News @ M-Media

Blog

  • ဖိလစ်ပိုင်အလှမယ် နိုင်ငံတကာ အလှမယ်ဘွဲ့ Miss International ဆွတ်ခူး

    ဖိလစ်ပိုင်အလှမယ် နိုင်ငံတကာ အလှမယ်ဘွဲ့ Miss International ဆွတ်ခူး

    ဒီဇင်ဘာ ၁၈၊ ၂၀၁၃
    M-Media

    52b13e0edddb5

    ဂျပန်နိုင်ငံ တိုကျိုမြို့ Shinagawa Prince ဟိုတယ်တွင် ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ၂၀၁၃-ခုနှစ် နိုင်ငံတကာ အလှမယ်ပြိုင်ပွဲတွင် ဖိလစ်ပိုင်အလှမယ် ဘီအာ ရိုဆေး ဆန်တီယေဂိုက နိုင်ငံတကာ အလှမယ်ဘွဲ့ Miss International 2013 ဘွဲ့အား ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။ ပြိုင်ပွဲဝင် ၆၀ ကျော် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည့် ၅၃ ကြိမ်မြောက် အဆိုပါပြိုင်ပွဲတွင် ရိုဆေးမှာ နယ်သာလန်အလှမယ်နှင့် နယူးဇီလန်အလှမယ်တို့ကို ကျော်ဖြတ်ကာ ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။

    ပြီးခဲ့သည့်နှစ်ပြိုင်ပွဲက အနိုင်ရရှိခဲ့သည့် အလှမယ်မှာ ယခုပွဲအား တက်ရောက်နိုင်ခြင်း မရှိသောကြောင့် ၂၀၀၈ ခုနှစ်တွင် ဆုရရှိခဲ့သည့် စပိန်မယ်က ရိုဆေးအား သရဖူဆောင်းပေးခဲ့သည်။

    ဆုရရှိခဲ့မှုနှင့်ပက်သက်၍ ရိုဆေးက “ဒါဟာ ကျွန်မရဲ့ အိပ်မက်ပါပဲ။ ကျွန်မကိုရွေးချယ်ခဲ့တဲ့အတွက် ဂျပန်ပြည်ကို ကျေးဇူးတင်ပါတယ်။ ဒီပွဲက ကျွန်မရဲ့ သရဖူနဲ့ ကျမရဲ့ဘွဲ့(ဆုကြေးငွေ)ကို မုန်တိုင်းဒဏ်ခံပြည်သူတွေကို ကူညီသွားမှာပါ။ ဒါ(ဒီဆု)ဟာ ကျွန်မရဲ့နိုင်ငံနဲ့ ကျွန်မရဲ့ ပြည်သူတွေအတွက်ပါ” ဟု ပြောကြားသွားခဲ့သည်။

    Ref : Dawn

  • ဒီဇင်ဘာ ၁၈၊ အားကစားသတင်း စုစည်းမှု

    ဒီဇင်ဘာ ၁၈၊ အားကစားသတင်း စုစည်းမှု

    ဒီဇင်ဘာ ၁၈ ၊ ၂၀၁၃
    M-Media

    351069_heroa

    – လက်ရှိ စာချုပ်မှာ ၂၀၁၆ ခုနှစ်မှ သက်တမ်းကုန်မည်ဖြစ်သော်လည်း တိုက်စစ်မှူးဆွာရက်ဇ်အား တစ်ပါတ်လုပ်ခ ပေါက် ၁ သိန်း ၃ သောင်းပေး၍ နှစ်ရှည်စာချုပ်ချုပ်ဆိုရန် လီဗာပူးလ်အသင်းက ပြင်ဆင်နေသည်ဟု သိရသည်။ လီဗာပူးလ်အသင်း၏ မန်းနေးဂျင်းဒါရိုက်တာဖြစ်သူ အီယန် အိုင်ရီမှာ စာချုပ်သစ်ကိစ္စဆွေးနွေးရန်အတွက် ဆွာက်ရက်ဇ်၏ အေးဂျင့်ဖြစ်သူ ပီရီ ဂွာဒီယိုလာနှင့် တွေ့ဆုံရန် ယမန်နေ့က ဘာစီလိုနာသို့ သွားရောက်ခဲ့သည်။

    လီဗာပူးလ်းအသင်းမှာ ဘောလုံးရာသီအတွင်း ကစာသမားများကို စာချုပ်သက်တမ်းတိုးခြင်း ပြုလုပ်လေ့မရှိဘဲ၊ ယခုကဲ့သို့ ဆောင်ရွက်ခြင်းမှာ ဆွာရက်ဇ်အား အသင်းမှ မထွက်ခွာစေလို၍လည်းဖြစ်သည်။ လူးဝစ်ဆွာရက်ဇ်မှာ နောက်ပိုင်းပွဲစဉ်များတွင် တောက်လျှောက်ခြေစွမ်းပြနေပြီး နောက်ဆုံးကစားခဲ့သည့် ပရီးမီးယားလိဂ် ပွဲ စဉ် ၁၁ ပွဲတွင် ၁၇ ဂိုးသွင်းယူပေးထားသည်။

    Ref :  goal
    ……………………………..

