News @ M-Media

Blog

  • ဒီဇင်ဘာ ၁၈ နိုင်ငံတကာ သတင်းများ

    ဒီဇင်ဘာ ၁၈ ၊ ၂၀၁၃
    M-Media

    အိန္ဒိယ သံတမန်တဦး အမေရိကန် ဖမ်းဆီး၊ နှစ်နိုင်ငံ ဆက်ဆံရေးတင်းမာ

    နယူးယောက်မြို့ရှိ အိန္ဒိယသံတမန်တစ်ဦးအား အမေရိကန်မှ ဖမ်းဆီးလိုက်ခြင်းကြောင့် အမေရိကန်နှင့် အိန္ဒိယတို့၏ ဆက်ဆံရေးမှာ တစ်ဖြည်းဖြည်းတင်းမာလာခဲ့ပြီး အိန္ဒိယသို့ ရောက်ရှိနေသည့် အမေရိကန် ကွန်ဂရက်မှ ကိုယ်စားလှယ်အဖွဲ့အား အိန္ဒိယ အာဏာပိုင်များက တွေ့ဆုံခြင်း မရှိသည် အထိ ဖြစ်လာခဲ့သည်။

    အိန္ဒိယနိုင်ငံအတွင်းရှိ အမေရိကန် သံအမတ်များအားလုံး ၎င်းတို့၏ သက်သေခံကဒ်များကို ချိတ်ဆွဲရန် ယမန်နေ့တွင် အစိုးရက ညွှန်ကြားခဲ့ပြီး၊ နယူးဒေလီရှိ အမေရိကန်သံရုံးရှေ့မှ လုံခြုံရေးအဆီးအတားများကိုလည်း ဖယ်ရှားပစ်ခဲ့သည်။ ထို့ပြင် အမေရိကန် သံအမတ်များ၏ လေဆိပ်သို့ ၀င်ရောက်ခွင့်ကိုလည်း ပိတ်ပင်ထားကာ ယခုထက်ပိုမို၍ ကန့်သတ်ချက်များပြုလုပ်မည်ဟု သိရသည်။

    ကွန်ဂရက်ပါတီ ဒုတိယဥက္ကဌနှင့် ဖက်ဒရယ်ပြည်ထဲရေးဝန်ကြီး ဆူရှီကူးမားတို့ကလည်း အိန္ဒိယ သံတမန်အား အမေရိကန်တို့ဖမ်းဆီးထားမှုကို ဆန့်ကျင်သောအနေဖြင့် နယူးဒေလီသို့ ရောက်ရှိနေသည့် အမေရိကန် ကိုယ်စားလှယ်အဖွဲ့အား တွေ့ဆုံရန် ယမန်နေ့က ငြင်းဆန်ခဲ့ကြသည်။

    ap348027554787_wide-6df48de2f27e3d85f86213277a4611b374ea6051-s6-c30
    ——————————
    ရုရှမှ ယူကရိန်းရဲ့ ကြွေးမြီ ဒေါ်လာ ၁၅ ဘီလီယံ လျော်ပေး

    – ယူကရိန်းနိုင်ငံတင်ရှိနေသည့် ကြွေးမြီး ကန်ဒေါ်လာ ၁၅ ဘီလီယံအား လျော်ပေး နှင့် ရုရှားမှ တင်ပို့နေသာ ဓာတ်ငွေ့ဈေးနှုန်းကို သုံးပုံတစ်ပုံအထိလျှော့ချရန် ရုရှားသမ္မတ ဗလာဒီမာပူတင်က ယမန်နေ့တွင် သဘောတူခဲ့သည်ဟု သိရသည်။ ထိုသဘောတူညီချက်မှာ နိုင်ငံအတွင်းကြုံတွေ့နေ ရသည့် လစာအခက်အခဲနှင့် ပြီးခဲ့သည့် နှစ်အစကတည်းက ဖြစ်ပေါ်နေသည့် စီးပွားရေးကျဆင်းမှုကြောင့် ကြုံတွေ့ရနိုင်သည့် အခက်အခဲများကို ကျော်လွှားရန် ကူညီမှုတစ်ခု လည်းဖြစ်သည်။ သို့သော်လည်း ထောင်ပေါင်းများစွာသော ယူကရိန်းပြည်သူများမှာ ထိုသဘောတူညီချက်အား လက်မခံဘဲ ကိဗ်မြို့၏ လွတ်လပ်ရေးရင်ပြင်တွင် စုရုံးကာ ဆန္ဒပြနေကြသည်။
    —————————————–

    အမေရိကန် Gay မဂ္ဂဇင်းတစ်ခုမှ ပုပ်ရဟန်းမင်းကြီးကို ၂၀၁၂ အတွက် အကောင်းဆုံး ပုဂ္ဂိုလ်အဖြစ် ရွေးချယ်

    – လိင်တူချစ်သူများ အခွင့်အရေးကို ဦးစားပေးဖော်ပြသည့် အမေရိကန် မဂ္ဂဇင်းတစ်ခုက ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အား ယခုနှစ်အတွင်အကောင်းဆုံး ပုဂ္ဂိုလ်အဖြစ် ရွေးချယ်ခဲ့သည်ဟု သိရသည်။ ပုပ်ရဟန်းမင်းကြီးအနေဖြင့် လိင်တူချစ်သူများအား အားပေးသည့် စကားများကို ပြောဆိုခဲ့ခြင်းကြောင့် The Advocate ဟု အမည်ရသည့် အဆိုပါ မဂ္ဂဇင်းက ထိုကဲ့သို့ ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ပုပ်ရဟန်းမင်းကြီး၏ ၇၇ နှစ်မြောက် မွေးနေ့နှင့်လည်း တိုက်ဆိုင်နေသည်။

