News @ M-Media

Blog

  • ၂၀၁၇ တွင် ပြည်တွင်းဖြစ် ဂြိုတ်တု UAE လွှတ်တင်မည်။ အာရဗ်နိုင်ငံများတွင် ပထမဆုံးဖြစ်

    ဇန်နဝါရီ ၁ ၊ ၂၀၁၄
    M-Media

    First Arab-built satellite
    အာရဗ်စော်ဘွားများနိုင်ငံ UAE မှ ၂၀၁၇ ခုနှစ်တွင် ကမ္ဘာပတ်လမ်းကြောင်းတွင်းသို့ အာရဗ်နိုင်ငံဖြစ်ပထမဆုံးဂြိုလ်တုကို လွှတ်တင်ရန်စီစဉ်ကြောင်း WAM သတင်းဌာနမှ ဆိုလိုက်သည်။

    ‘Khalifa Sat’ အမည်ရှိ ယင်းဂြိုလ်တုသည် UAE မှပိုင်ဆိုင်သည့် ပဉ္စမမြောက်ဂြိုလ်တုယာဉ်ဖြစ်သော်လည်း၊ ၄င်း၏အစိပ်အပိုင်းမှန်သမျှမှာ ပထမဆုံးသော ပြည်တွင်းဖြစ်ထုတ်လုပ်မှုဖြစ်သည်။

    “ Khalifa Sat ဟာ အာရဗ်ပြည်ဖြစ် ပထမဆုံးသော ဂြိုလ်တုဖြစ်ပါလိမ့်မယ်။ အာရဗ်ကမ္ဘာကို အာကာသလုပ်ငန်းစဉ်နဲ့ အာကာသသိပ္ပံ နယ်ပယ်ပြိုင်ဆိုင်မှုထဲက  ခေတ်သစ်တစ်ခုဆီ တွန်းပို့ပါလိမ့်မယ် ” ဟု သတင်း၌ ဖော်ပြသည်။

    WAM ၏အဆိုအရ ဒူဘိုင်းနိုင်ငံ၏ ဒုသမ္မတနှင့်ဝန်ကြီးချုပ်ဖြစ်သူ ရှိုင်းခ် မုဟမ္မဒ် ဘင်န် အလ်မခ်သူးမ် Sheikh Mohammed bin Rashid al-Maktoum သည် ယမန်တစ်နေ့က စီမံကိန်းဆိုင်ရာ ကွပ်ကဲရေးလုပ်ငန်းစဉ်ကို စတင်စေလိုက်ပါသည်။

    “ အာရဗ်တွေဟာ အာကာသနယ်ပယ်ထဲ လုံးဝ မရောက်ရှိနိုင်ဘူး သို့မဟုတ် ရောက်ဖို့မဖြစ်နိုင်ဘူးဆိုတဲ့ အတွေးကို ချေဖျက်ဖို့ Khalifa Sat က အာရဗ်လူမျိုးအားလုံးအတွက် သတင်းကောင်းတစ်ရပ် ဖြစ်ပါတယ်။ အာကာသနည်းပညာနဲ့ အင်ဂျင်နီယာဘာသာရပ်မှာ အာရဗ်နိုင်ငံအားလုံး ပူးပေါင်းပါဝင်လာဖို့ ကျွန်တော်တို့ရဲ့တံခါးတွေကို ဖွင့်လှစ်ထားမှာပါ ” ဟု ရှိုင်းခ် မုဟမ္မဒ်က ပြောကြားခဲ့သည်။

    ယင်းဂြိုလ်တုအား ဒူဘိုင်းရှိ  Emirates Institution for Advanced Science and Technology (EIAST) တွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း WAM မှ ဆိုသည်။

    EIAST မှ DubaiSat1 နှင့် DubaiSat2 အမည်ရှိ ဂြိုလ်တုနှစ်လုံးကို လွှတ်တင်ခဲ့ပြီးဖြစ်သည်။ အဘူဒါဘီအခြေစိုက် Yahsat မှ လက်ရှိတွင် ဂြိုလ်တုနှစ်လုံးအား ကိုင်တွယ်လည်ပတ်နေပြီး တတိယမြောက်ဂြိုလ်တုအား လွှတ်တင်နိုင်ရန် ကနဦးပိုင်းက သတ်မှတ်လျာထားခဲ့၏။

