News @ M-Media
Blog
  • Like သင်္ကေတကဲ့သို့ စာနာထောက်ထားသည့် သင်္ကတ facebook ထည့်သွင်းမည်
    ဒီဇင်ဘာ ၁၁၊ ၂၀၁၃
    M-Media
    n-FACEBOOK-SYMPATHIZE-BUTTON-large570
    ပုံမှန် စာရေးသားချက် (Status Update) တစ်ခုမှာပဲ စိတ်မကောင်းဖွယ် ခံစားချက် (negative emotion) တွေထည့်သွင်းတဲ့အခါ သဘောကျကြောင်း ဖော်ပြတဲ့ facebook Like Button ကို စာနာထောက်ထားကြောင်းဖော်ပြတဲ့ Sympathise Button အဖြစ် ပြောင်းလဲသွားအောင်ပြုလုပ်ပေးမှာဖြစ်ပါတယ်။
    နှစ်ခြိုက်သဘောကျတယ် ဆိုတဲ့ ရှိပြီးသား Like Button လိုပဲ စိတ်မကောင်းပါဘူးဆိုတဲ့ Sympathise Button ကို Facebook မှာ တွေ့ရတော့မှာ ဖြစ်ပါတယ်။
    Ref: BBC
  • ဒီဇင်ဘာ ၁၁ နိုင်ငံတကာသတင်း စုစည်းမှု
    ဒီဇင်ဘာ ၁၁၊၂၀၁၃
    M-Media
    ကွယ်လွန်သူ မင်ဒဲလားအတွက် ဆုတောင်းပွဲတက်နေစဉ်  နိုဘယ်ဆုရှင် ဘုန်းတော်ကြီး ဒက်စမွန်တူးတူး၏ နေအိမ် ဖောက်ထွင်းခံရ
    – ယမန်နေ့က ဂျိုဟန်နစ္စဘတ်နှင့် ပြုလုပ်ခဲ့သည့် ကွယ်လွန်သူ တောင်အာဖရိကန် သမ္မတဟောင်း နယ်လ်ဆင်မင်ဒဲလားအတွက် ဆုတောင်းပွဲသို့ သွားရောက်စဉ်အတွင်း နိုဘယ်ဆုရှင် ဘုန်းတော်ကြီး ဒက်စမွန်တူးတူး၏ နေအိမ်မှာ ဖောက်ထွင်းခံခဲ့ရသည်ဟု Daily Mail သတင်းစာက ယနေ့တွင် ဖော်ပြခဲ့သည်။
    အသားအရောင်ခွဲခြားမှုကိုဆန့်ကျင်သည့် ဘုန်တော်ကြီး တူးတူး၏ နေအိမ်မှာ ကိပ်တောင်းမြို့ ဆင်ခြေဖုံးတွင်ရှိပြီး ၃ လအတွင်း ၂ ကြိမ်မြောက် ဖောက်ထွင်း ခံရခြင်းလည်းဖြစ်သည်။
    Ref: RT
    article-0-1A02693A00000578-429_634x390
    ——————————-
    ၁၅၇ နှစ်သက်တမ်းရှိ  သြစတြေးလျရှိ Holden  ကားကုမ္ပဏီ ၂၀၁၇ မှာရပ်ဆိုင်းတော့မည်။
    – ၁၅၇ နှစ်သက်တမ်းရှိ ပြီဖြစ်သည့် သြစတြေးလျရှိ Holden  ကားကုမ္ပဏီမှာ လာမည့် ၂၀၁၇ ခုနှစ်တွင် ကားထုတ်လုပ်မှုများကို ရပ်ဆိုင်းတော့မည်ဟု ယနေ့တွင် ကြေညာလိုက်သည်။
    ထိုကဲ့သို့ ရပ်ဆိုင်းမှုမှာ မိခင်ကုမ္ပဏီဖြစ်သည့် အမေရိကမှ General Motors ကားကုမ္ပဏီမှ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး၊ ထုတ်လုပ်မှုစားရိတ်မြင့်မားခြင်း၊ ဒေသအတွင်းဈေးကွက်နည်းပါးခြင်းနှင့် ကမ္ဘာတစ်ဝှမ်းတွင် ကားထုတ်လုပ်သူများနှင့် ယှဉ်ပြိုင်ရမှုများကြောင့်ဖြစ်သည်ဟု Holden ကုမ္ပဏီ၏ စီအီးအိုဖြစ်သူ ဒန်အေကာဆန်က ပြောကြားခဲ့သည်။
    ထိုကဲ့သို့ ရပ်နားလိုက်ပါက အလုပ်အကိုင်ပေါင်း ၃၀၀၀ ခန့် ဆုံးရှုံးသွားမည်ဖြစ်သည်။
    Ref: ဆင်ဟွာ
    ——————————-
    ပါလီမန်ဖျက်သိမ်းသည့် ထိုင်းအစိုးရ ဆုံးဖြတ်ချက် နိုင်ငံတကာထောက်ခံဟု အိမ်စောင့်အစိုးရပြော
    – ပါလီမန်အားဖျက်သိမ်းပြီး ရွေးကောက်ပွဲအား လာမည့် ဖေဖော်ဝါရီလတွင်ပြုလုပ်မည်ဟု ထိုင်းအစိုးရအဖွဲ့ကကြေညာခဲ့ပြီးနောက် ထိုကဲ့သို့ကြေညာမှုအား နိုင်ငံတကာ အသိုင်းအ၀ိုင်းများက ထောက်ခံပြောကြားခဲ့သည်ဟု ထိုင်းအိမ်စောင့်အစိုးရ၏ ၀န်ကြီးချုပ်နှင့် နိုင်ငံခြားရေး ၀န်ကြီးတို့က ယနေ့တွင်ပြောကြားခဲ့သည်။
    ထိုကဲ့သို့ ထောက်ခံ အားပေးခဲ့ကြသည့်နိုင်ငံများမှာ အမေရိကန်၊ တရုတ်၊ ဂျာမနီနှင့် နယူးဇီလန်တို့ပါဝင်ခဲ့ကြပြီး၊ ထိုင်းအိမ်စောင့်အစိုးရအနေဖြင့် ဆန္ဒပြသူများနှင့် ဆွေးနွေးညှိနှိုင်းခြင်းအားဖြင့် ငြိမ်းချမ်းစွာ အဖြေရှာသွားမည်ဟု အိမ့်စောင့် အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ Surapong Tovichakchaikul က ပြောကြားခဲ့သည်။
    Ref: ဆင်ဟွာ
    ——————————-
    နျူကလီးယားလက်နက် စွန်လွှတ်ရန် သဘောတူချက် အီရန်အပေါ်သံသယရှိနေဟု ကန် နိုင်ငံခြားရေးဝန်ကြီးပြော
    – နျူးကလီးယားအစီစဉ်အား စွန့်လွှတ်ရန်အတွက် ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် နောက်ဆုံး သဘောတူညီမှုချက်ရရှိရန် အီရန်အနေဖြင့် အမှန်အကန်ပြင်ဆင်နေမည်လား ဆိုသည်နှင့် ပတ်သက်၍ သံသယများ မြင့်တက်လာသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ယမန်နေ့တွင်ပြောကြားခဲ့သော်လည်း အီရန်အပေါ် ပိတ်ဆို့မှုအသစ်များ မပြုလုပ်ရန် အမေရိကန် ဥပဒေပြုအမတ်များအား တိုက်တွန်းပြောကြားခဲ့သည်။
    အီရန်နှင့် ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံတို့ နျူးကလီးယားကိစ္စဆိုင်ရာ ပဏာမ သဘောတူညီချက်ရရှိခဲ့ပြီးနောက် အစ္စရေးနှင့် အမေရိကန်ရှိ နိုင်ငံရေးသမားအချို့က အီရန်မှာ နျူးကလီးယားလုပ်ငန်းစဉ်အား အမှန်တစ်ကယ်စွန့်လွှတ်လိမ့်မည်မဟုတ်ဟု စွပ်စွဲခဲ့ကြပြီး၊ အီရန်ကမူ ထိုစွပ်စွဲချက်များအား ငြင်းဆိုခဲ့သည်။
    Ref: CNA
    …………………………..
