News @ M-Media

Blog

  • ကိုဗစ်နှင့် စစ်အာဏာသိမ်းမှုကြောင့် မြန်မာ့လူဦးရေထက်ဝက်ခန့် ဆင်းရဲတွင်းထဲ ကျမည်

    ကိုဗစ်နှင့် စစ်အာဏာသိမ်းမှုကြောင့် မြန်မာ့လူဦးရေထက်ဝက်ခန့် ဆင်းရဲတွင်းထဲ ကျမည်

    ဧပြီ ၃၀၊ ၂၀၂၁
    M-Media

    -ကိုဗစ်ကပ်ရောဂါနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် လာမယ့်နှစ်ရောက်ရင် မြန်မာနိုင်ငံမှာ လူဦးရေရဲ့ထက်ဝက်လောက် ဆင်းရဲမွဲတွေမှု သတ်မှတ်ချက်အောက်ကို ရောက်ရှိလာနိုင်တယ်လို့ ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။

    ကိုဗစ်ကူးစက်မှုကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေး ကျဆင်းနေရာကနေ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေ၊ စစ်ကောင်စီရဲ့ ပြည်သူအပေါ်အကြမ်းဖက်မှုတွေ၊ ပိတ်ဆို့မှုတွေကြောင့် နိုင်ငံရဲ့ စီးပွားရေးအခြေအနေဟာ ပြိုလဲလုနီးပါး ဖြစ်လာတာ ဖြစ်ပါတယ်။

    ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ UNDP က၂၀၂၂ အစောပိုင်းရောက်ရင် မြန်မာနိုင်ငံက လူ ဦးရေ ထက်ဝက်နီးပါးဖြစ်တဲ့ ၂၅ သန်းလောက် ဆင်းရဲမွဲတွေမှု သတ်မှတ်ချက်အောက်မှာ နေထိုင်ရလိမ့်မယ်လို့ ဒီကနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    လက်ရှိဖြစ်ပွားနေတဲ့ ပြဿနာတွေကြောင့် တိုင်းပြည်ရဲ့အခြေအနေဟာ ၂၀၀၅ ခုနှစ်တုန်းကပုံစံအထိ ပြန်ရောက်သွားနိုင်တယ်လို့ UNDP တာဝန်ရှိသူ အာချင် စတိုင်နာက ပြောကြားခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်တုန်းကလည်း မြန်မာနိုင်ငံရဲ့ လူဦးရေ ထက်ဝက်လောက်ဟာ ဆင်းရဲမွဲတွေမှု သတ်မှတ်ချက်အောက်မှာ နေထိုင်ခဲ့ရတာ ဖြစ်ပါတယ်။

    “လည်ပတ်နေတဲ့ ဒီမိုကရက်တစ် အသင်းအဖွဲ့တွေ မရှိဘူးဆိုရင် မျိုးဆက်တစ်ခုအတွင်း မမြင်ခဲ့ရဘဲ ရှောင်လွှဲလို့ရနိုင်တဲ့ ဆင်းရဲမွဲတေမှု အခြေအနေအဆီ ဝမ်းနည်းဖွယ် ပြန်ရောက်သွားတာမျိုးကို မြန်မာနိုင်ငံက ရင်ဆိုင်ရမှာပါ”

    ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့ OCHA ကလည်း စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုတွေကြောင့် ကုန်စျေးနှုန်းတွေ တက်လာခဲ့ပြီး လာမယ့်သီတင်းပတ်တွေအတွင်း လူ ၃ သန်းလောက် စားနပ်ရိက္ခာပြတ်လတ်မှုကို ကြုံတွေ့ရနိုင်တယ်လို့ ပြီးခဲ့တဲ့တစ်ပတ်မှာ သတိပေးခဲ့ပါတယ်။

