News @ M-Media

Blog

  • ဒီဇင်ဘာ ၄၊ နိုင်ငံတကာ သတင်းစုစည်းမှု

    ဒီဇင်ဘာ ၄၊ ၂၀၁၃
    M-Media

    မြောက်ကိုရီးယား ခေါင်းဆောင် ဦးလေးဖြစ်သူကို ရာထူးမှ ဖယ်ရှား

    – မြောက်ကိုရီယား ခေါင်းဆောင် ကင်ဂျုံအွန်မှာ အမျိုးသားကာကွယ်ရေး ကော်မရှင် ဥက္ကဌအဖြစ် တာဝန် ထမ်းဆောင်နေသည့် ဦးလေးဖြစ်သူ ဂျန်ဆွန်ထက်ကို ရာထူးမှ ဖယ်ရှားလိုက်သည်ဟု တောင်ကိုရီးယား ထောက်လှမ်းရေးများမှ ပြောကြားခဲ့သည်။

    ဂျန်ဆွန်ထက်မှာ ကွယ်လွန်သူ မြောက်ကိုရီးယားခေါင်ဆောင်ဟောင်း ကင်ဂျုံအီ ညီမဖြစ်သူ၏ ခင်ပွန်းဖြစ်ပြီး မြောက်ကိုရီးယား နိုင်ငံရေး လောကတွင် အာဏာအရှိဆုံး လူများထဲမှ တစ်ဦးလည်းဖြစ်သည်။

    ထို့ပြင် ကင်ဂျုံနှင့်အတူ အမြဲတွေ့ရလေ့ရှိပြီး၊ ကင်ဂျုံအွန်အား ကြိုးကိုင်နေသူအဖြစ် လူအချို့က ပြောဆိုကြသည်။ တောင်ကိုရီးယား ထောက်လှမ်းရေးမှ သိရှိရသည့် ထိုသတင်းမှာ အမှန်ဖြစ်ပါက မြောက်ကိုရီးယား၏ အာဏာရှင်အ သစ် လက်ထက် အကြီးဆုံး ရာထူး အပြောင်းအရွှေ့ဖြစ်လာမည်ဖြစ်သည်။
    Ref: aljazeera

    File photo shows North Korean leader Kim Jong-un, with his uncle Jang Song-thaek in Pyongyang———————————————-

    – အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်သည့် ကွန်ဂိုနိုင်ငံတွင် ကုလသမဂ္ဂငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်ဖွဲ့မှ ဒရုန်းလေယာဉ်များအား စတင်အသုံးပြုတော့မည်ဟု သိရသည်။ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ရ၀မ်ဒါ၊ ယူဂန်ဒါ နိုင်ငံတို့၏ နယ်စပ်များနှင့် သယံဇာတ်ပေါ်ကြွယ်ဝသော ကွန်ဂိုနိုင်ငံ အရှေ့ပိုင်းအား ပြည်တွင်းပြည်ပမှ လက်နက်ကိုင်အဖွဲ့များမှ ခြိမ်းခြောက်ခြင်းကို စောင့်ကြည့်ရန် အတွက်ဖြစ်ပြီး ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့များအနေဖြင့် လူမဲ့လေယာဉ်များကို ပထမဆုံး အသုံးပြုခြင်းလည်းဖြစ်သည်။
    ———————————————-
    – မလေးရှားနိုင်ငံ ဂျိုဟိုး၊ ပါဟန်းနှင့် တရန်ဂနူပြည်နယ်များတွင် မိုးများဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးမှုမှာ ပိုမိုဆိုးဝါးလျက်ရှိပြီး ထိုဒေသရှိပြည်သူများအား ရေဘေးကာကွယ်ရေး စခန်းများသို့ ယမန်နေ့ညက ပြောင်းရွှေ့ပေးနေရသည်ဟု သိရသည်။
    ———————————————-
    အာရာဖတ်မှာ အဆိပ်ကြောင့် သေဆုံးခဲ့ခြင်းမဟုတ်ဟု ပြင်သစ် သိပ္ပံပညာရှင်များဆို

    ရာဇာအာရာဖတ်မှာ အဆိပ်ကြောင့် သေဆုံးခဲ့ခြင်းမဟုတ်ဘဲ သဘာဝအလျောက် သေဆုံးခဲ့ခြင်းသည်ဖြစ်သည်ဟု ထိုကိစ္စအား စုံစမ်းစစ်ဆေးမှုများပြုလုပ်နေသည့် ပြင်သစ်သိပ္ပံပညာ ရှင်များက ပြောကြားလိုက်သည်။

    ယမန်နေ့က ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ပြောကြားလိုက်ခြင်းဖြစ်ပြီး စောစောပိုင်းက စစ်ဆေးမှုများတွင် အာရာဖတ်၏ ခန္ဓာကိုယ်၌ ပိုလိုနီယမ် ဓာတ်သတ္ထုတွေ့ရှိခဲ့သော်လည်း နောက်ဆုံး စစ်ဆေးမှုများအရ သဘာဝအတိုင်းသေဆုံးခြင်းဖြစ်သည်ဟု ရေးသားဖော်ပြထားသည်။ သို့သော် မည်သည့်ရောဂါကြောင့် သေဆုံးရသည်ကို မပြောခဲ့ပေ။ ထိုရလဒ်မှာ ယခင်ကဆွစ်ဇာလန် သိပ္ပံပညာရှင်များ၏ စစ်ဆေးမှုမှ ထွက်ပေါ်လာသည့် ရလဒ်နှင့်လည်း တူညီနေသည်။