    နိုင်ငံတကာလူ့အခွင့်အရေးနေ့တွင် ပြုလုပ်မည့် ဆန္ဒပြပွဲ ကျူးဘားတားမြစ်၊ အမျိုးသမီး ၂၀ ကို ထိန်းသိမ်း
    – ယမန်နေ့က ကျရောက်ခဲ့သည့် နိုင်ငံတကာလူ့အခွင့်အရေးနေ့တွင် ပြုလုပ်မည့် ဆန္ဒပြပွဲအား ကျူးဘားစိုးရက တားမြစ်ခဲ့ပြီး ထိုဆန္ဒပြပွဲတွင် ပါဝင်မည့် အမျိုးသမီး ၂၀ ကိုလည်း ထိန်းသိမ်းလိုက်သည်ဟု သိရသည်။ အဆိုပါဆန္ဒပြပွဲအား မြို့တော်ဟာဗာနားရှိ အဓိကလမ်းမတစ်လျှောက် ပြုလုပ်ရန်စီစဉ်ထားခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များက တားမြစ်ခဲ့ကာ ထိုပွဲတွင်ပါဝင်မည့်သူများကိုလည်း ကားများ၊ ခရီးသည်တင် ဘတ်စ်ကားများဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြသည်။ ကျူးဘားနိုင်ငံ၏ ဥပဒေအရ မည်သည့်ဆန္ဒပြမှုကိုမဆို တားမြစ်ထားသည်ဟု နိုင်ငံတကာ လူ့အခွင့်ရေးအဖွဲ့များက ပြောကြားခဲ့သည်။
    Ref: aljazeera
    ………………………………..
    တရုတ်နိုင်ငံ ရှန်ဇန်မြို့မှ ဈေးမီးလောင်မှု လူ ၁၅ ဦးသေဆုံး
    – တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒေါင်ပြည်နယ် ရှန်ဇန်မြို့ရှိ လယ်ယာထွက် အစားအသောက်များရောင်းချသည့် ဈေးတစ်ခုတွင် ယနေ့နံနက်စောစောပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၅ ဦးသေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု အာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့သည်။ မီးလောင်သည့် အကြောင်းအရင်းကိုမူ စုံစမ်းစစ်ဆေးလျက်ရှိပြီး၊ မီးသတ်ယာဉ် ၂၉ စီးနှင့် မီးသတ်သမား ၁၄၅ ဦးတို့က အဆိုပါ မီးလောင်ကျွမ်းမှုအား ၁ နာရီခွဲကြာ ငြိမ်းသက်ခဲ့ရကာ၊ ကယ်ဆယ်ရေးလုပ်သားများက ရှာဖွေမှုများပြုလုပ်နေသည်ဟု သိရသည်။
    Ref: CNA
    ………………………………..
    ဆေးခြောက် တရားဝင်ထုတ်လုပ်ရောင်းချခွင် ဥရုဂွေ ဆီးနတ်လွှတ်တော် အတည်ပြု
    – နိုင်ငံအတွင်း ဆေးခြောက် ထုတ်လုပ်ရောင်းဝယ်မှုများကို တရားဝင်ဖြစ်စေသည့် ဥပဒေတစ်ခုကို ဥရုဂွေး ဆီးနိတ်လွှတ်တော်မှ ယမန်နေ့က အတည်ပြုခဲ့ပြီးနောက် ဥရုဂွေးနိုင်ငံမှာ ဆေးခြောက်ထုတ်လုပ် ရောင်းချမှုအား တရားဝင်ခွင့်ပြုခဲ့သည့် ကမ္ဘာ့ပထမဆုံး နိုင်ငံဖြစ်လာခဲ့သည်။ ထိုကိစ္စအား ဆီးနိတ်လွှတ်တော်တွင် အခြေအတင်ဆွေးနွေးခဲ့ရပြီး ဥပဒေပြုအမတ် ၂၉ ဦးမှ လက်ဝဲယိမ်းအမတ် ၁၆ ဦးက ထောက်ခံမဲပေးခဲ့ပြီးနောက် အတည်ပြုခဲ့ခြင်းဖြစ်ကာ သမ္မတ ဂျိုဆေး မူဂျီကာ လက်မှတ်ထိုးရန်သာ ကျန်ရှိတော့သည်။ ထိုကဲ့သို့ ဥပဒေအတည်ပြုပြီးနောက် ဆေးခြောက်သုံးစွဲသူ ရာပေါင်းများစွာက လွှတ်တော်အရှေ့တွင် မီးရှူး မီးပမ်းများ ပစ်ဖောက်ကာ အောင်ပွဲခံခဲ့ကြသည်။
  • ဒီဇင်ဘာ ၁၁ အားကစားသတင်းများ
    ဒီဇင်ဘာ ၁၁၊ ၂၀၁၃
    M-Media
    349350_heroa
    – ၂ ဂိုးပြတ်ဖြင့် ဦးဆောင်နေခဲ့သော်လည်း ၃ ဂိုးပြန်လည်ပေးခဲ့ရကာ အိမ်ကွင်းတွင် မန်စီးတီးအသင်းကို အရှုံးပေးခဲ့ရခြင်းမှာ အသင်းအတွက် အရေးပါသော သင်ခန်းစာဖြစ်သည်ဟု ဘိုင်ယန်မြူးနစ် အသင်း၏ နည်းပြ ဂွာဒီယိုလာက ပြောကြားခဲ့သည်။ ပထမအကျော့ အီတီဟတ်တွင် အနိုင်ကစားနိုင်ခဲ့သည့် ဘိုင်ယန်မှာ ထိုပွဲတွင် ပွဲအစ ၁၂ မိနစ်အချိန်မှာတွင်ပင် ၂ ဂိုးပြတ်ဖြင့်ဦးဆောင်နေခဲ့ပြီး အနိုင်ဂိုးများကို မထိန်းနိုင်ခဲ့ဘဲ အရှုံးပေးခဲ့ရခြင်းဖြစ်သည်။
    ………………………………..
