News @ M-Media

Blog

  • ပါလက်စတိုင်း နယ်မြေအတွင်း တရားမ၀င်အိမ်ရာများ ထပ်ဆောက်ရန် အစ္စရေး ပြင်ဆင်နေ

    ဇန်နဝါရီ ၂ ၊ ၂၀၁၄
    M-Media

    map-story-of-palestinian-nationhood
    – ကုလသမဂ္ဂနှင့် အမေရိကန်တို့က တားမြစ်ထားသော်လည်း ပါလက်စတိုင်း ပိုက်နက်အတွင်း အိမ်ရာများ ထပ်မံဆောက်လုပ်သွားရန် အစ္စရေးက စီစဉ်နေပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ အရှေ့အလယ်ပိုင်းသို့ လာရောက်ရန် ရှိနေသောကြောင့် ထိုအစီအစဉ်အား ကြေညာခြင်း မပြုသေးဟု အစ္စရေး တာဝန်ရှိသူများ၏ ပြောကြားမှုများကို ကိုးကား၍ နယူးယောက် တိုင်မ်းသတင်းစာက ယနေ့တွင်ဖော်ပြခဲ့သည်။

    ဂျွန်ကယ်ရီမှာ အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးဆွေးနွေးမှုအား ကြားဝင်ဆောင်ရွက်ရန်အတွက် အရှေ့အလယ်ပိုင်းသို့ ယနေ့တွင် ရောက်ရှိမည်ဖြစ်ပြီး တနင်္ဂနွေနေ့အထိ ရှိနေမည်ဖြစ်သည်။ အစ္စရေးမှာ ၁၉၆၇ ခုနှစ် စစ်ပွဲပြီးကတည်းက ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းခြေနှင့် အရှေ့ဂျေရုစလင်တို့အား သိမ်းပိုက်ထားပြီး အိမ်ရာများကို တိုးချဲ့ဆောက်လုပ်နေခဲ့သည်။ ပါလက်စတိုင်းအစိုးရကမူ အစ္စရေး၏ ထိုအိမ်ရာဆောက်လုပ်မှုအား ရှုတ်ချပြောဆိုခဲ့ပြီး ထိုကဲ့သို့ အိမ်ရာဆောက်လုပ်မှုများက ငြိမ်းချမ်းရေးဆွေးနွေးပွဲအား ထိခိုက်စေသည်ဟု ပြောကြားထားသည်။

    ဓါတ်ပုံအညွှန်း- ၁၉၄၆ ခုနှစ် စတင်ပြီး ပါလက်စတိုင်းနယ်မြေများကို အစ္စရေးတို့ နှစ်အလိုက် ကျူးကျော်သိမ်းပိုက်ခဲ့သည့် မြေပုံ

    Ref: Press TV

  • နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာ သာသနာကို အလွဲသုံးစားမပြုရ ဘာသာပေါင်းစုံ ဆွေးနွေးပွဲ

    နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာ သာသနာကို အလွဲသုံးစားမပြုရ ဘာသာပေါင်းစုံ ဆွေးနွေးပွဲ

    ဇန်န၀ါရီ ၂၊ ၂၀၁၄
    M-Media
    ပြည့်ပြည့်

    PA

    ရန်ကုန်    ။        ။ နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာ သာသနာကို အလွဲသုံးစားမပြုရ ဟူသော ခေါင်းစဉ်ဖြင့် ဘာသာပေါင်းစုံမှ ဦးဆောင်ဆရာတော်များနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ ပါဝင်မည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတစ်ရပ်ကို ဇန်န၀ါရီလ ၆-ရက်နေ့တွင် မြောက်ဥက္ကလာပမြို့နယ်၊ ရွှေအိမ်တော်ခန်းမတွင် ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

    အဆိုပါ နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာ သာသနာကို အလွဲသုံးစားမပြုရ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသည် ၂၀၀၈-ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း ၈ နိုင်ငံသားနှင့် နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ၊ အပိုဒ် ၃၆၄ အား ရည်ညွှန်းပြုလုပ်ခြင်းဖြစ်ပြီး