    Ref: Al-Arabiya

    —————————————-
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများ၊ ဘာသာပြန် များကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။

    M-Media ၏ ခွင့်ပြုချက်မရှိဘဲ စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် ထည့်သွင်းဖော်ပြခြင်းများ လုံးဝ ခွင့်မပြုပါ။
    ဆက်သွယ်ရန် [email protected]

  • အစ္စလာမ်ဆန့်ကျင်ရေး ဖြန့်ချီရန် ပြုလုပ်ထားသော ဒတ်ခ်ျ နိုင်ငံရေးသမား Wilders ၏ Gmail ကို Google မှ ဖြုတ်ချ

    ဇန်နဝါရီ ၁၊ ၂၀၁၄
    M-Media

    Wilders-with-anti-Islam-sticker1အစ္စလာမ် ဆန့်ကျင်ရေး စတစ်ကာများကို ဖြန့်ချိရန် ပြုလုပ်ထားသော Geert Wilders ၏ အကောင့်ကို ဂူးဂဲလ်၏ အီးမေးလ် စံနစ်မှ အသုံပြုခွင့်မရအောင် ဖြုတ်ချလိုက်ကြောင်း သောကြာနေ့တွင် ၄င်းဒတ်ခ်ျနိုင်ငံရေးသမားက ပြောဆိုသည်။

    “ မယုံနိုင်စရာကောင်းပေမယ့်လို့ ဂူးဂဲလ်က [email protected] အကောင့်ကို ဟန့်တားပိတ်ပင်လိုက်ပါတယ်။ Mohammed Rabbae ရဲ့ စောဒကတက်မှု အောင်မြင်ခဲ့တယ်လို့ ဆိုရမှာပါ ” ဟု Wilders က Twitter blog ကို အသုံးပြု၍ ပြောကြားသည်။

    GroenLinks အမတ်ဟောင်း Rabbae ဦးဆောင်သည့် Landelijk Beraad Marokkanen မှ ယင်းစတစ်ကာများအား ကန့်ကွက်မှုကို ၄င်းမှရည်ညွှန်းပြောကြားခြင်းဖြစ်သည်။ သို့သော် Techzine အမည်ရှိ ၀က်ဘ်ဆိုဒ်နည်းပညာအုပ်စု၏အဆိုအရ ဂူးဂဲလ်တွင် အလိုအလျောက်ထိန်းချုပ်သည့်စံနစ်ကို တွင်ကျယ်စွာ အသုံးပြုထားကြောင်း၊ ရှုထောင့်ပေါင်းစုံမှ စောဒကများ တက်လာလျှင် ယင်းလိပ်စာကို အလိုအလျောက်ပိတ်သွားစေအောင် စီစဉ်ထားကြောင်း သိရသည်။

    ထိုစတစ်ကာ၌ ဆော်ဒီအလံပေါ်တွင် အရဗီဘာသာစကားဖြင့် “အစ္စလာမ်သည် လိမ်လည်ခြင်းတရား၊ မုဟမ္မဒ်သည် ဒုစရိုက်သား၊ ကုရ်အာန်သည် အဆိပ်အတောက်”ဟု ပုံဖော်ရေးသားထားသည်။

    ဤဘာသာတရားရှိလူအများစုမှာ အကြမ်းဖက်သမားများမဟုတ်သလို မွတ်စ်လင်မ်တို့အားဆန့်ကျင်သည့် လုပ်ရပ်အဖြစ် မရည်ရွယ်ကြောင်း ယင်းနိုင်ငံရေးသမားက ဆိုသည်။

    (ဓာတ်ပုံအညွှန်း) မိမိ၏ အစ္စလာမ်ဆန့်ကျင်ရေးစတစ်ကာကို ပြသနေသော  Wilders

    Ref : Dutchnews.nl

    —————————————-
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများ၊ ဘာသာပြန် များကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။