    – ချန်ပီယံလိဂ် အုပ်စုအဆင့်တွင် ၉ ဂိုးအထိသွင်းယူခဲ့ပြီး စံချိန်သစ်တင်ခဲ့ခြင်းမှာ အလွန်ထူးခြားသောအရာဖြစ်သည်ဟု ရီးယဲလ် တိုက်စစ်မှူး ရော်နယ်ဒိုက ပြောကြားခဲ့သော်လည်း ယခုကစားသည့် ပုံစံမှာ အကောင်းပုံစံ မဟုတ်သေးဟု ပြိုင်ဘက်များအား သတိပေးခဲ့သည်။ ဒဏ်ရာကြောင့် အနားယူနေရာမှာ ပြန်လည် ပါဝင်လာသည့် ရော်နယ်ဒိုမှာ ယနေ့နံနက်က ကစားခဲ့သည့် ကိုပင်ဟေဂင်အား ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သောပွဲတွင် အသင်းအတွက် ၁ ဂိုးသွင်းယူပေးခဲ့ပြီး ချန်ပီယံလိဂ် အုပ်စုအဆင့်တွင် သွင်းယူခဲ့သည့် ၉ ဂိုးမြောက်ဂိုးလည်းဖြစ်ခဲ့သည်။ ထိုပွဲတွင် ပင်နယ်တီတစ်လုံးလွဲချော်ခဲ့သော်လည်း ရော်နယ်ဒို၏ ကစားပုံနှင့်ပက်သက်၍ နည်းပြ အန်ဆယ်လော့တီက ချီးကျူးပြောဆိုခဲ့သည်။
    ………………………………
    – ရှက်တာဒိုးနက်နှင့် ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲ ပထမပိုင်းအပြီးတွင် ကစားသမားများအား ပြင်းထန်သောဝေဖန်မှုများပြုလုပ်ခဲ့သည်ဟု မန်ယူအသင်း နည်းပြ ဒေးဗစ်မိုယက်စ်က ပြောကြားခဲ့သည်။ ထိုကဲ့သို့ ဝေဖန်မှုမှာ ထိရောက်ခဲ့ပြီး ဖီလ်းဂျုံးက အသင်းအတွက် အနိုင်ဂိုး သွင်းယူပေးနိုင်ခဲ့သောကြောင့် မန်ယူမှာ အုပ်စုဗိုလ်အဖြစ် နောက်တစ်ဆင့်သို့ တက်ရောက်သွားခဲ့ပြီး ရှုံးထွက်အဆင့်တွင် ရီးယဲလ်၊ ဘိုင်ယန်၊ ပီအက်စ်ဂျီ၊ အက်သလက်တီကို အသင်းတို့အား ရှောင်ရှားနိုင်မည်ဖြစ်သည်။
    ……………………………………..
    – အာဆင်နယ်အသင်း၏ အလှည့်ကျကစားသည့်စနစ်နှင့်ပက်သက်၍ အဆင်ပြေသော်လည်း အရန်ခုံတွင် ထိုင်နေရခြင်းကို စိတ်ပျက်မိကြောင်း တိုက်စစ်မှူး ဂျရူးက ၀န်ခံပြောကြားခဲ့သည်။ ဂျရူးမှာ ပရီးမီးယားလိဂ် ၁၄ ပွဲကစားပြီး ၇ ဂိုးသွင်းယူထားခဲ့ကာ ဟာလ်စီးတီးအသင်းအား ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင် လူစားဝင်ကစားသမားအဖြစ် ကစားခဲ့ရသည်။ အာဆင်နယ်တွင် တိုက်စစ်မှူး စစ်စစ်အဖြစ် ဂျရူးတစ်ဦးတည်းသာရှိနေပြီး အာဆင်ဝင်းဂါးအနေဖြင့် လာမည့် ဇန်န၀ါရီအပြောင်းအရွှေ့တွင် တိုက်စစ်မှူးတစ်ဦးခေါ်ယူရတော့မည်ဖြစ်သည်။
    …………………………………….
    – ယခုနောက်ပိုင်းကြုံတွေ့နေရသည့် ရလဒ်ဆိုးများကြောင့် မီဒီယာများက အသင်းအား ဝေဖန်နေကြသော်လည်း အသင်းအနေဖြင့် ယုံကြည်မှုအပြည့်အ၀ရှိကြောင်း ဘာစီလိုနာအသင်း၏ အလယ်တန်းလူ ဆာဂျီယို ဘက်စ်ကတ်က ပြောကြားလိုက်သည်။ ဒဏ်ရာကြောင့် မက်ဆီမပါဝင်နိုင်သည့် ဘာကာအသင်းမှာ ချန်ပီယံလိဂ်တွင် အေဂျက်အသင်းနှင့် လာလီဂါတွင် ဘီလ်ဘာအိုတို့အားဆက်တိုက်ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းမှာ မက်ဆီအား အားထားလွန်းသည်ဟု ဝေဖန်မှုများရှိနေခဲ့သည်။
    …………………………………..
