News @ M-Media

Blog

  • မိခင်ကိုသတ်၍ ချက်စားသူတစ်ဦးကို စပိန်တွင် ဖမ်းဆီးတရားစွဲဆို

    မိခင်ကိုသတ်၍ ချက်စားသူတစ်ဦးကို စပိန်တွင် ဖမ်းဆီးတရားစွဲဆို

    ဧပြီ ၂၃၊ ၂၀၂၁
    M-Media

    -မိခင်အရင်ကို သတ်ပြီး အပိုင်းပိုင်းတစ်ကာ ချက်စားသူတစ်ဦးကို ဖမ်းဆီး တရားစွဲဆိုထားတယ်လို့ စပိန်ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

    ကျူးလွန်သူဟာ အလ်ဘာတို ဆန်းချက်ဆိုသူဖြစ်ပါတယ်။ အသက် ၆၆ နှစ်အရွယ် သူ့အမေရဲ့ မက်ဒရစ်မြို့ကတိုက်ခန်းကို ၂၀၁၉ ခုနှစ်မှာ ရဲတွေက ဝင်ရှာခဲ့ပြီးတဲ့နောက် ဆန်းချက်ကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

    အိမ်ထဲမှာ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ပြန့်ကျဲနေပြီး တစ်ချို့အစိတ်အပိုင်းတွေကို ကော်ဘူးထဲထည့်ထားကာ တစ်ချို့ကို ချက်ပြုတ်ရင်းတန်းလန်းနဲ့ ဆန်းချက်ကို မိတာပါ။

    မိခင်ကို လည်ပင်းညှစ်သတ်ကာ ခုတ်ထစ်ချက်စားပြီး ခွေးကိုလည်း ကျွေးတယ်လို့ ဖမ်းဆီးစဉ်မှာ ဆန်းချက်က ဝန်ခံခဲ့ပေမယ့် တရားရုံးမှာတော့ ဒီကိစ္စကို သူမမှတ်မိဘူးလို့ ထွက်ဆိုခဲ့ပါတယ်။

    ဆန်းချက်ဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိပြီး၊ မူးယစ်ဆေး အလွန်အကျွံသုံးစွဲတဲ့မှတ်တမ်းရှိကာ မိခင်ပေါ်မှာ အကြမ်းဖက်တဲ့အတွက် ရဲစခန်းအတိုင်ခံထားရသူလည်း ဖြစ်ပါတယ်။

    Ref: BBC

  • မြန်မာပြဿနာဖြေရှင်းရေး အာဆီယံအစည်းအဝေးက လမ်းစဖော်ပေးမည်ဟု တရုတ်မျှော်လင့်

    မြန်မာပြဿနာဖြေရှင်းရေး အာဆီယံအစည်းအဝေးက လမ်းစဖော်ပေးမည်ဟု တရုတ်မျှော်လင့်

    ဧပြီ ၂၃၊ ၂၀၂၁
    M-Media

    FILE PHOTO: China’s State Councilor and Foreign Minister Wang Yi attends a meeting with Russia’s Foreign Minister Sergei Lavrov in Guilin, China March 22, 2021. Russian Foreign Ministry/Handout via REUTERS

    -မနက်ဖြန်ပြုလုပ်မယ့် အာဆီယံ ထိပ်သီးအစည်းအဝေးဟာ မြန်မာ့အရေးကို ငြင်ငြင်သာသာဖြေရှင်းနိုင်ရေး လမ်းစဖော်ဆောင်ပေးလိမ့်မယ်လို့ မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြာရေးဝန်ကြီး ဝမ်ယီက ပြောကြားလိုက်ပါတယ်။

    အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမှာလုပ်မယ့် ဒီအစည်းအဝေးဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ မတည်ငြိမ်မှုတွေကို ဖြေရှင်းဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ပထမဆုံး ကြိုးပမ်းမှုပါ။

    ဝမ်ယီဟာ ဘရူနိုင်း၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့နဲ့ မနေ့က ဆွေးနွေးခဲ့ပါတယ်။ ဘရူနိုင်းဟာ လက်ရှိ အာဆီယံဥက္ကဌဖြစ်ပြီး ထိုင်းကတော့ ဘရူနိုင်းပြီးရင် ဥက္ကဌအဖြစ် တာဝန်ယူရမှာပါ။