    အာရာဖတ်မှာ အသက် ၇၅ နှစ်အရွယ် ၂၀၀၄ ခုနှစ် နိုဝင်ဘာလက ပဲရစ်မြို့ရှိ စစ်ဆေးရုံတွင် ရုတ်တရတ် ကျန်းမာရေး ဆိုးရွားကာ သေဆုံးခဲ့ရခြင်းဖြစ်ပြီး၊ ပါလက်စတိုင်းအများစုက အစ္စရေး၏ အဆိပ်ခပ် လုပ်ကြံမှုကြောင့် သေဆုံးခဲ့ရသည်ဟု ယုံကြည်နေကြသည်။

    ———————————————-

    – လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာအဖွဲ့မှ အကြီးတန်းခေါင်းဆောင်တစ်ဦးမှာ ဘေရွတ်မြို့ရှိ ၎င်း၏နေအိမ်အပြင်ဘက်တွင် လုပ်ကြံခံခဲ့ရသည်ဟု သိရသည်။ ဟာဆန်အလ် လကွစ်ဟု အမည်ရသည့် ထိုသူမှာ အလုပ်မှနေအိမ်သို့ ကားဖြင့်ပြန်လာစဉ် အိမ်အပြင်ဘက်၌ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်။ ထိုသတင်းအား ဟစ်ဇ်ဘိုလာအဖွဲ့မှလည်းအတည်ပြုခဲ့ပြီး အစ္စရေးက လုပ်ကြံခြင်းဖြစ်သည်ဟု စွပ်စွဲခဲ့ကာ အစ္စရေးက ထိုစွပ်စွဲမှုအား ငြင်းဆိုခဲ့သည်။
    ———————————————-
    – အလွန့်လွန် အန္တရာယ်ရှိသည့် ရေဒီယိုသတ္တိကြွ ပစ္စည်းများတင်ဆောင်ထားသည့် ထရပ်ကားတစ်စီးမှာ မက္ကဆီကိုမြာက်ပိုင်းရှိ Tijuana မြို့တွင် အခိုးခံခဲ့ရသည့် နိုင်ငံတကာနျူးကလီးယားအေဂျင်ဆီက ယနေ့တွင်ပြောကြားလိုက်သည်။ အဆိုပါထရပ်ကားမှာ ရေဒီယိုသတ္တိကြွပစ္စည်းများကို ဆေးရုံတစ်ခုမှ စွန့်ပစ်ပစ္စည်းများသိုလှောင်ရာစခန်းသို့ ပို့ဆောင်နေစဉ် အခိုးခံခဲ့ရခြင်းဖြစ်သည်။ ထိုပစ္စည်းများကို dirty bomb ဟု ခေါ်သည့် နျူလက်နက်တစ်မျိုးထုတ်လုပ်ရာတွင် အသုံးပြုနိုင်သောကြောင့် မက္ကဆီကိုအစိုးရအနေဖြင့် သတင်းစာရှင်းလင်းပွဲလုပ်ကာ ပြည်သူများအား အသိပေးနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။
    ———————————————-
    – ဘုရင်ကြီး၏ မွေးနေ့ကျင်းပရန် တစ်နိုင်ငံလုံးတွင် ပြင်ဆင်နေသောကြောင့် အစိုးရဆန့်ကျင်ဆန္ဒပြသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှာ ယာယီငြိမ်းချမ်းရေး သဘောတူညီချက်ကို ပြုလုပ်ခဲ့ကြသည်ဟုသိရသည်။ ဘုရင်ကြီး ဘူမိဘော၏ ၈၆ နှစ်မြောက်မွေးနေ့မှာ မနက်ဖြန်တွင် ကျရောက်မည်ဖြစ်သောကြောင့် မွေးနေ့ပွဲ ကျင်းပပြုလုပ်မည့် ဘန်ကောက်မြို့ရှိ ဒီမိုကရေစီအထိမ်းအမှတ်ကျောက်တိုင်ဧရိယာအား ဘန်ကောက်မြို့ တာဝန်ရှိသူများနှင့် ပူပေါင်းကာ ဆန္ဒပြသူများက သန့်ရှင်းရေးပြုလုပ်နေကြသည်။ ထိုနေရာမှာ ယင်းလပ်ဦးဆောင်သည့် အစိုးရအဖွဲ့အား ဆန့်ကျင်ဆန္ဒပြခဲ့ကြသည့် ဗဟိုချက်လည်းဖြစ်သည်။
    ———————————————-
    – ဗီယက်နမ် နိုင်ငံမှာ အာရှရှိ သက်ကြီးရွယ်အို လျင်မြန်စွာတိုးတက်သည့် နိုင်ငံများထဲတွင် ပါဝင်လာပြီး တစ်ကမ္ဘာ့လုံး အတိုင်းအတာနှင့် အဆင့် ၅ နေရာတွင်ရှိနေသည်။ ၂၀၁၂ ခုနှစ်က ဗီယက်နမ်နိုင်ငံသား ၁၁ ဦးတွင် ၁ ဦးမှာ အသက်အရွယ်ကြီးရင့်သူဖြစ်နေပြီး ၂၀၂၉ တွင် ၆ ဦးတွင်တစ်ဦး ၂၀၄၉ တွင် ၄ ဦးတွင် ၁ ဦးဖြစ်လာဖွယ်ရှိသည်ဟု ဗီယက်နမ် ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
    ———————————————-
    – နိုင်ငံ၏ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးပေါ်လစီများကို ကိုင်တွယ်ရာတွင် ၀န်ကြီးချုပ်ရုံး၏ ဦးဆောင်မှုအား မိုမိုအားကောင်းစေမည့် အမျိုးသားလုံခြုံရေးကောင်စီကို ဂျပန်နိုင်ငံက ယနေ့တွင် ဖွဲ့စည်းခဲ့သည်ဟု သိရသည်။ ထိုကောင်စီအား အမေရိကန်နိုင်ငံ၏ ပုံစံဖြင့်ဖွဲ့စည်းထားခြင်းဖြစ်ပြီး ၀န်ကြီးချုပ်ရှင်ဇိုအားဘေး၏ အဓိက မဏ္ဍိုင်များထဲမှ တစ်ခုဖြစ်သည့် နိုင်ငံ၏ ကာကွယ်ရေးစနစ်ကို ပြင်ဆင်ရန်နှင့် ဂျပန်ကာကွယ်ရေး တပ်မတော်၏  စွမ်းရည်အား တောင့်တင်းစေရန် ဆောင်ရွက်နိုင်မည်ဖြစ်သည်။

