News @ M-Media

Blog

  • နိုဝင်ဘာ-၂၈ အားကစားသတင်းများ

    နိုဝင်ဘာ-၂၈ အားကစားသတင်းများ

    နိုဝင်ဘာ၊ ၂၇ ၂၀၁၃
    M-Media

    မန်ယူ၊ ရီးယဲလ်နှင့် ပီအက်စ်ဂျီတို့ ရှုံးထွက်အဆင့်သို့ တက်ရောက်သွားခဲ့သည့် ဗုဒ္ဓဟူးနေ့ည ချန်ပီယံလိဂ်ပွဲစဉ်များ

    _71391978_71390809

    ချန်ပီယံလိဂ် အုပ်စုပွဲစဉ် ၅ ကို ယနေ့နံနက်ပိုင်းကစားခဲ့ရာ မန်ယူအသင်းမှာ ယခုနှစ်ရာသီတွင် အကောင်းဆုံးပုံစံဖြင့် အဝေးကွင်းတွင် ပြိုင်ဘက်အား ဂိုးပြတ်ဖြင့်အနိုင်ရယူခဲ့ကာ နောက်တစ်ဆင့်သို့ တက်ရောက်သွားနိုင်ခဲ့သည်။
    ရီးယဲလ်အသင်းနှင့် ပီအက်စ်ဂျီအသင်းတို့မှာလည်း အိမ်ကွင်းတွင် အနိုင်ကစားနိုင်ခဲ့ကာ နောက်တစ်ဆင့်သို့ တက်ရောက်သွားခဲ့ပြီး၊ စီးရီးအေထိပ်သီး ဂျူဗင်တပ်စ်အသင်းမှာလည်း တူရင်တွင် အနိုင်ရခဲ့ကာ နောက်တစ်ဆင့်တက်ရေးမျှော်လင့်ချက် ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။

    အုပ်စု A

    လေဗာကူဆင် ၀-၅ မန်ယူ
    ရှက်တာဒိုးနက် ၄-၀ ရီးယဲဆိုစီဒက်

    ပထမအကျော့ အိုးထရက်ဖို့ဒ်တွင် မန်ယူက ၄ ဂိုး ၂ ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး ခြေစွမ်းကွာဟမှု မရှိခဲ့သည့်အတွက် ယခုပွဲတွင် မန်ယူတို့အခက်တွေ့နိုင်သည်ဟု ထင်ရသော်လည်း မန်ယူအသင်းက အိမ်ရှင်လေဗာကူဆင်အား ဂိုးပြတ်ခြေပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။ ပထပိုင်းတွင်ပင် ၂ ဂိုးပြတ်ဖြင့် ဦးဆောင်နေသည့် မန်ယူအသင်းတွင် ရူနီ အထူးခြေစွမ်းပြခဲ့ပြီး အသင်းဖော်များအား အကောင်းဆုံး ကူညီပေးနိုင်ခဲ့သည်။ ယခုပွဲတွင် ပြသခဲ့သည့် ခြေစွမ်းမှာ ယခုနှစ်ရာသီ မန်ယူအသင်း၏ အကောင်းဆုံး ခြေစွမ်းအဖြစ် သတ်မှတ်နိုင်ပြီး၊ လေဗာကူဆင်အသင်းမှာ ချန်ပီယံလိဂ်အုပ်စုအဆင့်တွင် အိမ်ကွင်း ၈ ပွဲဆက် မရှုံးခဲ့သည့် စံချိန်ကျိုးပြတ်သွားခဲ့ပြီဖြစ်သည်။ မန်ယူအသင်းအတွက်ဂိုးများကို ဗလင်စီယာ၊ အီဗန့်၊ စမောလင်း၊ နာနီတို့က တစ်ဂိုးစီနှင့် လေဗာကူဆင်ကစားသမား စပါဟစ်က ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့ကာ ရရှိခဲ့သည်။ ယခုပွဲအနိုင်ကြောင့် မန်ယူအသင်းမှာ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။

    အဝေးကွင်း ၂ ပွဲစလုံးကို ရှုံးနိမ့်ထားသည့် ဆိုစီဒက်အား အိမ်ကွင်းတွင်အမှားအယွင်းမရှိအောင် အနိုင်ကစားနိုင်ခဲ့သောကြောင့် ရှက်တာဒိုးနက်တို့ ချန်ပီယံလိဂ်နောက်တစ်ဆင့်တက်ရေး မျှော်လင့်ချက်မှာ ရှင်သန်လာခဲ့သည်။ သို့သော်လည်း အုပ်စုနောက်ဆုံးပွဲတွင် မန်ယူအသင်းနှင့် တွေ့ဆုံရမည်ဖြစ်ပြီး အနိုင်ကစားရန်လိုအပ်နေသည်။ ရှက်တာဒိုးနက်အတွက်ဂိုးများကို ၃၇ မိနစ်တွင် လူးဝစ် အက်ဒရီယာနိုကလည်းကောင်း၊ ၄၈ မိနစ်တွင် အဲလက်စ် တီဇီရာက လည်းကောင်း၊ ၆၈ မိနစ်နှင့် ၈၇ မိနစ်တို့တွင် ဒေါက်ဂလတ်စ်ကော်စတာက လည်းကောင်း အသီးသီးသွင်းယူပေးခဲ့သည်။ ယခုပွဲအရှုံးကြောင့် ဆိုဆီဒက်အသင်းမှာ ယခုနှစ် ချန်ပီယံလိဂ်အား လက်ပြနှုတ်ဆက်ခဲ့ရသည်။
    …………………………………………….
    အုပ်စု B

