News @ M-Media

Blog

  • ရိုးရာခြင်းမှာ ဆုရတဲ့အတွက် ၀မ်းသာပီတိဖြစ်ရတယ်ဆိုတဲ့ Sea Games ခြင်းလုံး အလှခတ် ဒိုင် ဒေါ်ခင်အေးမူနှင့် မေးမြန်းခန်း

    ရိုးရာခြင်းမှာ ဆုရတဲ့အတွက် ၀မ်းသာပီတိဖြစ်ရတယ်ဆိုတဲ့ Sea Games ခြင်းလုံး အလှခတ် ဒိုင် ဒေါ်ခင်အေးမူနှင့် မေးမြန်းခန်း

    ဒီဇင်ဘာ ၁၉၊ ၂၀၁၃
    M-Media
    သီရိ

    image-a1fee396594e1884b659ef7f3beeed889fa909841e58444183025b6790127693-V

    မန္တလေး ။          ။       မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပသော ၂၇-ကြိမ်မြောက် အရှေ့တောင်အာရှ SEA GAME ပြိုင်ပွဲတွင် ခြင်းလုံးအလှခတ် ဒိုင်အဖြစ် ဆောင်ရွက်နေသော ဒေါ်ခင်အေးမူကို ဆက်သွယ် မေးမြန်းဖြစ်ခဲ့ပါတယ်။

    M-Media  –  အန်တီရဲ့ မိဘများနဲ့ ညီအစ်ကို မောင်နှမများအကြောင်းကို နည်းနည်းလောက် ပြောပြပေးလို့ရမလား။
    ဖြေ  –  အန်တီကို အဖ ဦးဘသိန်း ၊ (ပီကင်းပြန် ခြင်းဦးဘသိန်း) အမိ ဒေါ်သက်တင်တို့မှ ၁၀-ရက် မေလ ၁၉၆၄-ခုနှစ်မှာ မွေးဖွားခဲ့ပြီး မောင်နှမ ၃-ယောက်အနက် အငယ်ဆုံးပါ။ မန္တလေးမြို့မှာပဲ နေပါတယ်။

    M-Media  –  အန်တီငယ်စဉ်က ဘယ်ကျောင်းမှာပညာသင်ကြားခဲ့ပါသလဲ။
    ဖြေ  –  သူငယ်တန်းကနေ ဆယ်တန်းအောင်တဲ့အထိပေါ့ မန္တလေး အ.ထ.က (၈) မှာ သင်ကြားခဲ့ပါတယ်။ ဆယ်တန်းအောင်တော့ မန္တလေးတက္ကသိုလ်မှာ ပထ၀ီ နဲ့ ဘွဲ့ရခဲ့ပါတယ်။

    M-Media  –  ခြင်းလုံးကိုရော အန်တီ ဘယ်အရွယ်ကတည်းကစပြီး ကစားဖြစ်တာပါလဲ။
    ဖြေ  –  အဖေကခြင်းခတ်တာဆိုတော့ ၁၁-နှစ်အရွယ်ကတည်းက ၀ါသနာလဲပါသွားတော့ လိုက်ခတ်ရင်းနဲ့ အဲဒီအရွယ်ကတည်းကခတ်ဖြစ်တာပါ။

    M-Mediaဖြေ  –  အန်တီရဲ့လက်ဦးဆရာက ဘယ်သူပါလဲ။
    ဖြေ  –  အန်တီရဲ့ အဖေပါပဲ၊ အဖေကပဲသေချာပြုစုပျိုးထောင်သင်ပေးခဲ့တာပါ။

