News @ M-Media

Blog

  • ဒီဇင်ဘာ ၁၅ နိုင်ငံတကာသတင်း

    ဒီဇင်ဘာ ၁၅၊ ၂၀၁၃
    M-Media

    မင်ဒဲလား ရုပ်ကလပ် ဇာတိမြေသို့ရောက်

    – အသားအရောင် ခွဲခြားမှုကို ဆန့်ကျင်ခဲ့ပြီး တောင်အာဖရိကနိုင်ငံအား ဒီမိုကရေစီ စနစ်သို့ ဆောင်ကျဉ်းပေးခဲ့သည့် သမ္မတဟောင်း နယ်လ်ဆင်မင်ဒဲလား၏ ရုပ်ကလပ်မှာ မင်ဒဲလား မွေးဖွားရာ တောင်အာဖရိအရှေ့ဘက်ရှိ ကူနူရွာသို့ ယမန်နေ့က ရောက်ရှိလာခဲ့သည်။

    တောင်အာဖရိက၏ ပထမဆုံး လူမည်းသမ္မတဖြစ်သူ မင်ဒဲလား၏ ရုပ်ကလပ် ထည့်သွင်းထားသည့် အခေါင်းအား တောင်အာဖရိက အလံလွှမ်းခြုံလျက် ဂျိုဟန်နစ္စဘတ်မြို့ Mthatha လေဆိပ်မှ စစ်လေယာဉ်ဖြင့်သယ်ဆောင်ကာ၊ အစောင့်အရှောက် အပြည့်အစုံနှင့် သယ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး တောင်အာဖရိက ပြည်သူများကလည်း လမ်းဘေးဝဲယာတစ်လျှောက်တွင် ၎င်းတို့နိုင်ငံ၏ သူရဲကောင်းအား ဂုဏ်ပြုခဲ့ကြသည်။

    ဒီဇင်ဘာ ၁၅ ရက်နေ့ ကြာသာပတေးနေ့က ကွယ်လွန်သွားခဲ့သည့် မင်ဒဲလားအား ဒီကနေ့တွင် သူ၏ မွေးရက်မြေ၌ နိုင်ငံတော်အခမ်းအနားဖြင့် သဂြိုလ်မည်ဖြစ်သည်။
    Ref:aljazeera

    Mandela's body arrives in home village
    ………………………………..
    ဘရာဇီးတွင် ဘောလုံးကွင်းဆောက်လုပ်ရေးလုပ်သားတစ်ဦး သေဆုံးပြန်

    – ဘရာဇီးနိုင်ငံ အနောက်မြောက်ဘက် Amazonas ပြည်နယ်ရှိ Manaus မြို့တွင် ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရန် ဆောက်လုပ်နေသည့်  Arena Amazonia ဘောလုံးကွင်းတစ်ခု၏ အမိုးပေါ်မှ အလုပ်သမားတစ်ဦး ပြုတ်ကျကာ ယမန်နေ့က သေဆုံးခဲ့သည်ဟု သိရသည်။ အသက် ၂၂ အရွယ်ရှိ အဆိုပါအလုပ်သမားမှာ ၃၅ မီတာ(၁၁၅ ပေ) အမြင့်မှ ကေဘယ်ကြိုးပြတ်ကာ ပြုတ်ကျခဲ့ခြင်းဖြစ်ပြီး ဆေးရုံအရောက်တွင် သေဆုံးခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့ သေဆုံးမှုမှာ ဘရာဇီးရှိ ဘောလုံးကွင်းဆောက်လုပ်ရေးလုပ်ငန်းများတွင် ပြီးခဲ့သည့်လမှ စတင်ကာ ၃ ဦးမြောက် သေဆုံးခဲ့ခြင်းလည်းဖြစ်သည်။

    ……………………………….

    – ဥရောပနိုင်ငံများသို့ ဓာတ်ငွေ့များတင်ဖို့ရန်အတွက် အီရန်နိုင်ငံအနေဖြင့် ပိုက်လိုင်း တစ်ခုကို ဆောက်လုပ်ရန်စီစဉ်နေသည်ဟု တူရကီ စွမ်းအင်ဝန်ကြီး တာနာ ယီလ်ဒစ်ဇ်က ယမန်နေ့က ပြုလုပ်ခဲ့သည့် အစည်းအဝေး တွင်ပြောကြားခဲ့သည်။ သို့သော်လည်း ပိုက်လိုင်းဆောက်လုပ်မည့် အစီအစဉ်အသေးစိတ်ကိုမူ ထည့်သွင်းပြောဆိုသွားခဲ့ခြင်းမရှိပေ။ အီရန်နိုင်ငံမှာ တူရကီနိုင်ငံ စွမ်းအင် ထုတ်လုပ်မှု၊ သုံးစွဲမှု၏ ၆၅ ရာခိုင်နှုန်းအား တာဝန်ယူထားသည့်နိုင်ငံဖြစ်သည်။ ထို့ပြင် စွမ်းအင်ကဏ္ဍနှင့် ပက်သက်၍ တူရကီနိုင်ငံအနေဖြင့် အီရတ်နိုင်ငံနှင့်လည်း ဆွေးနွေးခဲ့သည်ဟု ယီလ်ဒစ်ဇ်က ထည့်သွင်းပြောကြားခဲ့သည်။
    …………………………………..
    – မူးယစ်ဆေးဝါးများနှင့် တရားမ၀င်ဆေးဝါးများ ထုတ်လုပ်ရောင်းချမှုနှင့် ဆက်စပ်သည့် ရာဇ၀တ်မှုများအား နှိမ်နှင်းသည့် စစ်ဆင်ရေးများကို ပြီးခဲ့သည့် ၆ အတွင်း တရုတ်စိုးရကပြုလုပ်ခဲ့ပြီး ထိုစစ်ဆင်ရေးများတွင် မူးယစ်ဆေးဝါးနှင့် ပက်သက်သူ လူပေါင်း ၁၃၀၀ ကျော်ကို ဖမ်းဆီးထိမ်းသိမ်းခဲ့သည်ဟု သိရသည်။ ဖမ်းဆီးထားသူများတွင် မူးယစ်ဆေးဝါး ထုတ်လုပ်သူ၊ အွန်လိုင်းတွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊  အန္တရာယ်ရှိသည့် ဆေးဝါးများအားရောင်းဝယ်မှု စသည့်တို့ကို လုပ်ကိုင်ဆောင်ရွက်သူများ ပါဝင်သည်ဟု ပြည်သူ့လုံခြုံရေး ၀န်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။ ထို့ပြင် မူးယစ်ဆေးဝါး ထုပ်လုပ်သည့် ကန်ဒေါ်လာ သန်း ၃၆၀ တန်ဖိုးရှိ ကုန်ကြမ်းပစ္စည်း ၉ တန်ကျော်ကိုလည်း ဖျက်ဆီးခဲ့သည်ဟု သိရသည်။
    ……………………………….

    – ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကြီးအကဲဖြစ်သူ ဗလဲရီ အေမို့စ်မှာ ပြည်တွင်း စစ်များဖြစ်ပွားနေသည့် ဆီးရီးယားနိုင်ငံသို့ ယမန်နေ့က သွားရောက် လည်ပတ်ခဲ့သည်ဟု သိရသည်။ လက်ဘနွန်နိုင်ငံမှ တစ်ဆင့်  ဆီးရီးယားသို့ သွားရောက် ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းစစ်ကြောင့် ပြောင်းရွှေနေထိုင်ရသည့် ဒုက္ခသည်များအနေဖြင့် ဆိုးရွားသောဆောင်း ရာသီအခြေနေတွင် ပိုမိုကောင်းမွန်စွာ နေထိုင်ရေးနှင့် ပက်သက်၍ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
    …………………………….
    – ဆိုနီ ကုမ္ပဏီမှ နောက်ဆုံးထွက် PS4 ဂိမ်းစက်အား ကြာသာပတေးနေ့ည သန်းခေါင်းယံက ယူအေအီးနိုင်ငံတွင် စတင်ရောင်းချခဲ့ရာ တစ်ရက်မပြည့်သေးခင်တွင် နိုင်ငံတစ်ဝှမ်းရှိ အရောင်း စင်တာများမှ စက်အားလုံး ရောင်းချခဲ့ရသည်ဟု သိရသည်။ Nintendo ၏ Wii U နှင့် မိုက်ခရိုဆော့ဖ်၏ Xbox One တို့နှင့် အပြိုင်ထုတ်လုပ်ထားသည့် PS4 ဂိမ်းစက်မှာ ယူအေအီးတွင် သတ်မှတ်ခွဲတမ်းဖြင့် ရောင်းချခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ အလျင်အမြန် ပစ္စည်းပြတ်လပ်သွားမှုအပေါ် ၀ယ်သူတစ်ချို့က စိတ်ပျက်လက်ပျက်ဖြစ်နေကြသည်။
    ……………………………..

    – လာအိုနိုင်ငံတွင် အခြေခံအဆောက်အဦးများ ဆောက်လုပ်ရန်အတွက် ဂျပန်နိုင်ငံမှ ဒေါ်လာ သန်း ၁၀၁ သန်းကျော်တန်ဖိုးရှိ အကူအညီများကို ပေးအပ်သွားမည်ဟု သိရသည်။ ဂျပန်နိုင်ငံတွင် ပြုလုပ်နေသည့် ဂျပန်-အာဆီယံ အစည်းအဝေးတွင် တက်ရောက်လာသည့် လာအိုဝန်ကြီးချုပ် Thongsing Thammavong နှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ တွ့ဆုံခဲ့ပြီးနောက်ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် အာဘေးက ဂျပန်နိုင်ငံမှ ထိုကဲ့သို့ ကူညီမှုမှာ လာအိုနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြေကြားခဲ့သည်။

  • အာဆီယံဒေသ တိုးတက်ရေး ဂျပန်မှ ဒေါ်လာ ဘီလီယံ ၂၀ ကူညီမည်။

    ဒီဇင်ဘာ ၁၅၊ ၂၀၁၃
    M-Media

    japan-asean
    – ဂျပန်နိုင်ငံတွင်ပြုလုပ်နေသည့် ဂျပန်-အာဆီယံ အစည်းအဝေးတွင် ဂျပန်နိုင်ငံနှင့် အာဆီယံနိုင်ငံတို့ လေကြောင်းလွတ်လပ်စွာ ပျံသန်းမှုနှင့် အရပ်ဖက် လေကြောင်း လုံခြုံရေးဆိုင်ရာများ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ရန် ယမန်နေ့က သဘောတူညီခဲ့ကြသည်။

    ထိုအစည်းအဝေးမှာ တရုတ်နိုင်ငံက လေကြောင်းကာကွယ်ရေးဇုန် သတ်မှတ်ပြီးနောက် အာရှတိုက်အတွင်းမှ နိုင်ငံခေါင်းဆောင်များ၏ အကြီးဆုံး တွေ့ဆုံ ဆွေးနွေးမှုလည်းဖြစ်သည်။

