News @ M-Media

Blog

  • ဒီဇင်ဘာ ၂၈၊ နိုင်ငံတကာသတင်း စုစည်းမှု

    ဒီဇင်ဘာ ၂၈၊ ၂၀၁၃
    M-Media

    ဖိလစ်ပိုင်တွင် New Year ပွဲလုပ်ရန်ပြင်ဆင်မှုတွင် မီးရှုးမီးပန်းကြောင့် ထိခိုက်သူ ရာကျော်

    – ဖိလစ်ပိုင်နိုင်ငံ တစ်ဝှမ်းတွင်ပြုလုပ်နေသည့် လာမည့် ၂၀၁၄ နှစ်သစ်ကို ကြိုဆိုရန် ပြင်ဆင်မှုများ အတွင်း မီးရှူးမီးပန်းများကြောင့် ထိခိုက်သူပေါင်း လူ ၁၆၀ ကျော် ရှိခဲ့သည်ဟု ဖိလစ်ပိုင်အစိုးရက ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ ထိုကဲ့သို့ ထိခိုက်ဒဏ်ရာရခဲ့သူများတွင် အသက် ၁၄ နှစ်အရွယ် ယောက်ျားလေးတစ်ဦးမှာ ညာဘက်လက် ဆုံးရှုံးမှုနှင့် အဘိုးအို တစ်ဦး မျက်လုံးပေါက်ထွက်မှုမှာ အဆိုးဆုံးဖြစ်ပြီး ၅ နှစ်အရွယ် သမီးငယ်တစ်ဦးမှာလည်း လက်ညှိုးတစ်ချောင်း ပြတ်တောက်ခဲ့ရသည်ဟု ကျန်းမာရေးအရာရှိ တစ်ဦးဖြစ်သူ အဲရစ်တာယဂ်က ပြောကြားခဲ့သည်။
    c1bb1674829aa7c0f77aa5f947f28d676492e7b4-19bsija
    ………………………………

    ၂၀၁၃ တွင် အမေရိကန် စစ်တပ်တွင်း လိင်ပိုင်းဆိုင်ရာ ပစ်မှု ၅၀ % တိုး

    – အမေရိကန် စစ်တပ်အတွင်း လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများမှာ ယခုနှစ်တွင် ၅၀ ရာခိုင်နှုန်း တိုးလာခဲ့သည်ဟု စစ်တမ်းကောက်ယူမှုများအရ သိရသည်။ AP သတင်းဌာန၏ စစ်တမ်းကောက်ယူမှုအရ ၂၀၁၃ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့အထိ အမေရိကန် စစ်တပ်အတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုမှာ ၅၀၀၀ ကျော်ရှိခဲ့ပြီး ယမန်နှစ် တစ်နှစ်လုံးတွင် ၃၃၇၄ သာရှိခဲ့သည်။ ယခုနှစ်အတွင်းဖြစ်ပွားခဲ့သည့် အမှုများ၏ ၁၀ ရာခိုင်နှုန်းခန့်တွင် အစော်ကားခံရသူမှာ စစ်တပ်အတွင်း တရားဝင်အမှုထမ်းခြင်းမရှိသေးသူများဖြစ်ကြသည်။
    Ref: RT

    ……………………….

    အန္တာတိကတိုက်မှာ ရေခဲပြိး သောင်တင်နေတဲ့ သင်္ဘောကို ကယ်တင်ရင် တရုတ်ရေခဲခွဲ သဘောင်္ထွက်ခွါ

    – အန္တာတိက တိုက် Cape de la Motte ဒေသရှိ ပင်လယ်အတွင်း ရေအလွန်ခဲမှုကြောင့် သောင်တင်နေသည့် သင်္ဘောတစ်စင်းအား ကယ်တင်ရန် အတွက် တရုတ်ရေခဲခွဲ သင်္ဘောငယ်တစ်စီးမှာ ယမန်နေ့က ထိုဒေသသို့ထွက်ခွာသွားသည်ဟု သိရသည်။

    သင်္ဘောသား ၇၄ ဦးပါဝင်သည့် MV Akademik Shokalskiy အမည်ရ အဆိုပါသင်္ဘောမှာ ရုရှားနိုင်ငံမှဖြစ်ပြီး ခရစ္စမတ်နေ့ကတည်းက ထိုနေရာတွင်သောင်တင်နေခြင်းဖြစ်သည်။ သင်္ဘောနစ်မြုပ်မည်ကို စိုးရိမ်ရခြင်းမရှိဘဲ၊ သင်္ဘောသာများတွက်လိုအပ်သည့် စားနပ်ရိက္ခာမှာလည်း အလုံအလောက်ရှိနေသည်။

    Xue Long အမည်ရ တရုတ်ရေခဲခွဲသင်္ဘောမှာ ရေခဲနေသည့်နေရာသို့ရောက်ရှိနေပြီး ရေခဲများကို ဖြည်းဖြည်းချင်းခွဲနေကာ ရေခဲများ၏ အထူမှာတစ်ခါတစ်ရံတွင် ၃ မီတာမှ ၄ မီတ (၉ ပေမှ ၁၂ ပေ) အထိရှိကာ လာမည့် ၁၂ နာရီအတွင်း သင်္ဘောရှိရာသို့ ရောက်ရှိနိုင်မည်ဖြစ်သည်။ ထို့ပြင် ပိုမိုအားကောင်းသော ပြင်သစ် ရေခဲခွဲသင်္ဘော Astrolabe မှာလည်း ထိုနေရာသို့ သွားရောက်နေပြီဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    ……………………….

