News @ M-Media

Blog

  • လှိုင်ထိပ်ထား ကားဂိတ်တွင် နိုင်ငံတော်က တရားဝင် အသိအမှတ်ပြုထားသော သာသနာဝင်များကို စော်ကားထားသည့် ကြေငြာချက် ချိတ်ဆွဲထား

    လှိုင်ထိပ်ထား ကားဂိတ်တွင် နိုင်ငံတော်က တရားဝင် အသိအမှတ်ပြုထားသော သာသနာဝင်များကို စော်ကားထားသည့် ကြေငြာချက် ချိတ်ဆွဲထား

    ဒီဇင်ဘာ ၁၄၊ ၂၀၁၃
    M-Media
    ကိုလေး

    Haling Hite Htar

    ရန်ကုန်-ဓနုဖြူ-ကျုံဓနိ-လှည်းကူးသို့ ပြေးဆွဲနေသည့် လှိုင်ထိပ်ထား ကားဂိတ်တွင် “လှိုင်ထိပ်ထား၏ ရည်ရွယ်ချက်” ခေါင်းစဉ်တပ်ထားသည့် ဗီနိုင်းတစ်ခုကို တပ်ဆင်ထားပြီး၊ ထိုဗီနိုင်း၏ ၂ (ဂ) တွင် “အစ္စလာမ် ဘာသာဝင်/မူဆလင် လူမျိုးများနှင့် အလူ့မိစ္ဆာများ (လုံးဝ) မတင်ပါ” ဟု လူမျိုးရေး၊ ဘာသာရေးအား ထိခိုက်သည့် အချက်တစ်ချက် ထည့်သွင်းရေးသား ထားသည်ကို တွေ့ရှိခဲ့ရသည်။

    ထိုကိစ္စနှင့် ပက်သက်၍ ရန်ကုန်မြို့လှိုင်သာယာရှိ ဒဂုံဧရာ ကားကွင်းရှိ လှိုင်ထိပ်ထား ကားဂိတ်သို့ ဆက်သွယ်မေးမြန်းခဲ့သည်။ ထိုသို့မေးမြန်းရာတွင် ထိုကြေညာချက်အား ကားဂိတ်ပိုင်ရှင်၏ သဘောထား အရသာ ကပ်ထားခြင်းဖြစ်ပြီး၊ မည်သည့်အဖွဲ့အစည်းကမှ လုပ်ခိုင်းခြင်း မဟုတ်ကြောင်း၊ ယခင်က စာရွက်ငယ်များဖြင့် ရေးသားထားပြီး ဗီနိုင်းဖြင့် ရေးသားထားခြင်းမှာ ၁ လကျော်ကြာပြီဖြစ်ကာ လှိုင်ထိပ်ထား ကားလိုင်း၏ လက်မှတ်ရောင်းသော ဂိတ်တိုင်းတွင် ကပ်ထားခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။

    ထို့နောက် ကြေညာချက်တွင် ၂ (ဂ) တွင် ရေးသားထားသောအချက်နှင့် ပက်သက်၍ နိုင်ငံအတွင်း ယခုလက်ရှိ ဖြစ်ပေါ်နေသည့် အခြေအနေအရ မိမိတို့အနေဖြင့် အမျိုးဘာသာသာသနာအတွက် စည်း တစ်ခုခြားထားခြင်းဖြစ်ပြီး၊ အခြား မည်သည့် ရည်ရွယ်ချက်မှ မရှိကြောင်း၊ “မိစ္ဆာ” ဆိုသည့် စကားလုံးမှာလည်း အစ္စလာမ်ဘာသာဝင်များကို ရည်ညွှန်းခြင်းမရှိဘဲ၊ သောက်စား၊ မူးရစ်ရမ်းကားသည့် လူများကိုသာ ရည်ညွှန်းသုံးစွဲထားခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

