News @ M-Media

Blog

  • နစ်မြုပ်ရေငုပ်သင်္ဘောတွင် လိုက်ပါသွားသူများအားလုံး သေဆုံးခဲ့ပြီဟု အင်ဒိုနီးရှား ထုတ်ပြန်

    နစ်မြုပ်ရေငုပ်သင်္ဘောတွင် လိုက်ပါသွားသူများအားလုံး သေဆုံးခဲ့ပြီဟု အင်ဒိုနီးရှား ထုတ်ပြန်

    ဧပြီ ၂၅၊ ၂၀၂၁
    M-Media

    -နစ်မြုပ်သွားတဲ့ ရေငုပ်င်္ဘောပေါ်မှာ လိုက်ပါသွားသူ ၅၃ ဦးစလုံး သေဆုံးသွားခဲ့ပြီလို့ အင်ဒိုနီးရှား စစ်တပ်အကြီးအကဲ ဟာဒီ ဂျာဂျန်တိုက ဒီကနေ့ညနေပိုင်းမှာ အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။

    KRI Nanggala 402 လို့ အမည်ရတဲ့ ရေငုပ်သင်္ဘောဟာ ဘာလီကျွန်းရေပြင်မှာ ဗုဒ္ဓဟူးနေ့က တော်ပီဒိုပစ်ခတ်လေ့ကျင်ဖို့ ရေငုပ်သွားပြီးနောက် အဆက်အသွယ် ပြတ်တောက်သွားတာ ဖြစ်ပါတယ်။

    စနေနေ့မှာ ရေငုပ်သင်္ဘောက အစိတ်အပိုင်းတစ်ချို့ကို တွေ့ခဲ့ရပြီး နစ်မြုပ်သွားတာဖြစ်တယ်လို့ အင်ဒိုနီးရှား စစ်တပ်က အတည်ပြုခဲ့ပါတယ်။

    ဒီကနေ့မှာတော့ ကယ်ဆယ်ရေးအဖွဲ့ဟာ ရေအာက် မီတာ ၈၅၀ အကွာမှာရှိနေတဲ့ ရေငုပ်သင်္ဘောရဲ့ ပုံရိပ်တွေကို ရိုက်ယူနိုင်ခဲ့ပါတယ်။

    “KRI Nanggala 402 သင်္ဘော နစ်မြှုပ်သွားပြီး လိုက်ပါသွားသူအားလုံး သေဆုံးခဲ့ပြီဆိုတာ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေအရ ကျွန်တော်တို့ သိရပါတယ်။ ဒါကြောင့် KRI Nanggala 402 က သင်္ဘောသား ၅၃ ဦးစလုံး ကွယ်လွန်အနိစ္စ ရောက်သွားကြပြီလို့ စစ်တပ်အကြီးအကဲဖြစ်တဲ့ ကျွန်တော် ဝမ်းနည်းစွာနဲ့ ကြေငြာလိုက်ပါတယ်” လို့ ဟာဒီ ဂျာဂျန်တိုက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုကလည်း ​ဒီကနေ့မှာ ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ဒီဖြစ်ရပ်ဆိုးကြီးဟာ လိုက်ပါသွားသူတွေရဲ့ မိသားစုဝင်တွေကိုသာမကဘဲ အင်ဒိုနီးရှားတစ်နိုင်ငံလုံးကို တုန်လှုပ်စေခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    “အင်ဒိုနီးရှားပြည်သူအားလုံး မိသားစုဝင်တွေနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါတယ်။ သူတို့တွေဟာ အင်ဒိုနီးရှားရဲ့ သားကောင်းရတနာတွေ၊ တိုင်းချစ်ပြည်ချစ် ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်”

    Ref : CNA

  • လက်ဘနွန်က ပထမဆုံး ပြည်တွင်းဖြစ်လျှပ်စစ်ကားကို မိတ်ဆက်

    လက်ဘနွန်က ပထမဆုံး ပြည်တွင်းဖြစ်လျှပ်စစ်ကားကို မိတ်ဆက်

    ဧပြီ ၂၅၊ ၂၀၂၁
    M-Media

    -နိုင်ငံအတွင်းမှာ ပထမဆုံးထုတ်လုပ်တဲ့ လျှပ်စစ်ကားကို လက်ဘနွန်က ထုတ်ပြလိုက်ပါတယ်။

    Quds Rise လို့အမည်ပေးထားတဲ့ အဲဒီကား ထုတ်လုပ်ရေး စီမံကိန်းကို လက်ဘနွန်မှာမွေးဖွားတဲ့ ပါလက်စတိုင်း စီးပွးရေးသမား ဂျီဟတ် မိုဟာမက်က ဖော်ဆောင်တာပါ။