    တရုတ်တွင် ဈေးသည်တဦး သေဆုံးမှု ရဲ (၃) ဦးအား ထောင် (၁၁)နှစ်ချ

    – ဖရဲသီးသည်တစ်ဦးသေဆုံးမှုနှင့် ပက်သက်၍ ရဲသုံးဦးအား တရုတ်တရားရုံးက ထောင်ဒဏ် ၁၁ နှစ်အထိ ချမှတ်လိုက်သည်ဟု သိရသည်။ နိုင်ငံတောင်ပိုင်း ဟူနန်ပြည်နယ်တွင် ဇူလိုင်လအတွင်းက Deng Zhengjia အမည်ရ အသက် ၅၆ ရွယ်ဖရဲသီးသည်တစ်ဦးအား ဈေးရောင်းရန် တားမြစ်ထားသည့် နေရာတွင် ရောင်းချသောကြောင့် ရဲတပ်ဖွဲ့ဝင်များက တားမြစ်ရာမှ ခိုက်ရန်ဖြစ်ပွားမှုဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များ၏ ရိုက်နှစ်မှုကြောင့် ထိုဖရဲသီးသည်မှာ သေဆုံးခဲ့ရသည်။

    ……………………….

    အမေရိကန်မှ အီရတ်တွင် အကြမ်းဖက်မှုများ နှိမ်နင်း ရန် လက်နက်များ ထောက်ပံ့

    – ယခုလက်ရှိ နိုင်ငံအတွင်း ဖြစ်ပွားနေသည့် အလ်-ကိုင်းဒါး ကျောထောက်နောက်ခံပြုထားသော အကြမ်းဖက်တိုက်ခိုက်မှုများအား နှိမ်နှင်းရာတွင် အထောက်အကူပြုနိုင်ရန် ဒုံးကျည်များနှင့် ထောက်လှမ်းရေး ဒရုန်းလေယာဉ်များအား အီရတ်နိုင်ငံသို့ ပေးပို့ခဲ့သည်ဟု အမေရိကန် တာဝန်ရှိသူများက ကြာသာပတေးနေ့တွင် ပြောကြားခဲ့သည်။ အီရတ်စစ်တပ်ကလည်း ၎င်းတို့ လေတပ်အတွက် အမေရိကန်မှ ဝေဟင်မှ မြေပြင်ပစ်ဒုံးကျည် ၇၅ စင်းပေးပို့ထားကြောင်း၊ မကြာမီ တပ်ဆင်သွားမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။
    ………………………

    အိန္ဒိယတွင် အမျိုးသမီးတဥိး တညထဲ(၂)  ကြိမ်ဆက်တိုက် အုပ်စုဖွဲ့ အဓ္ဓမပြုကျင့်ခံ

    – အုပ်စုဖွဲ့ အဓ္ဓမ ပြုကျင့်မှုများ မကြာခဏဖြစ်ပွားလေ့ရှိသည့် အိန္ဒိယနိုင်ငံတွင် ဒီဇင်ဘာ ၂၄ ရက်နေ့ကလည်း အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတစ်ဦး အား တစ်ညတည်းတွင်ပင် နှစ်ကြိမ်တိုင်တိုင် အုပ်စုဖွဲ့၍ အဓ္ဓမပြုကျင့်မှု ဖြစ်ပွားခဲ့သည်ဟုသိရသည်။

    ထိုအမျိုးသမီးက သူမအနေဖြင့် Pondicherry ပြည်နယ် မြို့တစ်မြို့ရှိ သူငယ်ချင်းဖြစ်သူ အိမ်သို့ သွားရောက်လည်ပတ်စဉ် အမျိုးသားသုံးဦးမှ ၎င်းအား ဖမ်းဆီးခဲ့ပြီး ထိုအထဲမှတစ်ဦးက အဓ္ဓမပြုကျင့်ခဲ့ကြောင်း၊ ၎င်းအား သုံးနာရီကြာ ဖမ်းဆီးထားပြီးနောက် လွှတ်ပေးခဲ့ပြီး သူမက အကူညီရှာနေစဉ် အမျိုးသား ၇-ဦးပါဝင်သည့် အခြားအဖွဲ့တစ်ဖွဲ့ကို သူမအား ထပ်မံဖမ်းဆီးခဲ့ကာ ၎င်းတို့အထဲမှ ၆-ဦးက အဓ္ဓမပြုကျင့်ခဲ့သည်ဟု ထွက်ဆိုခဲ့သည်။

    ထိုနောက် စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး အဆိုပါ အဓ္ဓမကျင့်မှုနှင့် ပက်သက်သော လူ ၁၀-ဦးအား ကြာသာပတေးနေ့က ဖမ်းဆီးနိုင်ခဲ့ပြီး တရားစွဲဆိုခဲ့ကြောင်း၊ ထိုအဖွဲ့ ၂-ဖွဲ့မှာ စပ်ဆပ်မှုရှိမရှိ စုံစမ်းစစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့က ယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ ထို့ပြင် အဓ္ဓမ ပြုကျင့်ခြင်းခံရသည့် အမျိုးသမီး၏ ကနဦးထွက်ဆိုချက်များအား မှတ်တမ်းတင်ရန် ငြင်းဆိုခဲ့သောကြောင့် ရဲတပ်ဖွဲ့ဝင် နှစ်ဦးအား ရာထူးမှ အနားပေးခဲ့သည်ဟု BBC သတင်းဌာနက ဖော်ပြခဲ့သည်။

