News @ M-Media
Blog
  • တောင်ကြီးမြို့ ၉၆၉ တရားပွဲ၌ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီကို တိုက်ခိုက် လှုံ့ဆော်စာများ တရားဝင်ဝေငှ
    ဒီဇင်ဘာ ၇ ၊ ၂၀၁၃
    M-Media
    နန်းနွယ်နီနိုင် (တောင်ကြီး)
    2013-12-07 16.02.29
    ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်ညဥ့်၊ တောင်ကြီးမြို့ သိမ်တောင်ပရိယတ္တိစာသင်တိုက်၌ ဓမ္မရောင်စဉ်အဖွဲ့မှ ကြီးမှူးကျင်းပသော တရားပွဲတွင် အညတရဘိက္ခူ (မဟာဓမ္မာစရိယ)အမည်ဖြင့် ရေးသားထားသော “ဒေါ်အောင်ဆန်းစုကြည်၊ NLD နှင့် ကျွန်ုပ်တို့၏အနာဂတ်များ” စာရွက်စာတမ်းများအား တရားနာရန် လာရောက်သူများကို ကြောင်း သိရသည်။
    အညတရဘိက္ခူ (မဟာဓမ္မာစရိယ)အမည်ဖြင့် ရေးသားထားသော “ဒေါ်အောင်ဆန်းစုကြည်၊ NLD နှင့် ကျွန်ုပ်တို့၏အနာဂတ်များ” စာရွက်စာတမ်းအတွင်း ပါရှိသည့်စာသားများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
    ဒေါ်အောင်ဆန်းစုကြည်၊ NLD နှင့် ကျွန်ုပ်တို့၏အနာဂတ်များ
    ————————————————————–
    ၂၀၁၅ ခုနှစ်မှာ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သမ္မတဖြစ်ချင်တယ်လို့ ပြောလိုက်ပါပြီ။ အရင်အခြေအနေအတိုင်းဆို သူမ သမ္မတဖြစ်မှာကို အားလုံးက လိုလားနေကြတာပါ။ ဒီအထဲမှာ ရဟန်းသံဃာတွေလည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် အခုအခြေအနေတွေက ပြောင်းလဲသွားပါပြီ။ သူမ သမ္မတ ဖြစ်မယ်မဖြစ်ဘူးဆိုတာကိုတော့ သံဃာတော်တစ်ပါးအနေနဲ့ ဘာမှမပြောတတ်ပါဘူး။ ဒါပေမယ့် အခုအချိန်မှာ သံဃာတော်တွေ ဘာကို တွေးနေမလဲဆိုတာကိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို သိစေချင်ပါတယ်။
    အမှန်တကယ် သံဃာတော်တွေ တွေးနေတာကတော့ ၂၀၁၅ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် မဲနိုင်လို့ အာဏာရပြီး သမ္မတဖြစ်လာခဲ့ရင် သံဃာတော်တွေနဲ့ ဗုဒ္ဓဘာသာရဲ့အခြေအနေ ဘယ်လိုရှိမလဲ ? ဆိုတာပါပဲ။ တကယ်ဆို ဒီအတွေးကို စတွေးဖြစ်ခဲ့ကြတာလည်း မကြာသေးပါဘူး။ အရင်တုန်းကတော့ သံဃာတော်တွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို အကြွင်းမဲ့ထောက်ခံသူတွေပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အတွက် သံဃာတော်တွေ အသက်ပေးခဲ့ကြတယ်ဆိုတာ ရွှေဝါရောင်တော်လှန်ရေးက သာဓကပါ။ ဒါပေမယ့် အခုအချိန်မှာတော့ သံဃာတော်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီဟာ ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်မှန်းမသိ ဖြစ်လာနေပါပြီ။ ဒါတွေဖြစ်တာ ဘယ်သူ့ကြောင့်ပါလဲ ? ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဒေါ်အောင်ဆန်းစုကြည်ကြောင့်ပါပဲ။
    ဆရာတော် ဦးဘိစိတ္တာဘိဝံသ(၀ီရသူ)က ခွပ်ဒေါင်းကနေ မွတ်ဒေါင်း ဖြစ်သွားပြီလို့ တရားဟောလိုက်တဲ့အချိန်မှာ အစ္စလာမ်နဲ့မူဆလင်တွေ လွှမ်းမိုးနေတဲ့ မိမိတို့ပါတီကို မပြုပြင်ဘဲ NLD ပါတီဝင်တွေဟာ ဦးဝီရသူကို ရန်သူကြီးတစ်ယောက်လို အဆက်မပြတ် တိုက်ခိုက်လာတော့တာပါပဲ။
    ဒီတိုက်ခိုက်မှုဟာ နောက်ပိုင်းကြတော့ သံဃာတော်အားလုံးကို တိုက်ခိုက်တဲ့ပုံစံမျိုး အသွင်ဆောင်ပြီး NLD ပါတီဝင်တွေက သံဃာတော်တွေရဲ့ဂုဏ်ကျေးဇူးမဲ့ကို ဗုဒ္ဓဘာသာတစ်ယောက်နဲ့ မတူလောက်အောင်ကိုသံဃာတော်တွေအပေါ်ကို တိုက်ခိုက်လာခဲ့ပါတယ်။ ဒီအချိန်မှာ သံဃာထုဘက်က
    မနေနိုင်တော့လို့ ပြည်တွင်းပြည်ပမှာရှိတဲ့ သံဃာတော်တွေပါ NLD နဲ့တိုက်တဲ့တိုက်ပွဲမှာ ပါဝင်လာခဲ့ကြတာပေါ့။
    ဒီတိုက်ပွဲကို အရှိန်မြှင့်ပေးလိုက်တာကတော့ “မျိုးစောင့်ဥပဒေ” ကိစ္စပါ။ မှော်ဘီသံဃာ့အစည်းအဝေးမှာ ဦးဝီရသူက “အမျိုးစောင့်ဥပဒေ” တင်သွင်းမယ်လို့ မီဒီယာတွေမှာဖော်ပြပြီး၊ အမျိုးသမီးတွေရဲ့ ထင်မြင်ယူဆချက်(opinion) ကို မီဒီယာတွေ မေးမြန်းကြတဲ့အခါ ဒေါ်ဇီးကွက်၊ ဒ်ါဇင်မာအောင်နှင့်
    ဒေါ်အောင်ဆန်းစုကြည်တို့က တညီတညွတ်တည်း ကန့်ကွက်ခဲ့ကြတယ်။
    “လူ့အခွင့်အရေးချိုးဖောက်တယ်” လို့ ပြောခဲ့ကြတာပါ။ ဒီအခါမှာတော့ နှစ်ဖက် (Online) တိုက်ခိုက်မှုတွေ ပိုမိုပြင်းထန်လာခဲ့တယ်။ NLD က ခွန်ဒီးယမ် ခေါ် မေဇင်အေးရဲ့ ဗုဒ္ဓဘာသာအပေါ် တိုက်ခိုက်မှုတွေက ဗုဒ္ဓဘာသာတွေက လက်ခံနိုင်စရာအဆင့်ကို ကျော်လွန်ခဲ့ပါတယ်။