    “အစည်းအဝေးဟာ မြန်မာနိုင်ငံအခြေအနေကို ငြင်ငြင်သာသာဖြေရှင်းရမယ်ဆိုတဲ့ အသိမျိုးရရှိဖို့ ဦးတည်ဆဲ့ ကောင်းမွန်တဲ့စတင်ခြင်း ဖြစ်လာမယ်လို့ တရုတ်နိုင်ငံက မျှော်လင့်ပါတယ်”

    အာဆီယံထိပ်သီးအစည်းအဝေးကို တရုတ်က တက်မလားဆိုတာ တိတိကျကျ မသိရသေးပါဘူး။

    နိုင်ငံကာက မသင့်လျော်တဲ့ ကြားဝင်ဆောင်ရွက်မှုမျိုးကို ရှောင်ရှားရမယ်လို့လည်း ဝမ်ယီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “နိုင်ငံတကာအဖွဲ့တွေက ဘာမသိညာမသိနဲ့ ပြင်းပြင်းထန်ထန် ဖိအားပေးတာမျိုးဟာ နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးပြဿနာကို ပြေလည်စေဖို့ အထောက်အကူ မဖြစ်ဘူးဆိုတာ လက်တွေ့အဖြစ်အပျက်တွေက သက်သေပြနေပါတယ်။ မငြိမ်မသက်ဖြစ်စေတာ၊ အခြေအနေကို ပိုမိုဆိုးရွားစေကာ ဒေသတွင်းကို ထိခိုက်တာ၊ မတည်မငြိမ်ဖြစ်တာမျိုးပဲ ဖြစ်စေတာပါ”

    ​မြန်မာနိုင်ငံက တင်းမာမှုတွေ လျော့ကျရေး ဆောင်ရွက်ရာမှာ နိုင်ငံတကာအသိုင်းအ၀ိုင်းဟာ ဆန့်ကျင်ဖက်နေရာက ရှိတာထက် ဓမ္မဓိဌာန်ကျပြီး မျှတရဲ့ရပ်တည်ချက်မျိုးရှိဖို့ တရုတ်နိုင်ငံက တိုက်တွန်းတယ်လို့လည်း ဝမ်ယီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “တရုတ်နိုင်ငံဟာ အာဆီယံအဖွဲ့နဲ့ ဆက်လက်ပြီး နီးနီးကပ်ကပ် ဆက်ဆံသွားဖြစ်သလို၊ မြန်မာ့အရေး အာဆီယံလမ်းကြောင်းနဲ့ ဆက်နွယ်တဲ့ ဘယ်လိုလုပ်ငန်းမျိုးကိုမဆို ကိုင်တွယ် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်”

    Ref: KFGO

  • ပျောက်ဆုံး အင်ဒိုနီးရှားရေငုပ်သင်္ဘောကို ပြန်မတွေ့သေး၊ စနေနေ့တွင် အောက်ဆီဂျင်ကုန်မည်

    ပျောက်ဆုံး အင်ဒိုနီးရှားရေငုပ်သင်္ဘောကို ပြန်မတွေ့သေး၊ စနေနေ့တွင် အောက်ဆီဂျင်ကုန်မည်

    ဧပြီ ၂၃၊ ၂၀၂၁
    M-Media

    -ဗုဒ္ဓဟူးနေ့က ပျောက်ဆုံးသွားတဲ့ ရေငုပ်သင်္ဘောကို ဆက်လက်ရှာဖွေနေပြီး ​သင်္ဘောအတွင်းက အောက်ဆီဂျင်မကုန်ခင် ပြန်တွေ့ပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်လာပါတယ်။

    ဂျာမနီထုတ် ရေငုပ်သင်္ဘော KRI Nanggala 402 ဟာ ဘာလီကျွန်းရေပြင်မှာ တော်ပီဒိုပစ်လေ့ကျင့်ရင်း ပျောက်ဆုံးသွားတာပါ။ စုစုပေါင်း တပ်ဖွဲ့ဝင် ၅၃ ဦး လိုက်ပါသွားပါတယ်။