    ဥပဒေပညာရှင်တစ်ဦးကို M-Media မှ ဆက်သွယ်မေးမြန်းရာ ‘ အဆိုပါကြေညာချက် ၂ (ဂ) တွင်ရေးသားထားသည့် စာကြောင်းတွင် “နှင့်” ဆိုသည့် စကာလုံးသုံးစွဲထားခြင်းကြောင့် အစ္စလာမ်ဘာသာဝင်များအား “မိစ္ဆာ” ဆိုသည့် စကားလုံးနှင့် တစ်တန်း တစ်စားတည်း ဖြစ်အောင် စော်ကားဖော်ပြထားခြင်းသာဖြစ်ပြီး၊ ပြစ်မှုဆိုင်ရာဥပဒေ အခန်း ၁၅ တွင် ဖော်ပြထားသည့် ဘာသာသာသနာရေးဆိုင်ရာ ပြစ်မှု ပုဒ်မ ၂၉၅(က) နှင့် ညိစွန်းနေကြောင်း’ ပြောကြားခဲ့သည်။

    ပြစ်မှုဆိုင်ရာဥပဒေ (ယခင် ရာဇသတ်ကြီး) အခန်း ၁၅ ဘာသာ သာသနာဆိုင်ရာပြစ်မှုများ ပုဒ်မ ၂၉၅ တွင် အောက်ပါ အတိုင်း ပြဌားန်ပါရှိပါသည်။
    “ပြည်ထောင်စုနိုင်ငံတော်တွင် နေထိုင်သော လူတစား၏ ဘာသာရေးစိတ်ကို နာကြည်းစေရန် တမင်မသမာသောအကြံဖြင့် မည်သူမဆို၊ စကားဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ ထင်ရှားသော ပုံသဏ္ဍာန်ဖြင့်ဖြစ်စေ၊ ထိုလူတစားကိုးကွယ် သည့်ဘာသာသာသနာကိုသော်၎င်း၊ ဘာသာ သာသနာရေး ယုံကြည်မှုကိုသော်၎င်း၊ စော်ကားလျှင်၊ သို့တည်းမဟုတ် စော်ကားရန်အားထုတ်လျှင်၊ ထိုသူကို နှစ်နှစ်ထိထောင်ဒဏ် တမျိုးမျိုးဖြစ်စေ၊ ငွေ ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရ မည်။”

    အလားတူ ပုဒ်မ ၂၉၈ တွင် “တဦးတယောက်သောသူ၏ ဘာသာရေးစိတ်ကို နာစေရန်တမင်ကြံ၍၊ မည်သူမဆို၊ ထိုသူကြားလောက်သောနေရာ၌ စကားပြောဆိုလျှင်၊ သို့တည်းမဟုတ် အသံတခုခုကိုပြုလျှင်၊ သို့တည်းမဟုတ် ထိုသူမြင်လောက်သောနေရာ၌ ကိုယ်အမူအရာတခုခုကိုပြုလျှင်၊ သို့တည်းမဟုတ် အရာဝတ္ထုတခုခုကိုထားလျှင် ထိုသူကို တနှစ်ထိ ထောင်ဒဏ် တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်။” ဟုပြဌားန်ထားပါသည်။

    ယခုနောက်ပိုင်းနှစ်များတွင် မြန်မာနိုင်ငံအတွင်းရှိ အစ္စလာမ်ဘာသာဝင်များနှင့် အစ္စလာမ်သာသနာအား စော်ကား ပုတ်ခတ်မှုများကို သွယ်ဝိုက်၍ဖြစ်စေ၊ အတိအလင်းဖြစ်စေ ပြုလုပ်လျက်ရှိနေပြီး ပြစ်မှုဆိုင်ရာ ဥပဒေများနှင့် ညိစွန်းနေသော်လည်း အာဏာပိုင်းများအနေဖြင့် ထိထိရောက်ရောက် အရေးယူဆောင်ရွက်ခြင်းမရှိပေ။

    ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ ရက်နေ့ကလည်း ရန်ကုန်မြို့ ဗဟန်းမြို့နယ်တွင် ရခိုင်လူငယ်ကွန်ရက်မှ ပြုလုပ်ခဲ့သည့် အိုအိုင်စီ ဆန့်ကျင်ဆန္ဒပြပွဲတွင် အစ္စလာမ်ဘာသာအား ရိုင်းပြစွာ စော်ကားထားသော ဗီနိုင်းတစ်ခုအား သံဃာတော်များမှ ကိုင်ဆောင်မှုနှင့် ပတ်သက်ပြိး သီတင်းတစ်ပါတ်အကြာခန့်တွင်မှာ အရေးယူမည်ဟု သတင်းထုတ်ပြန်ခဲ့သော်လည်း ယနေ့ထိ ဖမ်းဆီးတရားစွဲဆိုမှုတစုံတရာ ပြုလုပ်သည်ကို မကြားသိရသေးပေ။