    ရီးယဲလ်မက်ဒရစ် ၄-၁ ဂါလာတာစာရေး
    ဂျူဗင်တပ်စ် ၃-၁ ကိုပင်ဟေဂင်

    ပထမအကျော့အဝေးကွင်းတွင်ဂိုးပြတ်ဖြင့် အနိုင်ရထားခဲ့သည့် ရီးယဲလ်တို့ ယခုပွဲတွင်လည်း အခက်အခဲမရှိ ဂိုးပြတ်အဖြင့်အနိုင်ရရှိခဲ့သည်။ ၂၆ မိနစ်နောက်ခံလူ ရာမို့စ် အထုတ်ခံခဲ့ရပြီး ပထမပိုင်းအပြီးတွင် ၁ ဂိုးစီသရေဖြစ်နေခဲ့သော်လည်း ဒုတိယပိုင်းတွင် တစ်ယောက်လျော့ ရီးယဲလ်ကသာ ပွဲကို ထိန်းချိုပ်ထားနိုင်ခဲ့ပြီး အနိုင်ဂိုးများကိုသွင်းယူသွားခဲ့သည်။ ရီးယဲလ်အတွက် အဖွင့်ဂိုးကို ၃၇ မိနစ်တွင် ဂါရက်ဘေးလ်က ဖရီးကစ်မှတစ်ဆင့် တိုက်ရိုက်ကန်သွင်းယူခဲ့သည်။ ချက်ချင်းဆိုသလိုပင် အူမွတ်ဘူလွတ်က ၃၈ မိနစ်တွင် ဂါလာတာစာရေးအတွက် ချေပဂိုးသွင်းယူပေးနိုင်ခဲ့သည်။ သို့သော်လည်း ဒုတိယပိုင်းတွင် အာဘီလိုအာ၊ ဒီမာရီယာနှင့် အစ္စကိုတို့ဂိုးများကို ခွင့်ပြုခဲ့ရသောကြောင့် ဂါလာတာစာရေးအနေဖြင့် နောက်တစ်ဆင့်တက်ရေးမှာ မသေမချာဖြစ်လာခဲ့ပြီး ဂျူဗင်တပ်စ်အသင်းနှင့် ကစားရမည့် အုပ်စုနောက်ဆုံးပွဲတွင် မဖြစ်မနေ အနိုင်ကစားရတော့မည်ဖြစ်ကာ ကိုပင်ဟေဂင်က ရီးယဲလ်အား သရေသို့မဟုတ် ရှုံးနိမ့်ခဲ့ပါမှ ဂါလာတာစာရေးမှာ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်မည်ဖြစ်သည်။

    ချန်ပီယံလိဂ် ၄ ပွဲကစားပြီး ၃ မှတ်သာရထားသေးသည့် ဂျူဗင်တပ်စ်အသင်းမှာ အိမ်ကွင်းတူရင်တွင် ကိုပင်ဟေဂင်အား ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ကစားနိုင်ခဲ့သောကြောင့် ရှုံးထွက်အဆင့်သို့ တက်ရောက်ရေးမှာ မျှော်လင့်ချက်ရှိလာပြီဖြစ်သည်။ ဂျူဗင်တပ်စ်အသင်းအတွက် အနိုင်ဂိုးများကို ဗီဒလ်တစ်ဦးတည်းကပင် ၂၉၊ ၆၁ မိနစ်တို့တွင် ပင်နယ်တီမှလည်းကောင်း ၆၃ မိနစ်တွင် ခေါင်းတိုက်၍လည်းကောင်း သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း အုပ်စုနောက်ဆုံးပွဲစဉ်အား အနိုင်ကစားရမည်ဖြစ်ပြီး ရီးယဲလ်နှင့် ကိုပင်ဟေဂင်တို့၏ ပွဲအဖြေကို စောင့်ကြည့်ရမည် ဖြစ်သည်။
    ……………………………….
    အုပ်စု C

    ပီအက်စ်ဂျီ ၂-၁ အိုလံပီယာကော့စ်
    အန်ဒါလက်ခ်ျ ၂-၃ ဘင်ဖီကာ

    ပီအက်စ်ဂျီအသင်းမှာ အိမ်ကွင်းတွင် အနိုင်ရရှိအောင် ကစားနိုင်ခဲ့ခြင်းကြောင့် နောက်တစ်ဆင့်သို့ တက်ရောက်သွားပြီဖြစ်သည်။ သို့သော်လည်း အနိုင်ဂိုးကို ပွဲပြီးကာနီးမှ ရရှိခဲ့သည်။ ဦးဆောင်ဂိုးကို ပထမပိုင်း ၇ မိနစ်မှာပင် ပီအက်စ်ဂျီတို့ ရရှိခဲ့ပြီး အီဗရာဟီမိုဗစ်က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း မိနစ် ၈၀ တွင် မာနိုလာစ်က ဧည့်သည်အသင်းအတွက် ချေပဂိုးသွင်းယူပေးခဲ့ခြင်းကြောင် အိမ်ရှင်တို့၏ နောက်တစ်ဆင့်သို့ စောစီးစွာ တက်ရေးမျှော်လင့်ချက်မှာေ၀၀ါးခဲ့သော်လည်း မိနစ် ၉၀ တွင် ကာဗာနီက အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီး ပီအက်စ်ဂျီအသင်းအတွက် ရှုံးထွက်အဆင့် တစ်နေရာကို သေချာစေခဲ့သည်။

    နောက်တစ်ဆင့်တက်ရေးအတွက် ယခုပွဲတွင် မဖြစ်မနေအနိုင်ကစားရမည့် ဘင်ဖီကာတို့ အနိုင်ရရှိခဲ့သော်လည်း ရုန်းကန်ခဲ့ရပြီး နောက်ဆုံးမိနစ်တွင်မှ အနိုင်ရရှိခဲ့သည်။ ၁၈ မိနစ်တွင် အန်ဒါလက်ခ်ျတို့ အမ္ဘမ္ဘာ၏ ဂိုးဖြင့် ဦးဆောင်ခဲ့ပြီး မာတစ်က ၃၄ မိနစ်တွင်ချေပခဲ့သည်။ ၅၂ မိနစ်တွင် အဖွင့်ဂိုးသွင်ယူပေးခဲ့သည့် အမ္ဘမ္ဘာ၏ ကိုယ့်ဂိုးကိုယ်သွင်းမှုကြောင့် ဘင်ဖီကာတို့ ပြန်လည်ဦးဆောင်ခဲ့ပြီး ၇၇ မိနစ် ဘရူနိုက အန်ဒါလက်ခ်ျအတွက် ချေပိုးသွင်းယူပေးခဲ့သည်။ ဘင်ဖီကာအတွက် အရေးပါသော အနိုင်ဂိုးကို လူစားဝင်ကစားသမား ရိုဒရီဂိုက မိနစ် ၉၀ တွင် သွင်းယူပေးခဲ့သည်။ ယခုပွဲအနိုင်ရရှိခဲ့သော်လည်း ဘင်ဖီကာ အသင်းမှာ အုပ်စုနောက်ဆုံး အိုလံပီယာကော့စ်နှင့်ပွဲတွင် အနိုင်ရရှိပါမှ နောက် တစ်ဆင့်သို့ တက်ရောက်နိုင်မည်ဖြစ်သည်။
    …………………………………
    အုပ်စု D