    – အသင်းရှိ နောက်ခံလူ အရှ်လေးကိုလ်းမှာ ဖရော်ရှင်နယ်ကစားသမားများ အတုယူစရာ ကစားသမားတစ်ဦးဖြစ်သည်ဟု ချယ်ဆီး နည်းပြ မော်ရင်ဟိုက ပြောကြားလိုက်ပြီး ကိုလ်းအား နှစ်ရှည်စာချုပ် သစ်ချုပ်ဆိုရန် မျှော်လင့်နေသည်ဟုသိရသည်။ အရှက်လေးကိုလ်းမှာ မော်ရင်ဟို ရောက်လာပြီးနောက်ပိုင်း အသင်းတွင်ပုံမှန်နေရာမဖြစ်နေပြီး၊ စာချုပ်သက်တမ်းမှာလည်း ယခုနှစ် ဘောလုံးရာသီ အကုန်တွင် ပြည့်မည်ဖြစ်သည်။
    ………………………………………
    – ဘိုင်ယန်မြူးနစ်အသင်း၏ ကွင်းလယ်လူဖြစ်သူ ဖရန့်ရီဘာရီမှာ ပြင်သစ်ဘောလုံးမဂ္ဂဇင်း France Football မှ မဲပေးရွေးချယ် ချီးမြှင့်သည့် တစ်နှစ်တာအတွက် အကောင်းဆုံးကစားသမားဆုအား အဲဗာတန်တိုက်စစ်မှူး ပေါဂ့်ဘာ ပီအက်စ်ဂျီ ကစားသမား ဘလေ့စ် မာတူအီဒီတို့ကိုကျော်ကာ ရရှိခဲ့သည်ဟု သိရသည်။ အသက် ၃၃ နှစ်အရွယ်ရှိ ရီဘာရီမှာ ၂၀၀၇ ခုနှစ်နှင့် ၂၀၀၈ ခုနှစ်များကလည်း ထိုဆုအားရရှိခဲ့ပြီး ယခုအခါ တတိယအကြိမ်ရရှိခဲ့ခြင်းဖြစ်ကာ ပြင်သစ်တိုက်စစ်မှူးဟောင်း ဟင်နရီနှင့်လည်း စံချိန်တူသွားပြီဖြစ်သည်။
    ………………………………………
    မန်ယူ၊ မန်စီးတီးတို့ အနိုင်ရခဲ့ပြီး အိုလံပီယာကော့စ်နှင့် လေဗာကူဆင်တို့ နောက်တစ်ဆင့်သို့ တက်ရောက်သွားခဲ့သည့် ချိန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲစဉ်များ
    ချန်ပီယံလိဂ် အုပ်စု A၊ B၊ C၊ D ၏ အုပ်စုနောက်ဆုံးပွဲစဉ်များကို ယနေ့နံနက်ပိုင်းက ကစားခဲ့ရာ မန်ယူအသင်းမှာ အိမ်ကွင်း၌ အနိုင်ကစားနိုင်ခဲ့ပြီး မန်စီးတီးအသင်းမှာလည်း အဝေးကွင်းတွင် အနိုင်ရခဲ့သည်။ အိုလံပီယာကော့စ်နှင့် လေဗာကူဆင် အသင်းတို့မှာ အိမ်ကွင်းတွင် ပြိုင်ဘက်အသင်းများကို အသီးသီးအနိုင်ရရှိခဲ့ပြီး နောက်တစ်ဆင့်သို့တက်ရောက်သွားခဲ့ကာ ဂျုဗင်တပ်စ်နှင့် ဂါလာတာစာရေးတို့ပွဲစဉ်မှာ ဆီးနှင်းများ ထူထပ်စွာကျဆင်းနေမှုကြောင့် ရပ်နားခဲ့ရပြီး ယနေ့ညတွင် ပြန်လည်ကစားမည်ဖြစ်သည်။
    အုပ်စု A
    မန်ယူ ၁-၀ ရှက်တာဒိုးနက်
    ဆိုစီဒက် ၀-၁ လေဗာကူဆင်
    လေးရက်အတွင်း အိမ်ကွင်း၌ ၂ ပွဲဆက်တိုက်ရှုံးနိမ့်ခဲ့သည့် မန်ယူအသင်းမှာယခုပွဲတွင် အိုးထရက်ဖို့ဒ်၌ ရှက်တာဒိုးနက်အသင်းအား အနိုင်ကစားနိုင်ခဲ့သည်။ ရှက်တာဒိုးနက်မှာ ယုခပွဲအနိုင်ရရှိလျှင် နောက်တစ်ဆင့်သို့တက်ရောက်မည့်အခွင့်အရေးရှိနေပြီး ဂိုသွင်းနိုင်မည့်အခွင့်အရေး ၃ ကြိမ်ထက်မနည်း ရခဲ့သော်လည်း ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်း မရှိပေ။ မန်ယူအသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို ဒုတိယပိုင်း ၆၇ မိနစ်တွင် ဖီလ်ဂျုန်းစ်က သွင်းယူပေးခဲ့သည်
    နောက်တစ်ဆင့်တက်ရေးအတွက် မျှော်လင့်ချက်ရေးရေးရှိနေသည့် လေဗာကူဆင်အသင်းမှာ အမှားအယွင်းမရှိဘဲအနိုင်ကစားနိုင်ခဲ့ပြီး ရှက်တာဒိုးနက်အသင်းမှာလည်း မန်ယူအသင်းကို ရှုံးနိမ့်သွားခဲ့သောကြောင့် လေဗာကူဆင်အသင်းမှာ နောက်တစ်ဆင့်သို့ တက်ရောက်သွားခဲ့ပြီဖြစ်သည်။ နောက်တစ်ဆင့်သို့တက်ရောစေမည့်အနိုင်ဂိုးအား ဒုတိယပိုင်းအစ ၄၉ မိနစ်တွင် အိုမာတိုပရက်က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
    ……………………….
    အုပ်စု B
    ကိုပင်ဟေဂင် ၀-၂ ရီးယဲလ်မက်ဒရစ်
    ဂါလာတာစာရေး ၀-၀ ဂျုဗင်တပ်စ် (ပွဲဖျက်ခဲ့ရ)
    အဝေးကွင်းတွင်ကစားခဲ့ရသော်လည်း ရီးယဲလ်တို့မှာ အသင်းငယ် ကိုပင်ဟေဂင်အသင်းအား တောက်လျှောက်ဖိကစားနိုင်ခဲ့ပြီး မိုဒရစ်နှင့် ရော်နယ်ဒိုတို့၏သွင်းဂိုးများဖြင့် အနိုင်ရရှိခဲ့သည်။ ယခုပွဲအနိုင်ကြောင့် ရီးယဲလ်တို့မှာ ချန်ပီယံလိဂ်ရှုံးပွဲမရှိကစားနိုင်ခဲ့ပြီး၊ ရော်နယ်ဒိုမှာလည်း ချန်ပီယံလိဂ် ၉ ဂိုးသွင်းယူနိုင်သည့် စံချိန်ရရှိခဲ့သည်။
    အစ္စတန်ဘူလ်တွင်ကစားခဲ့သည့် ဂါလာတာစာရေးနှင့် ဂျူဗင်တပ်စ်တို့ပွဲမှာ ပထမပိုင်းတစ်ဝက်ကျော်သာ ကစားခဲ့ရပြီး ဆီးနှင်းများ ထူထပ်စွာကျဆင်းမှုကြောင့် ပွဲကိုဖျက်သိမ်းခဲ့ရကာ ယနေ့ညတွင် ပြန်လည်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
    …………………………………