    – မန်စီးတီးအသင်းအား ၆ ဂိုး ၃ ဂိုးဖြင့် အနိုင်ရရှိခဲ့ပွဲတွင် မန်စီးတီးပရိတ်သတ်များအား အမူအရာဖြင့် စော်ကားသော အပြုအမူတစ်ခု ပြုလုပ်ခဲ့သောကြောင့် အာဆင်နယ် ကွင်းလယ်လူ ၀ီလ်ရှိုင်းယားမှာ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA ၏ အရေးယူမှုကို ခံရဖွယ်ရှိသည်ဟု သိရသည်။ ၀ီလ်ရှိုင်းယားမှာ မန်စီတီး ပရိတ်သတ်များအား လက်ခလယ်ထောင်ပြခဲ့ခြင်းဖြစ်ပြီး ထိုအဖြစ်အပျက်အား ဒိုင်လူကြီးများက မမြင်ခဲ့သော်လည်း ပွဲအပြီး ဗီဒီယိုတွင် FA တာဝန်ရှိသူများက စစ်ဆေးတွေ့ရှိခဲ့သောကြောင့် တရားစွဲရန်ပြင်ဆင်နေသည်။
    …………………………………

    – အသင်းရှိ ဘရာဇီးတိုက်စစ်မှူး နေးမာအနေဖြင့် စပိန်ရှိ ဘောလုံးကစားပွဲများနှင့်ပက်သက်၍ သင်ယူစရာအများကြီးရှိနေပြီး ရင့်ကျက်ရန်လည်း လိုအပ်သည်ဟု ဘာစီလိုနာအသင်း၏ နည်းပြဖြစ်သူ မာတီနိုက ပြောကြားလိုက်သည်။ နေးမာမှာ ယခုအချိန်တွင် အကောင်းဆုံးပုံစံကို ရရှိနေပြီး ဂိုးများသွင်းနေနိုင်သော်လည်း၊ နောက်ဆုံးကစားခဲ့သည့် လာလီဂါပွဲတွင် အချိန်ဆွဲမှုကြောင့် အ၀ါကဒ်ပြသခြင်းခံခဲ့ရကာ ၎င်းအတွက် ငါးခုမြောက်အ၀ါကဒ်ဖြစ်လာခဲ့ပြီး လာမည့် တနင်္ဂနွေနေ့တွင် ကစားမည့် ဂီတာဖေးအသင်းနှင့်ပွဲအား လွဲချော်ရတော့မည်ဖြစ်သည်။
    ………………………………….

    – ကွယ်လွန်သူ တောင်အာဖရိက သမ္မတဟောင်း မင်ဒဲလားအား ဂုဏ်ပြုသည့် စာတမ်းဖော်ပြမှုအတွက် ဂါလာတာစာရေး ကစားသမားများဖြစ်ကြသည့် ဒရော့ဘာ နှင့် အီဘိုယေးတို့မှာ အရေးယူခြင်းခံရမည်မဟုတ်ဟု သိရသည်။ တူရကီ Super Lig ပွဲစဉ်ဖြစ်သည့် Elazigspor အသင်းအား အနိုင်ရရှိခဲ့သော ပွဲအပြီးတွင် ၎င်းတို့ နှစ်ဦစလုံးမှာ “Thank you, Madiba” ဟု စာတန်းရေးထိုးထားသည့် အင်္ကျီအား လှစ်ပြခဲ့သည်။ ထိုကဲ့သို့ ပြုမူရန် တာဝန်ရှိသူများထံမှ ခွင့်ပြုချက်မယူခဲ့သော်လည်း နိုင်ငံရေးနှင့် သက်ဆိုင်သည့် အဆိုပါစာတမ်းအတွက် အရေးယူမှုများကို ပြုလုပ်လိမ့်မည်မဟုတ်ဟု တူရကီဘောလုံးအဖွဲ့ချုပ်က ကြေညာခဲ့သည်။
    …………………………………