    မန်စီးတီး ၄-၂ ပါဇန်
    စီအက်စ်ကေအေမော်စကို ၁-၃ ဘိုင်ယန်မြူးနစ်

    ပြီးခဲ့သည့် ပွဲစဉ် ၄ တွင် ဘိုင်ယန်မြူးနစ်အသင်းအား အိမ်ကွင်း၌ အရှုံးပေးခဲ့ရသည့် မန်စီးတီးမှာ ယခုပွဲတွင် ဂိုးပြတ်ဖြင့်အနိုင်ရခဲ့ခြင်းကြောင့် နောက်တစ်ဆင့်တက်ရေးမှာ လုံးဝ သေချာသွားခဲ့ပြီး အုပ်စုနောက်ဆုံးပွဲတွင် ဘိုင်ယန်နှင့် အုပ်စုဗိုလ်သာ လုရမည်ဖြစ်သည်။ မန်စီးတီးအတွက်ဂိုးများကို ၃၃ မိနစ်တွင် ပင်နယ်တီမှတစ်ဆင့် အဂူရိုကလည်းကောင်း၊ ၆၅၊ ၇၈ နှစ် ၈၉ မိနစ်တို့တွင် နာဆရီ၊ နီဂရီဒိုနှင် ဇက်ကိုတို့ကလည်းကောင်း အသီးသီးသွင်းယူပေးခဲ့ပြီး၊ ပါဇန်အသင်းအတွက် ချေပဂိုးများကို ၄၃ မိနစ်နှင့် ၆၉ မိနစ်တို့တွင် ဟိုရာဗာနှင့် တီဆဲလ်တို့က သွင်းယူပေးခဲ့သည်။

    လက်ရှိကမ္ဘာ့ တိုက်စစ်အကောင်းဆုံး အသင်းများတွင်ပါဝင်သည့် ဘိုင်ယန်မြူးနစ် အသင်းမှာ အဝေးကွင်းတွင်ကစားခဲ့ရသော်လည်း အခက်အခဲမရှိပွဲ ချန်ပီယံလိဂ် ရာနှုန်းပြည့် အနိုင်ရလဒ်ကို ရယူနိုင်ခဲ့သည်။ အဖွင့်ဂိုးကို ၁၇ မိနစ်တွင် ရော်ဘင်၏ ဂိုးဖြင့်ရရှိခဲ့ပြီး ၅၆ မိနစ်တွင် ဂိုတက်ဇ်က ဒုတိယဂိုးသွင်းယူပေးခဲ့သည်။ ၆၂ မိနစ်တွင် ဟွန်ဒါက ပင်နယ်တီမှတစ်ဆင့် အိမ်ရှင်အတွက် ချေပဂိုးသွင်းယူပေးခဲ့သော်လည်း၊ ၆၅ မိနစ်တွင် ရရှိခဲ့သည့် ပင်နယ်တီအား မူလာက အမှားအယွင်းမရှိ ကန်သွင်းခဲ့ကာ ဘိုင်ယန်အသင်းအား အနိုင်သေချာစေခဲ့သည်။ ယခုပွဲအနိုင်ရရှိမှုကြောင့် ဘိုင်ယန်မြူးနစ်အသင်းမှာ ချန်ပီယံလိဂ် ၁၀ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်သစ်ကို တင်နိုင်ခဲ့သည်။

    Photo-AP

    ………………………………….

    • ရီးယဲလ်ဆိုစီဒက်အသင်း၏ နည်းပြဖြစ်သူ ဂျာဂိုဘာ အာရာဆိတ်က အသင်းအနေဖြင့် ချန်ပီယံလိဂ်မှထွက်ခွာသွားရခြင်းကို ၀မ်းနည်းမိပြီး၊ အမှားများစွာ ပြုလုပ်မိခဲ့သည့်အတွက် ထိုကဲ့သို့ ပေးဆပ်ခဲ့ရခြင်းဖြစ်ကြောင်း ပြောဆိုလိုက်သည်။ ရီးယဲလ်ဆိုဆီဒက်မှာ ယနေ့နံနက်က ကစားခဲ့သည့်ပွဲတွင် ရှက်တာဒိုးနက် အား ၄ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံလိဂ်မှ ထွက်ခွာခဲ့ရပြီဖြစ်သည်။ သို့သော် အသင်း၏ ဂုဏ်သိက္ခာနှင့် အသင်းပရိတ်သတ်များအတွက် လေဗာကူဆင်နှင့် ပွဲတွင် အကောင်းဆုံးကစားသွားမည်ဟု အာရာဆိတ်က ထည့်သွင်းပြောကြားခဲ့သည်။

     