  • Little India ဖြစ်ပွားခဲ့သည့် ဆူပူမှုအတွက် စင်ကာပူအစိုးရ စုံစမ်းရေး ကော်မရှင်ဖွဲ့စည်း

    ဒီဇင်ဘာ ၁၃၊ ၂၀၁၃
    M-Media

    riot-police-today
    Little India တွင် ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုနောက်ကွယ်တွင် မည်သည့်အကြောင်းအရင်းများရှိနေသည်ကို စုံစမ်းစစ်ဆေးရန် အဖွဲ့ဝင်လေးဦးပါသည့် စုံစမ်းစစ်ဆေးရေးကော်မတီ COI ကို စင်ကာပူအစိုးရက ဖွဲ့စည်းလိုက်သည်ဟု သိရသည်။

    ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ မပြီးဆုံးသေးသော်လည်း စင်ကာပူ တရားရုံးချုပ်မှ တရားသူကြီး ဂျီ ပန်နီယာ ဆဲလ်ဗမ် ဦးဆောင်သည့် COI အဖွဲ့မှာ စုံစမ်းမှုများကို အမြန်ဆုံးစတင်မည်ဖြစ်ပြီး ၆ လ အတွင်း ၎င်းတို့ ရရှိသည့် အသေးစိတ်အချက်အလက်များကို စင်ကာပူပြည်ထဲရေး ၀န်ကြီးဌာနသို့ တင်ပြသွားရမည်ဖြစ်သည်။

    ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့သည့် အဆိုပါဆူပူအကြမ်းဖက်မှုမှာ အိန္ဒိယ နိုင်ငံသားအလုပ်သမားတစ်ဦးအား ကားတစ်စီးက ၀င်တိုက်မိခဲ့ရာမှ အစပြုခဲ့ခြင်းဖြစ်ပြီး လူ ၄၀၀ နီးပါးခန့်ပါဝင်ခဲ့သည်။

    သို့သော်လည်း စင်ကာပူ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အခြေအနေကို ကောင်းမွန်စွာထိန်းသိမ်းနိုင်ခဲ့ပြီး၊ စင်ကာပူနိုင်ငံသားများအနေနှင့်လည်း ထိုကိစ္စအား တရားဥပဒေအတိုင်း ဖြေရှင်းနိုင်ရန် ကြိုးစားခဲ့ကြသည်။

    စင်ကာပူနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အဆိုပါ အဓိကရုဏ်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဘင်္ဂလီများ ပါဝင်သည့်ဟု အစောပိုင်း ထွက်ပေါ်လာသည့် သတင်းများကို အခြေပြုပြီး ဆိုရှယ်မီဒီယာ အသုံးပြုသည့် အချို့သော မြန်မာ လူမျိုးများကြားတွင် အစ္စလာမ်သာသနာနှင့် မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင်များကို  စော်ကား တိုက်ခိုက်သည့် ပိုစ်များ ပျံနှံ့ထွက်ပေါ်ခဲ့ကြောင်း တွေ့ရှိခဲ့ရပါသည်။

    Ref: CNA

    (Photo: TODAY/Ooi Boon Keong)