    လက်ရှိမှာ လေယာဉ် ၅ စီး၊ သင်္ဘော ၂၁ စီး၊ ရေငုပ်သင်္ဘော ၂ စီးနဲ့ ရှာဖွေမှုတွေ ပြုလုပ်နေပြီး မလေးရှားနဲ့ စင်ကာပူနိုင်ငံတို့ကလည်း ကူညီပေးနေပါတယ်။

    အင်ဒိုနီးရှားရေတပ်အကြီးအကဲက ဓာတ်အားပြတ်တောက်ချိန်မှာ ၇၂ နာရီအထိသာ အောက်ဆီဂျင် ရရှိလိမ့်မယ်လို့ မနေ့က ပြောကြားခဲ့ပါတယ်။ သူ့ရဲ့ပြောကြားမှုအရ စနေနေ့ ဒေသစံတော်ချိန် ညနေ ၃ နာရီမှာ အောက်ဆီဂျင်ကုန်မှာ ဖြစ်ပါတယ်။

    ကျွမ်းကျင်သူတွေက လူတွေရှူထုတ်တဲ့ ကာဘွန်ဒိုင်အောက်ဆိုက်တွေ ရှိနေတာကြောင့် အောက်ဆီဂျင်မကုန်ခင်မှာပဲ အသက်ရှုကြပ်တာတွေ ဖြစ်နိုင်တယ်လို့ သတိပေးထားပါတယ်။

    ရေငုပ်သင်္ဘော ငုပ်သွားတဲ့နေရာမှာ ဆီကွက်အချို့ကလွဲလို့ အခုအချိန်အထိ ဘာသဲလွန်စမှ မတွေ့သေးပါဘူး။

    ဒီလို ရေငုပ်သင်္ဘောပျောက်ဆုံးမှုတွေဟာ ဓာတ်အားပေးစနစ် ချို့ယွင်းတာ၊ ဒါမှမဟုတ် တော်ပီဒိုလို လက်နက်ခဲယမ်း ပေါက်ကွဲတာတွေကြောင့် အဖြစ်များပါတယ်။

    ပျောက်ဆုံးသွားတဲ့ ရေငုပ်သင်္ဘောရဲ့ အမြင့်ဆုံး ရေဖိအားခံနိုင်စွမ်းဟာ ရေအောက် မီတာ ၂၅၀ က ဖိအားမျိုးဖြစ်ပါတယ်။ အင်ဒိုနီးရှား ရေတပ်က မီတာ ၆၀၀ ကနေ ၇၀၀ ကြားအထိ မြုပ်သွားနိုင်တယ်လို့ ဗုဒ္ဓဟူးနေ့မှာ ပြောခဲ့ပေမယ့် ဒါကို အတည်မပြုနိုင်ဘူးလို့ နောက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

    တကယ်လို့ ရေငုပ်သင်္ဘောဟာ မီတာ ၆၀၀ အောက်အထိရောက်သွားရင်တော့ လိုက်ပါသွားသူတွေ အသက်ရှင်ဖွယ် မရှိတော့ဘူးလို့ ကျွမ်းကျင်သူတွေက သုံးသပ်ခဲ့ပါတယ်။

    Ref: CNA

  • မြန်မာနိုင်ငံတွင် နောက်ထပ် ၆ လအတွင်း လူ ၃.၄ သန်း စားနပ်ရိက္ခာပြတ်လပ်မှု ကြုံမည်

    မြန်မာနိုင်ငံတွင် နောက်ထပ် ၆ လအတွင်း လူ ၃.၄ သန်း စားနပ်ရိက္ခာပြတ်လပ်မှု ကြုံမည်

    ဧပြီ ၂၂၊ ၂၀၂၁
    M-Media

    -စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ ဂယက်တွေကြောင့် မြန်မာနိုင်ငံမှာ နောက်ထပ် ၆ လအတွင်း လူ ၃ သန်းကျော် စားနပ်ရိက္ခာပြတ်လတ်မှုနဲ့ ကြုံတွေ့ရနိုင်တယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ WFP က သတိပေးလိုက်ပါတယ်။

