News @ M-Media
Blog
  • ယီမင်တွင် အမေရိကန်မှ ဒရုန်းဖြင့် တိုက်ခိုက်မှု အရပ်သား(၁၃) ဦးသေဆုံး
    ဒီဇင်ဘာ ၁၃၊ ၂၀၁၃
    M-Media
    article-drone-1212
    – ယီမင်နိုင်ငံတွင် အမေရိကန်မှ ယမန်နေ့က ပြုလုပ်ခဲ့သည့် ဒရုန်းလေယာဉ်ဖြင့်တိုက်ခိုက်မှုအတွင်း မင်္ဂလာဧည့်ခံပွဲသို့ သွားရောက်နေသည့် အရပ်သား ၁၃ ဦးသေဆုံးခဲ့သည်ဟု ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့သည်။
    ထိုတိုက်ခိုက်မှုမှာ နိုင်ငံအလယ်ပိုင်း အလ်-ဘိုင်ဒါ ပြည်နယ်ရှိ ကွိုင်ဖာ ရွာတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မင်္ဂလာဆောင်တစ်ခုအား အလ်ကိုင်းဒါးအဖွဲ့ဝင်များ အစည်းအဝေး လုပ်သည်ဟု ထင်မှတ်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အမေရိကန် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများက AP သတင်းဌာနသို့ပြောကြားခဲ့သည်။
    ယီမင်၊ အာဖဂန်၊ ပါကစ္စတန် စသည့်နိုင်ငံများတွင် အမေရိကန်မှ ပြုလုပ်နေသည့် ဒရုန်းလေယာဉ်များဖြင့် တိုက်ခိုက်မှုများမှာ အကြမ်းဖက်သမားများကို ရည်ရွယ်ပြုလုပ်သည်ဟု ဆိုသော်လည်း ထိခိုက်သေဆုံးသူအများစုမှာ အရပ်သားများဖြစ်ကြသည်။
    Ref:aljazeera
  • မြန်မာ့ ဆီးဂိမ်းမှ သယ်ယူပို့ဆောင်ရေး အခက်အခဲ
    ဒီဇင်ဘာ ၁၃၊ ၂၀၁၃
    M-Media
    မူရင်းဆောင်းပါးရှင်-Rajes Paul (The Star)
    fedc11d9-0943-4472-a76b-f6c8f9fa5e75_AP294173368025
    မြန်မာ့ဆီးဂိမ်းပွဲမှာ သယ်ယူပို့ဆောင်ရေး အခက်အခဲ ဖြစ်ပေါ်နေတယ်။ လမ်းအသီးသီးမှာ ပို့ဆောင်ရေး ဘတ်စ်ကားတွေ ရှိနေပေမယ့် အားကစား တာဝန်ရှိသူတွေ၊ မီဒီယာသမားတွေ၊ သက်ဆိုင်ရာ အဖွဲ့သားတွေ အတွက်သာ စီစဉ်ပေးထားတာပါ။
    နေပြည်တော်လမ်းများတစ်လျှောက် ဆိုင်ကယ်တက္ကစီပေါ် စီးနင်းနေရင်း ကျွန်တော့် မျက်နှာကို လေနုအေးလေး ဖြတ်သန်းတိုးဝှေ့သွားပါတယ်။
    ဖြစ်ကတတ်ဆန်း ပုဆိုးတိုတို ၀တ်ဆင်ထားတဲ့ ကျွန်တော့် ဒရိုင်ဗာက ကွမ်းတံတွေးနီနီကို ဗျစ်ကနဲထွေးချလိုက်ပါတယ်။ (သူတို့ အမျိုးသားတွေအတွက် ပုဆိုးတိုတိုဖြစ်ကတတ်ဆန်း ၀တ်ဆင်ခြင်း နဲ့ ကွမ်းဝါးခြင်းက ထူးခြားတဲ့ဓလေ့ မဟုတ်ပေဘူး)။
    လွန်ခဲ့တဲ့ ၂ ရက်ကတည်းက ဆီးဂိမ်းအမှီ ကျွန်တော် နေပြည်တော်ကို ရောက်လာခဲ့တယ်။ ကျွန်တော့် လုပ်ဖော်ကိုင်ဖက်နဲ့ တွေ့ဆုံဖို့ မျှော်လင့်ပြီး တစ်လမ်းဝင် တစ်လမ်း ထွက်သွားလာနိုင်တဲ့ ဆိုင်ကယ်ကို စီးနင်းနေရတာပါ။