    ထိုအစည်းအဝေးပွဲတွင် ဂျပန်နိုင်ငံက အာဆီယံဒေသအတွင်း တိုးတက်ရန်အတွက် ကန်ဒေါ်လာ ဘီလီယံ ၂၀ ကူညီရန် ကတိပေးခဲ့ပြီး၊ ထိုကတိပေးမှုက တရုတ်နိုင်ငံအတွက် စိုးရိမ်မှုတစ်ခုဖြစ်လာမည်ဖြစ်သည်။
    Ref: CNA
    (AFP PHOTO/POOL)

  • လပေါ်သို့ တရုတ်၏ လူမဲ့ ယာဉ်ဆင်းသက်၊ ကမ္ဘာပေါ်တွင် တတိယမြောက်နိုင်ငံဖြစ်လာ

    ဒီဇင်ဘာ ၁၅၊ ၂၀၁၃
    M-Media

    p3moonlandingLIXIN
    – တရုတ်ပြည်၏ ပထမဆုံး လူမဲ့ လပေါ်သွား ယာဉ်မှာ ယမန်နေ့က လမျက်နှာပြင်သို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့သည်ဟုသိရသည်။

    ၁၉၇၆ ခုနှစ်မှစ၍ ပထမဆုံးအကြိမ် ဆင်းသက်နိုင်ခဲ့ခြင်းဖြစ်ပြီး အမေရိကန်နှင့် ဆိုဗီယက် ယူနီယံတို့နောက်ပိုင်း တတိယမြောက် လပေါ်သို့ သွားရောက်နိုင်သည့် နိုင်ငံလည်းဖြစ်လာခဲ့သည်။

    Jade Rabbit  ဟု အမည်ရသည့် အဆိုပါယာဉ် ဆင်းသက်မှုဗီဒီယိုကို ဘေဂျင်း ထိန်းချုပ်ရေးစင်တာရှိ စကရင်တွင် ပြသခဲ့ပြီး CCTV သတင်းဌာနမှ တိုက်ရိုက် ထုတ်လွှင့်ခဲ့သည်။

    မြေပြင်မှ လွှတ်တင်ပြီး ၁၂ ရက်အကြာတွင် လပေါ်သို့ ဆင်းသက်နိုင်ခဲ့ခြင်းဖြစ်ပြီး လပေါ်သို့ ဆင်းသက်သည့် အဆင့်မှာ အခက်အခဲဆုံးဖြစ်သည်ဟု တရုတ်သိပ္ပံပညာရှင်များ အကယ်ဒမီက ပြောကြားခဲ့သည်။

    Ref: aljazeera

    #MMedia_IntShortNews

  • အစ္စလာမ်၊ မွတ်စ်လင်မ်တို့နှင့် လျှောက်လှမ်းခဲ့သည့် မင်ဒဲလား၏ ဘဝ ခရီးစဉ်

    ဒီဇင်ဘာ ၁၅၊ ၂၀၁၃
    M-Media

    ဂျိုဟန်နက်စဘတ်။    ။ ကမ္ဘာအနှံ့ သန်းပေါင်းများစွာသောလူတို့မှ နဲလ်စင် မင်ဒဲလား ဂုဏ်ပြုပွဲကို ကျင်းပဆောင်ရွက်နေသလို၊ ပြီးခဲ့သည့် ဆယ်စုနှစ်များတစ်လျှောက် ဤအထင်ကရခေါင်းဆောင်ကြီးနှင့် မွတ်စ်လင်မ်တို့ အကြား ပတ်သက်မှုနှီးနွှယ်မှု သမိုင်းရှည် တစ်ရပ်အပေါ် မွတ်စ်လင်အမြောက် အများမှ ပြန်ပြောင်းအောက်မေ့ သတိရနေမိကြပေသည်။

    မွတ်စ်လင်မ်တို့နှင့်အတူ နွေးထွေးသော သမိုင်းဝင် ဆက်ဆံရေးများ အနက် နဲလ်စင်မင်ဒဲလား၏ အရေးပါသည့် ထူးခြားမှတ်တိုင် အချို့ကို Cii Radio မှ ဒီဇင်ဘာ ၆ ရက်၊ သောကြာနေ့တွင် အောက်ပါကဲ့သို့ စုစည်း တင်ပြခဲ့သည်။

    Nelson-Mandela-Muslims-Part-I
    ၁၉၉၂ ခုနှစ်တွင် မွတ်စလင်မ် အများစုနေထိုင်ရာ တောင်အာဖရိက နိုင်ငံ ကိတ်တောင်းမြို့ Bo Kaap အရပ်တွင် ဆုတောင်းမှုပြုနေသော မင်ဒဲလား

    ၁၉၉၂ မတ်လ ၁၇ ရက်
    ကိပ်တောင်းရှိ မွတ်စ်လင်မ်အများစုနေထိုင်ရာ Bo Kaap ဒေသသို့ သွားရောက်ခြင်း

    ၁၉၉၂ ခုနှစ်တွင် မင်ဒဲလားသည် Bo Kaap ၌နေထိုင်ကြသော မွတ်စ်လင်မ်အများစုထံ သွားရောက်တွေ့ဆုံခဲ့သည်။ သူနှင့် တွေ့ဆုံခဲ့သူ ထင်ရှားသူများ အနက် နောင်တွင် သမိုင်းပညာရှင်နှင့် စာရေးဆရာဖြစ်လာသူ အက္ကမက် ဒေးဗစ် Achmat Davids နှင့် နောင်တွင် မွတ်စ်လင်မ်တရားရေးကောင်စီဥက္ကဌဖြစ်လာသူ ရှိုင်းခ် နဇီးမ် အဟ်မဒ် Sheikh Nazeem Mohammed တို့လည်း ပါဝင်သည်။

    ၁၉၉၃ ခုနှစ်၊ မတ်လ ၂၄ ရက်
    ANC ဥက္ကဌ နဲလ်စင် ရိုလီလာလာ  မင်ဒဲလားမှ မွတ်စ်လင်မ်လူ့အဖွဲ့အစည်းထံ အီးဒ်နေ့မြတ်သ၀ဏ်လွှာ ပေးပို့ခြင်း