  • လယ်သမားအရေး ဆောင်ရွက်သူ ၃ ဦး ထောင်ထဲ၌ အစာငတ်ခံဆန္ဒပြ

    ဒီဇင်ဘာ ၁၄-၂၀၁၃
    M-Media
    သီရိ

    myint-myint-aye
    ပေါင်းတည်။ ။ ခွင့်ပြုချက်မယူဘဲ စီတန်းလှည့်လည်မှု ပုဒ်မ ၁၈၊ အသင်းဖွဲ့ဆိုင်ရာ ဥပဒေ ၁၆ တို့ဖြင့် တရားစွဲဆိုခံထားရသည့် မိတ္ထီလာပြည်သူ့ အကျိးဆောင်ကွန်ရက်မှ ဒေါ်မြင့်မြင့်အေး၊ ၀ိမုတ္တိ လူမှုကူညီရေးအဖွဲ့မှ ဒေါ်မိမိခိုင်၊ နတ်တလင်းပြည်သူ့ အကျိုးဆောင်ရွက်ကွန်ရက်မှ ကိုသန့်ဇင်ထက် တို့သည် ဒီဇင်ဘာလ ၁၃ ရက်နေ့မှစတင်ကာ ပေါင်းတည်ထောင်တွင် အစာငတ်ခံ ဆန္ဒပြခဲ့ကြသည်။

    ထိုသုံးယောက်အား ပဲခူးတိုင်းအနောက်ပိုင်း နတ်တလင်းမြို့နယ် ကြတ်ကြီးကြိုးဝိုင်းအတွင်းသိမ်းယူခံထားရသည့် လယ်ယာမြေ ဧက ၁၄၀ ခန့်ပေါ်တွင် ထွန်တုံးတိုက်ပွဲ ဆင်နွဲခဲ့သည့် တောင်သူများကိုအားပေး ကူညီမှုဖြင့် ဇွန် ၁၁ ရက်တွင် ဖမ်းဆီးခဲ့ခံရခြင်းဖြစ်သည်။

    ၎င်းတို့ကိုဖမ်းဆီးထားသည်မှာ ၆ လကျော်ရှိပြီဖြစ်ပြီး အမိန့်ချခြင်းမရှိသေးဘဲ ကြန့်ကြာနေသောကြောင့် ယခုလိုဆန္ဒပြသခြင်းဖြစ်သည်။ “လျှောက်လွှဲချက်တွေပြီးရင် အမြန်ဆုံးအမိန့်ချရမယ်လို့ ဥပဒေမှာပြဌာန်းထားပါတယ်။ ဒါပေမဲ့ လောလောဆယ် မှာတော့ လျှောက်လွှဲချက်ကြားနာပြီး တစ်လနီးပါးကြာသွားပြီ၊ အမိန့်မချသေးဘူး” ဟု ၎င်းတို့၏အကျိုးဆောင်ရှေ့နေ ဦးရဲလင်းနိုင်ကပြောခဲ့သည်။

    “မြို့နယ်က စွဲချက်တင်သင့်ကြောင်း ချပေးတဲ့အမိန့်ကို တိုင်းတရားရုံးကပြင်ဆင်ချက်ပေးထားတယ်၊ အမိန့်ချမပေးခဲ့ဘူး အချိန်ဆွဲထားတယ်၊ ဒီလိုမျိုးအချိန်အကြာကြီးဆွဲထားတာဟာ တမင်ညှင်းပန်းရာကျတဲ့အတွက် အချုပ်ထဲမှာ သုံးယောက်လုံး အစာငတ်ခံ ဆန္ဒပြသွားမယ်” ဟု ဒီဇင်ဘာလ ၁၀ ရက်ရုံးချိန်းတွင် တရားရင်ဆိုင်နေရသူများက ပြောကြားခဲ့သည်။

    ဓါတ်ပုံအညွှန်း- မိတ္ထီလာပြည်သူ့ အကျိးဆောင်ကွန်ရက်မှ ဒေါ်မြင့်မြင့်အေး (Photo-Internet)

  • Samsung မှတရားစွဲထားသည့် အမှု Apple အား ဆိုလ်တရားရုံး အနိုင်ပေး

    ဒီဇင်ဘာ ၁၄၊ ၂၀၁၃
    M-Media

    the-apple-logo-hangs-in
    Apple ကုမ္ပဏီနှင့် အချိန်အတော်ကြာ ဖြစ်ပွားနေသည့် copyright ကိစ္စနှင့် ပတ်သက်၍ ဆမ်းဆောင်းကုမ္ပဏီ၏ တရားစွဲဆိုမှုတွင် ဆိုးလ်တရားရုံးက Apple အား အနိုင်ပေးခဲ့သည်ဟုသိရသည်။