    မိုဟာမက်က ဒီကားကို အစကနေ အဆုံးအထိ ပြည်တွင်းမှာသာ ထုတ်လုပ်တာဖြစ်ပြီး လက်ဘနွန်ရဲ့ ပထမဆုံးကားထုတ်လုပ်မှုဖြစ်တယ်လို့ မနေ့က မိတ်ဆက်ပွဲအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

    ကားရဲ့စျေးနှုန်းက အမေရိကန်ဒေါ်လာ ၃ သောင်းဖြစ်ပါတယ်။ အခုနှစ်ကုန်ပိုင်းရောက်ရင် အစီးရေ တစ်သောင်းလောက် ထုတ်လုပ်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့ မိုဟာမက်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    မိုဟာမက်ရဲ့ EV Electra ကုမ္ပဏီကို လွန်ခဲ့တဲ့ ၄ နှစ်က စတင်တည်ထောင်တာဖြစ်ပြီး ပါလက်စတိုင်းနဲ့ လက်ဘနွန်ပြည်သူ ၃၀၀ လောက်ကို အလုပ်ပေးထားနိုင်ပါတယ်။

    သူရဲ့ ရေရှည်ရည်ရွယ်ချက်ဟာ လျှပ်စစ်ကားနဲ့ လောင်စာ-လျှပ်စစ် ဖက်စပ်ကားတွေကို နိုင်ငံတကာစျေးကွက်မှာ ယှဉ်ပြိုင်နိုင်ရေးဖြစ်တယ်လို့ မိုဟာမက်က ဆိုပါတယ်။

    EV Electra ကုမ္ပဏီဟာ ဒီကားကို အားသွင်းနိုင်ဖို့အတွက် လက်ဘနွန်နိုင်ငံတစ်ဝှမ်း အားသွင်းစင်တာ ၁၀၀ လောက်ကို တည်ဆောက်သွားဖို့လည်း စီစဉ်နေပါတယ်။

    Ref: Aljazeera

  • ကိုဗစ်ဒဏ်ခံနေရသည့် အိန္ဒိယကို အကူအညီပေးရန် ပါကစ္စတန် ကမ်းလှမ်း

    ကိုဗစ်ဒဏ်ခံနေရသည့် အိန္ဒိယကို အကူအညီပေးရန် ပါကစ္စတန် ကမ်းလှမ်း

    ဧပြီ ၂၅၊ ၂၀၂၁
    M-Media

    -ကိုဗစ်ဒဏ်ကို တစ်ကျော့ပြန် ခံနေရတဲ့ အိန္ဒိယနိုင်ငံအတွက် မရှိမဖြစ် ဆေးဘက်ဆိုင်ရာပစ္စည်းတွေကို ထောက်ပံ့ပေးဖို့ ပါကစ္စတန်နိုင်ငံက ကမ်းလှမ်းလိုက်ပါတယ်။

    အိန္ဒိယမှာ ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်စလို့ ကိုဗစ်လှိုင်း ထပ်ဖြစ်ခဲ့ပြီး နေ့စဉ် လူ သိန်းချီ ရောဂါကူးစက်နေကာ သေဆုံးသူတွေလည်း ထောင်ချီရှိနေတာပါ။ အိန္ဒိယနိုင်ငံတစ်ဝှမ်း ဆေးရုံဆေးခန်းတွေ၊ အောက်ဆီဂျင်အပါအဝင် ဆေးဘက်ဆိုင်ရာပစ္စည်းတွေ မလုံမလောက်ဖြစ်နေတာကိုလည်း ကြုံတွေ့နေရပါတယ်။

    ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ချက်မှာ အိန္ဒိယပြည်သူတွေနဲ့ တစ်သားတည်းရှိကြောင်း ပြသဖို့အတွက် ဒီလိုကမ်းလှမ်းတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    ထောက်ပံ့ပေးမယ့် ပစ္စည်းတွေထဲမှာ အသက်ရှုစက်တွေ၊ အောက်ဆီဂျင်နဲ့ ဆက်စက်ပစ္စည်းတွေ၊ ဒစ်ဂျစ်တယ် X-ray စက်တွေ၊ PPE နဲ့ ဆက်စပ်ကိရိယာတွေ ပါဝယ်ပါတယ်။