    တစ်ချိန်ထဲမှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ မေဇင်အေးတို့ နှစ်ယောက်အတူ တွဲရိုက်ထားတဲ့ပုံတွေ အင်တာနက်မှာ ပျံ့နှံ့လာတဲ့အခါမှာတော့ NLD က ဗုဒ္ဓဘာသာနဲ့ သံဃာတော်တွေကို ရှုတ်ချအပုပ်ချတဲ့နေရာမှာဒေါ်အောင်ဆန်းစုကြည်ကပါ အလိုတူအလိုပါ လုပ်ခဲ့တယ်လို့ သံဃာတော်တွေက
    ယုံကြည်လာကြပါတယ်။ အဲ့ဒီမှာပဲ သံဃာတော်တွေက သူတို့ ဗုဒ္ဓဘာသာရဲ့အနာဂတ်ကို စတင်စဉ်းစားလာခဲ့ကြတာပါ။ အကယ်၍ ၂၀၁၅ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခဲ့ရင် သံဃာတော်တွေနဲ့ ဗုဒ္ဓဘာသာအတွက် ဘယ်လောက်အာမခံချက် ရှိနိုင်မလဲ ? ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်ကို မေးချင်တာပါ။ အဲဒီလို ဘာလို့ မေးရတာလဲဆိုရင် – ယနေ့အချိန်ထိ ဒေါ်အောင်ဆန်းစုကြည်က သံဃာတော်တွေနဲ့ဗုဒ္ဓဘာသာကို အကာအကွယ်ပေးတဲ့စကား (လုံးဝ) မပြောသေးပါဘူး။ ဒါပေမယ့် မူဆလင်နဲ့အစ္စလာမ်ကို အကာအကွယ်ပေးတဲ့စကားကို
    သွယ်ဝိုက်ပြီးပြောနေတယ်လို့ သံဃာတော်တွေက ယူဆနေကြတာပါ။
    ဒီအယူအဆဟာ Time မဂ္ဂဇင်းက ဦးဝီရသူအပါအ၀င် သံဃာတော်တွေနဲ့ မြန်မာဗုဒ္ဓဘာသာတွေကို (The Face of Buddhist Terror)  ဆိုတဲ့ မျက်နှာဖုံးဆောင်းပါး ပါလာချိန်မှာ ပိုပြီးတော့ ခိုင်မာစေခဲ့ပါတယ်။ ဒီ (The Face of Buddhist Terror)ဆောင်းပါးနဲ့ပတ်သက်ပြီး သမ္မတရုံးအပါအ၀င် မြန်မာမီဒီယာအများစုက Time မဂ္ဂဇင်းကို ကန့်ကွက်နေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ဗုဒ္ဓဘာသာဝင်အမည်ခံထားပါလျက် ဗုဒ္ဓဘာသာအတွက် မည်သည့်ကာကွယ်ပြောဆိုမှုများ တစ်ခုမျှ မလုပ်သည့်အပြင် NLD ပါတီဝင်တွေက Time မဂ္ဂဇင်းကိုကန့်ကွက်တဲ့ campaign ကို ရှုတ်ချခဲ့ပါသေးတယ်။ ဗုဒ္ဓဘာသာဘက်ကနေ အကာအကွယ်ပေးဖို့ ပျက်ကွက်ခဲ့တာဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဝင်တွေကို အစ္စလာမ်တွေရဲ့ လွှမ်းမိုးမှုကြောင့်လို့ ယူဆနေကြတာပါ။
    ရှင်းရှင်းပြောရရင် အာဏာတောင်မရသေးဘူး။ သံဃာကို အာခံချင်နေပြီ။ အာဏာသာရရင် သံဃာတော်တွေကို ဟာလာလုပ်ပစ်မလားတောင် မသိဘူးလို့ ပြောနေကြပါပြီ။ ဒါက ဘာကိုပြသလဲဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD တွေအပေါ် အစ္စလာမ်တွေရဲ့ လွှမ်းမိုးမှုရှိနေတာကို ပြတာပါပဲ။ ဒါတွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဝင်တွေက ရဟန်းသံဃာတော်တွေနဲ့ ဗုဒ္ဓဘာသာအပေါ် လျစ်လျူရှုနေတာကို ပြနေတယ်လို့ သံဃာတော်တွေက ခံစားနေရပါတယ်။ ဒါ့ပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ OIC နဲ့ အဆက်အသွယ်ရှိနေပါတယ်။ OIC ရုံးခွဲ
    မြန်မာနိုင်ငံမှာ ဖွင့်လှစ်ခွင့် သမ္မတ ဦးသိန်းစိန်လက်ထက်မှာ မရခဲ့ပါဘူး။ ဒါပေမယ့် ၂၀၁၅ ခုနှစ်မှာ OIC ရုံးခွဲဖွင့်လှစ်ခွင့်ကို ဒေါ်အောင်ဆန်းစုကြည်က ကျိန်းသေပေါက် ပေးလိမ့်မယ်လို့ ထင်နေပါတယ်။
    Final communique of the OIC contact Group on Myanmar Muslim Rohingya Minory ဆိုတဲ့ OIC နောက်ဆုံးကြေညာချက် အပိုဒ်ရေ(g)မှာ Muslim opinion leaders and NGOs should convey their views to their counterparts in Myanmar, first and foremost to Ms. Aung San Suu Kyi, chairperson of the National League for Democracy လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ OIC ပတ်သက်မှုကို အတိအလင်း ဖော်ပြထားပါတယ်။ OIC ဆိုတာ မြန်မာလူမျိုးတွေအတွက် လုံးဝမဟုတ်ပါဘူး။ ဘင်္ဂါလီနဲ့ အစ္စလာမ် အကျိုးစီးပွား သက်သက်မျှသာပါ။
    ၁၉၈၂ နိုင်ငံသားဥပဒေကို နိုင်ငံတကာအဆင့်နဲ့အညီဖြစ်အောင် ပြင်မယ်လို့ ပြောနေတာတွေဟာ သူအကာအကွယ်ပေးနေတဲ့ ဘင်္ဂါလီတွေကိုယ်တိုင်ကတော့ နိုင်ငံတကာအဆင့်နဲ့ညီအောင် နေနိုင်စွမ်းမရှိဘဲနဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေကိုတော့ နိုင်ငံတကာအဆင့်နဲ့ညီအောင် ပြင်မယ်ဆိုတော့ သေချာပါတယ်၊ ဒီပြင်ဆင်မှုဟာ ဗုဒ္ဓဘာသာအတွက်လည်း မဟုတ်ဘူး၊ မြန်မာပြည်သူတွေအတွက်လည်း မဟုတ်ဘူး၊ ဘင်္ဂါလီတွေအတွက်သက်သက်၊ အစ္စလာမ်တွေအတွက်သက်သက်ပဲ။ အာဏာမရသေးတဲ့ခုလိုအချိန်မျိုးမှာတောင် ဒီဥပဒေကို ပြင်မယ်တကဲကဲလုပ်နေရင် အာဏာသာရသွားလို့ကတော့ ကျိန်းသေပေါက်ပြင်မယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါပဲ၊ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီရဲ့အဓိကနေရာမှာ အစ္စလာမ်ဘာသာဝင်တွေ နေရာယူထားရုံတင်မကဘဲ အခြား NLD ပါတီဝင်တွေအပေါ်မှာလည်း အစ္စလာမ်ဘာသာဝင်တွေက