  • ဒီဇင်ဘာ ၂၈ အားကစား သတင်း

    ဒီဇင်ဘာ ၂၈၊ ၂၀၁၃
    M-Media

    – ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် လီဗာပူးလ် အသင်းသည်သာ စိန်ခေါ်သူအစစ်အမှန်ဖြစ်သည်ဟု ချယ်ဆီးအသင်း၏ နည်းပြဖြစ်သူ မော်ရင်ဟိုက ပြောကြား လိုက်သည်။ ယခုလက်ရှိတွင်အဆင့် ၄ နေရာတွင်ရှိနေသည့် လီဗာပူးလ်အသင်းမှာ အင်္ဂလန် ပထမတန်းအား ပရီးမီးယားလိဂ်အဖြစ် အသွင်ပြောင်းပြီး ကတည်းက ပရီးမီးယားလိဂ်တွင် ဗိုလ်စွဲခဲ့ဖူးခြင်း မရှိသေးချေ။ သို့သော်လည်း မိမိအနေဖြင့် ယခုကဲ့သို့ပြောဆိုခြင်းမှာ  တိုက်စစ်မှူး လူးဝစ် ဆွာရက်ဇ်၏ စွမ်းဆောင်ရည်များကို ကြည့်၍ ပြောကြားခြင်း မဟုတ်ဟု မော်ရင်ဟိုက ထည့်သွင်းပြောကြားခဲ့သည်။
    Arsenal-v-Chelsea-Jose-Mourinho_3056633
    ……………………………..

    – ကမ္ဘာ့အဆင့် အဆင့် ၆ ရှိနေသည့် ဆွစ်ဇာလန် နာမည်ကြီး တင်းနစ် ကစားသမား ရော်ဂျာ ဖက်ဒါရာက ၎င်း၏ နည်းပြသစ်ဖြစ် Grand Slam ဆုဖလားအား ၆ ကြိမ်ရရှိဖူးသည့် ဆွီဒင် တင်းနစ်ကစားသမားဟောင်း အတီဖင် အဒ်ဘာ့ဂ်အား ခန့်အပ်လိုက်ပြီဟု ကြေညာခဲ့သည်။

    အနည်းဆုံး ၁၀ ပတ်လက်တွဲမည်ဖြစ်ပြီး လာမည့် သြစတေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲတွင် ဖက်ဒါရာမှာ နည်းပြသစ်နှင့် ပထမဆုံး ကစားရမည်ဖြစ်သည်။
    ………………………………

    – ထိပ်ဆုံးမှဦးဆောင်နေသည့် ဂျူဗင်တပ်စ်အသင်းနှင့် ၁၀ မှတ်ကွာဟနေသော်လည်း မိမိအသင်းမှာ စီးရီးအေ ချန်ပီယံပြေးလမ်းကြောင်းပေါ်တွင်ရှိနေပြီး ဂျူဗင်တပ်စ်နှင့် ရိုးမားအသင်းတို့အား စိန်ခေါ်နိုင်သည်ဟု နာပိုလီအသင်း၏နည်းပြ ဘင်နီတက်ဇ်က ပြောကြားလိုက်သည်။ ယခုနှစ်တွင် ခြေစွမ်းကောင်းများပြသနေသည့် နာပိုလီအသင်းမှာ ယခုလက်ရှိတွင် အဆင့် ၃ နေရာတွင်ရှိနေသည်။
    …………………………….

    – မိမိအား ပွဲထွက်ဂိုးသမားအဖြစ် စဉ်းစားပေးသည့် ကလပ်အသင်းတွင် ကစားချင်သည်ဟု ရီးယဲလ်မက်ဒရစ်အသင်း၏ ဂိုးသမားဖြစ်သူ အီကာ ကာဆီးလက်က ပြောကြားလိုက်သည်။ ယခုအချိန်တွင် ဂိုးသမား ဒီယေဂိုလိုပက်ဇ်၏နောက် ဒုတိယနေရာတွင်ရှိနေသည့် ကာဆီးလက်မှ ထိုကဲ့သို့ ပြောကြားခြင်းမှာ ရီးယဲလ်မှ ထွက်ခွာတော့မည်ဟု အရိပ်အမြွက်အဖြစ် ပြောကြားလိုက်ခြင်းလည်းဖြစ်သည်။

  • အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဒုတိယအကြိမ် ဗဟို ပုံမှန်အစည်းအဝေးကျင်းပ

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဒုတိယအကြိမ် ဗဟို ပုံမှန်အစည်းအဝေးကျင်းပ

    ဒီဇင်ဘာ ၂၈၊ ၂၀၁၃
    M-Media
    A.N.Lay

    untitled(7)

    ရန်ကုန် ။         ။     ဒီဇင်ဘာ ၂၈ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဒုတိယ အကြိမ် ဗဟို ပုံမှန်အစည်းအဝေးကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီ ခန်းမ၌ နံနက် ၁၀-နာရီတွင် ပြုလုပ်ခဲ့ပြီး နေ့လည် ၃-နာရီတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

    အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဇေယျာသော် က ဒီအစည်းအဝေးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၆-လ တစ်ကြိမ်ပြုလုပ်သည့် ဒုတိယ အကြိမ်ဗဟိုပုံမှန်အစည်းအဝေးဖြစ်ပါတယ်။ ဒီအစည်းအဝေးဟာ ကျွန်တော်တို့ အဖွဲ့ချုပ် အဖွဲ့ဝင်တွေနဲ့ ဆွေးနွေး တိုင်ပင်သည့် အစည်းအဝေးဖြစ်ပါတယ်။ ဒီနေ့အစည်းအဝေးကို အကြောင်းအမျိုးအမျိုးကြောင့် မလာနိုင်တဲ့ အဖွဲ့ချုပ်၏ အဖွဲ့ဝင်တွေအတွက်လည်း စိတ်မကောင်းပါဘူးဟုပြောကြားခဲ့ပါသည်။

    ယင်းသတင်းစာရှင်းလင်းပွဲတွင် မီဒီယာများ၏ မေးမြန်းချက်များကို ဖြေကြားခဲ့ပြီး နေ့လည် ၃-နာရီခွဲ အချိန်တွင် ရုပ်သိမ်းခဲ့ပြီး ၎င်းအစည်းအဝေးသို့ NLD ၏ ၇၉ ရာခိုင်နှုန်းကျော် တက်ရောက်ခဲ့ကြောင်းသိရသည်။

     

  • မြန်မာ့ အရှိတရားအပေါ် တရုတ်ပြည်၏ ဆက်ဆံရေး

    ဒီဇင်ဘာ ၂၈၊ ၂၀၁၃
    M-Media
    ဘာသာပြန်ဆိုသူ- သြရသရေချမ်း

    image
    မြန်မာပြည်သည် ဒီမိုကရေစီစံနစ်သစ်တစ်ရပ်ဖြင့် စမ်းသပ်ကာလသို့ ဖြတ်သန်းနေခြင်းနှင့်အညီ တစ်ချိန်က ကြီးစိုးမင်းမူခဲ့သည့် စစ်အစိုးရ၏ လမ်းကြောင်းအား ဖယ်ထုတ်သည့် နိုင်ငံရေး တွန်းအားသစ် များစွာလည်း ထွက်ပေါ်လာကြ၏။ များမြောင်ထွေပြားလွန်းသော လူနည်းစု တိုင်းရင်းသားအုပ်စုများ သာမက အဓိက အင်အားစုကြီး လေးမျိုးသည်လည်း တိုင်းပြည်၏ နိုင်ငံတကာ ဆက်ဆံရေးအပေါ် အဓိပ္ပာယ်သစ်ဖြင့် ဖွင့်ဆိုပေတော့မည်။ အထူးသဖြင့် အိမ်နီးချင်း တရုတ်ပြည်နှင့် ပတ်သက်နေ၏။

    ဖြစ်တည်လာသော နိုင်ငံရေး ဗဟိုချက်များ၌ သမ္မတဦးသိန်းစိန် ဦးဆောင်သည့် အစိုးရ၊ လွှတ်တော်ကို ဦးစီးပဲ့ကိုင်နေသည့် ဦးရွှေမန်း၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အာဏာစက်အောက်မှ စစ်တပ် နှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ဒီမိုကရေစီ အတိုက်အခံအင်အားစုတို့ ပါဝင်နေကြသည်။

    အထက်ဖော်ပြပါ အုပ်စုလေးမျိုးကို တရုတ်ပြည်က သီးခြားကွဲပြားသော ဆက်ဆံရေး ထားရှိသည်။ အုပ်စုတစ်ခုချင်းစီအပေါ် ထားရှိသော တရုတ်ပြည်၏ မူဝါဒများကို ကြည့်၍ ဘေဂျင်း၏ ပြည်ပသဘောထား ဗျူဟာသော့ချက် နှင့် အတွင်းပိုင်း တွက်ချက်မှုအား နားလည်နိုင်မည် ဖြစ်သည်။

    အစိုးရအာဏာပိုင်အဆင့် ပုံမှန် ဆက်ဆံရေး အနေအထားတွင် တရုတ်နှင့်မြန်မာတို့သည် ၄င်းတို့၏ အတိတ်ပြဿနာ အများအပြားနှင့်ပတ်သက်လျှင် ပန်းခင်းလမ်း အသွင်ဆောင်နေ၏။ ထိုပြဿနာများမှာ ၂၀၁၁ ခုနှစ်တွင် အနောက်နိုင်ငံများနှင့် နွေးထွေးသော သံတမန် ဆက်ဆံရေးဖော်ဆောင်ရာမှ ရှေ့သို့ တိုးထွက် လာတော့သည်။ ၂၀၁၃ ခုနှစ်အစောပိုင်းကာလ ကချင်သူပုန်အရေး၌  ကြားဝင် စွက်ဖက်မှုပြီးသည့်နောက် ယခုအခါ နယ်စပ်တည်ငြိမ်ရေးကို အားလုံးနီးပါး ပြန်လည်ထိန်းသိမ်းနိုင်ခဲ့သည်။ တဆက်တည်းမှာပင် လက်ပံတောင်းကြေးနီသတ္ထု တူးဖော်ရေးအပေါ် ပြည်တွင်း ဆန့်ကျင်မှုနှင့်ပတ်သက်၍ ပြန်လည်စတင်ရန် ဦးသိန်းစိန်အစိုးရမှ သဘောတူလိုက်သည်။ အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံတန်ဖိုးရှိပြီး ဆိုင်းငံ့ထားရသော မြစ်ဆုံဆည်စီမံကိန်းကိစ္စအဖြေထုတ်ရေးမှာမူ စေ့စပ်ညှိနှိုင်းနေဆဲဖြစ်၏။

