News @ M-Media

Blog

  • မြန်မာ့အရေး အာဆီယံအထူးကိုယ်စားလှယ်အဖြစ် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဟောင်းကို ဘရူနိုင်း အဆိုပြုထား

    မြန်မာ့အရေး အာဆီယံအထူးကိုယ်စားလှယ်အဖြစ် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဟောင်းကို ဘရူနိုင်း အဆိုပြုထား

    ဧပြီ ၂၆၊ ၂၀၂၁
    M-Media

    အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟာဆန် ဝီရာဂျူဒါ

    -အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟာဆန် ဝီရာဂျူဒါကို ခန့်အပ်ဖို့ ဘရူးနိုင်းက စီစဉ်နေပါတယ်။

    ဘရူနိုင်းဟာ လက်ရှိ အာဆီယံ ဥက္ကဌပါ။ စနေနေ့ ဂျကာတာမှာလုပ်တဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေး ဖြေရှင်းဖို့အတွက် အချက် ၅ ချက်ကို အဖွဲ့ဝင်နိုင်ငံတွေက သဘောတူခဲ့ကြပါတယ်။

    အဲဒီ ၅ ချက်ထဲမှာ အာဆီယံအထူးကိုယ်စားလှယ်တစ်ဦး ခန့်အပ်ပြီး မြန်မာနိုင်ငံကို စေလွှတ်ကာ သက်ဆိုင်သူတွေနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာဖို့လည်း ပါဝင်ပါတယ်။

    ဟာဆန် ဝီရာဂျူဒါဟာ ၂၀၀၁ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူပါ။ ဘရူနိုင်းရဲ့ ဒီအဆိုပြုမှုကို အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးကို အကြောင်းကြားထားပါတယ်။

    စင်ကာပူနဲ့ ထိုင်းတို့ကလည်း မြန်မာ့အရေးအတွက် ကိုယ်စားလှယ်လောင်းခန့်အပ်ဖို့ အဆိုပြုထားသူတွေရှိတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

    ၂၀၁၇ ခုနှစ်ကစပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်တပ်ကလုပ်တဲ့ စစ်ဆင်ရေးတွေကြောင့် ရိုဟင်ဂျာအများအပြားသေဆုံးပြီး၊ လူသိန်းချီ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးရတဲ့ကိစ္စအတွက် ဟာဆန် ဝီရာဂျူဒါက ဝေဖန်ခဲ့ဖူးပါတယ်။

    Ref: Nikkei Asia

  • စစ်ကောင်စီဥက္ကဌနှင့် ကုလကိုယ်စားလှယ်တို့ ဂျကာတာတွင် တွေ့ဆုံခဲ့

    စစ်ကောင်စီဥက္ကဌနှင့် ကုလကိုယ်စားလှယ်တို့ ဂျကာတာတွင် တွေ့ဆုံခဲ့

    ဧပြီ ၂၆၊ ၂၀၂၁
    M-Media

    -အာဏာသိမ်း စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ခရစ္စတင်း ရှာရ်နာ ဘာဂီနာနဲ့ ဂျကာတာမှာ တွေ့ဆုံခဲ့တယ်လို့ အာဆီယံ သံအမတ်တွေက အတည်ပြုပါတယ်။

    စစ်ကောင်စီဥက္ကဌဟာ စနေနေ့ကပြုလုပ်တဲ့ အာဆီယံထိပ်သီးအစည်းအဝေးကို တက်ရောက်စဉ်မှာ ဘာဂီနာနဲ့ သီးခြားတွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

    တွေ့ဆုံစဉ်အတွင်း ဖေဖော်ဝါရီလ အာဏာသိမ်းမှုနဲ့ပတ်သက်လို့ စစ်ကောင်စီဥက္ကဌက ကာကွယ်ပြောဆိုခဲ့ပြီး နိုဝင်ဘာရွေးကောက်ပွဲမှာ မဲမသမာမှုတွေ အမြောက်အများရှိတယ်လို့ ဘာဂီနာကို ပြောကြာခဲ့ပါတယ်။