    လွှမ်းမိုးနေပါပြီ။ ယခုဆိုရင် လွှတ်တော်ထဲမှာ အစ္စလာမ်ဘာသာဝင်အမတ်သုံးဦးရှိပါတယ်။ အကယ်၍ NLD ပါတီကသာ ရွေးကောက်ပွဲမှာ အနိုင်ရသွားရင် အစ္စလာမ်ဘာသာဝင်အမတ် အယောက် ၃၀ လောက် ဖြစ်သွားလိမ့်မယ်လို့ သံဃာတော်တွေက တွက်ထားပါတယ်။ အဲ့ဒီလို တကယ်ဖြစ်ခဲ့ရင် သူတို့အစ္စလာမ်ဘာသာဝင်တွေဟာ ၀န်ကြီးဝန်လေးအမတ်နေရာတွေ ရလာပြီး ဒေါ်အောင်ဆန်းစုကြည်အားကိုးနဲ့ သခင်အားရကျွန်ပါးဝပြီး ဥပဒေဘောင်အတွင်းကတစ်မျိုး၊ ဥပဒေပြင်ပကတစ်ဖုံ သံဃာတော်တွေနဲ့ ဗုဒ္ဓဘာသာကို ဒုက္ခပေးလိမ့်မယ်လို့ ယူဆနေကြပါပြီ။ ဒီအယူအဆဟာ အကြောင်းမဲ့ (Groundless) မဟုတ်ဘူးဆိုတာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD တို့က ပိုပြီးသိပါလိမ့်မယ်။
    ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဟာ သံဃာတော်တွေနဲ့ ဗုဒ္ဓဘာသာရဲ့ အန္တရာယ်လို့ သံဃာတော်တွေနဲ့ဗုဒ္ဓဘာသာဝင်ပြည်သူတွေက မြင်လာရင်တော့ သူတို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဝင်တွေကို မဲမပေးနိုင်အောင် မဲမရအောင် သံဃာတော်တွေမက ပြည်သူတွေကပါ လှုပ်ရှားလာပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ ခေါင်းဆောင်သမ္မတလုပ်ချင်တဲ့သူဟာ ဘယ်သူဖြစ်ဖြစ် သံဃာတော်တွေနဲ့ ဗုဒ္ဓဘာသာရဲ့ အကျိုးစီးပွား တစ်နည်းအားဖြင့် အမျိုးဘာသာသာသနာရဲ့ အကျိုးစီးပွားကို အာမခံချက် ပေးနိုင်မယ့်သူဖြစ်ရပါမယ်။ အမျိုးဘာသာသာသနာအတွက် အာမခံချက်မပေးနိုင်တဲ့ အဘယ်ပုဂ္ဂိုလ်မှ မြန်မာနိုင်ငံမှာ ခေါင်းဆောင်သမ္မတ မဖြစ်သင့်ပါဘူး။
    ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရင် သံဃာတော်တွေနဲ့ ဗုဒ္ဓဘာသာရဲ့ အနာဂတ် ဘယ်လိုဖြစ်မယ်ထင်ပါသလဲ ? ….။ ကောင်းတဲ့အနာဂတ်လား ?…။ မကောင်းတဲ့အနာဂတ်လား ?…။ တကယ်ဆို သံဃာတော်တွေနဲ့ ဗုဒ္ဓဘာသာပြည်သူတွေ လိုချင်တာက ဒီမိုကရေစီဖြစ်ထွန်းပြီး ဗုဒ္ဓဘာသာပြန့်ပွားတဲ့ ဗုဒ္ဓဘာသာဒီမိုကရေစီ နိုင်ငံတော်ကြီးပါ။ ဒါပေမယ့် ဒီမိုကရေစီ ခေါင်းဆောင်က အစ္စလာမ်ကို မျက်နှာသာပေးတဲ့အခါမှာ ဗုဒ္ဓဘာသာပြည်သူတွေက အစ္စလာမ်လွှမ်းမိုးမဲ့ ဒီမိုကရေစီနိုင်ငံကို သွားမဲ့အစား ဗုဒ္ဓဘာသာလွှမ်းမိုးတဲ့ အာဏာရှင်နိုင်ငံကို ပြန်သွားမယ်လို့တောင် ပြောနေကြပါပြီ။ ယခုအချိန်မှာ သံဃာတော်တွေနဲ့ ဗုဒ္ဓဘာသာပြည်သူတွေ အတွက်တော့ ဆုပ်လည်းစူး၊ စားလည်းရူး၊ (between the devil and the deep blue) ဖြစ်နေပါပြီ။ အားငယ်နေစရာ မလိုပါဘူး။ အဆုံးအဖြတ်ပေးမှာက ဗုဒ္ဓဘာသာပြည်သူတွေပါ။ ရဟန်းသံဃာတွေကတော့ တိုက်ရိုက်ရွေးချယ်လို့မရပါဘူး။ ပြည်သူတွေမှာသာ တိုက်ရိုက်ရွေးချယ်ခွင့် ရှိတာပါ။ ဒါကြောင့် မိမိတို့ပြည်သူတွေအနေနဲ့ ရွေးချယ်မမှားဖို့လိုပါတယ်။ ပြည်သူတွေ ရွေးချယ်မှားရင် ပြည်သူတွေတင် ဒုက္ခခံစားရမှာ မဟုတ်ဘူး။ ပြည်သူတွေကိုးကွယ်နေတဲ့ သံဃာတော်တွေပါ ဒီဆိုးကျိုးကို ခံစားရမှာပါ။
    ဒါကြောင့် ပြည်သူတွေရဲ့ ရွေးချယ်မှုက အရေးကြီးတယ်ဆိုတာ ပြည်သူတွေကိုယ်တိုင် သိထားဖို့လိုပါတယ်။ အဓိကတော့ သံဃာတော်တွေနဲ့ ဗုဒ္ဓဘာသာရဲ့ (တစ်နည်းအားဖြင့်) အမျိုးဘာသာသာသနာရဲ့အကျိုးစီးပွားကို အာမခံနိုင်မည့် ခေါင်းဆောင်သမ္မတကိုသာ ရွေးချယ်ပါလို့
    အလေးအနက်တိုက်တွန်းလိုက်ပါရစေ။
    အချုပ်အားဖြင့် ပြောရရင် …
    * ၂၀၁၅ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လို့ OIC ရုံးခွဲဖွင့်ခွင့်ပြုခဲ့မယ်ဆိုရင် …
    * ၁၉၈၂ နိုင်ငံသားဖြစ်မှုဥပဒေကို ပြင်ဆင်ခဲ့မယ်ဆိုရင် …
    * NLD ပါတီတွင်းမှာရှိတဲ့ မူဆလင် အစ္စလာမ်တွေကို မဖယ်ထုတ်ခဲ့ဖူးဆိုရင် …
    * NLD ပါတီကို မူဆလင် အစ္စလာမ်တွေက ဆက်လက်လွှမ်းမိုးနေမယ်ဆိုရင် …
    * ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ဘင်္ဂါလီမူဆလင် အစ္စလာမ်ဘာသာကို ဆက်လက်အကာအကွယ်ပေးနေမယ်ဆိုရင် …
    * ဒေါ်အောင်ဆန်းစုကြည်နဲ့NLDပါတီက သံဃာတော်များနဲ့ဗုဒ္ဓဘာသာတွေကို အကာအကွယ်ပေးဖို့ ဆက်လက်ပျက်ကွက်နေမယ်ဆိုရင် …
    နောက်ပိုင်းသံဃာတော်များရဲ့ဘ၀နဲ့ဗုဒ္ဓဘာသာရဲ့ အနာဂတ်ကတော့ လှပလိမ့်မယ်လို့ မထင်။
    အညတရဘိက္ခူ (မဟာဓမ္မာစရိယ)
  • ဇဖါရ်ရှားဒါရ်ဂါ နှစ်ပတ်လည် အူရွတ်စ်ဓမ္မသဘင်ကျင်းပ
    ဇဖါရ်ရှားဒါရ်ဂါ နှစ်ပတ်လည် အူရွတ်စ်ဓမ္မသဘင်ကျင်းပ
    ဒီဇင်ဘာ ၇၊ ၂၀၁၃
    M-Media
    သီရိ
    IMG_1623