    M-Media ၏ ခွင့်ပြုချက်မရှိဘဲ စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် ထည့်သွင်းဖော်ပြခြင်းများ လုံးဝ ခွင့်မပြုပါ။
    ဆက်သွယ်ရန် [email protected]

  • ဇန်န၀ါရီ ၁၊ နိုင်ငံတကာသတင်း စုစည်းမှု

    ဇန်န၀ါရီ ၁၊ နိုင်ငံတကာသတင်း စုစည်းမှု

    ဇန်န၀ါရီ ၁၊ ၂၀၁၄
    M-Media

    လောင်စာဆီနှင့် အခြားဈေးနှုန်းများ တက်၍ မလေးရှားပြည်သူများ ဆန္ဒပြ

    – လောင်စာဆီဈေးနှုန်းနှင့် အခြားသော ဈေးနှုန်းများမြင့်တက်မှုများကို မကျေနပ်သောကြောင့် ထောင်ပေါင်းများစွာသောပြည်သူများမှာ မလေးရှား နိုင်ငံတွင် ယမန်နေ့က ဆန္ဒပြခဲ့ကြသည်ဟုသိရသည်။ ဆန္ဒပြသူ ၁၅၀၀၀ ခန့်မှာ မြို့တော်ကွာလာလမ်ပူရှိ လွတ်လပ်ရေးရင်ပြင်၌ ယမန်နေ့ ညပိုင်းက စုရုံးခဲ့ကြပြီး ကုန်ဈေးနှုန်းလျော့ချရန်နှင့် နိုင်ငံ၏ကြွေးမြီများအား လျော့ချရန်အတွက် အစိုးရ၏ ရုန်းကန်နေရမှုများကို ဖိအားပေး ပြောဆိုခဲ့သည်။

    သို့သော်လည်း ထိုနေရာတွင် နှစ်သစ်ကူးပွဲတော် ကျင်းပရန်စီစဉ်ထားသည့်အတွက် ဆန္ဒပြမှုကို အဆုံးသတ်ရန် ရဲတပ်ဖွဲ့က သတိပေးခဲ့ပြီး၊ ည သန်းခေါင်ယံ အချိန်တွင် ဆန္ဒပြမှုများပြီးဆုံးခဲ့သည်။
    ……………………………….

    NSA ကို iPhone သုံးသူများ အချက်အလက်ပေးသည့် စွပ်စွဲချက် Apple ငြင်း

    – NSA ၏ လျှို့ဝှက်ထောက်လှမ်းရေးလုပ်ငန်းများအား အတူလုပ်ဆောင်ခဲ့ပြီး iPhone အသုံးပြုသူများ၏ အချက်အလက်များကို NSA အား ပေးအပ် ခဲ့သည် ဆိုသည့်သတင်းအား Apple က ငြင်းဆိုလိုက်သည်။ ယမန်နေ့က Apple ဆိုင်ခွဲများသို့ ပေးပို့ခဲ့သည့် ကြေညာချက်တွင် ဖော်ပြထားခြင်းဖြစ်ပြီး၊ NSA အား မိမိတို့၏ ဖုန်းများသို့ ၀င်ရောက်ထိန်းချုပ်ခွင့်မပြုထားဘဲ၊ ထိုဖုန်းများသို့ ပစ်မှတ်ထားသည့် ပရိုဂရမ်ကိုလည်း သတိပြုမိခဲ့ခြင်းမရှိဟု ထည့်သွင်းရေးသားထားသည်။

    NSA အနေဖြင့် iPhone များအားလုံးနီးပါးအား ကြားဖြတ်ထောက်လှမ်းနိုင်သည်ဟု NSA ၀န်ထမ်းဟောင်း စနိုးဒင်၏ ဖွင့်ချမှုအားကိုးကား၍ ဂျာမန် မဂ္ဂဇင်း Der Spiegel က တနင်္ဂနွေနေ့တွင် ဖော်ပြခဲ့ပြီးနောက် Apple က ယခုကဲ့သို့ ဖြေရှင်းချက် ပေးခဲ့ခြင်းဖြစ်သည်။
    ………………………………