    ဧပြီလတွင် နှစ်စဉ်ကျင်းပသော တရုတ်ပြည်၏ Boao Forum သို့ ဦးသိန်းစိန် သွားရောက်ကာ တရုတ်ခေါင်းဆောင်သစ် Xi Jinping နှင့် တွေ့ဆုံခဲ့သည်။ အောက်တိုဘာလ အရှေ့အာရှ ထိပ်သီးညီလာခံ ကာလအတွင်း တရုတ်ဝန်ကြီးချုပ် Li Keqiang နှင့်လည်း တွေ့ခဲ့သည်။ အများမြင်ကွင်းဝယ် နှစ်ဖက် ဆက်ဆံရေးမှာ မယိုင်လဲသည့်နှယ်ရှိနေ၏။ နှစ်ဦးနှစ်ဖက်မှ နိုင်ငံပိုင် နှင့် အခိုင်အမာ မီဒီယာများကလည်း သမိုင်းဝင်ရင်းနှီးမှု အပေါ် မပြတ်တမ်း အလွန်အကျွံ အမွှမ်းတင်နေမြဲဖြစ်၏။ (ယခုအခါ အထိန်းအချုပ်မဲ့ မြန်မာ ပုဂ္ဂလိကမီဒီယာတို့မှ နှစ်ဖက်ဆက်ဆံရေးအပေါ် ပိုမိုဝေဖန်နိုင်ခွင့် ရရှိနေပြီဖြစ်သည်)။

    သို့တစေ ယင်းရုပ်လုံးဖော်ချက်များ၌ အေးတိအေးစက်ဖြစ်နေသော အရှိတရားကို နှစ်ဖက်လုံးမှ ဖုံးကွယ်ထားကြ၏။ တရုတ်ခေါင်းဆောင်တို့သည် ၄င်းတို့၏ကိုယ်ပိုင်အနုစိပ် စီမံကိန်းများမှ မြန်မာပြည်အား ဖယ်ထုတ်လိုက်ပြီဖြစ်ကြောင်း အထူး ပေါ်လွင်လာပေသည်။ သာဓကတစ်ရပ်မှာ ၂၀၁၂ ခုနှစ် တရုတ်သမ္မတသစ်တက်လာပြီးနောက်ပိုင်း Politburo Standing Committee (PBSC)၏အဖွဲ့ဝင် မည်သူတစ်ဦးမျှ မြန်မာနိုင်ငံသို့ လာရောက်ခြင်း မရှိတော့ချေ။

    ဤကာလအတွင်း အာဆီယံ အဖွဲ့ဝင်နိုင်ငံများအနက် ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း နှင့် ဗီယက်နမ် ငါးနိုင်ငံသို့ တရုတ် သမ္မတနှင့်ဝန်ကြီးချုပ်တို့မှ တသွင်သွင် သွားရောက်ခဲ့သည့်အပြင်၊ PBSC ကော်မတီဝင် Liu Yunshan နှင့် Zhang Gaoli တို့ကလည်း ကမ္ဘောဒီးယား နှင့် စင်္ကာပူသို့ အလည်အပတ်သွားရောက်ခဲ့သည်။ တရုတ်နိုင်ငံခြားရေး ၀န်ကြီး ၀မ်ရီလည်း ရာထူးလက်ခံခဲ့သော မတ်လကတည်းက မြန်မာနှင့်ဖိလစ်ပိုင်ကို ရှောင်ဖယ်၍  အခြားသောအာဆီယံအဖွဲ့ဝင် ရှစ်နိုင်ငံအသီးသီးသို့ ခရီးစဉ် ခြောက်ကြိမ် ထွက်ခဲ့သည်။

    စီးပွားရေး မျက်နှာစာတွင်လည်း ဆက်ဆံရေးမှာ အေးစက်စက်ဖြစ်လာသည်။ ၂၀၁၁ ဘဏ္ဍာရေးနှစ်နှင့်နှိုင်းယှဉ်ပါက ၂၀၁၂ ခုနှစ် ကာလတူအတွင်း တရုတ်၏ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုသည် ၉၀ ရာခိုင်နှုန်းကျော်(အမေရိကန်ဒေါ်လာ ၄၀၇ သန်းနီးပါး) အထိ ထိုးကျသွားခဲ့သည်။ တရုတ်နိုင်ငံပိုင် လုပ်ငန်းစုကြီး အနေနှင့် မြန်မာနိုင်ငံအတွင်း အစဉ်တစိုက် အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်ခဲ့သော်လည်း ထိုထိုသော တရုတ်စီမံကိန်းဆိုင်းငံ့ခံရမှု နှင့် မရေရာသည့် မူဝါဒများက ကနဦးပိုင်းရှိ စိတ်အား ထက်သန်မှုကို လျော့ပါးချည့်နဲ့သွားစေသည်။ မြန်မာပြည်၌ တရုတ် ရင်းနှီးမြှုပ်နှံမှုများမှာ နှေးကွေး လာပြီး အခြားအရှေ့တောင်အာရှနိုင်ငံများအတွင်း အရှိန်အဟုန်မြင့်မားလာသည်ကို တွေ့ရ၏။

    ဦးသိန်းစိန်အစိုးရနှင့် ၄င်းတို့၏အချို့ မူဝါဒများအပေါ် ဘေဂျင်းမှ ထင်ထင်ရှားရှား စိတ်ပျက်နေသည့်တိုင် အာဏာရကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ အပေါ်မှာတော့ အဆိုးမြ င်သဘောထား ထွက်မလာခဲ့ချေ။ အကြောင်းမှာ တရုတ်၏ တလုံးတခဲ ရင်းနှီးမြှုပ်နှံမှုကိုပြိုလဲစေသော မူဝါဒအပြောင်းအလဲနှင့်ပတ်သက်၍ USDP ထက် ဦးသိန်းစိန်က ပိုမို တာဝန်ရှိကြောင်း ဘေဂျင်းမှ ယုံကြည်၍ဖြစ်သည်။