    – ယခုခေတ် ဘောလုံးကလပ်များမှာ နည်းပြများအား အဆောတလျင် ထုတ်ပစ်ကြပြီး၊ အောင်မြင်သောအသင်းဖြစ်ရန်အတွက် အသင်းအနေဖြင့် တည်ငြိမ်မှု လိုအပ် သည်ဟု မန်ချက်စတာယူနိုက်တက်အသင်း၏ နည်းပြဖြစ်သူ ဒေးဗစ်မိုယက်စ်က ပြောကြားလိုက်သည်။ ပြီးခဲ့သည့် တနင်္ဂနွေနေ့က လီဗာပူးလ်အသင်းအား ၅ ဂိုး ဂိုးမရှိ ဖြင်ရှုံးနိမ့်ခဲ့ပြီးနောက် စပါးနည်းပြ ဗီလာဘိုအာစ်အထုတ်ခံခဲ့ရမှုနှင့် ပက်သက်၍ မိုယက်စ်က ရည်ညွှန်းပြောဆိုလိုက်ခြင်းဖြစ်သည်။ ၂၀၁၂ ခုနှစ်က ချယ်ဆီး အသင်းမှ ထုတ်ပယ်ခြင်းခံခဲ့ရသည့် ဘိုအာစ်မှာ ယခုနှစ် ဘောလုံးရာသီအတွင်း ပရီးမီးယားလိဂ်တွင် အထုတ်ခံခဲ့ရသည့် ငါးဦးမြောက် နည်းပြဖြစ်လာခဲ့သည်။
    …………………………….

    ကွာတားဖိုင်နယ်ဖြင့်သာ ကျေနပ်ခဲ့ရသည့် မော်ရင်ဟိုနှင့် မန်စီးတီး နောက်တစ်ဆင့်သို့ တက်ရောက်သွားခဲ့သည့် လိဂ်ဖလားပြိုင်ပွဲ

    အင်္ဂလိပ်လိဂ်ဖလား ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များကို ယနေ့နံနက်က ကစားခဲ့ရာ မော်ရင်ဟို၏ ချယ်ဆီးအသင်းမှာရှုံးနိမ့်ခဲ့ပြီး၊ အာဆင်နယ်အား ၆ ဂိုး ၃ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် မန်စီးတီးအသင်းမှာ ဆီးမီးဖိုင်နယ်သို့ တက်ရောက်သွားနိုင်ခဲ့သည်။

    ဆန်းဒါးလန်း ၂-၁ ချယ်ဆီး

    ချယ်ဆီးအသင်းမှာ စနေနေ့က ခရစ္စတယ်ပဲလေ့စ်အသင်းအား ၂ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိခဲ့သည့်ပွဲမှ လူစာရင်းအား ၈ နေရာအပြောင်းအလဲလုပ်ကာ ယှဉ်ပြိုင်ခဲ့ပြီး အမာခံကစားသမားများဖြစ် ကွင်းလယ်လူ လမ်းပတ်နှင့် အရှ်လေကိုးလ်တို့သာ ပါဝင်ခဲ့သည်။ ဦးဆောင်ဂိုးကို ၄၆ မိနစ်တွင် ချယ်ဆီးက လီ ကတ်တာမိုးလ်၏ ကိုယ့်ဂိုးကိုယ်သွင်းမှုဖြင့် စတင်ရရှိခဲ့သည်။ ထိုဘောလုံးအား ဂိုးသမား ဗီတို မန်နိုနီက ကန်ထုတ်ခဲ့သော်လည်း Goal Line နည်းပညာအရ ဘောလုံးမှာ စည်းကျော်သွားကြောင်း အချက်ပြခဲ့သည့်အတွက် ဒိုင်လူကြီးက ဂိုးအဖြစ်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ၈၈ မိနစ်တွင် ဆန်းဒါးလန်းမှ ဖေဘီယို ဘိုရီနီက ချေပဂိုးသွင်းယူခဲ့သောကြောင့် ၁ ဂိုးစီသရေဖြင့် ပွဲပြီးခဲ့ပြီး အချိန်ပို ဆက်လက်ကစားခဲ့ရသည်။ အချိန်ပိုတွင် ဆန်းဒါးလန်း အသင်းက ဂိုးသွင့်ခွင့်အနည်းငယ်ရရှိခဲ့ပြီး ၁၁၈ မိနစ်တွင် ဆွမ်ဆီးအသင်းမှ အငှားဖြင့် လာရောက်ကစားနေသည့် တောင်ကိုရီးယားကစားသမား ကီဆွန်ယွန်က ဆန်းဒါးလန်းအသင်းအတွက် နောက်တစ်ဆင့် တက်ရောက်စေမည့် ဂိုးအား သွင်းယူပေးခဲ့သည်။

