News @ M-Media

Blog

  • ဒီဇင်ဘာ ၃၀၊ နိုင်ငံတကာသတင်း စုစည်းမှု

    ဒီဇင်ဘာ ၃၀၊ ၂၀၁၃
    M-Media

    လက်ဘနွန် စစ်တပ်အတွက် ဆော်ဒီထောက်ပံ့

    – နိုင်ငံရှိ စစ်တပ်၏ စွမ်းရည်များ ပိုမိုအားကောင်းစေရန်အတွက် ဆော်ဒီအာရေဗျနိုင်ငံမှ ကန်ဒေါ်လာ သန်းသုံးထောင် ပေးအပ်ခဲ့သည်ဟု လက်ဘနွန်သမ္မတ မိုက်ကယ် ဆူလေမန်က ပြောကြားခဲ့သည်။ ထိုကဲ့သို့ ထောက်ပံ့မှုမှာ လက်ဘနွန်စစ်တပ်အတွက် နိုင်ငံရပ်ခြားမှ အကြီးဆုံးထောက်ပံ့မှုဖြစ်ပြီး ယခင် ဘဏ္ဍာရေးဝန်ကြီးဟောင်း မိုဟာမက် ချာတာ လုပ်ကြံခံရပြီးနောက်ပိုင်း ပေးအပ်ခဲ့ခြင်းလည်းဖြစ်သည်။

    လက်ဘနွန် သမ္မတကမူ ထိုငွေများဖြင့် ပြင်သစ်မှ စစ်လက်နက်ပစ္စည်းများ ၀ယ်ယူမည်ဟု ပြောဆိုခဲ့သည်။ ဆော်ဒီအာရေဗျနိုင်ငံသို့ အလည်အပတ်ခရီး ရောက်ရှိနေသည့် ပြင်သစ် သမ္မတ ဟော်လန်ဒေးကလည်း လက်ဘနွန်က လက်နက်ဝယ်ယူရန် ကမ်းလမ်းလာပါက ရောင်းချမည်ဟု ဆော်ဒီဘုရင် အဗ္ဗဒူလာအားပြောကြားခဲ့သည်။

    20131229161651634734_20___________________
    တောင်ပိုင်းဆူဒန်တွင်ဖြစ်ပွားနေသော အကြမ်းဖက်သူများ တရားဥပေဒရှေ့မှောက်ခေါ်မည်ဟု ဘန်ကီမွန်းပြောကြား

    –  တောင်ဆူဒန်နိုင်ငံအတွင်း ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများအား ဖန်တီး နေသူများနှင့် လူ့အခွင့်အရေး ချိုးဖောက်နေသူများကို တရားဥပဒေ ရှေ့မှောက်သို့ ခေါ်ဆောင်လာမည်ဟု ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က စနေနေ့က ထုတ်ပြန်သော ကုလသမဂ္ဂ၏ ကြေညာချက်တွင် ပြောကြားထားသည်။

    ထို့ပြင် ထိုကြေညာချက်၌ တောင်ဆူဒန်နိုင်ငံအတွင်း ဖြစ်ပွားနေသောအကြမ်းဖက်မှုများအား ချက်ခြင်းရပ်တန့်ရမည်ဟု ဖော်ပြထားပြီး၊ ဘန်ကီမွန် ကလည်း တိုင်းပြည်အတွင်းရှိနေသည့် ပြည်သူများ၏ အခွင့်အရေးများနှင့် လုံခြုံရေးကို တာဝန်ယူပေးရန် အစိုးရအား တိုက်တွန်းခဲ့သည်။

    တောင်ဆူဒန်နိုင်ငံသမ္မတ ဆာဗာလ် ကီရ် အာထောက်ခံသူများနှင့် ဒုတိယ သမ္မတ ရီက်မာချာအားထောက်ခံသူများအကြားဖြစ်ပွားနေသည့် ပဋိပက္ခ များမှာ ဒီဇင်ဘာ ၁၅ ရက်နေ့က စတင်ခဲ့ပြီး ပြည်တွင်းစစ်အသွင်သို့ ကူးပြောင်းလာနေကာ နိုင်ငံတစ်ဝှမ်းတွင်လည်း လူ့အခွင့်အရေး ချိုးဖောက် မှုများ အကြမ်းဖက်မှုများ တိုးမြှင့်လာနေသည်။
    ___________________________
    ဗီယက်နမ်တွင် ကျောင်းသား (၇) ဦးရေနစ်သေဆုံး

