News @ M-Media
Blog
  • ရန်ကုန်တက္ကသိုလ် တက်ရောက် ခွင့်ရသူများ ဒီဇင်ဘာ ၃၀ နောက်ဆုံး ကျောင်းအပ်ရမည်
    ရန်ကုန်တက္ကသိုလ် တက်ရောက် ခွင့်ရသူများ ဒီဇင်ဘာ ၃၀ နောက်ဆုံး ကျောင်းအပ်ရမည်
    ဒီဇင်ဘာ ၂၄၊ ၂၀၁၃
    M-Media
    A.N.Lay
    55_0
    ရန်ကုန်တက္ကသိုလ် (ဓါတ်ပုံ အင်တာနက်)
    ရန်ကုန် ။      ။    ရန်ကုန်တက္ကသိုလ်တွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် ကျောင်းစတင်တက်ရောက်မည့်ကျောင်းသားကျောင်းသူများအနေဖြင့် ဒီဇင်ဘာ ၃၀-ရက်နောက်ဆုံးထားကျောင်းအပ်နှံရမည်ဖြစ်ကြောင်းရန်ကုန်တက္ကသိုလ် သင်တန်းရေးရာဌာနဆိုင်ရာမှ သတင်းရရှိသည်။
    ရန်ကုန်တက္ကသိုလ်တွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် တက်ရောက်သင်ကြားနေသည့် ဝိဇ္ဇာသိပ္ပံ ဘာသာရပ်အလိုက် ထူးချွန်ကျောင်းသား ကျောင်းသူများ၏ ပထမနှစ်ဝက်စာမေးပွဲစစ်ဆေးမှုများကို ၂၀၁၄-ခုနှစ် မတ်လ ၁၉-ရက်နေ့တွင် စတင်စစ်ဆေးသွားမည်ဖြစ်ရာ ကျောင်းခေါ်ချိန် ၇၅-ရာခိုင်နှုန်း ပြည့်မီသူများကိုသာ စာမေးပွဲဖြေဆိုခွင့် ပြုသွားမည်ဖြစ်ကြောင်း သိရှိရသည်။
    ရန်ကုန်တက္ကသိုလ် သင်တန်းရေးရာဌာန ဆိုင်ရာမှ တာဝန်ရှိသူတစ်ဦးကလည်း “ကျောင်းစဖွင့်တာက ၂၀၁၄ ခုနှစ် မတ် ၁၉-ရက်ဆိုတော့ ဒီကာလအတွင်းမှာ ကျောင်းခေါ်ချိန်က ၁၀၀ ရာခိုင်းနှုန်းထိရှိပါတယ်။ အဲဒါကြောင့်ကျောင်းအပ်နှံခွင့်နောက်ဆုံးထားခွင့်ပြုတဲ့နေ့ကို ဒီဇင်ဘာ ၃၀-ရက်သတ်မှတ်ထားပါတယ်။ ကျောင်းတက်တဲ့အချိန်မှာလည်း ကျောင်းခေါ်ချိန် ၇၅-ရာခိုင်းနှုန်းထက်လျော့လို့မဖြစ်ပါဘူး။ ကျောင်းခေါ်ချိန် ၇၅-ရာခိုင်နှုန်းပြည့်မှသာ စာမေးပွဲဖြေဆိုခွင့်ရရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းခေါ်ချိန် ၇၅-ရာခိုင်နှုန်းပြည့်ဖို့က အရေးကြီးပါတယ်”လို့ ပြောကြားခဲ့သည်။
    ကျောင်းဝင်ခွင့်ရရှိသူများ စာရင်းအား ၂၀၁၃ ခုနှစ်ဒီဇင်ဘာ ၁၆ ရက် ပညာရေးဝန်ကြီးဌာနရှိတက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် ကြေညာ ခဲ့သည်။