    လက်စတာစီးတီး ၁-၃ မန်စီးတီး

    လက်စတာစီးတီး၏ ကင်းပါဝါ ကွင်းတွင် ကစားခဲ့သည့် ယခုပွဲတွင် မန်စီးတီးအသင်းမှာ သက်တောင့်သက်သာဖြင့် အနိုင်ရရှိခဲ့ပြီး ဆီးမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။ မန်စီးတီးအသင်းအတွက် ဂိုးများကို ပွဲအစ ၈ မိနစ်တွင် ကိုလာရော့ဗ်က ဖရီးကစ်မှလည်းကောင်း၊ ၄၁ မိနစ်နှင့် ၅၃ မိနစ်တို့တွင် ဇက်ကိုကလည်းကောင်း အသီးသီးသွင်းယူပေးခဲ့ပြီး အိမ်ရှင်အသင်းအတွက် နှစ်သိမ့်ဂိုးကို ၇၇ မိနစ်တွင် ဒိုင်ယာက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ မန်စီးတီးအသင်းအနေဖြင့် ယခုကဲ့သို့ ဆီးမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ခြင်းမှာ ၁၉၇၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်လည်းဖြစ်သည်။

  • ဒီဇင်ဘာ ၁၈ နိုင်ငံတကာ သတင်းများ

    ဒီဇင်ဘာ ၁၈ ၊ ၂၀၁၃
    M-Media

    အိန္ဒိယ သံတမန်တဦး အမေရိကန် ဖမ်းဆီး၊ နှစ်နိုင်ငံ ဆက်ဆံရေးတင်းမာ

    နယူးယောက်မြို့ရှိ အိန္ဒိယသံတမန်တစ်ဦးအား အမေရိကန်မှ ဖမ်းဆီးလိုက်ခြင်းကြောင့် အမေရိကန်နှင့် အိန္ဒိယတို့၏ ဆက်ဆံရေးမှာ တစ်ဖြည်းဖြည်းတင်းမာလာခဲ့ပြီး အိန္ဒိယသို့ ရောက်ရှိနေသည့် အမေရိကန် ကွန်ဂရက်မှ ကိုယ်စားလှယ်အဖွဲ့အား အိန္ဒိယ အာဏာပိုင်များက တွေ့ဆုံခြင်း မရှိသည် အထိ ဖြစ်လာခဲ့သည်။

    အိန္ဒိယနိုင်ငံအတွင်းရှိ အမေရိကန် သံအမတ်များအားလုံး ၎င်းတို့၏ သက်သေခံကဒ်များကို ချိတ်ဆွဲရန် ယမန်နေ့တွင် အစိုးရက ညွှန်ကြားခဲ့ပြီး၊ နယူးဒေလီရှိ အမေရိကန်သံရုံးရှေ့မှ လုံခြုံရေးအဆီးအတားများကိုလည်း ဖယ်ရှားပစ်ခဲ့သည်။ ထို့ပြင် အမေရိကန် သံအမတ်များ၏ လေဆိပ်သို့ ၀င်ရောက်ခွင့်ကိုလည်း ပိတ်ပင်ထားကာ ယခုထက်ပိုမို၍ ကန့်သတ်ချက်များပြုလုပ်မည်ဟု သိရသည်။

    ကွန်ဂရက်ပါတီ ဒုတိယဥက္ကဌနှင့် ဖက်ဒရယ်ပြည်ထဲရေးဝန်ကြီး ဆူရှီကူးမားတို့ကလည်း အိန္ဒိယ သံတမန်အား အမေရိကန်တို့ဖမ်းဆီးထားမှုကို ဆန့်ကျင်သောအနေဖြင့် နယူးဒေလီသို့ ရောက်ရှိနေသည့် အမေရိကန် ကိုယ်စားလှယ်အဖွဲ့အား တွေ့ဆုံရန် ယမန်နေ့က ငြင်းဆန်ခဲ့ကြသည်။

    ap348027554787_wide-6df48de2f27e3d85f86213277a4611b374ea6051-s6-c30
    ——————————
    ရုရှမှ ယူကရိန်းရဲ့ ကြွေးမြီ ဒေါ်လာ ၁၅ ဘီလီယံ လျော်ပေး