    အစ္စရေးအစိုးရ ပါလက်စတိုင်းကလေးငယ်များကို ညှင်းပန်းနှိပ်စက်ဟု လူအခွင့်အရေးအဖွဲ့တခုမှပြော

    – အစ္စရေးအနေဖြင့် ပါလက်စတိုင်း ကလေးငယ်များအား ပိတ်လှောင်ထားခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအပါအ၀င် နှိပ်စက်ညှင်းပန်းနှိပ်စက်ခြင်းများကို ပြုလုပ်နေသည်ဟု အစ္စရေးရှိ လူ့အခွင့်အရေးစောင့်ကြည်သည့် အဖွဲ့တစ်ခုက ပြောကြားလိုက်သည်။

    ညှင်းပန်းနှိပ်စက်မှုများကို ဆန့်ကျင်သောပြည်သူ့ကော်မတီဟု အမည်ရသည့် PCATI အဖွဲ့က ပြောကြားခဲ့ခြင်းဖြစ်ပြီး ပါလက်စတိုင်းပြည်သူများအား ကာကွယ်ရန် အစ္စရေး၏ ပျက်ကွက်မှုများကို ရှုတ်ချခဲ့ကာ၊ ပါလက်စတိုင်း ကလေးငယ်များအား နှိပ်စက် ညှင်းပန်းခြးင်များကို ဥပဒေအရ ကာကွယ် ဆောင်ရွက်ပေးရန် တောင်းဆို ခဲ့သည်။

    ထို့ပြင် ညှင်းပန်းနှိပ်စက်မှုများအားဆန့်ကျင်သည့် နိုင်ငံတကာဥပဒေများကို အစ္စရေးဥပဒေပြုလွှတ်တော်က လိုက်နာဆောင်ရွက်ခြင်း မရှိဟု ထောက်ပြပြောဆိုခဲ့သည်။
    ………………………………

    New Year ပွဲတွင် မူးယစ်ရမ်းကားသူ ၁၀၀ ခန့် လန်ဒန်ရဲတပ်ဖွဲ့ ဖမ်းဆီး

    – လန်ဒန်မြို့တွင် ယမန်နေ့က ကျင်းပခဲ့သည့် နှစ်သစ်ကူးပွဲတော်အတွင်း အနည်းဆုံး လူ ၁၀၀ အားဖမ်းဆီးခဲ့သည်ဟု သိရသည်။ ထိုကဲ့သို့ ဖမ်းဆီး ခဲ့မှုများတွင်း မူးယစ်ရမ်းကား၍ ဥပဒေချိုးဖောက်သူ ၃၉ ဦး၊ လက်ရောက်မှုကြောင့် ၂၁ ဦးနှင့် ၀တ္တရားနှောက်မှုကြောင့် ၁၆ ဦးတို့ဖြစ်ကြသည်။ နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် မီးရှူးမီးပန်း ပစ်ဖောက်မှုကို ကြည့်ရှုရန်အတွက် သိမ်းမြစ်ကမ်းနဖူးသို့ ပြည်သူ ထောင်ပေါင်းများစွာ လာရောက် စုရုံးခဲ့ကြပြီး လုံခြုံရေးကိစ္စများ ဆောင်ရွက်ရန်အတွက် လန်ဒန်မြို့တော်တစ်ဝှမ်း ရဲတပ်ဖွဲ့ဝင် ၄၀၀၀ နီးပါးအား ချထားခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
    ………………………………

    ငြိမ်းချမ်းရေးဆွေးနွေးရန် တောင်ပိုင်း ဆူဒန်အစိုးရနှင့် သူပုန်အဖွဲ့ သဘောတူညီမှုရရှိ

    – နိုင်ငံအတွင်းဖြစ်ပွားနေသည့် ပဋိပက္ခများအား အဆုံးသတ်ရန်အတွက် အီသီယိုးပီးယားနိုင်ငံ အက်ဒစ် အဘာဘာမြို့တွင် ငြိမ်းချမ်းရေး ဆွေးနွေးမှု ပြုလုပ်ရန် တောင်ဆူဒန် အစိုးရနှင့် သူပုန်များက သဘော တူညီခဲ့ကြသည်ဟု ကြားဝင်စေ့စပ်ပေးနေသူများက ပြောကြားခဲ့သည်။