    ရန်ကုန်မြို့နဲ့ အနီးတစ်၀ိုက်က မြို့နယ်တွေမှာတောင် လူတွေဟာ ခြို့ခြံ စားသုံးရတာ၊ အဟာရနည်းတဲ့ အစားအသောက်တွေ စားရတာ၊ အကြွေးမြင့်တက်လာတာတွေ ဖြစ်နေပြီး နိုင်ငံတစ်ဝှမ်းက အခြားဒေသတွေရဲ့ အခြေအနေတွေကိုလည်း စောင့်ကြည့်နေတယ်လို့ WFP က ပြောပါတယ်။

    “အလုပ်အကိုင်ဆုံးရှုံးသူတွေ ပိုပိုများလာပြီး စားနပ်ရိက္ခာဝယ်ယူဖို့ မတတ်နိုင်တော့ပါဘူး။ ချက်ခြင်းဖြစ်ပေါ်လာမယ့် ထိခိုက်ခံစားမှုကို လျော့ပါးစေဖို့နဲ့ စားနပ်ရိက္ခာဖူလှုံရေးမှာ စိုးရိမ်ဖွယ်ရာ ဆိုးဆိုးရွားရွား ဖြစ်လာတာကို တားဆီးဖို့အတွက် ထိရောက်တဲ့ ဆောင်ရွက်မှုတွေ ချက်ခြင်း လိုအပ်နေပါတယ်” လို့ WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် စတီဖင် အန်ဒါဆန်က ပြောကြားခဲ့ပါတယ်။

    WFP ဟာ မြို့ကြီးတွေနဲ့ မကြာသေးခင်က အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ ချို့တဲ့မြို့နယ်တွေက ထိခိုက်ခံစားလွယ်သူ စုစုပေါင်း ၂ သန်းအတွက် စားနပ်ရိက္ခာထောက်ပံ့ရေး တိုးမြှင့်ဆောင်ရွက်ဖို့ ကြိုးစားနေပါတယ်။

    နိုင်ငံတစ်ဝှမ်း ကုန်စျေးနှုန်းတွေ မြင့်တက်လာတာကိုလည်း WFP က ထောက်ပြခဲ့ပါတယ်။ ဆန်စျေးဟာ ဇန်နဝါရီလကထက်စာရင် ၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး၊ ဟင်းချက်ဆီစျေးက ၁၈ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်းအထိ၊ နယ်စပ်ဒေသတွေမှာ ဒီထက်ပိုပြီး တက်လာတာကို တွေ့ရတယ်လို့ WFP က ဆိုပါတယ်။

    မြန်မာနိုင်ငံမှာ မိမိတို့ စားနပ်ရိက္ခာ ကူညီထောက်ပံ့ပေးနေတဲ့ လူဦးရေ ၁.၃ သန်း ရှိပြီး နောက်ထပ် လအနည်းငယ်အတွင်းမှာ ၃.၃ သန်းအထိ ရှိလာမှာဖြစ်ကာ ကန်ဒေါ်လာ ၁၀၆ သန်း အရေးတကြီး လိုအပ်နေတယ်လို့ WFP က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Relief Web

  • အိန္ဒိယမှ နာမည်ကျော် အစ္စလာမ့်ဓမ္မပညာရှင် မောင်လာနာ ၀ဟီဒွတ်ဒင်းခန်း ကွယ်လွန်

    အိန္ဒိယမှ နာမည်ကျော် အစ္စလာမ့်ဓမ္မပညာရှင် မောင်လာနာ ၀ဟီဒွတ်ဒင်းခန်း ကွယ်လွန်

    ဧပြီ ၂၂၊ ၂၀၂၁
    M-Media

    -အိန္ဒိယနိုင်ငံက နာမည်ကျော် အစ္စလာမ့်ဓပညာရှင်နဲ့ ငြိမ်းချမ်းရေးလှုပ်ရှားသူ မောင်လာနာ ၀ဟီဒွတ်ဒင်း ခန်းဟာ ကိုဗစ်ရောဂါနဲ့ မနေ့က ကွယ်လွန်သွားခဲ့ပါတယ်။

    ကွယ်လွန်ချိန်မှာ ဆရာကြီးဟာ အသက် ၉၆ နှစ် ရှိပါပြီ။ ကိုဗစ်ကူးစက်တဲ့အတွက် နယူးဒေလီက ဆေးရုံတစ်ခုကို တင်လိုက်ရပြီးတဲ့နောက် အခုလို ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