    M-Media  –  အန်တီအဖေက ခြင်းခတ်တယ်ဆိုတော့ ဘယ်လိုမျိုး ခတ်ခဲ့တာပါလဲ။  အန်တီအဖေက နိုင်ငံဂုဏ်ကို ဆောင်ခဲ့သူတစ်ယောက် ဖြစ်ခဲ့တာပါလား။
    ဖြေ  –  အဖေက ခြင်းလုံးအားကစားမှာ မြန်မာ့လက်ရွေးစင်တစ်ယောက်ဖြစ်ခဲ့ပြီး ပီကင်းမှာ ဆုရခဲ့တယ်။ ဒါကြောင့် ပီကင်းပြန် (ခြင်း)ဦးဘသိန်းလို့ နာမည်တွင်ခဲ့တယ်။ အဖေက ခြင်းလုံးနဲ့ပတ်သက်တဲ့ဆောင်းပါးတွေ ရေးခဲ့တယ်။ ၁၉၈၂-ခုနှစ်မှာ စာပေဗိမာန်ဆုရခဲ့တယ်။ အိမ်မှာဆိုလည်း အဖေ့ရဲ့ ခြင်းနဲ့ပတ်သက်နဲ့ ရှားပါးပစ္စည်းတွေ အများကြီးရှိပါတယ်။ နိုင်ငံတော်က ခြင်းလုံးနဲ့ပတ်သက်တဲ့ ပြပွဲတွေမှာဆိုလည်း အဖေ့ပစ္စည်းတွေနဲ့
    ပြသရလေ့ ရှိတယ်။

    M-Medai  –  အန်တီဘယ်လိုပြိုင်ပွဲတွေပြိုင်ခဲ့ဖူးလဲ၊ ဘယ်လိုအောင်မြင်မှုတွေရော ရခဲ့ပါသလဲ။
    ဖြေ  –  အန်တီတို့ပြိုင်တဲ့အချိန်တုန်းကတော့ အမျိုးသမီးခြင်းလုံးသင်းဆိုပြီး သက်သက်လုပ်ပေးတာမျိုးမရှိခဲ့ပါဘူး၊ အန်တီလည်း တစ်ပွဲတော့ပြိုင်ခဲ့ ဖူးတယ်။ အဲဒါတောင်မှ အမျိုးသားနဲ့အမျိုးသမီးရောပြီး ပြိုင်ခဲ့ရတဲ့ပွဲပဲရှိသေးတာ အမျိုးသမီးသက်သက်ဆိုပြီးတော့ မရှိခဲ့သေးဘူး ၊ ၁၉၉၀ မှာ တိုင်းနဲ့ ပြည်နယ်ပွဲကျင်းပတော့ မန္တလေးတိုင်းကိုယ်စား ၀င်ပြိုင်ခဲ့တာ ဒုတိယဆုရခဲ့ပါတယ်။ အဲဒီနောက်တော့ အန်တီလဲ အလုပ်ထဲ ၀င်ခဲ့တယ်။

    M-Media  –  အန်တီ အခုလက်ရှိမှာ ဘာတာဝန်များထမ်းဆောင်နေပါသလဲ။
    ဖြေ  –  ကျောင်းပြီးကတည်းက ယခုချိန်ထိ အားကစားဝန်ကြီးဌာန အားကစားနှင့်ကာယ၀န်ကြီးဌာနမှာ ဦးစီးအရာရှိအဖြစ် တာဝန်ထမ်းဆောင်နေ ပါတယ်။ အန်တီဘွဲ့ရပြီးတော့ အစိုးရ၀န်ထမ်းလေ့ကျင့်ရေးအဖွဲ့ကနေ ၀န်ထမ်းခေါ်တယ်။ သူတို့သတ်မှတ်ထားတာက ဘွဲ့ရ ရမယ်၊ တိုင်းနဲ့ ပြည်နယ်ယှဉ်ပြိုင်ဖူးတဲ့သူပဲ လျှောက်ရမယ်ဆိုတော့ အန်တီနဲ့လည်းကိုက်ညီတော့ဝင်လျှောက်လိုက်တာ ပါသွားတယ်။

