News @ M-Media
Blog
  • လူငယ်များအတွက် ပြည်တွင်း၊ ပြည်ပ၊ ပညာရေးအခွင့်လမ်းနှင့် မိတ်ဆက်ပေးသည့် ဟောပြောပွဲကျင်းပ
    ဒီဇင်ဘာ ၁၃-၂၀၁၃
    M-Media
    သီရိ
    SAM_1511a
    ရန်ကုန်။            ။ တက္ကသိုလ်တက်ရောက်နေစဲ၊ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများ၊ IGCSE အောင်မြင်ပြီးသူသော ကျောင်းသားကျောင်းသူများ အတွက် သင့်တော်မှန်ကန်သော ဘွဲ့ကြို၊ ဘွဲ့လွန်ပညာရေး လမ်းကြောင်းများအား ရွေးချယ်နိုင်ရန် ဟောပြောပွဲတစ်ရပ်နှင့် ပညာရေး ပရိုဂရမ်တစ်ခု မိတ်ဆက်ခြင်းကို ဒီဇင်ဘာ ၁၃ ရက် နံနက် ၁၀ နာရီမှ နေ့လည် ၂ နာရီထိ Summit Parkview Hotel တွင် ကျင်းပပြုလုပ်ခဲ့ပြီး CROWN EDUCATION မှ တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။
    ထိုပရိုဂရမ်မှာ အမေရိကန်- မြန်မာပညာရေး ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဖြင့် မြန်မာနိုင်ငံတွင် ပထမဆုံးဖွင့်လှစ်သည့် သင်ကြားမှုဆိုင်ရာ နိုင်ငံတကာအဆင့်မီ American University Foundation Program (International) ပရိုဂရမ်ဖြစ်ပါသည်။
    အချိန်တစ်နှစ်ကြာမြင့်သင်ကြားရမှာဖြစ်ပြီး အမေရိကန်ပြည်ထောင်စု၊ သြစတြေးလျ၊ ကနေဒါ၊ စင်္ကာပူ၊ အင်္ဂလန် တက္ကသိုလ်များမှ Foundation အဖြစ်အသိမှတ်ပြုထားကြောင်းသိရသည်။ အဆိုပါတက္ကသိုလ်များတွင် Foundation တက်ရောက်ရန်မလိုတော့ဘဲ တက္ကသိုလ်ပထမနှစ်သို့ တက်ရောက်ရမည့် ပရိုဂရမ်ဖြစ်ကြောင်း သိရှိရပါသည်။
    ၎င်းပရိုဂရမ်သည် GCE’A’ အဆင့်နှင့်ညီမျှကာ SAT (Scholastic Assessment Test 1/2) ထပ်မံပြင်ဆင်ရန် မလိုအပ်ဘဲ ထူးချွန်သော ကျောင်းသား၊ ကျောင်းသူများကို အမေရိကန်နှင့် အင်္ဂလန် တက္ကသိုလ်များသို့ ပညာသင်ဆု ဆက်လက်လျှောက်ပေးမည် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် တက်ရောက်နေစဉ်အတွင်း အထူးပြုဘာသာရပ်များကို ရွေးချယ်ရန်မလိုအပ်သေးဘဲ ပရိုဂရမ်ပြီးဆုံးချိန်တွင် မိမိတို့နှင့်သင့်လျော်မည့် ဘာသာရပ်များကို ရွေးချယ်နိုင်ရန် ပြည်တွင်း ပြည်ပ မှ ဆရာ၊ ဆရာမများက လေ့ကျင့်သင်ကြားပေးမည်ကြောင်း အခမ်းအနားမှာ တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့သည်။
