News @ M-Media

Blog

  • “ဦးသန့်အရေး” ၃၉ နှစ်မြောက် ပြုလုပ်

    ဒီဇင်ဘာ ၁၂၊၂၀၁၃
    M-Media
    သတင်း – ဆူးထက်

    ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့်၏ ရုပ်ကလာပ် ဂူသွင်းမြှပ်နှံသည့် ၃၉နှစ်မြောက် နှစ်ပတ်လည် အခမ်းအနား

    1463615_632413023467838_1110147398_n

    ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့်၏ ရုပ်ကလာပ် ဂူသွင်းမြှပ်နှံသည့် ၃၉နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို  ဦးသန့်ဈာပန ဖြစ်မြောက်ရေး လှုပ်ရှားသူများမှ ဒီဇင်ဘာ ၁၁ရက်နေ့က ရန်ကန်မြို့၊ ရွှေတဂုံစေတီတော် တောင်ဘက်မုဒ်၊ ဦးသန့်ဂူဗိမာန်တွင် နံနက် ၉နာရီက ကျင်းပပြုလုပ်ခဲ့သည်။

    ” ဆရာကြီးဦးသန့်ရဲ့ ဂူဗိမာန် ခန့်ငြားထည်ဝါစွာ ပေါ်ထွန်းလာရေးတို့ အတွက် ရဟန်းရှင်လူ ပြည်သူ မိဘအပေါင်းနှင့် ပူးပေါင်းပြီး သက်စွန့် ကြိုးပမ်းဆောင်ရွက်ခဲ့ကြတာပါ။ အဲဒီ အရေးအခင်းကြောင့် ရဟန်း ၉ပါး နှစ်ရှည်ထောင်ကျခံရသလို၊ လူပေါင်း ၅၀၀၀နီးပါး ဖမ်းခံခဲ့ရပြီး ၅၂ဦးခန့် ထောင်ကျခံခဲ့ရပါတယ်။ ဦးဇင်းက အဲဒီတုန်းက ရန်ကုန်ဝိဇ္ဇာ သိပ္ပံ ကျောင်းသားပါ ” ဟုဆရာတော် ဦးရေ၀တ (ခ) ဦးလှဌေး (၇၄- ၇၅ -၇၆ နိုင်ငံရေး အင်အားစု) က M-Media သို့ မိန့်ကြားသည်။

    ယင်းအပြင် ဦးသန့်အရေးအခင်းတွင် ပါဝင်လှုပ်ရှားသည့်အပြင် ထိုအချိန်က မဆလ ဦးနေဝင်းအစိုးရ နှင့် စင်ပြိုင်အစိုးရထောင်ထားသည့်  ဦးနု နှင့် ပူးပေါင်းဆောင်ရွက်မှုဖြင့် MSC ကျောင်းသား ဆလိုင်း တင်မောင်ဦးသည် ကြိုးပေးခံခဲ့ရကြောင်း၊ မြန်မာသမိုင်းတွင် ကျောင်းသားအနေဖြင့် ကြိုးပေးခံရတာ ပထမဦးဆုံး ဖြစ်ကြောင်း ၎င်းက မိန့်ကြားသည်။

    ” ဦးနေ၀င်းက ဦးသန့်ကို အဲဒီချိန်တုန်းက ကြံတော သချိုင်းက ရှိသေးတာဆိုတော့ အဲဒီမှာ သာမာန်ပြည်သူ တစ်ယောက်လို ချချင်ခဲ့တာ။ ဦးနေ၀င်းရဲ့ ဖိအားကြောင့် ဦးသန့်ရဲ့ မိသားစုကလည်း ကြံတောပဲ ပို့ပါတော့လို့ လုပ်တော့မယ်။။ ဒါကို ရဟန်းရှင်လူ ပြည်သူတွေက လုံးဝ လက်သင့်မခံခဲ့ဘူး။ အဲဒီချိန်မှာ ဦးသန့်ဈပန ဖြစ်မြောက်ရေး၊ ဦးသန့်ဂူဗိမာန် တည်ဆောက်ရေး အဲဒီ ကြွေးကြော်သံ ၂ချက်ကို ကိုင်ဆွဲပြီးတောင်းဆိုတာကို လမ်းစဉ်ပါတီ အစိုးရက ခွင့်မပြုဘူး။ ခွင့်မပြုတဲ့အတွက် ကျောင်းထဲမှာ သပိတ်စခန်း ၇ရ က်ဆွဲပြီး ဖိနှိပ်မှုကို ဆန့်ကျင်ပြီး ဒီဇင်ဘာ ၈ ရက်နေ့မှာ ဦးနေ၀င်းက တ.က.သ အဆောက်အဦးကို ဗုံးခွဲခဲ့တဲ့ နေရာမှာ မြှပ်နှံခဲ့တာပါ။ ဒါပေမယ့် အစိုးရက ၁၉၄၇ ခုနှစ်၊ ဒီနေ့လို ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ဦးသန့်ရုပ်အလောင်းကို ကော်ထိုးပြီး  သယ်ကာ ဒီနေရာမှာ မြှပ်နှံခဲ့တာပါ။ ရဟန်းရှင်လူ ပြည်သူတွေကို မျက်ရည်ယို ဗုံးတွေ၊ သေနတ်တွေနဲ့ ပစ်ဖောက်ခဲ့လို အသေအကြေလည်း များခဲ့ပါတယ်” ဟု ၎င်းက ထပ်လောင်း မိန့်ကြားခဲ့သည်။

    ကမ္ဘာ့ငြိမ်းချမ်းရေး အကျိုးတော်ဆောင်၊ အမျိုးသား ကျောင်းဆရာကြီး ဦးသန့် ၏ ကြည်ညှိဖွယ် ဂုဏ်ထူးကို ဦးခိုက်လျက် ယနေ့ကျရောက်တဲ့ ၃၉နှစ်မြောက်သောနေ့မှာ ပထမဆုံးအကြိမ် လူထုအရှေ့မှာ ကျင်းပခွင့်ရခဲ့ခြင်း ဖြစ်ပြီး ဆရာကြီး၏ သမာဓိဂုဏ်၊ ပညာဂုဏ်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်တို့ကို ရည်မှန်းလျှက် ရှိခိုး ဦးညွှတ်ခြင်း ဖြစ်ကြောင်း ဦးသန့်အရေး လှုပ်ရှားသူများ၏ ကျောင်းသားဟောင်း တစ်ဦးဖြစ်ကာ ယင်းလှုပ်ရှားမှုကြောင့် ထောင် (၈)နှစ်ကျခံခဲ့ရသူ ဦးဇော်ငြိမ်းလတ်က ဆိုသည်။