    M-Media  –  ယခု SEA GAME မှာရော အန်တီ ဘယ်လိုကြောင့် ခြင်းလုံးအလှခတ် ဒိုင်အဖြစ်ဆောင်ရွက်ခွင့်ရခဲ့တာ ပါလဲ။
    ဖြေ  –  ပထမဆုံးမြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်က အပြည်ပြည်ဆိုင်ရာနည်းပြနဲ့ ဒိုင်လူကြီးသင်တန်းဆိုပြီးစဖွင့်တယ် အဲဒီမှာတက်ခဲ့ပြီးတော့ အန်တီပြည်တွင်းပွဲတွေမှာ ဒိုင်စလုပ်ခဲ့ပါတယ်၊ နောက်တော့ ပြည်တွင်းပြည်ပ ဒိုင်သင်တန်းထပ်ဖွင့်တော့ အန်တီ အဲဒီမှာဆက်တက်ခဲ့တယ်။ အဲဒီသင်တန်းတက်ပြီးသွားတော့ အပြည်ပြည်ဆိုင်ရာဒိုင်ဖြစ်သွားတော့ ယခု SEA GAME မှာ ဒိုင်အဖြစ်တာဝန်ထမ်းဆောင်ခွင့်ရခဲ့တာပါ။

    M-Media  –  အန်တီဒိုင်အဖြစ်တာဝန်ထမ်းဆောင်နေစဉ်မှာရော အန်တီ့အနေနဲ့ အခက်အခဲတွေများရှိခဲ့ပါသလား။
    ဖြေ – အခက်အခဲတော့မရှိပါဘူး အန်တီကဒီပြိုင်ပွဲဝင်မယ့် ကလေးတွေနဲ့တူတူ အားကစားလေ့ကျင့်ရေးစခန်းမှာ တူတူ CAMP သွင်းနေထိုင်ပြီး
    သူတို့ကစားနေတဲ့အချိန်တိုင်းမှာလဲ အန်တီက အမှတ်ခေါ်ပေးတယ်။ သူတို့နဲ့တူတူ ၉-လလောက် တွဲပြီးလေ့ကျင့်လာတော့ ပွဲမှာအခက်အခဲမရှိတော့ပါဘူး အဆင်ပြေပါတယ်။

    M-Media  –  အခု SEA GAME မှာရောခြင်းလုံးကစားနည်းက ဘယ်လိုအောင်မြင်မှုတွေ ရခဲ့ပါသလဲ။
    ဖြေ  –  အခု အမျိုးသား ၃-ပွဲ အမျိုးသမီး ၃-ပွဲ ယှဉ်ပြိုင်ကစားခဲ့တာ ခြောက်ပွဲစလုံး ရွှေတံဆိပ်ဆုကို ဆွတ်ခူးရယူခဲ့ပါတယ်။

    M-Media  –  အခုလို ရွှေတံဆိပ်ဆုတွေရရှိခဲ့တဲ့အတွက် အန်တီအနေနဲ့ရော ဘယ်လိုပီတိတွေဖြစ်ခဲ့ ပါသလဲ။
    ဖြေ  –  ဒီရိုးရာခြင်းကို အခုလိုမျိုးပွဲကြီးတွေဖြစ်လာလိမ့်မယ်လို့လဲ မမျှော်လင့်ခဲ့ပါဘူး အခုလိုနိုင်ငံတကာပွဲအဖြစ်ယှဉ်ပြိုင်ရတော့ ကိုယ့်ရိုးရာခြင်းမှာ ဒိုင်အဖြစ် တာဝန်ထမ်းဆောင်ရတာရော အခုလိုဆုတွေရတဲ့အတွက်ရော ၀မ်းသာပီတိဖြစ်ပြီး ဂုဏ်ယူမိပါတယ်။