    ယင်းထုတ်ပြည်ကြေညာရာတွင် မြန်မာစာ ၄၅ ဦး၊ အင်္ဂလိပ်စာ ၃၉ ဦး၊ သင်္ချာ ၅၀ ဦး၊ ပထဝီ ၄၉ ဦး၊ သမိုင်း ၄၇ ဦး၊ ဒဿနိက ၄၉ ဦး၊ စိတ်ပညာ ၄၉ ဦး၊ ဥပဒေ ၄၁ ဦး၊ အရှေ့တိုင်းပညာ ၃၉ ဦး၊ ကွန်ပျူတာ သိပ္ပံ ၃၆ ဦး၊ နိုင်ငံတကာ ဆက်ဆံရေး ၄၉ ဦး၊ မနုသဗေဒ ၃၂ ဦး၊ ရှေးဟောင်းသုတေသန ၄၉ ဦး၊ ရှုပဗေဒ ၄၇ ဦး၊ သတ္တဗေဒ ၄၆ ဦး၊ ရုက္ခဗေဒ ၄၉ ဦး၊ နိုင်ငံရေးသိပ္ပံ ၄၇ ဦး၊ ဓာတုဗေဒ ၃၇ ဦး၊ သတ္တဗေဒ ၄၆ ဦး၊ ကုန်ထုတ် ဓာတုဗေဒ ၃၈ ဦး တို့အား ထပ်မံဝင်ရောက်ခွင့်ပြုခဲ့ကြောင်းသတင်းရရှိသည်။
  • BBC: ဗြိတိသျှ သံအမတ် ရခိုင်ဒုက္ခသည်စခန်း လေ့လာ
    ဒီဇင်ဘာ ၂၄၊ ၂၀၁၃
    BBC (မြန်မာပိုင်း)
    121104121822_rohingyas_304x171_reuters
    မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီး အန်ဒရူး ပက်ထရစ် ဟာ ပြီးခဲ့တဲ့ သီတင်းပတ် က ရခိုင်ပြည်နယ်ရှိ ဒုက္ခသည် စခန်းတွေ ကို သွားရောက် လေ့လာ ခဲ့ပါတယ်။ ဒီအခါမှာ အခြေအနေဆိုးဝါးတဲ့ ဒုက္ခသည် တွေ ဆီကို လိုအပ်တဲ့ အကူအညီတွေ ရောက် အောင် မပို့နိုင်တာဟာ စိုးရိမ်စရာ ကောင်းတဲ့ အကြောင်း ဘီဘီစီ ကို ပြောပါတယ်။
    ဒီဒေသမှာ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ကူညီပံ့ပိုးမှု၊ ပါဝင်လေ့လာမှု တွေ အပေါ်မှာ ဒေသခံတွေ က ယုံကြည် လက်ခံမှု မရှိခြင်းဟာ အဓိက ပြဿနာ လို့ မြင်ခဲ့ရသလို၊ နိုင်ငံတကာ က အကူအညီတွေ အပေါ်မှာလည်း တချို့ ဒေသခံတွေ က ထိန်းချူပ်ဖို့ ကြိုးစားမှု တွေ ရှိနေကြောင်း၊ သူတို့ ဘာသာ စီမံခန့်ခွဲ လိုတဲ့ သူတွေ ရှိသလို၊ တချို့ကလည်း အထက်ပါ အကူအညီတွေ ကို စခန်းတွေထဲ မရောက် အောင် ထိန်းချူပ်ဖို့ ကြိုးစားသူတွေ ရှိကြောင်း သံအမတ်ကြီး က ရှင်းပြပါတယ်။
    ဒီလို စိုးရိမ်စရာ ကောင်းတဲ့ အခြေအနေ ကို မြန်မာ အစိုးရ အနေနဲ့ သေသေချာချာ စိစစ် ကိုင်တွယ်ဖို့ လိုနေပြီလို့ လည်း သံအမတ်ကြီး က ပြောပါတယ်။ ဒုက္ခသည်တွေ အနက် အပြင်ထွက်ပြီး အလုပ် လုပ်ခွင့် မရတာကြောင့်၊ ဒီလူတွေ ဆီ အကူအညီ ရောက်ဖို့ ပိုလိုအပ်တဲ့ အကြောင်း၊ ရခိုင်ဒုက္ခသည် တွေ ကတော့ စခန်းအပြင်ဘက် အလုပ် လုပ်ခွင့် ရတဲ့ အတွက်၊ မွတ်ဆလင် ဒုက္ခသည်တွေ လောက် အခြေအနေ မဆိုးဘူး လို့ လည်း သံအမတ်ကြီး အန်ဒရူး ပက်ထရစ် က ဘီဘီစီ ကို ပြောပါတယ်။