    – ယူကရိန်းနိုင်ငံတင်ရှိနေသည့် ကြွေးမြီး ကန်ဒေါ်လာ ၁၅ ဘီလီယံအား လျော်ပေး နှင့် ရုရှားမှ တင်ပို့နေသာ ဓာတ်ငွေ့ဈေးနှုန်းကို သုံးပုံတစ်ပုံအထိလျှော့ချရန် ရုရှားသမ္မတ ဗလာဒီမာပူတင်က ယမန်နေ့တွင် သဘောတူခဲ့သည်ဟု သိရသည်။ ထိုသဘောတူညီချက်မှာ နိုင်ငံအတွင်းကြုံတွေ့နေ ရသည့် လစာအခက်အခဲနှင့် ပြီးခဲ့သည့် နှစ်အစကတည်းက ဖြစ်ပေါ်နေသည့် စီးပွားရေးကျဆင်းမှုကြောင့် ကြုံတွေ့ရနိုင်သည့် အခက်အခဲများကို ကျော်လွှားရန် ကူညီမှုတစ်ခု လည်းဖြစ်သည်။ သို့သော်လည်း ထောင်ပေါင်းများစွာသော ယူကရိန်းပြည်သူများမှာ ထိုသဘောတူညီချက်အား လက်မခံဘဲ ကိဗ်မြို့၏ လွတ်လပ်ရေးရင်ပြင်တွင် စုရုံးကာ ဆန္ဒပြနေကြသည်။
    —————————————–

    အမေရိကန် Gay မဂ္ဂဇင်းတစ်ခုမှ ပုပ်ရဟန်းမင်းကြီးကို ၂၀၁၂ အတွက် အကောင်းဆုံး ပုဂ္ဂိုလ်အဖြစ် ရွေးချယ်

    – လိင်တူချစ်သူများ အခွင့်အရေးကို ဦးစားပေးဖော်ပြသည့် အမေရိကန် မဂ္ဂဇင်းတစ်ခုက ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အား ယခုနှစ်အတွင်အကောင်းဆုံး ပုဂ္ဂိုလ်အဖြစ် ရွေးချယ်ခဲ့သည်ဟု သိရသည်။ ပုပ်ရဟန်းမင်းကြီးအနေဖြင့် လိင်တူချစ်သူများအား အားပေးသည့် စကားများကို ပြောဆိုခဲ့ခြင်းကြောင့် The Advocate ဟု အမည်ရသည့် အဆိုပါ မဂ္ဂဇင်းက ထိုကဲ့သို့ ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ပုပ်ရဟန်းမင်းကြီး၏ ၇၇ နှစ်မြောက် မွေးနေ့နှင့်လည်း တိုက်ဆိုင်နေသည်။

    Source:Reuters

    ——————————

    နိုင်ငံတကာ အာကာသစခန်း ISS ပြင်ဆင်မည်

    – နိုင်ငံတကာ အာကာသစခန်း ISS ရှိ အကြီးဆုံးအအေးပတ်လမ်းတစ်ခု ပျက်စီးမှုအား အမြန်ပြုပြင်ရန်အတွက် အမေရိကန် ပညာရှင်များက အာကာသအတွင်း ဆင်းသက်ဆောင်ရွက်မည်ဟု နာဆာမှ ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။ ISS ရှိ အအေးပတ်လမ်းနှစ်ခုမှ တစ်ခုမှာ ပန့်နှင့် အဆို့ရှင် ပြဿနာကြောင့် ပြီးခဲ့သည့် တစ်ပါတ်က ပိတ်ပစ်ခဲ့ရပြီး ISS တွင် တာဝန်ထမ်းဆောင်နေသည့် ပညာရှင်သုံးဦးမှာ စနေ၊ တနင်္လာနှင့် ဗုဒ္ဓဟူးနေ့များတွင် အာကာသအတွင်းသို့ ဆင်းသက်ကာ ပြင်ဆင်မည်ဖြစ်သည်။

    —————————–

    ဖိလစ်ပိုင်အလှမယ် နိုင်ငံတကာ အလှမယ်ဘွဲ့ Miss International ဆွတ်ခူး

    – ဂျပန်နိုင်ငံ တိုကျိုမြို့ Shinagawa Prince ဟိုတယ်တွင် ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ၂၀၁၃-ခုနှစ် နိုင်ငံတကာ အလှမယ်ပြိုင်ပွဲတွင် ဖိလစ်ပိုင်အလှမယ် ဘီအာ ရိုဆေး ဆန်တီယေဂိုက နိုင်ငံတကာ အလှမယ်ဘွဲ့ Miss International 2013 ဘွဲ့အား ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။ ပြိုင်ပွဲဝင် ၆၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ၅၃ ကြိမ်မြောက် အဆိုပါပြိုင်ပွဲတွင် ရိုဆေးမှာ နယ်သာလန်အလှမယ်နှင့် နယူးဇီလန်အလှမယ်တို့ကို ကျော်ဖြတ်ကာ ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။