    M-Media  –  အန်တီ အနာဂတ်ရဲ့ခြင်းလုံးအားကစားသမားတွေကို ဘယ်လိုစကားလက်ဆောင်များပြောကြားချင်ပါသလဲ။
    ဖြေ  –  အခုလိုနိုင်ငံတကာပွဲတွေမှာ မြန်မာ့ရိုးရာခြင်းလုံးကို အရင်ကပိုပြီး အားစိုက်ထုတ်ပြီး ကြိုးစားသွားကြပါလို့ပြောချင်ပါတယ်။

    M-Media  –  အခုလို ဖြေကြားပေးတဲ့ အန်တီ့ကို ကျေးဇူးအများကြီးတင်ပါတယ်။
    ဖြေ  –  အန်တီကလည်း ကျေးဇူးတင်ပါတယ်။

  • Pink Floyd ရောခ်တီးဝိုင်း တည်ထောင်သူ ရော်ဂျာဝေါလ်တာက အစ္စရေးမှာ နာဇီလုပ်ရပ်နှင့်တူဟု ဝေဖန်

    ဒီဇင်ဘာ ၁၉ ၊ ၂၀၁၃
    M-Media

    Roger Waters at the Eastside Gallery in Berlin, Germany - 04 Sep 2013
    – ရော့ခ်ဂီတ တီးဝိုင်းတစ်ခုဖြစ်သည့် Pink Floyd အဖွဲ့အား တည်ထောင်ခဲ့သူများတွင် ပါဝင်ခဲ့သည့် အင်္ဂလိပ်အဆိုတော်ဖြစ်သူ ရော်ဂျာဝေါလ်တာက အစ္စရေးမှာ နာဇီ ဂျာမနီကဲ့သို့ဖြစ်သည်ဟု မှတ်ချက်ပေးပြောဆိုလိုက်ပြီး ထိုကဲ့သို့ပြောဆို လိုက်ခြင်းကြောင့် အဆိုတော် အသိုင်းအ၀ိုင်းနှင့် ဘာသာရေးခေါင်းဆောင်ပိုင်းမှ ဝေဖန်မှုများကို ခံနေရသည်ဟု သိရသည်။

    ပါလက်စတိုင်းများအား အစ္စရေး၏ ဆက်ဆံပုံမှာ နာဇီများ၏ ရက်စက် ယုတ်မာမှုများနှင့် နှိုင်းယှဉ်နိုင်သည်ဟု ဝေါလ်တာက ပြောဆိုလိုက်ခြင်းဖြစ်သည်။

    “(အစ္စရေးရဲ့လုပ်ရပ်တွေဟာ) ၁၉၃၀ ပြည့်နှစ်တွေက ဂျာမနီမှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ ပုံစံတူနေတယ်ဆိုတာ ထင်ရှားပါတယ်” ဟု ပြီးခဲ့သည့် တစ်ပါတ်က ပြုလုပ်ခဲ့သည့် အွန်လိုင်း အင်တာဗျူးတွင် ပြောကြားခဲ့သည်။

    အသက် ၇၀ အရွယ်ရှိ ဝေါလ်တာအား ပါလက်စတိုင်းအရေး လှုပ်ရှားဆောင်ရွက်သူအဖြစ် လူသိများသည်။ အချို့က သူအား ဂျူးဆန့်ကျင်ရေးသမားဟု သတ်မှတ်ကြပြီး ထိုကဲ့သို့ သတ်မှတ်မှုကို ဝေါလ်တာက ငြင်းဆိုကာ ပါလက်စတိုင်းများ အပေါ် ပြုမှုဆက်ဆံပုံးများနှင့် ပတ်သက်၍ အစ္စရေးအား သိပိတ်မှောက်ရန်အတွက် လူအများအား တိုက်တွန်မှုများပြုလုပ်ရန် မိမိတွင် အခွင့်အရေးရှိသူဟု ပြောကြားခဲ့သည်။