    ရခိုင်ပြည်နယ် က ဒုက္ခသည် စခန်းတွေ မှာ ရခိုင်လူမျိုးတွေ ရော၊ မွတ်ဆလင် ဒုက္ခသည်တွေ ပါ ရှိနေကြတာပါ။
    ဓါတ်ပုံ အညွှန်း- ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်း
    Photo- Reuters
    Link=>http://www.bbc.co.uk/burmese/burma/2013/12/131224_british_hma_rakhine.shtml
  • အရှုံးအနိုင် မပေါ်ခဲ့တဲ့ လန်ဒန်ဒါဘီ
    ဒီဇင်ဘာ ၂၄၊ ၂၀၁၃
    M-Media
    620-ars-che-ozil-mikel-new
    အာဆင်နယ် ၀-၀ ချယ်ဆီး
    အီမရိတ်တွင် ကစားခဲ့သည့် ယခုပွဲတွင် နှစ်သင်းစလုံး အကောင်းဆုံး အခွင့်အရေး နှစ်ကြိမ်ခန့်စီ ရခဲ့သော်လည်း ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့သောကြောင့် ဂိုးမရှိ သရေဖြင့်ပြီးဆုံး ခဲ့ရသည်။ မော်ရင်ဟို အနေဖြင့် ချယ်ဆီးနည်းပြအဖြစ် အာဆင်နယ်အသင်းနှင့် ၁၀ ကြိမ် တွေ့ဆုံရာတွင် ရှုံးပွဲမရှိခဲ့ဘဲ၊ အာဆင်နယ်အသင်း အနိုင်မရသည့် ပွဲမှာလည်း ၃ ပွဲဆက်ဖြစ်လာပြီဖြစ်သည်။
    ပွဲအစတွင် နှစ်သင်းစလုံး ကစားအားအနည်းငယ်နှေးသော်လည်း နောက်ပိုင်းတွင် ချယ်ဆီးအသင်းက ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် အာဆင်နယ်အသင်းဘက်သို့ ထိုးဖောက်ကစားလာနိုင်ခဲ့သည်။ ထို့ကြောင့် ဂိုးသွင်းခွင့်များရခဲ့ပြီး ရာမီးရက်စ်၏ ခေါင်းတိုက်ချက် ဘေးထွက်သွားခဲ့ကာ၊ လမ်းပတ်၏ ညာခြေဖြင့်ကန်ချက်မှာလည်း ဘားတန်းထိထွက်ခဲ့သည်။ အာဆင်နယ်အသင်းမှာ အစောပိုင်းမိနစ်များတွင် ဂိုးသွင်းခွင့်မရခဲ့ဘဲ ပထမပိုင်းပြီးကာနီးတွင်မှ အိုဇေးလ်နှင့် ရိုစစ်ဆကီးတို့က ချယ်ဆီးဂိုးပေါက်အား ခြိမ်းခြောက်နိုင်ခဲ့သည်။
    ဒုတိယပိုင်းတွင် အာဆင်နယ်တို့ကစားကွက် အသာဖြင့် ကစားနိုင်ခဲ့သော်လည်း ချယ်ဆီးအသင်းက ဂိုးသွင်းခွင့်များရခဲ့ပြီး လမ်းပတ်၊ ဂျွန်တယ်ရီတို့ ကြိုးပမ်းချက်များ ဂိုးမ၀င်ခဲ့သောကြောင့် အာဆင်နယ်အသင်း သက်သာရာရခဲ့ခြင်းဖြစ်သည်။ မိနစ် ၆၀ နောက်ပိုင်းတွင် အာဆင်နယ်တို့ ပြန်လည်တိုက်စစ်ဆင်နိုင်ခဲ့ပြီး ဂျရူး၏ကန်ချက်နှင့် ဆဂ်နာ၏ အပိုင်ခေါင်းတိုက်ချက်တို့ကို ချယ်ဆီးနောက်တန်းက ကာကွယ်သွားနိုင်ခဲ့သည်။ ယခုပွဲသရေကြောင့် အဆင်နယ်အသင်းမှာ လီဗာပူးလ်အသင်းနှင့် အမှတ်တူ ဂိုးကွာခြားချက်ဖြင့် ဒုတိယနေရာတွင် ရှိနေပြီး ချယ်ဆီးအသင်းမှာ အဆင့်လေးနေရာတွင်ရှိနေသည်။