    ကွာလာလမ်ပူမှာ ကားတွေ၊ ဘတ်စ်တွေ၊ ယာဉ်တန်းတွေ ပြည့်ကျပ်နေပေမယ့် ဒီနေပြည်တော်မှာတော့ ကျိုးတို့ကျဲတဲနဲ့ မရှိသလောက်ဖြစ်နေတယ်။ သယ်ယူ ပို့ဆောင်ရေးနဲ့ သွားလာရေး အတွက် စိန်ခေါ်မှု တစ်ရပ်လို ဖြစ်နေတော့တယ်။
    တစ်နေရာကနေ နောက်တစ်နေရာကို သွားလာဖို့ ခက်လှပါတယ်။ တည်ရှိတဲ့နေရာတွေက ဝေးကွာလွန်းလို့ပါပဲ။
    ပူထရာဂျာယာမြင်ကွင်းနဲ့နှိုင်းစာယင် လမ်းပေါ်မှာ ယာဉ်တွေ မရှိသလောက် ဖြစ်နေတယ်။
    ရံဖန်ရံခါမှာတော့ လမ်းမကြီးပေါ်မှာ သက်ရှိ သတ္တ၀ါဆိုလို့ ကျွန်တော်နဲ့ဒရိုင်ဗာ နှစ်ဦးတည်းပဲ ရှိနေတာကို တွေ့ရပါလိမ့်မယ်။
    အငှားယာဉ်တွေ၊ ကားတွေတော့ ရှိပါရဲ့။ ဒါပေမယ့် နည်းပါးလွန်းနေတယ်။ လူတွေကိုသယ်ပို့ပေးတဲ့ လော်ရီကားကြီးတွေလည်း ရှိကြပါတယ်။ ဒါပေမယ့် တိရစ္ဆာန်အုပ်ကြီးကို တင်ဆောင်သလိုဖြစ်နေတော့ ကျွန်တော့်အဖို့ အလွမ်းမသင့်နိုင်ပါဘူးဗျာ။
    ပုဂ္ဂလိကကားတွေလား၊ ငှားရမ်းလို့ ရတာပေါ့။ ဒါပေမယ့် တစ်ရက်ကို ငှားရမ်းခ ဒေါ်လာ ၂၅၀  ဆိုတော့ မေ့ထားလိုက်တာ ကောင်းပါတယ်။
    သွားလာရေးအတွက် ပြည့်စုံလုံလောက်စွာရှိစေမယ်လို့ အာမခံထားသော်လည်း ထောင်နဲ့ချီတဲ့ ဆီးဂိမ်းအားကစားသမားတွေ၊ တာဝန်ရှိသူတွေအတွက် ကြိုပို့ဘတ်စ်ကား အနည်းအကျဉ်းလောက်သာ စီစဉ်ထားတာ တွေ့ရတော့ ဘာပြောရမှန်းတောင် မသိတော့ဘူး။
    သူတို့တစ်တွေဟာ နာရီနဲ့ချီပြီး လိုရာခရီးဆီကို မနည်းအလျဉ်မီအောင် အချိန်လုသွားလာနေရတယ်လေ။
    ခမ်းနားလှတဲ့ ၀ဏ္ဏသိဒ္ဓိ ဧရာမ အားကစားရုံဝင်းကြီး အတွင်း လမ်းကြောင်း အသီးသီးအတွက် ကြိုပို့ဘတ်စ်ကားတွေကို ခပ်လှမ်းလှမ်းမှာ တွေ့ရတယ်။ ဒါပေမယ့် အနည်းငယ်မျှသာရှိတဲ့ အဲ့ဒီဘတ်စ်ကားတွေဟာ အားကစားတာဝန်ရှိသူတွေ၊ မီဒီယာတွေ နဲ့ သက်ဆိုင်ရာ အဖွဲ့သားတွေ အတွက်သာ ဖြစ်ပါသတဲ့။ ကြားရတာ နားဝ မချမ်းသာပါဘူး။
    အားကစားဝင်းထဲမှာ သာမန်ပြည်သူလူထု အတွက် သယ်ယူပို့ဆောင်ရေးကို ခွင့်ပြုချက် မပေးကြောင်း သိရတယ်။
    ဒါကြောင့် အချိန်သက်သာဖို့  လမ်းလျှောက်ခြင်းကိုပဲ အကောင်းဆုံးအဖြစ် အမြဲလိုလို ရွေးချယ်လိုက်ရတာပေါ့။
    မြန်မာလူထုတွေ၊ လုပ်အားပေးတွေက ဟိတ်ဟန်မရှိ အကူအညီပေးတတ်တာဖြစ်လို့ ကံကောင်းတယ်ဆိုရမှာပါ။ သူတို့က “မင်္ဂလာပါ” လို့ဆိုပြီး ဖော်ဖော်ရွေရွေ နှုတ်ဆက်ကြပါပေတယ်။