    Ref: The Guardian

  • မရမ်းကုန်းမြို့နယ် မီးလောင်မှု အိမ်ခြေ (၁၅)လုံး မီးလောင်ကျွမ်း

    မရမ်းကုန်းမြို့နယ် မီးလောင်မှု အိမ်ခြေ (၁၅)လုံး မီးလောင်ကျွမ်း

    ဒီဇင်ဘာ ၁၉၊ ၂၀၁၃
    M-Media
    ပြည့်ပြည့်

    ဓါတ်ပုံအညွှန်း -> ရန်ကုန်တိုင်းရဲတပ်ဖွဲ့ အင်တာနက်စာမျက်နှာ
    ဓါတ်ပုံအညွှန်း -> ရန်ကုန်တိုင်းရဲတပ်ဖွဲ့ အင်တာနက်စာမျက်နှာ

    ရန်ကုန် ။        ။   ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်တွင် ယနေ့ နံနက် ၂း၃၀-နာရီခန့်က မီးလောင်ကျွမ်းမှု တစ်ခုဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၁၅-လုံး မီးလောင် ကျွမ်းခဲ့ကြောင်း သိရသည်။

    ဖြစ်ပွားပုံမှာ မရမ်းကုန်းမြို့နယ် ၉-ရပ်ကွက်၊ သူရလမ်း၊ အမှတ်-၉၀ အိမ်ရှင် ဒေါ်ခင်သန်း၏နေအိမ်အောက်ထပ်တွင် ငှားရမ်းနေထိုင်သူ ကိုမျိုးမြင့်အောင် မှ နေအိမ်အိပ်ခန်းအတွင်း လျှပ်စစ်မီးပူအား မီးပလပ်ထိုးထားရာမှ အပူလွန်ကဲကာ အကြော်ကြော်ရာတွင် အသုံးပြုသည့် အနီးရှိ ပွဲအိတ်များကို မီးကူးစက်ခဲ့သဖြင့် ၅၅-မိနစ်ခန့် မီးလောင်ကျွမ်းမှုတွင် အဆိုပါအိမ်နှင့် ၀န်းကျင်ရှိ အိမ်ခြေ ၁၅-လုံး မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးပေါ့ဆသူ ကိုမျိုးမြင့်အောင်အား မရမ်းကုန်းမြို့မ ရဲစခန်းမှ (ပ)၅၁၉/၂၀၁၃၊ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။

    အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ငွေကျပ် ၇၃-သိန်းခန့်ဆုံးရှုံးပြီး၊ အိမ်ထောင်စု ၄၅-စု၊ လူဦးရေ ၂၀၈-ဦး အိုးမဲ့အိမ်မဲ့ဖြစ်ကာ မစိုးရိမ်ဘုန်းကြီး ကျောင်းဝင်း အတွင်း ဓမ္မာရုံတွင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားပြီး ၎င်းဒုက္ခသည်များအတွက် ကူညီရေးများ လုပ်ဆောင်လျက်ရှိသည်။

    ကိုးကား ။  ရန်ကုန်တိုင်းရဲတပ်ဖွဲ့ အင်တာနက်စာမျက်နှာ

  • ပြည်တွင်းသတင်း စုစည်းမှု

    ပြည်တွင်းသတင်း စုစည်းမှု

    ဒီဇင်ဘာ ၁၈၊ ၂၀၁၃
    M-Media

    မြန်မာနိုင်ငံတွင်း တရားမ၀င် အလုပ်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၆-ဦးအား ဖမ်းဆီး

    – မြန်မာနိုင်ငံအတွင်းသို့ အလည်အပတ်ဗီဇာနှင့် ရောက်ရှိလာပြီး တရားမ၀င် အလုပ်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၆-ဦးကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် မနေ့က ဖမ်းဆီးခဲ့ပြီး ရမည်းသင်းမြို့ မိုးထိမိုးမိဒေသရှိ အမျိုးသားကြီးပွားရေး ရွှေတူးဖော်ထုတ်လုပ်မှု ကုမ္ပဏီတွင်လည်း အလားတူ တရုတ်နိုင်ငံသား ၂၃-ဦးအားလည်း လွန်ခဲ့သော သီတင်းပတ်က ဖမ်းဆီး၍ ပြည်နှင် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
    ________________________