    USDP သည် တရုတ်၏နွေးထွေးသော နိုင်ငံရေးလက်တွဲဖော်အဖြစ် ဆက်လက် တည်ရှိလိမ့်မည်ဟု မျှော်လင့်ထားပြီး၊ လက်ရှိ USDP ဥက္ကဌ နှင့် အောက် လွှတ်တော်ပြောဆိုခွင့်ရ ပုဂ္ဂိုလ် ဦးရွှေမန်း၏ ရည်မှန်းချက်နှင့်နိုင်ငံရေးအင်အားအပေါ် မသိမသာ အမွှမ်းတင်နေပေသည်။ သူသည် ၂၀၁၅ ရွေးကောက်ပွဲတွင် သမ္မတရာထူး ရရှိနိုင်ခြေ အများဆုံးသူအဖြစ် တရုတ်လေ့လာသူများက ကိုယ်ပိုင်အမြင်ဖြင့် ယုံကြည်ထားကြ၏။ အချုပ်အားဖြင့် သူနှင့် အနီးကပ် ဆက်ဆံရေး ထူထောင်ရန် နှင့် USDP စွမ်းရည်တိုးမြှင့်မှု ကဏ္ဍ၌ ပါဝင်ကူညီရန် ဘေဂျင်းမှ စိတ်အား ထက်သန်လျက်ရှိနေသည်ဟု ဆိုရပေမည်။

    အတိုက်အခံတို့အပေါ် ကွင်းဆင်းမှု

    နိုင်ငံရေးခေါင်းစဉ်အောက်တွင် တရုတ်သည် မြန်မာနိုင်ငံ၏ အရပ်ဖက်လူ့အဖွဲ့အစည်းများနှင့် အတိုက်အခံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း အကောင်းဆုံး ဆက်ဆံရေး ထူထောင်နိုင်အောင် စီစဉ်နေကြသည်။ ယင်းအုပ်စုများ၏ နိုင်ငံရေးသြဇာမှာ ပြည်တွင်းပြည်ပ မူဝါဒများ အပေါ် သက်ရောက်မြင့်မားလာ၍ဖြစ်၏။

    ၂၀၁၁ ခုနှစ်နှောင်းပိုင်းမှစ၍ တရုတ်ပြည်မှ အတိုက်အခံ ဒီမိုကရေစီ အင်အားစုအပေါ် ငြိမ်းချမ်းရေး သပြေခက် ဆန့်တန်းပြီး ဖြစ်သည်။

    ဘန်ကောက်မှ သံအမတ်များသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှုများကို မကြုံစဖူး ဆက်တိုက် ကျင်းပဆောင်ရွက်သကဲ့သို့ တရုတ်အာဏာပိုင်၊ ပညာရှင်နှင့် ကုမ္ပဏီတို့သည်လည်း နိုင်ငံရေး အတိုက်အခံများနှင့် အရပ်ဖက်လူ့အဖွဲ့အစည်းများအပေါ် ထိစပ်ချိတ်ဆက်မှုများ ရှိလာကြသည်။ သံတမန် ဆက်ဆံရေးကွင်းဆင်းမှု အစိတ်အပိုင်းတစ်ရပ်အနေဖြင့် NLD ကိုယ်စားလှယ်များအပါအ၀င် မြန်မာဂျာနယ်လစ်များ၊ အရပ်ဖက် လူ့အဖွဲ့အစည်းနှင့်နိုင်ငံရေး ပါတီခေါင်းဆောင်များကို ဒါဇင်နှင့်ချီ၍ တရုတ်ပြည်သို့ အလည်အပတ် ဖိတ်ကြားခဲ့ပေ၏။

    ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်ပြည်သို့ တရားဝင် အလည်အပတ်ဖိတ်ကြားရန်မှာကား တရုတ်ပြည်မူဝါဒ ဖန်တီးရှင်များအဖို့ ဝေခွဲမရ စိတ်စနိုးစနောင့် ဖြစ်လျက် ရှိနေသေး၏။ ဒေါ်စုကြည်သည် ကမ္ဘာ့ဒီမိုအိုင်ကွန်တစ်ဦးဖြစ်သည်နှင့်အညီ တရုတ်ပြည်၏ သြဇာလွှမ်းမိုး ချုပ်ကိုင်နိုင်ရေး အပေါ် လက်မခံသူလည်း ဖြစ်နေသည်။  နိုဗယ်လ်ငြိမ်းချမ်းရေး ဆုရှင်များဖြစ်ကြသည့် သူမ၏ ဘ၀တူမိတ်ဆွေ ဒလိုင်းလားမား နှင့် Liu Xiaobo တို့ကိုလည်း တရုတ်ပြည်၌ နိုင်ငံ့ ရန်သူများ အဖြစ် သတ်မှတ်ထားကြ၏။ ဒေါ်စုကြည်၏အလည်အပတ်ခရီးစဉ်က တရုတ်ပြည်အတွင်း နိုင်ငံရေး မတည်ငြိမ်မှု နှင့် လူမှုအပြောင်းအလဲ ဖြစ်ပေါ်လာနိုင်သော အနေအထားပင်ရှိသည်ဟု မူဝါဒ ဖန်တီးရှင်အချို့မှ ယုံကြည်ထားကြသည်။