    –  ဗီယက်နမ်နိုင်ငံ တောင်ပိုင်း Binh Duong ပြည်နယ် Dau Tieng ခရိုင်ရှိ အလယ်တန်ကျောင်းတစ်ခုမှ ကျောင်းသား ၇ ဦးမှာ ယမန်နေ့က မြို့တော်ဟိုချီမင်းတောင်ဘက်တွင် Can Gio ကမ်းခြေတွင် ရေနစ်သေဆုံးခဲ့သည်ဟု သိရသည်။ ယမန်နေ့ နေ့လည်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၁၃ နှစ်မှ ၁၅ နှစ်ရှိ အဆိုပါကလေးငယ်များမှာ ကျောင်းမှစီစဉ်သည့် ခရီးစဉ်တစ်ခုကြောင့် ထိုကမ်းခြေသို့ လာရောက်ခဲ့ခြင်းဖြစ်သည်။ ကမ်းခြေတွင် စုစုပေါင်း ကျောင်းသား ၁၂ ဦးမှာ ရေကူးနေခဲ့ပြီး ထို ၇ ဦးမှာ ကြီးမားသော လှိုင်းလုံးများဖြင့် ပါသွားခဲ့ပြီး ၎င်းတို့၏ အလောင်းများအား ယနေ့နံနက်တွင် ဆယ်ယူရရှိခဲ့သည်။
    ___________________________
    ဆွစ်ဇာလန်မှာ ကမ္ဘာလူငယ် ကင်းထောက်ရုံး မလေးရှားသို့ ပြောင်းရွှေမည်။

    –  ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ရုံးစိုက်ထားသည့် ကမ္ဘာ့ကင်းထောက်လှုပ်ရှားမှုအဖွဲ့ WOSM အား လာမည့်နှစ်တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့သို့ ပြောင်းရွှေ့တော့မည်ဟု မလေးရှား သတင်းအေဂျင်စီ Bernama က ယမန်နေ့က ဖော်ပြခဲ့သည်။ မလေးရှားတွင် ရုံးစိုက်ရန် အဖွဲ့ဝင်နိုင်ငံ ၁၈၆ နိုင်ငံစလုံးက တညီတစ်ညွတ်တည်း သဘောတူညီခဲ့ခြင်းဖြစ်သည်ဟု မလေးရှား ကင်းထောက် အကြီးအကဲ ဆာဖီဆာလေက ပြောကြားခဲ့သည်။

    WOSM ၏ ရည်ရွယ်ချက်မှာ အသင်း၏ ဥပဒေများနှင့် ကတိက၀တ်များကို အခြေခံကာ လူငယ်များ၏ ပညာရေးကို ကူညီရန်၊ တစ်ဦးချင်း ပြည့်ဝသော ပြည်သူများရှိသည့် ပိုမိုကောင်းမွန်သော ကမ္ဘာတစ်ခု တည်ဆောက်ရန်နှင့် လူ့အဖွဲ့အစည်းတွင် လူငယ်များ၏ ကူညီဆောင်ရွက်မှု အခန်းကဏ္ဍ တိုးမြှင့်လာစေရန် ဖြစ်သည်။
    ___________________________
    အလ်ဆာဗေဒိုးရှိ မီးတောင် တခု လှုပ်ရှားမှုဖြစ်

    – လက်တင်အမေရိကနိုင်ငံတစ်ခုဖြစ်သည့် အလ်ဆာဗေဒိုးရှိ Chaparrastique မီးတောင်တစ်ခုမှာ ယမန်နေ့နံနက်စောစောပိုင်းက လှုပ်ရှားမှုများဖြစ်ပွားခဲ့ပြီး ပြာများ၊ မီးခိုးများ ပန်းထွက်ခဲ့သည်ဟု သိရသည်။ အမြင့်ပေ ၂၁၃၀ မီတာ ရှိသည့် ထိုမီးတောင်မှာ နိုင်ငံအတွင်းရှိ ရှင်သန်နေသော မီးတောင်ရှစ်ခုထဲမှ တစ်ခုဖြစ်သည်။ ထိုကဲ့သို့ မီးတောင်လှုပ်ခတ်မှုကြောင့် မီးတောင်နှင့် ၃ ကီလိုမီတာအတွင်းရှိ ပြည်သူများအား အရေးပေါ်ရွှေ့ပြောင်းများပြုလုပ်ပေးခဲ့ပြီး ထိုဒေသတစ်ဝိုက်အား အ၀ါရောင်အဆင့် သတိပေးချက် ကြေညာ ထားကြောင်း ပြည်သူ့ကာကွယ်ရေး အေဂျင်စီက သတင်းထုတ်ပြန်ခဲ့သည်။

  • မွတ်စ်လင် ခရီးသွားတို့အား နွေးထွေးမှုဖြင့် ကြိုဆိုနေသည့် ဂျပန်လေဆိပ်များ

    ဒီဇင်ဘာ ၃၀ ၊ ၂၀၁၃
    M-Media
    Japans-Muslim-Friendly-Airports
    (ဓာတ်ပုံ အညွှန်း) မက္ကဟ်ရွှေမြို့တော်အရပ်သို့ မျက်နှာမူထားပြီး ကော်ဇောခင်းပေးထားသည့် “ဆိတ်ငြိမ်ခန်း” အမည်ရှိ ၀တ်ပြုဆောင်ငယ်လေးများ