    ရန်ကုန်  ။         ။      ဟဇရတ်ခွါဂျာမိုအီနွတ်ဒင်းန် ကျစ်ရှ်တီ၊ ဟစန်၊ စန်ဂျေရီ သခင်ကြီး၏ ၈၀၁-ကြိမ်မြောက် အူရွတ်စ်ဓမ္မသဘင် အခမ်းနားနှင့် အိန္ဒိယနိုင်ငံ မဂိုမင်းဆက်၏ နောက်ဆုံးဘုရင်ဖြစ်သော ဟဇရတ်ဗဟာဒူးရှားဇဖါရ်သခင်ကြီး၏ ၁၅၁-ကြိမ်မြောက် အူရွတ်စ် ဓမ္မသဘင်အခမ်းနား ကို ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်းရှိ ဇဗါရ်ရှားဒါရ်ကာဝင်းတွင် ဒီဇင်ဘာလ ၅-ရက်မှ ဒီဇင်ဘာလ ၈-၇က်နေ့ထိ ပြုလုပ်ကျင်းပလျက်ရှိပါသည်။
    အခမ်းနားကို ၅-ရက်နေ့တွင် ဂူဗိမာန်တော်အား အစ္စလာမ့်သရီကာလမ်းစဉ်အတိုင်း သွာဟာရတ် (သန့်စင်ခြင်း) ပြုလုပ်ပြီး ၆-ရက်နေ့တွင် အခမ်းနားကျင်းပရေးကော်မတီမှဦးဆောင်ပြီး သာသနာ့အလံကိုလွှင့်တင်ခဲ့ပါသည်။ ၇-ရက်နေ့နေ့လည်တွင် အိန္ဒိယနိုင်ငံ အဂျမီရ်မြို့မှပင့်ဆောင်လာသော ခွါဂျာဆဗ်၏ ကျာဒရ်လွှာရုံတော်အား ဇေယာရသ် ဖာသီဟဟ်အခမ်းနားကိုပြုလုပ်ပြီး ညပိုင်း အိရှာ ဆွလာသ်အပြီးတွင် တရားဒေသနာတော်များကို ဓမ္မကထိက အလ်ဟာဂ်ျခလီဖွှဟ် ဦးအေးလွင်၊ မောင်လာနာကာရီ မုဟမ္မဒ်အလီ(ခ) ပါမောက္ခ ဒေါက်တာဇော်မင်းနိုင်၊ အလ်ဟာဂ်ျမောင်လာနာခလီဖွှဟ် ဦးသိန်းဝင်းအောင်၊ အလ်ဟာဂ်ျ ဒေါက်တာဆောင်းလွင်အောင်၊ ဆရာဦးအောင်အေးကျော်တို့မှ တရားဒေသနာ ဟောကြားမည်မည်ဖြစ်ပါသည်။
    ဒီဇင်ဘာ ၈-ရက် ညပိုင်းတွင် စန္နလ်နံ့သာများဖြင့် ကျာဒရ် လွှာရုံတော်အား ဇဖါရ်ရှားဂူဗိမာန်ကြီးကြပ်ရေးကော်မတီမှ ဦးဆောင်၍ ဂူဗိမာန်တွင် တင်ဆက်မည်ဖြစ်ပါသည်။အခမ်းနားကျင်းပနေစဉ် ညတိုင်းတွင် နိုင်ငံကျော် က၀ါလီအဆိုရျင်များမှ ဓမ္မလကာင်္များဖြင့် ရွတ်ဆိုသွားမည်ဖြစ်ပါသည်။
    ၎င်းအခမ်းနားကို အိန္နယနိုင်ငံသံအမတ်၊ ပါကစတန်သံအမတကြီးနှင့် ဘင်္ဂလားဒေရှ့်သံအမတ်ကြီးတို့လည်း လာရောက်ခဲ့ကြသည်။ ပွဲတော်ရက်အတွင်း လာရောက်သူများကိုလည်း မနက်စာ ညစာ ထမင်းများဖြင့် ကျွေးမွေးဧည့်ခံလျက်ရှိပြီး လာရောက်သူများဖြင့် စည်ကားလျက်ရှိပါသည်။
  • ဒီဇင်ဘာ ၇၊ အားကစားသတင်းများ
    ဒီဇင်ဘာ ၇၊ အားကစားသတင်းများ
    ဒီဇင်ဘာ ၇၊ ၂၀၁၃
    M-Media
    –  လာမည့် ဇန်န၀ါရီအပြောင်းအရွှေ့တွင် အသင်းအား ပိုမိုတောင့်တင်းအောင် ဆောင်ရွက်သွားမည်ဟု မန်ယူနည်းပြ ဒေးဗစ်မိုယက်စ်က ပြောကြားခဲ့သည်။ မိုယက်စ်မှာ ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့က ဘာကာကွင်းလယ်လူ ဖာဘရီဂတ်စ်အား ခေါ်ယူရန် ကြိုးစားခဲ့သော်လည်း ခေါ်ယူနိုင်ခြင်းမရှိခဲ့ဘဲ အဲဗာတန်ကွင်းလယ်လူ ဖယ်လိုင်နီကိုလည်း အပြောင်းအရွှေ့နောက်ဆုံးရက်မှ ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။ မန်ယူအသင်းမှာ ပရီးမီးယားလိဂ်တွင် ရလဒ်များဆိုးဝါးနေပြီး ကစားသမား ဖြည့်တင်းရန် လိုအပ်နေသောကြောင့် မိုယက်စ်က ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
    …………………………….
    –  နည်းပြ ဒေးဗစ်မိုယက်စ်၏ သမီးဖြစ်သူ လော်ရန်မိုယက်စ်နှင့် ပက်သက်မှုများရှိနေပြီး၊ လော်ရန်နှင့် ချိန်းတွေ့ခဲ့သောကြောင့် မိုယက်စ်က အသင်းတွင် ထည့်သွင်း အသုံးပြုခြင်းမရှိခြင်း ဖြစ်ကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် မန်ယူကွင်းလယ်ကစားသမား ၀ီလ်ဖရိဒ်ဇာဟာက ထိုသတင်းမှာ မဟုတ်မှန်ဘဲ လော်ရန်ကို တွေ့ပင်မတွေ့ဖူးကြောင်း၊ မိမိအားပါဝင်ကစားရန် အဆင့်သင့်ဖြစ်သည်ဟု နည်းပြကယူဆသောအချိန်တွင် အသင်းတွင် ပါဝင်ကစားမည်ဖြစ်ကြောင်း ၎င်း၏ Twitter စာမျက်နှာတွင် ရှင်းလင်းရေးသားခဲ့သည်။
    အသက် ၂၁ နှစ်အရွယ်ရှိ ဇာဟာအား နည်းပြဟောင်း ဖာဂူဆန်လက်ထက်က ခရစ္စတယ်ပဲလေ့စ်မှ ပေါင် ၁၅ သန်းဖြင့်ခေါ်ယူထားခဲ့သူဖြစ်ပြီး ယခုအချိန်အထိ အသင်းတွင် ပုံမှန်ကစားခွင့်မရသေးပေ။
    ……………………………….
    –   ယခုနှစ်ရာသီတွင် အမှားအနည်းငယ်သာပြုလုပ်ထားသည့် အာဆင်နယ်အသင်းမှာ ဇယားထိပ်တွင်ရောက်ရှိနေမှုမှာ ထိုက်တန်ကြောင်း ချယ်ဆီးအသင်းနည်းပြ မော်ရင်ဟိုက ပြောဆိုခဲ့ပြီး၊ ချန်ပီယံဖြစ်မဖြစ်ကို မေလမှသာ ဆုံးဖြတ်နိုင်မည်ဖြစ်ကာ ဒီဇင်ဘာလတွင် မဟုတ်ကြောင်း သတိပေးခဲ့သည်။ အာဆင်နယ်အသင်းမှာ ယခုအချိန်တွင် ဒုတိယနေရာ၌ ရှိနေသည့် ချယ်ဆီးအသင်းအား ၄ မှတ်ဖြတ်ထားနိုင်သော်လည်း ယခုလအတွင်း ယှဉ်ပြိုင်ရမည့် ပွဲကျပ်များကြောင့် အမှတ်လျော့နိုင်ခြေ လည်းရှိနေသည်။ ထို့ပြင် ဦးဆောင်သူ အာဆင်နယ်နှင့် ၁၂ မှတ်ကွာဟနေသော်လည်း မိုယက်စ်၏ မန်ယူအသင်းမှာ ချန်ပီယံဆုအား ခြိမ်းခြောက်နိုင်စွမ်း ရှိနေသေးသည် ဟု မော်ရင်ဟိုက ထပ်လောင်း ပြောကြားခဲ့သည်။
    …………………………..