    ဒေါ်စုကြည်သည် ဒီမို အိုင်ကွန်အဖြစ်မှ ပင်တိုင်အမာခံနိုင်ငံရေးသမား အဖြစ် ရုပ်လုံးပေါ်လွင်လာသည်နှင့်အမျှ ထိုစိုးရိမ်သောကများ တရွေ့ရွေ့ ပြယ်လွင့်လျော့ပါး စပြုလာပြီဖြစ်သည်။ တရုတ်၏ ရင်းနှီးမြှုပ်နှံမှုဖြစ်သော အငြင်းပွားဖွယ်ရာ လက်ပံတောင်းကြေးနီ တူးဖော်ရေးစီမံကိန်း ကိစ္စကို ထောက်ခံအားပေးရန် ဆုံးဖြတ်ချက်၊ ဗုဒ္ဓဘာသာဝင်တို့၏ လူမျိုးရေးတိုက်ခိုက်မှု ပစ်မှတ်ဖြစ်နေသော လူနည်းစုဝင် ရိုဟင်ဂျာ မွတ်စ်လင်မ် ကိစ္စဆိုင်ရာ ထိလွယ် ရှလွယ်နိုင်ငံရေးပြဿနာ အပေါ် ဝေဖန်ခြင်းမှ ရှောင်ကွင်းမှု အပါအ၀င် အရေးအရာများ၌ ဒေါ်စုကြည်သည် လက်တွေ့ စည်းမျဉ်းများထက် နိုင်ငံရေး လိုအပ်ချက်ကို အခြေတည် ဆုံးဖြတ်နိုင်သူဟု တရုတ်မှ ရှုမြင်လာကြသည်။

    ဒေါ်စုကြည်မှ တရုတ်နှင့်ခိုင်မာသော ဆက်ဆံရေး ဆက်လက်ထားရှိရန် ပွင့်လင်းမြင်သာစွာ ရည်ရွယ်လိုက်ခြင်းက သူမ၏ နိုင်ငံတကာ တန်းဝင်ပေါက်ရောက်မှုနှင့် စပ်လျဉ်း၍ ဘေဂျင်း၏စိုးရိမ်သောကကို လျှော့ချပေးရာရောက်ခဲ့သည်။ ယခုသော် ဒေါ်စုကြည်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် သမ္မတနေရာရရေး အတွက် တရုတ်၏ အားပေးထောက်ခံမှုရရန် ကြိုးပမ်းနေသည်ဟု တရုတ်သုတေသီများစွာမှ သုံးသပ်လျက် ရှိနေသည်။ အဘယ်ကြောင့်ဟူမူ လက်ရှိ အခြေခံဥပဒေအရ သူမအဖို့ ထိုအနေအထားသို့ရောက်ရန် ဟန့်တားမှုရှိနေ၍ဖြစ်ပေသည်။ ၂၀၁၄ ခုနှစ်တွင် တရားဝင်နိုင်ငံရေး အတိုက်အခံသမားအနေနှင့် သူမအား ဘေဂျင်းမှ တရားဝ င်ဖိတ်ခေါ်လာလိမ့်မည်ဟု အချို့ တရုတ်သုတေသီများက ခန့်မှန်း ယုံကြည်ထားကြပြန်သည်။

    မြန်မာနိုင်ငံ၏နိုင်ငံရေး အနေအထားသစ်အတွင်း နေရာရရေးအတွက် နိုင်ငံရေး အင်အားစုအားလုံးက အကြိတ်အနယ် တိုးဝှေ့နေကြသည်။ ၄င်းတို့အကြား တရုတ်ပြည်နှင့် ပလဲနံပ အသင့်ဆုံးမှာ စစ်တပ်ဖြစ်၏။ ဤသည်မှာ ယခင် စစ်အစိုးရဟောင်းနှင့်တရုတ်တို့၏ အထူးကျွမ်းဝင်ခြင်း၊ ၂၀၁၁ ခုနှစ်မတိုင်မီ လက်နက်ဖြင့်သြဇာ လွှမ်းမိုးခဲ့ကြသော နှစ်ဖက်ဗိုလ်ချုပ်များ၏ ပုဂ္ဂိုလ်ရေးနှောင်ကြိုးခိုင်မာခြင်းတို့၏ အမွေခံ အစိတ်အပိုင်း တစ်ရပ် ဖြစ်သည်။ ၄င်းအထူးနှောင်ကြိုးများက တူညီသောနိုင်ငံရေး ကစားကွက်များ၊ စီးပွားရေးဆိုင်ရာ ဘုံအကျိုးအမြတ်များကြောင့် ပိုမိုခိုင်မာ အားကောင်းရလေသည်။

    ဘေဂျင်း၏ရှုထောင့်တွင် စစ်တပ် အချင်းချင်းနှောင်ကြိုးများ၌ ပြဿနာအနည်းငယ် ရှိနေသည်။ အာဏာပိုင်များ အဆင့်၌ နိုင်ငံရေးနှင့်စီးပွားရေး ဆက်ဆံမှုများ အေးတိအေးစက်ဖြစ်နေသည့်တိုင် အဆင့်မြင့် စစ်တပ်အရာရှိများ၏ ဖလှယ်မှုနှင့်တွေ့ဆုံ အလည်အပတ်ခရီးစဉ်များမှာ အားကောင်းနေဆဲပင်။ သာဓကအားဖြင့် ဇန္န၀ါရီလက တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်၏ဒုတိယအကြီးအကဲ Qi Jianguo သည် မြန်မာနိုင်ငံမှ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းတို့သည် တရုတ်-မြန်မာလုံခြုံရေးဆိုင်ရာ မဟာဗျူဟာနှီးနှောမှုအတွက် အတူစားပွဲ ၀ိုင်းထိုင်ခဲ့ကြသည်။

