News @ M-Media
Blog
  • မြန်မာစာပေ ချစ်မြတ်နိုးသူများ အသင်း နှစ်ပတ်လည် သင်းလုံးကျွတ် အစည်းအဝေး ကျင်းပ
    မြန်မာစာပေ ချစ်မြတ်နိုးသူများ အသင်း နှစ်ပတ်လည် သင်းလုံးကျွတ် အစည်းအဝေး ကျင်းပ
    ဒီဇင်ဘာ ၂၉၊ ၂၀၁၃
    M-Media
    A.N.Lay
    DSC02632
    ရန်ကုန်  ။          ။ မြန်မာစာပေချစ်မြတ်နိုးသူများအသင်း နှစ်ပတ်လည်သင်းလုံးကျွတ်အစည်းအဝေးကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီ – သီရိ ခန်းမ၌ ယနေ့ နေ့လည် ၂ နာရီအချိန်တွင် ကျင်းပခဲ့သည်။
    အဆိုပါ နှစ်ပတ်လည်သင်းလုံးကျွတ်အစည်းအဝေး အခမ်းအနားတွင် စောင်းတီးခတ်ပြီး တေးသီချင်း သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီးနောက် မြန်မာစာပေချစ်မြတ်နိုးသူများအသင်း ဥက္ကဌ ဂုဏ်ထူးဦးသိန်းနိုင်က မြန်မာစာပေထိန်းသိမ်းရေး၊ မြင့်တင်ရေးတို့ကို ဘေး၊ ဘိုး၊ ဘီ၊ ဘင် အစဉ်အဆက် တို့တာဝန်ကျေပွန်စွာ ထမ်းရွက်ခဲ့ကြပြီးဖြစ်သလို မြန်မာစာကို တစ်ထစ်ပြီး တစ်ထစ်တက်လှမ်းနိုင်စေရန် တစ်ဆင့်ပြီးတစ်ဆင့် လက်ဆင့်ကမ်း၍ ပေးအပ်ခဲ့ကြရာ ယခုအခါ ပြည်သူအားလုံးလက်တွင်းသို့ရောက်ရှိနေပြီဖြစ်ကြောင်း၊ ဤကာလအတွင်းမှာပင် ဗဟိုအလုပ်အမှုဆောင်များနှင့်တကွ အသင်းဝင်တို့သည် အသင်းသားတိုးပွားရေး၊ အနယ်နယ်အရပ်ရပ်၌ “မြန်စာချစ်” ဖွဲ့စည်းနိုင်ရေး၊မြန်မာစာပေဆိုင်ရာစာကောင်းပေကောင်းများ
    ထုတ်ဝေနိုင်ရေး၊ စာပေဟောပြောပွဲများ၊ မြန်မာစာထူးချွန်သူများအား ဆုချီးမြင့်ခြင်းအပါအဝင် စာပေ့တာဝန်များစွာတို့ကို ဆောင်ရွက်ခဲ့ကြပြီ ဖြစ်ကြောင်းတို့ကို ပြောကြားခဲ့သည်။
    ဆက်လက်ပြီး ပန်းလှိုင်ဖောင်ဒေးရှင်းဂုဏ်ပြုသဝဏ်လွှာကို ပန်းလှိုင်ဖောင်ဒေးရှင်း၏ ဥက္ကဌ ဦးဇော်ဖေဝင်းက လည်းကောင်း၊ မြန်မာနိုင်ငံ ကဗျာ ဆရာများ သမဂ္ဂအဖွဲ့၏သဝဏ်လွှာကို ကဗျာဆရာများသမဂ္ဂ အတွင်းရေးမှုးဆရာမောင်ဝင်းရိပ်က လည်းကောင်း ဖတ်ကြားခဲ့ပြီးနောက် မြန်မာနိုင်ငံ ကဗျာဆရာများအဖွဲ့မှ ကဗျာဆရာများကလည်း ကဗျာများရွတ်ဆိုခဲ့ပါသည်။
    ဤအခမ်းအနားကို မြန်မာနိုင်ငံမှ စာပေစိတ်ဝင်စားသူများတက်ရောက်ကြ၍ တက်ရောက်သူများကို အစားအသောက်များနှင့် ဧည့်ခံကြပြီး အခမ်းအနား ကို ညနေ ၄.၃၀ အချိန်တွင်ရုပ်သိမ်းခဲ့ကြောင်းသိရှိရသည်။
  • ဒီဇင်ဘာ ၂၉ အားကစားသတင်းများ
    ဒီဇင်ဘာ ၂၉ ၂၀၁၃
    M-Media
    354551_heroa
    ဟားစီးတီး ကစားသမား ဂိုးသွင်းပြီး ဆံပင်ညှပ်ရသည့် အကြောင်းအရင်း
    – ယမန်နေ့က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် အသင်းအတွက် စတုတ္ထမြောက်ဂိုးကို သွင်းယူခဲ့ပြီးနောက် ဟားလ်စီးတီး အလယ်တန်း ကစားသမား ဟဒ်ဒဲလ်စတုန်းအား အသင်းအဖွဲ့ဝင် တစ်ဦးက ဆံပင်ညှပ်ပေးခဲ့သည်ဟု သိရသည်။
    ယခင် စပါးအသင်းကစားသမားဟောင်း ဟဒ်ဒဲလ်စတုန်းမှာ ကင်ဆာ သုသေသန အဖွဲ့အစည်းတစ်ခုအတွက် ရန်ပုံငွေမြှင့်တင်ရေးအဖြစ် ၎င်း၏ ဆံပင်ကို အောက်တိုဘာလကတည်းက အရှည်ထားခဲ့ခြင်းဖြစ်ပြီး ဂိုးမသွင်းနိုင်မချင်း ဆံပင်ညှပ်ခြင်း မပြုဟု ဆုံးဖြတ်ထားခဲ့သည်။
    …………………………….