    ဒီပစ္စည်းတွေ အလျင်အမြန် ပို့ပေးနိုင်ရေး၊ ကပ်ရောဂါကြောင့် ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို လျော့ချနိုင်ရေးမှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် နှစ်ဖက်အာဏာပိုင်တွင် အတူနည်းလမ်းရှာ လုပ်ဆောင်နိုင်တယ်လို့လည်း ကြေငြာချက်က ဆိုပါတယ်။

    သောကြာနေ့ကလည်း ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက ကိုဗစ်ဒဏ်ခံစားနေရတဲ့ အိန္ဒိယပြည်သူတွေ အမြန်ဆုံး သက်သာပါစေကြောင်း Twitter ကနေတစ်ဆင့် ဆုမွန်ကောင်း တောင်းခဲ့ပါတယ်။

    ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ရှား မဟ်မူးဒ် ကိုရိုက်ရှီက လူသားချင်းစာနာထောက်ထားမှုကို ဦးစားပေးကာ ဒီလိုအကူအညီပေးဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး အိန္ဒိယအစိုးရရဲ့ တုန့်ပြန်မှုကို စောင့်ဆိုင်းနေတယ်လို့ ပြောကြားခဲ့ပါတယ်။

    အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ ရန်ဘက်နိုင်ငံတွေဖြစ်ပြီး ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ကက်ရှ်မီးယားဒေသအတွက် စစ်ဖြစ်ဖူးပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်ကစလို့ ဆက်ဆံရေးပုံမှန်ပြန်ဖြစ်အောင် နှစ်ဖက်အာဏာပိုင်တွေက လျှို့ဝှက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြပါတယ်။

    Ref: Pakistan Today

  • စစ်ကောင်စီဥက္ကဌကို မြန်မာနိုင်ငံအကြီးအကဲအဖြစ် အာဆီယံက ရည်ညွှန်းခြင်း မရှိခဲ့

    စစ်ကောင်စီဥက္ကဌကို မြန်မာနိုင်ငံအကြီးအကဲအဖြစ် အာဆီယံက ရည်ညွှန်းခြင်း မရှိခဲ့

    ဧပြီ ၂၅၊ ၂၀၂၁
    M-Media

    -မနေ့က အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာမှာပြုလုပ်တဲ့ မြန်မာ့အရေး ထိပ်သီးအစည်းအဝေးမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မြန်မာနိုင်ငံရဲ့ အကြီးအကဲအဖြစ် ရည်ညွှန်းပြောကြားတာမျိုး မရှိခဲ့ဘူးလို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တနို မာဆူဒီက ပြောပါတယ်။

    ဒီထိပ်သီးအစည်းအဝေးဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ မြန်မာနိုင်ငံက မတည်ငြိမ်မှုတွေကို ဖြေရှင်းဖို့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ပထမဆုံး ကြိုးပမ်းမှုပါ။

    မလေးရှားဝန်ကြီးချုပ် မုဟ်ယစ်ဒင် ယာစင်က အစည်းအဝေးဟာ မျှော်မှန်းထားတာထက် ပိုမိုအောင်မြင်ခဲ့ပြီး အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ စစ်ကောင်စီဥက္ကဌက သဘောတူခဲ့တယ်လို့ အစည်းအဝေးအပြီးမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

    “ကျွန်တော်နဲ့ အခြားခေါင်းဆောင်တွေ တင်ပြတာကို သူ့ဖက်က ငြင်းပယ်တာမျိုး မရှိခဲ့ပါဘူး”

    အစည်းအဝေးမှာ မြန်မာအရေး ဖြေရှင်းနိုင်ဖို့အတွက် အချက် ၅ ချက်ကို အဖွဲ့ဝင်နိုင်ငံ အားလုံးက သဘောတူညီခဲ့ကြတယ်လို့ အာဆီယံဥက္ကဌ ဘရူနိုင်းရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    အကြမ်းဖက်မှု ရပ်တန့်ရေး၊ သက်ဆိုင်သူတွေအားလုံးအကြားမှာ အပြုသဘောဆောင်တဲ့ ဆွေးနွေးညှိနှိုင်းမှု ဖော်ဆောင်ရေး၊ အာဆီယံ အထူးသံတမန်တစ်ဦးက ကြားဝင်ညှိနှိုင်းပေးရေး၊ အာဆီယံက မြန်မာနိုင်ငံအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရေး၊ အာဆီယံကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကိုလာရောက်ကာ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံရေးတို့ ဖြစ်ပါတယ်။

    အကြမ်းဖက်မှုတွေကို ချက်ခြင်းရပ်တန်ဖို့၊ ဒီမိုကရေစီကို မဖြစ်မနေ ပြန်လည်ဖော်ဆောင်ဖို့၊ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ စစ်ကောင်စီကို တိုက်တွန်းတယ်လို့ အစည်းအဝေးအပြီးမှာ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ပြောကြားခဲ့ပါတယ်။

    စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့ကို ပြန်လွှတ်ပေးဖို့ တိုက်တွန်းခဲ့ပြီး စစ်ကောင်စီဥက္ကဌဟာ သူတို့ပြောတာကို မဆန့်ကျင်ခဲ့ဘူးလို့ ဆိုပါတယ်။

    “အာဆီယံဟာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်တာ၊ အာဆီယံကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို သွားရောက်ဖို့၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးဖို့ ကိစ္စတွေကို သူက မဆန့်ကျင်ခဲ့ပါဘူး။ ရှေ့ဆက်ပြီး အာဆီယံနဲ့ အပြုသဘောဆောင်တဲ့ပုံစံမျိုး ပူးပေါင်းကာ သူတို့ ဆောင်ရွက်သွားမှာပါ”

    Ref: The Strait Times

  • ဒရုန်းဖမ်းမည့် အဆင့်မြင့် ပြည်တွင်းဖြစ်ရေဒါကို တရုတ်ထုတ်ပြ

    ဒရုန်းဖမ်းမည့် အဆင့်မြင့် ပြည်တွင်းဖြစ်ရေဒါကို တရုတ်ထုတ်ပြ

    ဧပြီ ၂၄၊ ၂၀၂၁
    M-Media

    -ဒရုန်းတွေအပါအဝင် ကိုယ်ပျောက်လေယာဉ်တွေကို ရှာဖွေနိုင်မယ့် ​ခေတ်ရှေ့ပြေး ရေဒါတစ်မျိုးကို ဒီကနေ့ ကျင်းပပြီးစီးခဲ့တဲ့ နန်ကျင်း နည်းပညာပြပွဲမှာ တရုတ်အစိုးရက ထုတ်ပြလိုက်ပါတယ်။

    YLC-48 radar လို့ အမည်ပေးထားတဲ့ အဲဒီရေဒါဟာ တရုတ်နိုင်ငံကထုတ်လုပ်ပြီး သယ်ဆောင်ရလွယ်ကူတဲ့ ပထမဆုံး ရေဒါဖြစ်ပါတယ်။ စစ်သားတစ်ယောက်တည်းက ယူဆောင်နိုင်တယ်လို့ ဆိုပါတယ်။

    ‘ဒရုန်းများ၏ သေမင်းတမန်’ လို့လည်း အဲဒီရေဒါကို အမည်ပေးထားပါတယ်။ တရုတ်နိုင်ငံပိုင် နည်းပညာလုပ်ငန်း CETC က ဒီရေဒါကို ထုတ်လုပ်တာပါ။

    ပေါ့ပါးတဲ့ လက်နက်စနစ်တွေမှာ ရေဒါကို အလွယ်တကူ တပ်ဆင် ဖြုတ်သိမ်းလို့ရပြီး ရာသီမရွေး အသုံးပြုလို့လည်း ရပါတယ်။ ဒီရေဒါနဲ့ တွဲဖက်အသုံးပြုနိုင်မယ့် ဒရုန်းခွင်းစနစ် (AUDS) ကိုလည်း CETC က ထုတ်လုပ်ထားပါတယ်။

    နန်ကျင်းပြပွဲမှာ အနိမ့်ပျံယာဉ်တွေကို ရှာဖွေနိုင်မယ့် S-band 3D TWA ရေဒါစနစ်၊ နောက်ဆုံးပေါ် ကိုယ်ပျောက်လေယာဉ်တွေကို ရှာဖွေနိုင်မယ့် YLC-8E ရေဒါစနစ်၊ တရုတ်နိုင်ငံရဲ့ ပထမဆုံး လေပေါ်သုံးရေဒါဖြစ်ပြီး အခြားနိုင်ငံတွေကို ရောင်းချယ်မယ့် KLJ-7A ရေဒါစနစ်တို့လည်း ပါဝင်ပါတယ်။

    အမေရိကန်နဲ့ မဟာမိတ်တွေ အသုံးပြုတဲ့ ဒုံးခွင်းစနစ်အားလုံးကို ဖြတ်ကျော်နိုင်တယ်လို့ ယုံကြည်ရတဲ့ နျူထိပ်ဖူးတပ် အသံထက်မြန်တဲ့ တိုက်ချင်းပစ် ဒုံးကျည်တွေကို တရုတ်က ၂၀၁၉ ခုနှစ်မှာ ထုတ်ပြခဲ့ပါတယ်။

    Ref: Aljazeera