    တိုကျို။    ။ မွတ်စ်လင်မ်ခရီးသွား များပြားလာစေရန် ကြိုးပမ်းမှု အနေဖြင့် ဂျပန်ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်များ၌ ယခုအခါ ၀တ်ပြုခန်းများကို ဖွင့်လှစ်ပေးထားပြီဖြစ်သည်။ မွတ်စ်လင်များအတွက် ပိုမိုနွေးထွေးစေရန် ဟလာလ် အစားအသောက်များကိုလည်း စီမံချက်၏ကဏ္ဍ အစီအစဉ် တစ်ရပ်အဖြစ် ထည့်သွင်းထားသည်။

    “ အိုလံပစ်အားကစားပွဲအတွက် ဂျပန်ကိုလာရောက်ကြမယ့် မွတ်စ်လင်မ်နဲ့ အခြားသော ဧည့်သည်တွေအဖို့ အဆင်ပြေနွေးထွေးစေသော လေဆိပ်ဖြစ်အောင် ကျွန်တော်တို့ ကြိုးစားသွားပါမယ် ” ဟု နာရီတာလေဆိပ် လူထုဆက်ဆံရေး အရာရှိတစ်ဦးမှ Nikkei Asian Review သို့ ပြောကြားသည်။ တိုကျိုအနီးရှိ လေဆိပ်အော်ပရေတာမှ မွတ်စ်လင်မ်များအတွက် ၀တ်ပြုခန်းများတည်ရှိရာ နှင့် ဖြည့်ဆည်းမှုများကို ပိုမိုအသိပေးထုတ်ပြန်သွားလိမ့်မည်ဟုလည်း ၄င်းမှ ထည့်သွင်းပြောဆိုခဲ့သည်။

    ဂျပန်လေဆိပ်များသည် မွတ်စ်လင်မ်တို့အတွက် စိတ်ချမ်းမြေ့စေရန် အစွမ်းကုန်ဆောင်ရွက်မှုများ စတင်နေပြီဟု တိုကျိုရှိ ASEAN Promotion Center on Trade, Investment and Tourism မှ ပရောဂျက် ဦးစီးမှူး Ken Fujita က ဆိုသည်။

    ယင်းစီမံချက်အဆင့်များ၌ မွတ်စ်လင်မ်တို့အတွက် သီးသန့်ဝတ်ပြုခန်းများ တိုးမြှင့်ပြုလုပ်ရေးနှင့်အတူ အစ္စလာမ့်စည်းမျဉ်းများနှင့် ကိုက်ညီသော ဟလာလ် အစားအသောက်များ ရရှိနိုင်ရေးလည်း ပါဝင်သည်။

    ၂၀၂၀ နွေရာသီအိုလံပစ် အားကစားပွဲတော်ကို တိုကျိုမှ လက်ခံကျင်းပရာ၌ ဂျပန်တို့၏ ဧည့်ဝတ်ကျေပွန်သော စိတ်ရင်းအား ခင်းကျင်းပြသနိုင်ရေးခြေလှမ်းများကို ထုတ်ပြန်ကြေညာထားသည်။

    နာရီတာလေဆိပ် Narita Airport ၏ ပထမနှင့်ဒုတိယ ခရီးသည် ၀င်ထွက် လမ်းကြောင်းများရှိ သီးသန့် နားနေခန်းများရှေ့တွင် မွတ်စ်လင်မ်တို့ အတွက် ၀တ်ပြုဆောင်လေးများကို အသွင် အပြင်သစ် တစ်ရပ်အဖြစ် ဒီဇင်ဘာလ အစောပိုင်း၌ ပြုလုပ်လိုက်ကြောင်း သိရသည်။

    အဆိုပါဝတ်ပြုဆောင်ငယ်လေးများကို “ဆိတ်ငြိမ်ခန်း” ဟုခေါ်ဆိုပြီး မက္ကဟ်ရွှေမြို့တော်အရပ်သို့ မျက်နှာမူထားကာ ကော်ဇောခင်းပေးထားသည်။

    ၂၀၁၄ ခုနှစ် ဇန္န၀ါရီလတွင် ယင်းဝတ်ပြုခန်းအတွင်း ကိုယ်လက်သန့်စင်ဆေးကြောနိုင်ရေး ထည့်သွင်းဖြည့်ဆည်းချက်များအပါအ၀င် အခြားစီမံချက် အဆင့်များကို ထုတ်ပြန်ကြေငြာပေးသွားမည်ဖြစ်၏။

    လာမည့်နွေရာသီအမှီ ခရီးသည်စစ်ဆေးရေးဂိတ်အလွန် လမ်းလျှောက်ထွက်လာရာလမ်းကြောင်းတွင် နောက်ထပ် ၀တ်ပြုခန်း နှစ်ဆောင် ကိုလည်း ဆောက်လုပ်သွားမည်ဟု ဆိုသည်။