    Source:Reuters

    ——————————

    နိုင်ငံတကာ အာကာသစခန်း ISS ပြင်ဆင်မည်

    – နိုင်ငံတကာ အာကာသစခန်း ISS ရှိ အကြီးဆုံးအအေးပတ်လမ်းတစ်ခု ပျက်စီးမှုအား အမြန်ပြုပြင်ရန်အတွက် အမေရိကန် ပညာရှင်များက အာကာသအတွင်း ဆင်းသက်ဆောင်ရွက်မည်ဟု နာဆာမှ ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။ ISS ရှိ အအေးပတ်လမ်းနှစ်ခုမှ တစ်ခုမှာ ပန့်နှင့် အဆို့ရှင် ပြဿနာကြောင့် ပြီးခဲ့သည့် တစ်ပါတ်က ပိတ်ပစ်ခဲ့ရပြီး ISS တွင် တာဝန်ထမ်းဆောင်နေသည့် ပညာရှင်သုံးဦးမှာ စနေ၊ တနင်္လာနှင့် ဗုဒ္ဓဟူးနေ့များတွင် အာကာသအတွင်းသို့ ဆင်းသက်ကာ ပြင်ဆင်မည်ဖြစ်သည်။

    —————————–

    ဖိလစ်ပိုင်အလှမယ် နိုင်ငံတကာ အလှမယ်ဘွဲ့ Miss International ဆွတ်ခူး

    – ဂျပန်နိုင်ငံ တိုကျိုမြို့ Shinagawa Prince ဟိုတယ်တွင် ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ၂၀၁၃-ခုနှစ် နိုင်ငံတကာ အလှမယ်ပြိုင်ပွဲတွင် ဖိလစ်ပိုင်အလှမယ် ဘီအာ ရိုဆေး ဆန်တီယေဂိုက နိုင်ငံတကာ အလှမယ်ဘွဲ့ Miss International 2013 ဘွဲ့အား ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။ ပြိုင်ပွဲဝင် ၆၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ၅၃ ကြိမ်မြောက် အဆိုပါပြိုင်ပွဲတွင် ရိုဆေးမှာ နယ်သာလန်အလှမယ်နှင့် နယူးဇီလန်အလှမယ်တို့ကို ကျော်ဖြတ်ကာ ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။

    ပြီးခဲ့သည့်နှစ်ပြိုင်ပွဲက အနိုင်ရရှိခဲ့သည့် အလှမယ်မှာ ယခုပွဲအား တက်ရောက်နိုင်ခြင်း မရှိသောကြောင့် ၂၀၀၈ ခုနှစ်တွင် ဆုရရှိခဲ့သည့် စပိန်မယ်က ရိုဆေးအား သရဖူဆောင်းပေးခဲ့သည်။

    ဆုရရှိခဲ့မှုနှင့်ပက်သက်၍ ရိုဆေးက “ဒါဟာ ကျွန်မရဲ့ အိပ်မက်ပါပဲ။ ကျွန်မကိုရွေးချယ်ခဲ့တဲ့အတွက် ဂျပန်ပြည်ကို ကျေးဇူးတင်ပါတယ်။ ဒီပွဲက ကျွန်မရဲ့ သရဖူနဲ့ ကျမရဲ့ဘွဲ့(ဆုကြေးငွေ)ကို မုန်တိုင်းဒဏ်ခံပြည်သူတွေကို ကူညီသွားမှာပါ။ ဒါ(ဒီဆု)ဟာ ကျွန်မရဲ့နိုင်ငံနဲ့ ကျွန်မရဲ့ ပြည်သူတွေအတွက်ပါ” ဟု ပြောကြားသွားခဲ့သည်။
    ……………………………….

  • မြောက်ကိုရီးယားနှင့် လက်နက်ရောင်းဝယ်မှုကြောင့် မြန်မာ ကုမ္ပဏီသုံးခုနှင့် စစ်တပ် အရာရှိတစ်ဦးအား အမေရိကန်မှ အမည်ပျက် စာရင်းသွင်း

    ဒီဇင်ဘာ ၁၈၊ ၂၀၁၃
    M-Media

    Thein-Htay
    – မြောက်ကိုရီးယားနှင့် တရားမ၀င် လက်နက်ရောင်းဝယ်မှုတွင် ပါဝင်နေသည့်ဟု စွပ်စွဲကာ မြန်မာနိုင်ငံရှိ ကုမ္ပဏီသုံးခုနှင့် စစ်တပ်အရာရှိတစ်ဦးအား အမေရိကန်က ယမန်နေ့တွင် ကန့်သတ်ပိတ်ဆို့မှုများကို ပြုလုပ်ခဲ့သည်ဟု သိရသည်။

    ဘဏ္ဍားရေဌာနမှ ယမန်နေ့က ထုတ်ပြန်ခဲ့သည့် ကန့်သတ်ပိတ်ပင်သူများစာရင်း၌ ပါဝင်သူများမှာ ကာကွယ်ရေှးဌာနပစ္စည်းထုတ်လုပ်ရေးရုံး DDI အား တာဝန်ယူဆောင်ရွက်နေသည့် ဒုဗိုလ်မှူးကြီး ကျော်ညွန့်ဦး၊ စစ်လက်နက်ပစ္စည်းများ ထုတ်လုပ်ရန်အတွက် ကုန်ကြမ်းများတင်သွင်းရန် မြောက်ကိုရီးယား အာဏာပိုင်များနှင့် ပြီးခဲ့သည့် ဇွန်လကတည်းက အလုပ်လုပ်နေသည့် စိုးမင်းထိုက် ကုမ္ပဏီလိမိတက်နှင့် Excellence Mineral ကုမ္ပဏီ၊ DDI ရုံးအား ဆောက်လုပ်နေပြီး၊ ဆောက်လုပ်ရေးပစ္စည်းများကို ထောက်ပံ့ပေးနေသည့် Asia Metal ကုမ္ပဏီတို့ဖြစ်ကြသည်။ ထို့ပြင် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလကတည်းက စတင်ဆောင်ရွက်ခဲ့သည့် DDI ရုံးတွင် မြောက်ကိုရီးယားနိုင်ငံသား ၃၀ နီးပါးခန့် အလုပ်လုပ်ကိုင်နေပြီး DDI ရုံး၏ အကြီးအကဲဟောင်းဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးကိုလည်း ပြီးခဲ့သည့် ဇူလိုင်လကတည်းက အမေရိကန်မှ ကန့်သတ်ပိတ်ဆို့မှု ပြုလုပ်ခဲ့သည်။

    မြောက်ကိုရီးယားနိုင်ငံနှင့် စစ်လက်နက်ပစ္စည်းများကုန်သွယ်မှုကို ရပ်တန့်လိုက်ပြီဟု မြန်မာအစိုးရက ပြောကြားခဲ့သော်လည်း အမှန်တစ်ကယ်တွင် လျှော့ချလိုက်ခြင်းသာဖြစ်ပြီး ရပ်တန့်ခြင်းမရှိဟု အမေရိကန်အာဏာပိုင်းများက ပြောကြားခဲ့သေးသည်။