  • သောက်စားမူးယစ်ပြီး လူအများ အပေါ် အနှောင့်အယှက်ဖြစ်စေခြင်းကို ချုပ်ကိုင်တော့မည့် စင်ကာပူ အစိုးရ၏ ပေါ်လစီ

    ဒီဇင်ဘာ ၄ ၊ ၂၀၁၃
    M-Media

    20131126_drunk

    (HDB)အိုးအိမ်ဖွံ့ဖြိုးရေးဌာနပိုင် တိုက်ခန်းများတွင် နေထိုင်သူတို့ကြုံတွေ့ခံစားခဲ့ရသော မူးယစ် သောက်စားသူတို့၏ အနှောင့်အယှက် အသံဆိုးအသံကြောင်များကို ထိန်းချုပ်တော့မည့် နည်းလမ်းကို ရှာကြံပေးခြင်းဖြင့် လူအများကောင်းမွန်စွာ အိပ်စက်နိုင်ကြပါတော့မည်။

    အစိုးရသည် အများပြည်သူနှင့် သက်ဆိုင်သောနေရာ အများကို အရက်သေစာမရှိရဇုံ(နယ်မြေ)များ အဖြစ် သတ်မှတ်ရန်နှင့် အရက်ရောင်းချသော အချိန်ကို လျှော့ချ သတ်မှတ်ခြင်းဖြင့် အရက်သေစာ သောက်စားမှုကို ချုပ်ကိုင်ရန်နည်းလမ်းရှာဖွေနေပါသည်။ ပြည်ထဲရေး ၀န်ကြီးဌာန(MHA)မှ ပြည်သူလူထု၏ သဘောထားတုံ့ပြန်ချက် ရယူရန် ပြည်သူ့စစ်တမ်းကောက်ယူရေးဌာနမှ အချိန်ကာလ (၅)ပတ်ခန့် အချိန်ယူပြီး ပြည်သူ့သဘောထားများနှင့် အစိုးရ၏ မူဝါဒပေါင်းစပ်ပြီး မူဝါဒချမှတ်ရန် ဆောင်ရွက်နေပါသည်။

    ပထမစဉ်းစားမည့်အချက်မှာ အများပြည်သူနေရာများဖြစ်သောအစိုးရတိုက်ခန်းများ၏ အောက်ဆုံး အထပ်များ(Void Decks)၊ MRTရထားဘူတာ အနီး ပတ်ဝန်းကျင်နေရာများနှင့် အားကစားကွင်း များတွင် အရက်သေစာလုံးဝမရှိရ နယ်မြေများအဖြစ် သတ်မှတ်ရန်ဖြစ်ပြီး စင်ကာပူမြစ်ကို ဖြတ်ကျော် တည်ဆောက်ထားသော တံတားများ၏ အနီးအနားနေရာများ၌ လူငယ်များ အများအားဖြင့် စုစည်းပြီး အရက်သေစာသောက်စားလေ့ရှိပြီး ယာယီ အရက်သေစာမရှိရ နယ်မြေအဖြစ် သတ်မှတ်မည်ဖြစ်ပါသည်။ ဤသို့ပြုလုပ်ခြင်းကြောင့် တာပန်ရှိ အရာရှိများက အရက်သေစာသောက်စားသူများကို ဖယ်ရှားရှင်းလင်း နိုင်ခွင့် အာဏာရရှိလာမည်ဖြစ်သည်။ အကယ်၍အဆိုပါနေရာများတွင် အခြေအနေကောင်းမွန်လာပါက တားမြစ်ချက်များကို ပြန်လည် ရုပ်သိမ်းနိုင်ပါမည်။