    မွတ်စ်လင်မ်တို့ထံ ပေးပို့သော ၁၉၉၃ ခုနှစ်သ၀ဏ်လွှာ၌ “ မွတ်စ်လင်မ်ပွဲတော်၌ ကျွန်ုပ် တက်ရောက်ပါဝင်နေခဲ့စမြဲ ဖြစ်သည့်အတွက် ငြိမ်းချမ်းရေးခေါင်းစဉ်အောက်မှ ကျွန်ုပ်သည် အသင်တို့အား နှုတ်ခွန်းဆက်သပါ၏ ” ဟု ဆို၍ ၊  “ ပွဲတော်ကာလအတွင်း မွတ်စ်လင်မ်တို့၏ စွန့်လှူမှု နှင့် စည်းမျဉ်းတို့သည် ဤနိုင်ငံ၏ ရပ်တည်မှုအား ကောင်းမြတ်ခြင်းဖြင့် ခိုင်မတ်စေကြောင်း ” ချီမွှမ်းထားကာ၊ “ အသင်တို့အဖို့ မင်္ဂလာရှိသော အီးဒ်နေ့မြတ်ဖြစ်ပြီး ပျော်ရွှင်ချမ်းမြေ့သည့် ကာလ တစ်ရပ်ဖြစ်ပါစေကြောင်း ANC အလုပ်အမှုဆောင်ကောင်မတီ နှင့် အဖွဲ့ဝင်အားလုံးကိုယ်စား ကျွန်ုပ်မှ ဆန္ဒပြုပါသည် ” ဟု ဆိုထားခဲ့သည်။

    ၁၉၉၄ ခုနှစ်၊ မေလ ၉ ရက်
    သမ္မတရာထူး လက်ခံသည့်အခမ်းအနား၌ Grand Parade ရှိ Cape Town လူထုအား မိန့်ခွန်းခြွေခြင်း

    သမ္မရာထူးလက်ခံရယူသောအခမ်းအနား၏ အမှတ်တရ မိန့်ခွန်း၌ နဲလ်စင်မင်ဒဲလားက နိဂုံးပိုင်းတွင် ဤသို့ထည့်သွင်းပြောဆိုခဲ့သည်။ “ အာဖရိကန်တွေ၊ အသွေး အရောင်စုံတွေ၊ လူဖြူတွေ၊ အိန္ဒိယသားတွေ၊ မွတ်စ်လင်မ်တွေ၊ ခရစ်ယာန်တွေ၊ ဟိန္ဒူတွေအကြား ကျွန်တော်တို့ တန်းတူတန်ဖိုးထားနိုင်ရပါမယ်။ သူတို့အားလုံးဟာ ဒီနိုင်ငံပြည်သူလူထု အတွက် တူညီသော အမြင်အားဖြင့် အကောင်းဆုံးဘ၀ တစ်ခုကို ညီညွတ်စွာတည်ဆောက်နေကြလို့ဖြစ်တယ် ”။

    ၁၉၉၄ ခုနှစ် မွတ်စ်လင်မ်အမျိုးသမီးများအဖွဲ့ Muslim Women’s Federation မှချီးမြှင့်သော ရှိုင်းခ်ယူစွပ်ဖ်ငြိမ်းချမ်းဆုအား လက်ခံရယူခြင်း

    အစ္စလာမ့်တမန်တော်မွေးနေ့အခမ်းအနား(မီလာဒွန် နဗီ)တွင် Sheikh Gabier နှင့် မွတ်စ်လင်မ်လူ့အဖွဲ့အစည်းသို့ မစ္စတာ နဲလ်စင်မင်ဒဲလားမှ ဤသို့ စကား ဆိုခဲ့သည်။ “ ဒီနေ့ဟာ တမန်တော် မုဟမ္မဒ် ဖွားမြင်တော်မူတဲ့နေ့ ဖြစ်တယ်။  သူ့(တမန်တော့်)သြဇာက နိုင်ငံတိုင်း၊ ကမ္ဘာ့ဒေသအသီးသီးတိုင်းမှာ လက်တွေ့အားဖြင့် လွှမ်းမိုးကျယ်ပြန့်နေဆဲ ဖြစ်ပါတယ်။ အသင်တို့ဟာ အနှိုင်းမဲ့သာသနာ့ခေါင်းဆောင်ကြီးတစ်ဦးကို ကိုင်းရှိုင်းညွှတ်နှူးစွာ ချီးကျူးဂုဏ်ပြုရေး အတွက် ဗလီဝတ်ကျောင်းအသီးသီးမှာ ပေါင်းစုဆုံစည်းနေကြတယ်။ ကျွန်တော်တို့ရဲ့ သဘောထားဟာလည်း အသင်တို့နဲ့ မွတ်စ်လင်မ်လောကတစ်ခုလုံးနဲ့အတူ ထပ်တူရှိပါတယ် ”။

    ၁၉၉၄ ခုနှစ်၊ အောက်တိုဘာလ
    ထင်ရှားလှသည့်ပညာရှင် အဟ်မဒ် ဒီးဒသ် Ahmed Deedat နှင့် မင်ဒဲလားတို့၏ ထူးခြားသော ဆုံစည်းမှု