    အုပ်စု C
    ဘင်ဖီကာ ၂-၁ ပီအက်စ်ဂျီ
    အိုလံပီယာကော့စ် ၃-၁ အန်ဒါလက်ခ်ျ
    ဘင်ဖီကာအသင်းမှာ ယခုပွဲတွင်အနိုင်ရရှိအောင် ကစားနိုင်ခဲ့သော်လည်း ဂိုးကွာခြားချက်ကြောင့် နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်းမရှိခဲ့ပေ။ ပွဲမှာအကြိတ်အနယ်ရှိခဲ့ပြီး ဦးဆောင်ဂိုးအား ပီအက်စ်ဂျီအသင်းက ၃၇ မိနစ်တွင် ကာဗာနီ၏ သွင်းဂိုးဖြင့်ရရှိခဲ့သည်။ သို့သော်လည်း ဘင်ဖီကာအသင်းအတွက် ၄၅ မိနစ်တွင် လီမာက ပင်နယ်တီမှတစ်ဆင့်လည်းကောင်း၊  ၅၈ မိနစ်တွင် ဂိုတန်မှလည်းကောင်း ချေပဂိုးနှင့် အနိုင်ဂိုးများကို အသီးသီးသွင်းယူပေးခဲ့သည်။
    ပင်နယ်တီ ၂ လုံးအထိ လွဲချော်ခဲ့သော်လည်း ပြင်သစ်ကလပ် အိုလံပီယာကော့စ်အသင်းမှာ တိုက်စစ်မှူး ဆာဗီယိုလာ၏ သွင်းဂိုးများဖြင့် အနိုင်ရရှိခဲ့ကာ နောက်တစ်ဆင့်သို့ တက်ရောက်သွားခဲ့ပြီဖြစ်သည်။ ယခုပွဲတွင် အန်ဒါလက်ခ်ျအသင်းမှ ကစားသမားသုံးဦးအထိ အထုတ်ခံခဲ့ရသည်။ ပထမပိုင်း ၃၃ မိနစ်တွင် ဆာဗီယိုလာက အိမ်ရှင်အတွက် အဖွင့်ဂိုးကို လှပစွာသွင်းယူပေးခဲ့သည်။ သို့သော်လည်း ၆ မိနစ်အကြာတွင် အန်ဒါလက်ခ်ျတို့ ချေပဂိုးရရှိခဲ့ပြီး ကီဂျက်စတန်က သွင်းယူပေးခဲ့သည်။ ဒုတိယပိုင်း မိနစ် ၅၀ နှင့် ၇၂ မိနစ်တို့တွင် ဆာဗီယိုလာနှင့် ၀ီအစ်ဇ်တို့က ပင်နယ်တီအသီးသီးလွဲချော်ခဲ့ကြသည်။ သို့သော်လည် အိမ်ရှင်အသင်းအတွက် အနိုင်ဂိုးများကို ၅၈ မိနစ်တွင် ဆာဗီယိုလာကလည်းကောင်း၊ ဒုတိယပိုင်းနာကျင်အချိန်ပိုတွင် ပင်နယ်တီမှတစ်ဆင့် ဒိုမင်ဂက်ဇ်ကလည်းကောင်း သွင်းယူပေးခဲ့ပြီး အိုလံပီယာကော့စ်အား ၁၆ သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်စေခဲ့သည်။
    ………………………………
    အုပ်စု D
    ဘိုင်ယန် ၂-၃ မန်စီးတီး
    ပါဇန် ၂-၁ စီအက်စ်ကေအေ မော်စကို
    ပထမအကျော့ အီတီဟတ်တွင် အရှုံးပေးခဲ့ရသည့် မန်စီးတီးအသင်းမှာ ယခုပွဲတွင် ဘိုင်ယန်အား ရှုံးကြွေးဆပ်နိုင်ခဲ့သည်။ သို့သော်လည်းမူလာနှင့် ဂိုတက်ဇ်တို့၏ ပွဲအစ ၅ မိနစ်နှင့် ၁၂ မိနစ်တို့တွင် သွင်းယူခဲ့သောဂိုးဖြင့်  ဘိုင်ယန်ဦးဆောင်နေခဲ့ပြိး ၂၈ မိနစ်တွင် ဆေးလ်ဗားက မန်စီးတီးအတွက် ပထမချေပဂိုးသွင်းယူပေးခဲ့သည်။ ဒုတိယပိုင်း ၅၉ မိနစ်တွင် မန်စီးတီးတို့ ဒုတိယချေပဂိုးရရှိခဲ့ပြီး ကိုလာရော့ဗ်က ပင်နယ်တီမှတစ်ဆင့် သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ဘိုင်ယန်မြူးနစ်အသင်း၏ ချန်ပီယံလိဂ် ၁၀ ပွဲဆက်ရှုံးပွဲမရှိကစားနိုင်ခဲ့မှုအား အဆုံးသတ်သွားစေမည့် အနိုင်ဂိုးကို ၆၂ မိနစ်တွင် ကွင်းလယ်လူ မီလ်နာက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
    ပါဇန်အသင်းမှာ အိမ်ကွင်းတွင် ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ကစားနိုင်ခဲ့သောကြောင့် အုပ်စုတွင် တတိယနေရာရရှိကာ ယူရိုပါလိဂ်ဝင်ခွင့်အား သေချာစေခဲ့သည်။ ဒုတိယပိုင်း ၆၅ မိနစ်တွင် စီအက်စ်ကေအေမှ မူစာ၏သွင်းဂိုးဖြင့်ဦးဆောင်ခဲ့ပြီး၊ ၇၆ မိနစ်နှင့် မိနစ် ၉၀ တို့တွင်ကိုလာနှင့် ၀ဂ်နာတို့က ပါဇန်အတွက် ချေပဂိုးနှင့် အနိုင်ဂိုးများကိုသွင်းယူပေးခဲ့သည်။ ယခုပွဲတွင် စီက်စ်ကေအေအသင်းမှ ကစားသမား နှစ်ဦးအထိ အထုတ်ခံခဲ့ရသည်။
  • ကွယ်လွန်သူ မင်ဒဲလားအတွက် ဆုတောင်းပွဲများပြုလုပ်၊ ကမ္ဘာ့နိုင်ငံ (၉၀) မှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြ
    ဒီဇင်ဘာ ၁၁၊ ၂၀၁၃
    M-Media
    South Africa Mandela Memorial
    ပြီးခဲ့သည့် ကြာသာပတေးနေ့က ကွယ်လွန်သွားခဲ့သည့် တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင်မင်ဒဲလားအတွက် ဂျိုဟန်နစ္စဘတ်ရှိ ဘောလုံးကွင်းတွင်ပြုလုပ်ခဲ့သည့် ဆုတောင်းပွဲတွင် ကမ္ဘာ့နိုင်ငံ ၉၀ မှ နိုင်ငံ့ခေါင်းဆောင်များတက်ရောက်ဂါရ၀ပြုခဲ့ကြကာ မင်ဒဲလား သက်ရှိထင်ရှားရှိစဉ်က ဆောင်ရွက်ခဲ့သည့် အသားအရောင်ခွဲခြားမှုပပျောက်ရေး၊ အမျိုးသားရင်ကြားစေ့ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေးလုပ်ငန်းစဉ်များအား ပြန်ပြောင်း ပြောကြားခဲ့ကြသည်။