    (MAH)၏ နောက်ထပ် အဆိုပြုချက်တစ်ရပ်မှာ လက်လီဆိုင်ငယ်များတွင် အရက်ရောင်းချချိန်ကို လျှော့ချပါက ထိုနေရာများတွင် ဈေးပေါသောအရက်များကို ၀ယ်ယူသောက်သုံးသူများလျှော့ချနိုင်မည်ဟု ဆိုပါသည်။ (နောက်နေ့Facebook တွင် သဘောတား တင်သူအချို့က ကြိုတင် ၀ယ်ယူထားပြီး သောက်သုံး နိုင်ကြောင်း တင်ပြထားကြပါသည်။)

    အရက်ရောင်းချသောအချိန်ကို ကန့်သတ်လျှော့ချခြင်းကို စူပါမားကက်မှ စတင်၍ လမ်းဘေး လက်လီဆိုင်များအထိ သတ်မှတ်ကန့်သတ်ပြဿနာဖြစ်သည့်နေရာများတွင် ချမှတ်ပါမည်၊ လူထုအနေဖြင့် အချိန် ကန့်သတ်ချက်ကို နိုင်ငံအ၀ှမ်း(သို့မဟုတ်) သတ်မှတ်နေရာများတွင် ချမှတ်သင့်ကြောင်းနှင့် မည်သို့ သတ်မှတ်သင့်ကြောင်း တင်ပြကြရန် ဖော်ပြထားပါသည်။

    လက်ရှိအနေဖြင့် အန်မိုကိုနှင့် အော်ခတ်ကဲ့သို့သောဒေသများနှင့် ဈေးဝယ်သူများနှင့်ပြည့်နှက် နေသည့်နေရာများတွင် အချိန်ပြည့် အရက်ရောင်းချရန် လိုင်စင်လျှောက်ထား ခွင့်ရှိနေပါသည်။ တန်ဂျွန်ပါဂါ ကဲ့သို့လူနေအိမ်နှင့် စီးပွားရေး အဆောက်အဦးများရောပြွန်းနေသောနေရာများတွင် နံနက်(၆)နာရီမှ နံနက် (၃)နာရီအထိ ရုံးဖွင့်ရက်များတွင်လည်းကောင်း နံနက်(၆)နာရီမှ နောက်နေ့နံနက်(၄)နာရီအထိ ရုံးပိတ်ရက် များတွင် ရောင်းချခွင့်ပြုနိုင်ပါသည်။

    (MAH)အနေဖြင့် ဤသဘောထားပြောင်းလဲတင်ပြချက်ကို လွှတ်တော် ကိုယ်စားလှယ်များနှင့် ရပ်ကွက် အတွင်းနေထိုင်သူတို့၏ ထုတ်ပြန်ချက်(Feedback)များပေါ်တွင် မူတည် စဉ်းစားခဲ့ကြောင်း (MAH) ၏ ယမန်နေ့က ထုတ်ပြန်ခဲ့သော သတင်း ထုတ်ပြန်ချက်ပေါ်တွင် ဖော်ပြထားခဲ့ပါသည်။ ရော်ဘင်ဆင်မြစ်ဆိပ် တံတားနှင့် လစ်တဲလ်အိန္ဒိယ နယ်မြေ အနီးအနားတွင် နေထိုင်သောပြည်သူအများက ဈေးပေါသောအရက် များကို လွယ်ကူစွာ ၀ယ်ယူရရှိမှုသည် လုံခြုံရေးဆိုင်ရာနှင့် လူအများ၏ ငြိမ်းချမ်းစွာနေထိုင်လိုမှုကို ညဖက် သောက်စားမူးယစ်သူတို့က ဖျက်လိုဖျက်ဆီးလုပ်နေကြောင်းတင်ပြခဲ့ကြပါသည်။

    (MAH)၏ သတင်းဖော်ပြချက်တွင် ဆက်လက်ဖော်ပြရာတွင် အရက်အလွန်အကျွံ သောက်သုံးမှုသည် သရုပ်ပျက်အမူအရာ၊ ရန်ဖြစ်ခြင်း၊ ဆူညံခြင်းနှင့် အမှိုက်သရိုက်များ စည်းကမ်းမဲ့စွာ စွန့်ပစ်ခြင်းကို ဖြစ်ပေါ်စေကြောင်း၊ သို့ဖြစ်၍အရက်သောက်စားမှုကြောင့် အကျိုးမဲ့စေသောဖြစ်ရပ်များက လူအများအပေါ် မထိခိုက်ရန်စည်းကမ်းများသတ်မှတ်ရန်လိုအပ်ကြောင်း ဖော်ပြထားသည်။