    • လေဗာကူဆင်အား အဝေးကွင်းတွင် ၅ ဂိုးပြတ်ဖြင့်အနိုင်ရခဲ့သည့် မန်ယူအသင်းထံမှ ယခုထက်ပို၍ စွမ်းဆောင်ရည်ကောင်းများကို မြင်တွေ့ရမည်ဟု မန်ယူ အသင်းနည်းပြဖြစ်သူ ဒေးဗစ်မိုယက်စ်က ပြောကြားလိုက်သည်။ ထို့ပြင် ပြီးခဲ့သည့်နွေရာသီက ဖာဂူဆန်၏ နေရာကို ဆက်ခံခဲ့ပြီးနောက် မန်ယူအသင်း၏ အကောင်းဆုံးပုံစံကို တွေ့မြင်ခဲ့ရခြင်းဖြစ်ပြီး၊ နောက်ဆုံးလေးပွဲတွင် ၃ ပွဲ ဂိုးမပေးရသည့် အသင်း၏နောက်တန်းကိုလည်း မိုယက်စ်က ပွဲအပြီးတွင် ချီးကျူး ပြောဆိုခဲ့သည်။

     

    • အသင်း၏ ပထမပိုင်းကစားပုံမှာ ကောင်းမွန်ခဲ့သော်လည်း နောက်တန်းအမှားများကြောင့် ရီးယဲလ်အသင်းအား အရှုံးပေးခဲ့ရခြင်းဖြစ်သည်ဟု ဂါလာတာ စာရေး အသင်း၏ နည်းပြဖြစ်သူ မန်စီနီက ပွဲအပြီးတွင်ပြောကြားခဲ့သည်။ ယနေ့နံနက်က ကစားခဲ့သည့် အဆိုပါပွဲတွင် ပထမပိုင်း ၂၆ မိနစ်၌ ရီးယဲလ်နောက်ခံလူ ရာမို့စ် အထုတ်ခံခဲ့ရပြီး တစ်နာရီကျော်ကြာ တစ်ယောက်အသာဖြင့် ကစားခဲ့ရသော်လည်း ဂါလာတာစာရေးအသင်းမှာ အနိုင်မကစားနိုင်ခဲ့ဘဲ ရီးယဲလ်အား ၄ ဂိုး ၁ ဂိုး ဖြင့် အရှုံးပေးခဲ့ရသည်။

     

    • အသင်းရှိကစားသမားများမှာ အသင်းအတွက် အကောင်းဆုံးကစားနိုင်ခဲ့ပြီး အနည်းငယ်သော အမှားများကြောင့်သာ ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်ဟု အန်ဒါလက်ခ်ျ အသင်း၏ နည်းပြဖြစ်သူ ဂျွန် ဗန်ဒန် ဘရွမ်က ပြောကြားလိုက်သည်။ ယမန်နေ့ညက ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် အန်ဒါလက်ခ်ျအသင်းမှာ ဘင်ဖီကာ အား ယှဉ်ကစားနိုင်ခဲ့သော်လည်း မိနစ် ၉၀ တွင် ပေးလိုက်ရသောဂိုးကြောင့် ရှုံးနိမ့်ခဲ့ရခြင်းဖြစ်ပြီး၊ ပြိုင်ပွဲမှ ထွက်ခဲ့ရပြီဖြစ်သည်။

     

    • ပါဇန်အသင်းနှင့် ချန်ပီယံလိဂ်ပွဲတွင် အဂူရိုအား စောစီးစွာ လူစားလဲခဲ့ခြင်းမှာ ဒဏ်ရာအနာတရဖြစ်သွားမည်ကို စိုးရိမ်၍ဖြစ်ပြီး လာမည့်တနင်္ဂနွေနေ့တွင် ကစားမည့် ဆွမ်ဆီးအသင်းနှင့်ပွဲအတွက် အနားပေးခြင်းလည်းဖြစ်သည်ဟု မန်စီတီးနည်းပြ ပယ်လီဂရီနီက ပြောကြားခဲ့သည်။ ထိုပွဲတွင်ပင်နယ်တီမှတစ်ဆင့် တစ်ဂိုးသွင်းခဲ့ပြီး နောက်ဆုံး ၁၂ ပွဲတွင် ၁၅ ဂိုးအဖြစ် သွင်ယူထားခဲ့သည့် အဂူရိုအား မန်စီနီက ပထမပိုင်းအပြီးတွင် လူစားလဲခဲ့ခြင်းဖြစ်သည်။

     

    • ယနေ့နံနက်က ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲတွင် တစ်ဂိုးသွင်းယူပေးခဲ့ပြီး အသင်းအား နောက်တစ်ဆင့်သို့တက်ရောက်ရန် ကူညီပေးနိုင်ခဲ့သည့် အီဗရာဟီ မိုဗစ်က ၎င်းအနေဖြင့် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု Ballon d’Or ဆုအား ရရှိရန်မလိုအပ်ဘဲ၊ မိမိမှာ အကောင်းဆုံးဘောလုံးသမားဖြစ်ကြောင်း မိမိကိုယ်ကို သိနေသည်ဟု ပြောကြားလိုက်သည်။

     

    • ချန်ပီယံလိဂ်ရှုံးထွက်အဆင့်သို့တက်ရောက်ရန်အတွက် မိမိတို့အသင်းမှာ အုပ်စုနောက်ဆုံးပွဲတွင် မန်ချက်စတာယူနိုက်တက်အသင်းအား အနိုင်ကစားနိုင်ရန် ကြိုးစားရမည်ဟု ရှက်တာဒိုးနက်အသင်း၏ နည်းပြဖြစ်သူ မာစီယာ လူစက်ကူက ပြောကြားလိုက်သည်။  ရှက်တာဒိုးနက်မှာ ဆိုဆီဒက်အသင်းအား ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သော်လည်း တတိယနေရာမှ လေဗာကူဆင်အသင်းထက် ၁ မှတ်သာ ကွာဟနေသည်။ လေဗာကူဆင်အသင်းမှာ အုပ်စုနောက်ဆုံးပွဲတွင် ရီးယဲလ် ဆိုဆီဒက်နှင့် တွေ့ဆုံရမည်ဖြစ်ပြီး အနိုင်ရရှိရန် အခွင့်အလမ်းများနေသောကြောင့် ရှက်တာဒိုနက်မှာ မန်ယူအသင်းကို အနိုင်ကစားရန်လိုအပ်နေသည်။