    ထို့ကဲ့သို့ ကန့်သတ်ပိတ်ဆို့မှုမှာ မြန်မာအစိုးရအား တိုက်ရိုက်ပစ်မှတ်ထားခြင်းမဟုတ်သော်လည်း မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အပေါ် လေးစားလိုက်နာမှုအား သံသယ ဖြစ်သွားစေခဲ့သည်။

    မြန်မာစစ်တပ်နှင့် မြောက်ကိုရီးယားတို့၏ ဆက်ဆံရေးပြတ်တောက်ခြင်းမှာ ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်ခဲ့သည့် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့် ကြာရှည်စွာ သီးခြားဖြစ်နေခြင်းအား အဆုံးသတ်ရန်နှင့် အမေရိကန်၏ အဓိကရည်မှန်းချက်လည်းဖြစ်သည်။
    Ref: AP

    ဓါတ်ပုံအညွန်း- မြောက်ကိုရီးယားနှင့် လက်နက်ရောင်းဝယ်မှုကြောင့် အမေရိကန်မှ ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် အမည်ပျက်စာရင်းသွင်းထားသည့် သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့မှ နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီးဟောင်း ဒုတိယ ဗိုလ်ချူပ်ကြီး သိန်းဌေး (ယခု ကာကွယ်ရေးဝန်ကြီးဌာန)

    Photo-  (Reuters)

  • ကင်မရွန်းနိုင်ငံတွင် အစ္စလာမ်သာသနာကို စိတ်ဝင်စားမူမြင့်တက် ၊ ကူးပြောင်းမှု များပြားလာ

    ဒီဇင်ဘာ ၁၈၊ ၂၀၁၃
    M-Media

    Islam-Flourishes-In-Cameroon
    အလယ်အာဖရိကနိုင်ငံ တစ်ခုဖြစ်သည့် ကင်မရွန်းနိုင်ငံတွင် အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်သူများမှာ တဖြည်းဖြည်းတိုးပွားလာပြီး ဗလီဝတ်ကျောင်းတော်များ ကိုလည်း တိုးချဲ့ဆောက် လုပ်လာကြသည်ဟု လေ့လာမှုများ အရသိရသည်။

    အစ္စလာမ်ဘာသာဝင်များ၏ လေးစားအားကျဖွယ်ကောင်းသော အပြုအမူများကြောင့် မြို့တော် Douala တွင် အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်ကြသူများမှာ တစထက်တစ တိုးပွားလာနေသည်။

    “ရှိနေတဲ့ဗလီတွေကို တိုးချဲ့တာတွေ၊ ဗလီအသစ်တွေကို ဆောက်လုပ်နေတာတွေက ယေဘုယျအားဖြင့်  Douala နဲ့ ကင်မရွန်းနိုင်ငံမှာ အစ္စလာမ်ဘာသာဝင်တွေ တိုးလာတယ်ဆိုတာ ထင်ရှားတဲ့ ပြယုဂ်တစ်ခုပါပဲ။ အလ်ဟမ်ဒုလစ်လ္လာဟ် (ချီးမွမ်းခြင်းအပေါင်းတို့သည် အလ္လာဟ်အရှင်မြတ်အဖို့သာဖြစ်၏) အခုဆို သောကြာနေ့ ၀တ်ပြုဖို့အတွက် Douala မှာ ဗလီဝတ်ကျောင်း တော်တော်များများဖြစ်လာပါပြီ၊ ဒါဟာ အစ္စလာမ်သာသနာ ထွန်းကားမှုရဲ့ လက္ခဏာပါပဲ” ဟု Douala မြို့၏ အီမာမ်ချုပ် ရှိခ် မာလစ် ဖာရူးက်က Andolu သတင်းအေဂျင်ဆီသို့ ဒီဇင်ဘာ ၁၅ ရက်နေ့က ပြောကြားခဲ့သည်။

    ထို့ပြင် ကင်မရွန်းမွတ်စလင်မ်များ၏ စံပြုထိုက်သော အမူအကျင့်များက အစ္စလာမ်သာသနာသို့ ၀င်ရောက်မှုတိုးပွားလာခြင်း၏ အဓိကအကြောင်းအရင်းဖြစ်သည်ဟု ဖာရူးက်က ထည့်သွင်းပြောကြားခဲ့သည်။

    “ဒီကမွတ်စလင်မ်က ကိုယ်ကျင့်တရားကောင်းအောင် ကြိုးစားဆောင်ရွက်ကြတယ်။ သူတို့ရဲ့ မွတ်စလင်မ်မဟုတ်တဲ့ အိမ်နီးချင်းတွေကိုလည်း လေးလေးစားစားနဲ့ဆက်ဆံကြတယ်။ ကိုယ်ကျင့်တရားပျက်ပြားတဲ့ လုပ်ရပ်တွေမှာလည်း မပါဝင်ကြဘူး။ ဒါတွေကပဲ အခြားသူတွေ အစ္စလာမ်ထဲရောက်လာအောင် စွဲဆောင်ခဲ့တာပါ။ မူးယစ်ဆေးဝါး၊ အရက်သေစာနဲ့ HIV ကူးဆက်မှုများစေတဲ့ လိင်ပိုင်းဆိုင်ရာလုပ်ရပ်တွေကနေ သန့်သန့်ရှင်းရှင်းနေချင်တဲ့သူတွေက အစ္စလာမ်ကို အလျင်အမြန်ပဲ လက်ခံလာကြပါတယ်” ဟု သူက ဆိုသည်။

    ကင်မရွန်းမွတ်စလင်မ်များမှာ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် လူမှုအဖွဲ့အစည်းတိုးတက်ရေး ပရဟိတလုပ်ငန်းများတွင် တက်ကြွစွာပါဝင်ကြပြီး၊ အလှူဒါန ရက်ရောကာ စာသင်ကျောင်းများ ဗလီဝတ်ကျောင်းတော်များ ဆောက်လုပ်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ကြသည်ဟု သိရသည်။