    ” ဆရာကြီးဟာ ပန်းတနော် အမျိုးသား ကျောင်းဆရာ ဘ၀ကနေ နိုင်ငံပေါင်းစုံ ဖွဲ့စည်းထားတဲ့ ကမ္ဘာ့ကုသမဂ္ဂ  အဖွဲ့အစည်းမှာ အထွေထွေ အတွင်းရေးမှူး တာဝန်ကို ထမ်းဆောင်ရင်း ကမ္ဘာ့ငြိမ်းချမ်းရေး အကျိုးတော် ဆောင်ဖြစ်တယ်။ အဲဒီချိန်တုန်းက တတိယ ကမ္ဘာ့စစ်ကို စိုးရိမ်နေရတဲ့ ကာလမှာ အမေရိကန်နိုင်ငံနဲ့ ရုရှားနိုင်ငံတို့ ကျူးဘားအရေးအခင်းနဲ့ ပတ်သက်ပြီး စစ်သဘောင်္တွေ၊ အနုမြူဗုံးတွေနဲ့ ထိပ်တိုက်တွေ့တော့မယ် အချိန်မှာ ဖြေရှင်းခဲ့သူပါ။ တတိယ ကမ္ဘာစစ်ကို ကာကွယ်လိုက်နိုင်တဲ့ သူပါ။ ဆရာကြီးဦးသန့်ကို ခုရော နောက်မျိုးဆက်တွေကရော အင်မတန် အတုယူ သင့်တယ်” ဟု M-Media သို့ပြောသည်။

    ယင်းအခမ်းအနားကျင်းပသည့် နေ့သည့် တိုက်တိုက် ဆိုင်ဆိုင် ဦးသန့်ဂူဗိမာန် ပိတ်ရက် ဖြစ်နေကြောင်း သိရသည်။ တစ်ပတ်တွင် တစ်ရက်ခြား ဖွင့်ကြောင်း သိရသည်။

    ဦးသန့်ကို ၁၉၀၉ ခုနှစ် ဇန်န၀ါရီလ ၂၂ရက်နေ့၌ ဧရာဝတီ မြစ်ဝကျွန်းပေါ်ရှိ ပန်းတနော်မြို့တွင် အဖ ဦးဘိုးနှစ်၊ အမိ ဒေါ်နန်းသောင်တို့မှ ဖွားမြင်ခဲ့သည်။ သံတမန်ဘ၀ မတိုင်မီ ဦးသန့်၏ အတွေ့အကြုံမှာ ပညာရေးနှင့် ပြန်ကြားရေး ကဏ္ဍများတွင် ဖြစ်ပါသည်။ ကောလိပ်မှ ထွက်ကာ သူတက်ရောက်သင်ကြားခဲ့ရာ ပန်းတနော် အမျိုးသား အထက်တန်းကျောင်းတွင် အထက်တန်းပြ ဆရာအဖြစ် တာဝန်ထမ်းဆောင်ရင်း ၁၉၃၁ ခုနှစ်၊ အင်္ဂလိပ် အစိုးရ စစ်ဆေးသည့် အထက်တန်းဆရာဖြစ် စာမေးပွဲကို ပထမစွဲ၍ အောင်မြင်ခဲ့ပြီးနောက်တွင် ကျောင်းအုပ်ဆရာကြီး ဖြစ်လာခဲ့ပါသည်။

    ၁၉၅၂ခုနှစ်တွင် ကမ္ဘာ့ကုသမဂ္ဂ အထွေထွေ ညီလာခံသို့ မြန်မာကိုယ်စားလှယ် အဖွဲ့၏ အဖွဲ့ဝင် တစ်ဦးအနေဖြင့် ဦးသန့်က တက်ရောက်ခဲ့ပြီး ၁၉၅၇ ခုနှစ်တွင်မှစ၍ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး အဆင့် (၁၉၅၇- ၁၉၆၁) အပ်နှင်းခြင်း ခံခဲ့ရသည်။ ကမ္ဘာ့ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးအနေဖြင့် ဦးသန့်သည် နိုင်ငံငယ်များ လက်အောက်ခံ ကိုလိုနီ အဖြစ်မှ လွတ်မြောက်ရေး ကိစ္စများတွင် တက်ကြွစွာ ဆောင်ရွက်ခဲ့ပြီး အယ်ဂျီးရီးယား နိုင်ငံ လွတ်လပ်ရေး အတွက် အာဖရိက အာရှ လုပ်ငန်းအဖွဲ့၏ ဥက္ကဌ ဖြစ်လာခဲ့သည်။ ၁၉၅၉ ခုနှစ်တွင် သူသည် ၁၄ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ ဒု-ဥက္ကဌများ အနက် တစ်ဦး အဖြစ် ဆောင်ရွက်ခဲ့ပြီး ၁၉၆၁ ခုနှစ်တွင် ကွန်ဂို နိုင်ငံ စေ့စပ်သင့်မြတ်ရေး ကော်မရှင်နှင့် ကမ္ဘာ့ ဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေ အဖွဲ့တို့တွင် ဥက္ကဌ အဖြစ် ထမ်းဆောင်ခဲ့ပါသည်။

    ကျူးဘားဒုံးကျည် အရေးအခင်းတွင် သူသည် အဓိကကျသည့် အခန်း ကဏ္ဍ၌ ပါဝင်ခဲ့သည်။ သမ္မတ ကနေဒီနှင့် အတွင်းရေးမှူး ကရုးရှက်ဗ်တို့ကြား သံတမန် နည်းလမ်း မျိုးစုံဖြင့် ကြိုးစားခဲ့သဖြင့် နျုကလီးယား စစ်ပွဲမဖြစ်အောင် ရှောင်ရှားနိုင် ခဲ့သည်။ သမ္မတ ကနေဒီက နောင်တွင် ဦးသန့်အား ချီးကျူးသည့်အခါ ‘ ကမ္ဘာကြီးမှာ သူ့ကျေးဇူးတွေ ရှိတယ်’ ဟူ၍ ပြောဆိုခဲ့သည်။

    ဦးသန့်သည် ကမ္ဘာ့ကုလသမဂ္ဂ၏ တတိယမြောက် အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်ပြီး သံတမန်၊ ပညာရေး ၀န်ထမ်း၊ စာရေးဆရာနှင့် အစိုးရအမှုထမ်းအဖြစ်တာဝန် ထမ်းဆောင်ရင်း ၁၉၇၄ ခုနှစ်၊ နိုဝင်ဘာ ၂၅ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၌ အသက်(၆၅)နှစ် အရွယ်တွင် ကွယ်လွန်ခဲ့သည်။