    ၎င်းပရိုဂရမ်ပြီးဆုံးပါက အမေရိကန်၊ အင်္ဂလန်၊ စကာၤပူ၊ ၾသစေၾတးလ် တက္ကသိုလ်များသို့ ကျောင်းဝင်ခွင့်လျှောက်ထားခြင်း၊ ဗီဇာကိစ္စ စီစဉ်ဆောင်ရွက်ပေးခြင်းများကို မည်သည့်ဝန်ဆောင်ခ၊ အခကြေးငွေမှ ပေးစရာမလိုဘဲ ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် ထူးချွန်သောကျောင်းသား၊ ကျောင်းသူများအတွက် ပညာသင်ဆု ရရှိနိုင်ရန်အတွက်ပါ ဆောင်ရွက်ပေးသွားမည် ဟုသိရသည်။
  • မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန် ဦးလေးဖြစ်သူအား ကွပ်မျက်
    ဒီဇင်ဘာ ၁၃၊ ၂၀၁၃
    M-Media
    article-2522859-1A115F5300000578-293_634x508
    – သီးခြားအာဏာထူထောင်မှု၊ ချစားမှု၊ မူးယစ်ဆေးဝါးသုံးစွဲမှု၊ မိန်းမလိုက်စားမှု စသည့် အမှုများဖြင့် ဖမ်းဆီးခဲ့ပြီးနောက် မြောက်ကိုရီးယားခါင်းဆောင် ကင်ဂျုံအွန်၏ ဦးလေးဖြစ်သူ ဂျန်ဆွန်ထက်အား နိုင်ငံတော် သစ္စာဖောက်ဟု အမည်တပ်ကာ ကွပ်မျက်လိုက်သည်ဟု ကိုရီးယား နိုင်ငံပိုင် ရုပ်သံဌာန KCNA က ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
    ဂျန်ဆွန်ထက်မှာ နိုင်ငံအတွင်း သြဇာအကြီးဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်ပြီး ကင်ဂျုံအွန်အား နောက်ကွယ်မှ ပံ့ပိုးပေးနေသူဟု လူအများက ထင်မြင်နေကြကာ ယခုလုပ်ရပ်ကြောင့် အံ့အားသင့်စရာဖြစ်ခဲ့သည်။
    ဂျန်ဆွန်ထက်မှာ ယခင်ခေါင်းဆောင်များဖြစ်ကြသည့် ကင်အီဆွန်၊ ကင်ဂျုံအီတို့လက်ထက်တွင်လည်း ခေါင်းဆောင်များ၏ အမိန့်များကို မနာခံခဲ့ကြောင်း၊ ယခုအချိန်တွင် နိုင်ငံတော်အား ပုန်ကန်ရန် ကြိုးစားနေကြောင်း KCNA သတင်းဌာနက ထည့်သွင်း ဖော်ပြခဲ့သည်။
    Ref: aljazeera
  • ယီမင်တွင် အမေရိကန်မှ ဒရုန်းဖြင့် တိုက်ခိုက်မှု အရပ်သား(၁၃) ဦးသေဆုံး
    ဒီဇင်ဘာ ၁၃၊ ၂၀၁၃
    M-Media
    article-drone-1212
    – ယီမင်နိုင်ငံတွင် အမေရိကန်မှ ယမန်နေ့က ပြုလုပ်ခဲ့သည့် ဒရုန်းလေယာဉ်ဖြင့်တိုက်ခိုက်မှုအတွင်း မင်္ဂလာဧည့်ခံပွဲသို့ သွားရောက်နေသည့် အရပ်သား ၁၃ ဦးသေဆုံးခဲ့သည်ဟု ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့သည်။