    ၂၀၀၆ ခုနှစ်ကတည်းက ၀တ်ပြုခန်းဖွင့်လှစ်ပေးခဲ့သော ကန်ဇိုင်းလေဆိပ် Kansai Airport သည်လည်း လာမည့်နွေဦး ကာလတွင် နောက်ထပ် ၀တ်ပြုခန်းနှစ်ဆောင် ပြုလုပ်ပေးသွားမည်ဟု သြဂုတ်လက ကြေငြာခဲ့သည်။

    အစ္စလာမ့်ကမ္ဘာဧည့်သည်များ၏ လက်ခံမှုပိုမိုရရှိစေရန် ကျွမ်းကျင်သူများနှင့်ပူးပေါင်းဆောင်ရွက်မှုကို အိုဆာကာလေဆိပ် Osaka airport မှလည်း စတင်စီစဉ်နေပြီဖြစ်သလို၊ တိုကျိုရှိ ဟာနဲဒါးလေဆိပ် Haneda Airport ကလည်း လာမည့်မတ်လအမှီ ၀တ်ပြုခန်းတစ်ဆောင် ဖွင့်လှစ်တော့မည်ဖြစ်၏။

    ရှေ့ဆက်လာမည့်အဆင့်များအဖြစ် အင်ဒိုနီးရှား၊ မလေးရှား နှင့် အရှေ့တောင်အာရှရှိ အခြားနိုင်ငံသုံးခု အတွက် ပြည်ဝင်ခွင့်ဗီဇာများ လွယ်ကူရေးဆောင်ရွက်ရန် ဂျပန်မှ ဆုံးဖြတ်ထားသည်။

    အင်ဒိုနီးရှားလူဦးရေ သန်း ၂၄၀ မှ ၉၀ ရာခိုင်နှုန်းသည်လည်းကောင်း၊ မလေးရှားလူဦးရေ ၂၉ သန်းမှ ၆၀ ရာခိုင်နှုန်းသည်လည်းကောင်း မွတ်စ်လင်မ်များ ဖြစ်ကြသည်။ အင်ဒိုနီးရှားနှင့်မလေးရှားမှဧည့်သည်ပေါင်း ၂၈၀၀၀ သည် ဂျပန်နိုင်ငံသို့လာရောက်လည်ပတ်ခဲ့သဖြင့် ယမန်နှစ်ထက် ၄၀ ရာခိုင်နှုန်း ထိုးတက်သွားသည်။

    လူဦးရေပမာဏ ၁၂၇ သန်းရှိပြီး ကမ္ဘာ့ဒဿမမြောက် လူနေအထူထပ်ဆုံး ယနေ့ဂျပန်နိုင်ငံတွင် မွတ်စ်လင်မ် လူ့အဖွဲ့အစည်းဝင်များမှာ ၁၂၀၀၀၀ အထိ ရှိနေသည်။

  • ဒီဇင်ဘာ ၃၀၊ အားကစားသတင်း စုစည်းမှု

    ဒီဇင်ဘာ ၃၀၊ အားကစားသတင်း စုစည်းမှု

    ဒီဇင်ဘာ ၃၀၊ ၂၀၁၃
    M-Media

    352884_heroa

    -နယူးကာဆယ်ကွင်းလယ်လူ ကာဘာယီအား ခေါ်ယူမည့်သတင်း ဝင်းဂါးငြင်း

    –  လာမည့် ဇန်န၀ါရီ အပြောင်းအရွှေ့တွင် နယူးကာဆယ်ကွင်းလယ်လူ ကာဘာယီအား ခေါ်ယူရန် စိတ်ဝင်စားနေသည်ဟူသော သတင်းအား အာဆင်နယ် နည်းပြ အာဆင်ဝင်းဂါးက ငြင်းဆိုလိုက်သည်။ ကာဘာယီမှာ ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့က အာဆင်နယ်အသင်း ခေါ်ယူလိုသည့် ကစားသမားများ စာရင်းတွင်ပါဝင်ခဲ့သည်။ ထိုစဉ်က အသင်းတွင် အလယ်တန်းကစား မရှိသေးသောကြောင့် ခေါ်ယူရန်စဉ်းစားခဲ့ခြင်းဖြစ်ပြီး ယခုအချိန်တွင် မိမိ၌ ကွင်းလည်ကစားသမားကောင်း သုံးဦးရှိနေကြောင့် ခေါ်ယူရန်မလိုအပ်ဟု ၀င်းဂါးက Sky Sports News သို့ ပြောကြားခဲ့သည်။
    ______________________________
    ဂျာမနီကလပ် ရှော်လ်ကေး အလယ်တန်းတူ တိုက်ခိုက်ခံရ၍ ဆေးရုံတင်ထား