    မိမိသွားလိုရာကို မိုင်ပေါင်းများစွာဝေးနေသော်လည်း မရောက်ရောက်အောင် သွားမယ့်လူစားတွေကိုလည်း တွေ့ဖို့ မခဲယဉ်းလှပေဘူး။
    “ ကစားသမားတွေက တစ်ဦးနဲ့တစ်ဦး ကော်နဲ့ကပ်ထားတဲ့အလား ဖြစ်နေပါတယ်။ သူတို့ဟာ ဟိုဟိုဒီဒီ သွားလာဖို့ ယာဉ် မရှိဘူး။ လေ့ကျင့်မှုနဲ့ပြိုင်ပွဲ အပြီးမှာလည်း ဘယ်ကိုမှ သွားလို့မရဘူး။ ဒါဟာ အသင်းညီညွတ်ရေးနဲ့သွေးစည်းရေးကို တည်ဆောက်ဖို့အတွက် တကယ့်နေရာကောင်းကြီး တစ်ခုပါပဲဗျို့ ” ဆိုပြီး နည်းပြတစ်ဦးဖြစ်သူ  Rosman Razak က သယ်ယူပို့ဆောင်ရေးအခက်အခဲအပေါ် အရွှန်းဖောက်နေပါတော့တယ်။
    Photo-(AP Photo/Khin Maung Win)
  • အမေရိကန်၏ ဒုတိယကိုးကွယ်သူအများဆုံး သာသနာမှာ အစ္စလာမ်ဖြစ်သည်ဟု ၀ါရှင်တန်ပို့စ်ရေးသား
    M-Media
    ဒီဇင်ဘာ ၁၃၊ ၂၀၁၃
    islamခရစ်ယာန်သာသနာမှ ပြီးလျှင် အမေရိကန်ပြည်ထောင်စု၏ ဒုတိယကိုးကွယ်သူအများဆုံး သာသနာမှာ အစ္စလာမ်သာသနာဖြစ်ကြောင်း ၀ါရှင်တန်ပို့စ်သတင်းစာ ဖော်ပြသည်။ အစ္စလာမ် သာသနာ ကိုးကွယ်သူအများစုမှာ ပြည်နယ်ပေါင်း ၂၀ တွင် ပျံ့နှံ့နေပြီး ထိုပြည်နယ်များမှာ အမေရိကန်ပြည်ထောင်စု၏ အလယ်ပိုင်း (အနောက်ဘက်) နှင့် တောင်ပိုင်းတို့တွင် တည်ရှိနေကြောင်း သိရသည်။
    အမေရိကန်ပြည်ထောင်စုအနောက်ဘက်တွင်မူ ဗုဒ္ဓသာသနာက အကြီးမားဆုံးအဖြစ်နေရာယူထားပြီး ပြည်နယ်ပေါင်း ၁၃ ခု၌ ပျံ့နှံ့လျက်ရှိသည်။ ဂျူးသာသနာကမူ ပြည်နယ်ပေါင်း ၁၅ ခုတွင် ပျံ့နှံ့နေသည်။ ဟိန္ဒူသာသနာကမူ ဒီလာဝဲနှင့် အရီဇိုးနားပြည်နယ်နှစ်ခု၌ အများဆုံးနေရာယူထားပြီး ဘဟာအီသာသနာကမူ ကာရိုလိုင်းနားတောင်ဘက်တွင် အများဆုံးအဖြစ် နေရာယူထားသည်။
    နယူးယောက်ဒေးလီးသတင်းစာက ၂၀၁၂ ခုနှစ်၊ မေလ ၃ ရက်နေ့က သတင်းတစ်ရပ်တင်ပြခဲ့ရာ ယင်းတွင် အစ္စလာမ်သာသနာမှာ စက်တင်ဘာ ၁၁ အကြမ်းဖက်မှုနောက်ပိုင်း အမေရိကန်ပြည်ထောင်စုတွင် ကိုးကွယ်သူ နှစ်ဆမြင့်တက်ခဲ့ကြောင်း ဖော်ပြထားသည်။ နယူးယောက်ဒေးလီးသတင်းစာက 9/11 အရေးအခင်းနောက်ပိုင်း အစ္စလာမ်သာသနာက အမေရိကန် ပြည်ထောင်စုတွင် အလျင်မြန်ဆုံးပျံ့နှံ့ခဲ့သည့် သာသနာဖြစ်ကြောင်း၊ လွန်ခဲ့သည့် ၁၀ နှစ်အတွင်း ကိုးကွယ်သူပေါင်း ၆၇ ရာခိုင်နှုန်းထိမြင့်တက်ခဲ့ကြောင်း၊ 2010 U.S. Religion Census ကိုပင် အခြေခံကာ သတင်းတင်ပြခဲ့ခြင်းဖြစ်သည်။