    ( Goolam Vahed ရေးသားသော “Ahmed Deedat: The Man and His Mission” စာအုပ်၊ စာမျက်နှာ ၁၉ မှ)
    ၁၉၉၄ ခုနှစ်၊ အောက်တိုဘာလ၊ အဟ်မဒ် ဒီးဒသ်သည် မိမိ၏ Verulam ၌ရှိနေစဉ် ဆော်ဒီအာရေဗျမှ ဖုန်းခေါ်ဆိုမှု တစ်ခု ၀င်ရောက်လာသည်။ စကားပြောဆိုသည့် အခါမှ ယင်းသို့ခေါ်ဆိုသူမှာ တောင်အာဖရိက သမ္မတသစ် နဲလ်စင်မင်ဒဲလား ဖြစ်ကြောင်း သိခဲ့ရပုံကို ဒီးဒသ်က ပြောပြ၏ “ အစပိုင်းတုန်းက သက်သက် ဗရုတ်ကျတဲ့ ဖုန်းခေါ်ဆိုမှုလို့ ကျွန်တော် ထင်မြင်ခဲ့တယ်။ သိပ်အရေးမထားမိဘူး။ အဲ့ – သူဟာ တကယ့်ကို နိုင်ငံသမ္မတဖြစ်နေကြောင်း သိသွားတဲ့အခါမှာ ကျွန်တော် ထိုင်ခုံပေါ်ကနေ ပြုတ်ကျသွားမတတ် ဖြစ်ခဲ့ရတယ် ”။

    မင်ဒဲလား၏ တရားဝင်ဆော်ဒီအာရေဗျခရီးစဉ်၌ သူရောက်သည့်နေရာတိုင်း  မစ္စတာ ဒီးဒသ်ကို သိကျွမ်းခြင်းရှိမရှိ လူတို့မှ သူ့အား မေးမြန်းခဲ့ကြသည်။ Durban သို့သွားမည့် ခရီးစဉ်အတွင်း ၁၉၉၄ ခုနှစ်၊ နိုဝင်ဘာ ၆ ရက်နေ့တွင် တွေ့ဆုံနိုင်ရန် စီစဉ်မည်ဟု သူက ပြောကြားခဲ့သည်။ တွေ့ဆုံမှုမှာ မဖြစ်မြောက်ခဲ့။ ဒီးဒသ်မှ နိုင်ငံခြားခရီးစဉ် တစ်ခုသို့ ရောက်ရှိနေ၍ ဖြစ်သည်။ သို့သော် “ သမ္မတတစ်ဦးဆီက ဂုဏ်ယူစကား၊ ရိုးသားနှိမ့်ချတဲ့ စကားပါဝင်တဲ့ မယုံနိုင်စရာ ဖုန်းဆက်ပြောဆိုမှုကို ကျွန်တော် ရရှိခဲ့ပါတယ် ” ဟု ဒီးဒသ်မှ သတင်းထောက်များအား ပြောပြခဲ့သည်။

    နောင်သောအခါ အဟ်မဒ် ဒီးဒသ် နာမကျန်းမှုပြင်းထန်လာရာဝယ် တောင်အာဖရိကသံအမတ်မှ အောက်ပါစကားကို ထုတ်ပြန်ခဲ့၏။
    “ မစ္စတာ မင်ဒဲလားက ကမ္ဘာ့မည်သည့်ဒေသမှာ မဆိုရှိနေတဲ့ တောင်အာဖရိကသားတွေနဲ့ ပတ်သက်ပြီး အလေးထားလေ့ ရှိပါတယ်။ အထူးသဖြင့် ဒီးဒသ်နဲ့ ပတ်သက်လာယင်ပေါ့။ ဘာဖြစ်လို့လဲဆိုယင် သူ (ဒေါက်တာ အဟ်မဒ် ဒီးဒသ်)ဟာ နှစ်ပေါင်း ၅၀ လုံးလုံး အစ္စလာမ့် သတင်းဖြန့်ချိရေး လုပ်ငန်းစဉ်ထဲမှာ ပြင်းပြင်း ထန်ထန် လုံးပန်းမြုပ်နှံထား သူဖြစ်တဲ့ အတွက် တောင်အာဖရိက တိုက်မှာတင် မဟုတ်ဘူး ကမ္ဘာတစ်ဝှန်းက အထူးလေးစားရတဲ့ ပုဂ္ဂိုလ်မွန် တစ်ဦး ဖြစ်နေတာကြောင့်ပါဘဲ ”။
    (Ahmed Deedat: The Man and His Mission, by Goolam Vahed, p. 18)

    ၁၉၉၇ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်
    အော့စ်ဖို့ဒ်တက္ကသိုလ်၊ အစ္စလာမ့်ရေးရာဌာန၌ သမ္မတ မင်ဒဲလားမှ ဟောပြောခြင်း

    အော့စ်ဖို့ဒ်တက္ကသိုလ်၊ အစ္စလာမ့်ရေးရာဌာန၌ သမ္မတ မင်ဒဲလားမှ ““Renewal and Renaissance – Towards a New World Order” ခေါင်းစဉ်ဖြင့် ရှည်လျားနွေးထွေးစွာ ဟောပြောခဲ့သည်။ ၄င်းတွင် တောင်အာဖရိကတိုက်ရှိ အစ္စလာမ် နှင့် မွတ်စ်လင်မ်တို့အကြား မိမိထိတွေ့ရသော ဆက်ဆံရေး၊ ဘာသာတရားများကဏ္ဍရှိ မိမိ၏အမြင်တို့ကို ပြောပြဆွေးနွေးသွားခဲ့သည်။