    ကင်မရွန်းနိုင်ငံရှိ မွတ်စလင်မ်များမှာ ငြိမ်းချမ်းစွာနေထိုင်ကြပြီး မည်သည့် ဘာသာရေးပဋိပက္ခမှ မဖြစ်ခဲ့ဖူးကြောင်း အီမာမ်တစ်ဦးအနေဖြင့် စည်းလုံးညီညွတ်မှု၊ ပေါင်းစည်းမှုနှင့် ညီအကိုမောင်နှမစိတ်ဓာတ် စသည်တို့ကို သွန်သင်ပေးကြောင်း ဖာရူးက်က ထပ်လောင်းပြောကြားခဲ့သည်။

    “အခြားဘာသာဝင်တွေကို လေးလေးစားစားနဲ့ဆက်ဆံဖို့ ကျွန်တော်တို့ သွန်သင်ပေးပါတယ်။ ဒါဟာ အလယ်အာဖရိကနိုင်ငံက ပြည်သူတွေ အတုယူဖို့လိုအပ်တဲ့ ဥပမာတစ်ခုပါပဲ”

    အစ္စလာမ်သာသနာမှာ ကင်မရွန်းနိုင်ငံသို့ ၁၈၀၀ ပြည့်နှစ်များကတည်းက ရောက်ရှိလာခဲ့ပြီး မြို့တော် Douala သို့ ၁၉၂၂ ခုတွင်မှ မြောက်ပိုင်းရှိကုန်သည်များမှတစ်ဆင့် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

    စီအိုင်အေ၏ မှတ်တမ်းများအရ ကင်မရွန်းနိုင်ငံ လူဦးရေ ၂၀.၅ သန်း၏ ၂၀ ရာခိုင်နှုန်းမှာ အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်ကြသူများဖြစ်ပြီး၊ များသောအားဖြင့် Fulani နှင့် Peuhl မျိုးနွယ်စုများဖြစ်ကြကာ နိုင်ငံမြောက်ပိုင်းတွင် အများဆုံးနေထိုင်ကြသည်။ ကင်မရွန်းနိုင်ငံမှာ အခြားသော အာဖရိကနိုင်ငံများနှင့်မတူဘဲ အခြေခံဥပဒေတွင် လွတ်လပ်စွာကိုးကွယ်ခွင့် ပေးထားပြီး အစိုးရမှာလည်း ဘာသာအယူဝါဒ ကျင့်သုံးမှုများအား အလေးထားကြသည်။
    Ref: OnIslam

  • တစ္ဆေခြောက်တဲ့မြို့ (သို့မဟုတ်) မြန်မာ့နေပြည်တော်

    ဒီဇင်ဘာ ၁၈ ၊ ၂၀၁၃
    M-Media
    မူရင်းဆောင်းပါးရှင်- Denis D. Gray

    p8-ghost-a-20131215-870x580
    Photo-AP
    နေပြည်တော်။               ။ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများသည် နေပြည်တော်၌ စတင်အခြေစိုက်ရန် လုပ်ဆောင်နေပြီဖြစ်သည်။

    တစ်နေ့လျှင်နှစ်ကြိမ် ရေချိုးပေးခြင်း၊ ယုယခြင်းဖြင့် နာရီမပြတ်ကြည့်ရှုစောင့်ရှောက်ထားသော ဆင်ဖြူတော် ငါးကောင်သည် မြန်မာနိုင်ငံ၏ ကျယ်ပြန့်ဝေးလံ၍့ အိပ်မက်ဆန်သော မြို့တော်အတွင်းရှိ သတ်မှတ်မြက်ခင်းပြင်ကြီး၌ စိတ်တိုင်းကျ စည်းစိမ်ခံလျက်ရှိနေကြသည်။ ၄င်း၏ အထက်မှာတော့ တောက်ပနေသည့် ရွှေချဘုရားတစ်ဆူက အုပ်မိုးထားသည်။

    ရှေးအခါကာလကပင် မြန်မာနိုင်ငံဘုရင် မင်းဆက်များက ယင်းသို့သော အဖြူရောင်အဆင်းရှိ ရှားပါးတိရိစ္ဆာန်များကို ဘုရင့်နယ်မြေ၏ ထူးမြတ် အဆောင်အယောင်၊ အာဏာနှင့် ဂုဏ်သိက္ခာတို့၏ အထိမ်းအမှတ် သင်္ကေတများအဖြစ် သတ်မှတ်ကြပေသည်။ သို့သော် အဆမတန် ချဲ့ကား၍ ငွေကြေးများစွာ အကုန်ကျခံကာ တိတ်ဆိတ်စွာ အုတ်မြစ်ချ တည်ဆောက်ထားခဲ့သော၊ နိုင်ငံ့စစ် အာဏာရှင်ဟောင်းများက အခြေစိုက်ရန် မသင့်ဟုယူဆခဲ့သော   နေပြည်တော်မြို့တွင် “ဆင်ဖြူတော်” ကဲ့သို့ တန်ဖိုးကြီး၍ ထိန်းသိမ်းရ ခက်သောအရာသည် ဒုက္ခပေးမည့် အဆင်တန်ဆာ တစ်ရပ်အဖြစ် အချို့က ရှုမြင်ကြသည်။

    ဘုရင့်ဘုံဗိမာန်ဟု အဓိပ္ပာယ်ရသော နေပြည်တော်အား တည်ထောင်ခဲ့ပြီး ၈ နှစ်အကြာတွင် အစိုးရသစ်၏ အခြေစိုက်တည်နေရာ အဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။ သို့သော်လည်း မြို့တော်သည် တောနက်ထဲက ထွက်ပေါ်လာသည့် တစ္ဆေမြို့တော်အလား ခြောက်ကပ် တိတ်ဆိတ်လျက်ရှိခဲ့သည်။

    ယခုအခါ ပုဂ္ဂလိကလုပ်ငန်းများသည် ထိုနေရာ၌ အခြေချရန်ပြင်ဆင်လာသည်။ စတိုးဆိုင် နှင့် စားသောက်ဆိုင်များ ပိုမို ဖွင့်လှစ်လာကြပြီး ဟိုတယ် ၇၉ ခုအနက် အချို့မှာ ဖွင့်လှစ်လည်ပတ်နေပြီး၊ အချိ့က ဆောက်လုပ်ဆဲအနေအထားဖြင့် ရှိနေလေသည်။ ဂျပန်ကုမ္ပဏီများ အပါအ၀င် အချို့ နိုင်ငံခြားကုမ္ပဏီများ သူတို့၏ ရုံးခွဲငယ်များအား မြို့တော်အတွင်း တည်ထားပြီးဖြစ်သည်ကို တွေ့ရသည်။