    – ဂျာမနီကလပ် ရှော်လ်ကေး အသင်း၏ ဂါနာအလယ်တန်းလူ ကီဗင် ပရင့်စ် ဘိုအာတင်းမှာ လမ်းပေါ်တွင် တိုက်ခိုက်ခံခဲ့ရမှုကြောင့် ဆေးရုံတွင် ဆေးကုသမှု ခံနေရသည်ဟု သိရသည်။ အသက် ၂၆-နှစ်အရွယ်ရှိ ဘိုအာတင်းမှာ Dusseldorf မြို့အနီးတွင် အမည်မသိ လူတစ်ဦး၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး လည်ပင်း၊ နောက်ကျောနှင့် နံရိုးများတွင် ဒဏ်ရာများရရှိခဲ့ကြောင်း၊ ထိုကဲ့သို့ တိုက်ခိုက်ခံရခြင်းမှာ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ခံရခြင်းဖြစ်နိုင်ပြီး စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
    ______________________________
    ဆွာရက်ဇ်ကို ဒိုင်ဗင်သမားဟု မော်ရင်ဟို စွပ်စွဲ

    – လီဗာပူးလ်တိုက်စစ်မှူး ဆွာရက်ဇက်မှာ အလွန်တွန့်လိမ်လှုပ်ရှားတတ်သော ဒိုင်ဗင်သမားဖြစ်သည်ဟု ချယ်ဆီးအသင်းနည်းပြ မော်ရင်ဟိုက ပြောဆိုလိုက်သည်။ ယမန်နေ့ကကစားခဲ့သည့် ချယ်ဆီးနှင့် လီဗာပူးလ်အသင်းတို့၏ ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဆွာရက်ဇ်၏ ဂိုးဧရိယာအတွင်း ဟန်ဆောင်လှဲချမှုကို ရည်ညွန်း၍ မော်ရင်ဟိုက ပြောဆိုလိုက်ခြင်းဖြစ်ပြီး ထိုလုပ်ရပ်အတွက် မှတ်တမ်းတင်ထားသင့်သည်ဟု ထပ်လောင်းပြောဆိုခဲ့သည်။
    ______________________________
    နာမည်ကြီး ပြိုင်ကားမောင်းသမား ရှူးမိတ်ကာ နှင်းလျောစီးရာ ထိခိုက်၍ ဆေးကုသခံနေရ

    – ဖော်မြူလာဝမ်း ချန်ပီယံဆုအား ၇ ကြိမ်တိုင်တိုင်ရရှိခဲ့သည့် ဂျာမန်ကားမောင်းသမား မိုက်ကယ် ရှူးမိတ်ကာမှာ ယမန်နေ့က နှင်းလျောစီးရာတွင် ထိခိုက်မိခဲ့သောကြောင့် ဆေးကုသမှုခံနေရသည်ဟု သိရသည်။

    အသက် ၄၄ နှစ်အရွယ်ရှိပြီဖြစ်သည့် ရှူးမိတ်ကာမှာ ပြင်သစ်နိုင်ငံ အဲလ်ပ်စ်တောင်တန်းရှိ Méribel အပန်းဖြေစခန်းတွင် နှင်းလျောစီးနေစဉ် ပြုကျခဲ့ပြီး သူ၏ ဦးခေါင်းမှာ ကျောက်တုန်းနှင့် ရိုက်မိခဲ့သည်။ ယခုအချိန်တွင် သတိလစ်မေ့မြောနေပြီး ဦးခေါင်းအား ချက်ချင်း ခွဲစိတ်ကုသရန် လိုအပ်နေကာ စိုးရိမ်ရသောအနေအထားတွင် ရှိနေသည်ဟု ဆေးရုံမှထုတ်ပြန်သော ကြေညာချက်တွင် ရေးသားဖော်ပြထားသည်။
    ______________________________
    ဂျိုကိုဗစ် ဗိုလ်စွဲတဲ့ အဘူဒါဘီ တင်းနစ်ပွဲ

    – ယူအေအီးနိုင်ငံ အဘူဒါဘီတွင် ကျင်းပခဲ့သည့် Mubadala World Tennis Championship တင်းနစ်ပြိုင်ပွဲတွင် ဆားဘီးယား တင်းနစ်သမား နိုဗက်ဂျိုကိုဗစ် ဗိုလ်စွဲခဲ့သည်ဟု သိရသည်။

    စနေနေ့က ယှဉ်ပြိုင်ခဲ့သည့် နောက်ဆုံး ဗိုလ်လုပွဲတွင် ဂျိုကိုဗစ်က စပိန်တင်းနစ်သမား ဒေးဗစ်ဖာရာအား ၇-၅၊ ၆-၂ ဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ဖာရာမှာ ဆီးမီးဖိုင်နယ်တွင် ရာဖေးလ်နာဒယ်လ်အား ဖြုတ်ချနိုင်ခဲ့သူဖြစ်သည်။

    ယမန်နှစ်က ရရှိခဲ့သည့် ချန်ပီယံဘွဲ့အား ကာကွယ်နိုင်ခဲ့သည် ဂျိုကိုဗစ်က “ကျွန်တော်ကစားခဲ့တဲ့ပုံကို ကျေနပ်မိပြီး ဒီကိုပြန်လာရတာကိုလည်း ကျွန်တော်ပျော်ပါတယ်။” ဟု ပွဲအပြီးတွင်ပြောကြားခဲ့သည်။ ဂျိုကိုဗစ်မှာ ယခုပြိုင်ပွဲအား နည်းပြသစ် ဘောရစ် ဖြင့် ပထမဆုံး ယှဉ်ပြိုင်ခဲ့ခြင်းလည်းဖြစ်သည်။

    …………………………..