    “ အသင်တို့ကို အမြင်ဝေမျှခွင့်ပေးဖို့ ဖိတ်ကြားခံရတဲ့အတွက် Oxford Centre for Islamic Studies အပေါ် အထူးကျေးဇူးတင်မိပါတယ်။  အိန္ဒိယသမုဒ္ဒရာကို  da Gama ရောက်ရှိတဲ့အခါ အဲ့ဒီမှာရှိတဲ့ မာလိန်မှူးတွေက မိမိရဲ့ခရီးစဉ်အပေါ် ပိုမိုလမ်းကြောင်းပြနိုင်တယ်ဆိုတာ တွေ့ခဲ့ရတယ်။ သူဟာ အမြော်အမြင်ကြီးမားစွာနဲ့ သူတို့ကို အားကိုးအားထားပြုခဲ့ပါတယ်။ အလားတူစွာပဲ ကျွန်တော်ဟာ လမ်းဖွင့်ပေးထားသူများရဲ့ နောက်လိုက်တစ်ဦးဖြစ်ကြောင်းကိုလည်း ကျွန်တော်သိပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ဟာ အများအပြားလေ့လာဖို့လိုအပ်နေသေးတဲ့ လူတွေထဲက လူတွေသာဖြစ်ပါတယ် ”။

    “ ဒီစင်တာရဲ့ အပြန်အလှန် နားလည်မှု၊ သဟဇာတဖြစ်စေမှု၊ ပူးပေါင်းဆောင်ရွက်မှုတွေမှာ တိုးမြှင့်ဖော်ဆောင်ချက်များက ကျွန်တော့်ကို ရိုးသားနှိမ့်ချစေဖို့ တွန်းအားပေး လိုက်တာပါပဲ။ ဒါဟာ အရာအားလုံးကောင်းမွန်စိုပြေအောင် မြှင့်တင်ရေးအတွက် မရှိမဖြစ် လိုအပ်ချက်များဖြစ်တယ်လေ ”။

    “ အာဖရိကန်မွတ်စ်လင်မ်နိုင်ငံရေးတွေမှာ ကိုလိုနီခေတ်ကျွန်ကုန်ကူးမှုကြောင့် မိမိတို့ရဲ့အခြေခံလူ့အခွင့်အရေး ချိုးဖောက်ခံရမှုနဲ့ လူသားဘ၀အရောင်းအ၀ယ်ပြုမှုကို ကာကွယ်ခြင်းအားဖြင့်  အခြားနိုင်ငံနဲ့ဘာသာတရားတို့အပေါ် မယုံမရဲခံစားချက်တွေ ဖြစ်ပေါ်ကြုံတွေခဲ့ရတယ် ”။

    “ ဥရောပကိုလိုနီဝါဒရဲ့မျက်နှာစာထဲမှာလည်း  အစ္စလာမ့်လူ့အသိုင်းအ၀ိုင်းတွေဟာ လူမျိုးခွဲခြားခံရမှုဆန့်ကျင်ရေး အပါအ၀င် နိုင်ငံရေးရုန်းကန်မှုဝဲဂယက်အတွင်း ကျင်လည်နေခဲ့ရရှာတယ် ”။

    ၁၉၉၈ ဇန္န၀ါရီလ ၃၀
    ယဉ်ကျေးမှုဖလှယ်ရေး အီးဒ်အခမ်းအနား၌ သမ္မတ နဲလ်စင်မင်ဒဲလားမှ မိန့်ခွန်းပြောကြား

    ဂျိုဟန်နက်စ်ဘတ်၌ ပြောကြားသော အီးဒ်နေ့မိန့်ခွန်းတွင် တောင်အာဖရိကသမိုင်း၏အစ္စလာမ့်အခန်းကဏ္ဍကို ဖော်ပြကာ မွတ်စ်လင်မ်တို့အား ၄င်းမှ ဂုဏ်ပြုစကားဆိုခဲ့သည်။ ထိုမိန့်ခွန်းတွင်  —
    “ အာဖရိကမှာ အစ္စလာမ်က လက်မွန် မဆွကတည်းက တည်ရှိလာခဲ့တယ်။ ခရစ်ယာန်ဘုရင် နိဂပ်စ် လက်ထက်မှာ တမန်တော်မုဟမ္မဒ်ရဲ့ ဘက်တော်သားများကို အဘီစီးနီးယားက ခိုလှုံခွင့်ပေးခဲ့တယ်။ အပြန်အလှန်လေးစားမှု နဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ ကျွန်တော်တို့ အာဖရိကရဲ့ လူမှုဆန်းသစ်ခြင်းဖြစ်လာစေတဲ့ ဘာသာရေး၊ ဘာသာရေးခေါင်းဆောင် အခန်းကဏ္ဍများရဲ့ စံပြဥပမာကို ထောက်ပြနေပါတယ် ”။
    “ တောင်အာဖရိကဟာ အခုဆိုယင် လွတ်လပ်မှု ရှိနေပါပြီ။ ကျွန်တော်တို့ ဒေသရဲ့အခြားအစိပ်အပိုင်းများနဲ့အတူ ထာဝစဉ် ရှိလာခဲ့တဲ့ အစ္စလာမ့်လူ့အသိုက်အမြုံဟာလည်း ဖိနှိပ်ခြင်း၊ ပုံသွင်းခြင်းမခံရပဲ တိုးတက်စည်ပင်ပြီး ကျွန်တော်တို့နိုင်ငံကို ကြွယ်ဝစေပါတယ်။ သူတို့ဟာ ကျွန်တော်တို့ရဲ့အာဖရိကန်မျိုးတူ အစိတ်အပိုင်း တစ်ရပ် ပါပဲဗျာ ”။