    ဂျူးဆန်ကျင်ရေး အမူအယာဖြင့်အောင်ပွဲခံ၍ အနယ်ကာ အားစုံစမ်းစစ်ဆေးမည်။
    – ၀က်စ်ဟမ်းအသင်းနှင့် ၃ ဂိုးစီ သရေကျခဲ့သည့်ပွဲတွင် ၀က်စ်ဘရွန်းအသင်း တိုက်စစ်မှူး အနယ်လ်ကာ၏ ဂိုးသွင်းပြီးနောက် အောင်ပွဲခံမှုနှင့် ပက်သက်ပြီး ဝေဖန်မှုများနှင့် ကြုံတွေ့နေရကာ ၀က်စ်ဘရွန်းအသင်းမှာလည်း ဘောလုံးအဖွဲ့ချုပ်၏ စုံးစမ်းစစ်ဆေးမှုကို ခံရဖွယ်ရှိနေသည်။ အနယ်လ်ကာမှာ ထိုပွဲတွင် ၎င်း၏ ပထမဂိုးကို သွင်းယူပြီးနောက် ဂျူးဆန့်ကျင်ရေး အမူအရာဖြင့် အောင်ပွဲခံခဲ့သည်။ သို့သော်လည်း ထိုအမူအရာမှာ သူငယ်ချင်းဖြစ်သူ လူရွှင်တော် Dieudonne ကို ရည်ညွှန်း၍ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု အနယ်လ်ကာက ပြောကြားခဲ့သည်။ ထိုအဖြစ်အပျက်နှင့် ပက်သက်၍ ဥရောပဂျူးခေါင်းဆောင်ကလည်း ရှုတ်ချ ပြောဆိုခဲ့သည်။
    ……………………………….
    တိုက်စစ်မှူး ဘိုရီနီ ဆေးရုံတင်ရကြောင်း ဆန်ဒါလင်း နည်းပြ အတည်ပြု
    – အသင်းရှိ တိုက်စစ်မှူး ဖေဘီယို ဘိုရီနီအား ဆေးရုံသို့ တင်ပို့ခဲ့ရသည်ဟု ဆန်းဒါးလန်းအသင်း နည်းပြဖြစ်သူ ဂတ်စ်ပိုယက်စ်က အတည်ပြုပြောဆိုခဲ့သည်။ ပွဲထွက် ကစားသမားစာရင်းတွင် ပါဝင်ခဲ့သည့် ဘိုရီနီအား ပထမပိုင်းအပြီးတွင် လူစားလဲခဲ့ရပြီးနောက် လဲကျခဲ့သောကြောင့် ဆေးရုံသို့ တင်ပို့ခဲ့ရခြင်းဖြစ်သည်။ လီဗာပူးလ်အသင်းမှ အငှားဖြင့် လာရောက်ကစားနေသည့် ဘိုရီနီမှာ ပွဲမကစားခင်ကမှ အလွန်နေမကောင်းဖြစ်လာခဲ့ကြောင်း၊ သို့သော် ၎င်းက ပွဲတွင် ၀င်ကစားချင်သောကြောင့် ထည့်သွင်းခဲ့ရပြီး ပထမပိုင်းအပြီးတွင် ဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း ဂတ်စ်ပိုယက်စ်က သတင်းထောက်များအား ပြောဆိုခဲ့သည်။
    …………………………….
    ချန်ပီယံလိဂ်မှ ထွက်ရသော်လည်း ဖလားသုံးလုံးရရန် ဂျူဗီနည်းပြ မျှော်မှန်း
    – ချန်ပီယံလိဂ်မှ ထွက်ခွာခဲ့ရသော်လည်း ယခုနှစ်ဘောလုံးရာသီအား အသင်း၏ သမိုင်းတွင် အမှတ်ရစရာဖြစ်အောင် စွမ်းဆောင်နိုင်ချေ ရှိသေးသည်ဟု ဂျူဗင်တပ်စ်အသင်း၏ နည်းပြဖြစ်သူ အန်တိုနီယို ကွန်တီက ပြောကြားခဲ့သည်။ ဂျူဗင်တပ်စ်အသင်းမှာ ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲတွင် ဂါလာတာစာရေးအား ရှုံးနိမ့်ခဲ့ပြီး နောက်တစ်ဆင့်သို့ တက်ရောက်ခွင့် ဆုံးရှုံးခဲ့သော်လည်း ယူရိုပါလိဂ်တွင် ပါဝင်ကစားခွင့်ရနေပြီး ဖလားသုံးလုံးရရှိရန် ကွန်တီက မျှော်မှန်းနေသည်။ ထို့ပြင် ယခုနှစ်ဇန်န၀ါရီအပြောင်းအရွှေ့တွင် အသင်းရှိ မည်သည့်ကစားသမားကိုမှ ရောင်းချသွားမည်မဟုတ်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    ………………………………..
