပစ်ဖောက်သည် ဟုသိရသည်။ ဒီဖြစ်ရပ်က ဦးကျော်လှအောင် နေခဲ့သော ယာယီနေအိမ်အနီးအနားတွင် မဟုတ်ဘဲ တခြား တစ်နေရာတွင် ဖြစ်ခဲ့သည်ဟုဆိုသည်။ အာဏာပိုင်များမှ လူဦးရေစာရင်းကောက်ခံမှုကို ခေတ္တာ ရပ်နားထား သည်ဟုဆိုသည်။ မွတ်စလင်မ် ရပ်ကွက်လူကြီးတချို့ကို ဖမ်းဆီးစစ်ဆေးခဲ့ပြီး တချို့မှာ အခုထိ လွတ်မလာ ခဲ့ပေ။ တစ်ရက်တည်းတွင် တခြားရပ်ကွက်တစ်ခုဖြစ်သော ဘောဒူဖ တွင် ရဲနှင့်လူတချို့ပြဿနာဖြစ်ခဲ့ပြီး ရဲတစ်ဦးကို လူတချို့က ရိုက်ပုတ်ခဲ့သည်ဟုသိရသည်။ ၄င်းရဲက မွတ်စလင်မ်အိမ်တစ်အိမ်ထဲသို့ ပြေးဝင်ခဲ့သည်ဟုဆိုသည်။ ၄င်းရဲကို အသက်ဘေးမှ ကာကွယ်ပေးခဲ့သော အိမ်ပိုင်ရှင်သည် ဦးကျော်လှအောင်၏ တူတစ်ဦးလို ဖြစ်နေသည်။ ၄င်းက ဦးကျော်လှအောင်အား ဦးလေးဟု ခေါ်သည်။
    ရဲကို ရိုက်ပုတ်ခဲ့သော မွတ်စလင်မ် အုပ်စုက ၄င်းအိမ်ကို ဝိုင်းအုံကာ မီးရှို့ရန် ကြိုးစားခဲ့ရာ အိမ်ပိုင်ရှင်မှ ဦးကျော်လှအောင်အား ဖုန်းဆက် အကူအညီတောင်းခဲ့သည်။ ထိုအချိန်တွင် ဦးကျော်လှအောင်သည် ကျန်းမာရေး မကောင်း၍ ယာယီ အိမ်တွင် အနားယူနေချိန်ဖြစ်ပြီး ဖုန်းမှတဆင့် ပြဿနာဖြစ်ပုံကို သိခဲ့ရသည်။ ဦးကျော်လှအောင်မှ ဖုန်းဆက်ပြီး မွတ်စလင်မ်လူငယ်များအား အစွန်းရောက်မှုကို ရှောင်ရှား ရန် နားလည်အောင် ရှင်းပြပြီး တားမြစ်ခဲ့သည်။ ဦးကျော်လှအောင်၏ ဖုန်းမှတဆင့် တားမြစ်မှုကြောင့် လူငယ်များ နောက်ဆုတ်သွားခဲ့ပြီး ၄င်းအိမ်ကို မီးမရှို့ခဲ့သလို၊ ၄င်းရဲကိုလည်း အာဏာပိုင်များထံသာ လွှဲပေးခဲ့သည်။ သို့သော် အာဏာပိုင်များမှ ဦးကျော်လှအောင် ကို ဒီကိစ္စမှာ နားလည်မှုလွဲခဲ့ပြီး သံသယဖြစ်ခဲ့သည်။ ထိုနေ့မှစ၍ ဦးကျော်လှအောင် အား ဖမ်းဆီးရန် အကြိမ်ကြိမ်ကြိုးစားခဲ့ရာ ၄င်းမှာ အတွေ့မခံခဲ့ပေ။ မွတ်စလင်မ်တို့၏ ဥပုသ်လတွင် ကျန်းမာရေး မကောင်း၍ ယာယီနေအိမ်တွင် အနားယူ နေစဉ် ဇူလိုင်လ ၁၅-ရက်နေ့တွင် စခန်းမှူး နှင့် အရပ်ဝတ်နဲ့ ရဲနှစ်ဦး လာရောက်ခေါ်ဆောင် သွားခဲ့သည်။ ရဲအရာရှိများ၏ပြောပြချက်အရ ၄င်းအား စစ်ဆေး မေးမြန်းမည်သာဖြစ်ပြီး နေအိမ်သို့ ပြန်လည် ပို့ပေးမည်ဟု ပြောဆိုခဲ့သည်။
    နိုင်ငံတကာအဖွဲ့အစည်းတချို့မှ ဦးကျော်လှအောင် အား မတရားဖမ်းဆီးထားခြင်းနှင့်ပတ်သက်ပြီး ကြေငြာချက်၊ အစိုးရအပေါ် တိုက်တွန်းချက် နှင့် သတင်းတချို့ထုတ်ပြန်ခဲ့သည်။
    ဦးကျော်လှအောင် အား အာဏာပိုင်များမှ ဥပဒေပုဒ်မ ၁၄၈၊ ၁၅၀ နှင့် ၃၃၃ တို့ဖြင့် တရားစွဲဆိုထားခဲ့ပြီး နောက်ပိုင်းတွင် ဥပဒေပုဒ်မ အများအပြားတပ်ကာ စွဲချက်တင်ထားသည်။ ၄င်းဥပဒေပုဒ်မများမှာ ၁၄၈၊ ၁၅၀၊ ၃၃၂၊ ၃၃၃၊ ၃၉၅၊ ၅၀၅/ခ နှင့် ၁၀၉ တို့ဖြစ်သည်။
    ဦးကျော်လှအောင်မှာ ယခုဆိုလျှင် အသက် ၇၅နှစ် ရှိနေပြီဖြစ်သည်။
    *  မှတ်ချက် – ဦးကျော်လှအောင်၏ မိသားစုဝင်တစ်ဦးမှ ရေးသားထားခြင်းဖြစ်သည်။