    ၂၀၁၀ ခုနှစ်၊ ဧပြီလ ၁၂ ရက်
    ရှိုင်းခ် ကရာဒါဝီ မှ မင်ဒဲလားနှင့် တွေ့ဆုံခြင်း

    အထင်ကရမွတ်စ်လင်မ် nelson-mandela-meets-with-sheikh-yusuf-al-qaradawiပညာရှင်ကြီး ရှိုင်းခ် ယူစွပ်ဖ် အလ်ကရာဒါဝီသည် သူ၏ တောင်အာဖရိကခရီးစဉ်အတွင်း တောင်အာဖရိကခေါင်းဆောင် နဲလ်စင်မင်ဒဲလားနှင့်တွေ့ဆုံကာ သူရေးသားပြုစုသည့် အစ္စလာမ်နှင့်ကုရ်အာန်ဆိုင်ရာ ကျမ်းဂန်အချို့ကို လက်ဆောင်ပေးအပ်ခဲ့သည်။ ကရာဒါဝီမှ မင်ဒဲလားကို “အာဖရိက၏သူရဲကောင်း” အဖြစ် ခေါ်ဆိုခဲ့၏။

    အစ္စလာမ် လက်ခံရေးအတွက် မင်ဒဲလားအား ရှိုင်းခ် အိုင်းဇ် အလ် ကရ်နီမှ ဖိတ်ခေါ်ချက်

    ရှိုင်းခ် အိုင်းဇ် အလ် ကရ်နီမှ မင်ဒဲလားအား အစ္စလာမ်လက်ခံရေးအတွက်  ဖိတ်ခေါ်ချက်တစ်ရပ် ပြုလုပ်ခဲ့သည်။ နေ့စွဲ မမှတ်မိသော ယင်းဖိတ်ခေါ်စာ၌ အောက်ပါ အတိုင်း ရေးသားခဲ့သည်။
    “ အသင့် အတ္ထုပတ္တိကို ဖတ်ရှုဖူးသော၊ အသင့်ရုန်းကန်ကြိုးပမ်းချက်ကို သိမြင်နားလည်သော၊ အသင့်ရဲစွမ်းသတ္တိကို လေးစားအားကျသော၊ အသင့်စွန့်လွှတ်အနစ်နာခံမှု – အသင့် စည်းမျဉ်းကျင့်ဝတ်များ၊ အသင်နှင့်အသင့်လူထု လွတ်လပ်ရေး၌ ဦးစားပေးမှုတို့အပေါ် အံ့သြ၀မ်းသာဖြစ်ရသော လူသန်းပေါင်းများစွာအနက် ကျွန်ုပ်လည်း အပါအ၀င်တစ်ဦး ဖြစ်ပါသည်။
    “ သို့ဖြစ်၍ ပရမတ္တသစ္စာစကားရပ်ဖြစ်သော လာအိလားဟ အစ်လလ္လာဟ၊ မုဟမ္မဒုရ် ရစူးလုလ္လာဟ် (အလ္လာဟ်အရှင်မြတ်မှအပ ကိုးကွယ်ဆည်းကပ်မှုခံယူထိုက်ရာ ဟူသည်မရှိ၊ မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်မှ စေလွှတ်တော်မူသည့် (ကျမ်းရ)တမန်တော်ဖြစ်၏ ) ကို အသင့်ထံမှ ရှင်းလင်းပီသစွာကြေငြာချက်အားကြား သိနိုင်ရန် ကျွန်ုပ်အနေဖြင့် ရိုသေလေးစားစွာ မျှော်လင့်မိပါသည်။ မေတ္တာ ရပ်ခံပန်ကြားပါသည်။ သို့ဖြစ်လာပါက တိုက်ကြီး ၆ ခုရှိ အနန္တစွမ်းအားရှင် အလ္လာဟ်အရှင့်ကျွန်စေလူသား အပေါင်းမှ အသင့်အား သောင်းသောင်းဖျဖျ သြဘာပေးကြပါအံ့၊ မက္ကဟ် ရွေမြို့တော်ကြီးမှလည်း အသင့်အား ဂါရ၀ပြုပါအံ့။ ထွဋ်မြတ်သောကအ်ဗဟ်ကျောင်းတော်တံခါးသည်လည်း အသင့်အဖို့ ဖွင့်လှစ်ပေးပါအံ့။ အသင့်အမည်ကိုချီးမွှမ်းသော အာမေဋိတ်သံများဖြင့် အစ္စလာမ့် ကမ္ဘာ၏ကော်ဇောများသည်လည်း အသင့်ကို ခင်းကျင်းကြိုဆိုလိမ့်မည်ဖြစ်ပါအံ့ ”။

    Ref:OnIslam & News Agencies

  • ရန်ကုန်တက္ကသိုလ် သမိုင်းတလျောက် တည်ရှိခဲ့သော အမျိုးသား အဆောင်များကို အမျိုးသမီး အဆောင်အဖြစ် ပြောင်းမည့် အစီအစဉ် ကျောင်းသားဟောင်းများ ကန့်ကွက်

    ဒီဇင်ဘာ ၁၅၊ ၂၀၁၃
    M-Media
    သတင်း – ဆူးထက်

    1486723_633736090002198_1872672565_n

    သမိုင်းအစဉ်အလာအရ ကျောင်းသားအဆောင် အဖြစ်တည်ရှိခဲ့သော ရွှေဘိုဆောင်နှင့် ဒဂုံဆောင်အား ကျောင်းသူအဆောင်အဖြစ် ပြောင်းလဲ စီစဉ်ဆောင်ရွက်နေမှု အပေါ် ရွှေဘို၊ ဒဂုံဆောင် ကျောင်းသားဟောင်း များက သဘောမတူကြောင်း ဒီဇင်ဘာ ၁၄ရက်နေ့က ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမ၌ နံနက် ၁၀နာရီက ကျင်းပပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