    အာဆင်နယ်မှ ချန်ပီယံလိဂ် ဖလားနှင့် ထိုက်ထံဟု နယူးကာဆယ်နည်းပြ ပြော
    – အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါး အနေဖြင့် ယခုနှစ် ချန်ပီယံလိဂ် ဖလားအား ဆွတ်ခူးရန် ထိုက်တန်သည်ဟု နယူးကာဆယ်နည်းပြ အလန်ပါဂျူးက ပြောဆိုလိုက်သည်။ နယူးကာဆယ်အသင်းမှာ ယနေ့ညတွင် အာဆင်နယ်အသင်းအား စိန့်ဂျိမ်းစ်ပါ့ခ်၌ ဧည့်ခံကစားရမည်ဖြစ်ပြီး အလန်ပါဂျူးက မိမိတို့အသင်းမှာ အာဆင်နယ်အသင်းဆီမှ သင်ယူနိုင်မည်ဟု ထင်မိကြောင်း၊ အာဆင်ဝင်းဂါးရရှိခဲ့သည့် အောင်မြင်မှုများအား မည်သူမှ ဖုံးကွယ်၍ မရကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။
    ————————————————————-
    မန်ယူ၊ မန်စီတီးတို့ အနိုင်ရခဲ့ပြီး၊ ဟားလ်စီးတီး ဂိုးပြတ်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၉ စနေနေ့ညပွဲများ
    ပရီးမီးယားလိဂ် ပွဲစဉ် ၁၉ အဖြစ် ယမန်နေ့က ၆ ပွဲကစားခဲ့ရာ မန်ချက်စတာအခြေစိုက် အသင်းများဖြစ်ကြသည့် မန်ယူနှင့် မန်စီးတီးအသင်းတို့မှာ ပြိုင်ဘက်များအား ၁ ဂိုး ဂိုးမရှိစီဖြင့် အနိုင်ရရှိခဲ့ကြပြီး၊ ဟားလ်စီးတီးအသင်းမှာ ဇယားအောက်ခြေမှ ဖူလ်ဟမ်အသင်းအား ၆ ဂိုး ပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။ ကစားခဲ့သည့် ၆ ပွဲတွင် သုံးပွဲသာ အရှုံးအနိုင်ပြတ်သားခဲ့ပြီး ၃ ပွဲအထိ သရေကျခဲ့သည်။
    နော်ဝစ်ခ်ျ ၀-၁ မန်ယူ
    Carrow Road တွင်ကစားခဲ့သည့် ယခုပွဲတွင် မန်ယူအသင်းမှာ အနိုင်ကစားနိုင်ခဲ့သော်လည်း အိမ်ရှင်နော်ဝစ်ခ်ျအသင်းက ဂိုးသွင်းခွင့်ပိုမိုရရှိခဲ့သည်။ မန်ယူအသင်းတွင် တိုက်စစ်မှူးများဖြစ်ကြသည့် ရူနီနှင့် ဗန်ပါစီတို့မှာ ဒဏ်ရာရရှိထားသောကြောင့် တိုက်စစ်တွင် ဟာနန်ဒက်ဇ်က ပွဲထွက်လာခဲ့ပြီး အလယ်တန်းတွင်လည်း ဂျပန်ကစားသမား ရှင်ဂျီကာဂါဝါ ပါဝင်လာခဲ့သည်။ ပထမပိုင်းတွင် နော်ဝစ်ခ်ျအသင်းက ဖိကစားခဲ့ပြီး ဂိုးသွင်းခွင့်များစွာရရှိခဲ့သော်လည်း ဂိုးရရှိအောင် မစွမ်းဆောင်နိုင်ခဲ့ပေ။ မန်ယူအသင်းမှာ ဘောလုံးပိုင်ဆိုင်မှုအသာရရှိခဲ့သော်လည်း နော်ဝစ်ခ်ျအသင်းဘက်ကို ထိထိရောက်ရောက် ခြိမ်းခြောက်နိုင်ခြင်းမရှိခဲ့သော်လည်း ဒုတိယပိုင်း ၅၇ မိနစ်တွင် လိုအပ်နေသည့် အနိုင်ဂိုးကို မန်ယူတို့ရရှိခဲ့သည်။ ထိုဂိုးအား ရွိုင်ယန်ဂစ်အစား လူစားဝင်လာသည့် တိုက်စစ်မှူး ၀ဲလ်ဘက်က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ထိုဂိုးမှာ ယခုနှစ်ပရီးမီးယားလိဂ်တွင် ၎င်း၏ ၅ ဂိုးမြောက်လည်းဖြစ်သည်။ ယခုပွဲအနိုင်မှာ မန်ယူအသင်း၏ ပရီးမီးယားလိဂ် လေးပွဲဆက် အနိုင်လည်းဖြစ်ပြီး အဆင့် ၆ နေရာသို့ တက်ရောက်လာနိုင်ခဲ့သည်။
    …………………………………….