     

    • အင်္ဂလိပ်ဘောလုံးလောက၏ အောက်တန်းလိဂ်များ၏ ပွဲစဉ်များတွင် လုပ်ပွဲများကစားခဲ့သည်ဟု ယူဆရသည့်အတွက် ဘောလုံးကစာသမားသုံးဦးအပါအ၀င် လူ ၆ ဦးအား ဖမ်ဆီးထားသည်ဟုသိရသည်။ အင်္ဂလိပ်ဘောလုံးအဖွဲ့ချုပ်ကလည်း ထိုသတင်းအား ယမန်နေ့က အတည်ပြုပြောဆိုခဲ့သည်။ ထိုကဲ့သို့ဖမ်းဆီးမှုကို မကြာသေးမီက ဖွဲ့စည်းခဲ့ပြီး အင်္ဂလိပ်ဘောလုံးအဖွဲ့ချုပ်နှင့် နီးကပ်စွာဆောင်ရွက်ချက်ရှိသည့် အမျိုးသားရာဇ၀တ်မှုအေဂျင်ဆီမှ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ ဖမ်းဆီး ခံရသူများတွင် ယခင်ဘော်လ်တန်ကစားသမားဟောင်းဖြစ်ကာ ယခုတွင် အေးဂျင့်အဖြစ် ဆောင်ရွက်နေသည့် ဒီလော်ရီ ဖေစီလည်း ပါဝင်သည်ဟု သိရသည်။

     

    • ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲများ ကျင်းပရန်စီစဉ်ထားသည့် ဘရာဇီးနိုင်ငံ ဆာပေါ်လိုမြို့မှ ဘောလုံးကွင်းတစ်ခုမှာ ယမန်နေ့ ပြိုကျခဲ့သောကြောင့် လူနှစ်ဦး သေဆုံး ခဲ့ပြီး အခြားတစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့သည်။ ကိုရင်သီယန်ဟု အမည်ရသည့် အဆိုပါ ဘောလုံးကွင်းအား ပြုပြင်နေစဉ် ကရိန်းပြုတ်ကျ ခဲ့ခြင်း ကြောင့် ကွင်းမြောက်ဘက်ရှိ အမိုးမှာ ပြိုကျခဲ့ခြင်းဖြစ်သည်။
  • နိုဝင်ဘာ၂၈၊ နိုင်ငံတကာနှင့် ပြည်တွင်းသတင်း

    နိုဝင်ဘာ၂၈၊ နိုင်ငံတကာနှင့် ပြည်တွင်းသတင်း

    နိုဝင်ဘာ ၂၈၊ ၂၀၁၃
    M-Media

    ပြည်တွင်းသတင်းတို
    =================
    နိုဝင်ဘာ ၂၈၊ ၂၀၁၃
    M-Media

    အစိုးရပိုင်းရှိ အစိုးရနှင့် တပ်မတော်မှာ အမြင်မတူမှု၊ လွှတ်တော်အတွင်းရှိ အချို့သူများမှ တန်းတူဆွေးနွေးလိုသည့် သဘောထားမရှိပဲ အပေါ်စီးယူမှုများရှိနေသည့်အတွက် ၎င်းစိတ်ဓါတ်အခြေခံအား မပြောင်းလဲပါက အပစ်အခတ်ရပ်စဲရန် လက်မှတ်ရေးထိုးရေးအတွက် တွေ့ဆုံဆွေးနွေးမှုက ကြန့်ကြာနေဦးမည်ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက ပြောဆိုလိုက်ကြောင်း ဧရာဝတီသတင်းတွင် ဖော်ပြထားပါတယ်။
    _______________________

    လူငယ်တွေ ဦးစီးလုပ်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်တဲ့အတွက်ကြောင့် နိုင်ငံရေးလုပ်ဆောင်တော့မှာ မဟုတ်ကြောင်းကို ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်က လျှပ်တပြက်ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်က ဦးခင်ညွန့်အကြောင်း တွေ့ဆုံမေးမြန်းထားချက်များကို စုစည်းပြီး စာအုပ်အဖြစ် ထွက်ရှိလာတဲ့ စာအုပ် သတင်းစာရှင်းလင်းပွဲမှာ ကတိပေးပြောကြားခဲ့ကြောင်း RFA သတင်းဌာနမှတဆင့် သိရှိရပါတယ်။

    ______________________

    မြန်မာ့တပ်မတော်ကို ထူထောင်ခဲ့သည့် ရဲဘော်သုံးကျိပ်ဝင်များထဲမှ နောက်ဆုံးကျန်ရှိသူ ဗိုလ်ရဲထွဋ်သည် နိုဝင်ဘာ ၂၇-ရက် ည ၉-နာရီ မိနစ် ၂၀ အချိန်မှာ ရန်ကုန်မြို့၌ ကွယ်လွန်သွားခဲ့ကြောင်း သိရှိရပါတယ်။

    ______________________

    ဖက်ဒရယ်ပြည်ထောင်စုပါတီ တည်ထောင်ခွင့်ကျထားပြီ ဖြစ်သည့်အတွက် ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အား ဒီဇင်ဘာ ပထမအပတ်အတွင်း ရွေးချယ်ရန် စီစဉ်ထားသည်ဟု ပါတီ၏ယာယီ ဥက္ကဋ္ဌ ဒေါက်တာဂမ်ဂျန်ဒါးက မဇ္ဈိမကို ပြောကြားခဲ့ပြီး ပါတီ၏ အဓိက ရည်ရွယ်ချက်သည် ပြည်ထောင်စု ဆန်သည့် စနစ်ဖြစ်ပေါ်လာရန်၊ ပြည်ထောင်စု တိုင်းရင်းသားများအားလုံး တစ်သားတည်း စုပေါင်း နေထိုင်နိုင်ရန် ဖြစ်ကြောင်းလည်း သိရပါတယ်။