    ဆီလီဂျီအိမ်ယာအတွင်းနေထိုင်သူ ရှုဖန်ဟွေ(၂၃)နှစ်က ပြောကြားရာတွင် ရဲများကို မကြာခဏ ခေါ်ယူကာ အကူအညီတောင်းခံနေရကြောင်း၊ အရက်ရောင်းချသည့် အချိန်လျှော့ချခြင်းကို ထိခိုက်မည် မဟုတ်ကြောင်း၊ ကြိုတင်ဝယ်ယူထားနိုင်ကြောင်း မိမိလေ့လာထားသည်ဟု ဆိုပါသည်။ လစ်တဲလ်အိန္ဒိယ တွင် နေထိုင်သူမဒမ်လော လူကမူ ရုံးပိတ်ရက်များတွင် အစိုးရအိမ်ယာ အနီးအနားရှိ မြက်ခင်းပြင်များတွင် အရက်မူးလွန်ပြီး ပိုးလိုးပက်လက်ဖြစ်နေသောနိုင်ငံခြားသား အလုပ်သမားများကို အများအပြားတွေ့ရ ကြောင်း၊ တစ်ခါတစ်ရံ ခိုက်ရန်ဖြစ်ပွားပြီး ဆူညံစွာအော်ဟစ်နေကြောင်း သူမအတွေ့အကြုံကို ပြောကြားခဲ့ ပါသည်။

    ကုန်ပစ္စည်းမျိုးစုံရောင်းချနေသူဆိုင်ရှင်တစ်ဦးကမူ သူ့အနေဖြင့် ညသန်းခေါင်ချိန် အထိ အရက် ရောင်းချကြောင်း၊ ၀ယ်သူများသည် ည(၁၀)နာရီ အထိသာ ရောင်းချရမည်ဟု ကန့်သတ် ပါက ရောင်းချရမှု ကို ထိခိုက်စေနိုင်ကြောင်း ပြောကြားပါသည်။ အင်္ဂလန်နှင့် အမေရိကန်နိုင်ငံတို့တွင် အရက်မရှိရနယ်မြေများ မရှိပါ။ သြစတေးလျနိုင်ငံ၏ အချို့ပြည်နယ်များတွင် အရက်များကို ည(၁၀)နာရီထိသာ ရောင်းချခွင့်ပြုထား ပါသည်။

    စင်ကာပူနိုင်ငံသည် (Secular)ဟုခေါ်ဆိုသည့် ဘာသာရေးနှင့် နိုင်ငံရေးခွဲခြားထားသည့်သေးငယ် သော်လည်း ကမ္ဘာတွင် အဆင့်မျိုးစုံတွင် တန်းဝင်နေသောနိုင်ငံဖြ စ်ပါသည်။ အစိုးရ၏ အုပ်ချုပ်မှုအောက် တွင် လူထု၏ တုံ့ပြန်ချက်(Feedback)ကို အလေးထားသကဲ့သို့ နိုင်ငံအတွက် အကျိုးရှိမည့်ကိစ္စဟူသမျှ အနက် ကျွန်တော်တို့က အသေးအဖွဲဟု ယူဆထားသည်ကို သူတို့က အလေးအနက်ထားဆောင်ရွက်နေ ကြသည်ကို သတိထားမိပါသည်။ မြန်မာ့လူ့အဖွဲ့အစည်းသည် ဘာသာရေး ကိစ္စကို အလေးထားကြသူ အများစုဖြစ်ကြပါသည်။ အရက်သေစာသည် ရှောင်ကြဉ်ရမည့်ကံကြီး(၅)ပါးတွင် အရေးပါဆုံးနှင့် အခြေခံ အကျဆုံးဟု လက်ခံထားကြပါသည်။ လက်တွေ့တွင်မူ အရက်ဆိုင်၊ ဘီယာဆိုင်များမှိုလိုပေါက်နေသလို စာသင်ကျောင်းများအနီးတွင် အရက်သေစာနှင့် လောင်းကစားကိစ္စများရှိနေပါသည်။ အထူးသဖြင့်မြို့ပြင် တက္ကသိုလ်ကျောင်းတော်ကြီးများပတ်ဝန်းကျင်တွင် ပိုမိုဆိုးရွားနေပါသည်။

    အထက်ပါဆောင်းပါးကို တိုက်ဆိုင်၍ ဖတ်မိကြမည့်လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူ အများက သက်ဆိုင်ရာဝန်ကြီးဌာနသို့ သဘောထား မှတ်ချက်များပေးပို့ခြင်းဖြင့် မိမိတို့ အာဆီယံအဖွဲ့ဝင် နိုင်ငံလေး၏ ဒီမိုကရေစီကျင့်စဉ်တစ်ခုကို အတုယူပြီး လိုက်နာကြည့်သင့်ပါသည်။

    Ref: MyPaper

    ဦးသံကြိုး(ခေတ္တ-စင်ကာပူ)

  • ကမ္ဘာ့လုံးဆိုင်ရာ ဟာလာလ် အသိအမှတ်ပြု လက်မှတ် ထုတ်ပေးရေး စင်တာနှင့် ဓါတ်ခွဲခန်း ဒူဘိုင်းတွင် တည်ဆောက်မည်