    မန်စီးတီး ၁-၀ ခရစ္စတယ်ပဲလေ့စ်
    ပြီးခဲ့သည့် ကြာသာပတေးနေ့က လီဗာပူးလ်အသင်းအား အနိုင်ယူနိုင်ခဲ့သည့် မန်စီးတီးမှာ ယခုပွဲတွင်လည်း အမှားအယွင်းမရှိဘဲ အနိုင် ၃ မှတ်ရယူနိုင်ခဲ့ပြီး၊ အိမ်ကွင်းရာနှုန်းပြည့် နိုင်ပွဲကိုလည်း ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သည်။ ယခုပွဲတွင် မန်စီးတီးအသင်းမှာ ယာယာတိုးယေး၊ နာဆရီ၊ ကိုလာရော့ဗ် စသည့်ကစားသမားများကို အနားပေးခဲ့သော်လည်း ခရစ္စတယ်ပဲလေ့စ်အသင်းအား ခြေအသာဖြင့်ကစားနိုင်ခဲ့သည်။ မန်စီးတီးအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို ဒုတိယပိုင်း ၆၆ မိနစ်တွင် ဇက်ကိုက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ဦးဆာင်ဂိုးပးလိုက်ရပြီးနောက် ခရစ္စတယ်ပဲလ့စ်က ပြန်လည်တိုက်စစ်စင်ကစားနိုင်ခဲ့ပြီး ဂိုးသွင်းခွင့် နှစ်ကြိမ်ခန့်ရရှိခဲ့သော်လည်း ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့သောကြောင့် မန်စီးတီးအား အရှုံးပေးခဲ့ရခြင်းဖြစ်သည်။ ပထမပိုင်း ၃၅ မိနစ်တွင် မန်းစီးတီးကစားသမား ဂျိုးဟတ်နှင့် ပဲလေ့စ် တိုက်စစ်မှူး ကင်မရွန်း ဂျီရိုမီတို့ ပြင်းထန်သော ထိခိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး ဂျီရိုမီအား ချာမက်နှင့် လူစားလဲခဲ့ရသည်။ ဂျိုးဟတ်မှာ ၀ဲဘက်မျက်လုံးအောက်တွင် ကွဲရှခဲ့သော်လည်း ဆက်လက်ကစားခဲ့သည်။
    …………………………………
    ဟားလ်စီးတီး ၆-၀ ဖူလ်ဟမ်
    နောက်ဆုံးလေးပွဲတွင် တစ်ပွဲမှ အနိုင်မရရှိထားသည့် ဟားလ်စီးတီးတို့မှာ အိမ်ကွင်းတွင် နည်းပြသစ်လက်ထက် ခံစစ်တည်ငြိမ်ခြင်းမရှိသေးသည့် ဖူလ်ဟမ်အသင်းအား ဂိုးပြတ်ဖြင့် အနိုင်ယူနိုင်ခဲ့သည်။ သို့သော်လည်း မိနစ် ၆၀ အထိ ဂိုးမရှိသရေကျနေခဲ့ပြီး နောက်ပိုင်းတွင်မှ ထို ၆ ဂိုး စလုံးအားရရှိခဲ့ခြင်းဖြစ်သည်။ ဟားလ်စီးတီးအတွက် ဂိုးများကို အဟ်မဒ် အလ်မိုဟာမက်ဒီ၊ ဂျော့်ဘွိုက်၊ ဟက်ဒဲလ်စတုန်း၊ မတ်တီ ဖရိုက်အက် တို့က ၁ ဂိုးစီနှင့် ရော်ဘတ် ကိုရင်က ၂ ဂိုး အသီးသီး သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
    …………………………………..