  • ဆန္ဒပြသူများကို အကြမ်းဖက်ဖြိုခွဲလျှင် ယူကရိန်းအစိုးရကို အမေရိကန် အရေးယူ ပိတ်ဆို့မှုများ လုပ်မည်။

    ဒီဇင်ဘာ ၁၂၊ ၂၀၁၃
    M-Media

    ALeqM5g1CQHEBo2Svw3iJvezyKd0OumcCg
    – မြို့တော်ကိဗ်ရှိ လွတ်လပ်ရေးရင်ပြင်၌ရှိနေသည့် အစိုးရဆန့်ကျင်ဆန္ဒပြသူများအား လုံခြုံရေးတပ်ဖွဲ့များမှ အကြမ်းဖက် ဖြိုခွဲမှုများ ပြုလုပ်ခဲ့ပါက ယူကရိန်းနိုင်ငံအပေါ် အမေရိကန်နိုင်ငံမှ ပိတ်ဆို့မှုများ ပြုလုပ်ရန်ရှိနေသည်ဟု သိရသည်။ အကြမ်းဖက်နှိမ်နှင်းမှုများ တိုးမြှင့်ပြုလုပ်ပါက ယူကရိန်း အစိုးရတာဝန်ရှိသူများအား ပြည်ဝင်ခွင့်ဗီဇာမပေးရန်နှင့် အမေရိကန်ရှိ ၎င်းတို့၏ ပိုင်ဆိုင်မှုများအား ရပ်တန့်ပစ်ရန် စသည့်အချက်အလက်များပါဝင်သည့် ဥပဒေတစ်ခုကို ပြဌာန်းရန် စဉ်းစားနေသည်ဟု အမေရိကန် ဥပဒေပြု အမတ်များက ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ရုရှားနှင့် ဆက်ဆံရေး ဆိုးရွားမည်ကို စိုးရိမ်သောကြောင့် ဥရောပသမဂ္ဂ၏ ကုန်သွယ်ရေးသဘောတူညီချက်ကို လက်မှတ်ထိုးရန် ယူကရိန်းအစိုးရက ငြင်းဆန်ခဲ့ပြီးနောက် မြို့တော်ကိဗ်တွင် ဆန္ဒပြမှုများအဆက်မပြတ်ဖြစ်ပွားခဲ့ပြီး၊ ယမန့်ကစ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆန္ဒပြသူများအား ဖယ်ရှားရန် ကြိုးပမ်းနေသည်။

    ဓါတ်ပုံအညွှန်း- မြို့တော်ကိဗ် Independence Square တင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များ ထိပ်တိုက်ရင်ဆိုင်နေကြစဉ်

    (Photo-AFP-Sergei Supinsky)
    Ref: aljazeera

  • လှူဒါန်းပေးရုံမျှနှင့် မြန်မာ့ ဒီမိုကရေစီ ထွန်းကားရေး လုံလောက်သော အားဖြည့်မှု ဖြစ်နိုင်ပါသလား ?

    ဒီဇင်ဘာ ၁၂၊ ၂၀၁၃
    M-Media
    ဘာသာပြန်- သာကီထက်ကောင်း
    Bustling jetty of Yangon
    (ဓာတ်ပုံအညွှန်း) ရန်ကုန်မြို့လူစည်ကားရာနေရာတစ်ခု။ မြန်မာ့စီးပွားရေးပွင့်လန်းစပြုပြီဖြစ်သော်လည်း စီးပွားရေးပြန်လည်ပြုပြင်မှုများမှာကား ဒီမိုကရေစီလမ်းကြောင်းသို့ အလိုအလျောက် ရောက်နိုင်ချေမရှိသေး။ Photo by: McKay Savage / CC BY

    လူထု၏ပါဝင်မှု၊ တာဝန်ခံရေးကတိက၀တ်တို့နှင့်အတူ ပွင့်လင်းလွတ်လပ်သော အစိုးရဖြစ်လာရန်ကြိုးစားနေသော နောက်ဆုံး အုပ်စုဝင်နိုင်ငံများ အနက် မြန်မာနိုင်ငံလည်း အပါအ၀င်ဖြစ်၏။

    လန်ဒန်၌ မကြာသေးမီက OGP Summit ကို အိမ်ရှင်အဖြစ်လက်ခံကျင်းပသော၊ ၄င်းပြင် ယခင်က မြန်မာနိုင်ငံ၏ ကိုလိုနီအုပ်ချုပ်သူဖြစ်သော UK သည် မြန်မာ့ စစ်ခေါင်းဆောင်ဟောင်းတို့အား ပူးပေါင်းဆောင်ရွက်ခြင်း အားဖြည့်အကူအညီများကို ပေးလိုက်ပြီဖြစ်သည်။ ၄င်း၌ အာဏာပိုင်လောက အတွက် အကောင်းဆုံး စွမ်းရည် တိုးမြှင့်ပေးရေးစံချိန် စံညွန်းသတ်မှတ်မှု၊ ပြည်သူလူထုတို့၏ သတင်းအချက်အလက်များ မြင့်မားစေမှု၊ လူထုပါ ၀င်ရေးကို ထောက်ပံ့မှု၊ လွတ်လပ်မှုနှင့် တာဝန်ယူမှုအတွက် နည်းပညာသစ်များ ပိုမိုရရှိစေမှုတို့ ပါဝင်ကြသည်။

    ယမန်နှစ် Transparency International မှပြုစုထုတ်ပြန်သော အုပ်ချုပ်ရေးနှင့်ပြဿနာ ရှင်းလင်းရေးဆိုင်ရာ ကမ္ဘာ့လာဘ်စားမှုစံချိန်၌ နိုင်ငံပေါင်း ၁၇၆ အနက် မြန်မာနိုင်ငံမှာ အဆင့် ၁၇၂ စာရင်းဝင်နေကြောင်း တွေ့ရသည်။ ဤအချက်အလက်များအရ မြန်မာနိုင်ငံသည် ယင်းယိုပေါက်များကို ဖာထေးလိမ့်မည်ဟု ယုံကြည်ရန် ခက်ခဲလှသည်။ အုပ်ချုပ်မှုယန္တရားအတွင်း အရပ်သားပါဝင်မှု၌ မြန်မာနိုင်ငံသည် အာဖဂန်နစ္စတန် အောက်ရောက်နေပြီး မြောက်ကိုးရီးယား ထက် မဆိုစလောက်လေးသာ သာလွန်ခဲ့သည်ဟု လတ်တစ်လော စစ်တမ်း တစ်ရပ်တွင် ဖော်ပြထား၏။