    Ref: Asia Times

  • မြန်မာနိုင်ငံတွင် ဒီမိုကရေစီထွန်းကားရေးအတွက် ဥရောပသမဂ္ဂက ကူညီရန် အသင့်ရှိနေ

    မြန်မာနိုင်ငံတွင် ဒီမိုကရေစီထွန်းကားရေးအတွက် ဥရောပသမဂ္ဂက ကူညီရန် အသင့်ရှိနေ

    ဧပြီ ၃၀၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ထွန်းကားရေးအတွက် သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေအားလုံးကို ကူညီထောက်ပံ့ပေးသွားဖို့ အဆင်သင့်ရှိနေတယ်လို ဥရောပသမဂ္ဂက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံထိပ်သီးအစည်းအဝေးကို ပြီးခဲ့တဲ့တစ်ပတ်က ကျင်းပခဲ့ပြီး အကြမ်းဖက်မှု ချက်ခြင်းရပ်တန့်ရေးအပါအဝင် အချက် ၅ ချက်ကို မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ သဘောတူညီချက် ရခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

    ဒီကနေ့ ဥရောပ သမဂ္ဂ နိုင်ငံခြားရေးဆိုင်ရာ အကြီးအကဲရဲ့ ထုတ်ပြန်ချက်မှာ မြန်မာ့အရေး အာဆီယံရဲ့ ကြိုးပမ်းမှုကို ထောက်ခံအားပေးတယ်လို့ ဖော်ပြထားပါတယ်။

    “မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရေး အဓိကကျတဲ့ သက်ဆိုင်သူတွေအားလုံးနဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုကို အာဆီယံက ဆောင်ရွက်ရာမှာ ဥရောပသမဂ္ဂက ကူညီဖို့ အဆင်သင့်ရှိနေပါတယ်”

    Ref: Reuters

  • တရုတ်နိုင်ငံ၏ခြိမ်းခြောက်မှုကို သတိထားရန် ဘိုင်ဒန်က လွှတ်တော်ကို တိုက်တွန်း

    တရုတ်နိုင်ငံ၏ခြိမ်းခြောက်မှုကို သတိထားရန် ဘိုင်ဒန်က လွှတ်တော်ကို တိုက်တွန်း

    ဧပြီ ၂၉၊ ၂၀၂၁
    M-Media

    -ရှီကျင့်ဖျင်ဟာ ၂၁ ရာစုမှာ ကမ္ဘာကို လွှမ်းမိုးနိုင်ဖို့ ‘အခိုင်အမာ ဆုံးဖြတ်ထားပြီး’ တရုတ်ရဲ့ခြိမ်းခြောက်မှုကို သတိထားရလိမ့်မယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က သတိပေးလိုက်ပါတယ်။

    ဘိုင်ဒန်ဟာ ဒီကနေ့ လွှတ်တော်မှာ မိန့်ခွန်းပြောကြားခဲ့ပြီး​ အမေရိကန်နိုင်ငံရေးသမားတွေ စည်းလုံညီညွတ်ဖို့ တိုက်တွန်းခဲ့သလို ရှေ့ဆက် သူလုပ်ဆောင်မယ့် အစီအစဉ်တွေကိုလည်း ချပြခဲ့ပါတယ်။

    ၂၁ ရာစုမှာ အခြားသူတွေနဲ့ ယှဉ်ပြိုင်ရမယ့်အစား အချင်းချင်း ပြိုင်နေရင်းနဲ့ အချိန်မဖြုန်းသင့်ဘူးလို့ ဘိုင်ဒန်က ​ပြောခဲ့ပါတယ်။

    “ကျွန်တော် ရှီကျင့်ဖျင်နဲ့ တော်တော်အချိန်ကုန်ခဲ့ဖူးတယ်။ သူနဲ့ သီးသန်းဆွေးနွေးမှု ၂၄ နာရီလောက် လုပ်ဖူးပါတယ်။ ကျွန်တော်သမ္မတဖြစ်တာကို ဂုဏ်ယူကြောင်း ဖုန်းဆက်ပြောတဲ့အချိန်က ၂ နာရီလောက် ကျွန်တော်တို့ စကားပြောခဲ့ကြတယ်။ ကမ္ဘာပေါ်မှာ လွှမ်းမိုးချုပ်ကိုင်နိုင်ဆုံး နိုင်ငံတစ်ခုဖြစ်လာရေး ဆောင်ရွက်ဖို့ သူက အခိုင်အမာ ဆုံးဖြတ်ထားပြီးသားပါ”