    Upton Park တွင်ကစားခဲ့သည့် ယခုပွဲတွင် ၀က်စ်ဘရွန်းအသင်းမှာ နှစ်ကြိမ် တိုင်တိုင် နောက်မှ လိုက်ကစားကာ တိုက်စစ်မှူး အနယ်လ်ကာ၏ ခြေစွမ်းပြမှုဖြင့် အဖိုးတန် သရေတစ်မှတ်ကို အရယူနိုင်ခဲ့သည်။ ပထမပိုင်း ၄ မိနစ်မှာပင် အိမ်ရှင်တို့ အဖွင့်ဂိုးရရှိခဲ့ပြီး ချယ်ဆီး ကစားသမားဟောင်း ဂျိုကိုးလ်က သွင်းယူပေးခဲ့သည်။ ဦးဆောင်ဂိုးပေးလိုက် ရပြီးနောက် ၀က်စ်ဘရွန်းအသင်းမှာ တင်ကစားလာ ခဲ့သောကြောင့် ဂိုးသွင်းခွင့်များရရှိလာခဲ့သည်။ သို့သော်လည်း ချေပဂိုးအား မိနစ် ၄၀ တွင်မှရရှိခဲ့ပြီး အနယ်လ်ကာက သွင်းယူပေးခဲ့သည်။ ထို့နောက် ပထမပိုင်း နာကျင်အချိန်ပိုတွင် ၀က်စ်ဘရွန်းတို့ အနိုင်ဂိုးရရှိခဲ့ပြီး အနယ်လ်ကာကပင် သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ဒုတိယပိုင်း အစတွင် အိမ်ရှင်တို့ အသာရခဲ့ပြီး ၆၅ မိနစ်တွင် မိုဒီဘို မိုင်ဂါက အိမ်ရှင်အတွက် ချေပဂိုးကိုလည်းကောင်း၊ ၂ မိနစ်အကြာတွင် ကီဗင်နိုလန်က အနိုင်ဂိုးကိုလည်းကောင်း အသီးသီး သွင်းယူပေးခဲ့သည်။ ၀က်စ်ဟမ်းအသင်း၏ ဦးဆောင်မှုမှာ ၂ မိနစ်သာကြာခဲ့ပြီး ၆၉ မိနစ်တွင် ဆိုင်ဒို ဘီရာဟီနိုက ၀က်စ်ဘရွန်း အတွက် ချေပဂိုး သွင်းယူပေးခဲ့သည်။ ကျန်ရှိသည့်ပွဲချိန်များတွင် မည်သူမှ ဂိုးဆက်လက်သွင်းယူနိုင်ခြင်းမရှိဘဲ သရေဖြင့် ပွဲပြီးဆုံးခဲ့သည်။
    …………………………………
    အက်စတွန်ဗီလာ ၁-၁ ဆွမ်ဆီး
    ယခုပွဲတွင် အိမ်ရှင်ဗီလာအသင်းမှာ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သော်လည်း ထိန်းထားနိုင်ခြင်းမရှိဘဲ သရေတစ်မှတ်သာ ရရှိခဲ့သည်။ သို့သော် လေးပွဲဆက် ရှုံးနိမ့်မှုအား ရပ်တန့်နိုင်ခဲ့သည်။ ပွဲအစ ၇ မိနစ်မှာပင် အိမ်ရှင်တို့ အဖွင့်ဂိုးရရှိခဲ့ပြီး အဘွန်လဟော်က သွင်းယူပေးခဲ့သည်။ ထို့နောက် နောက်ပိုင်းမိနစ်များတွင် ဆွမ်ဆီးအသင်းကသာ ပွဲကို စိုးမိုးထားခဲ့ပြီး ဂိုးသွင်းမသေချာမှုကြောင့် အနိုင်သုံးမှတ်နှင့် ဝေးခဲ့ရခြင်းဖြစ်သည်။ ဆွမ်ဆီးအတွက် ချေပဂိုးကို ရိုလန် လာမာက ၃၆ မိနစ်တွင် သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
    ………………………………..
    ကာဒစ်ဖ် ၂-၂ ဆန်းဒါးလန်း
    ဇယားအောက်ခြေသို့ရောက်နေသည့် ဆန်းဒါးလန်းအသင်းမှာ ဒုတိယပိုင်း နောက်ကျသွင်းဂိုးများကြောင့် မရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။ ယခုနောက်ပိုင်း ခြေစွမ်းတည်ငြိမ်လာသည့် ဆန်းဒါးလန်အသင်းမှာ ယခုပွဲတွင်လည်း ဘောလုံးပိုင်းဆိုင်မှုအသာဖြင့် ကစားနိုင်ခဲ့သည်။ သို့သော်လည်း အိမ်ရှင်အသင်းမှ ဂျော်ဒန်မတ်ခ်ျနှင့် ဖရေဇာကမ်းဘဲလ်တို့၏ ပထမပိုင်းသွင်းဂိုးများဖြင့် မိနစ် ၈၀ ကျော်အထိ ဦးဆောင်ခြင်းကို ခံခဲ့ရသည်။ ဆန်းဒါးလန်အသင်းအတွက် ချေပဂိုးများကို ၈၃ မိနစ်တွင် စတီဗင်ဖလက်ချာနှင့် ဒုတိယပိုင်း နာကျင်အချိန်ပိုတွင် ဂျက်ကိုလ်ဘက်တို့က သွင်းယူပေးခဲ့သည်။
  • အာဏာသိမ်း စစ်တပ်အစိုးရကို မကျေနပ်၍ အီဂျစ်ကျောင်းသားများ ဆန္ဒပြ