    အအေးလှိုင်းကြောင့် ဒုက္ခသည်များ အကူအညီလိုအပ်

    – အအေးလှိုင်းဖြတ်သန်းမှုကြောင့် မြန်မာပြည်မြောက်ဖျားပိုင်းဒေသများရှိ ကချင်စစ်ဘေးရှောင် ဒုက္ခသည်စခန်းများ၌ အနွေးထည်နှင့် စောင်မလုံလောက်မှုများ ကြုံတွေ့နေရသဖြင့် အကူအညီများ လိုအပ်လျက်ရှိကြောင်းသိရသည်။
    ________________________

    ကုလဆောင်ရွက်နေတဲ့ ဘိန်းစိုက်ပျိုးမှု တိုက်ဖျက်ရေး မြန်မာနိုင်ငံမှာ အောင်မြင်မှု မရသေး

    – ဆင်းရဲတဲ့ ဘိန်းစိုက်တောင်သူတွေမှာ ဘိန်းစိုက်ပျိုးမှုမှ လွဲ၍ အခြားရွေးချယ်ရန် အခွင့်အလမ်းမရှိသည့်အတွက် ဘိန်းအထွက်နှုန်း သိသာစွာ တိုးလာခဲ့ပြီး ကုလသမဂ္ဂမှ ချမှတ်ဆောင်ရွက်နေသည့် မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးမှု တိုက်ဖျက်ရေး အစီအစဉ်လည်း အောင်မြင်မှုမရသေးပဲ မြန်မာနိုင်ငံ၏ ဘိန်းအထွက်နှုန်းသည် လွန်ခဲ့သည့် ၁၀-နှစ်ကျော်အတွင်း အမြင့်ဆုံးကို ရောက်ရှိသွားပြီဟု ကုလသမဂ္ဂမှ ပြောကြားလိုက်ကြောင်း သိရသည်။
    ________________________

    ICRC ကို ယုံကြည်မှုနည်းတဲ့ ရခိုင်ပြည်နယ် ပေါက်တောမြို့ခံတွေ ဆန္ဒပြ

    – လွန်ခဲ့သောလက ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့မှုများတွင် ICRC အဖွဲ့သည် မွတ်စလင်မ်များကိုသာ အကူအညီပေးတာကြောင့် ICRC အဖွဲ့အား မြို့ပေါ်မလာရောက်ရန် ပေါက်တောမြို့နယ် အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ မြို့ခံ ၁၀၀ နီးပါးက ကန့်ကွက်တောင်းဆိုခဲ့ကြောင်း၊ ယင်းကိစ္စအား စစ်တွေအခြေစိုက် ICRC ရခိုင်ပြည်နယ်ရုံးအား RFA မှ ဆက်သွယ်မေးမြန်းသော်လည်း ပြည်နယ်ရုံးတာဝန်ရှိသူများအနေဖြင့် ယခုကိစ္စရပ်အား တာဝန်ယူပြောဆိုခွင့် မရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်ဟု သိရသည်။
    ________________________

    ထိုင်း-မြန်မာ (အမျိုးသမီး)ဘောလုံးအသင်း ၁၁-ဂိုး ၁၀-ဂိုးဖြင့် ထိုင်းအသင်း အနိုင်ရ

    – အမျိုးသမီးဘောလုံးအသင်း ထိုင်းအသင်းနှင့် မြန်မာအသင်းတို့ ယနေ့တွင် မန္တလေးမြို့ မန္တလာသီရိ အားကစားကွင်းတွင် ယှဉ်ပြိုင်ကစားရာ ထိုင်းအသင်း ပွဲပြီးသည်အထိ သရေဖြစ်သဖြင့် နှစ်သင်းလုံး ပင်နယ်တီကစားရာ ထိုင်းအသင်းမှ မြန်မာအသင်းအား ၁၁-ဂိုး ၁၀-ဂိုးဖြင့် အနိုင်ရရှိသွားပါသည်။
    ________________________