    ရှီကျင့်ဖျင်နဲ့ အခြားအာဏာရှင်တွေက ၂၁ ရာစုမှာ ဒီမိုကရေစီဟာ အာဏာရှင်စနစ်ကို မယှဉ်နိုင်တော့ဘူးလို့ ထင်နေကြကြောင်း ဘိုင်ဒန်က လွှတ်တော်မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    “ဒီမိုကရေစီဟာ သဘောတူညီမှုရဖို့ သိပ်ကြတယ်ပေါ့ဗျာ။ အနာဂတ် ဒီအားပြိုင်ပွဲမှာ အနိုင်ရဖို့အတွက် ကျွန်တော်တို့ရဲ့ မိသားစုတွေ၊ ကလေးငယ်တွေမှာ မျိုးဆက်တစ်ခု တစ်ကြိမ်ကောင်းဆိုတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ လိုတယ်လို့ ကျွန်တော် မြင်ပါတယ်”

    Ref: Reuters

  • ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်လာသည့် တူရကီတွင် တစ်နိုင်ငံလုံး လော့ဒေါင်းချ

    ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်လာသည့် တူရကီတွင် တစ်နိုင်ငံလုံး လော့ဒေါင်းချ

    ဧပြီ ၂၉၊ ၂၀၂၁
    M-Media

    -ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်လာတာကြောင့် ဧပြီလ ၂၉ ရက်နေ့ကနေ မေလ ၁၇ ရက်နေ့အထိ တစ်နိုင်ငံလုံး လော့ဒေါင်းချမယ်လို့ တူရကီက ကြေငြာလိုက်ပါတယ်။

    တူရကီမှာ ကိုဗစ်ကူးစက်မှုနဲ့ သေဆုံးမှုဟာ ပြီးခဲ့တဲ့တစ်ပတ်က စတင်ပြီး မြင့်တက်လာကာ နေ့စဉ်သေဆုံးမှုက ၃၅၀ အထိ ရှိလာခဲ့ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ်မှာ ကြုံတွေ့ခဲ့ရတဲ့ ကိုဗစ်လှိုင်း ၂ ခုက တစ်နေ့တာသေဆုံးမှုထက် ပိုမိုမြင့်တက်လာတာ ဖြစ်ပါတယ်။

    အခုလအစပိုင်းက နေ့စဉ်ကူးစက်မှု ၆ သောင်းကျော် ရှိခဲ့ရာကနေ မနေ့ကတော့ ၄ သောင်းကျော်အထိ ကျဆင်းသွားပါတယ်။

    တူရကီသမ္မတ အာဒိုဂန်က တစ်နေ့ကကို ကူးစက်မှု ၅ ထောင်သာ ရှိတော့အောင် အလျင်အမြန်လျှော့ချသွားရမှာဖြစ်တဲ့အတွက် တစ်နိုင်ငံလုံး လော့ဒေါင်းချမှုကို လုပ်ဆောင်ရတာလို့ တနင်္လာနေ့မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

    ဇန်နဝါရီလလယ်ကစပြီး တူရကီဟာ ပြည်သူ ၂၂ သန်းကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးဖို့ စီစဉ်ခဲ့တာပါ။ လက်ရှိအချိန်အထိ လူပေါင်း ၁၃.၅၅ သန်း ပထမတစ်ကြိမ် ကာကွယ်ဆေး ထိုးထားပြီးပါပြီ။

    တရုတ်ထုတ် Sinovac ကာကွယ်ဆေး သန်း ၁၀၀ ကို တူရကီက မှာယူထားပြီး အမြန်ဆုံးပို့ပေးဖို့လည်း တရုတ်ကို တောင်းဆိုထားပါတယ်။