    တောင်ဆူဒန်နိုင်ငံတွင် သမ္မတ ဦးဆောင်သည့်အဖွဲ့နှင့် ဒုတိယသမ္မတ ဦးဆောင်သည့် အဖွဲ့တို့ ဖြစ်ပွားနေသည့် ပဋိပက္ခမှာ သီတင်းပတ် အတော်ကြာ လာခဲ့ပြီဖြစ်ပြီး၊ လူပေါင်း ၁၀၀၀ကျော် သေဆုံးခဲ့ပြီးနောက် ပြည်တွင်းစစ်အသွင်သို့ ကူးပြောင်းလာနေသောကြောင့် အနောက် အုပ်စုများက ပြဿနာ ဖြစ်ဖြေရှင်းရန် တိုက်တွန်းခဲ့ပြီးနောက် အပစ်အခတ် ရပ်စဲ၍ ငြိမ်းချမ်းရေးဆွေးနွေးမှုပြုလုပ်ရန် နှစ်ဘက်စလုံးက သဘောတူခဲ့ခြင်းဖြစ်သည်။

    ………………………………

    ဒေသတွင်း စစ်ဖြစ်လျင် နျူ စစ်ပွဲဖြစ်မည်ဟု မြောက်ကိုးရီယား ခေါင်ဆောင်ပြော

    – ဒေသအတွင်းစစ်ပွဲများဖြစ်ပေါ်လာခဲ့ပါက ကိုရီးယားကျွန်းဆွယ်အတွင်း နျူးကလီးယား စစ်ပွဲဖြစ်လာမည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က နိုင်ငံပိုင်ရုပ်သံမှတစ်ဆင့် ယနေ့တွင်ပြောကြားလိုက်သည်။ ထို့ပြင် အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတို့ ပူးပေါင်းပြုလုပ်နေသည့် စစ်ရေးလေ့ကျင်မှုများက စစ်ပွဲဆီသို့ တစ်စတစ်စ ဦးတည်လာသောကြောင့် ထိုနှစ်နိုင်ငံစလုံးမှာ ပြဿနာနှင့်ပက်သက်၍ ဘေးကင်းမည် မဟုတ် ကြောင်း၊ မြောက်ကိုရီးယားနိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးအတွက် ခယနေမည်မဟုတ်ဘဲ၊ နျူးကလီးယား ပိုင်ဆိုင်ထားသည့် ၎င်းတို့နိုင်ငံအနေဖြင့် ရန်သူများအားခုခံရန်အတွက် တောင့်တင်းသော ကာကွယ်ရေး အစီအမံများလည်း ရှိနေသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ………………………………

    အစိုးရအရာရှိများ လူမြင်ကွင်းမှာ ဆေးလိပ်သောက်ခွင့် တရုတ်ပိတ်ပင်

    – အစိုးရ အရာရှိများအနေဖြင့် လူမြင်ကွင်းတွင် ဆေးလိပ်သောက်ခြင်းအား တရုတ်အစိုးရက ယမန်နေ့ကစ၍ တားမြစ်ပိတ်ပင်လိုက်သည်ဟု သိရ သည်။ တရုတ်နိုင်ငံမှာ ကမ္ဘာပေါ်တွင် ဆေးလိပ်သောက်သုံးသူ အများဆုံးရှိသည့် နိုင်ငံတစ်ခုဖြစ်ပြီး ၂၀၁၁-ခုနှစ်ကတည်းက ဟိုတယ်နှင့် စားသောက်ဆိုင်များတွင် ဆေးလိပ်သောက်သုံးခြင်းမပြုရဟု ကျန်းမာရေးဝန်ကြီးဌာနမှ အမိန့်ထုတ်ပြန်ခဲ့သည်။