    LargestNonChristian
    ကိုးကား –
    ၁) http://www.washingtonpost.com/blogs/govbeat/wp/2013/12/12/religion-in-americas-states-and-counties-in-6-maps/?tid=sm_fb
    ၂) http://www.nydailynews.com/news/national/number-muslims-u-s-doubles-9-11-article-1.1071895
  • ရခိုင် ပေါက်တောက မွတ်စလင်ဒုက္ခသည်စခန်း မီးလောင်
    ဒီဇင်ဘာ ၁၂၊ ၂၀၁၃
    Ref: ဘီဘီစီ
    ဓါတ်ပုံ Credit =>Soe Ye Tun FB
    1472087_1392588244321931_2020456485_n
    ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ငှက်ချောင်း ဒုက္ခသည် စခန်းမှာ မီးလောင်တဲ့အတွက် စခန်းထဲက အိမ်တွေ အားလုံး မီးထဲပါသွားခဲ့ပြီး ကလေး တစ်ယောက်လည်း သေဆုံးခဲ့ရတယ်လို့ ဘီဘီစီမြန်မာပိုင်းက သတင်းတင်ပြပါတယ်။
    ဒုက္ခသည်ပေါင်း တစ်ထောင့်သုံးရာကျော် နေထိုင်တဲ့ ပေါက်တောမြို့နယ် ငှက်ချောင်း မွတ်ဆလင် ဒုက္ခသည် စခန်းမှာ ဒီကနေ့ နေ့လယ်က မီးလောင်တဲ့အတွက် စခန်းထဲမှာ ဆောက်ထားတဲ့ အဆောင်တွေ အကုန်လုံး မီးထဲကို ပါသွားခဲ့ပါတယ်။
    မီးလောင်ပျက်စီးသွားတဲ့ အခြေအနေကို စခန်းထဲမှာနေထိုင်တဲ့ ဦးအဗ္ဗဒွလ် ကရီမ်က ပြောရာမှာ ရှစ်ခန်းတွဲ အဆောင် ၃၄ လုံး မီးထဲ ပါသွားပြီး ထမင်းချက်ရာက ကူးစက်လောင်ကျွမ်းတာ ဖြစ်တယ်လို့ ပြောပါတယ်။
    မီးဟာ နေ့လည် ၂ နာရီ ၅ မိနစ်ကနေ စတင်ပြီး သုံးနာ ရီကြာ အောင် လောင်သွားခဲ့တယ်လို့ ပြောပါတယ်။ မီးလောင်သွားတဲ့ အတွက် ဒုက္ခသည်တွေအတွက် ဘာမှ မကျန်လိုက်ဘူးလို့ ဆိုပါတယ်။
    အခု မီးလောင်မှုဟာ မတော်တဆ ဖြစ်ရာကနေ လောင်ကျွမ်းတယ်လို့ ဆိုပေမယ့်လည်း အခုအခါ ပေါက်တောမြို့ ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေဟာ အဲဒီ ဒုက္ခသည်စခန်းကို ရောက်ရှိနေပြီး မီးလောင်မူ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးမူတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
    1470175_1392588294321926_1609632128_n
    ဓါတ်ပုံများ FB တွင်ကြည့်လိုလျှင် Click Here
  • ဒီဇင်ဘာ ၁၂ နိုင်ငံတကာသတင်း
    ဒီဇင်ဘာ ၁၂၊ ၂၀၁၃
    M-Media
    abhisit