    ထိုပွဲသို့ တက်ရောက်လာခဲ့သည့် အမေရိကန်သမ္မတ ဘာရက်အိုဘားမားက မင်ဒဲလားမှာ ရုန်းကန်ခြင်း၊ ထက်မြက်ခြင်း၊ ဇွဲရှိခြင်းနှင့် ယုံကြည်ခြင်းတို့နှင့်အတူ သမိုင်းတွင် နေရာတစ်နေရာကို ရယူခဲ့ကြောင်း ပြောကြားခဲ့ပြီး၊ မဟတ္တမဂန္ဒီ၊ မာတင်လူသာကင်းနှင့် အေဗရာဟင်လင်ကွန်းတို့နှင့် နှိုင်းယှဉ်ပြောကြားခဲ့သည်။ ထို့ပြင်မင်ဒဲလားမှာ သမိုင်းတွင် ကြီးမားသောပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး နိုင်ငံအား တရားမျှတမှုဘက်သို့ ဆောင်ကျဉ်း ပေးနိုင်ခဲ့သည့် ခေါင်းဆောင်တစ်ဦးအဖြစ် သတ်မှတ်ဖော်ပြခဲ့သည်။
    ထို့ပြင် ၁၉၆၁ ခုနှစ်ကတည်းက အမေရိကန်နှင့် သံတမန်ဆက်ဆံရေးမရှိခဲ့သည့် ကျူးဘားနိုင်ငံ နှစ်(၅၀) ကျော်အုပ်စိုးခဲ့သူ သမ္မတဟောင်း ကက်စထရိုအား အိုဘားမားက လက်ဆွဲနှုတ်ဆက်ခဲ့သည်။
    Ref: aljazeera
  • တောင်ကြီးမြို့ ပေါက်ကွဲမှုဖြစ်ရပ်မှန်သတင်း၊ မီဒီယာအများစု ဖြစ်ရပ်မှန်ကို လွဲမှားစွာဖော်ပြကြ
    ဒီဇင်ဘာ ၁၁၊ ၂၀၁၃
    M-Media
    မိုးမြင့်မင်း
    တောင်ကြီးမြို့တွင်ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုဖြစ်ရပ်မှန်နှင့် တာဝန်ရှိသူများမှမေးမြန်း စစ်ဆေးဖော်ပြချက်များ တိကျစွာထွက်ပေါ်၊ မီဒီယာအများစု သတင်းဖြစ်ရပ်မှန်ကို လွဲမှားစွာဖော်ပြ
    (1) ကို ဂျွန် - 2013-12-11_10.12
    တောင်ကြီးမြို့တွင်ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုဖြစ်ရပ်မှန်နှင့် တာဝန်ရှိသူများမှမေးမြန်း စစ်ဆေး ဖော်ပြချက်များ တိကျစွာထွက်ပေါ်လာခဲ့ပါတယ်။
    တောင်ကြီးမြို့တွင်ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုဖြစ်ရပ်မှန်ဖြစ်စဉ်အား တာဝန်ရှိသူများမှ ထုတ်ပြန် ပြောကြား ဖော်ပြရာတွင် တောင်ကြီးမြို့၊ မြို့မရပ်၊ မြောက်ကျောင်း လမ်းနှင့် အုတ်ဖိုလမ်းဒေါင့် အမှတ်(၁၈၈)တွင် နေထိုင်သော ဦးမြင့်သိန်း(ခ)ဟာဂျီယူစွဖ်၏ နေအိမ်တွင်၂၀၁၃ခုနှစ်၊ ဒီဇင်ဘာလ (၈)ရက် ညပိုင်း (၁၀း၃၀) ၀န်းကျင်ခန့်အချိန်တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပါသည်။
    ထိုကဲ့သို့သော ပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ ၂၀၁၃ခုနှစ် ဒီဇင်ဘာလ (၁၀)ရက် နံနက်ပိုင်းတွင် တောင်ကြီးမြို့၊ စစ်စံထွန်းရပ်ကွက်ရှိ စစ်စံထွန်းဆေးရုံတွင် ဆေးကုသမှုခံယူလျှက်ရှိသော အခင်းဖြစ်ပွားရာပေါက်ကွဲမှုတွင်ပါဝင်ပြီး တစ်ဦးတည်းထိခိုက် ဒဏ်ရာရရှိခဲ့သူ ဦးမြင့်သိန်း(ခ)ဟာဂျီယူစွဖ်အား သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ၏ မေးမြန်းမှုများ စုံစမ်းစစ်ဆေးမှုများကို စ၀်စံထွန်းဆေးရုံ ဆေးကုသဆောင်အတွင်းတွင် ဦးမြင့်သိန်း(ခ)ဟာဂျီယူစွဖ်မှ ယခုကဲ့သို့ ဖြေကြားထွက်ဆိုခဲ့ရာတွင် “ ကျနော် ဦးမြင့်သိန်း ၊ အသက်(၄၈)နှစ် ၊ အဘ ဦးမောင်မောင်သည် တောင်ကြီးမြို့၊ မြို့မရပ်၊ မြောက်ကျောင်းလမ်းနှင့် အုတ်ဖို လမ်းဒေါင့် အမှတ်(၁၈၈)တွင် မိမိ၏ မိသားစု ဇနီး၊ သားသမီးများဖြင့် နေထိုင်လျှက်ရှိပြီး အမဲလိုင်စင်စီ(သားသတ်လုပ်ငန်း)ကို မြို့နယ်စည်ပင်သာယာမှ တရားဝင်ခွင့်ပြုချက်ဖြင့် လေလံရရှိကာ ကန်ထရိုက်စနစ်ဖြင့်ဆောင်ရွက်နေသူတစ်ဦးဖြစ်ကာ အမဲသားရောင်းချခြင်းအပြင် သားရေရောင်းဝယ်ခြင်း လုပ်ငန်းကိုလည်း လုပ်ဆောင်နေသူတစ်ဦးဖြစ်ပါသည်။
    ကျနော် ဦးမြင့်သိန်းသည် အမဲသားရောင်းချခြင်းများကို မြို့မဈေးအတွင်းတွင် ဆောင်ရွက်သကဲ့သို့၊ မိမိနေအိမ်တွင်လည်း လုပ်ကိုင်ဆောင်ရွက်နေပါသည်။ ထို့အပြင် ရှမ်းပြည်တောင်ပိုင်းအတွင်းရှိ ဒေသအချို့နှင့် မြို့နယ်၊ ကျေးရွာအသီးသီးတွင် သားရေ ရောင်းဝယ်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ကာ အသားခြောက်ပြုလုပ်ရောင်းချခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့ပါသည်။
    အသားခြောက်လုပ်ငန်းလုပ်ဆောင်ရန်အတွက် အများသူငါ မထိခိုက်စေသော စားသုံးရန်သင့်သော ယမ်းစိမ်းများလည်း အသုံးပြုရပါသည်။ ထို့အပြင် မိမိ၏ ပင်ကိုယ်ဝါသနာအရ ငါးမျှား ငါးဖမ်းခြင်းဓလေ့ကို မကြာခဏ ဆောင်ရွက်လေ့ရှိသလို၊ မိမိဝါသနာအရ ငါးမျှား ငါဖမ်းခြင်းကို မကြာခဏ