    ငွေးကြေးမူဝါဒ၌ အချက်အလက် အခြေခံစံနစ်ထက် နက္ခတ္တဗေဒ၏ လွှမ်းမိုးမှုကို နှစ်ပေါင်းများစွာ ခံရပြီးနောက် မြန်မာ့စီးပွားရေးမှာ နောက်ဆုံးသော် လမ်းကြောင်းမှန်ပေါ်ပြန်ရောက်နေပြီဟု ကျွမ်းကျင်သူများက သုံးသပ်တင်ပြကြသဖြင့် စိတ်ချမ်းသာစရာသတင်း ဖြစ်စေ၏။

    သို့သော် သတင်းဆိုးတစ်ရပ်မှာ နိုင်ငံရေးအခန်းကဏ္ဍ တိုးတက်မှု စံပေတံနှင့်တိုင်းတာကြည့်ရှုခြင်း မပြုပါလျှင်၊ နိုင်ငံရေးကြမ်းခင်းနှင့်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအား မလွဲမသွေ အပြောင်းအလဲ မလုပ်ပါလျှင် စီးပွားရေးပြုပြင်တည်ဆောက်မှုသည် ပီပြင်သော ဒီမိုကရေစီအသွင်သို့ အလိုအလျောက် ဦးတည်သွားစေမည် မဟုတ်ပါလေ။

    Burma Campaign UK မှ Mark Farmaner ကဲ့သို့ ကာလရှည်လေ့လာစူးစမ်းသူနှင့် တက်ကြွလှုပ်ရှားသူများက – နိုင်ငံတကာ အသိုင်းအ၀ိုင်းသည် မြန်မာနိုင်ငံအား စစ်မှန်သော ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၌ အပြည့်အ၀ ကူညီနေခြင်း မဟုတ်၊ ပို၍အားကောင်းသည့် အာဏာရှင် တိုင်းပြည် အဖြစ်လည်းကောင်း၊  အရှေ့တောင်အာရှ၌ စီးပွားရေးအင်အား ရပ်ဝန်းဖြစ်လာရန် လည်းကောင်း တိုးမြှင့် ကူညီရာရောက်နေသည်ဟု ယုံကြည်ထားကြသည်။

    လုပ်ငန်းစဉ်များ အထမြောက်ပါပြီဟု ကြွေးကြော်ကြသည့် ပင်တိုင်အလှူရှင်များ၏ အကျိုးစီးပွားအားဖြင့် တိုင်းပြည်သည် ကမ္ဘာ့နိုင်ငံများ၏အုပ်ချုပ်မှု စံနစ်ကောင်းအတွင်းသို့ ၀င်ရောက်စေနိုင်ပါမည်လော – ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများတိုးတက်လာမှု မတိုးမြှင့်ပဲနှင့် ထိုသို့ မဖြစ်လာနိုင်ပါသလော ဟူ၍ မေးမြန်းစရာ အချို့ ရှိနေပါသည်။

    ဦးစားပေးအပ်သည့်အချက်များ
    ———————————
    လှူဒါန်းမှု၏ဦးစားပေးအပ်သည့် အချက်များမှာ စီးပွားရေးဖွံ့ဖြိုးရေးအား အထောက်အကူပြုရန်၊ အုပ်ချုပ်ရေး ယန္တရားပြုပြင်ပြောင်းလဲမှုကို အားပေးရန် ဖြစ်သည်။ မြန်မာနိုင်ငံ၌ လူထုပါဝင်မှုအခန်းကဏ္ဍ အားနည်းလွန်းသဖြင့် အခရာ အသိစွမ်းရည်နှင့်စံနစ်များ တည်ဆောက်ရေးအပေါ် နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ စောင့်ကြည့်လျက်ရှိသည်။ စိန်ခေါ်ချက်မှာ ကြီးမားလှသည့်အတွက်ကြောင့် ဖြစ်ပေသည်။

    ယူကေရှိ နိုင်ငံတကာဖွံ့ဖြိုးရေးဌာန၏ အကူအညီဖြင့် မြန်မာနိုင်ငံအား ၂၅ နှစ်တာ စောင့်ကြည့် လေ့လာပြီးနောက် ပြည်သူ့ ဘဏ္ဍာ စီမံခန့်ခွဲရေးနှင့် ပတ်သက်ပြီး D သို့မဟုတ် D+ အနိမ့်ဆုံးအဆင့်ဝင်နေကြောင်း ကမ္ဘာ့ဘဏ်မှ ယခုနှစ် အစောအပိုင်းတွင် အမှန်အတိုင်း ထုတ်ပြန်ခဲ့သည်။ စံနှုန်း ၃၁ ချက်အနက် ၂၂ ချက်၌ ပြည်စုံလုံလောက်သော အချက်အလက်များ ရှာမတွေ့ခဲ့ကြောင်း ဆိုထားသည်။ ခြုံငုံသုံးသပ်ရလျှင် “ အဆင့်နိမ့် နည်းစဉ်များပေါ်သာ ပိုမိုအာရုံထားပြီး သုံးစွဲမှုနှင့်ရလဒ် သုတေသနများပေါ် အားနည်းလွန်းသော ဗဟိုထိန်းချုပ်မှု အမှားအယွင်းနှင့် အတူ ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှု အတွက် မဟာဗျူဟာ မူဝါဒ ကင်းမဲ့နေသည် ” ဟု တွေ့ကြရ၏။

    အလှူရှင်များသည် နေပြည်တော် လွှတ်တော်နှင့်၎င်း၏အဖွဲ့ဝင်အသီးသီးနှင့် တလွဲတချော်ဥပဒေပြုနေခြင်းကဏ္ဍ၊ အရည်အသွေး တိုးမြင့်ခြင်း ကဏ္ဍတို့၌ လက်တွဲ လုပ်ဆောင်နေရမည်ဖြစ်သည်။ ဤအချက်မှာ အလွန်အရေးပါလှပေသည်။

    သို့တိုင် ဥပဒေများတွင် ခိုင်မာမှုအားနည်းပြီး၊ အကျင့်ပျက်ခြစားမှုပြဿနာဖောင်းပွကာ ငွေကြေးစံနစ် ဆိုးဝါးလွန်းနေသောကြောင့် မေးမြန်း စရာများဖြစ်လာ၏။ အစိုးရထံမှ ကြီးမားသော တိုးတက်မှုနှင့်တစ်ကွ ဆီလျော်လျောက်ပတ်သော လွှတ်တော်တစ်ရပ်အား အလှူရှင်များမှ မျှော်လင့်နေခြင်းမှာ လက်တွေ့ကျပါ၏လော ? ထိုအရာထက် အုပ်ချုပ်ရေးစံနစ်ကောင်း ပို၍မလိုအပ်ပါသလော ? လူထုပါဝင်မှု ကဏ္ဍ နှင့် OGP  မှ ၄င်းတို့ အပေါ် သတ်မှတ်ချက်အပေါင်းမှာ မည်သို့ရှိမည်နည်း ?