    မောင်လာနာ ၀ဟီဒွတ်ဒင်းခန်းဟာ အစ္စလာမ်ရေးရာနဲ့ ဒဿနဆိုင်ရာ စာအုပ်ပေါင်း ၂၀၀ ကျော်ကို ရေးသားခဲ့ပြီး တစ်ချိုု့စာအုပ်တွေဟာ နိုင်ငံအများအပြားမှာ ဘာသာစကားအမျိုးမျိုးနဲ့ ဘာသာပြန်ဆို ပုံနှိပ်ဖြန့်ချီခြင်းခံရတဲ့အထိ ကျော်ကြားပါတယ်။

    ဆရာကြီးဟာ ကုရ်အာန်ကျမ်းစာ အနက်ဖွင့် အဌကဌာကျမ်းကြီးကို ရေးသားခဲ့သူလည်း ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးလှုပ်ရှားသူတစ်ဦးဖြစ်ပြီး အိန္ဒိယနဲ့ နိုင်ငံတကာက ဆုတံဆိပေါင်းများစွာကို ပိုင်ဆိုင်ထားသူပါ။

    အရပ်သားတွေကို ချီးမြှင့်တဲ့ အိန္ဒိယရဲ့ ဒုတိယအမြင့်ဆုံး ဂုဏ်ပြုဆု Padma Vibhushan ကို မကြာခင်ကပဲ ရရှိခဲ့ပါတယ်။

    ၂၀၀၉ ခုနှစ် ဝါရှင်တန်ဒီစီ ဂျော့တောင်းတက္ကသိုလ်က ထုတ်ပြန်တဲ့ ကမ္ဘာ့ဩဇာရှိဆုံး မွတ်စလင် ၅၀၀ စာရင်းမှာ မောင်လာနာ ပါဝင်ခဲ့ပြီး ‘အစ္စလာမ်သာသနာရဲ့ ကမ္ဘာ့သံတမန်’ လို့ သမုတ်ခြင်း ခံခဲ့ရပါတယ်။

    ဆရာကြီးဟာ ၂၀၀၁ ခုနှစ်မှာ Peace and Spirituality စင်တာကို တည်ထောင်ခဲ့ပြီး လူ့အဖွဲ့အစည်းတွေအကြား ငြိမ်းချမ်းရေးသတင်းစကားကို ဖြန့်ချီခဲ့ပါတယ်။

    မောင်လာနာ ၀ဟီဒွတ်ဒင်းခန်း ကွယ်လွန်မှုအတွက် ဝမ်းနည်းမိတယ်လို့ အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာ မိုဒီက ပြောကြားခဲ့ပါတယ်။

    “ဘာသာတရားနဲ့ နာမ်ပိုင်းရာနယ်ပယ်တွေမှာ ထိုးထွင်းသိမြင်နိုင်စွမ်း ကြီးမားသူအဖြစ် အမှတ်ရနေကြမှာပါ။ လူမှုဘ၀မြှင့်တင်ရေးနဲ့ လူထုအကျိုးပြုလုပ်ငန်းတွေကို စိတ်နှစ်လုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်” လို့ မိုဒီက Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    အိန္ဒိယသမ္မတ ရမ် နသ် ကိုဗင်ကလည်း မောင်လာနာ ကွယ်လွန်သွားတဲ့အတွက် အလွန် ဝမ်းနည်းကြေကွဲရတယ်လို့ ပြောကြားခဲ့ပါတယ်။

    “မောင်လာနာ ၀ဟီဒွတ်ဒင်းခန်းဟာ လူ့အဖွဲ့စည်း ​ငြိမ်းချမ်းရေး၊ သဟဇာတဖြစ်ရေး၊ ပြုပြင်ပြောင်းလဲရေးကို ထိထိရောက်ရောက် ကူညီလုပ်ဆောင်ပေးခဲ့သူပါ။ မိသားစုဝင်တွေ၊ ဆရာကြီးကို ချစ်ခင်မြစ်နိုးသူတွေနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါတယ်”

    Ref: Aljazeera