    ဒီဇင်ဘာ ၂၉၊ ၂၀၁၃
    M-Media
    Egyptian protesters near a cloud of teargas in Cairo
    – အီဂျစ်နိုင်ငံသမိုင်းတွင် ပထမဆုံးအကြိမ် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော သမ္မတ မိုဟာမက် မော်စီအစိုးရကို ဇူလိုင်လအတွင်းက ဖြုတ်ချခဲ့ပြီးနောက် အာဏာသိမ်းထားသော စစ်တပ်ဦးဆောင်သည့် အစိုးရအား မကျေနပ်သောကြောင့် မွတ်စလင်ညီအစ်ကိုများအဖွဲ့ကို ထောက်ခံသူ အီဂျစ် တက္ကသိုလ်ကျောင်းသားများက ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။
    Al-Azhar တက္ကသိုလ်ပရ၀ုဏ်အတွင်း ယမန်နေ့က ဖြစ်ပွားခဲ့သည့် ထိုဆန္ဒပြမှုအား ရဲတပ်ဖွဲ့က နှိမ်နှင်းမှုကြောင့် ကျောင်းသား ၂ ဦးသေဆုံးခဲ့ပြီး အခြားလေးဦးမှာ ဒဏ်ရာရရှိခဲ့ကာ ၁၀၀ ကျော် အဖမ်းခံခဲ့ရသည်။ ကျောင်းသားများကလည်း တက္ကသိုလ်အတွင်းရှိ အဆောက်အဦးနှစ်ခုအား မီးရှိုမ်ဖျက်ဆီးခဲ့ကြသည်။
    စစ်တပ်က အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် အီဂျစ်နိုင်ငံအတွင်း မငြိမ်းသက်မှုများဖြစ်ပွားနေခဲ့ပြီး၊ ပြီးခဲ့သည့် သီတင်းပတ်က မွတ်စလင်ညီနောင်များအဖွဲ့အား အကြမ်းဖက်အဖွဲ့အဖြစ် အာဏာသိမ်းအစိုးရက ကြေညာခဲ့ပြီးနောက် ထိုအဖွဲ့ကို ထောက်ခံသူများက ဆန္ဒပြမှုများကို တိုးမြှင့်ပြုလုပ်ခဲ့ကြသည်။
  • SEA GAME မှာ မီးရူးတိုင် ကိုင်ဆောင်ခွင့်နဲ့ ဒိုင်လုပ်ရတာကို ပီတိဖြစ်တယ်ဆိုတဲ့ ကျွန်းဆွယ် ပြေးခုန်ပစ် ချန်ပီယံ ဦးမောင်လှ
    ဒီဇင်ဘာ ၂၉၊ ၂၀၁၃
    M-Media
    သီရိ
    U Maung Hla
    ရန်ကုန်။           ။   ၂၇ ကြိမ်မြောက်အရှေ့တောင်အာရှ SEA GAME ပြိုင်ပွဲတွင် မီးရှုးတိုင်ကိုင်ဆောင်ခွင့် ရရှိခဲ့ပြီး ဒိုင်အဖြစ်လဲပြုလုပ်ခဲ့သည့် နိုင်ငံဂုဏ်ဆောင် ပြေးခုန်ပစ်ချန်ပီယံ ဦးမောင်လှ နှင့်တွေ့ဆုံမေးမြန်းခဲ့ပါသည်။
    M-Media   –   အန်ကယ်ရဲ့မွေးသက္ကရာဇ်နှင့် အန်ကယ်ရဲ့ဇာတိမြို့ကိုသိပါရစေ။
    ဖြေ         ။     ။ အန်ကယ့်ကို ဧပြီလ ၁၅ ရက်နေ့ ၁၉၅၅ မှာ ရခိုင်ပြည်နယ် မောင်တောမြို့ မြို့သူကြီးရွာ မှာ ဖြစ်ပါတယ်။
    M-Media ။     ။ အန်ကယ်ရဲ့မိသားစုအကြောင်းလေးကိုလဲ ပြောပြပေးပါ။
    ဖြေ         ။     ။ အန်ကယ့်ကို အဖ ဦးခင်မောင် အမိ ဒေါ်အုန်းရီ တို့မှ မွေးဖွားပေးခဲ့ပါတယ်၊ မွေးချင်း ၅ ယောက်အနက် ၃ ယောက်ဖြစ်တယ်၊ ဒေါ်ဝင်းဝင်းနဲ့ အိမ်ထောင်ကျပြီး  သား ၁ ယောက် သမီး ၃ ယောက် ထွန်းကားခဲ့တယ်။
    M-Media ။     ။ အန်ကယ်ငယ်စဉ်ကရော အတန်းပညာကိုဘယ်မှာသင်ကြားခဲ့တာပါလဲ။
    ဖြေ         ။     ။ သူငယ်တန်းကနေ ၆ တန်းအောင်တဲ့အထိ ရခိုင်ပြည်နယ် မောင်တောမှာပဲ သင်ကြားခဲ့တယ်။ ၆ တန်းအောင်တော့ကျောင်းထွက် လိုက်တယ်။
    M-Media ။     ။ ကျောင်းထွက်ပြီးတော့ အန်ကယ်ဘာဆက်လုပ်ခဲ့ပါသလဲ။
    ဖြေ         ။     ။ ကျောင်းထွက်ပြီးတော့ အန်ကယ် ၁၉၇၂ ခုနှစ် တောင်ငူမှာ စစ်တပ်ထဲဝင်ခဲ့တယ် ရဲဘော်အဖြစ်ပေါ့။