    ဒီဇင်ဘာ ၄၊ ၂၀၁၃
    M-Media

    ဟာလာလ် ထုတ်ကုန်များအတွက် ဓာတ်ခွဲခန်းနှင့် ကမ္ဘာ့လုံးဆိုင်ရာ ဟာလာလ် အသိအမှတ်ပြု လက်မှတ် ထုတ်ပေးရေး စင်တာ ဒူဘိုင်းတွင် မကြာခင်တည်ဆောက်မည်

    dubai001ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှာ ဟာလာလ်ထုတ်ကုန်များအတွက် ကမ္ဘာ့အချက်အချာ ဒေသတစ်ခုဖြစ်လာရန် ရည်ရွယ်နေသည်ဟု အစ္စလာမ့်စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အသစ်ဖွဲ့စည်းလိုက်သည့် အဆင်မြင့်ကော်မတီ၏ အဖွဲ့ဝင်များ၏ အဆိုအရသိရသည်။

    ဟလာလ်ထုတ်ကုန်များအား စမ်းသပ်စစ်ဆေးရန် ဓာတ်ခွဲခန်းနှင့် နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်များထုတ်ပေးရန်စင်တာတို့ကို ၂၀၁၄ ခုနှစ် ပထမသုံးလပတ်အတွင် ဆောက်လုပ်မည်ဟု အဆင့်မြင့်ကော်မတီအဖွဲ့ဝင်ဖြစ်ပြီး ဒူဘိုင်းမြူနီစီပယ်၏ အထွေထွေ ဒါရိုက်တာဖြစ်သူ ဟူစိန် နေစာ လူတာက ပြောကြားခဲ့သည်။

    ထို့ပြင် ဟာလာလ် စားသောက်ကုန် တစ်မျိုးတည်း၏ တန်ဖိုးမှာ ဒီနာ ၆၈၅ ဘီလီယံရှိပြီး၊ ဟာလာလ် ထုတ်ကုန်အားလုံး၏ တန်ဖိုးမှာ အကြမ်းဖျင်းအားဖြင့် ဒီနာ ၂.၇ ထရီလီယံရှိသည်ဟု ၎င်းကဆိုသည်။ ထိုကဲ့သို့ စီစဉ်မှုသည် ဒူဘိုင်းအနေဖြင့် ဟာလာလ်ထုတ်ကုန်များ၏ အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးရေး အတွက် ကမ္ဘာလုံးဆိုင်ရာ တာဝန်ယူသူ ဖြစ်လာရန် ရည်ရွယ်ထားခြင်းဖြစ်ပြီး၊ အပြည်အ၀ဆောင်ရွက်နိုင်ရန် အတွက် အချိန်သုံးနှစ် သတ်မှတ်ထားသည်။

    ဒူဘိုင်းတွင် တည်ဆောက်ရန် စီစဉ်ထားသည့် နိုင်ငံတကာ ဓာတ်ခွဲခန်းနှင့် ကမ္ဘာလုံးဆိုင်ရာ ဟာလာလ် အသိအမှတ်ပြု လက်မှတ် ထုတ်ပေးရေး စင်တာတို့မှာ ကမ္ဘာလုံးဆိုင်ရာ စံချိန် စံညွှန်းများနှင့် ညီမည်ဖြစ်ပြီး၊ ကမ္ဘာ့တစ်ဝှမ်းလုံးရှိ အစ္စလာမ် ဘာသာဝင်များကလည်း ယုံကြည်စိတ်ချနိုင်မည်ဖြစ်သည်။

    Source : Eat-halal.com

  • ရိုက်တာရဲ့ ၂၀၁၃ ခုနှစ် အကောင်းဆုံး ဓါတ်ပုံများ စာရင်းဝင် ဒုက္ခသည်စခန်းမှ အကြမ်းဖက်ခံ ရိုဟင်ဂျာ ကိုယ်ဝန်ဆောင် အမျိုးသမီးပုံ

    ဒီဇင်ဘာ ၄၊ ၂၀၁၃
    M-Media

    A pregnant Rohingya Muslim woman grimaces while experiencing labour pains at a shelter near Sittwe

    စွန့်ပစ်ထားသည့် ရာဘာစက်ရုံ၏ အခင်းမဲ့သော တမံသလင်းတွင် ရိုမာ ဟတ်တူမှာ သူမ၏ ကလေးငယ်နှစ်ဦးအား မည်သည့်ဟင်းမျှ မပါသည့် ထမင်းအဖြူကိုကျွေးနေသည်။ ငရဲနှင့်တူသည့်ထိုစက်ရုံတွင် ညစ်ထေးလှသည့် နံရံရှိနေ၏။ ကွဲနေသော ပြတင်းပေါက်မှ လှပသောအလင်းရောင်များ ၀င်ရောက်လျက်ရှိနေသည် ကျွန်တော် ပထမဆုံးသတိပြုမိသည်။ သူမ၏ ကိုယ်ပိုင်နေရာအတွက် အကာအဖြစ် သုံးထားသော ခနော်ခနဲ့ ၀ါကျင့်ကျင့် ဆန်အိတ်၏ ပြဲနေသောအပေါက်မှ ကျွန်တော်ချောင်းကြည့်လိုက်ရာ ခဏအတွင်းမှာပင် သူမနှင့် ကျွန်တော် မျက်လုံးခြင်းဆုံလေသည်။ ကျွန်တော့်က ကင်မရာကို ပြလိုက်သည့်အခါ သူမကို ခေါင်းငြိမ့်သည်။ ကျွန်တော်လည်း ဓာတ်ပုံရိုက်လေတော့သည်။