    – ၂၀၁၀ ခုနှစ်က ဖြစ်ပွားခဲ့သည့် လူအများအပြားသေဆုံးခဲ့သော လူထုအုံကြွမှုအား အကြမ်းဖက်နှိမ်နင်းခဲ့မှုကြောင့် ထိုင်းဝန်ကြီး ချုပ်ဟောင်း အဘီစစ် ၀ီဂျာဂျီဗာအား လူသတ်မှုဖြင့် ယနေ့တွင် တရားစွဲဆိုလိုက်သည်ဟုသိရသည်။ ထိုသို့တရားစွဲဆိုခဲ့ပြီးနောက် အာမခံဖြင့် ပြန်လည်လွှတ်ပေးခဲ့သည်။ ထိုကဲ့သို့ တရားစွဲဆိုမှုတွင် အဘီစစ်လက်ထက် ဒုတိယ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ယခု အတိုင်အခံခေါင်းဆောင် ဆူသပ် သောင်ဆူဘန်လည်းပါဝင်ခဲ့ပြီး သောင်ဆူဘန်ကမူ တရားရုံးသို့ လာရောက်ခဲ့ခြင်းမရှိပေ။
    ………………………………….
    – မသန်စွမ်းသူများအကြား ဖြစ်ပေါ်နေသည့် ဆင်းရဲမွဲတေမှုများကို လျှော့ချရန်နှင့် ၎င်းတို့၏ အခြေခံရပိုင်ခွင့်များအား တိုးမြှင့်ရန်၊ ကာကွယ်ရန်အလို့ငှာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်အတွက် အာဆီယံမသန်စွမ်းသူများဖိုရမ်အား ယမန်နေ့က ဘရူးနိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။
    …………………………………..
    – အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်ရှိ မြို့ငယ်တစ်ခုဖြစ်သည့် အေသင်မြို့တွင် မူလတန်းကျောင်းသားများ တင်ဆောင်လာသည့် ကျောင်းကားတစ်စီးနှင့် အခြားဘတ်စ်ကားတစ်စီးတို့ ယမန်နေ့က တိုက်မိခဲ့ပြီး ကျောင်းသား ကိုးဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ယမန်နေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျောင်းသား ၇၀ တင်ဆောင်လာသည့် မူလတန်းကျောင်းကား၏ အနောက်ဘက်အား အခြားဘတ်စကားတစ်စီးမှ တိုက်မိခဲ့ခြင်းဖြစ်သည်။
    ………………………………..
    – Little India တွင်ဖြစ်ပွားခဲ့သည့် ဆူပူမှုကြောင့် စင်ကာပူနိုင်ငံသားများမှာ တုန်လှုပ်ခဲ့ရသော်လည်း အခြေအနေအား ငြိမ်းချမ်စွာနှင့် တည်ငြိမ်စွာ ဖြေရှင်းခဲ့ကြသည်ဟု စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ယနေ့တွင်ပြောကြားခဲ့သည်။ ထို့ပြင် စင်ကာပူနိုင်ငံတွင် ထိုကဲ့သို့ ဆူပူမှု မဖြစ်ပွားခဲ့သည်မှာ နှစ်အတော်ကြာခဲ့ပြီဖြစ်ကြောင်း၊ ထိုဆိုးရွားသော ဖြစ်ရပ်မှာ ယခုဖြစ်လာခဲ့ပြီး ကောင်းမွန်စွာ ကိုင်တွယ်သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယားသို့ အလည်အပတ်သွားရောက်ခဲ့ပြီးနောက် စင်ကာပူသို့ ပြန်လည်ရောက်ရှိလာသည့် လီရှန်လွန်းက သတင်းထောက်များအား ပြောကြားခဲ့သည်။
    …………………………………..