    –  ဒဏ်ရာကြောင့် ၁ လနီးပါး အနားယူနေခဲ့ရသည့် တိုက်စစ်မှူးဗန်ပါစီမှာ ယမန်နေ့ကပြုလုပ်ခဲ့သည့် အသင်း၏ လေ့ကျင့်ခန်းအစီအစဉ်တွင် အပြည့်အ၀ပါဝင်ခဲ့သည်။ ထို့နောက် ယနေ့တွင် အသင်း ဆေးအဖွဲ့၏ တာဝန်ရှိသူများနှင့်တွေ့ဆုံမည်ဖြစ်ပြီး ဒဏ်ရာအခြေအနေအား စစ်ဆေးမည်ဟု သိရသည်။
    ……………………………………
    –  ဗိုလ်စွဲရန် ရေပန်းစားနေသည့် အိမ်ရှင် ဘရာဇီးအသင်းအား ရှုံးထွက်အဆင့်တွင်ရှောင်ရှားနိုင်ရန် ဟော်လန်အနေဖြင့် အုပ်စု ထိပ်ဆုံးရောက်အောင် ကြိုစားရမည်ဟု ဟော်လန်ကွင်းလယ်လူ ရော်ဘင်က ပြောကြားခဲ့သည်။ ဟော်လန်အသင်းမှာ ကမ္ဘာ့ဖလားအုပ်စု B တွင် လက်ရှိချန်ပီယံ စပိန်၊ ချီလီ၊ သြစတေးလျတို့နှင့် တစ်အုပ်စုတည်းကျရောက်နေပြီး နောက်တစ်ဆင့် တက်ရောက်ရေးအတွက် ရုန်းကန်ရမည်ဖြစ်သည်။
    ………………………………..
    –  ၁၉၉၈ ခုနှစ် အမိမြေ၌ ကမ္ဘာ့ဖလားကိုင်မြှောက်ခွင့်ရခဲ့ခြင်းမှာ မိမိ၏ ကစားသမားဘ၀ သက်တမ်းတစ်လျှောက် အလွန်လှပ၍ အရေးပါသော အောင်မြင်မှုဖြစ်သည်ဟု ပြင်သစ်အသင်း၏ ဂန္တ၀င်ကစားသမားဖြစ်သူ ဇီဒိန်းကပြောကြားလိုက်သည်။ ထိုကမ္ဘာ့ဖလားပွဲ အုပ်စုပွဲစဉ်ဖြစ်သည့် ဆော်ဒီအသင်းနှင့် ကစားခဲ့သည့်ပွဲတွင် အသင်းမှာ အုပ်စုမှ ထွက်ရလုနီးပါး ဖြစ်ခဲ့သော်လည်း ဘရာဇီးအသင်းအား ၃ ဂိုး ဂိုးမရှိဖြင့် နိုင်ရရှိခဲ့သော ဗိုလ်လုပွဲတွင် အရေးပါသော ဂိုး ၂ ဂိုးကို ဇီဒိန်းက သွင်းယူပေးခဲ့သည်။ ထို့ပြင် ယခုလက်ရှိ ပြင်သစ်အသင်းမှာ ၉၈ ကမ္ဘာ့ဖလားရရှိခဲ့သည့် ပြင်သစ်အသင်းထက် ပိုမိုသာလွန်ရန် မျှော်လင့်နေသော်လည်း ဘရာဇီး၏ အိမ်ရှင်ဖြစ်မှုက အဆုံးအဖြတ်နိုင်သည်ဟု ပြောကြားခဲ့သည်။
    …………………………………
    – ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက ၂၀၁၇ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် အသက် ၁၇ နှစ်အောက် လူငယ်ကမ္ဘာ့ဖလားပြိုင်ပွဲအား အိန္ဒိယတွင် ကျင်းပရန်နှင့်၊ ၂၀၁၆ ခုနှစ် ၁၇ နှစ်အောက် အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲအား ဂျော်ဒန်နိုင်ငံတွင်ကျင်းပရန် ရွေးချယ်ခဲ့သည်ဟု သိရသည်။ ယမန်နေ့ကပြုလုပ်ခဲ့သည့် အဆိုပါရွေးချယ်မှုပြီးနောက် ဖီဖာဥက္ကဌ ဆပ်ဘလတ္တာက ထိုဆုံးဖြတ်မှုမျာ နိုင်ငံရေး၊ ပထ၀ီရေးနှင့်ဆိုင်သော ဆုံးဖြတ်ချက်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
    ……………………………
    –  ကမ္ဘာ့ ကားမောင်းအဖွဲ့ချုပ် FIA က ပေးအပ်ချီးမြှင့်သည့် ထူးခြားပြောင်မြောက်သော သတင်းရယူမှုအတွက် အကောင်းဆုံး ရုပ်သံလိုင်းဆု (Best TV Broadcaster Award for Outstanding Coverage) အား Sky Sports F1 ရုပ်သံလိုင်းက ဆွတ်ခူးရရှိသွားခဲ့သည်။ ထိုဆုအား ယမန်နေ့ညက ပဲရစ်တွင်ပြုလုပ်ခဲ့သည့် ၂၀၁၃ ခုနှစ် FIA ၏ ဆုပေးပွဲအခမ်းအနားတွင် ပေးအပ်ခဲ့ခြင်းဖြစ်ပြီး Sky Sports F1 မှာ ယမန်နှစ်ကလည်း ထိုဆုအား ရရှိခဲ့သည်။
    ……………………………
    ကမ္ဘာ့ဖလားပြိုင်ပွဲ မဲခွဲမှုအပေါ် နည်းပြများ၏ မှတ်ချက်များ
    ၂၀၁၄ ဘရာဇီးလ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် မဲခွဲမှုကို ယမန်နေ့က ဘရာဇီး နိုင်ငံတွင်ပြုလုပ်ခဲ့ရာ အိမ်ရှင် ဘရာဇီးလ်အသင်းမှာ အုပ်စုချောင်နေပြီး၊ အင်္ဂလန်၊ အီတလီတို့ ပါဝင်သည့် အုပ်စု D နှင့် ဂျာမနီနှင့် ပေါ်တူဂီတို့ ပါဝင်သည့် အုပ်စု G တို့အား မရဏအုပ်စုအဖြစ် သတ်မှတ်ခဲ့ကြသည်။ ယခုနှစ်တွင်မှ ပထမဦးဆုံး အကြိမ် ခြေစစ်ပွဲ အောင်ခဲ့သည့် ဘော့စနီးယား-ဟဇီဂိုဗီနာအသင်းမှာ အာဂျင်တီးနား၊ အီရန်တို့နှင့် တစ်အုပ်စုတည်း ကျရောက် နေသည်။ အုပ်စုမဲခွဲမှုများပြီးဆုံးခဲ့ပြီးနောက် ပါဝင် ယှဉ်ပြိုင်မည့် အသင်းများမှ နည်းပြများ၏ မှတ်ချက်များမှာလည်း ထွက်ပေါ်လာခဲ့သည်။
    “အဖွင့်ပွဲစဉ်ကို ကျွန်တော်တို့ ဂရုစိုက်ရပါမယ်။ ပြီးတော့ ပွဲတိုင်းကို နောက်ဆုံး အခွင့်အရေးပဲလို့ သဘောထားပြီး ကစားရပါမယ် ” (စကိုလာရီ – ဘရာဇီး နည်းပြ)
    “ဒီမနက်ကပဲ ငါတို့ ဟော်လန်အသင်းနဲ့ ကျလိမ့်မယ်လို့ ကျွန်တော်ပြောခဲ့ပါ သေးတယ်။ အခုတော့ ဒီလို ဖြစ်လာပါပြီ။ အဖွင့်ပွဲမှာကန်ရမှာပါ။ ဟော်လန်ကို ကျွန်တော်တို့ အကောင်းဆုံးပုံစံနဲ့ ကစားရပါလိမ့်မယ်” (ဒဲလ်ဘော့စကေး-စပိန်နည်းပြ)
    လက်ရှိချန်ပီယံ စပိန်အသင်း၏မှ အဖွင့်ပွဲစဉ်အဖြစ် ဒုတိယသုံးကြိမ်ရရှိခဲ့သည့် ဟော်လန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
    “အုပ်စုကြပ်ဆိုသာ သံသယဖြစ်စရာမလိုပါဘူး၊ အီတလီနဲ့ ဥရုဂွေးပါနေတဲ့ အတွက် ကျွန်တော်တို့ အုပ်စုမှာ နိုင်ခြေအမြင့်ဆုံးရှိတဲ့ အသင်းနှစ်သင်း ရှိနေသလိုပါပဲ” (ရွိုင် ဟဒ်ဆန်- အင်္ဂလန်နည်းပြ)