    ထိုတိုက်ခိုက်မှုမှာ နိုင်ငံအလယ်ပိုင်း အလ်-ဘိုင်ဒါ ပြည်နယ်ရှိ ကွိုင်ဖာ ရွာတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မင်္ဂလာဆောင်တစ်ခုအား အလ်ကိုင်းဒါးအဖွဲ့ဝင်များ အစည်းအဝေး လုပ်သည်ဟု ထင်မှတ်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အမေရိကန် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများက AP သတင်းဌာနသို့ပြောကြားခဲ့သည်။
    ယီမင်၊ အာဖဂန်၊ ပါကစ္စတန် စသည့်နိုင်ငံများတွင် အမေရိကန်မှ ပြုလုပ်နေသည့် ဒရုန်းလေယာဉ်များဖြင့် တိုက်ခိုက်မှုများမှာ အကြမ်းဖက်သမားများကို ရည်ရွယ်ပြုလုပ်သည်ဟု ဆိုသော်လည်း ထိခိုက်သေဆုံးသူအများစုမှာ အရပ်သားများဖြစ်ကြသည်။
    Ref:aljazeera
  • မြန်မာ့ ဆီးဂိမ်းမှ သယ်ယူပို့ဆောင်ရေး အခက်အခဲ
    ဒီဇင်ဘာ ၁၃၊ ၂၀၁၃
    M-Media
    မူရင်းဆောင်းပါးရှင်-Rajes Paul (The Star)
    fedc11d9-0943-4472-a76b-f6c8f9fa5e75_AP294173368025
    မြန်မာ့ဆီးဂိမ်းပွဲမှာ သယ်ယူပို့ဆောင်ရေး အခက်အခဲ ဖြစ်ပေါ်နေတယ်။ လမ်းအသီးသီးမှာ ပို့ဆောင်ရေး ဘတ်စ်ကားတွေ ရှိနေပေမယ့် အားကစား တာဝန်ရှိသူတွေ၊ မီဒီယာသမားတွေ၊ သက်ဆိုင်ရာ အဖွဲ့သားတွေ အတွက်သာ စီစဉ်ပေးထားတာပါ။
    နေပြည်တော်လမ်းများတစ်လျှောက် ဆိုင်ကယ်တက္ကစီပေါ် စီးနင်းနေရင်း ကျွန်တော့် မျက်နှာကို လေနုအေးလေး ဖြတ်သန်းတိုးဝှေ့သွားပါတယ်။
    ဖြစ်ကတတ်ဆန်း ပုဆိုးတိုတို ၀တ်ဆင်ထားတဲ့ ကျွန်တော့် ဒရိုင်ဗာက ကွမ်းတံတွေးနီနီကို ဗျစ်ကနဲထွေးချလိုက်ပါတယ်။ (သူတို့ အမျိုးသားတွေအတွက် ပုဆိုးတိုတိုဖြစ်ကတတ်ဆန်း ၀တ်ဆင်ခြင်း နဲ့ ကွမ်းဝါးခြင်းက ထူးခြားတဲ့ဓလေ့ မဟုတ်ပေဘူး)။
    လွန်ခဲ့တဲ့ ၂ ရက်ကတည်းက ဆီးဂိမ်းအမှီ ကျွန်တော် နေပြည်တော်ကို ရောက်လာခဲ့တယ်။ ကျွန်တော့် လုပ်ဖော်ကိုင်ဖက်နဲ့ တွေ့ဆုံဖို့ မျှော်လင့်ပြီး တစ်လမ်းဝင် တစ်လမ်း ထွက်သွားလာနိုင်တဲ့ ဆိုင်ကယ်ကို စီးနင်းနေရတာပါ။
    ကွာလာလမ်ပူမှာ ကားတွေ၊ ဘတ်စ်တွေ၊ ယာဉ်တန်းတွေ ပြည့်ကျပ်နေပေမယ့် ဒီနေပြည်တော်မှာတော့ ကျိုးတို့ကျဲတဲနဲ့ မရှိသလောက်ဖြစ်နေတယ်။ သယ်ယူ ပို့ဆောင်ရေးနဲ့ သွားလာရေး အတွက် စိန်ခေါ်မှု တစ်ရပ်လို ဖြစ်နေတော့တယ်။
    တစ်နေရာကနေ နောက်တစ်နေရာကို သွားလာဖို့ ခက်လှပါတယ်။ တည်ရှိတဲ့နေရာတွေက ဝေးကွာလွန်းလို့ပါပဲ။