    ဘာဂီနာက မြန်မာနိုင်ငံကို လာရောက်ခွင့်ရဖို့ တောင်းဆိုခဲ့ပေမယ့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိတိကျကျ အဖြေမပေးခဲ့ဘူးလို့ ဆိုပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်ပြီး Nikkei Asia ရဲ့ မေးမြန်းမှုကို ဖြေကြားဖို့ ဘာဂီနာက ငြင်းဆန်ပါတယ်။

    ဘာဂီနာဟာ စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား နိုင်ငံခြားရေးဝန်ကြီးတွေနဲ့လည်း ဂျကာတာမှာတွေ့ဆုံခဲ့ပြီး နောက်ပိုင်းမှာ ထိုင်းနိုင်ငံကို ပြန်သွားခဲ့ပါတယ်။ သူမဟာ ထိုင်းနိုင်ငံမှာ ​ဆက်ရှိနေမှာဖြစ်ပြီး မြန်မာ့အရေး ဖြေရှင်းဖို့အတွက် လာမယ့်ရက်တွေမှာ ဆွေးနွေးမှုတွေ လုပ်ဖို့ ရှိနေပါတယ်။

    စစ်ကောင်စီဥက္ကဌ ဘာဂီနာနဲ့ တွေ့ဆုံခဲ့မှုအတွက် အားရကျေနပ်တယ်လို့ အာဆီယံတာဝန်ရှိသူတွေက ပြောပါတယ်။ အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ စစ်ကောင်စီဥက္ကဌကို ဖိတ်ကြားတာဟာ လူ ၇၀၀ ကျော်သတ်ထားတဲ့ အာဏာသိမ်းအစိုးရကို အသိအမှတ်ပြုသလိုမျိုး ဖြစ်နေတယ်ဆိုတဲ့ ဝေဖန်မှုတွေကိုလည်း အာဆီယံသံတမန်မတွေက ပယ်ချခဲ့ပါတယ်။

    Ref : Nikkei Asia

  • နစ်မြုပ်ရေငုပ်သင်္ဘောတွင် လိုက်ပါသွားသူများအားလုံး သေဆုံးခဲ့ပြီဟု အင်ဒိုနီးရှား ထုတ်ပြန်

    နစ်မြုပ်ရေငုပ်သင်္ဘောတွင် လိုက်ပါသွားသူများအားလုံး သေဆုံးခဲ့ပြီဟု အင်ဒိုနီးရှား ထုတ်ပြန်

    ဧပြီ ၂၅၊ ၂၀၂၁
    M-Media

    -နစ်မြုပ်သွားတဲ့ ရေငုပ်င်္ဘောပေါ်မှာ လိုက်ပါသွားသူ ၅၃ ဦးစလုံး သေဆုံးသွားခဲ့ပြီလို့ အင်ဒိုနီးရှား စစ်တပ်အကြီးအကဲ ဟာဒီ ဂျာဂျန်တိုက ဒီကနေ့ညနေပိုင်းမှာ အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။

    KRI Nanggala 402 လို့ အမည်ရတဲ့ ရေငုပ်သင်္ဘောဟာ ဘာလီကျွန်းရေပြင်မှာ ဗုဒ္ဓဟူးနေ့က တော်ပီဒိုပစ်ခတ်လေ့ကျင်ဖို့ ရေငုပ်သွားပြီးနောက် အဆက်အသွယ် ပြတ်တောက်သွားတာ ဖြစ်ပါတယ်။

    စနေနေ့မှာ ရေငုပ်သင်္ဘောက အစိတ်အပိုင်းတစ်ချို့ကို တွေ့ခဲ့ရပြီး နစ်မြုပ်သွားတာဖြစ်တယ်လို့ အင်ဒိုနီးရှား စစ်တပ်က အတည်ပြုခဲ့ပါတယ်။

    ဒီကနေ့မှာတော့ ကယ်ဆယ်ရေးအဖွဲ့ဟာ ရေအာက် မီတာ ၈၅၀ အကွာမှာရှိနေတဲ့ ရေငုပ်သင်္ဘောရဲ့ ပုံရိပ်တွေကို ရိုက်ယူနိုင်ခဲ့ပါတယ်။