    “ဒါဟာ မရဏအုပ်စုဖြစ်ပြီး၊ ခက်ခဲတဲ့အုပ်စုတစ်ခုပါ။ ကျွန်တော်တို့ (ဘရာဇီးကို) သွားရမယ့်ခရီးဟာ ဝေးတဲ့အတွက် ပူပန်မိပါတယ်။ အင်္ဂလန်နဲ့ ပွဲကတော့ တကယ့်ကိုအရေးကြီးမှာပါ။” (ပရန်ဒယ်လီ-အီတလီနည်းပြ)
    ဂျာမနီအသင်းမှာ အုပ်စုတွင်အမေရိကန်အသင်းနှင့်တွေ့ဆုံရမည်ဖြစ်ပြီး အမေရိကန်အသင်း၏ နည်းပြမှာ ယခင်ဂျာမန်နည်းပြဟောင်း ကလင်းစမန်း ဖြစ်သည်။ ဂျာမနီနည်းပြ ဂျိုအာချင်းလိုမှာ တစ်ချိန်က ကလင်းစမန်း၏ လက်အောက်တွင် လက်ထောက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။
    “ဒါဟာ ဘောလုံးလောကရဲ့ရူးနှမ်းတဲ့ ဇာတ်လမ်းတွေထဲက တစ်ခုပါပဲ” ဟု ဂျာမနီအသင်းနှင့် ရင်ဆိုင်ရမည်ကိုရည်ညွှန်း၍ ကလင်းစမန်းက ပြောကြား ခဲ့ပြီး ဂျိုအာချင်းလိုကမူ “မိတ်ဆွေဟောင်းတွေပြန်တွေ့ကြမှာပါ” ဟု မှတ်ချက်ပေးခဲ့သည်။
    “ကျွန်တော်တို့ မရဏအုပ်စုမှာမပါတဲ့အတွက် ကျေနပ်မိပါတယ်။ ပြီးတော့ ကျွန်တော်တို့ ခရီးဝေးလည်းသွားစရာမလိုပါဘူး” (အဲလက်စ် စဘယ်လာ- အာဂျင်တီးနား နည်းပြ)
    အာဂျင်တီးနားအသင်းမျာ ၁၉၇၈နှင့် ၁၉၈၆ ခုနှစ်များတွင် ကမ္ဘာ့ဖလားအား ဆွတ်ခူးရရှိထားပြီး အဖွင့်ပွဲစဉ်တွင် ဘော့စနီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
    “ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့အုပ်စုပါပဲ။ အာဂျင်တီးနားဟာ ကမ္ဘာ့ အင်အားကြီးအသင်းပါ။ ဒါပေမယ့် အီရန်နဲ့ ဘော့စနီးယားတို့ကိုလည်း အထင် သေးလို့ မရပါဘူး” (ဒန်နီယဲလ် အေမိုကာချီ- နိုက်ဂျီးရီယားလက်ထောက် နည်းပြ)
    “မဲခွဲမှုအတွက်ကျေနပ်ပါတယ်။ အခြား အုပ်စုတစ်ချို့မှာ ပိုတောင့်တင်းတဲ့ အသင်းတွေပါဝင်ပါတယ်။ ဘယ်လ်ဂျီယံက လက်ရှိအချိန်မှာ ဥရောပရဲ့ အတောင့်တင်းဆုံးအသင်းတွေထဲက တစ်ခုပါ” (ကာပယ်လို – ရုရှားနည်းပြ)
    Ref : Channelnewsasia
    1
  • နှင်းဆီကုန်း ဘိုးဘွားရိပ်သာ ပျော်ရွှင်ပွဲ နိဗ္ဗာန်ဈေးပွဲတော် ပြုလုပ်
    နှင်းဆီကုန်း ဘိုးဘွားရိပ်သာ ပျော်ရွှင်ပွဲ နိဗ္ဗာန်ဈေးပွဲတော် ပြုလုပ်
    ဒီဇင်ဘာ ၇၊ ၂၀၁၃
    M-Media
    A.N.Lay
    DSC01736
    ရန်ကုန် ။      ။      ရန်ကုန်မြို့ နှင်းဆီကုန်း ဘိုးဘွားရိပ်သာကြီး၏ ၅၂-ကြိမ်မြောက် ပျော်ပွဲရွှင်ပွဲ နိဗ္ဗာန်ဈေးပွဲတော်ကို ယနေ့ နေ့လည် ၁၂း၀၀-နာရီမှစတင်၍ ညနေ ၆း၀၀-နာရီအထိ ရွှေဂုံတိုင်ရှိ နှင်းဆီကုန်းဘိုးဘွားရိပ်သာတွင် ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
    အဖိုးအဖွားများအတွက် ဖျော်ဖြေပွဲများပြုလုပ်ပေးပြီး ဈေးဆိုင်ခန်း ၅၀-၀န်းကျင်မှ စားသောက်ဖွယ်ရာများ၊ စာအုပ်ဆိုင်များ၊ ပန်းချီအရောင်းပြခန်းများ၊ လက်မှုပစ္စည်းအရောင်းများ၊ အ၀တ်အထည်ဆိုင်၊ ကလေးများအတွက် အပျော်တမ်းကစားနည်းများ အစရှိသည့် ဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချကြပြီး ၎င်းရောင်းချရငွေများမှ အချို့အား ဘိုးဘွားရိပ်သာအတွက် ပြန်လည်လှူဒါန်းကြမည်ဖြစ်ပြီး လာရောက် အားပေးသူများနဲ့ စည်ကားလျက်ရှိပြီး နိုင်ငံခြားသားများလည်း လာရောက်လေ့လာလျက်ရှိတာ တွေ့ရှိရပါတယ်။
  • ဒီဇင်ဘာ ၇၊ နိုင်ငံတကာသတင်း စုစည်းမှု
    ဒီဇင်ဘာ ၇၊ ၂၀၁၃
    M-Media
    ထိုင်းဆန္ဒပြမှုများ ပြန်စမည်
    ထိုင်းဘုရင် ဘူမိဘော၏ မွေးနေ့ကျင်းပရန်အတွက် ရပ်နားထားသည့် အစိုးရ ဆန့်ကျင် ဆန္ဒပြမှုများကို ထိုင်းအတိုက်အခံများက ပြန်လည်လုပ်ဆောင်ရန် ပြင်ဆင် နေသည်ဟု သိရသည်။ မွေးနေ့အခမ်းအနားတွင် ဘူမိဘောက တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံသားအားလုံး အတူတကွလုပ်ဆောင်ရန် မိန့်ကြားခဲ့ သော်လည်း လက်ရှိဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်ထရာမှာ အကိုဖြစ်သူ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ၏ လွှမ်းမိုးမှုများရှိနေသည်ဟု အတိုက်အခံများက ယုံကြည်နေကြပြီး ယင်းလပ်ဦးဆောင်သည့် အစိုးရအား ဖြုတ်ချရန်အတွက် ရည်ရွယ်ထားကြသည်။
    သို့သော် ၀န်ကြီးချုပ်ယင်းလပ်က တိုင်းပြည်ငြိမ်းချမ်းရေးအတွက် မည်သည့်အရာကိုမဆို ပြုလုပ်မည်ဟု ပြောကြားထားသော်လည်း အတိုက်အခံဘက်မှ တောင်းဆို ထားသည့် ရာထူးမှနှုတ်ထွက်ရေးနှင့် ကြားဖြတ်အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းရေးကိုမူ အခြေခံဥပဒေနှင့် မကိုက်ညီသည့်အတွက် လုပ်ဆောင်ပေးမည်မဟုတ်ကြောင်း စောစောပိုင်းက ပြောကြားထားသည်။ တစ်လတာကြာမြင့်ခဲ့သည့်ဖြစ်သည့် ထိုင်းနိုင်ငံ၏ အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုအတွင်း အနည်းဆုံး လူ ၃ ဦးခန့်သေဆုံးခဲ့ပြီး လူ ၂၀၀ ကျော်ဒဏ်ရာရရှိခဲ့သည်။