    ပြီးခဲ့သည့်နှစ်ပြိုင်ပွဲက အနိုင်ရရှိခဲ့သည့် အလှမယ်မှာ ယခုပွဲအား တက်ရောက်နိုင်ခြင်း မရှိသောကြောင့် ၂၀၀၈ ခုနှစ်တွင် ဆုရရှိခဲ့သည့် စပိန်မယ်က ရိုဆေးအား သရဖူဆောင်းပေးခဲ့သည်။

    ဆုရရှိခဲ့မှုနှင့်ပက်သက်၍ ရိုဆေးက “ဒါဟာ ကျွန်မရဲ့ အိပ်မက်ပါပဲ။ ကျွန်မကိုရွေးချယ်ခဲ့တဲ့အတွက် ဂျပန်ပြည်ကို ကျေးဇူးတင်ပါတယ်။ ဒီပွဲက ကျွန်မရဲ့ သရဖူနဲ့ ကျမရဲ့ဘွဲ့(ဆုကြေးငွေ)ကို မုန်တိုင်းဒဏ်ခံပြည်သူတွေကို ကူညီသွားမှာပါ။ ဒါ(ဒီဆု)ဟာ ကျွန်မရဲ့နိုင်ငံနဲ့ ကျွန်မရဲ့ ပြည်သူတွေအတွက်ပါ” ဟု ပြောကြားသွားခဲ့သည်။
    ……………………………….

  • မြောက်ကိုရီးယားနှင့် လက်နက်ရောင်းဝယ်မှုကြောင့် မြန်မာ ကုမ္ပဏီသုံးခုနှင့် စစ်တပ် အရာရှိတစ်ဦးအား အမေရိကန်မှ အမည်ပျက် စာရင်းသွင်း

    ဒီဇင်ဘာ ၁၈၊ ၂၀၁၃
    M-Media

    Thein-Htay
    – မြောက်ကိုရီးယားနှင့် တရားမ၀င် လက်နက်ရောင်းဝယ်မှုတွင် ပါဝင်နေသည့်ဟု စွပ်စွဲကာ မြန်မာနိုင်ငံရှိ ကုမ္ပဏီသုံးခုနှင့် စစ်တပ်အရာရှိတစ်ဦးအား အမေရိကန်က ယမန်နေ့တွင် ကန့်သတ်ပိတ်ဆို့မှုများကို ပြုလုပ်ခဲ့သည်ဟု သိရသည်။

    ဘဏ္ဍားရေဌာနမှ ယမန်နေ့က ထုတ်ပြန်ခဲ့သည့် ကန့်သတ်ပိတ်ပင်သူများစာရင်း၌ ပါဝင်သူများမှာ ကာကွယ်ရေှးဌာနပစ္စည်းထုတ်လုပ်ရေးရုံး DDI အား တာဝန်ယူဆောင်ရွက်နေသည့် ဒုဗိုလ်မှူးကြီး ကျော်ညွန့်ဦး၊ စစ်လက်နက်ပစ္စည်းများ ထုတ်လုပ်ရန်အတွက် ကုန်ကြမ်းများတင်သွင်းရန် မြောက်ကိုရီးယား အာဏာပိုင်များနှင့် ပြီးခဲ့သည့် ဇွန်လကတည်းက အလုပ်လုပ်နေသည့် စိုးမင်းထိုက် ကုမ္ပဏီလိမိတက်နှင့် Excellence Mineral ကုမ္ပဏီ၊ DDI ရုံးအား ဆောက်လုပ်နေပြီး၊ ဆောက်လုပ်ရေးပစ္စည်းများကို ထောက်ပံ့ပေးနေသည့် Asia Metal ကုမ္ပဏီတို့ဖြစ်ကြသည်။ ထို့ပြင် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလကတည်းက စတင်ဆောင်ရွက်ခဲ့သည့် DDI ရုံးတွင် မြောက်ကိုရီးယားနိုင်ငံသား ၃၀ နီးပါးခန့် အလုပ်လုပ်ကိုင်နေပြီး DDI ရုံး၏ အကြီးအကဲဟောင်းဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးကိုလည်း ပြီးခဲ့သည့် ဇူလိုင်လကတည်းက အမေရိကန်မှ ကန့်သတ်ပိတ်ဆို့မှု ပြုလုပ်ခဲ့သည်။