    – နိုင်ငံတကာ အာကာသစခန်း ISS ရှိ အကြီးဆုံး အအေးပတ်လမ်းနှစ်ခုမှ တစ်ခုမှာ ပြဿနာအနည်းငယ်ရှိခဲ့သောကြောင့် ယမန်နေ့စောစောပိုင်းက ပိတ်ပစ်ခဲ့ရပြီး ထိုကဲ့သို့ချို့ယွင်းမှုမှာ ISS တွင်ရှိနေသည့် ၀န်ထမ်းများအတွက် အန္တရာယ်မရှိဟု နာဆာမှပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
    ………………………………….
    – ဥရောပနိုင်ငံများနှင့် စီးပွားရေးဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာ ဆက်ဆံရေးအား တိုးမြှင့်ရန်အတွက် ယူကရိန်းသမ္မတ ဗစ်တာ ယန်ကိုဗစ်ခ်ျမှာ ဥရောပယူနီယံ၏ သဘောတူညီချက်အား လက်မှတ်ထိုးရန် စဉ်းစားနေသည်ဟု ဥရောပသမဂ္ဂ နိုင်ငံခြားရေးနှင့် လုံခြုံရေးဆိုင်ရာ  အထူးကိုယ်စားလှယ် ကက်သရင်း အက်ရှ်တန်က ယနေ့နေ့လည်တွင် ပြောကြားခဲ့သည်။ ယန်ကိုဗစ်ခ်ျမှာ စောစောပိုင်းက ထိုသဘောတူညီချက်အား လက်မှတ်မထိုးဟု ပြောကြားထားသောကြောင့် မြို့တော်ကိဗ်တွင် ဆန္ဒပြမှုများ အဆက်မပြတ် ဖြစ်ပွားနေခဲ့သည်။
    —————————————-
    – မှတ်ဥာဏ်ဆိုးရွာလာသည့် dementia ရောဂါအား ၂၀၂၅ ခုနှစ်တွင် ထိရောက်သော ကုသမှုများပြုလုပ်ရန် သို့မဟုတ် ကုသသည့် နည်းလမ်းရှာဖွေရန်အတွက် ပန်းတိုင်တစ်ခုကို G8 အဖွဲ့ဝင်နိုင်ငံများက သတ်မှတ်လိုက်သည်ဟု သိရသည်။ ယမန်နေ့က ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး AIDS ရောဂါအား တိုက်ဖြတ်သကဲ့သို့ ကမ္ဘာကြီးအနေဖြင့် အသိဥာဏ်ဆုံးရှုံးသည့် dementia ရောဂါပျံ့နှံ့မှုကိုလည်း တိုက်ဖျက်ရန် လိုအပ်နေသည်ဟု အဖွဲဝင်နိုင်ငံများ၏ ၀န်ကြီးများက ပြောကြားခဲ့သည်။
    —————————————-
    – ဆော်ဒီရှိ မွဖ်သီကြီးတစ်ဦးဖြစ်သူ ရှိခ် အဗ္ဗဒူလ်အဇစ် အလ်-အရှိခ်အား  လုပ်ကြံရန် ကြံစည်ခဲ့သည့် အကြမ်းဖက်သမားတစ်ဦးကို ရီယာဒ့်မြို့ရှိ အထူးရာဇ၀တ်ခုံရုံးက ထောင်ဒဏ် ၁၆ နှစ်ချမှတ်ခဲ့သည်ဟု သိရသည်။ တရားခံအား အယ်လ်ကိုင်းဒါးနှင့် ပက်သက်မှု၊ မွဖ်သီများ၊ ပညာရှင်များ၊ ခေါင်းဆောင်များအား လုပ်ကြံရန် အစွန်းရောက်များမွေးမြူမှု စသဖြင့် စွဲချက် ၁၃ ခုအတွက် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရပြီး ထောင်ဒဏ်အပြင်၊ ခရီးသွားလာခွင့် ပိတ်ပင်ခြင်းနှင့် ကြိမ်ဒဏ် အချက် ၄၀ ရိုက်ရန်လည်း ဆုံးဖြတ်ခဲ့သည်။