    M-Media ။     ။ အားကစားကိုရော ဘယ်အရွယ်မှာ စလုပ်ဖြစ်ခဲ့တာလဲ။ ဘယ်လိုဆုတံဆိပ်တွေရရှိခဲ့ပါသလဲ။
    ဖြေ         ။     ။ ကျောင်းထွက်ပြီးတော့ ၁၉၇၄ မှာ တပ်ထဲကနေပဲဝင်ပြိုင်ခဲ့တာ ပဲခူးတိုင်းမှာ  ပထမဆုရခဲ့တယ်။ ၁၉၇၅ ခုနှစ်မှာ ထိုင်းကနေအိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ ၈ ကြိမ်မြောက် SEAP GAME မီတာ ၃၀၀၀ တားဆီးကျော်ပွဲမှာ ရွှေတံဆိပ်တစ်ဆု ၈၀၀ တားဆီးကျော်မှာ ကြေးတံဆိပ်တစ်ဆု ရရှိခဲ့တယ်၊ ၁၉၇၆ မှာ စင်ကာပူနဲ့ချစ်ကြည်ရေးပွဲသွားပြိုင်တာ ရွှေတံဆိပ်ရခဲ့တယ်၊ ၁၉၇၇ခုနှစ်  ၉ ကြိမ်မြောက် SEA GAME ပြိုင်ပွဲမှာ မီတာ ၃၀၀၀ တားဆီးကျော်ပွဲမှာ ရွှေတံဆိပ်တစ်ခု၊ မီတာ ၅၀၀၀ မှာငွေတံဆိပ်တစ်ခု ရခဲ့တယ်။ ၁၉၈၁ ခုနှစ်မှာ ဖိလစ်ပိုင်ကအိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ ၁၁ ကြိမ်မြောက် SEA GAME ပြိုင်ပွဲမှာ မီတာ ၃၀၀၀ တားဆီးကျော်မှာ ရွှေတံဆိပ်ဆုရခဲ့တယ်။ ၁၉၈၃ ခုနှစ်မှာ စင်ကာပူအိမ်ရှင်ဖြစ်တဲ့ SEA GAME ပွဲမှာ ရွှေတစ်ခု ငွေတစ်ခု ရရှိခဲ့တယ်။
    M-Media ။     ။ အန်ကယ် တပ်ထဲမှာရော ဘယ်လိုတာဝန်တွေထမ်းဆောင်ခဲ့ပါသလဲ။
    ဖြေ         ။     ။ ၁၉၇၅ မှာ ဒုတပ်ကြပ်၊ ၁၉၇၇ မှာ တပ်ကြပ်၊ ၁၉၇၈ မှာ တပ်ကြပ်ကြီး၊ ၁၉၈၁ မှာ ဒုအရာခံဗိုလ်၊ ၁၉၈၃ မှာ အရာခံဗိုလ် ၊ ၁၉၉၀ မှာတော့ အန်ကယ်ပင်စင်ယူခဲ့တယ်။
    M-Media ။     ။ အန်ကယ်ဘယ်အရွယ်မှာ အားကစားလောကထဲကနေနားခဲ့ပါသလဲ၊ နောက်ရော အန်ကယ်ဘာဆက်လုပ်ခဲ့ပါသလဲ။
    ဖြေ         ။     ။ အသက် ၃၈ နှစ်မှာ အန်ကယ်နားခဲ့တယ်၊ ဆက်မကစားဖြစ်တော့ဘူး၊ နောက် ၁၉၉၂ ကနေ ၂၀၀၄ ထိ မလေးရှားက Maybank မှာ အားကစား နည်းပြဆရာလုပ်ခဲ့တယ်။
    M-Media ။     ။ အန်ကယ် SEA GAME မှာရော ဘယ်လိုတာဝန်တွေထမ်းဆောင်ခဲ့ရပါသလဲ။
    ဖြေ         ။     ။ SEA GAME မှာ ပြေးခုန်ပစ်ပြိုင်ပွဲမှာ စီးကြပ်ဒိုင်အဖြစ်ဆောင်ရွက်ခဲ့ရပါတယ်။
    M-Media ။     ။ အန်ကယ် SEA GAME ဖွင့်ပွဲမှာမီးရူးတိုင်ကိုင်ဆောင်ခွင့်ရတဲ့အတွက်ရော၊ ပြိုင်ပွဲမှာ ဒိုင်အဖြစ်လုပ်ဆောင်ရတဲ့အတွက်ရော ဘယ်လိုပီတိဖြစ်မိပါလဲ။
    ဖြေ         ။      ။ မြန်မာပြည်မှာ  ၄၄ နှစ်ကြာမှ ပြန်လည်ကျင်းပခွင့်ရတဲ့ပွဲကြီးမှာ အန်ကယ့်အနေနဲ့ အခုလိုပါဝင်ခွင့်ရတာ အရမ်းကိုလဲ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ပီတိလဲဖြစ်မိပါတယ်၊ အမြဲအမှတ်ရနေမဲ့အရာလေးတစ်ခုဖြစ်သွားတာပေါ့။
    M-Media ။     ။ SEA GAME မှာ ပြေးခုန်ပစ်အားကစားနည်းကနေ ဘယ်လိုဆုတွေရခဲ့ပါသလဲ။
    ဖြေ         ။     ။ ပြိုင်ပွဲပေါင်း ၄၀ ကျော်မှာ ရွှေတံဆိပ်နှစ်ခု ငွေတံဆိပ်သုံးခု ကြေးတံဆိပ် သုံးခုရခဲ့တယ်။
    M-Media ။     ။ SEA GAME ပြိုင်ပွဲနဲ့ပက်သက်ပြီးတော့ အန်ကယ့်အနေနဲ့ကျေနပ်အားရမှုရော ရှိပါရဲ့လား။