    ငွေကြေးနှင့်အုပ်ချုပ်ရေးဆိုင်ရာ ပြန်လည်ပြုပြင်ပြောင်းလဲခြင်းတွင် လူ့အဖွဲ့အစည်း၏ နားလည်၊ စောင့်ကြည့်၊ တောင်းဆို၊ ပါဝင်နိုင်မှုစွမ်းရည်များအား တည်ဆောက်ရန် အလှူရှင်များမှ ဆောင်ရွက်မသွားအပ်ပါသလော ? ပြည်သူ့ဘဏ္ဍာသည် ပြည်သူ့လက်ထဲရှိနေခြင်းက အာမခံချက်အတွက် အကြွင်းမဲ့ရေရှည်တည်တံ့၍ထိရောက်သောနည်းလမ်းများအနက်တစ်ခု  အပါအ၀င် မဟုတ်ပါသလော ?

    ဤသို့ ပေယျာလကန်ပြုထားသည့် အချက်များသည် လူ့အဖွဲ့အစည်းအတွင်း ဆက်လက်တည်ရှိပျံ့နှံ့နေလျှင် ၊ ၄င်းတို့ကို အသိမပေး မချပြပါလျှင် တိုင်းပြည်နှင့်လူထု၏ကောင်းကျိုးဆိုးကျိုးကို သိနားလည်ရန် မြန်မာအစိုးရအဖို့ အခွင့်အရေး မရှိသလောက် ဖြစ်နေပေမည်။

    အခွင့်အလမ်းမှန်သမျှ လက်ဝါးကြီးအုပ်စိုးမိုးလိုသော ခရိုနီဝါဒ
    ————————————————————-
    ၁၉၉၁ ငြိမ်းချမ်းရေးစာချုပ်နိုးကြားမှုဖြင့် နိုင်ငံတကာအသိုင်းအ၀ိုင်းသည် နိုင်ငံထူထောင်ရေးနှင့်တွန်းအားပေးရေးအတွက် ကမ္ဘောဒီးယားသို့ အလုံးအရင်း လက်တွဲဝင်ရောက်ခဲ့ကြသည်။

    သို့သော် ပြန်ပြောင်းကြည့်ရှုသောအခါ ထောက်ပံ့ ကူညီမှုတို့သည် သာမန်ပြည်သူများနှင့်လူ့အသိုင်းအ၀ိုင်းများအပေါ် အပြောင်းအလဲနှင့်တာဝန်ဆိုင်ရာ စွမ်းရည် တည်ဆောက်ပေးရေးထက် နိုင်ငံရေးထိပ်သီးတို့၏ စည်းဝိုင်းအတွင်း ပျောက်ခြင်းမလှ ပျောက်ဆုံးသွားရသည်။

    သို့ဖြင့် ကမ္ဘောဒီးယားသည် အစိုးရ၏လက်ဝါးကြီးအုပ်မှု နှင့် အဆိုးရွားဆုံးခရိုနီဝါဒအတွင်း သက်ဆင်းသွားခဲ့သည်မှာ မထူးဆန်းတော့ချေ။

    လူထုပါဝင်မှုအတွေးအမြင်အား ပိုမိုမတိုးမြင့်မပေးအပ်နိုင်ပါက ကံမကောင်းအကြောင်းမလှစွာဖြင့် မြန်မာနိုင်ငံသည် အလားတူ လမ်းကြောင်းသို့ရောက်ရှိရန် အလားအလာ များပြားနေသည်။ ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံ အရေးနှင့် ပတ်သက်၍ အကူးအပြောင်းကာလ၌ အရပ်ဖက် လူ့အဖွဲ့အစည်းများ ပူးပေါင်းပါဝင်စေရေး ဟူသော ၄င်း၏ကိုယ်ပိုင် စည်းမျဉ်းအား ချိုးဖောက်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ တစ်ဒါဇင်ကျော်က အောက်တိုဘာလတွင် EU High Representative for Foreign Affairs သို့ အိတ်ဖွင့်ပေးစာ တစ်စောင် ရေးပိုခဲ့သည်ဟု Catherine Ashton က ဆိုသည်။ ၄င်းစာ၌ ထိုအဆိုပြုချက်များကို လက်ခံကြိုဆိုပါသော်လည်း လက်ရှိ၌မူ မည်သည့် အကောင်အထည်ဖော်ချက်မျှ မတွေ့ရပါဟု ဖော်ပြထား၏။

    DfID, USAID, SIDA နှင့် ဒေါ်လာသန်းချီမတည်ထားသော “Making All People’s Voices Count”  ကမ္ဘာ့အစီအစဉ်များမှ အကျိုးခံစားရသည့် အာဆီယံအုပ်စုများအနက် မြန်မာနိုင်ငံအား မထည့်သွင်းသေးပါ။

    ထိုအချက်အားရလိုလျှင် DfID နှင့် Open Society Foundations တို့၏ လိုလားချက်ဖြစ်သော မြန်မာနိုင်ငံ၏ဖြုတ်ထုတ်သတ် ယန္တရားအပေါ် ပြည်သူတို့၏စောင့်ကြည့်မှု၌  ကူညီ အားပေးရမည်ဖြစ်သည်။ ယင်းလုပ်ရပ်များကိုလည်း လက်ခံကြိုဆိုရမည်ဖြစ်သည်။ အလားတူစွာ လူထုရပ်ဝန်းအတွင်း တာဝန်ခံမှုဖြစ်ထွန်းရန်နှင့်တောင်းဆိုရန် လူ့အဖွဲ့အစည်း အရည်အသွေး တိုးမြင့်ပေးရေး၌ အလှူရှင်များအတွက်လည်း တန်းတူအရေးကြီးပါသည်။

    အကယ်၍ မြန်မာနိုင်ငံသားတစ်ဦးမှ ပြည်သူ့ဘဏ္ဍာအား မည်သို့ မြှင့်တင်မည်၊ စီမံလျာထားမည်၊ သုံးစွဲမည်၊ ထုတ်ပြန်မည်၊ စာရင်းအင်းစစ်ဆေးမည်ကို သိမြင်နားလည်လိုလျှင် ……….
    ပြည်သူ့ ဘဏ္ဍာငွေ မည်သို့ ရှာဖွေမည်၊ မည်သည့်နေရာမှ ရရှိမည်၊ ဤပြန်လည်ပြုပြင်ရေးအစိုးရလက်အောက်မှ မည်သည့် အာဏာဖြင့် အသုံးချမည်ကို သိမြင် နားလည်လိုသော ဆန္ဒရှိပါလျှင် ………..
    သူသည် မည်သည့်နေရာမှ ခြေလှမ်းစတင်ရပါမည်နည်း ?
    အကယ်၍ သူ သို့မဟုတ် သူမသည် ဘတ်ဂျက်လုပ်ငန်းစဉ်ကိုဖြစ်စေ၊ ဌာနဆိုင်ရာသုံးစွဲမှုကိုဖြစ်စေ နားလည်သိရှိရန်နှင့်စောင့်ကြည့်လေ့လာရန် ဆန္ဒရှိနေပါလျှင် မည်သည်ကို ပြုလုပ်ရပါမည်နည်း ?

    ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်သို့ နှစ်နှစ်ခွဲကျော်အထိ ရောက်ရှိလာသည့်တိုင်၊ အလှူရှင်များ ထောက်ပံ့ဆောင်ရွက်မှု ပေးနေသည့်တိုင် မည်သူမျှ မသိကြခြင်းမှာ ဆိုးရွားလှချေသည်။

    ဆောင်းပါးရှင် Alan Davis  ၏ ” Supporting democracy in Myanmar: Are donors doing enough?”  ဆောင်းပါးကို  သာကီထက်ကောင်း မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်။

  • အနောက်ဘက်ကမ်းရှိ ပါလက်စတိုင်းပိုင် အဆောက်အဦးများ ဖြိုချမှုနှင့် အစ္စရေးအား ကုလ ရှုတ်ချ

    ဒီဇင်ဘာ ၁၂ ၊ ၂၀၁၃
    M-Media

    Mideast Israel Palestinians
    အစ္စရေးက မတရားသိမ်းပိုက်ထားသည့် အနောက်ဘက်ကမ်းရှိ ပါလက်စတိုင်းမိသားစု ၃၀ အား မောင်းထုတ်ကာ ၎င်းတို့၏ နေအိမ်၊ အဆောက်အဦး၊ ပိုင်ဆိုင်မှုများကို ဖျက်ဆီးခြင်းနှင့် ပက်သက်၍ အစ္စရေးအား ကုလသမဂ္ဂမှ ရှုတ်ချပြောဆိုလိုက်သည်။
    ထိုကဲ့သို့ ဖြိုချဖျက်ဆီးခြင်းမှာ နှစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက်ဖြစ်သည်။

    “(အနောက်ဘက်ကမ်းရှိ) ဂျော်ဒန်တောင်ကြားမှာရှိတဲ့ ပါလက်စတိုင်းတွေရဲ့ အဆောက်အဦးတွေကို ဖျက်ဆီးတာနဲ့ပက်သက်ပြီး ကျွန်တော်စိုးရိမ်မိပါတယ်။ အဲဒီဖျက်ဆီးမှုက ကလေးငယ် ၂၄ ဦးပါအ၀င် လူ ၄၁ ဦးကို အိုးမဲ့အိမ်မဲ့ဖြစ်စေပြီး၊ နောက်ထပ် လူ ၂၀ ကိုလည်း အတိဒုက္ခရောက်စေခဲ့ပါတယ်။ ဒုက္ခသည်တွေရော၊ ဒုက္ခသည် မဟုတ်တဲ့ မိသားစုတွေရော ထိခိုက်တာပါ။ အချို့ မိသားစုတွေဟာ ဒီလထဲမှာပဲ ဒုတိယအကြိမ်မြောက် ပြောင်းရွှေ့ရပြန်ပါတယ်။ အစ္စရေးက ဖြို့ချလိုက်တဲ့အဆောက်အအုံတွေထဲမှာ အလှူရှင်တွေက ပေးလှူတဲ့ အဆောက်အအုံတွေလည်း ပါဝင်ပါတယ်” ဟု ယမန်နေ့က ကုလမှထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြီးအကဲ့ ဂျိမ်းစ် ရော်လေးက ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်တစ်ပါတ် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးကိစ္စများဆွေးနွေးရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ လာရောက်လည်ပတ်ချိန် မတိုင်ခင်စောစောပိုင်းကလည်း ပါလက်စတိုင်းများ၏ နေအိမ်အဆောက်အဦးများကို ဖြိုချ၊ ဖျက်ဆီးခြင်း မပြုရန် အန်ဂျီအို အဖွဲ့အစည်း ၃၆ ခုမှ အစ္စရေးအားတိုက်တွန်းခဲ့သေးသည်။

    ၁၈၉၇-ခုနှစ်က ဆွစ်ဇလန်နိုင်ငံ ဘရပ်ဆဲလ်တွင် ကျင်းပခဲ့သည့် ပထမအကြိမ် ဇီယွန် ကွန်ဂရက်အစည်းဝေးကတည်းက ပါလက်စတိုင်းအား သိမ်းပိုက်ရန် ဂျူးလူမျိုးများ ကစီစဉ်ခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်ပြီးနောက် အရှေ့ဥရောပရှိ ဂျူးလူမျိုးများမှာ ပါလက်စတိုင်းနယ်မြေသို့ တရားမ၀င်ရောက်နေထိုင်ခဲ့ကြပြီး အမေရိကန်နှင့် အနောက်နိုင်ငံအချို့၏အကူအညီဖြင့် ပါလက်စတိုင်းများကိုသတ်ဖြတ်ကာ၊ နယ်မြေများကို အပိုင်စီးပြီး ၁၉၄၈ ခုနှစ် မေလတွင် အစ္စရေးနိုင်ငံအဖြစ်ထူထောင်ခဲ့ကြသည်။ ထိုအချိန်မှစ၍ အစ္စရေးမှာ ယခုအချိန်အထိ နည်းမျိုးစုံဖြင့် ပါလက်စတိုင်းပိုင်နယ်မြေများကို သိမ်းပိုက်လျက်ရှိသည်။

  • “ နေပြည်တော် အာဏာပိုင်တွေ အဖျက်အမှောင့် လုပ်ငန်း လုပ်သလား ”