    Ref : Aljazeera
    201312615017962734_20________________________
    အမေရိကန် စစ်သားဟောင်းအား မြောက်ကိုရီးယားပြန်လွှတ်ပေး
    နိုင်ငံအတွင်း ရန်လိုသောအပြုအမူများကိ ပြုလုပ်သည်ဟူသော စွဲချက်ဖြင့် တစ်လကျော်ကြာ ဖမ်းဆီးထိန်းသိမ်းထားသည့် အသက် ၈၅ နှစ်အရွယ် အမေရိကန် စစ်သားဟောင်း မာရီလ် အီး နယူးမန်းကို မြောက်ကိုရီးယားက နိုင်ငံအတွင်းမှ နှင်ထုတ်လိုက်သည်ဟု သိရသည်။ ၁၉၅၀-၅၃ ခုနှစ် ကိုရီယားစစ်ပွဲတွင် အမေရိကန်အထူးတပ်ဖွဲ့၌ တာဝန်ထမ်းဆောင်ခဲ့သည့် နယူးမန်းက သူ၏လုပ်ဆောင်မှုများအတွက် မှားယွင်းကြောင်း ၀န်ခံခဲ့ပြီး၊ ပြန်လည်တောင်းပန်ခဲ့သောကြောင့် ထိုကဲ့သို့ လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင် KCNA သတင်းဌာနက ဒီကနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
    Ref : Aljazeera
    ________________________
    ဥရောပရာသီဥတုဆိုးရွားမှုကြောင့် သေဆုံးသူ ၁၀ ဦးအထိ ရှိလာ
    ဆိုးရွားသော ရေခဲဆီးနှင်း ကျဆင်းမှုများနှင့် ဟာရီးကိန်းမုန်တိုင်းငွေ့အသက်ပါသည့် လေများတိုက်ခတ်မှုကြောင့် ဆွီဒင်နိုင်ငံအလယ်ပိုင်းတွင် ယမန်နေ့က အသက်ကြီး အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး၊ အမျိုးသားတစ်ဦးမှာလည်း သစ်ပင်ပိ၍ သေဆုံးခဲ့သည်ဟု သိရသည်။ ထို့ကြောင့် ဥရောပမြောက်ပိုင်းနိုင်ငံများတွင် ယခုတစ်လော ဖြစ်ပွားလျက်ရှိသည့် ရာသီဥတုဆိုးဝါးမှုများကြောင့် သေဆုံးသူမှာ ၁၀ ဦးအထိ ရှိလာပြီဖြစ်ပြီး လူရာပေါင်းများစွာမှာ လျှပ်စစ်ဓာတ်အားပြတ်တောက်ခြင်း၊ ကားလမ်း၊ ရထားလမ်းများ ပိတ်ဆို့ခြင်း၊ လေယာဉ်ခရီးစဉ်များ ရပ်ဆိုင်းထားရခြင်းနှင့် ကြုံတွေ့နေရသည်။
    Ref : ChannelNewsAsia
    ________________________
    ကလေးတစ်ယောက်ပေါ်လစီအား ချိုးဖောက်မှုနှင့် ပက်သက်၍ တရုတ်နာမည်ကြီး ဒါရိုက်တာတစ်ဦး တရားစွဲဆိုခံရ
    တရုတ်နာမည်ကြီး ရုပ်ရှင်ဒါရိုက်တာဖြစ်ပြီး ၂၀၀၈ ဘေဂျင်းအိုလံပစ် ဖွင့်ပွဲနှင့် ပိတ်ပွဲတို့ကို တာဝန်ယူဆောင်ရွက်ခဲ့သူ Zhang Yimou မှာ တိုင်းပြည်၏ ကလေးတစ်ယောက်ပေါ်လစီအား ချိုးဖောက်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် ကန်ဒေါ်လာ ၁၆၄ သန်း ဒဏ်ငွေပေးဆောင်ရမည့် တရားစွဲဆိုမှုနှင့် ရင်ဆိုင်နေရကြောင်း ၎င်း၏ ရှေ့နေဖြစ်သူက ယမန်နေ့တွင်ပြောကြားခဲ့သည်။
    Zhang အား နိုင်ငံတောင်ပိုင်း Wuxi မြို့ရှိ ပြည်သူ့တရားရုံးတွင် တရားစွဲဆိုထားခြင်းဖြစ်သည်ဟု ထိုတရားစွဲဆိုမှုနောက်တွင် ပါဝ်နေသည့် ရှေ့နေတစ်ဦးက ပြောကြားခဲ့သည်။ ထိုမြို့မှာ Zhang ဇနီးဖြစ်သူ၏ နေရပ်လည်းဖြစ်သည်။ ထိုအမှုအားရှုံးနိမ့်ခဲ့ပါက Zhang မှာ ယွမ်ငွေ ၁ ဘီလီယံ (ကန်ဒေါ်လာ ၁၆ သန်း)ခန့်ကို ဒဏ်ကြေးအဖြစ်ပေးဆောင်ရမည်ဖြစ်သည်။
    Zhang မှာ အခြားအမျိုးသမီးများစွာနှင့် သားသမီး ၇-ယောက်ခန့်ရှိသည်ဟု ကေလဟာလများမှာ လွန်ခဲ့သည့် လများစွာကပင်ပျံ့နှံ့ခဲ့ပြီး Zhang က ၎င်း အနေဖြင့် လက်ရှိဇနီးဖြစ်သူနှင့် သားနှစ်ယောက်၊ သမီးတစ်ယောက်သာ ရှိသည်ဟု ဆိုရှယ်မီဒီယာမှတစ်ဆင့် ယနေ့တွင်ပြောကြားခဲ့သည်။
    ၁၉၇၀ ခုနှစ်များက ပြဌာန်းခဲ့သည့် တရုတ်နိုင်ငံ၏ ကလေးတစ်ယောက်ဥပဒေမှာ တရုတ်နိုင်ငံသားများအပါအ၀င် လူအများအပြား၏ဝေဖန်မှုကိုခံနေရသည်။ ထိုဥပဒေအရ ကလေးတစ်ယောက်ထက်ပိုယူပါက နိုင်ငံတော်အား ဒဏ်ကြေးပေးဆောင်ရပြီး တရုတ်နိုင်ငံရှိ ငွေကြေးချမ်းသာသူများမှာ နိုင်ငံတော်အား ဒဏ်ကြေးပေးဆောင်ကာ ကလေးတစ်ဦးထက်ပိုယူကြသည်။
    Ref : ChannelNewsAsia
    ________________________
    ထိန်းသိမ်းထားသည့် အမေရိကန် စစ်သားဟောင်းကို မြောက်ကိုရီးယား နိုင်ငံမှ နှင်ထုတ်
    နိုင်ငံအတွင်း ရန်လိုသောအပြုအမူများကို ပြုလုပ်သည်ဟူသော စွဲချက်ဖြင့် တစ်လကျော်ကြာ ဖမ်းဆီးထိန်းသိမ်းထားသည့် အသက် ၈၅ နှစ်အရွယ် အမေရိကန် စစ်သားဟောင်း မာရီလ် အီး နယူးမန်းကို မြောက်ကိုရီးယားက နိုင်ငံအတွင်းမှ နှင်ထုတ်လိုက်သည်ဟု သိရသည်။ ၁၉၅၀-၅၃ ခုနှစ် ကိုရီယားစစ်ပွဲတွင် အမေရိကန် အထူးတပ်ဖွဲ့၌ တာဝန်ထမ်းဆောင်ခဲ့သည့် နယူးမန်းက သူ၏လုပ်ဆောင်မှုများအတွက် မှားယွင်းကြောင်း ၀န်ခံခဲ့ပြီး၊ ပြန်လည်တောင်းပန်ခဲ့သောကြောင့် ထိုကဲ့သို့ လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင် KCNA သတင်းဌာနက ဒီကနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