    ဗုဒ္ဓဘာသာမှ အရှင်ဘဒ္ဓကုဝေရ(သာသနဓဇဓမ္မာစရိယ)၊ အရှင်တိက္ခသာရ(သီတဂူဗုဒ္ဓတက္ကသိုလ်)၊ ခရစ်ယာန်ဘာသာမှ ဒေါက်တာလှိုင်ဘွား (ယုဒဿန်သုတေသနဌာန)၊ ဟိန္ဒူဘာသာမှ ဦးအောင်နိုင်(ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေး)၊ အစ္စလာမ်ဘာသာမှ ဆရာဦးအေးလွင် (အစ္စလာမ်ဓမ္မဗိမာန်)တို့ ဦးဆောင် ဆွေးနွေးကြမည်ဟု သိရသည်။

    အဆိုပါ ငြိမ်းချမ်းရေးဆွေးနွေးပွဲအား Peace Alliance၊ ဒို့အမွေ ပညာရေးကူညီမှုအသင်း၊ ဗုဒ္ဓဘာသာလူငယ်စုစည်းမှုအသင်း(နာရေး)တို့ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

  • မလေးရှားနိုင်ငံ မာလာကာတွင် မြန်မာနိုင်ငံသားများ အရက်မူး၍ ရန်ဖြစ်ရာမှ တစ်ဦးသေဆုံး

    ဇန်နဝါရီ ၂ ၊ ၂၀၁၄
    M-Media

    malacca,Medan_Selera

    – မလေးရှားနိုင်ငံ မာလာကာပြည်နယ် Medan Selera ရှိ Plaza Pandan Malim တွင် မြန်မာနိုင်ငံသားများ အရက်မူး၍ ရန်ဖြစ်ရာမှ တစ်ဦးသေဆုံးခဲ့သည်ဟု သိရသည်။

    ဇန်နဝါရီလ  ၁ ရက် နံနက်က မြန်မာနိုင်ငံသား လေးဦးမှာ အရက်မူး၍ ရန်ဖြစ်ခဲ့ကြပြီး  နံနက်၂ နာရီ ၄၀ ခန့်တွင် ပြည်သူတစ်ဦးက ရန်ပွဲဖြစ်ပွားနေသည်ဟု ရဲတပ်ဖွဲ့အား အကြောင်းကြားခဲ့သည်။ ထို့ကြောင့် ရဲတပ်ဖွဲ့က သွားရောက်ကြည့်ရှုခဲ့ရာ အသက် ၂၅ နှစ်အရွယ် မြန်မာနိုင်ငံသား ကျော်ဆွေဦး ဆိုသူမှာ သွေးအိုင်ထဲတွင်သေဆုံးတွေ့ ခဲ့ရသည်။

    သေဆုံးသူမှာ စားသောက်ဆိုင်တွင် အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး  ချွန်ထက်သောအရာနှင့် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကာ ကပ်ကြေးဟု ယူဆရကြောင်း၊ ရဲတပ်ဖွဲ့ဝင်များ ရောက်လာချိန်တွင် တရားခံများမှာ ထွက်ပြေးသွားခဲ့သော်လည်း နံနက် ၄ နာရီခွဲခန့်တွင် သေဆုံးသူ လုပ်ကိုင်နေသည့် စားသောက်ဆိုင်တွင်ပင် လုပ်ကိုင်နေသော အသက် ၂၉ နှစ်အရွယ် မြန်မာ တစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ထွက်ပြေး လွတ်မြောက်နေသည့် တရားနှစ်ဦးကိုလည်း ဖမ်းဆီးနိုင်ရန် စုံစမ်း စစ်ဆေးမှုများကိုပြုလုပ်နေကြာင်း မာလာကာ CID အကြီးအကဲ ရာဂျာရှာရွမ် ရာဂျာ အဗ္ဗဒူလာက ပြောကြားခဲ့သည်။

    ယခုလူသတ်မှုမှာ တပတ်တွင်း ဒုတိယအကြိမ်မြောက်ဖြစ်ပွားခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၉ ရက်နေ့တွင် ပူချွန်းမြို့တွင် မူးယစ်ရမ်းကားမှုကြောင့် မြန်မာအချင်းချင်း ဓါးထိုးမှုကြောင့် မြန်မာတစ်ဥိးသေဆုံးမှုဖြစ်ပွားခဲ့သည်။