  • ဒီဇင်ဘာ ၂၃၊ ပြည်တွင်းသတင်း စုစည်းမှု
    ဒီဇင်ဘာ ၂၃၊ ပြည်တွင်းသတင်း စုစည်းမှု
    ဒီဇင်ဘာ ၂၃၊ ၂၀၁၃
    M-Media
    KEAP အဖွဲ့အား တရားမ၀င် ကုန်သွယ်မှု ထိန်းချုပ်ရေးအဖွဲ့က ကန့်သတ်၍ တင်းမာမှု ဖြစ်ပွား
    – တရားမ၀င်ကုန်သွယ်မှုထိန်းချုပ်ရေးအဖွဲ့က ကရင်ငြိမ်းချမ်းရေးအဖွဲ့ဖြစ်သည့် နောင်ရိုးအထူးဒေသအဖွဲ့ (KEAP) အဖွဲ့မှ မြ၀တီ-ရန်ကုန်လမ်း၊ ဒိုက်ဦးလမ်းဆုံအနီး ညောင်ခါးရှည်ရွာတွင် ဒီဇင်ဘာလဆန်းပိုင်းက သယ်ဆောင်လာသော ကုန်ပစ္စည်းများစစ်ဆေး ထိန်းသိမ်းခဲ့ပြီး နောက်ရက်တွင် KEAP အဖွဲ့မှ လက်နက်ကိုင် လူအင်အား ၁၀-ဦးကျော်ဖြင့် လာရောက်ပြန်လည် ယူဆောင်သွားခဲ့မှုကြောင့် ရဲတပ်ဖွဲ့ဝင်များကို လက်နက်အစုံ တပ်ဆင် ပေးလိုက်ကြောင်း သိရသည်။
    ________________________
    ရထားလမ်းစီမံကိန်း နစ်နာမှု တောင်သူများ ယခုထိ လျော်ကြေးမရရှိသေး
    – ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ကျေးရွာနှင့် ကျောက်တော်မြို့အထိ ဖောက်လုပ်ခဲ့ပြီး လွန်ခဲ့သော ၃-နှစ်နီးပါးကတည်းမှ ပြေးဆွဲနေ သည့် ရထားလမ်းစီမံကိန်းကြောင့် ဆုံးရှုံးခဲ့ရသည့် လယ်ယာမြေများအတွက် ယနေ့အထိ လျော်ကြေးတစ်စုံတစ်ရာ မရရှိသေးဟု ဒေသခံ တောင်သူ များက ပြောကြားခဲ့ကြောင်း သိရသည်။
    ________________________
    ဗိုလ်ချုပ်အောင်ဆန်းအထ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကား ၂၀၁၅-ခုနှစ်တွင် မပြသနိုင်သေး
    – ၂၀၁၅-ခုနှစ် ဖေဖော်ဝါရီ ၁၃-ရက်နေ့တွင် ကျရောက်မည့် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အမီ မြန်မာနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံများတွင်ပြသရန် စီစဉ် ထားသည့် ဗိုလ်ချုပ်အောင်ဆန်း အထ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားမှာ ပြသရန် မဖြစ်နိုင်သေးကြောင်း ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့ဝင် တစ်ဦး ဖြစ်သူ ဦးဇာဂနာက မိဇ္ဈိမသို့ သုံးသပ်ပြောကြားခဲ့ကြောင်း သိရသည်။