    တူရကီဟာ Pfizer-BioNTech ကာကွယ်ဆေးကို ရရှိထားပြီး၊ Sputnik V ဝယ်ယူဖို့နဲ့ ပြည်တွင်းမှာ ထုတ်လုပ်နိုင်ဖို့လည်း ရုရှားနဲ့ စာချုပ်ချုပ်ဆိုထားပါတယ်။

    Ref: Aljazeera

  • လတ်တလောတိုက်ပွဲများကြောင့် နိုင်ငံတစ်ဝှမ်း ထွက်​ပြေးရသူ သောင်းချီရှိ

    လတ်တလောတိုက်ပွဲများကြောင့် နိုင်ငံတစ်ဝှမ်း ထွက်​ပြေးရသူ သောင်းချီရှိ

    ဧပြီ ၂၉၊ ၂၀၂၁
    M-Media

    -စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား တစ်ကျော့ပြန် တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ​ သောင်းချီ ရှိလာတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအဖွဲ့ OCHA က ထုတ်ပြန်ပါတယ်။

    င်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ​ သောင်းချီ ရှိလာတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအဖွဲ့ OCHA က ထုတ်ပြန်ပါတယ်။

    ကချင်ပြည်နယ်မှာ လတ်တလော KIA နဲ့ စစ်ကောင်စီတပ်တွေရဲ့ တိုက်ပွဲတွေအတွင်း အိုးအိမ်ပျက်ဆီး ဆုံးရှုံးတာတွေရှိသလို လူ ၅၀၀၀ လောက် နေရပ်စွ့န်ခွာ ထွက်ပြေးခဲ့ရပါတယ်။

    နှစ်ဖက်တိုက်ခိုက်မှုတွေမှာ လက်နက်ကြီးတွေ အသုံးပြုတာရှိသလို၊ စစ်ကောင်စီဖက်က လေယာဉ်နဲ့ တိုက်ခိုက်တာတွေလည်း ရှိပါတယ်။

    “ရက်အနည်းအငယ်အတွင်း လူ ၈၀၀ လောက် မူလနေရပ်ကို ပြန်လာခဲ့ပြီး ၄၀၀၀ လောက်ကတော့ ဘုရားကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ အပါအဝင် အခြားနေရာတွေမှာ ခိုလှုံနေရပါတယ်” လို့ OCHA က ပြောပါတယ်။

    KIA နဲ့ မြန်မာစစ်တပ်တို့အကြား ၂၀၁၁ ခုနှစ်က တစ်ကျော့ပြန်တိုက်ပွဲတွေ ဖြစ်လာခဲ့ပြီးတဲ့နောက် ၂၀၁၈ ခုနှစ် စက်တင်ဘာလအထိ အနည်းဆုံး လူပေါင်း ၉၅၀၀၀ လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

    OCHA က ဖေဖော်ဝါရီနောက်ပိုင်း တစ်ကျော့ပြန်ဖြစ်ပွားတဲ့ တိုက်ခိုက်မှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေကို မလုံခြုံမှုတွေ၊ စိန်ခေါ်မှုတွေ ရှိနေပေမယ့် အရေးပေါ်အကူအညီတွေ ပေးပို့နိုင်အောင် လူသားချင်း စာနာထောက်ထားမှုအဖွဲ့တွေ၊ ဒေသတွင်း ကူညီရေးအဖွဲ့တွေက အကောင်းဆုံး ကြိုးစားဆောင်ရွက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    ရှမ်းပြည်နယ်မှာလည်း ဇန်နဝါရီလနောက်ပိုင်း ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် လူပေါင်း ၁၀၉၀၀ လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ၄၀၀၀ နီးပါးလောက်က လက်ရှိအချိန်အထိ ဘေးလွတ်ရာမှာ နေထိုင်နေရပါတယ်။

    ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းဒေသကြီးမှာလည်း ကရင်လက်နက်ကိုင်အဖွဲ့နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေဖြစ်လာတာကြောင့် လူ ၄ သောင်းနီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ထိုင်းနိုင်ငံကို ထွက်ပြေးရသူက ၃ ထောင်လောက် ရှိနေပါတယ်။

    Ref: UN News