    နိုဝင်ဘာလကုန်တွင် နိုင်ငံ ၁၁ ခုပါဝင်ယှဉ်ပြိုင်မည်ဖြစ်သော Southeast Asian Games အတွက် ခမ်းနားကြီးကျယ်သော အားကစားကွင်းများ၊ အစည်းအဝေးခန်းမများ နှင့် အခွင့်ထူးခံ VIP များတည်းခိုရန် ရာချီသော တည်းခိုရိပ်သာများအား တည်ဆောက်ထားပြီးဖြစ်၏။ အရှေ့တောင်အာရှဆယ်နိုင်ငံ၏ဥက္ကဌ ရာထူးကို ရယူလည်ပတ်မည့် နောက် တစ်နှစ်၌ နေပြည်တော်သည် လူအများ၏ အာရုံထား စိတ်ဝင်စားမှုကို ထပ်မံရရှိပေဦးမည်။

    သို့သော်လည်း မြို့တော်ဆောက်လုပ်ထားမှုမှာ ကြီးမားသည့်ရည်မှန်းချက်များကို ဖြည့်ဆည်းနိုင်ခြင်း မရှိသေးပေ။ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ တစ်ခုတွင် ယခုကဲ့သို့ ကြီးမားသော ပြည်သူ့ အဆောက်ဦးမျိုးရှိပြီး ၀ါရှင်တန် ဒီစီ (Washington, D.C.) နေရာထက် အဆ ၄၀ ကြီးမားနေခြင်းမှာ  ရယ်စရာ တစ်ခုလိုဖြစ်နေလေသည်။

    အမေရိကန်နိုင်ငံ၏မြို့တော်ပင်လျှင် နေပြည်တော်နှင့်ယှဉ်ပါက သေးငယ်နေသလားဟု အောက်မေ့ရ၏။ နယူးယော့ခ်မြို့ရှိ United Nations အဆောက်အဦးသည်ပင်လျှင် နေပြည်တော်၏ ပင်မညီလာခံ ခန်းမနှင့်နှိုင်းယှဉ်ပါက သေးငယ်ကျုံလှီနေ၏။

    ထို့အပြင် တစ်နှစ်ကို ခရီးသည် ၁၀.၅ သန်း ဆင်းသက်နိုင်အောင် လုပ်ဆောင်ထားသော လေဆိပ်၌ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း နှစ်ခုမျှသာ ရှိနေသည်။

    နေပြည်တော်၌ နေရာလွတ်များစွာ ကျန်ရှိနေသေးသည်။ အစိုးရ၀န်ထမ်းများစွာသည် တစ်ဦးတည်းသာ နေထိုင်နေကြရသည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ မိသားစုများသည် နေပြည်တော်သို့ မပြောင်းရွှေ့လိုကြ၍ဖြစ်သည်။

    စစ်တပ်အာဏာ လျော့နည်းလာပြီး ဒီမိုကရေစီစံနစ် ခိုင်မာလာလျှင် နေပြည်တော်သည် တစ်နေ့တွင် ရန်ကုန်မြို့ကဲ့သို့ တိုင်းပြည်၏အဓိက အသက်ဝင်သောနေရာအဖြစ် ပြောင်းလဲလာမည်ဟု မျှော်လင့်ထားကြသူများအနက် နိုင်ငံရေး အတိုက်အခံခေါင်းဆောင်များ နှင့် သံတမန် အဖွဲ့ဝင်များကလည်း ပါဝင်သည်။

    မြန်မာနိုင်ငံသည် ၉ ရာစုနှစ်မှ စတင်ကာ နေပြည်တော်ကို အကြိမ် ၃၀ အထိ ပြောင်းရွှေ့ပြီးဖြစ်ကြောင်း၊ သက်တမ်း အတိုဆုံးနေပြည်တော်သည် တစ်နှစ်မျှသာ တည်တံ့ခဲ့ကြောင်း သမိုင်းအထောက်အထား အပုံအပင် ရှိနေပါသည်။

    လက်ရှိအုပ်ချုပ်သူများက နေပြည်တော်သည် ဆက်လက်တည်တံ့နေမည်ဖြစ်ကြောင်း၊ မြို့တော်အတွင်း  လူအများအား ဆွဲဆောင်နိုင်သော အရာ အမြောက်အများရှိကြောင်း၊ ထိုအထဲတွင် ဆောက်လုပ်ပြီးစီးတော့မည့် နိုင်ငံတကာအဆင့်မီ ဟိုတယ်ကြီးနှစ်ခုလည်း ပါဝင်ကြောင်း ဆိုနေကြ၏။

    “ အာရှတိုက်အတွင်း စီးပွားရေး အလျင်မြန်ဆုံးတိုးတက်လာတဲ့ နိုင်ငံတစ်ခုရဲ့မြို့တော် – နေပြည်တော်ဟာ အလားအလာကောင်း အမြောက်အများရှိနေပါတယ် ” ဟု အမေရိကန်နိုင်ငံအခြေစိုက် Best Western International ၏လုပ်ငန်းခွဲမှ ဒေသဆိုင်ရာ ဒုတိယ ဥက္ကဌ ဂလဲန်း ဒီ ဆောင်ဇာ(Glenn de Souza) က ဆိုသည်။

    ပြင်သစ်ပိုင် Accor Group မှ ဒုဥက္ကဌဟောင်း ပက်ထရစ် ဘက်ဆက်(Patrick Basset) က ဗမာဟု လူသိများသော မြန်မာနိုင်ငံ အတွင်း နေပြည်တော်သည် လူအသွားအလာအများဆုံး မြို့တော်တစ်ခု ဖြစ်လာလိမ့်မည်ဟု ခန့်မှန်းထားသည်။