    သို့သော်လည်း ထိုတားမြစ်ချက်အား ချိုးဖောက်သူများကို မည်သို့ မည်ပုံ အပြစ်ပေးရမည်ကို ရှင်းလင်းစွာ ပြဌာန်းထားခြင်းမရှိသောကြောင့် လူအများ ၏ ဝေဖန်ပြစ်တင်မှုကို ခံခဲ့ရသည်။ ဆေးလိပ်သောက်သုံးခြင်းမပြုရေး တက်ကြွလှုပ်ရှားသူများကမူ ယခုကဲ့သို့ ဘတ်မှုလိုက်မှုအား ကြိုဆိုခဲ့ပြီး အစိုးရ ၀န်ထမ်းများကို နမူနာထားကာ နောက်ပိုင်းတွင် တစ်နိုင်ငံလုံး ထိုဥပဒေ သက်ရောက်ရန် မျှော်လင့်နေသည်။

     

  • ဇန်န၀ါရီ ၁၊ အားကစားသတင်း စုစည်းမှု

    ဇန်န၀ါရီ ၁၊ အားကစားသတင်း စုစည်းမှု

    ဇန်န၀ါရီ ၁၊ ၂၀၁၄
    M-Media

    – ယခုနှစ် ဇန်န၀ါရီအပြောင်းအရွှေ့ကာလတွင် တိုက်စစ်မှူး ဇက်ကိုအနေဖြင့် အသင်းမှ ထွက်ခွာတော့မည်ဆိုသည့် သတင်းအား မန်စီးတီးနည်းပြ ဖြစ်သူ ပယ်လီဂရီနီက ငြင်းဆိုလိုက်သည်။ ဇက်ကိုမှာ တိုက်စစ်မှူး ဆာဂျီယိုအဂူရိုနှင့် အလ်ဗာရို နီဂရီဒိုတို့၏နောက် တတိယ ဦးစားပေး တိုက်စစ်မှူး ဖြစ်သော်လည်း ယခုနှစ် ပရီးမီးယားလိဂ်တွင် ပွဲထွက်ကစားသမားအဖြစ် ၇ ပွဲကစားထားသည်။ အသက် ၂၇ နှစ်ရွယ်ရှိ ဘော့စနီးယား တိုက်စစ်မှူးမှာ နိုင်ငံအသင်းနှင့် အတူ ကမ္ဘာ့ဖလားတွင် ပါဝင်ကစားခွင့်ရရန် ပုံမှန်ကစားခွင့်ရမည့် ကလပ်တစ်ခုသို့ ပြောင်းရွှေ့တော့မည်ဟု သတင်းများ ထွက်ပေါ် နေသည်။
    …………………..

    – ပြီးခဲ့သည့် ၂၀၀၁၂-၁၃ ဘောလုံးရာသီ၏ ဘဏ္ဍာရေးစာရင်းရှင်းတမ်းများကို ချယ်ဆီးအသင်းမှ ထုတ်ပြန်ခဲ့ရာ ပေါက် ၄၉.၄ သန်းအရှုံးပေါ်ခဲ့သည်ဟု သိရသည်။ ယမန်နှစ်ချန်ပီယံလိဂ် အုပ်စုအဆင့်မှ ထွက်ခဲ့ရခြင်းက ချယ်ဆီးအသင်း၏ ဘဏ္ဍာရေးကို အထိနာစေခဲ့ခြင်းဖြစ်သည်။ ထို့ပြင် လာမည့်နှစ် များတွင် ယူအီးအက်ဖ်အေ၏ ဘဏ္ဍာရေး Fair Play စည်းမျဉ်းအား လိုက်နာ အကောင်အထည်ဖော်သွားမည်ဟု ချယ်ဆီးအသင်းက ကြေညာခဲ့သည်။
    ………………………

    – ယမန်နှစ်က ရုန်းကန်ခဲ့ရသည့် နယူးကာဆယ်အသင်း၏ ယခုနှစ် ပြသနေသည့် ခြေစွမ်းအား အသင်းနည်းပြ အလန်ပါဂျူးက ချီးကျူးပြောဆိုခဲ့သည်။ နယူးကာဆယ်အသင်းမှာ ယမန်နှစ်က တန်းဆင်းဇုန်းနှင့် ၅ မှတ်အကွာ အဆင့် ၁၆ နေရာဖြင့် ရာသီသိမ်းခဲ့ပြီး ယခုနှစ် ပွဲစဉ်တစ်ဝက်ကြိုးချိန်တွင် အဆင့် ၈ နေရာ၌ ရှိနေပြီး ချန်ပီယံလိဂ် ၀င်ခွင့်နေရာနှင့် လေးမှတ်အကွာတွင်ရှိနေသည်။
    ………………………..