    တရုတ်စစ်တပ်၏ ထိပ်တန်းကဏ္ဍ တစ်ခုဖြစ်သော ဗဟို စစ်ရေးကော်မရှင်၏ ဒုဥက္ကဌ Fan Changlong သည် မြန်မာနိုင်ငံသို့ ဇူလိုင်လက လာရောက်ခဲ့သည်။ ဤတွေ့ဆုံမှုများမှသည် မြန်မာစစ်ဦးစီးချုပ် မင်းအောင်လှိုင် အနေနှင့် အောက်တိုဘာလ၌ တရုတ် ထိပ်ပိုင်းခေါင်းဆောင်များနှင့်တွေ့ဆုံမည့် ခရီးစဉ်အား သဘောတူမှုရရှိခဲ့၏။ မြန်မာနိုင်ငံမှ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးသည် တရုတ်နှင့်လက်နက် အရောင်းအ၀ယ်၊ စစ်ရေးလေ့ကျင်မှုနှင့် အကူအညီတို့အပေါ် အကျိုးသက်ရောက်မှု မရှိပါချေ။

    မြန်မာပြည်တွင်းရှိ အဓိကနိုင်ငံရေး အင်အားစုအသီးသီးထံ တရုတ်၏ တမူထူးခြား ချဉ်းကပ်မှုနှင့် မူဝါဒများက မြန်မာနိုင်ငံ၏ မဟာဗျူဟာနှင့် သံတူကြောင်းကွဲသံတမန်အနေအထားအပေါ် နောကြေနေခြင်းကို ညွှန်ပြနေပေသည်။ ရှုပ်ထွေးမှုနှင့် မရောရာမှုများအား ၂ နှစ်တာကျော်ဖြတ်ပြီးနောက်ဝယ် တရုတ်နိုင်ငံသည် မြန်မာ့နိုင်ငံရေး သရုပ်သကန်၏ အရှိတရားကို ပါးနပ်စွာ ဆုပ်ကိုင်မိသွားပြီ ဖြစ်ပါတော့သည်။

    xxxxxxxxxxxxxxxxxxxxx

    ကမ္ဘာတစ်ဝှန်းငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာအန္တရာယ်များကို အကျိုးအမြတ်ပဓာနမထား အစွဲကင်းစွာ လေ့လာနေသည့် Stimson Center မှ အရှေ့အာရှ ပရိုဂရမ်အဖွဲ့ဝင် Yun Sun ၏ “China adapts to new Myanmar reality” ဝေဖန်ရေးဆောင်းပါးကို “သြရသ ရေချမ်း” မှ ဆီလျော်အောင် မြန်မာပြန်ဆိုပါသည်။

    —————————————-
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများ၊ ဘာသာပြန် များကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။

    M-Media ၏ ခွင့်ပြုချက်မရှိဘဲ စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် ထည့်သွင်းဖော်ပြခြင်းများ လုံးဝ ခွင့်မပြုပါ။
    ဆက်သွယ်ရန် [email protected]

  • ဇန်န၀ါရီလ ၄ ရက်နေ့ မှစပြီး ဖိလစ်ပိုင် နိုင်ငံသားများ မြန်မာသို့ ဗီဇာမယူဘဲ ဝင်နိုင်ပြီ

    ဒီဇင်ဘာ ၂၈၊ ၂၀၁၃
    M-Media

    YangonAirport_029
    – ဖိလစ်ပိုင်နိုင်ငံသားများမှာ လာမည့်နှစ် ဇန်န၀ါရီလ ၄ ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံသို့ ဗီလာမလိုဘဲဝင်ရောက်သွားလာခွင့်ရရှိနိုင်မည်ဟု ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ရေးသားဖော်ပြထားသည်။ ထို့ကြောင့် သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသည့် ဖိလစ်ပိုင်နိုင်ငံသားများမှာ မြန်မာနိုင်ငံတွင် ဗီဇာမလိုဘဲ ၁၄ ရက်နေထိုင်နိုင်မည်ဖြစ်သည်။

    နှစ်နိုင်ငံ ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်အား မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန် ဒီဇင်ဘာ ၅ ရက်နေ့က ဖိလစ်နိုင်ငံသို့ သွားရောက်လည်ပတ်စဉ်အတွင်း သဘောတူညီခဲ့ခြင်းဖြစ်ပြီး၊ ထိုကဲ့သို့ သဘောတူညီခြင်းက နှစ်နိုင်ငံ ခရီးသွားလာရေးလုပ်ငန်းနှင့် ရင်နှီးမြှုပ်နှံမှုလုပ်ငန်းများကို တိုးမြှင့်ဆောင်ရန်အတွက် မျှော်လင့်နိုင်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    Ref: Rappler

    ဓါတ်ပုံအညွှန်း- ရန်ကုန်လေဆိပ်ရှိ ဆိုက်ရောက် ခရီးသည်များအား လူဝင်မှုကြီးကြပ်ရေး(လဝက) မှ စစ်ဆေးရာနေရာ
    photo courtesy: maftravelgraphy