    မြို့ခံအချို့က ကျဉ်းကြပ်နေသောတိုက်ခန်းများ၊ ကားနှင့်လမ်းပြည့်ကြပ်ပိတ်ဆို့နေသောလမ်းများနှင့်အတူ လူဦးရေငါးသန်း ရှိနေသော ရန်ကုန်မြိုကထက်စာလျှင် နေပြည်တော်သည် နေထိုင်ရအဆင်ပြေကြောင်း ဆိုကြသည်။ နေပြည်တော်၏ ရေပေးမှု စံနစ်သည် ပိုမိုကောင်းမွန်နေသည့်အပြင်၊ နေ့စဉ် လျှပ်စစ်မီးဖြတ်တောက်နေသည့် ရန်ကုန်မြို့နှင့်ဆန့်ကျင်စွာ လျှပ်စစ် စွမ်းအင်သည် အမြဲမပျက် ရရှိနေ၏။

    “ နေပြည်တော်က နေရာကျယ်ဝန်းပြီး စိမ်းလန်းတယ်၊ ကျန်းမာရေးအတွက်သင့်တော်တဲ့ မြို့ဖြစ်တယ်။ ကျွန်တော် အိမ်ပြန် သွားရင် မွန်းကျပ်နေသလို ခံစားရတယ် ” ဟု ချယ်ရီဦး လက်ပတ် နာရီဆိုင်၏တာဝန်ခံ ရန်ကုန်သား ကိုပြုံးက ပြောပြသည်။

    နိုင်ငံခြားသံရုံးများသည် နေပြည်တော်တောင်ဖက် ကီလိုမီတာ ၃၀၀ ကွာဝေးပြီး ကားခရီးစဉ် ငါးနာရီကြာမြင့်သည့် ရန်ကုန်မြို့၌သာ ဆက်လက်၍ တည်ရှိနေကြသည်။ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အတိုက်အခံအဖွဲ့များသည် စစ်တပ်ကျောထောက်နောက်ခံ ပါတီများကို လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် အပြီးသတ်ကျော်ဖြတ်အောင်မြင် လိမ့်မည်ဟု မျှော်လင့်ထားကြ၏။

    “ တစ်နေ့ကျယင် မြို့တော်ဟာ ရန်ကုန်ပဲပြန်ဖြစ်သွားမယ်လို့ ကျွန်တော် ပြင်းပြင်းထန်ထန် ယုံကြည်ပါတယ် ” ဟု ဒေါ်စုကြည် ၏ National League for Democracy မှ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ဆိုသည်။

    လက်ရှိတွင် မည်သည့် မဲဆွယ်မှုမှ မရှိသေးသော်လည်း၊ ရန်ကုန်မြို့အား မြို့တော်အဖြစ် ပြန်လည်ထားရှိရန် ကတိပေးမည့် မည်သို့သောနိုင်ငံရေးသမား မဆို မဲရရှိလိမ့်မည်ဆိုသော ပြက်လုံးတစ်ခု ရေပန်းစားနေလေသည်။

    နေပြည်တော်တွင် နိုင်ငံပိုင် အဆင့်မြင့်ရုပ်ရှင်ရုံ၊ ဆာဖာရီပန်းခြံ၊ ဈေးဝယ်ကုန်တိုက် စသော လူထုအတွက်နေရာအချို့ ရှိပါသည်။ သို့သော် အခြားမြို့များနည်းတူ ပျားပန်းခတ်စည်ကားသော ဈေးတစ်ခုဟူ၍တော့ မရှိပေ။ ထို့အတူ အပြန့်ကျယ်လှသော မြို့အတွင်း၌ အများပြည်သူအတွက်သယ်ယူပို့ဆောင်မှုကဏ္ဍ လှစ်ဟာလျက်ရှိပြီး၊ လူထုသည် အငှားယဉ်များ၊ ကိုယ်ပိုင်ကားများ နှင့် မော်တော် ဆိုင်ကယ်များဖြင့်သာ ဈေးကြီးကြီးဖြင့်ငှားရမ်းသွားလာနေရသည်။

    “ ဒီမှာ ညခင်းပိုင်း အသွားအလာ မရှိဘူး။ ည ၉ နာရီကျော်ရင် လမ်းပေါ်မှာ လူမရှိတော့တဲ့အတွက် အိမ်တွင်းအောင်းပြီး တီဗီပဲကြည့်နေရတယ် ” ဟု မီနီမားကက် ပိုင်ရှင် ဇေယျာဦးက ဆိုသည်။

    အချို့အာဏာပိုင်များက ရန်ကုန်ကို မြို့တော်အဖြစ် ပြန်လည်ပြောင်းလဲခွင့် မရှိဟု ဆိုကြသည်။ တင်းမာကြမ်းတမ်းသော စစ်အစိုးရလက်အောက်တွင် ရာစုနှစ် တစ်ဝက်ခန့် တည်ရှိခဲ့သောတိုင်းပြည်၌ လျှို့ဝှက်ချက်ထိန်းသိမ်းမှုများသည် ဆက်လက်၍ အတွင်းလှိုက်ရှင်သန်နေဆဲဖြစ်ရာ မြို့တော်နေလူဦးရေကဲ့သို့ အခြေခံသတင်း အချက်အလက်ကို ပင်လျှင် ဖော်ပြရန် ငြင်းဆန်ခဲ့ကြ၏။  ၂၀၀၉ ခုနှစ်တွင် လူဦးရေ ၉၂၅,၀၀၀ ရှိကြောင်း တရားဝင် ကိန်းဂဏန်းဖြင့် သတင်းဌာနအသီးသီးမှ ဆိုသော်လည်း ၄င်းမှာ ဖြစ်နိုင်ချေ မရှိကြောင်း လာရောက်ကြသူအမြောက်အများမှ တွေ့ခဲ့ကြလေသည်။

    အဘယ်ကြောင့် မြို့တော်အား ပြန်လည်နေရာချပြောင်းရွှေ့ခဲ့ရသည့်အကြောင်းရင်းကိုပင် အစိုးရဖက်မှ အတိကျ ထုတ်ပြန်ခြင်း မရှိခဲ့ချေ။