    အာဆင်နယ်၊ ချယ်ဆီး၊ စပါးနှင့် အဲဗာတန်တို့ အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ် ၁၉ ဆူပါဆန်းဒေးပွဲများ

    ပရီးမီးယားလိဂ် ပွဲစဉ် ၁၉ ၏ လက်ကျန်ပွဲများကို ယမန်နေ့က ကစားခဲ့ရာ အာဆင်နယ်အသင်းမှာ အိမ်ကွင်းကောင်းမွန်သည့် နယူးကာဆယ် အသင်းအား အနိုင်ကစားနိုင်ခဲ့ပြီး၊ အဲဗာတန်အသင်း မှလည်း ဆောက်သက်တမ်အား အနိုင်ရခဲ့သည်။ မော်ရင်ဟို၏ ချယ်ဆီးအသင်းမှာ လီဗာပူးလ်အား အိမ်ကွင်းတွင် သုံးမှတ် ရယူနိုင်ခဲ့ပြီး နည်းပြသစ်နှင့် စပါးအသင်းမှာလည်း ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သည်။


    နယူးကာဆယ် ၀-၁ အာဆင်နယ်

    ယခုနှစ်ရာသီ အဝေးကွင်းရလဒ် အကောင်းဆုံးဖြစ်သည့် အာဆင်နယ် အသင်းမှာ စိန့်ဂျိမ်းစ်ပါက့်တွင် တိုက်စစ်မှူး ဂျရူး၏ တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ယခုပွဲအနိုင်ကြောင့် အာဆင်နယ်မှာ ၂၀၀၇-၀၈ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ရာသီဝက် ချန်ပီယံဖြစ်လာခဲ့သည်။ အာဆင်နယ်တွင် အားထားရသည့် ကွင်းလယ် ကစားသမား အိုဇေးလ် ဒဏ်ရာကြောင့်မပါဝင်နိုင်ခဲ့ဘဲ၊ တိုက်စစ်မှူး ပိုဒေါစကီးကိုလည်း ၀င်းဂါးက အရန်ခုံတွင် ထိုင်စေခဲ့သည်။

    နယူးကာဆယ်အသင်းတွင် ရီမီ၊ ဂေါ့ဖ်ရန်၊ ကဘာယီ စသည့် အဓိက ကစားသမားများအားလုံး ပါဝင်ခဲ့ပြီး ပထမပိုင်းတွင် နယူးကာဆယ်က ပိုမိုဖိကစားနိုင်ခဲ့ကာ အာဆင်နယ်အသင်း ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့သည်။ သို့သော်လည်း ဒုတိယပိုင်းအစတွင် အာဆင်နယ်တို့ အချိတ်အဆက် ပိုမိလာခဲ့ပြီး ၆၅ မိနစ်တွင် ဝေါ့လ်ကော့၏ ပြစ်ဒဏ်ဘော ကန်ချက်မှတစ်ဆင့် ဂျရူးက ခေါင်းတိုက်ကာ အနိုင်ဂိုးကိုသွင်းယူပေးခဲ့သည်။ ၃ မိနစ်အကြာတွင် အာဆင်နယ်တို့ ဒုတိယဂိုး ရရှိရန် နီးစပ်ခဲ့ပြီး ဝေါ့လ်ကော့၏ ဂိုးစည်းအတွင်းမှ အသာအယာကန်သွင်းမှုအား နယူးကာဆယ် ကစားသမား ဒီဘောက်ချီက အကောင်းဆုံး ရှင်းထုတ်နိုင်ခဲ့သည်။ ဦးဆောင်ဂိုးပေးလိုက်ရပြီးနောက် အိမ်ရှင် နယူးကာဆယ်က အာဆင်နယ်အသင်းအား တရစပ်ဖိကစားခဲ့သော်လည်း အာဆင်နယ်နောက်ခံလူများက စနစ်တကျ ကာကွယ် ပိတ်ဆို့နိုင်ခဲ့သောကြောင့် နယူးကာဆယ်အသင်းမှာ ချေပဂိုးမရှိခဲ့ဘဲ အိမ်ကွင်းတွင် ရှုံးနိမ့်ခဲ့ရသည်။
    ……………………………..
    ချယ်ဆီး ၂-၁ လီဗာပူးလ်