    ထိုဆုံးဖြတ်ချက်အား ယနေ့တွင် ချမှတ်ခဲ့ခြင်းဖြစ်ပြီး Apple အနေဖြင့် ဆမ်ဆောင်း၏ မက်ဆေ့ခ်ျဆိုင်ရာ နည်းပညာသုံးခုအား သုံးစွဲထားသည်ဟု ဆမ်ဆာင်းမှ တောင်းဆိုမှုအား တရားရုံးကပယ်ချခဲ့သည်။

    copyright ကိစ္စနှင့်ပက်သက်၍ ဆိုးလ်ရှိတရားရုံးမှ Apple အား ပထမဆုံးအကြိမ် အနိုင်ပေးခဲ့ခြင်းဖြစ်သည်။

    သို့သော် ထိုဆုံးဖြတ်ချက်ကြောင့် စိတ်ပျက်မိကြောင်း မိမိတို့၏ နည်းပညာများအတွက် လိုအပ်သော ကာကွယ်မှုများကို ထပ်မံပြုလုပ်သွားမည်ဖြစ်ကြောင်း ဆမ်ဆောင်းကုမ္ပဏီက ပြောကြားခဲ့သည်။

    Ref: CNA
    Photo-AFP/Spencer Platt

  • MPT နဲ့ ပူးပေါင်းမယ့် နိုင်ငံခြားကုမ္ပဏီကို ဒီဇင်ဘာလထဲတွင် ကြေညာမည်

    M-Media
    ဒီဇင်ဘာ ၁၄၊ ၂၀၁၃

    images
    ဒေါ်လာ ၃ ထောင်နီးပါး ဈေးရှိခဲ့ဖူးတဲ့ MPT စင်းမ်ကတ်

    အစိုးရက ပုဂ္ဂလိက ဆက်သွယ်ရေးကုမ္ပဏီနှစ်ခုဖြစ်တဲ့ အော်ရီဒူးနဲ့ တယ်လီနောတို့ကို ပြိုင်ဆိုင်လုပ်ကိုင်ဖို့ MPT ကို ဆက်လက်အသက် သွင်းထားပါတယ်။ လာမယ့် ဒီဇင်ဘာ ၁၈ ရက်မှာတော့ MPT က သူတို့နဲ့ ပူးပေါင်းဆောင်ရွက်မယ့် နိုင်ငံခြားကုမ္ပဏီကို ကြေညာမယ်လို့ ဆိုပါတယ်။

    လောလောဆယ်တော့ MPT နဲ့ ပူးပေါင်းမယ့် နိုင်ငံခြားကုမ္ပဏီတွေထဲမှာ ပြင်သစ်ရဲ့ Orange၊ ဂျပန်ရဲ့ KDDI နဲ့ စင်ကာပူရဲ့ SingTel တို့ ရေးပန်းစားနေပါတယ်။ ဒီကုမ္ပဏီသုံးခုကလည်း ဇွန်လက မြန်မာအစိုးရကြေညာခဲ့တဲ့ တင်ဒါအောင် ဆက်သွယ်ရေးလိုင်စင်ရ ကုမ္ပဏီစာရင်း မှာ မပါဝင်ခဲ့တဲ့ ကုမ္ပဏီတွေလည်း ဖြစ်ပါတယ်။

    MPT နဲ့ ပူးပေါင်းမယ့် ကုမ္ပဏီတင်ဒါကို အစိုးရက နိုဝင်ဘာလထဲမှာ ခေါ်ယူခဲ့ပြီး ဆက်သွယ်ရေးကဏ္ဍမှာ အပြိုင်အဆိုင်လုပ်ကြ ဖို့ ပြင်ဆင်နေ ပါတယ်။ MPT ကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ စင်းမ်ကတ် တစ်ခုကို ဒေါ်လာ ၃၀၀၀ နီးပါးနဲ့ အဆမတန်အမြတ်တင်ရောင်း ချနေခဲ့တာကြောင့် အမြတ်အစွန်း မြောက်မြားစွာ ရရှိထားပြီးလည်း ဖြစ်ပါတယ်။