    မြောက်ကိုရီးယားနိုင်ငံနှင့် စစ်လက်နက်ပစ္စည်းများကုန်သွယ်မှုကို ရပ်တန့်လိုက်ပြီဟု မြန်မာအစိုးရက ပြောကြားခဲ့သော်လည်း အမှန်တစ်ကယ်တွင် လျှော့ချလိုက်ခြင်းသာဖြစ်ပြီး ရပ်တန့်ခြင်းမရှိဟု အမေရိကန်အာဏာပိုင်းများက ပြောကြားခဲ့သေးသည်။

    ထို့ကဲ့သို့ ကန့်သတ်ပိတ်ဆို့မှုမှာ မြန်မာအစိုးရအား တိုက်ရိုက်ပစ်မှတ်ထားခြင်းမဟုတ်သော်လည်း မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အပေါ် လေးစားလိုက်နာမှုအား သံသယ ဖြစ်သွားစေခဲ့သည်။

    မြန်မာစစ်တပ်နှင့် မြောက်ကိုရီးယားတို့၏ ဆက်ဆံရေးပြတ်တောက်ခြင်းမှာ ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်ခဲ့သည့် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့် ကြာရှည်စွာ သီးခြားဖြစ်နေခြင်းအား အဆုံးသတ်ရန်နှင့် အမေရိကန်၏ အဓိကရည်မှန်းချက်လည်းဖြစ်သည်။
    Ref: AP

    ဓါတ်ပုံအညွန်း- မြောက်ကိုရီးယားနှင့် လက်နက်ရောင်းဝယ်မှုကြောင့် အမေရိကန်မှ ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် အမည်ပျက်စာရင်းသွင်းထားသည့် သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့မှ နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီးဟောင်း ဒုတိယ ဗိုလ်ချူပ်ကြီး သိန်းဌေး (ယခု ကာကွယ်ရေးဝန်ကြီးဌာန)

    Photo-  (Reuters)

  • ကင်မရွန်းနိုင်ငံတွင် အစ္စလာမ်သာသနာကို စိတ်ဝင်စားမူမြင့်တက် ၊ ကူးပြောင်းမှု များပြားလာ

    ဒီဇင်ဘာ ၁၈၊ ၂၀၁၃
    M-Media

    Islam-Flourishes-In-Cameroon
    အလယ်အာဖရိကနိုင်ငံ တစ်ခုဖြစ်သည့် ကင်မရွန်းနိုင်ငံတွင် အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်သူများမှာ တဖြည်းဖြည်းတိုးပွားလာပြီး ဗလီဝတ်ကျောင်းတော်များ ကိုလည်း တိုးချဲ့ဆောက် လုပ်လာကြသည်ဟု လေ့လာမှုများ အရသိရသည်။

    အစ္စလာမ်ဘာသာဝင်များ၏ လေးစားအားကျဖွယ်ကောင်းသော အပြုအမူများကြောင့် မြို့တော် Douala တွင် အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်ကြသူများမှာ တစထက်တစ တိုးပွားလာနေသည်။

    “ရှိနေတဲ့ဗလီတွေကို တိုးချဲ့တာတွေ၊ ဗလီအသစ်တွေကို ဆောက်လုပ်နေတာတွေက ယေဘုယျအားဖြင့်  Douala နဲ့ ကင်မရွန်းနိုင်ငံမှာ အစ္စလာမ်ဘာသာဝင်တွေ တိုးလာတယ်ဆိုတာ ထင်ရှားတဲ့ ပြယုဂ်တစ်ခုပါပဲ။ အလ်ဟမ်ဒုလစ်လ္လာဟ် (ချီးမွမ်းခြင်းအပေါင်းတို့သည် အလ္လာဟ်အရှင်မြတ်အဖို့သာဖြစ်၏) အခုဆို သောကြာနေ့ ၀တ်ပြုဖို့အတွက် Douala မှာ ဗလီဝတ်ကျောင်း တော်တော်များများဖြစ်လာပါပြီ၊ ဒါဟာ အစ္စလာမ်သာသနာ ထွန်းကားမှုရဲ့ လက္ခဏာပါပဲ” ဟု Douala မြို့၏ အီမာမ်ချုပ် ရှိခ် မာလစ် ဖာရူးက်က Andolu သတင်းအေဂျင်ဆီသို့ ဒီဇင်ဘာ ၁၅ ရက်နေ့က ပြောကြားခဲ့သည်။