    လူသတ်မှုဖြစ်စဉ် ၂ ခုစလုံးမှာ အရက်သေစာ သောက်စားရာမှ အစပြုဖြစ်ပွားခြင်းဖြစ်ပြီး အခင်းဖြစ်ပွားရာတွင် ပါဝင်သူ အားလုံးမှာ မြန်မာနိုင်ငံမှ လာရောက် အလုပ် လုပ်ကိုင်သူများ ဖြစ်ကြကြောင်း သတင်းများအရ သိရှိရပါသည်။

    Ref: Bernama

  • မလေးရှားနိုင်ငံ ပူချွန်းတွင် မူးယစ်ရမ်းကားရာမှ မြန်မာအချင်းချင်း ဓါးထိုးမှုဖြစ်

    ဇန်နဝါရီ ၂ ၊ ၂၀၁၄
    M-Media

    မလေးရှားနိုင်ငံ ပူချွန်းတွင် မူးယစ်ရမ်းကားရာမှ တအိမ်ထဲနေ မြန်မာအချင်းချင်း ဓါးထိုးမှုဖြစ်ပွား၊ တစ်ဦး သေဆုံး

    1388391684158_461_21z5JepyHlbf1_0_0

    မလေးရှားနိုင်ငံ ပူးချွန်းရှိ Batu Tiga Belas စက်ရုံတစ်ခုတွင် ဒီဇင်ဘာ ၂၉ ရက်နေ့နံနက်ပိုင်းက မြန်မာနိုင်ငံသားတစ်ဦး အသတ်ခံရမှု ဖြစ်ပွားခဲ့သည်ဟုသိရသည်။

    သေဆုံးသွားသူမှာ အသက် ၃၆ နှစ်အရွယ် ဘိုဘိုဟ (မူရင်းသတင်းပါ Bo Bo Ha အတိုင်း) ဆိုသူဖြစ်ပြီး ၂၉ ရက်နေ့ နံနက်ပိုင်း ၂ နာရီ ၅၀ ခန့်က မူးယစ်ရမ်းကားကာ အခန်းဖော်အား စော်ကားမှုများပြုလုပ်ခဲ့သောကြောင့်၊ အခန်းဖော်ဖြစ်သူမှ မကျေမနပ်ဖြစ်ကာ ဓားဖြင့် ထိုးခဲ့ခြင်းဖြစ်သည်။ ဓားဖြင့်ထိုးခံရပြီးနောက် သေဆုံးသူမှာ အကူအညီရရန် မီတာ ၇၀၀ ခန့်အထိ ထွက်ပြေးလာခဲ့ပြီး စက်ရုံ ဂိတ်ပေါက်ဝတွင် လဲကျသေဆုံးခဲ့ခြင်းဖြစ်သည်။

    ဆူဘန်းဒေသရှိ ရဲတပ်ဖွဲ့ အကြီးအကဲဖြစ်သူ ယာဟ်ယာ ရမ်လီက ပြစ်မှုကျူးလွန်သူ မြန်မာနိုင်ငံသား တစ်ဦးနှင့် ဇနီးဖြစ်သူတို့အား ဖမ်းဆီးထားပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်နေသည်ဟု ပြောကြားခဲ့သည်။ ဒီဇင်ဘာ ၃၀ ရက်နေ့ကလည်း ပီနန်မြို့တွင် မြန်မာအမျိုးသမီး နှစ်ဦးအသတ်ခံရပြီး၊ သံသယရှိသူ မြန်မာနိုင်ငံသား အမျိုးသားနှစ်ဦးအား ဖမ်းဆီးထားသည်ဟု ပီနန်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