    ဖြေ         ။     ။ ကိုယ့်မြန်မာပြည်မှာပေါ့ အဲလိုကြီးကျယ် ခမ်းနားတဲ့ပွဲကြီးကို တွေ့ရမြင်ရတော့ အရမ်းကိုကြည်နူးမိပါတယ်၊ အကောင်းဆုံးလဲလု ပ်ဆောင်သွားနိုင်ခဲ့ကြတယ်၊ နိုင်ငံတော်အဆင့်အနေနဲ့ ဒုတိယနေရာ ရတော့လဲ အရမ်းကိုပီတိဖြစ်မိပါတယ်။ ပြေးခုန်ပစ်သမားတွေရတဲ့ဆုကိုတော့ သိပ်ပြီးတော့ကျေနပ်အားရမှုမရှိခဲ့ဘူး စိတ်မကောင်းဘူး အများကြီးရသင့်တာပါ၊ နိုင်ငံတော်ကလည်းအပြည့်အ၀ထောက်ပံ့ပေးထားတာ အများကြီးကြိုးစား သင့်တယ်၊ နည်းပြတွေရော အားကစားသမားတွေရော သေချာကြိုးစားလေ့ကျင့်ဖို့လိုတာပေါ့။
    M-Media ။     ။ ဆက်ကစားမဲ့ အားကစားသမားတွေရော အန်ကယ်ဘာပြောချင်ပါသလဲ။
    ဖြေ         ။     ။ အများကြီးကြိုးစားဖို့လိုသေးတယ် နောက်လာမဲ့ပွဲတွေမှာ အနိုင်ရဖို့သေချာလေ့ကျင့်ကြိုးစားထားရပါမယ်။
    M-Media – အခုလို ဖြေကြားပေးတဲ့ အန်ကယ်ကို ကျေးဇူးအများကြီးတင်ပါတယ်။
    —————————————-
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများ၊ ဘာသာပြန် များကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    M-Media ၏ ခွင့်ပြုချက်မရှိဘဲ စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် ထည့်သွင်းဖော်ပြခြင်းများ လုံးဝ ခွင့်မပြုပါ။
    ဆက်သွယ်ရန် [email protected]
  • စစ်ပွဲအတွင်း ဘောစနီးယန်း ဆာ့ဘ် ၂၀ အားသတ်ခဲ့မှု သံယသရှိသူ စစ်သားဟောင်း ၇ ဦးကို ဘော့စနီးယား ရဲတပ်ဖွဲ့ဖမ်းဆီး
    ဒီဇင်ဘာ ၂၉၊ ၂၀၁၃
    M-Media
    342367_Bosnia-war-crimes
    – နိုင်ငံအတွင်း၌ ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်အတွင်း ဘော့စနီးနိုင်ငံသား ဆာ့ဘ်လူမျိုး ၂၀ ခန့်ကို သတ်ဖြတ်ခဲ့သည်ဟု သံသယရှိသူ စစ်သားဟောင်း ခုနှစ်ဦးအား စစ်ရာဇ၀တ်မှု ကျူးလွန်မှုဖြင့် ဘော့စနီးယား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်ဟု ယမန်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
    ၁၉၉၂ ခုနှစ်က ၎င်းတို့သတ်ဖြတ်ခဲ့သည့် ထိုလူများမှ အများစုမှာ အမျိုးသမီးများ၊ ကလေးများနှင့် သက်ကြီးရွယ်အိုများဖြစ်ကြပြီး အရှေ့ဘော့စနီးယားတွင် ဖြစ်ပွားခဲ့သည့် စစ်ရာဇ၀တ်မှုများအတွင်း အဆိုးဆုံး သတ်ဖြတ်မှုလည်းဖြစ်ခဲ့သည်ဟု ထိုကြညာချက်တွင် ဖော်ပြထားသည်။
    ၁၉၉၂-၉၅ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ထိုစစ်ပွဲအတွင်း လူပေါင်း ၁ သိန်း ခန့်သေဆုံးခဲ့ပြီး အများစုမှာ မွတ်စလင်များဖြစ်ကြသည်။ စစ်ပွဲပြီးဆုံးပြီးနောက် ၂၀၀၅ ခုနှစ်တွင် ဘော့စနီးယား အစိုးရက အထူးခုံရုံးတစ်ခုဖွဲ့စည်းခဲ့ပြီး ထိုစစ်ပွဲအတွင်း စစ်ရာဇ၀တ်မှုများကို ကျူးလွန်ခဲ့သူများအား  ရှာဖွေစုံစမ်းကာ အပြစ်ပေးလျက်ရှိသည်။
    ဓါတ်ပုံအညွှန်း- စစ်အတွင်း အသတ်ခံလိုက်ရသော မွတ်စလင်များအတွက် နှစ်ပတ်လည်အခမ်းအနားတွင် ဆုတောင်းနေကြသည့် ဘော့စနီးယား မွတ်စလင်များ (၂၀၁၂ ခုနှစ်)
    Ref: Press TV