    ______________________

    arnon_mitchel

    • ဟောလီးဝုဒ်မှ ရုပ်ရှင်ထုတ်လုပ်သူတစ်ဦး အစ္စရေး သူလျှိုလုပ်ပေးခဲ့ဟောလီးဝုဒ် နာမည်ကျော် ရုပ်ရှင်ဇာတ်ကားများဖြစ်ကြသည့် Pretty Woman နှင့် Fight Club ရုပ်ရှင်များကို ထုတ်လုပ်ခဲ့သူ အာနန် မီလ်ချန်က ၎င်းအနေဖြင့် အစ္စရေး၏ နျူးကလီးယားအစီအစဉ်ကို ကူညီရန်အတွက် အစ္စရေး၏ သူလျှိုလုပ်ပေးခဲ့သည်ဟု ဖွင့်ဟခဲ့သည်။

      အစ္စရေးရုပ်သံတစ်ခုဖြစ်သည့် Channel 2 မှ Documentary အစီအစဉ် တစ်ခုဖြစ်သည့် တနင်္လာနေ့ကထုတ်လွှင်ခဲ့သော Uvda အစီအစဉ်၏ အင်တာဗျူးတွင် မီလ်ချန်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့လုပ်ဆောင်ခြင်းနှင့်ပက်သက်၍ ယခင်က တရားမ၀င်ပြောကြာမှုကို အတည်ပြုလိုက်ခြင်းလည်းဖြစ်သည်။

      မီလ်ချန်မှာ အစ္စရေးနိုင်ငံ၏ လက်နက်ဆိုင်ရာ သဘောတူညီချက်များအား ညှိနှိုင်းဆွေးနွေးခြင်းနှင့် အစ္စရေး၏ လျို့ဝှက်နျူးကလီးယား လက်နက် ထုတ်လုပ်ရေး ပရောဂျက်အား ထောက်ပံ့ပေးနေသည့် အစ္စရေးအေဂျင်ဆီ တစ်ခုတွင် အလုပ်လုပ်ပေးခဲ့ခြင်းဖြစ်သည်။

      အစ္စရေးတွင် မွေးဖွားခဲ့သည့် မီလ်ချန်အား ဟီဗရူးဘာသာအရ Lakam ဟု အတိုကောက်ခေါ်ဆိုသည့် သိပ္ပံဆိုင်ရာဆက်သွယ်မှုဗျူရိုသို့ ၁၉၆၀ ပြည့်နှစ်များတွင် ယခုလက်ရှိ အစ္စရေးသမ္မတဖြစ်သူ ရှီမွန်ပဲရီးစ်က လူငယ်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအဖြစ် သွင်းပေးခဲ့ခြင်းဖြစ်သည်။

      ထိုဗျူရိုမှာ အစ္စရေး၏ လျှို့ဝှက်ကာကွယ်ရေးအစီအစဉ်အတွက် သိပ္ပံဆိုင်ရာနှင့် နည်းပညာပိုင်းဆိုင်ရာ သတင်းအချက်အလက်များကို ရှာဖွေစုဆောင်းပေးရသည့် အဖွဲ့တစ်ခုဖြစ်ပြီး ၁၉၈၇က ပိတ်သိမ်းခဲ့သည်။

     

    • ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆွေးနွေးခြင်းမှာ သမ္မဘာရှာအလ်အာဆတ် ရာထူးမှနှုတ်ထွက်ရန်မဟုတ်ဟု ဆီးရီးယားအစိုးရက ပြောကြားလိုက်ပြီး အတိုက်အခံများဘက်မှ အာဆတ်အစိုးရ နှုတ်ထွက်ရေးတောင်းဆိုချက်မှာ စိတ်ကူးယဉ်ခြင်းနှင့် လှည့်စားခြင်းသာဖြစ်သည်ဟု ဆီးရီးယား အစိုးရကပြောကြားခဲ့သည်။ ထို့ပြင် အစိုးရအနေဖြင့် လာမည့် ဇန်န၀ါရီလတွင်ပြုလုပ်မည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်မည်ဖြစ်သော်လည်း အာဏာကို စွန်လွှတ်ရန် မရှိဟု ယမန်နေ့က ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော ကြေညာချက်တွင် ရေးသားဖော်ပြထားသည်။

     

    • ရွေးကောက်ပွဲပြုလုပ်ရန်သတ်မှတ်ရက်အား မကျေနပ်သည့် အတွက် အတိုက်အခံများက ဆန္ဒပြမှုများပြုလုပ်ခဲ့သောကြောင့် လာမည့်ဇန်န၀ါရီလတွင် ပြုလုပ်မည့် ရွေးကောက်ပွဲအား ရွှေ့ဆိုင်းလိုက်သည်ဟု ဘင်္ဂလားဒေ့ရှ် အစိုးရက ကြေညာ ခဲ့သည်။ ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲအား ဇန်န၀ါရီ ၅ ရက်နေ့တွင်ပြုလုပ်မည်ဟု သတ်မှတ်ပြီး ၂ ရက်အကြာ ဗုဒ္ဓဟူးနေ့မှစ၍ အစိုးရအတိုက်အခံများ ဦးဆောင်ကာ နိုင်ငံတစ်ဝှမ်းရှိ ကားလမ်းများ၊ ရထားလမ်းများနှင့် ရေကြောင်းလမ်းများအားပိတ်ဆို့ကာ ဆန္ဒပြခဲ့ကြပြီး ထိုဆန္ဒပြမှုများအတွင် အနည်းဆုံး လူ ၁၂ ဦးသေဆုံးခဲ့ရသည်။

     

    • နိုင်ငံတွင် သုံးကြိမ်တိုင်တိုင် ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဘာလူစကိုနီအား အခွန်ဆိုင်ရာ လိမ်လည်မှုများကြောင့် ပါလီမန်တွင် ပါဝင်ခွင့်မပြုရန် အီတလီဆီးနိတ်က ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။ ထိုကိစ္စနှင့်ပတ်သက်၍ ယမန်နေ့က မဲခွဲဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ဘာလူစကိုနီကမူ ထိုကဲ့သို့ဆုံးဖြတ်ခဲ့သည့်နေမှာ အီတလီဒီမိုကရေစီ၏ ၀မ်းနည်းစရာကောင်းသောနေ့ဖြစ်သည်ဟု ပြောကြားခဲ့သည်။