    အိမ်ကွင်း၌ ရှုံးပွဲမရှိသေးသည့် ချယ်ဆီးအသင်းမှာ ယခုပွဲတွင်လည်း ဆွာရက်ဇ်ဦးဆောင်သည့် လီဗာပူးလ်အသင်းအား အနိုင်ကစားနိုင်ခဲ့သည်။ သို့သော်လည်း လီဗာပူးလ်အသင်းက စောစီးစွာ အဖွင့်ဂိုးစရခဲ့ခြင်းဖြစ်ပြီး ချယ်ဆီးက နောက်မှ လိုက်ကစားကာ အနိုင်ယူနိုင်ခဲ့ခြင်းဖြစ်သည်။

    ချယ်ဆီးအသင်းတွင်း ကွင်းလယ်လူ လမ်းပတ်ပါဝင်လာခဲ့ပြီး တိုက်စစ်တွင် ခြေစွမ်းမပြနိုင်မှုကြောင့် ဝေဖန်ခံနေရသည့် အီတူးဖြင့် ပွဲထွက်ခဲ့သည်။ လီဗာပူးလ်အသင်းတွင်လည်း လူစုံခဲ့ပြီး ဆစ်ဆိုခိုအစား ဒန်နီယဲလ်အဂ္ဂါက ပွဲထွက်လာခဲ့သည်။ ပထမပိုင်း ၃ မိနစ်မှာပင် လီဗာပူးလ်တို့ ဦးဆောင်ဂိုးရခဲ့ပြီး မာတင်စကာတယ်က ဧရီယာအတွင်းမှ အနီးကပ်ကန်သွင်းယူခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ချယ်ဆီးအသင်းမှာ ထိန်းကစားနိုင်ခဲ့ပြီး ချေပဂိုးနှင့် အနိုင်ဂိုးများကို ပထမပိုင်းတွင်ပင်ရရှိခဲ့သည်။ ၁၇ မိနစ်တွင် အေဒင် ဟာဇာဒ့်နှင့် ၃၄ မိနစ်တွင် အီတူးတို့က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ယခုပွဲအနိုင်ကြောင့် ချယ်ဆီးမှာ ထိပ်ဆုံးမှ အာဆင်နယ်နှင့် ၂ မှတ်အကွာ အဆင့် ၃ နေရာတွင်ရှိနေပြီး လီဗာပူးလ်အသင်းမှာ အဆင့် ၅ နေရာသို့ ရောက်ရှိသွားခဲ့သည်။
    ………………………………….
    စပါး ၃-၀ စတုတ်

    နည်းပြသစ်နှင့် ခြေစွမ်းတည်ငြိမ်လာသည့် စပါးအသင်းမှာ ယခုပွဲအိမ်ကွင်း၌ ဂိုးပြတ်ဖြင့်အနိုင်ယူနိုင်ခဲ့သည်။ ယခုပွဲအနိုင်ကြောင့် စပါးအသင်းမှာ အဆင့် ၇ နေရာသို့ တက်လာနိုင်ခဲ့သည်။ စပါးအသင်းအတွက် ဂိုးများကို ပထမပိုင်းတွင် ဆိုလ်ဒါဒိုက ပင်နယ်တီမှလည်းကောင်း၊ ဒုတိယပိုင်းတွင် မူဆာဒမ်ဘီလီနှင့် အာရွန်လန်နွန်တို့ကလည်းကောင်း အသီးသီးသွင်းယူပေးခဲ့ခြင်းဖြစ်သည်။
    ……………………….
    အဲဗာတန် ၂-၁ ဆောက်သက်တမ်

    ရာသီအစပိုင်းတွင် အဆင့်လေးနေရာအထိ တက်လှမ်းလာနိုင်ခဲ့ပြီးနောက် တဖြည်းဖြည်း ခြေစွမ်းကျလာသည့် ဆောက်သက်တမ်အသင်းမှာ ယခုပွဲတွင်လည်း အိမ်ရှင် အဲဗာတန်အသင်းအား အရှုံးပေးခဲ့ရသည်။ ပွဲစသည်နှင့် ဖိကစားနိုင်ခဲ့သည့် အဲဗာတန်အသင်းမှာ ပထမပိုင်း ၉ မိနစ်တွင် အဖွင်ဂိုးရရှိခဲ့ပြီး လီယွန် အိုစမန်၏ ဖန်တီးပေးမှုမှတစ်ဆင့် ကိုးလ်မန်းက သွင်းယူပေးခဲ့သည်။ ထို့နောက် အဲဗာတန်အသင်းကသာ ဖိကစားနိုင်ခဲ့သော်လည်း ဒုတိယပိုင်း ၆၅ မိနစ်နောက်ပိုင်း တွင် ဆောက်သက်တမ်တို့ ပြန်လည် တိုက်စစ်ဆင်နိုင်ခဲ့ပြီး ဂက်စ်တန် ရာမီရက်ဇ်က ချေပဂိုး သွင်းယူပေးခဲ့သည်။ ၃ မိနစ်ကြာပြီးနောက် အိမ်ရှင်တို့ အနိုင်ဂိုးရခဲ့ကာ လူကာကူက ကန်သွင်းယူပေးခဲ့သည်။ ထိုဂိုးကြောင့် လူကာကူ၏ ငါးပွဲဆက် ဂိုးမသွင်းနိုင်မှုလည်း ရပ်တန့်သွားခဲ့ပြီဖြစ်သည်။