    ________________________
    ၂၀၁၃-ခုနှစ် မကုန်မီ ကျန်ရှိနေတဲ့ နိုင်ကျဉ်းများ လွတ်မြောက်ရေး ကြိုးပမ်း
    – ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် မြန်မာနိုင်ငံတ၀န်းရှိ အကျဉ်းသားများ ၂၀၁၃ အကုန်မှာ မရှိစေရဆိုသည့် သမ္မတ၏ ကတိစကား အတိုင်း နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရန် ကြိုးစားဆောင်ရွက်နေကြပြီး နောက်ဆုံးလက်ကျန်စာရင်းအရ အကျဉ်းကျသူ ၃၈-ဦးနဲ့ အမှု ရင်ဆိုင်နေရသူ ၂၀၀ ကျော်ရှိကြောင်း လက်ကျန်နိုင်ငံရေါ် အကျဉ်းသားစိစစ်ရေး ကော်မတီအဖွဲ့ဝင်၊ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေး အသင်း AAPPB ၏ အတွင်းရေးမှူး ဦးဘိုကြည်မှ ပြောကြားခဲ့ကြောင်း သိရသည်။
    ________________________
  • တစ်ပါတ်အတွင်း သိပ္ပံနှင့် နည်းပညာ သတင်းများ (M-Media Tech ကဏ္ဍ)
    ဒီဇင်ဘာ ၂၃၊ ၂၀၁၃
    M-Media
    စုစည်းတင်ဆက်သူ- daythanix
    အပိုလို ၈ ရဲ့ ၄၅ နှစ်မြောက် နှစ်ပါတ်လည် ဗွီဒီယို
    NASA ရဲ့ ပထမဆုံး လကိုသွားတဲ့ အပိုလို ၈ ၄၅ နှစ်မြောက် နှစ်ပါတ်လည်အဖြစ် ဗွီဒီယို တစ်ခု ဖန်တီးလိုက်ပါတယ်။ အာကာသယာဉ်မှူးတွေအဖို့ အထူးခြားဆုံး မြင်ကွင်းကတော့ ၁၉၆၈ ဒီဇင်ဘာ ၂၄ ရက် မနက် ၁၀ နာရီခွဲ ကျော်ကျော် လောက်မှာ လရဲ့ မျက်နှာပြင် အစွန်းကနေ ကမ္ဘာကြီး ထွက်ပေါ်လာတောပဲ ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ အပိုလို ၈ မှာ တပ်ဆင်ထားတဲ့ ကင်မရာက ရိုက်ကူးခဲ့တဲ့ ပုံတွေနဲ့ တည်နေရာ နဲ့ အာကာသယာဉ်မှူးတွေ ရိုက်ကူးခဲ့တဲ့ ပုံတွေ အသံတွေကို Lunar Reconnaissance Orbiter ကပေးတဲ့ အခက်အလက်တွေနဲ့ ပေါင်းစပ်ပြီး ဒီဗွီဒီယို ကို ဖန်တီးလိုက်တာဖြစ်ပါတယ်။ အာကာသယာဉ်မှုးတွေ မြင်ခဲ့ရသလို မြင်ကွင်းမျိုး ဒီဗွီဒီယို မှာ မြင်ရမှာ ဖြစ်ပါတယ်။
    ———————————————————–
    လူငယ်ကျောင်းသားများ ရဲ့ 3D printer