    ပူထရာဂျာယာမြင်ကွင်းနဲ့နှိုင်းစာယင် လမ်းပေါ်မှာ ယာဉ်တွေ မရှိသလောက် ဖြစ်နေတယ်။
    ရံဖန်ရံခါမှာတော့ လမ်းမကြီးပေါ်မှာ သက်ရှိ သတ္တ၀ါဆိုလို့ ကျွန်တော်နဲ့ဒရိုင်ဗာ နှစ်ဦးတည်းပဲ ရှိနေတာကို တွေ့ရပါလိမ့်မယ်။
    အငှားယာဉ်တွေ၊ ကားတွေတော့ ရှိပါရဲ့။ ဒါပေမယ့် နည်းပါးလွန်းနေတယ်။ လူတွေကိုသယ်ပို့ပေးတဲ့ လော်ရီကားကြီးတွေလည်း ရှိကြပါတယ်။ ဒါပေမယ့် တိရစ္ဆာန်အုပ်ကြီးကို တင်ဆောင်သလိုဖြစ်နေတော့ ကျွန်တော့်အဖို့ အလွမ်းမသင့်နိုင်ပါဘူးဗျာ။
    ပုဂ္ဂလိကကားတွေလား၊ ငှားရမ်းလို့ ရတာပေါ့။ ဒါပေမယ့် တစ်ရက်ကို ငှားရမ်းခ ဒေါ်လာ ၂၅၀  ဆိုတော့ မေ့ထားလိုက်တာ ကောင်းပါတယ်။
    သွားလာရေးအတွက် ပြည့်စုံလုံလောက်စွာရှိစေမယ်လို့ အာမခံထားသော်လည်း ထောင်နဲ့ချီတဲ့ ဆီးဂိမ်းအားကစားသမားတွေ၊ တာဝန်ရှိသူတွေအတွက် ကြိုပို့ဘတ်စ်ကား အနည်းအကျဉ်းလောက်သာ စီစဉ်ထားတာ တွေ့ရတော့ ဘာပြောရမှန်းတောင် မသိတော့ဘူး။
    သူတို့တစ်တွေဟာ နာရီနဲ့ချီပြီး လိုရာခရီးဆီကို မနည်းအလျဉ်မီအောင် အချိန်လုသွားလာနေရတယ်လေ။
    ခမ်းနားလှတဲ့ ၀ဏ္ဏသိဒ္ဓိ ဧရာမ အားကစားရုံဝင်းကြီး အတွင်း လမ်းကြောင်း အသီးသီးအတွက် ကြိုပို့ဘတ်စ်ကားတွေကို ခပ်လှမ်းလှမ်းမှာ တွေ့ရတယ်။ ဒါပေမယ့် အနည်းငယ်မျှသာရှိတဲ့ အဲ့ဒီဘတ်စ်ကားတွေဟာ အားကစားတာဝန်ရှိသူတွေ၊ မီဒီယာတွေ နဲ့ သက်ဆိုင်ရာ အဖွဲ့သားတွေ အတွက်သာ ဖြစ်ပါသတဲ့။ ကြားရတာ နားဝ မချမ်းသာပါဘူး။
    အားကစားဝင်းထဲမှာ သာမန်ပြည်သူလူထု အတွက် သယ်ယူပို့ဆောင်ရေးကို ခွင့်ပြုချက် မပေးကြောင်း သိရတယ်။
    ဒါကြောင့် အချိန်သက်သာဖို့  လမ်းလျှောက်ခြင်းကိုပဲ အကောင်းဆုံးအဖြစ် အမြဲလိုလို ရွေးချယ်လိုက်ရတာပေါ့။
    မြန်မာလူထုတွေ၊ လုပ်အားပေးတွေက ဟိတ်ဟန်မရှိ အကူအညီပေးတတ်တာဖြစ်လို့ ကံကောင်းတယ်ဆိုရမှာပါ။ သူတို့က “မင်္ဂလာပါ” လို့ဆိုပြီး ဖော်ဖော်ရွေရွေ နှုတ်ဆက်ကြပါပေတယ်။
    မိမိသွားလိုရာကို မိုင်ပေါင်းများစွာဝေးနေသော်လည်း မရောက်ရောက်အောင် သွားမယ့်လူစားတွေကိုလည်း တွေ့ဖို့ မခဲယဉ်းလှပေဘူး။