    ” သမိုင်းဝင် အဆောက်အဦးတွေ မပျက်ဆီးစေချင်တာရယ်၊ သမိုင်းကြောင်း တစ်လျှောက် ယောက်င်္ကျားလေး အဆောင် ဖြစ်တည်မှုကို မပျက်ဆီး စေချင်တာပါ။ မိန်းကလေးအဆောင် လုပ်ရင် သမိုင်းဝင် အဆောက်အဦးတွေကို ပြင်ရမယ်၊ အဲဒါတွေကို မကြိုက်ဘူး “ဟု ဒဂုံဆောင် ကျောင်းသားဟောင်း တစ်ဦးဖြစ်ခဲ့သော ဒေါက်တာမောင်ဆောင် (ပါမောက္ခငြိမ်း- ဒဿနိက ဗေဒ) က M-mediaသို့ပြောသည်။

    စစ်မဖြစ်ခင်ကတည်းက နေလာခဲ့သော အဆောင်များ ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းခေတ်တုန်းကလည်း ကိုလိုနီ တော်လှန်ရေးတွေမှာ ယင်းအဆောင်နေ ကျောင်းသားများ ပါဝင်ခဲ့ကြောင်း၊ အစဉ်အလာတွေကို ဖျက်စ ရှိလျှင် တဖြေးဖြေး ဖျက်လာမှာ ဖြစ်ပြီး နောင်ပျောက်ကွယ်သွားမှာ စိုးရိမ်ကြောင်း ၎င်းက M-media သို့ပြောသည်။

    “ဟိုးရှေးခေတ်တုန်းက ကျောင်းတက်တဲ့သူမှာ ယောက်င်္ကျားလေးက ပိုများတယ်။ ဒီခေတ်ကတော့ ပြောင်းပြန်ပေါ့။ မိန်းကလေးက များလာတော့ မိန်းကလေးဆောင် လိုလာတာပေါ့။ အဲဒီမှာ သူတို့က မစဉ်းစားဘဲ စီစဉ် ဆောင်ရွက်မှု မရှိဘဲ ဒီနှစ်ဆောင် လုပ်လိုက်ဆိုပြီး လုပ်ခိုင်းလိုက်တယ်။ ဒါတွေကို ပြေလည်ဖို့ တကယ်တမ်း ရန်ကုန်တက္ကသိုလ်နဲ့ လှိုင်နယ်မြေက နီးနီးလေးပါ။ လှိုင်နယ်မြေမှာ ရှိတဲ့ မိန်းကလေးဆောင်တွေ ဖြစ်တဲ့ နှင်းဆီ၊ သရဖီ၊ သဇင်၊ ဂန္ဓာ၊ ကန့်ကော်၊ မာလာဆောင် တွေအများကြီး ရှိပါတယ်။ အဲဒီမှာ နှစ်ဆောင်လောက် ပြန်ဖွင့် ပေးလိုက်ရင် ရပါတယ်” ဟု၎င်းက ဝေဖန်ထောက်ပြခဲ့သည်။

    အဆိုပါ ရန်ကုန်တက္ကသိုလ်သည် တစ်ချိန်က အာရှမှာ အလှဆုံး၊ စာသင်ကြားရေးမှာလည်း ထိပ်တန်းမှာ ရှိခဲ့ပြီး အခြား နိုင်ငံများက လာရောက် ပညာသင်ကြားခဲ့ရကြောင်း သိရသည်။

    “ရန်ကုန်တက္ကသိုလ်ကို တကယ့် ကမ္ဘာအဆင့်မှီ တက္ကသိုလ် အဖြစ် ပြန်လည်ပြီး ဖြစ်စေချင်ပါတယ်။ ပညာသင်ကြားရာမှာ လွတ်လပ်ပွင့်လင်းမှု ဖြစ်စေချင်ပါတယ်။ အခုလိုမျိုး ပုံပျက်ပန်းပျက်နဲ့ ကြီးထွားလာတဲ့ ဟန်ပြပုံစံမျိုးကို လုံးဝကို ကန့်ကွက်ပါတယ် ” ဟု ကျောင်းသားဟောင်း တစ်ဦးဖြစ်သော ကိုဌေးကြွယ်က M-Media သို့ပြောသည်။

    နှစ်ပေါင်းနှစ်ဆယ်နီးပါး ပိတ်ထားခဲ့သော ရန်ကုန်တက္ကသိုလ်တွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် ကျောင်းသူ ကျောင်းသားများ၏ အဆောင်ထားရှိမှုနှင့် ပတ်သက်၍ ယင်းပြဿနာပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

    ဒဂုံဆောင်၏ သမိုင်းကြောင်းသည် ၁၉၃၄ ခုနှစ်တွင် ဂျပ်ဆင်ကောလိပ်နှင့် အတူ ဒဂုံဆောင်ကြီး ပေါ်ပေါက်လာခဲ့ပြီး၊ မူလအားဖြင့် ၀ီလင်တန်ဆောင်ဟု အမည် ရခဲ့ပေသည်။ ၁၉၅၀တွင် ဂျပ်ဆင်ကော်လိပ်အား ရန်ကုန်တက္ကသိုလ်နှင့် ပူးပေါင်းလိုက်ရာ ၀ီလင်တန်ဆောင်သည်လည်း ရန်ကုန်တက္ကသိုလ်၏ အဆောင်တစ်ဆောင် ဖြစ်လာခဲ့ပေသည်။ ၁၉၅၂- ၅၃ စာသင်နှစ်တွင် ၀ီလင်တန်ဆောင်ကို ‘ ဒဂုန်’ ဆောင်ဟု အမည်ပြောင်းခဲ့ပြီး၊ ၁၉၅၉- ၆၀ စာသင်နှစ် အဆောင်မှူး ဆရာကြီး ဦးလှရွှေ လက်ထက် ‘ ဒဂုန်’ မှ ‘ ဒဂုံ’ ဟု ပြင်ဆင် သတ်မှတ်ခဲ့ပေသည်။