    “KRI Nanggala 402 သင်္ဘော နစ်မြှုပ်သွားပြီး လိုက်ပါသွားသူအားလုံး သေဆုံးခဲ့ပြီဆိုတာ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေအရ ကျွန်တော်တို့ သိရပါတယ်။ ဒါကြောင့် KRI Nanggala 402 က သင်္ဘောသား ၅၃ ဦးစလုံး ကွယ်လွန်အနိစ္စ ရောက်သွားကြပြီလို့ စစ်တပ်အကြီးအကဲဖြစ်တဲ့ ကျွန်တော် ဝမ်းနည်းစွာနဲ့ ကြေငြာလိုက်ပါတယ်” လို့ ဟာဒီ ဂျာဂျန်တိုက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုကလည်း ​ဒီကနေ့မှာ ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ဒီဖြစ်ရပ်ဆိုးကြီးဟာ လိုက်ပါသွားသူတွေရဲ့ မိသားစုဝင်တွေကိုသာမကဘဲ အင်ဒိုနီးရှားတစ်နိုင်ငံလုံးကို တုန်လှုပ်စေခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    “အင်ဒိုနီးရှားပြည်သူအားလုံး မိသားစုဝင်တွေနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါတယ်။ သူတို့တွေဟာ အင်ဒိုနီးရှားရဲ့ သားကောင်းရတနာတွေ၊ တိုင်းချစ်ပြည်ချစ် ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်”

    Ref : CNA

  • လက်ဘနွန်က ပထမဆုံး ပြည်တွင်းဖြစ်လျှပ်စစ်ကားကို မိတ်ဆက်

    လက်ဘနွန်က ပထမဆုံး ပြည်တွင်းဖြစ်လျှပ်စစ်ကားကို မိတ်ဆက်

    ဧပြီ ၂၅၊ ၂၀၂၁
    M-Media

    -နိုင်ငံအတွင်းမှာ ပထမဆုံးထုတ်လုပ်တဲ့ လျှပ်စစ်ကားကို လက်ဘနွန်က ထုတ်ပြလိုက်ပါတယ်။

    Quds Rise လို့အမည်ပေးထားတဲ့ အဲဒီကား ထုတ်လုပ်ရေး စီမံကိန်းကို လက်ဘနွန်မှာမွေးဖွားတဲ့ ပါလက်စတိုင်း စီးပွးရေးသမား ဂျီဟတ် မိုဟာမက်က ဖော်ဆောင်တာပါ။

    မိုဟာမက်က ဒီကားကို အစကနေ အဆုံးအထိ ပြည်တွင်းမှာသာ ထုတ်လုပ်တာဖြစ်ပြီး လက်ဘနွန်ရဲ့ ပထမဆုံးကားထုတ်လုပ်မှုဖြစ်တယ်လို့ မနေ့က မိတ်ဆက်ပွဲအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

    ကားရဲ့စျေးနှုန်းက အမေရိကန်ဒေါ်လာ ၃ သောင်းဖြစ်ပါတယ်။ အခုနှစ်ကုန်ပိုင်းရောက်ရင် အစီးရေ တစ်သောင်းလောက် ထုတ်လုပ်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့ မိုဟာမက်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    မိုဟာမက်ရဲ့ EV Electra ကုမ္ပဏီကို လွန်ခဲ့တဲ့ ၄ နှစ်က စတင်တည်ထောင်တာဖြစ်ပြီး ပါလက်စတိုင်းနဲ့ လက်ဘနွန်ပြည်သူ ၃၀၀ လောက်ကို အလုပ်ပေးထားနိုင်ပါတယ်။

    သူရဲ့ ရေရှည်ရည်ရွယ်ချက်ဟာ လျှပ်စစ်ကားနဲ့ လောင်စာ-လျှပ်စစ် ဖက်စပ်ကားတွေကို နိုင်ငံတကာစျေးကွက်မှာ ယှဉ်ပြိုင်နိုင်ရေးဖြစ်တယ်လို့ မိုဟာမက်က ဆိုပါတယ်။

    EV Electra ကုမ္ပဏီဟာ ဒီကားကို အားသွင်းနိုင်ဖို့အတွက် လက်ဘနွန်နိုင်ငံတစ်ဝှမ်း အားသွင်းစင်တာ ၁၀၀ လောက်ကို တည်ဆောက်သွားဖို့လည်း စီစဉ်နေပါတယ်။