    Ref: NTV7

  • ဇန်န၀ါရီ ၁၊ ပြည်တွင်းသတင်း စုစည်းမှု

    ဇန်န၀ါရီ ၁၊ ပြည်တွင်းသတင်း စုစည်းမှု

    ဇန်န၀ါရီ ၁၊ ၂၀၁၄
    M-Media

    ထိုင်းနိုင်ငံမှာ ရန်ဖြစ်တဲ့ မြန်မာအလုပ်သမားများ ဖမ်းဆီးခံရ

    – ထိုင်းနိုင်ငံ လယောင်းမြို့ ဆောက်လုပ်ရေးလုပ်ငန်းမှာ အလုပ်လုပ်နေကြသည့် မြန်မာနိုင်ငံသား အလုပ်သမား ၂၀၀ ခန့်နှင့် ဒေသခံ ထိုင်းလူမျိုးများ မနေ့ညပိုင်းက ခိုက်ရန်ဖြစ်ပွားပြီး မြန်မာအလုပ်သမား ၁၅၀ ခန့်အား လယောင်းရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ပြီး ထွက်ပြေးလွတ်မြောက်သွားသည် မြန်မာ အလုပ်သမား ၆၀ ခန့်သည်လည်း လုပ်ငန်းခွင်သို့ ပြန်မသွားရဲသည့်အတွက် ပုန်းရှောင်နေကြကြောင်း သိရသည်။
    ________________________

    ကရင်နှစ်သစ်ကူးနေ့အား ကရင်လက်နက်ကိုင်၃-ဖွဲ့ ပူးပေါင်းကျင်းပ

    – ယနေ့ကျရောက်တဲ့ ကရင်နှစ်သစ်ကူးပွဲတော် အခမ်းအနားကို ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF)၊ ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA) အစရှိသည့် ကရင်လက်နက်ကိုင် အဖွဲ့များပူးပေါင်း၍ ကရင်ပြည်နယ် မြ၀တီခရိုင် ရွှေကုက္ကိုမြိုင်ဒေသ မှာ ယနေ့ ပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းခေါင်းဆောင်သည့် အဖွဲ့ဝင်များလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
    ________________________

    KIA တပ်သားအဖြစ် ဖမ်းဆီးခံရသူ ၃-ဦး သီပေါထောင်မှ လွတ်မြောက်

    – ၂၀၁၂-ခုနှစ်အတွင်း တပ်မတော်မှ ဖမ်းဆီးခဲ့သော KIA တပ်မဟာ (၁၂)တွင် တာဝန်ထမ်းခဲ့ကြသည့် အကျဉ်းသား ၃-ဦးအား မနေ့က နေ့လည်ပိုင်း မှာ အစိုးရ၏ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်မှု အစီအစဉ်ဖြင့် သီပေါအကျဉ်းထောင်မှ လွတ်မြောက်လာခဲ့ကြကြောင်း သိရသည်။
    ________________________

    မန္တလေး ချော်ဆိပ် သင်္ဘောပေါက်ကွဲမှု ပျောက်ဆုံးသူများမှ ၃-ဦး အလောင်းပြန်တွေ့

    – မန္တလေး ဧရာဝတီမြစ်ကမ်း ချော်ဆိပ်တွင် ဒီဇင်ဘာ ၂၇-ရက်နေ့တွင် သင်္ဘောပြန်လည်ထွက်ခွာရန် ကျောက်ဆူးရစ်ခုံအား ဂဟေဆော်ရာမှာ လက်ကျန်ဆီငွေဖြင့် သင်္ဘောပေါက်ကွဲမှုတွင် ပျောက်ဆုံးနေသူများအနက် ၃-ဦး၏ အလောင်းများအား ပြန်လည်တွေ့ရှိခဲ့ကြောင်းသိရသည်။
    ________________________

    တိုင်းရင်းသားအမည်ခံကုမ္ပဏီများ ကိုယ်ပိုင်အမည် ပြန်လည် ပြောင်းလဲ

    – မြန်မာပြည်တွင် ယခင်အစိုးရလက်ထက်က စီးပွားရေး လုပ်ငန်းများ ရင်းနှီးမြှုပ်နှံရာ၌ နိုင်ငံခြားသားများအနေဖြင့် တိုင်းရင်းသားတစ်ဦးတစ်ယောက် အမည်ခံပြီး လုပ်ဆောင်ခဲ့သော်လည်း ယခုအခါ မူလပိုင်ရှင်အမည်သို့ ပြန်လည် ပြောင်းလဲ လုပ်ဆောင်လာနေသည့်အတွက် ပွင့်လင်းမြင်သာမှု ရှိလာ သည်ဟု အဓိပ္ပါယ်သက်ရောက်ကြောင်း ဒေါက်တာအောင်ထွန်းသက်က ဧရာဝတီသို့ ပြောကြားခဲ့သည်ဟု သိရသည်။
    ________________________