    – ခြေချင်းဝတ် အရွတ်စုတ်ပြဲဒဏ်ရာခံစားနေရသည့် အသင်း၏ ဘရာဇီးကွင်းလယ်ကစားသမား ပေါ်လင်ဟိုမှာ အနည်းဆုံး ၄-ပတ်ခန့် အနားယူရ မည်ဟု စပါးအသင်းက ပြောကြားခဲ့သည်။ ပေါ်လင်ဟိုမှာ စတုတ်စီးတီးအသင်းအား ၃ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဒုတိယပိုင်း ၆၂ မိနစ်၌ စတုတ်ကစားသမား ချာလီအဒမ်နှင့် ထိခိုက်မိသောကြောင့် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
    ……………………….

    – ပြစ်သစ်နိုင်ငံ အဲလ်ပ်စ် တောင်တန်းပေါ်ရှိ အပန်းဖြေစခန်းတစ်ခုတွင် တနင်္ဂနွေနေ့က ရေခဲပြင်လျှောစီးရင်း မတော်တဆဖြစ်မှုကြောင့် သတိလစ် မေ့မြောနေသည့် ဂျာမန်ကားမောင်းသမားဟောင်း မိုက်ကယ်ရှူးမိတ်ကာ၏ အခြေအနေမှာ ယနေ့နံနက်တွင် တည်ငြိမ်စပြုလာပြီဟု သိရသည်။ သို့သော်လည်း ဦးခေါင်းထိခိုက်သွားသည့် ရှူးမိတ်ကာ၏ အနာဂတ်အခြေအနေအား အတိအကျပြော၍မရဟု ဆရာဝန်များက ပြောကြားခဲ့သည်။

  • ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် ပြုလုပ်

    ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် ပြုလုပ်

    ဇန်နဝါရီ ၁၊ ၂၀၁၄
    M-Media
    A.N.Lay

    DSC02713

    ရန်ကုန်  ။       ။      (၇၆) ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အာလိန်ငါးဆင့်ဘုရားဝင်း အတွင်း၌  ပြုလုပ်ခဲ့သည်။

    အဆိုပါပွဲတော်တွင် ကရင်နှစ်သစ်ကူးနေ့ကျင်းပရေးကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက အနာဂါတ်က ရင်လူငယ်လေးတွေ မိမိတို့ရဲ့ ရိုးရာ ယဉ်ကျေးမှုထုံးတမ်းတွေကို ပြန်လည်ပြီးတော့ ဖော်ထုတ်၊ မြှင့်တင်လိုတဲ့ အသိစိတ်ဓာတ်လေးတွေ ကိန်းအောင်းရှင်သန်လာဖို့၊ ကရင်နှစ်သစ်ကူး ပွဲတော်ဟာ ကောက်ဦးကောက်သစ် ပေါ်တဲ့အချိန်မှာယခင်က အနယ်နယ်အရပ်ရပ်က မိမိတို့ရဲ့အစီအစဉ်နဲ့ မိမိတို့ ကျင်းပလာတဲ့ နေရာမှာ့ ဒါကို စုစုစည်းစည်းဖြစ်အောင် ရည်ရွယ်ပြီးတော့ ကျင်းပတာလည်း ဖြစ်ပါတယ်လို့ပြောကြားခဲ့သည်။

    ဤကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီ ၂-ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်းနှင့် ကရင်နှစ်သစ်ကူးပွဲတော်ကို ၁၉၂၇-ခုနှစ် မှစတင်ကာ နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ကြောင်းလည်းသိရသည်။