    စည်သူအောင်မြင့်
    ရန်ကုန်တိုင်းမ် သတင်းစာ၊ ၁၁-၁၂-၁၃။ စာ-၆။

    KIA news

    အံ့သြ တုန်လှုပ်ဖို့ကောင်းတဲ့ သတင်းတစ်ခု နေပြည်တော်ကောင်စီ နယ်မြေဘက်က ထွက်ပေါ်လာပါတယ်။ သတင်းမှာ ဖော်ပြထားတာက နေပြည်တော် မြို့မဈေး ဈေးတာဝန်ခံက တကယ့် လူမြင်ကွင်းကြီးမှာ ဗီနိုင်းအနီစ နဲ့ ကပ်ထားတဲ့ အသိပေးကြေငြာချက် ကပ်ထားတဲ့ ကိစ္စပါ။ အဲဒီ ကြေငြာချက်ထဲမှာ ဆီးဂိမ်းကာလ အဖျက်အမှောင့် လုပ်ငန်းတွေ လုပ်ကိုင်ဖို့ ကေအိုင်အေ ဌာနချုပ်ကနေ အကြမ်းဖက်သမား (၃) ယောက် စေလွှတ်လိုက်တယ်၊ သူတို့ရဲ့ ပုံပန်းသဏ္ဍာန် အချက်အလက်ဟာ ဘယ်သူတွေဖြစ်တယ်၊ အဲဒီ လူတွေကို တွေ့ရင် တာဝန်ရှိသူတွေကို အကြောင်းကြားပါ ဆိုတဲ့ အသိပေးစာ ဖြစ်ပါတယ်။ ဒီစာပါ ဖော်ပြချက်၊ နောက်ဆက်တွဲ သတင်းဌာနတွေရဲ့ ဖော်ပြချက်တွေကို ဆက်စပ်တွေးကြည့်ရင် အစိုးရ၊ စစ်တပ် အာဏာပိုင်တွေအားလုံး လုံခြုံရေး စီမံခန့်ခွဲရေး တင်းတင်းကြပ်ကြပ် လုပ်ကိုင်ဆောင်ရွက်နေတဲ့ နေပြည်တော်က အာဏာပိုင် တစ်ချို့ အဖျက်အမှောင့် လုပ်ငန်း လုပ်နေသလား ဆိုတာ သံသယ ဖြစ်ဖွယ် တွေ့လာရပါတယ်။ ဒီကနေ့ ဒီအကြောင်း ဆွေးနွေးတင်ပြပါ့မယ်။

    အသိပေးကြေငြာချက်ပါ ဖော်ပြချက်အရ ဆီးဂိမ်းကို အဖျက်အမှောင့်လုပ်ဖို့ ကေအိုင်အေက လွှတ်လိုက်တဲ့သူတွေဟာ ရန်ကုန်က အစ္စလာမ် ဘာသာရေး အစွန်းရောက်တွေနဲ့ ဆက်သွယ်ဆောင်ရွက်မယ်ဆိုတာ၊ ကေအိုင်အေက ဗိုလ်ကြီးအဆင့် ကရင် လူမျိုးတစ်ယောက်၊ ဒုအရာခံဗိုလ်အဆင့် ကရင်လူမျိုးတစ်ယောက်၊ တပ်ကြပ်အဆင့်ရှိတဲ့ ကချင်လူမျိုးတစ်ယောက် ပေါင်း အကြမ်းဖက်သမား (၃) ယောက်ဆိုပြီးလည်း ပါဝင်ပါတယ်။

    ပထမ တစ်ချက် စဉ်းစားဖို့ကတော့ အဲဒီ အသိပေးကြေငြာချက် ဖြစ်နိုင်မဖြစ်နိုင် ဆိုတာပါ။ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အချက် အများကြီးတွေ့ရပါတယ်။ ရန်ကုန်က အစ္စလာမ် အစွန်းရောက်တွေနဲ့ ဆက်သွယ် လုပ်မယ် ဆိုတဲ့ ကိစ္စ၊ ဆီးဂိမ်းကို ဖျက်မယ် ဆိုတဲ့ ကိစ္စ၊ ကေအိုင်အေ တပ်ထဲက ဗိုလ်ကြီးအဆင့်နဲ့ ဒုအရာခံဗိုလ်အဆင့် ကရင်လူမျိုးတွေ ကိစ္စ တစ်ခုမှ မဖြစ်နိုင်ပါဘူး။ ဒီလို မဖြစ်နိုင်ဘူး ဆိုတာကိုလည်း ကေအိုင်အို နည်းပညာ အဖွဲ့ တာဝန်ရှိသူ ဦးဒေါင်ခါးက ဆီးဂိမ်းကို ၀ိုင်းလုပ်ပေးဖို့ပဲ ရှိတယ်၊ ဖျက်ဖို့ မရှိဘူးလို့ ပြောဆိုထားပြီးဖြစ်တဲ့ အကြောင်း ရှင်းပါတယ်။ အလားတူ ကေအိုင်အို ပြောခွင့်ရ ဦးလနန်ကလည်း ကရင်၊ ဗမာတွေကို ကေအိုင်အေ မှာ ဗိုလ်ကြီးအဆင့် ပေးထားတာလည်း မရှိဘူး၊ အခု ကိစ္စဟာလည်း မဖြစ်နိုင်ဘူး၊ ဒါ တမင်သက်သက် သိက္ခာကျအောင် လုပ်တဲ့ ကိစ္စ ဆိုပြီး ရှင်းပါတယ်။

    ဒါဆိုရင် ဆက်ပြီးစဉ်းစားရမှာက ဒီ အသိပေးကြေငြာချက်ကို ဘယ်သူက ထုတ်တာလဲ၊ ဘယ်သူရဲ့ ညွှန်ကြားချက်နဲ့ ထုတ်တာလဲ ဆိုတာပါ။ နေပြည်တော်လို အာဏာပိုင်တွေအတွက် တကယ့် အရေးအကြီးဆုံး နေရာမျိုးမှာ တော်ရုံတန်ရုံလူရဲ့ ညွှန်ကြားချက်နဲ့ ဒီလို ညွှန်ကြားချက်မျိုး မထုတ်နိုင်ပါဘူး။ မထုတ်ရဲပါဘူး။ ဒီကိစ္စ သတင်းဌာန တွေက မေးမြန်း စူးစမ်းကြည့်တဲ့အခါ နေပြည်တော်ရဲချုပ်ရုံးက ဒုရဲမှူးချုပ်တစ်ယောက်က သူတို့နေ့စဉ် သတင်းဖလှယ်နေတယ်၊ အဲဒီ သတင်း အစီရင်ခံတာ မရှိဘူး။ သူကိုယ်တိုင် မြို့မဈေးကိုသွားတယ်၊ အဲဒီ ကြေငြာချက်ကို မတွေ့ရဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် သတင်းဌာနတွေက ရိုက်ပြတဲ့ ဓာတ်ပုံမှာတော့ နေပြည်တော် မြို့မဈေးရှေ့မှာ ထင်ထင်ရှားရှား ကပ်ထားတာ တွေ့မြင်ရပါတယ်။ နောက် ဘောဂသီရိ အဝေးပြေးကွင်းနဲ့ တော်ဝင်ကားဂိတ်နားမှာလည်း ကပ်ထားတဲ့အကြောင်း နေပြည်တော် မထသ အဝေးပြေး ဥက္ကဌ ဦးဝင်းဆွေက အတည်ပြုပါတယ်။ သူပြောတာနဲ့ ဒုရဲမှူးချုပ်ပြောတာကတော့ ကွဲလွဲနေပါတယ်။ အလားတူ သမ္မတ ပြောခွင့်ရ ဒုဝန်ကြီး ဦးရဲထွဋ်ကတော့ သူက အဲဒီ သတင်းမကြားရဘူး၊ အဲဒီသတင်း မဖြစ်နိုင်ဘူးလို့ ထင်မြင်တဲ့အကြောင်း ပြောတယ်လို့ ဆိုပါတယ်။