     

    • ဥရောပယူနီယံရှိ နိုင်ငံများမှ ဗြိတိန် ပိုင်နက်အတွင်းသို့ ပြောင်းရွှေ့နေ ထိုင်မှုကို ကန့်သတ်ရန်အတွက် အစီအစဉ်တစ်ခုကို ဗြိတိန် ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ယမန်နေ့က ထုတ်ပြန်ခဲ့ပြီး၊ ဥရောပရှိ ဆင်းရဲသောနိုင်ငံများမှာ လူများမှာ ချမ်းသာသော ဥရောပနိုင်ငံများသို့ ရွှေ့ပြောင်းနေထိုင်ခြင်းအား တစ်ဖြည်းဖြည်း ကန့်သတ်ချင်သည်ဟု ပြောကြားခဲ့သည်။

     

    • အရှေ့တရုတ်ပင်လယ်အတွင်းရှိ နှစ်နိုင်ငံ အငြင်းပွားနေသာ ကျွန်း၏ လေပိုင်နက်အား တရုတ်နိုင်ငံက ၎င်း၏လေကြောင်း ကာကွယ်ရေးဇုန်အတွင်း ထည့်သွင်းသတ်မှတ်ခဲ့ပြီးနောက် ကြီးထွားလာသည့် အငြင်းပွားနေမှုများအတွက် ဂျပန်နိုင်ငံအနေဖြင့် အမေရိကန်ထံမှ ထောက်ခံမှုကို ရရှိခဲ့သည်ဟု သိရသည်။ အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျက်ဟေဂယ်က ဂျပန် ကာကွယ်ရေးဝန်ကြီးနှင့် ယမန်နေ့က ပြုလုပ်ခဲ့သည့် တယ်လီဖုန်းပြောဆိုမှုတွင် အမေရိကန်-ဂျပန် နှစ်နိုင်ငံ ကာကွယ်ရေးဆိုင်ရာစာချုပ်က ထိုအငြင်းပွားနေသည့် ကျွန်းအတွက် အကျုံးဝင်သည်ဟု ပြောဆိုခဲ့သည်။

     

    • မကြာသေးမီက ကောက်ယူခဲ့သော စစ်တမ်းများအရ ဗြိတိန်ရှိ ပြည်သူအချို့မှာ အကြွေးများ ဆိုးရွားစွာဖိစီးခံနေရသည်ဟု သိရသည်။ ဗြိတိန်အစိုးရ၏ ကျောထောက်နောက်ခံပြုမှုဖြင့် ငွေကြေးအကြံပေးအဖွဲ့ MAS က စစ်တမ်းကောက်ယူခဲ့ခြင်း ဖြစ်ပြီး ဗြိတိန်လူဦးရေ၏ ၁၈ ရာခိုင်နှုန်းဖြစ်သည့် လူ ၈.၈ သန်းမှာ ငွေးရေးကြေးရေး အခက်အခဲများဖြင့် ကြုံတွေ့နေရခြင်းဖြစ်သည်။

     

    • အီရန်နှင့် ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံတို့ ဆွေးနွေးရာတွင် ထွက်ပေါ်ခဲ့သည့် သဘောတူညီချက်မှာ အရှေ့အလယ်ပိုင်းအခြေအနေအား တိုးတက်စေသည်ဟု ရှန်းဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ SCO က ပြောကြားခဲ့သည်။ ယမန်နေ့က ထုတ်ပြန်သော ကြေညာချက်တွင် ထိုခြေလှမ်းက နိုင်ငံများအကြားတွင် ယုံကြည်မှုနှင့် နားလည်မှုများကို ပိုမိုခိုင်မာစေရန် အထောက်အကူပြုသည်ဟု ထည့်သွင်းဖော်ပြထားသည်။

     

    • ကိုလံဘီယာနိုင်ငံ အနောက်တောင်ပိုင်းရှိ မြို့တစ်မြို့တွင် ထရပ်ကားအတွင်းသိမ်းဆည်းထား သော ဆေးခြောက်နှစ်တန်အား ရဲတပ်ဖွဲ့ဝင်များက ယမန်နေ့တွင် ရှာဖွေတွေ့ရှိခဲ့ကြသည်။ ထိုဆေးခြောက်များမှာ ကိုလံဘီရာတော်လှမ်းရေးတပ် FARC မှ ပိုင်ဆိုင်သော ဆေးခြောက်များဖြစ်သည်ဟု ရဲတပ်ဖွဲ့ကပြောဆိုထားပြီး စုံစမ်းစစ်ဆေးမှုများကို ဆက်လက်ပြုလုပ်နေသည်ဟု သိရသည်။

     

    • Misty ဟု အမည်ပြောင်ပေးထားပြီး Diplodocus longus အမည်ရ အလျား ၅၅ ပေ အမြင့် ၁၉ ပေရှိသည့် ဒိုင်နိုင်ဆောအမ၏ အရိုးရုပ်ကြွင်းကို အင်္ဂလန်နိုင်ငံ တောင်ဘက်  West Sussex တွင် ယမန်နေ့က ပေါင် ၄ သိန်းဖြင့် လေလံတင်ရောင်းချခဲ့သည်ဟု သိရသည်။ အမည် မဖော်လိုသည့် အဖွဲ့အစည်းတစ်ခုမှ ၀ယ်ယူ သွားခဲ့ခြင်းဖြစ်ပြီး များပြည်သူအား ပြသသွားမည်ဟု လေလံတင်ရောင်းချသည့်အဖွဲ့က ပြောကြားခဲ့သည်။ ထိုဒိုင်နိုဆော ရုပ်ကြွင်းမှာ အချိုးအစားအားလုံးအား အကောင်းပကတိအတိုင်း တွေ့ရရန်ခက်ခဲ့ပြီး ယခုရုပ်ကြွင်း၏ အစိတ်အပိုင်းအားလုံးကို အမေရိကန်အနောက်ပိုင်း Wyoming ပြည်နယ်တွင်၂၀၀၉ ခုနှစ်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