  • အခြေခံနိုင်ငံရေးသိပ္ပံစာအုပ်မိတ်ဆက်ပွဲ နှင့် လက်ပံတောင်းဒေသခရီးစဉ်အကြောင်း စာနယ်ဇင်းရှင်းလင်း

    အခြေခံနိုင်ငံရေးသိပ္ပံစာအုပ်မိတ်ဆက်ပွဲ နှင့် လက်ပံတောင်းဒေသခရီးစဉ်အကြောင်း စာနယ်ဇင်းရှင်းလင်း

    ဒီဇင်ဘာ ၁၈-၂၀၁၃
    M-Media
    သီရိ

    DSC02285a

    ရန်ကုန်  ။       ။       နိုင်ငံရေးအကျဉ်းသားဟောင်းများအင်အားစုမှ ရန်ပုံငွေ အဖြစ် ထုတ်ဝေခဲ့သော အခြေခံနိုင်ငံရေးသိပ္ပံ စာအုပ်မိတ်ဆက်ပွဲနှင့် လက်ပံတောင်း ဒေသသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အကြောင်း စာနယ်ဇင်းရှင်းလင်းပွဲကို ဒီဇင်ဘာလ ၁၈-ရက် နေ့တွင် မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးတွင် ပြုလုပ်ခဲ့သည်။

    သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံရေးအကျဉ်းသားဟောင်းများ အင်အားစုမှ အမှုဆောင်တစ်ဦးဖြစ်သူ ကိုရဲထွဋ်ခေါင်မှ “အခြေခံ နိုင်ငံရေးသိပ္ပံ စာအုပ်ထုတ်ရခြင်းရဲ့ ရည်ရွယ်ချက်ကတောုံ့တစ်နိုင်ငံလုံးမှာပြန့်ကြဲနေတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေကို ခရီးစဉ်တိုင်းမှာပြန်လည်စုစည်းနိုင်ရန် အတွက် ဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ပတ်သက်လာရင် ကျန်းမာရေး၊ ပညာရေး နိမ့်ကျနေတဲ့ စိတ်ပိုင်းဆိုင်ရာ ကျဆင်းမှုတွေကို မြှင့်တင်ပေးဖို့ရည်ရွယ်ချက်နဲ့ ဒီစာအုပ်ကိုထုတ်ဝေတာဖြစ်ပါတယ်။ ထိုစာအုပ်ကို စာရေးဆရာဦးမောင်မောင်လေးမှရေးသားခဲ့ပြီး ဦးမောင်မောင်လေးကွယ်လွန်သွားတဲ့အခါ သူရဲ့မိသားစုကို ခွင့်တောင်းခဲ့ပြီး စာအုပ်ထုတ်ဝေခဲ့ပါတယ်။ အခု အုပ်ရေ ၁၀၀၀ စတင်ထုတ်ဝေခဲ့ပြီး ယနေ့စတင်ထုတ်ဝေမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့က ဒီစာအုပ်ကိုထုတ်ဝေပြီး ရန်ပုံငွေရှာမယ် ပြီးရင် နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ကျန်းမာရေးနှင့်ပတ်သက်တဲ့ ဆေးဝါးကုသမှု၊ ဘ၀အခက်အခဲများကို ကူညီဖြေရှင်းပေးပါမယ်။ လွန်ခဲ့တဲ့ရက်က နိုင်ငံတော်သမ္မတကို စာတင်ထားပါတယ်။ လွှတ်တော်မှာ နိုင်ငံရေးအကျဉ်းသားဟောင်းတွေကို ကော်မတီတစ်ရပ်ဖွဲ့ပေးဖို့ပေါ့။ အဲဒီကော်မတီကမှ တစ်ဆင့် နိုင်ငံရေးအကျဉ်းသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာတွေကိုမြှင့်တင်ပေးဖို့ ကျွန်တော်တို့တင်ထားပါတယ်။ အနယ်နယ်မှ ပညာဆက်လက် သင်ကြားခွင့် မရှိတဲ့လူတွေ၊ ကျန်းမာရေး၊ လူမှုရေး အဖက်ဖက်မှနိမ့်ကျနေတဲ့လူတွေကို စာအုပ်ရောင်းရတဲ့ငွေနဲ့ တတ်နိုင်သလောက်ကူညီပေးသွား မှာပါ”ဟု ရှင်းလင်းပြောကြားခဲ့ပါတယ်။