    တာဝန်ရှိသူ ဘယ်သူတွေမှ အတည်မပြုနိုင်ပေမယ့် ဒီ ကြေငြာချက်ရဲ့ အကျိုးသက်ရောက်မှုကတော့ ကြီးတာ သေခြာပါတယ်။ ကေအိုင်အေ ကချင်ပြည်လွတ်မြောက်ရေး တပ်မတော်ကို အကြမ်းဖက် အဖွဲ့အဖြစ်၊ ဆီးဂိမ်းကို ဖျက်ဆီးမယ့် အဖွဲ့အဖြစ် စွတ်စွဲထားတာမို့ လက်ရှိ တည်ဆောက်နေဆဲ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အလွန်ထိခိုက်စေပါတယ်။ ကေအိုင်အို ကေအိုင်အေ တင်မက ကချင်လူမျိုးတွေကိုယ်တိုင် ဗမာ အာဏာပိုင်တွေ အနေနဲ့ ဒီလို မဟုတ်မမှန် လုပ်ကြံစွတ်စွဲမှုတွေကို သိက္ခာမဲ့စွာ လုပ်တယ်ဆိုပြီး မုန်းတီးမှုတွေ၊ နာကျည်းမှုတွေ ဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။ (ခုကိုပဲ သတင်းမီဒီယာတွေနဲ့ လူမှုကွန်ယက်တွေမှာ ပျံ့နှံ့ခဲ့ပါပြီ။)

    ကြေငြာချက်မှာ ကေအိုင်အေ ကို အစ္စလာမ် အစွန်းရောက်တွေနဲ့ ဆက်စပ်ထားတဲ့အတွက် ဘာသာရေး မုန်းတီးမှုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ မခိုင်မာတဲ့ စွတ်စွဲချက်နဲ့ အာဏာပိုင်တွေကိုယ်တိုင် ဘာသာရေး မုန်းတီးမှု ပေါ်ပေါက်အောင် လုပ်တဲ့ အလွန် အန္တရယ်ကြီးတဲ့ ဆိုးရွားတဲ့ လုပ်ရပ်အဖြစ် ရှုမြင်နိုင်ပါတယ်။ ကြေငြာချက်ထဲမှာ ကေအိုင်အေက ဗိုလ်ကြီးအဆင့် ကရင် လူမျိုးဆိုပြီးလည်း ထည့်ထားလိုက်ပါသေးတယ်။ ဒါဟာလည်း ကရင်မုန်းတီးရေး ဖြစ်ပေါ်စေလာနိုင်တဲ့ အချက်ဖြစ်ပါတယ်။ ခြုံငုံပြောရရင် ဒီကြေငြာစာ ဖော်ပြချက်ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်စေတာ၊ လူမျိုးတစ်မျိုးနဲ့ တစ်မျိုး၊ ဘာသာတစ်ခုနဲ့ တစ်ခု မုန်းတီးမှု ပေါ်ပေါက်စေမယ့် ဖော်ပြချက်မျိုးပဲ ဖြစ်ပါတယ်။

    ဒီလိုကြေငြာချက်တွေ လမ်းဘေးမှာ စက္ကူနဲ့ ဝေတယ်ဆို ဒီလောက် ပြသနာ မရှိပါဘူး။ နေပြည်တော် အထင်ကရ ဈေးမှာ ဈေးတာဝန်ခံက ကြေငြာတာပါ။ ဒီအတွက် ဒီ ကြေငြာစာကပ်ဖို့ ဘယ်သူ ညွှန်ကြားသလဲ ဆိုတာ ဖော်ထုတ်ဖို့ အရေးကြီးပါတယ်။ ဒီ လုပ်ရပ်ထဲမှာ အာဏာပိုင်တွေထဲက ဘယ်အဆင့်လောက်အထိ ပါဝင်ပါတ်သက်နေမလဲ ဆိုတာ စုံစမ်းဖော်ထုတ်ဖို့ လိုပါတယ်။ တကယ်လို့သာ တာဝန်အရှိဆုံးဆိုတဲ့ ရဲချုပ်ရုံးက ပါဝင်ပါတ်သက်နေတယ် ဆိုရင်တော့ ငြိမ်းချမ်းရေးအတွက် အခြေအနေ မကောင်းပါဘူး၊ တိုင်းပြည်အတွက် အခြေအနေ မကောင်းပါဘူး။

    အခြားတစ်ဖက်မှာတော့ အာဏာပိုင်တွေဟာ ဒီကိစ္စကို ဖုံးဖုံးဖိဖိ ဖြေရှင်းမယ် ဆိုရင်လည်း တိုင်းပြည်နဲ့ ပြည်သူတွေအတွက် မကောင်းပါဘူး။ ဗမာအပါအ၀င် တိုင်းရင်းသားတွေအားလုံး၊ ဗုဒ္ဓဘာသာဝင်တွေ အပါအ၀င် အခြားဘာသာဝင်တွေ အားလုံး ထိပ်ပိုင်း အာဏာပိုင်တွေကိုယ်တိုင် အဖျက်အမှောင့်လုပ်ငန်း လုပ်နေကြတယ်လို့ မှတ်ယူသွားကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီ ကြေငြာစာကပ်ဖို့ ဘယ်အဖွဲ့အစည်းက ဘယ်အဆင့်ရှိသူက ဘာအချက်တွေအရ ညွှန်ကြားတယ် ဆိုတာ ဖော်ထုတ်ပြီး ပြည်သူတွေကို ပွင့်ပွင့်လင်းလင်း ရှင်းပြပါလို့ တောင်းဆိုလိုက်ရပါတယ်။

    စည်သူအောင်မြင့်။

    ဓါတ်ပုံ-7Days

    https://www.facebook.com/sithu.aungmyint/posts/226656444183830