    ထို့ပြင် ကင်မရွန်းမွတ်စလင်မ်များ၏ စံပြုထိုက်သော အမူအကျင့်များက အစ္စလာမ်သာသနာသို့ ၀င်ရောက်မှုတိုးပွားလာခြင်း၏ အဓိကအကြောင်းအရင်းဖြစ်သည်ဟု ဖာရူးက်က ထည့်သွင်းပြောကြားခဲ့သည်။

    “ဒီကမွတ်စလင်မ်က ကိုယ်ကျင့်တရားကောင်းအောင် ကြိုးစားဆောင်ရွက်ကြတယ်။ သူတို့ရဲ့ မွတ်စလင်မ်မဟုတ်တဲ့ အိမ်နီးချင်းတွေကိုလည်း လေးလေးစားစားနဲ့ဆက်ဆံကြတယ်။ ကိုယ်ကျင့်တရားပျက်ပြားတဲ့ လုပ်ရပ်တွေမှာလည်း မပါဝင်ကြဘူး။ ဒါတွေကပဲ အခြားသူတွေ အစ္စလာမ်ထဲရောက်လာအောင် စွဲဆောင်ခဲ့တာပါ။ မူးယစ်ဆေးဝါး၊ အရက်သေစာနဲ့ HIV ကူးဆက်မှုများစေတဲ့ လိင်ပိုင်းဆိုင်ရာလုပ်ရပ်တွေကနေ သန့်သန့်ရှင်းရှင်းနေချင်တဲ့သူတွေက အစ္စလာမ်ကို အလျင်အမြန်ပဲ လက်ခံလာကြပါတယ်” ဟု သူက ဆိုသည်။

    ကင်မရွန်းမွတ်စလင်မ်များမှာ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် လူမှုအဖွဲ့အစည်းတိုးတက်ရေး ပရဟိတလုပ်ငန်းများတွင် တက်ကြွစွာပါဝင်ကြပြီး၊ အလှူဒါန ရက်ရောကာ စာသင်ကျောင်းများ ဗလီဝတ်ကျောင်းတော်များ ဆောက်လုပ်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ကြသည်ဟု သိရသည်။

    ကင်မရွန်းနိုင်ငံရှိ မွတ်စလင်မ်များမှာ ငြိမ်းချမ်းစွာနေထိုင်ကြပြီး မည်သည့် ဘာသာရေးပဋိပက္ခမှ မဖြစ်ခဲ့ဖူးကြောင်း အီမာမ်တစ်ဦးအနေဖြင့် စည်းလုံးညီညွတ်မှု၊ ပေါင်းစည်းမှုနှင့် ညီအကိုမောင်နှမစိတ်ဓာတ် စသည်တို့ကို သွန်သင်ပေးကြောင်း ဖာရူးက်က ထပ်လောင်းပြောကြားခဲ့သည်။

    “အခြားဘာသာဝင်တွေကို လေးလေးစားစားနဲ့ဆက်ဆံဖို့ ကျွန်တော်တို့ သွန်သင်ပေးပါတယ်။ ဒါဟာ အလယ်အာဖရိကနိုင်ငံက ပြည်သူတွေ အတုယူဖို့လိုအပ်တဲ့ ဥပမာတစ်ခုပါပဲ”

    အစ္စလာမ်သာသနာမှာ ကင်မရွန်းနိုင်ငံသို့ ၁၈၀၀ ပြည့်နှစ်များကတည်းက ရောက်ရှိလာခဲ့ပြီး မြို့တော် Douala သို့ ၁၉၂၂ ခုတွင်မှ မြောက်ပိုင်းရှိကုန်သည်များမှတစ်ဆင့် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

    စီအိုင်အေ၏ မှတ်တမ်းများအရ ကင်မရွန်းနိုင်ငံ လူဦးရေ ၂၀.၅ သန်း၏ ၂၀ ရာခိုင်နှုန်းမှာ အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်ကြသူများဖြစ်ပြီး၊ များသောအားဖြင့် Fulani နှင့် Peuhl မျိုးနွယ်စုများဖြစ်ကြကာ နိုင်ငံမြောက်ပိုင်းတွင် အများဆုံးနေထိုင်ကြသည်။ ကင်မရွန်းနိုင်ငံမှာ အခြားသော အာဖရိကနိုင်ငံများနှင့်မတူဘဲ အခြေခံဥပဒေတွင် လွတ်လပ်စွာကိုးကွယ်ခွင့် ပေးထားပြီး အစိုးရမှာလည်း ဘာသာအယူဝါဒ ကျင့်သုံးမှုများအား အလေးထားကြသည်။
    Ref: OnIslam