    လက်ရှိနေရာသည် ပိုမို၍ ဗဟိုအရပ်ဖြစ်ခြင်း၊ မဟာဗျူကျအနေအထားတွင်ရှိနေခြင်း၊ နိုင်ငံကိုထိန်းချုပ်ရန် ပိုမိုကောင်းမွန်ခြင်း၊ ကာလတစ်ရပ်ထိ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သည့် သွေးချောင်းစီးဆန္ဒပြမှု ပေါ်ထွက်ခဲ့ရာ ရန်ကုန်မြို့ရှိ လူထုနှင့် သီးခြားဖြစ်နေခြင်း စသည့်အချက်များအပေါ် အခြေခံတွက်ချက်မှုလည်း ပါဝင်ပေမည်။
    နေပြည်တော်၏အဓိကပုံဖော်သူ စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် “ နေပြည်တော်/မြို့တော်ပြောင်းလဲ လိုက်ခြင်းက အာဏာတည်တံ့မည် ” ဟူသော ရှေးယခင်ဘုရင်များ၏ ယုံကြည်ချက် အတိုင်း ခြေရာ နင်းခြင်းဖြစ်ကြောင်း၊ ဗေဒင်ပညာ ယတြာကိန်းခန်း ပညာသည်များဖြင့် တိုင်ပင်ပြီးနောက် ယခုကဲ့သို့ အမိန့်ပေးခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရှိ လူများစွာမှ ယုံကြည်နေကြသည်။

    မြင်ကွင်းနောက်ကွယ်မှနေ၍ လက်ရှိအချိန်ထိ ကြိုးကိုင်နေသူဟု ယူဆရသော ဦးသန်းရွှေသည်  နေပြည်တော်၏ လူအရောက်အပေါက် နည်းပါးသည့် သီးသန့်နေရာတွင် စစ်ဘက်ဆိုင်ရာ ထိပ်တန်းခေါင်းဆောင်များနှင့် အတူ နေထိုင်လျက် ရှိသည်။ ကန့်သတ် တားမြစ်ထားသော ယင်း စစ်တပ်နယ်မြေအတွင်း ဗုံးခိုကျင်းများ နှင့် တူးမြောင်း လိုဏ်ခေါင်းများလည်း ရှိကြောင်း ဆိုကြ၏။

    မြို့တော်အား ဆင်းရဲနွမ်းပါးလှသည့် လယ်သမားတို့နေထိုင်ရာ ဒေသအတွင်း ၂၀၀၀ ခုနှစ်အစောပိုင်းက စတင် တည်ဆောက်ခဲ့သည်။ မြို့အတွင်း၌ ဟိုင်းဝေး လမ်းကျယ် အများအပြား ဖောက်လုပ်ထားကာ၊ နံဘေးတစ်ဖက် တစ်ချက်တွင်လည်း ရေကျွဲများ၏ စားကျက်ဖြစ်သော ခြုံပုတ်များ၊ တောအုပ်များ နှင့် လယ်ကွင်းများ ခြံရံလျက်ရှိသည်။  စိမ်းလန်းမှုများကြားတွင် စနစ်တကျ တည်ဆောက်ထားသော တိုက်ခန်းအဆောက် အုံများစွာရှိပြီး၊ သက်ဆိုင်ရာ ရာထူးပေါ်မူတည်၍ နေထိုင်ခွင့်ပေးအပ်ထားပေသည်။ အမိုးများသည် အရောင်များဖြင့်ခွဲထားလေသည်  စိုက်ပျိုးရေးဝန်ကြီးဌာနမှ ၀န်ထမ်းများအတွက်နေ အိမ်ခေါင်မိုးများကို အစိမ်းရောင်ဖြင့် အရောင်ခွဲသတ်မှတ်ထားသည်ကိုလည်း တွေ့ရသည်။

    အင်အားသုံးပြုလုပ်ချက်ကို လူအများအား စွဲဆောင်ရန် ဟူသော အသုံးအနှုန်းဖြင့် အစိုးရသည် မြန်မာရုပ်ရှင် အကယ်ဒမီဆုပေးပွဲ အခမ်းအနားမှအစ ရန်ကုန်တိရိစ္ဆာန်ရုံရှိ တိရိစ္ဆာန်များကိုရွှေ့ပြောင်းခြင်း အလယ် နှစ်စဉ်ခင်းကျင်းသောကျောက်မြတ် ရတနာပြပွဲအဆုံး  ပြောင်းရွှေ့လိုက်ကြသည်။

    သံတမန်များကို စွဲဆောင်ရန်မူ အလွန်ကိုခဲယဉ်းပေသည်။ ဘင်္ဂလားဒေ့ရှ် နှင့် မလေးရှားသည်သာ သံရုံးနေရာအတွက် အစိုးရအား ဒေါ်လာ ၁.၅ သန်းပေးဆောင်ခဲ့သည်။ သို့ရာတွင် မည်သူမှ အဆောက်အဦးများကို စတင်တည်ဆောက်ခြင်း မရှိသေးချေ။

    ရန်ကုန်ကို မြို့တော်အဖြစ် ပြန်လည်ပြောင်းရွှေ့ရေးမှာ ကုန်ကျစရိတ်အလွန်မြင့်မားကြောင်း၊ အစိုးရတွင် ထိုငွေကြေးအား အခြားသော အရေးကြီးကိစ္စများ၌ သုံးစွဲမည်ဖြစ်ကြောင်း ထင်ရှားသောသမိုင်းပညာရှင် နှင့် အစိုးရအကြံပေး ဦးသန့်မြင့်ဦးက ပြောကြားခဲ့သည်။

    “ ပြန်လည်ပြောင်းလဲလို့မရတဲ့အရာ ဆိုတာ မရှိပါဘူး။ သို့ပေမယ့် နှစ်တွေကြာလာတဲ့နဲ့အမျှ နိုင်ငံရေးလိုအပ်ချက်အရပင်လျှင် ဒီလိုလုပ်ဖို့ အခက်အခဲပိုကြီးလာလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ အုပ်ချုပ်ရေးဗဟိုဌာနတစ်ခုရှိခြင်းက အကြီးမားဆုံးမြို့ဆိုတာနဲ့ မတူညီပါဘူး။ သူ့မှာလဲ သူ့ကောင်းကွက်တွေရှိပါတယ် ” ဟု သူကဆိုသည်။