    ထို့နောက် လက်ပံတောင်း ခရီးစဉ်နဲ့ ပက်သက်ပြီး “နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ လက်ပံတောင်းသို့ချီတက်ခဲ့ကြပါတယ်။ ကျွန်တော်တို့ သွားရတဲ့ ရည်ရွယ်ချက်ကတော့ ဒေသခံပြည်သူတွေနဲ့ အနီးကပ်ထိတွေ့ပြီး သူတို့ဖြစ်နေတာတွေကို မျက်မြင်လေ့လာဖို့ဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားပေါင်း ၅၆ ယောက် နဲ့ ခရီးစဉ်ကိုသွားခဲ့ကြပါတယ်။ ကျွန်တော်တို့ အင်းကြင်းတောင်သပိတ်စခန်းကို သွားခဲ့ကြတယ် အဲဒီမှာ နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်သူ ဆရာတော်ကြီးများကဦးစီးဆောင်ရွက်နေပါတယ်။” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

    ဒေသအခြအနေနှင့် ပက်သက်၍ စေ့စပ်ညှိနှိုင်းမှုမရှိဘဲ ကြမ်းဖက်ဖြိုခွင်းကြောင်း၊ ထိုဒေသတစ်ဝိုက်တွင်း ကင်းလှည့်လျှင်လည်း လက်နက်များကို ကိုင်ဆောင် ကင်းလှည့်ကြောင်း၊ ဒေသခံများအတွက် ဆောက်ပေးထားသည့် အိမ်များမှာလည်း ကျွန်း၊ ပျဉ်းကတိုး စသည့်သစ်များဖြင့်မဆောက်ပေးဘဲ ရိုးရိုးသစ်များဖြင့် ဆောက်လုပ်ပေးခြင်းကြောင့် ပူပြင်းသည့် ထိုဒေသနှင့် ကိုက်ညီမှုမရှိကြောင်း၊ ဒေသခံများက ပြောကြားခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်၏ လက်ပံတောင်း အစီရင် ခံစာမှာလည်း လုံးဝ မှားယွင်းနေပြီး ဒေသခံများကလည်း ဒေါ်အောင်ဆန်းစုကြည်အား အယုံအကြည်မဲ့နေကြောင်းတို့ကို ထည့်သွင်းပြောကြားသွားခဲ့ပြီး၊ ထိုစီမံကိန်းအား လုပ်ခွင့်ရသည့် ၀မ်ပေါင်ကုမ္ပဏီကလည်း ဒေသခံများအား မောက်မာစွာ ဆက်ဆံကြောင်း စသဖြင့် လက်ပံတောင်းဒေသသို့ သွားရောက်ရာမှ ကြုံတွေ့ခဲ့ရသည့် အခြေအနေများကိုလည်း ပြောကြားခဲ့သည်။

    ထို့နောက် မီဒီယာမှမေးမြန်းသည်များကိုဖြေကြားခဲ့ပြီး အခမ်းအနားကို နေ့လည် ၂-နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။