    လက်ရှိ ဈေးကွက်ထဲက 3D printer တွေဟာ ဈေးကြီးလွန်းတာကြောင့် ကောလိပ်ကျောင်းသား လေးဦး 3D printer တစ်ခုကို တီထွင် ထုပ်လုပ်လိုက်ပါတယ်။ deltaprintr ရဲ့ nozzleခေါင်း ရွေ့လျားမှုဟာ polar coordinate နဲ့ ရွေ့လျားတာကြောင့် ဈေးကွက်ထဲက 3D printer တွေ Cartesians coordinate နဲ့ ရွေ့လျားတာထက် ပိုမိုမြန်ဆန်တယ်လို့ ဆိုပါတယ်။ အနုစိတ်မှုမှာလည်း 100 micron resolution ရှိတယ်လို့ ဆိုပါတယ်။ ဈေးနှုန်းအနေနဲ့ 680 $ လောက် သတ်မှတ်ထားပြီး ရံပုံငွေအတွက် ကိုယ်တိုင်တည်ဆောက်နိုင်တဲ့ kit များကိုလည်း ဝယ်ယူအားပေးနိုင်ပါတယ်။
    photo.php——————————————-
    အာကာသယာဉ်မှူးများ အာကာသထဲထွက် ပြင်ဆင်မှု အောင်မြင်
    နိုင်ငံတကာ အာကာသစခန်းISS မှာ ချွတ်ယွင်းနေတဲ့ အအေးပေးစံနစ်ကို ပြုပြင်ဖို့ ammonia pump ပြောင်းလဲ တပ်ဆင်တဲ့ အလုပ်ကို အာကာသယာဉ်မှူး Rick Mastracchio နဲ့ Mike Hopkins တို့ဟာ စုစုပေါင်းလိုက်ရင် ၅နာရီ ၂၈မိနစ်ကြာ အာကာသထဲမှာ ထွက်ပြီး အလုပ်လုပ်ခဲ့ရပါတယ်။ ဒီဇင်ဘာ ၂၁ ရက်နေက ဒီ လုပ်ဆောင်မှုဟာ အောင်မြင်စွာပြီးဆုံးခဲ့ပြီး ကျန်ရှိနေတဲ့ ပမ့်မော်တာ ပြောင်းလဲတပ်ဆင်တဲ့ အလုပ်ကိုတော့ အင်္ဂါနေ့မှာ လုပ်ဆောင်မှာ ဖြစ်ပါတာယ်။
    1527116_10152088175968166_1217315669_n
    ကြယ်ပေါင်း တစ်ဘီလီယံ ကို မြေပုံထုတ်မည့် Gaia ဂြိုဟ်တု
    ဥရောပ အာကာသအေဂျင်စီဟာ နဂါးငွေ့တန်း ဂလက်ဆီရဲ့ ကြယ်ပေါင်း တစ်ဘီလီယံ ကို သုံးဘက်မြင် တည်နေရာမြေပုံထုတ် နိုင်ဖို့ 1,000-megapixel ကင်မရာ ဒါဇင်ကျော် တပ်ဆင်ထားတဲ့ Gaia ဂြိုဟ်တု ကို ကြာသပတေးနေ့ (၁၈ ဒီဇင်ဘာ)က လွှတ်တင်လိုက်ပါတယ်။ ဒီဂြိုဟ်တုကို ၂၀၀၆ခုနှစ်က စတင် တည်ဆောက်ခဲ့တာ ဖြစ်ပြီး နဂါးငွေ့တန်း ဂလက်ဆီရဲ့ အကြောင်းကို ပိုမို သိရှိနားလည်ဖို့နဲ့ အာကာသ အချိန် တည်နေရာ ကွေးညွတ်မှုကဲ့သို့ ရူပဗေဒ တွက်ချက်မှုများကို လေ့လာနိုင်မှာလည်း ဖြစ်ပါတယ်။
    1495503_10152088176813166_1689485550_n
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် M-Media ခွင့်ပြုချက်မရှိဘဲ အသုံးပြုခွင့်မပြုပါ။
    ဆက်သွယ်ရန် [email protected]