    သူမမှာအသက် ၃၀ အရွယ်ရှိပြီး နိုင်ငံမဲ့ ရိုဟင်ဂျာအမျိုးသမီးဖြစ်၏။ ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်များအကြားဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် နေရပ်စွန့်ခွာ လာရသူဖြစ် လေသည်။ ရခိုင်ပြည်နယ်၏ မြို့တော်ဖြစ်သည့် စစ်တွေမြို့ပြင်ရှိ ဒုက္ခသည်စခန်များတွင် အခြားလူထောင်ပေါင်း များစွာနှင့် သူမ၏ အချိန်များကို ကျပ်တည်းစွာ ကုန်ဆုံးနေရသည်။ ယနေ့အချိန်တွင် ရိုဟင်ဂျာဖြစ်ရခြင်းက ၉၀ ပြည့်နှစ်များက ဘော့စနီးယားများ ဖြစ်ရသကဲ့သို့ပင်။ သို့ရာတွင် ရိုဟင်ဂျာများက အဆပေါင်းထောင်သောင်းမက ပို၍ဆိုးဝါးလေ၏။ လူမျိုးမတူသောကြောင့်၊ ဘာသာမတူသောကြောင့် အသတ်ခံရသည်။ မောင်းထုတ်ခံရသည်။ သောကရောက်ကာ၊ ပိတ်ဆို့ခံထားရ၏။ စွမ်းအားလည်းမရှိ၊ စာလောင်မွတ်သိပ်နေ၏။ ထိုအရာသည် ဆယ်စုနှစ်များစွား တစ်သီးတစ်ခြားဖြစ်နေရာမှ တစ်ဖန်နိုးထလာကာ ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်နေသော တိုင်းပြည်တွင် ကျွန်တော်မြင်တွေ့ရသည့် ရင်နင့်ဖွယ်ဇာတ်လမ်း၏ အရေးပါသာ၊ အရုပ်ဆိုးသော အစိတ်ပိုင်းမျှသာဖြစ်လေသည်။

    ကိုယ်ဝန်ဆောင်အမျိုးသမီးများ၏ခြေအနေမှာ မည်မျှလောက်ဆိုးဝါးသည်ကို အစပထမက ကျွန်တော် မသိရှိခဲ့ပေ။ ကျွန်တော့်၏ စကားပြန်မှ မေးခွန်း အနည်းငယ်ကို မေးကြည့်ခဲ့ရာ… သူမက ကိုယ်ဝန် ၉ လရှိနေပြီး မည်သည့်အချိန်မဆို မီးဖွားနိုင်ကြောင်း ဖြေလေသည်။ သူမ၏ အမျိုးသားကတော့ အပြင်ထွက်၍ စားစရာ ရလိုရငြား သွားရောက်ရှာဖွေနေသည်။ သူတို့တွင် အစားအသောက်ဝယ်ယူရန်နှင့် ဆရာဝန်ပြသရန် ငွေဟူ၍မရှိ။ ဤစက်ရုံ၏ တမံသလင်းတွင်သာ သူမအနေဖြင့် မီးဖွားရပေလိမ့်မည်။

    ကျွန်တော်နှင့် အတူလိုက်ပါလာသည့် Reuters သတင်းဌာမှ လုပ်ဖော်ကိုင်ဖက်ကိုရှာရန် ထိုဒုက္ခသည်စခန်းအား ကျွန်တော်စွန့်ခွာခဲ့သည်။ ပြီနောက် ကျွန်တော်တို့ ဒုက္ခသည်စခန်းကို ပြန်လာသောအခါ သူမမှာ အသက်ကိုပြင်းထန်စွာရှုလျက် ညည်းညူနေလေ၏။ ပြင်းထန်သော နာကျင်မှုကို
    ခံစားနေရသည်မှာ ထင်ရှား၏။ သူမ၏ ခင်ပွန်းမှာလည်း ပြန်ရောက်နေပြီ။ အခြေအနေ မည်မျှ ဆိုးရွားနေသည်ကို ကျွန်တော်တို့ နားလည်လိုက်သည်။ ကျွန်တော် ဓာတ်ပုံအနည်းငယ် ရိုက်လိုက်သည်။ သို့ရာတွင် ဤအချိန်သည်ကား ကင်မရာကိုချ၍ အကူအညီမဲ့သူအား ကူညီရမည့်အချိန်ပင်……..

    ဓါတ်ပုံအညွန်း- ရိုမာ ဟတ်တူ- ရိုဟင်ဂျာမွတ်စလင်အမျိုးသမီးဖြစ်ပြီး ကိုယ်ဝန်ကိုးလလွယ်ထားရကာ အကြမ်းဖက်မှုများကြောင့်ရွှေ့ပြောင်းလာရသူဖြစ်သည်။ ၂၀၁၃ ခုနှစ် ဧပြီလ ၂၈ ရက်- စစ်တွေမြို့အနီး ယခင်က ရာဘာစက်ရုံဟောင်းတစ်ဖြစ်လဲ ဒုက္ခသည်စခန်း၏ တမံသလင်းတွင် ဆိုးရွားစွာ
    နာကျင်သော ဝေဒနာကြောင့် မျက်နှာ ရှုံမဲ့နေပုံအားရိုက်ကူးထားခြင်းဖြစ်သည်။