    Ref : Aljazeera
    ________________________
    ယူကရိန်းပြည်တွင်းရေး စွက်ဖက်သည်ဟုဆိုကာ ဂျာမနီနိုင်ငံခြားရေးဝန်ကြီးအား ရုရှားဝန်ကြီးချုပ် ဝေဖန်ပြစ်တင်
    ယူကရိန်းနိုင်ငံ၏  ပြည်တွင်းရေးကိစ္စများကို စွက်ဖက်သည်ဟု ဆိုကာ ကိဗ်မြို့သို့ အလည်အပတ်ရောက်ရှိနေသည့် ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဂွီဒို ၀က်စတာဝဲလ်အား ရုရှားဝန်ကြီးချုပ် ဒီမီထရီ မက်ဗီဒက်က ပြင်းထန်စွာ ဝေဖန်ပြစ်တင်လိုက်သည်။ ဂျာမန်နိုင်ငံခြားရေးဝန်ကြီးမှာ ဥရောပလုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OSCE ၏ ညီလာခံအတွက် ကြာသာပတေးနေ့က ယူကရိန်းနိုင်ငံသို့ ရောက်ရှိနေခဲ့ပြီး ဆန္ဒပြမှုများဖြစ်ပွားနေသည့် ကိဗ်မြို့သို့ အတိုက်အခံခေါင်းဆောင်များနှင့်အတူ သွားရောက်ခဲ့သည်။
    Ref : Press TV
    ________________________
    ဂျာမန်ဝန်ကြီးချုပ်အား အီတလီ ဆက်သွယ်ရေးလိုင်းများကို ပစ်မှတ်ထား စောင့်ကြည့်ခဲ့ကြောင်း အီတလီအပတ်စဉ်ထုတ်မဂ္ဂဇင်းတွင် ဖော်ပြ
    ဂျာမန်ဝန်ကြီးချုပ် အိန်ဂျလာ မာကယ်အား လျှို့ဝှက်ထောက်လှမ်းခဲ့သည့် အမေရိကန်၏ အထူးစုဆောင်းရေးအဖွဲ့ (Special Collection Service) ၏ ရောမနှင့် မီလန်တို့တွင်ရှိသည့် ရုံးခန်းများမှ အီတလီနိုင်ငံ၏ ဆက်သွယ်ရေးဆိုင်ရာလိုင်းများကို ပစ်မှတ်ထားစောင့်ကြည့်ခဲ့သည်ဟု အီတလီ အပတ်စဉ်ထုတ်မဂ္ဂဇင်း l’Espresso တွင် ရေးသားဖော်ပြခဲ့သည်။ နောက်ဆုံး ပေါ်ထွက်လာသည့်ထိုသတင်းအား အမေရိကန်မှ နိုင်ငံရေးနှင့်ပက်သက်သည့် ဂျာလစ်ဖြစ်သူ Glenn Greenwald ကရေးသားခဲ့ခြင်းဖြစ်သည်။ အမေရိကန်အမျိုးသားလုံခြုံရေးအေဂျင်စီမှ ပြုလုပ်ခဲ့သော အဆိုပါ စောင့်ကြည့်ထောက်လှမ်းမှုအတွင်း အီတလီခေါင်းဆောင်များပါဝင်ခဲ့ပြီး ၁၉၈၈ ခုနှစ်မှ အနည်းဆုံး ၂၀၁၀ ခုနှစ်အထိတိုင် ပြုလုပ်ခဲ့သည်ဟု ဖော်ပြထားသည်။
    Ref : RT
    ________________________
    နှစ်နိုင်ငံစီးပွားရေးဆောင်ရွက်မှု တိုးမြှင့်နိုင်မည့် စင်္ကာပူ-မလေးရှား အမြန်ရထားလမ်းဖောက်လုပ်မည်
    ကွာလာလမ်ပူ-စင်ကာပူတို့ကို ဆက်သွယ်ပြေးဆွဲမည့် မြန်နှုန်းမြင့် ရထားလိုင်းတစ်ခုအား ဖောက်လုပ်ရန်အစီအစဉ်အား ဆွေးနွေးရန်နှင့် လိုအပ်သည်များကို ပူးပေါင်းလုပ်ဆောင်ရန်အတွက် အဖွဲ့တစ်ခုကို မလေးရှားနှင့် စင်ကာပူနိုင်ငံတို့ ပူးပေါင်းဖွဲ့စည်းရန် သဘောတူညီခဲ့သည်ဟု စင်ကာပူ ပို့ဆောင်ရေးဝန်ကြီးဌာနက ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ ထိုအမြန်ရထားလမ်းအား ဖောက်လုပ်နိုင်ခဲ့ပါက နှစ်နိုင်ငံ စီးပွားရေးဆောင်ရွက်မှုများကို တိုးမြှင့်နိုင်မည်ဖြစ်ပြီး နှစ်နိုင်ငံပြည်သူများမှာလည်း ပိုမိုနီးကပ်လာမည်ဟု သတင်းထုတ်ပြန်မှုတွင် ထည့်သွင်းဖေါ်ပြထားသည်။
    Ref : Xinhua
    ________________________
    ၂၀၁၄ ခုနှစ် အား ပါလက်စတိုင်းပြည်သူများနှင့်အတူ စည်းလုံးညီညွတ်မှုရှိသောနှစ်အဖြစ် သတ်မှတ်
    ၂၀၁၄ ခုနှစ်အား ပါလက်စတိုင်းပြည်သူများနှင့်အတူ စည်းလုံးညီညွှတ်မှုရှိသောနှစ် (Year of Solidarity with the Palestinian People) အဖြစ် သတ်မှတ်သည့် သဘောတူညီချက်တစ်ခုအား ကုလသမ္မဂက နိုဝင်ဘာ ၂၇ ရက်နေ့တွင် အတည်ြပုခဲ့သည်ဟုသိရသည်။
    ကျေးဇူးတော်ချီးမွမ်းပွဲမတိုင်မီ လေးရက်အလိုတွင် ပြုလုပ်ခဲ့သည့် နိုင်ငံတကာ စည်းလုံးညီညွတ်မှုနေ့တွင် သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ထိုကဲ့သို့ သတ်မှတ်ခဲ့ခြင်းက လာမည့်နှစ်များတွင် အစိုးရများ၊ အစိုးရမဟုတ်သူများနှင့်အတူ ထူးခြားသောလှုပ်ရှားမှုကို ပြုလုပ်နိုင်လိမ့်မည်ဟု ကုလသမ္မဂ္ဂက ထည့်သွင်းပြောကြားခဲ့သည်။
    Ref :  The Blaze
    ________________________
    ကုလလုံခြုံရေးကောင်စီ အမြဲတမ်းမဟုတ်သည့် အဖွဲ့ဝင်အဖြစ် ဂျော်ဒန်နိုင်ငံအား ရွေးချယ်
    ဂျော်ဒန်နိုင်ငံအား ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အမြဲတမ်းမဟုတ်သည့် အဖွဲ့ဝင်အဖြစ် ယမန်နေ့က ရွေးချယ်ခဲ့သည်ဟု သိရသည်။ ထိုနေရာအတွက် အောက်တိုဘာလအတွင်း ဆော်ဒီအာရေဗျနိုင်ငံအား ရွေးချယ်ခဲ့သော်လည်း လုံခြုံရေးကောင်စီအနေဖြင့် ဆီရီးယားအရေးအား ပြေလည်အောင် ဖြေရှင်းမပေးနိုင်ဟုဆိုကာ ငြင်းပယ်ခဲ့သောကြောင့် ယမန်နေ့က မဲပြန်ခွဲခဲ့ခြင်းဖြစ်ပြီး ထောက်ခံမဲ ၁၇၈ မဲဖြင့် ဂျော်ဒန်နိုင်ငံက ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။
    Ref : English Alarabiya
    ________________________