    “ ကစားသမားတွေက တစ်ဦးနဲ့တစ်ဦး ကော်နဲ့ကပ်ထားတဲ့အလား ဖြစ်နေပါတယ်။ သူတို့ဟာ ဟိုဟိုဒီဒီ သွားလာဖို့ ယာဉ် မရှိဘူး။ လေ့ကျင့်မှုနဲ့ပြိုင်ပွဲ အပြီးမှာလည်း ဘယ်ကိုမှ သွားလို့မရဘူး။ ဒါဟာ အသင်းညီညွတ်ရေးနဲ့သွေးစည်းရေးကို တည်ဆောက်ဖို့အတွက် တကယ့်နေရာကောင်းကြီး တစ်ခုပါပဲဗျို့ ” ဆိုပြီး နည်းပြတစ်ဦးဖြစ်သူ  Rosman Razak က သယ်ယူပို့ဆောင်ရေးအခက်အခဲအပေါ် အရွှန်းဖောက်နေပါတော့တယ်။
    Photo-(AP Photo/Khin Maung Win)
  • အမေရိကန်၏ ဒုတိယကိုးကွယ်သူအများဆုံး သာသနာမှာ အစ္စလာမ်ဖြစ်သည်ဟု ၀ါရှင်တန်ပို့စ်ရေးသား
    M-Media
    ဒီဇင်ဘာ ၁၃၊ ၂၀၁၃
    islamခရစ်ယာန်သာသနာမှ ပြီးလျှင် အမေရိကန်ပြည်ထောင်စု၏ ဒုတိယကိုးကွယ်သူအများဆုံး သာသနာမှာ အစ္စလာမ်သာသနာဖြစ်ကြောင်း ၀ါရှင်တန်ပို့စ်သတင်းစာ ဖော်ပြသည်။ အစ္စလာမ် သာသနာ ကိုးကွယ်သူအများစုမှာ ပြည်နယ်ပေါင်း ၂၀ တွင် ပျံ့နှံ့နေပြီး ထိုပြည်နယ်များမှာ အမေရိကန်ပြည်ထောင်စု၏ အလယ်ပိုင်း (အနောက်ဘက်) နှင့် တောင်ပိုင်းတို့တွင် တည်ရှိနေကြောင်း သိရသည်။
    အမေရိကန်ပြည်ထောင်စုအနောက်ဘက်တွင်မူ ဗုဒ္ဓသာသနာက အကြီးမားဆုံးအဖြစ်နေရာယူထားပြီး ပြည်နယ်ပေါင်း ၁၃ ခု၌ ပျံ့နှံ့လျက်ရှိသည်။ ဂျူးသာသနာကမူ ပြည်နယ်ပေါင်း ၁၅ ခုတွင် ပျံ့နှံ့နေသည်။ ဟိန္ဒူသာသနာကမူ ဒီလာဝဲနှင့် အရီဇိုးနားပြည်နယ်နှစ်ခု၌ အများဆုံးနေရာယူထားပြီး ဘဟာအီသာသနာကမူ ကာရိုလိုင်းနားတောင်ဘက်တွင် အများဆုံးအဖြစ် နေရာယူထားသည်။
    နယူးယောက်ဒေးလီးသတင်းစာက ၂၀၁၂ ခုနှစ်၊ မေလ ၃ ရက်နေ့က သတင်းတစ်ရပ်တင်ပြခဲ့ရာ ယင်းတွင် အစ္စလာမ်သာသနာမှာ စက်တင်ဘာ ၁၁ အကြမ်းဖက်မှုနောက်ပိုင်း အမေရိကန်ပြည်ထောင်စုတွင် ကိုးကွယ်သူ နှစ်ဆမြင့်တက်ခဲ့ကြောင်း ဖော်ပြထားသည်။ နယူးယောက်ဒေးလီးသတင်းစာက 9/11 အရေးအခင်းနောက်ပိုင်း အစ္စလာမ်သာသနာက အမေရိကန် ပြည်ထောင်စုတွင် အလျင်မြန်ဆုံးပျံ့နှံ့ခဲ့သည့် သာသနာဖြစ်ကြောင်း၊ လွန်ခဲ့သည့် ၁၀ နှစ်အတွင်း ကိုးကွယ်သူပေါင်း ၆၇ ရာခိုင်နှုန်းထိမြင့်တက်ခဲ့ကြောင်း၊ 2010 U.S. Religion Census ကိုပင် အခြေခံကာ သတင်းတင်ပြခဲ့ခြင်းဖြစ်သည်။
    LargestNonChristian
    ကိုးကား –
    ၁) http://www.washingtonpost.com/blogs/govbeat/wp/2013/12/12/religion-in-americas-states-and-counties-in-6-maps/?tid=sm_fb
    ၂) http://www.nydailynews.com/news/national/number-muslims-u-s-doubles-9-11-article-1.1071895