  • လွတ်လပ်ရေးနေ့မှာ ၈၈-မျိုးဆက်ဦးဆောင်သည့် ဆန္ဒထုတ်ဖော်ပွဲ တစ်ရက်နောက်ဆုတ်

    လွတ်လပ်ရေးနေ့မှာ ၈၈-မျိုးဆက်ဦးဆောင်သည့် ဆန္ဒထုတ်ဖော်ပွဲ တစ်ရက်နောက်ဆုတ်

    ဒီဇင်ဘာ ၃၀၊ ၂၀၁၃
    M-Media
    A.N.Lay

    ဓါတ်ပုံ – လူထုအော်သံ

    ရန်ကုန်   ။         ။       လာမည့် ၂၀၁၄-ခု ဇန်န၀ါရီလ ၄-ရက် လွတ်လပ်ရေးနေ့တွင် ၈၈ မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် အရပ်ဖက် လူမှုအဖွဲ့အစည်း ၆၀ ပါဝင်သည့် ပုဒ်မ ၁၈ ဥပဒေကို ဖျက်သိမ်းပေးရန် ဆန္ဒထုတ်ဖော်ပွဲကို ဇန်နဝါရီ ၅-ရက်နေ့သို့ ရွှေ့ပြောင်းလိုက်ကြောင်းသိရှိရသည်။

    ဇန်နဝါရီ ၅-ရက်နေ့မှာ ဆန္ဒပြဖို့ ကျောက်တံတားရဲစခန်းကို ထပ်တင်ထားပြီး ဇန်နဝါရီ ၁-ရက်နေ့မှာ ခွင့်ပြုချက် ရ/မရ သိရပါမည် ဟုအဆိုပါ ဆန္ဒပြမည့် အဖွဲ့အစည်းထဲမှ ဦးမာကီးက အတည်ပြုပြောကြားခဲ့ကြောင်းသိရသည်။
    ၎င်းနောက် ဇန်နဝါရီ ၄-ရက်နေ့သည် လွတ်လပ်ရေးနေ့ဖြစ်သည့်အတွက် တစ်နိုင်ငံလုံးတွင် ပျော်ပွဲရွှင်ပွဲများကို ကျင်းပကြမည် ဖြစ်သည့်အတွက် လုံခြုံရေးအရ အခက်အခဲရှိသည့် အတွက် ကျောက်တံတားရဲစခန်းမှ ဇန်နဝါရီ ၃-ရက် သို့မဟုတ် ၅-ရက်နေ့သို့ ရွေ့ပြောင်းပေးရန် တောင်းဆိုမှုကို လက်ခံခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံဘေးတွင် ၈၈မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း အပါအဝင် အရပ်ဖက်လူမှုအဖွဲ့အစည်းပေါင်း ၆၀ က ဆန္ဒထုတ်ဖော်မည်ဖြစ်ကြောင်းသိရှိရသည်။

  • လပွတ္တာမြို့နယ် ကန်ဘတ်တွင် ရွာလုံးကျွတ်မီးလောင်မှု ဖြစ်ပွား

    လပွတ္တာမြို့နယ် ကန်ဘတ်တွင် ရွာလုံးကျွတ်မီးလောင်မှု ဖြစ်ပွား

    ဒီဇင်ဘာ ၃၀၊ ၂၀၁၃
    M-Media
    ပြည့်ပြည့်

    မီးလောင်နေမှုအား တဘက်ကမ်းမှ တွေ့မြင်ရပုံ (ဓါတ်ပုံ - အင်တာနက်)
    မီးလောင်နေမှုအား တွေ့မြင်ရပုံ (ဓါတ်ပုံ – အင်တာနက်)

     

    လပွတ္တာ  ။     ။ ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် ကန်ဘတ်ကျေးရွာတွင် ယနေ့ နံနက် ၁-နာရီဝန်းကျင်က မီးလောင်ကျွမ်းမှု တစ်ခုဖြစ်ပေါ်ခဲ့ပြီး တစ်ရွာလုံးနီးပါး မီးလောင်ကျွမ်းသွားခဲ့ကြောင်း သတင်းရရှိသည်။

    နံနက် ၁-နာရီဝန်းကျင်က စတင်လောင်ကျွမ်းခဲ့သော မီးသည် နံနက် ၇-နာရီခန့်အထိ ကြာမြင့်ခဲ့ပြီး မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ ၁၅၀-ကျော် မီးလောင်သွားခဲ့ကြောင်းသိရသည်။

    ယခုအခါ ကယ်ဆယ်ရေးများ ရောက်ရှိ ကူညီနေကြပြီဖြစ်သော်လည်း မည်ကဲ့သို့ စတင်လောင်ကျွမ်းခဲ့သည်ကို မသိရှိရသေးဟု ဆိုသည်။