    Photo- REUTERS/Damir Sagolj

  • NTU ဘွဲ့ကြိုနည်းပညာ ကျောင်းသားများ တည်ဆောက်ခဲ့သော ဂြိုဟ်တုလွှတ်တင်

    NTU ဘွဲ့ကြိုနည်းပညာ ကျောင်းသားများ တည်ဆောက်ခဲ့သော ဂြိုဟ်တုလွှတ်တင်

    ဒီဇင်ဘာ ၄၊ ၂၀၁၃
    M-Media

    စင်ကာပူနိုင်ငံ၏ နန်ယန်နည်းပညာတက္ကသိုလ်မှ ဘွဲ့ကြိုကျောင်းသားများက တက္ကသိုလ်၏ ဓာတ်ခွဲခန်းအတွင်း တည်ဆောက်ခဲ့သော အလေးချိန်(1.33)ကီလိုဂရမ်ရှိသည့် Velox-P11ဟု အမည် ပေးထားသောဂြိုဟ်တုကို လွန်ခဲ့သောကြာသပတေးနေ့က ရုရှားဒုံးပျံ RS-20B ဖြင့် ညနေ(၃)နာရီ(၁၀)မိနစ် တွင် အာကာသတွင်းသို့ လွှတ်တင်ခဲ့ပါသည်။ ဂြိုဟ်တုကို ရုရှားနိုင်ငံ၊ အော်ရမ်ဘတ်ဒေသရှိ ယက်ဇနီ ဒုံးပျံ လွှတ်စင်မှ လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး စင်ကာပူနိုင်ငံ၏ ဒုတိယမြောက်ဂြိုဟ်တုဖြစ်ပါသည်။ ပထမဂြိုဟ်တု ဖြစ်သော X-Sat ကို DSO အမျိုးသားဓါတ်ခွဲစမ်းသပ်မှုလုပ်ငန်းနှင့် ဤနည်းပညာကျောင်းတို့က ပူးပေါင်း တည်ဆောက်ခဲ့ကြပြီး ၂၀၁၁-ခုနှစ်၊ ဧပြီလက လွှတ်တင်ခဲ့ပါသည်။

    NTU ဟုခေါ်သည့် နန်ယန်း နည်းပညာတက္ကသိုလ်သည် ဘွဲ့ကြိုကျောင်းသားများအတွက် ဂြိုဟ်တု နည်းပညာကို ၂၀၀၉-ခုနှစ်တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး လာမည့်(၁၀)နှစ်အတွက် စီမံကိန်းချမှတ်ထားပါသည်။ ကျောင်းသားများကို ကျွမ်းကျင် ပညာရှင်များဖြစ်လာအောင် လေ့ကျင့်ပေးပြီး အနာဂတ်အာကာသ နည်းပညာဆိုင်ရာ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်အောင် ရည်ရွယ်ထားပါသည်။ ထို(၁၀)နှစ်ကာလအတွင်း အသေးစားဂြိုဟ်တု(၄)လုံးခန့် ဆောက်လုပ်သွားရန် စီစဉ်ထားပါသည်။

    ယခုလွှတ်တင်လိုက်သော Velox-P11သည် ကမ္ဘာမြေပြင်အထက်ကီလိုမီတာ(၆၀၀)အကွာအဝေးရှိ နေပြီး ပုံသေနေရာယူထားသော ကမ္ဘာပတ်လမ်းကြောင်းပေါ်မှ မြေပြင်နှင့် အဆက်အသွယ်ပြုလုပ်နေပါသည်။ NTUသည် ဂြိုဟ်တုပြုလုပ်နိုင်သော စင်ကာပူနိုင်ငံ၏ ပထမဦးဆုံး တက္ကသိုလ်ဖြစ်ပြီး လက်ရှိအနေဖြင့် အလေး ချိန်(၄.၅)ကီလိုဂရမ်လေးသည့် အသေးစားဂြိုဟ်တုVelox-1 ကို တည်ဆောက်နေရာ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီး စမ်းသပ်မှုများ ဆောင်ရွက်ပြီးစီးပါက ၂၀၁၄-ခုနှစ်ဆန်းပိုင်းတွင် လွှတ်တင်မည်ဖြစ်ပါသည်။ NTU၏ ဂြိုဟ်တု လေ့လာ စမ်းသပ်ရေးဌာနသည် နိုင်ငံ၏ ပထမဦးဆုံး မိုးလေ၀သ လေ့လာရေးဂြိုဟ်တု တည်ဆောက်ရန် စီစဉ်နေပြီး ပုဂ္ဂလိက အဖွဲ့ဖြစ်သော DSO နှင့် ပူးပေါင်းပြီး အဝေးထိန်းစနစ် အသုံးပြုထား သည့်စီးပွားရေး ဂြိုဟ်တုတစ်လုံးကို တည်ဆောက်နေပါသည်။ ထိုဂြိုဟ်တုကို Teleos-1 ဟု အမည်ပေး ထားပါသည်။

    Ref: စင်ကာပူ Today သတင်းစာ

    မောင်ထွေးဝင်း(ဓနုဖြူ)