    ရပ်စောက်မြို့နယ်ရှိ မကျီးပင်ဆည်၊  ဇော်ဂျီဆည်၊ နမ့်ခုတ်မြို့နယ်ရှိ ဟန်လွဲဆည်၊ ကက္ကူမြို့နယ်ရှိ ပုန်းအင်းဆည်များတွင် မကြာ မကြာ ညအိပ်ညနေ ငါးဖမ်း ငါးမျှားသွားလေ့ရှိပြီး၊ လွန်ခဲ့သော နှစ်လကျော် သုံးလ၀န်းကျင်တွင် ရပ်စောက်မြို့အနီး ဇော်ဂျီဆည်တွင် ငါးလာဖမ်းသော အခြားဝါသနာတူ ငါးဖမ်းသူ မိတ်ဆွေအချို့မှ ငါးဖမ်းမိုင်းများကို အသုံးပြုခဲ့ကာ ငါးများစွာဖမ်းဆည်းရမိသည့်အတွက် ထိုသူများ အသုံးပြုခဲ့သော ငါးဖမ်းမိုင်းအကြောင်း စပ်စု မေးမြန်းမိခဲ့ရာမှ ငါးဖမ်းမိုင်းအကြောင်း သိရှိကာ ပိုမိုစိတ်ဝင်စားမိခဲ့ပါသည်။
    ရှမ်းပြည်နယ်အတွင်းရှိ၊ အင်းအိုင် ချောင်းများတွင် ငါးဖမ်းသူများအနေဖြင့် ငါးဖမ်းခြင်းအတွက် ဘက်ထရီအိုးနှင့် လျှပ်စစ်ဓါတ်အား အသုံးပြုကာ ရှော့ခ်တိုက်၍ငါးများသေစေခြင်း နည်းလမ်များ ယခင်က အသုံးပြုခဲ့မှုရှိသလို၊ အခြားသူများသည်လည်း ငါးဖမ်းရန်ယမ်းပျော့မိုင်းအား
    မိမိတို့အားသန်ရာနည်း စနစ်အချို့ဖြင့် ပြုလုပ်သုံးစွဲနေမှုများရှိခဲ့သည်မှာ အများအသိပင်ဖြစ်ပါသည်။
    မိမိအနေဖြင့် ၀ါသနာအရ ငါးမျှား ငါးဖမ်းရာတွင် ငါးပိုမိုရရှိဖမ်းမိစေရန် ငါးဖမ်းမိုင်းပြုလုပ်ခြင်းကို တဆင့်မေးမြန်း လေ့လာပြင်ဆင်ခဲ့ကာ လိုအပ်သော ယမ်းစိမ်း ယမ်းပျော့ကို မိမိ၏ သားရေရာင်းဝယ်ခြင်းနှင့် အသားခြောက်လုပ်ငန်းတွင်အသုံးပြုသော ယမ်းစိမ်း ယမ်းပျော့ကိုသာအသုံးပြုခဲ့ပြီး အခြား ကန့်နှင့်လိုအပ် ပစ္စည်းများကို တောင်ကြီးမြိှု့၊ မြို့မဈေးရှိ ပါရဆေးအရောင်းဆိုင်အချို့တွင် အနည်းငယ်ဝယ်ယူကာ ငါးဖမ်းရာတွင် အသုံးပြုရန် ငါးဖမ်းမိုင်းကို မိမိကိုယ်တိုင် ၀ါသနာအရ ငါးဖမ်းမှုတွင် အသုံးပြုရန်သာ စီမံဆောင်ရွက်ခဲ့မိခြင်းဖြစ်ပါသည်။
    အခြား မည်သူ တစ်ဦးတယောက်ကိုမျှ ထိခိုက်နစ်နာစေလိုခြင်းမရှိဘဲ မည်သည့်အဖွဲ့အစည်းနှင့်မျှ ဆက်နွယ်ပတ်သက်မှုမရှိခဲ့ဘဲ အခြားမည်သည့်အဖွဲ့စည်း ပုဂ္ဂိုလ်များကိုမျှ ထိပါးစေရန်မရည်ရွယ်ခဲ့မိကြောင်းဝန်ခံပါသည်။ မိမိပြုလုပ်ထားခဲ့မိသော ငါးဖမ်းရန်ယမ်းပျော့မိုင်းတခုအား စမ်းသပ်နိုင်ရန် ( ၉.၁၂.၂၀၁၃)ရက်နေ့တွင် မိမိ သားရေ၀ယ်ရန် သွားရောက်မည့် ခရီးစဉ်အတွင်းရှိ ကက္ကူကျေးရွာအနီး အင်းအိုင်တခုတွင် စမ်းသပ်ရန်အလို့ဌာ မိမိပြုလုပ်ထားသော ယမ်းပျော့မိုင်းအား မိမိနေအိမ်အပေါ်ထပ်မှ ၂၀၁၃ခုနှစ်၊ ဒီဇင်ဘာလ (၈)ရက်ညပိုင်း (၁၀း၃၀)ခန့်တွင် နေအိမ်အောက်ထပ် မိမိအိမ်အနောက်ခြံဝန်းရှိ မိမိကားအတွင်းသို့ ထည့်သွင်းထားရန် ယူဆောင်လာစဉ် ၊ အိမ်အပေါ်ထပ်မှအဆင်း လှေကားခြေနှင်းအုတ်ခုံအနီးတွင် မတော်တဆ ခြေချော်ထိမိ၍ ငါးဖမ်းယမ်းပျော့ မိုင်းပြုတ် ကျသွားခဲ့ရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး၊ မိမိ၏ ဘယ်ဖက်ခြေထောက် ခြေကျင်းဝတ်ခန့်
    ပြင်းထန် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပါသည်။
    မိမိအနေဖြင့် ယခုကဲ့သို့ ငါးဖမ်းယမ်းပျော့မိုင်းအား စမ်းသပ်ပြုလုပ်ခဲ့မှုသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်နစ်နာစေလိုခြင်းမရှိခဲ့ပဲ၊ မိမိ ၀ါသနာအရ ငါးမျှား ငါးဖမ်းခြင်းတွင်သာ စမ်းသပ် အသုံးပြုနိုင်ရန်ရည်ရွယ်ခဲ့ကြောင်း “ အာဏာပိုင် အဖွဲ့အစည်းအသီးသီး၏ မေးမြန်း စစ်ဆေးစုံစမ်းမှုများကို အထက်ဖော်ပြပါ အကြောင်းအရာများအတိုင်း ဖြေကြားထွက်ဆိုခဲ့ပါသည်။
    အခင်းဖြစ်ပွားရာပေါက်ကွဲမှုတွင် ထိခိုက် ဒဏ်ရာရရှိခဲ့သူ ဦးမြင့်သိန်း(ခ)ဟာဂျီယူစွဖ်သည် တောင်ကြိးမြို့၊ မြို့မရပ်ကွက်အတွင်းရှိ အစ္စလာမ်ဘာသာရေးဝတ်ပြုကျောင်းတော်တစ်ခုဖြစ်သော မြို့လယ်ဗလီ၏ အုပ်ချုပ်မှုကော်မတီ( မြို့လယ်ဗလီဂေါပက ) အဖွဲ့ဝင် တစ်ဦးဖြစ်သလို
    မြို့လယ်ဗလီအုပ်ချုပ်မှု ကော်မတီ ဥက္ကဌအဖြစ် တာဝန်ရှိသူတစ်ဦးသာဖြစ်သော်လည်း၊ ဌင်းသည် မြို့လယ်ဗလီ၏ ရှေ့ဆောင် ဗလီဆရာ မော်လ၀ီဆပ် တစ်ဦးမဟုတ်သလို၊ တောင်ကြီးမြို့၏ မွတ်စလင်မ်ခေါင်းဆောင် ဘာသာရေးတာဝန်ခံတစ်ဦးလည်း လုံးဝမဟုတ်ကြောင်း ၄င်း၏ ပြောပြ