    ဦးသန်းရွှေသည် အာဏာချက်မနေပြည်တော်၌ ရိုးရာသင်္ကေတတစ်ခုကိုလည်း ပြုလုပ်စေခဲ့သည်။ ၄င်းမှာ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီနှင့် တစ်ထပ် တည်း တူညီသော စေတီတစ်ခုအား တည်စေခဲ့ခြင်း ဖြစ်သည်။ သူသည် ဘုရားဥာဏ်တော် အမြင့်အား မူလထက် ၃၀ စင်တီမီတာ လျှော့ချခဲ့လေသည်။ ဆင်ဖြူတော်များကိုလည်း ခမ်းနားသော နေရာထိုင်ခင်း အစီအမံများဖြင့် ထားရှိသည်။

    မိန်းမ နှင့် ကလေး နှစ်ဦးကို ခွဲခွာနေထိုင်နေရသော သစ်တောဌာနမှ တိရစ္ဆာန်ဆေးကုဆရာဝန် တင်ကိုလတ်အဖို့ နေပြည်တော်ရှိ ဘ၀မှာ အထီးကျန်ငြီးငွေ့ဖွယ် ဖြစ်နေပါတော့သည်။ သို့သော်လည်း သူသည် မိမိ၏အလုပ်အား ချစ်မြတ်နိုးသူဖြစ်၏။

    “ ဒီနေရာမှာ ဆင်ဖြူတော်တွေကို ထားရှိခြင်းဖြင့် ကြွယ်ဝစည်ပင်လာလိမ့်မယ်လို့ အုပ်ချုပ်သူများက ယုံကြည်နေကြတယ် ”  ဟု သူက ဆိုသည်။

    ** Denis D. Gray ၏ Myanmar’s capital less of a ghost town ဆောင်းပါးကို မြန်မာပြန်ဆို ခြင်းဖြစ်ပါသည်။

    —————————————-
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများ၊ ဘာသာပြန် များကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။

    M-Media ၏ ခွင့်ပြုချက်မရှိဘဲ စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် ထည့်သွင်းဖော်ပြခြင်းများ လုံးဝ ခွင့်မပြုပါ။
    ဆက်သွယ်ရန် [email protected]

  • မြန်မာလမ်းလျှောက်မယ် ရွှေတံဆိပ် လိမ်လည် ရယူသည်ဟု ဗီယက်နမ် မီဒီယာများ ဖော်ပြ

    M-Media
    ဒီဇင်ဘာ ၁၈၊ ၂၀၁၃

    ၂၀၁၃ မြန်မာဆီးဂိမ်းသတင်း

    ၂၀ ကီလို လမ်းလျောက်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရ မြန်မာအားကစားမယ် စောမာလာနွယ်က ရွှေတံဆိပ်ကို လှည့်ဖျားသော နည်းလမ်းဖြင့် ရယူခဲ့ခြင်းဖြစ်သည်ဟု ထိုပြိုင်ပွဲ၌ ငွေတံဆိပ်သာ ရရှိခဲ့သည့် ဗီယက်နမ် အားကစားမယ် ငုယင်သီထန်ဖုက စွပ်စွဲပြောကြား လိုက်သည်။

    ငွေတံဆိပ်ကို မျက်ရည်လည်ရွဲဖြင့် ရယူနေသည့် ဗီယက်နမ် အားကစားမယ်
    ငွေတံဆိပ်ကို မျက်ရည်လည်ရွဲဖြင့် ရယူနေသည့် ဗီယက်နမ် အားကစားမယ်

    သူမက ဗီယက်နမ်သတင်းဌာနတစ်ခုဖြစ်သည့် Thanh Nien ကို ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

    ငုယင်သီထန်ဖုက မြန်မာအားကစားမယ်သည် လမ်းလျောက်လိုက်၊ ပြေးလိုက်ဖြင့် ပြိုင်ပွဲကို ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ မိမိအနေဖြင့် လက်ရှိ ချန်ပီယံဘွဲ့ကို ကာကွယ်ရန် ပြိုင်ပွဲဝင်ြခင်းဖြစ်ကြောင်းပြောပြသည်။ စောမာလာနွယ်နောက်မှ ၂ မိနစ် ၅ စက္ကန့်နောက်ကျပြီး ပန်းဝင်လာသည့် ငုယင်သီထန်ဖုသည် ဒုတိယငွေတံဆိပ်သာ ရရှိ၍ မျက်ရည်ဖြိုင်ဖြိုင် ကျခဲ့သေးသည်။ သို့သော် သူမသည် လည်း ပြိုင်ပွဲ၌ ပြေးလွှားခဲ့သောကြောင့် အနီကဒ် ၂ ခါထိခဲ့သေးသည်။ စည်းမျဉ်းအရ အကယ်၍ တတိယတကြိမ် အနီကဒ် ထိခဲ့ပါလျှင် ပြိုင်ပွဲမှ ထွက်ရမည်ဖြစ်သည်။

    ဗီယက်နမ်တို့က သူတို့ရွှေ မရရှိခဲ့သည့် ယင်းအကြောင်းအရာကို သတင်းမီဒီယာများ၌ အကြီးအကျယ်ဖော်ပြနေကြသည့်အတွက် ၀ီကီပီးဒီယား၊ Sea Games ကဏ္ဍအောက်တွင်ပင် ယင်းအဖြစ်အပျက် ထည့်သွင်းရေးထား ပြီဖြစ်သည်။ (en.wikipedia.org/wiki/2013_Southeast_Asian_Games#Controversies)

    ဗီယက်နမ်အားကစားမယ်က ယင်းပြိုင်ပွဲမှာ တရားမျှတသော ပြိုင်ပွဲမဟုတ်ဟုလည်း ဝေဖန်ခဲ့သည်။ ရေကူးပြိုင်ပွဲတွင်လည်း အလားတူဖြစ်ရပ်မျိုး ဗီယက်နမ်တို့ ရင်ဆိုင်ခဲ့ရကြောင်း၊ သို့သော် ထိုရေကူးပြိုင်ပွဲတွင် မြန်မာတို့ ရွှေရယူခဲ့သည်မဟုတ်ဘဲ စင်ကာပူမှ ရေကူးမယ်တောက်လီက ရွှေရခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဗီယက်နမ်တို့က တောက်လီ ၏ ရွှေတံဆိပ်ကို ဝေဖန်နေခြင်း ဖြစ်သည်။

    Vietnam Media link => http://vietnamnews.vn/sports/248979/age-no-object-for-vn-athlete.html