    Ref: Aljazeera

  • ကိုဗစ်ဒဏ်ခံနေရသည့် အိန္ဒိယကို အကူအညီပေးရန် ပါကစ္စတန် ကမ်းလှမ်း

    ကိုဗစ်ဒဏ်ခံနေရသည့် အိန္ဒိယကို အကူအညီပေးရန် ပါကစ္စတန် ကမ်းလှမ်း

    ဧပြီ ၂၅၊ ၂၀၂၁
    M-Media

    -ကိုဗစ်ဒဏ်ကို တစ်ကျော့ပြန် ခံနေရတဲ့ အိန္ဒိယနိုင်ငံအတွက် မရှိမဖြစ် ဆေးဘက်ဆိုင်ရာပစ္စည်းတွေကို ထောက်ပံ့ပေးဖို့ ပါကစ္စတန်နိုင်ငံက ကမ်းလှမ်းလိုက်ပါတယ်။

    အိန္ဒိယမှာ ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်စလို့ ကိုဗစ်လှိုင်း ထပ်ဖြစ်ခဲ့ပြီး နေ့စဉ် လူ သိန်းချီ ရောဂါကူးစက်နေကာ သေဆုံးသူတွေလည်း ထောင်ချီရှိနေတာပါ။ အိန္ဒိယနိုင်ငံတစ်ဝှမ်း ဆေးရုံဆေးခန်းတွေ၊ အောက်ဆီဂျင်အပါအဝင် ဆေးဘက်ဆိုင်ရာပစ္စည်းတွေ မလုံမလောက်ဖြစ်နေတာကိုလည်း ကြုံတွေ့နေရပါတယ်။

    ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ချက်မှာ အိန္ဒိယပြည်သူတွေနဲ့ တစ်သားတည်းရှိကြောင်း ပြသဖို့အတွက် ဒီလိုကမ်းလှမ်းတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    ထောက်ပံ့ပေးမယ့် ပစ္စည်းတွေထဲမှာ အသက်ရှုစက်တွေ၊ အောက်ဆီဂျင်နဲ့ ဆက်စက်ပစ္စည်းတွေ၊ ဒစ်ဂျစ်တယ် X-ray စက်တွေ၊ PPE နဲ့ ဆက်စပ်ကိရိယာတွေ ပါဝယ်ပါတယ်။

    ဒီပစ္စည်းတွေ အလျင်အမြန် ပို့ပေးနိုင်ရေး၊ ကပ်ရောဂါကြောင့် ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို လျော့ချနိုင်ရေးမှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် နှစ်ဖက်အာဏာပိုင်တွင် အတူနည်းလမ်းရှာ လုပ်ဆောင်နိုင်တယ်လို့လည်း ကြေငြာချက်က ဆိုပါတယ်။

    သောကြာနေ့ကလည်း ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက ကိုဗစ်ဒဏ်ခံစားနေရတဲ့ အိန္ဒိယပြည်သူတွေ အမြန်ဆုံး သက်သာပါစေကြောင်း Twitter ကနေတစ်ဆင့် ဆုမွန်ကောင်း တောင်းခဲ့ပါတယ်။

    ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ရှား မဟ်မူးဒ် ကိုရိုက်ရှီက လူသားချင်းစာနာထောက်ထားမှုကို ဦးစားပေးကာ ဒီလိုအကူအညီပေးဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး အိန္ဒိယအစိုးရရဲ့ တုန့်ပြန်မှုကို စောင့်ဆိုင်းနေတယ်လို့ ပြောကြားခဲ့ပါတယ်။

    အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ ရန်ဘက်နိုင်ငံတွေဖြစ်ပြီး ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ကက်ရှ်မီးယားဒေသအတွက် စစ်ဖြစ်ဖူးပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်ကစလို့ ဆက်ဆံရေးပုံမှန်ပြန်ဖြစ်အောင် နှစ်ဖက်အာဏာပိုင်တွေက လျှို့ဝှက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြပါတယ်။

    Ref: Pakistan Today