    ထွက်ဆိုချက်များအရ သိရှိရပါသည်။
    မိမိငါးဖမ်းသွားရာတွင် အခြားသူများ သုံးစွဲမှုကိုတွေ့ရှိခဲ့၍ နည်းစနစ်မေးမြန်းကာ ပြန်လည်လုပ်ဆောင် စမ်းသပ်မှုတစ်ခုသာဖြစ်မိကြောင်း ၄င်း၏၀န်ခံပြောကြား ထွက်ဆိုသွားချက်များကို သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၏ ပြန်လည်ပြောကြားချက်များအရ တိကျစွာသိရှိရပါသည်။
    အထက်ဖော်ပြပါ အကြောင်းအရာများနှင့်ပတ်သက်၍ မြို့လယ်ဗလီ ဥက္ကဌ ဦးမြင့်သိန်း(ခ)ဟာဂျီယူစွဖ်၏ နေအိမ်အတွင်းပေါက်ကွဲမှုဖြစ်စဉ်များအရ ၂၀၁၃ခုနှစ်၊ ဒီဇင်ဘာလ (၉)ရက် နံနက်ပိုင်း ၂း၃၀ ၀န်းကျင်ခန့်အချိန်တွင် တောင်ကြီးမြို့၊ မြို့မရပ်၊ မြောက်ကျောင်းလမ်းရှိ မြို့လယ်ဗလီအား
    သက်ဆိုင်ရာတာဝန်ရှိအဖွဲ့အစည်းအသီးသီးမှ ၀င်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းသိရှိရကာ၊ စုံစမ်းစစ်ဆေးမှုများအပြီးတွင် မြို့လယ်ဗလီ လုံခြုံရေးအတွက် တာဝန်ရှိသူ စောင့်ရှောက်သူများမှ ရန်သူမျိုးငါးပါး အန္တရာယ်ကာကွယ်ရန်ဆောင်ထားသော လောက်လေးခွနှင့်ဂေါ်လီများအနည်းငယ်တွေ့ရှိခဲ့သလို၊ မြို့လယ်ဗလီ ပစ္စည်းထိမ်းသိန်းမှုနှင့် ဌားရမ်းသောအခန်းတွင်းမှ သုဿာန်သန့်ရှင်းရေးတွင် အသုံးပြုလေ့ရှိသော ဓါးမတို၊ ဓါးမရှည်အချို့နှင့် သားကောင်စွန့်လှူမှု အိးဒ်ပွဲတော်အတွက် သားကောင်အလှူရှင်များအား
    ခေတ္တဌားရမ်းပေးရလေ့ရှိသော ဓါးရှည်အချို့အားတွေ့ရှိကာ သက်ဆိုင်ရာမှ တာဝန်ဝတ္တရားများအရ သိမ်းဆည်းသွားခဲ့ကြောင်းလည်းသိရှိရပါသည်။
    ဖြစ်ပွားခဲ့သော ဖြစ်စဉ်များအတွင်း သတင်းမီဒီယာသမားများ အချိန်မှီရောက်ရှိ သတင်းယူနိုင်မှုမရှိခဲ့ဘဲ အင်တာနက်စာမျက်နှာများတွင် သတင်းဓါတ်ပုံများပြန့်နှံမှုသည် မှတ်တမ်းရိုက်ကူးခွင့်ရရှိခဲ့သော သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများနှင့်သာသက်ဆိုင်ကြောင်း၊
    မလျှော် မမှန်မကန် သတင်းမှားများနှင့် မှတ်တမ်းဓါတ်ပုံဖော်ပြမှုများသည် သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၏ မမှန်ကန်သော လုပ်ရပ်များ၊ သတင်းမှားဖော်ပြမှုများသာဖြစ်နိုင်ကြောင်းကိုလည်း အခင်းဖြစ်ပွားရာအချိန်အတွင်းနှင့်
    စစ်ဆေးစုံစမ်းမှုများတွင်ပါဝင်လိုက်ပါခဲ့သော မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အဖွဲ့ဝင် တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့ပါသည်။
    ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်ရှိ အစ္စလာမ်ဘာသာရေး ဗလီဝတ်ကျောင်းတော်များနှင့် ပတ်သက်၍ သံသယဖြစ်ဖွယ် ကောလဟာလသတင်းမှားများ ပြန့်နှံ့နေခဲ့သည့်အတွက် ရှမ်းပြည်နယ် အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ တာဝန်ရှိလူကြီးမင်းများအနေဖြင့်၊ ယနေ့ ၂၀၁၃ခုနှစ်၊ ဒီဇင်ဘာလ (၁၀)ရက်နေ့တွင် တောင်ကြီးမြို့ပေါ်ရှိ အစ္စလာမ့်ဗလီဝတ်ကျောင်းတော်(၄)ခုနှင့် ဘာသာရေးစာသင်ကျောင်းတစ်ကျောင်းသို့ မိမိတို့ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၏ လုံခြုံရေးနှင့် စစ်ဆေးရေးအစီအစဉ်များအရ ဗလီဝတ်ကျောင်းတော်အသီးသီးတည်ရှိရာ ရပ်ကွက်များမှ
    ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံး အဖွဲ့ဝင်များ၊ နယ်မြေတာဝန်ခံများပါဝင်လျှက် သွားရောက်စစ်ဆေးခဲ့ကြောင်းသိရှိရပြီး၊ တောင်ကြီးမြို့ပေါ်ရှိ ဗလီဝတ်ကျောင်းတော်(၄)ခုအပြင် ဘာသာရေးစာသင်ကျောင်းတစ်ကျောင်းနှင့် ပတ်သက်၍ ပြန့်နှံ့နေသည့် သတင်းများမှာ ကောလဟာလ မခိုင်လုံသော
    သတင်းမှားများသာဖြစ်ကြောင်း၊ တောင်ကြီးမြို့ပေါ်ရှိ ဗလီဝတ်ကျောင်းတော်များနှင့် ပတ်သက်၍ မည်သူမဆို၊ မည်သည့်အဖွဲ့အစည်းမဆို မည်သည့်အချိန်တွင်မဆို ၀င်ရောက် လေ့လာ၊ စုံစမ်းစစ်ဆေးနိုင်ပါကြောင်း၊ ဘာသာလူမျိုးမခွဲခြားဘဲ လာရောက် လေ့လာ စုံစမ်းမှုများအတွက် ရှမ်းပြည်နယ်
    အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ ခင်မင်ရင်းနှီးစွာ ဖိတ်ခေါ်ကြိုဆိုလျှက်ရှိပါကြောင်းကိုလည်း သတင်းရရှိပါသည်။