     

    • လူ ၅၄ ဦးသေဆုံးခဲ့ပြီး ၄၀ နီးပါး ဒဏ်ရာရရှိခဲ့သည့် Riga စူပါမားကတ်ပြိုကျပြီးနောက်ပိုင်း ထိုကိစ္စကို တာဝန်ယူသောအနေဖြင့် လတ်ဗီယား ၀န်ကြီးးချုပ် ဗာလ်ဒစ် ဒွမ်ဘရော့ဗ်စကီးက ရာထူးမှနှုတ်ထွက်သွားခဲ့သည်ဟုသိရသည်။ လတ်ဗီးယားသမိုင်းတွင် ၀န်ကြီးချုပ်အဖြစ် အရှည်ကြာဆုံးတာဝန်ထမ်းဆောင်ခဲ့သူ ဗာလ်ဒစ်၏ နှုတ်ထွက်မှုကို သမ္မတ အန်ဒရစ် ဘာဇင်ကလည်း လက်ခံခဲ့သည့်အတွက် လတ်ဗီယားအစိုးရမှာ ပြုတ်ကျသွားခဲ့ပြီဖြစ်သည်။

     

    • ဂျပန်နိုင်ငံနှင့် ပိုင်ဆိုင်မှုအငြင်းပွားနေသည့် ကျွန်း၏ လေပိုင်နက်အား တရုတ်နိုင်ငံမှ လေကြောင်းဆိုင်ရာထိန်းချုပ်မှုကို ဆန်ကျင့်သောအားဖြင့် မိမိတို့၏ လေယာဉ်များအား ထိုကျွန်အနီးလေပိုင်နက်သို့ တရုတ်နိုင်ငံအား အကြောင်းကြားခြင်းမရှိဘဲ စေလွှတ်ထားသည်ဟု တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့က ကြေညာလိုက်သည်။ တရုတ်နိုင်ငံက သတ်မှတ်ခဲ့သောလေကြောင်းကာကွယ်ရေးဇုန်အား ပြောင်းလဲပစ်ရန် တောင်ကိုရီးယားက ယနေ့တွင် တိုက်တွန်းခဲ့ သော်လည်း တရုတ်နိုင်ငံက လက်ခံခဲ့ခြင်းမရှိသောကြောင့် တောင်ကိုရီးယာနိုင်ငံကလည်း ထိုလေပိုင်နက်အတွင်းသို့ ၎င်းကိုပိုင် ဇုန်အား ချဲ့ထွင်သွားမည်ဟု ပြောကြားခဲ့သည်။
  • Muslim Youth Forum ဖြစ်မြောက်ရန် အုတ်မြစ်ချနိုင်ခဲ့သည့် အကြိုညှိနှိုင်း ဆွေးနွေးပွဲ

    Muslim Youth Forum ဖြစ်မြောက်ရန် အုတ်မြစ်ချနိုင်ခဲ့သည့် အကြိုညှိနှိုင်း ဆွေးနွေးပွဲ

    နိုဝင်ဘာ ၂၈၊ ၂၀၁၃
    M-Media
    A.N.Lay

    DSCN5063

    ရန်ကုန်  ။       ။      မြန်မာနိုင်ငံရှိ မွတ်စလင်မ်လူငယ်များ အနေဖြင့် နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်ရွက်နေသော အခန်းကဏ္ဍများတွင် ပိုမိုတက်ကြစွာ ပါဝင်နိုင်ကြစေရန် ရည်ရွယ်၍ Muslim Youth Form နှင့် မွတ်စလင်မ်လူငယ်များ ကိုယ်စားပြု အဖွဲ့အစည်းတစ်ရပ် ခိုင်မာစွာ ဖြစ်ပေါ်လာစေရေးအတွက် အကြိုညှိနှိုင်း ဆွေးနွေးပွဲကို မနေ့က နိုဝင်ဘာ ၂၇-ရက်နေ့တွင် ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။

    အဆိုပါ အကြို ညှိနှိုင်းဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းရှိမြို့နယ်များ၊ ပဲခူး၊ တောင်ကြီး၊ မန္တလေးနှင့် အခြားမြို့နယ်များမှ စိတ်ပါဝင်စားသူ လူငယ် ၁၀၀-၀န်းကျင် တက်ရောက်ပါဝင်ခဲ့ကြပါတယ်။

    တက်ရောက်လာကြသူ လူငယ်များမှ မြို့နယ်အလိုက် မိမိတို့ကြုံတွေ့ရသည့် အခြေအနေများကို မျှဝေပြောကြားရင်း ရှေ့ဆက်လုပ်ဆောင်သင့်သည်များကို ဆွေးနွေးခဲ့ကြပြီး Muslim Youth Forum ဖြစ်မြောက်ရေးအတွက် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ ပဲခူးတို့မှ ပါဝင်သော ကော်မတီ(ယာယီ)ကိုလည်း ဖွဲ့စည်းနိုင်ခဲ့ကြောင်းသိရပါတယ်။

  • ၂၀၁၄ သန်းခေါင်စာရင်း ကောက်ယူရာတွင် ” မြို” လူမျိုးဟူ၍ ရေးသွင်းဖော်ပြရန် သတင်းစာရှင်းလင်းပွဲ ကျင်းပ

    နိုဝင်ဘာ ၂၈-၂၀၁၃
    M-Media
    သီရိ

    2

    ရန်ကုန်။           ။ ၂၀၁၄ သန်းခေါင်စာရင်းနှင့် နိုင်ငံသားကဒ်များပြုလုပ်ပေးရာတွင် “မြို( ခမိ)” လူမျိုးများကို တစ်ခုတည်းသော ” မြို” လူမျိုးဟူ၍သာ တရားဝင်ရေးသားခေါ်ဆို အသိမှတ်ပြုလုပ်ပေးရန်အတွက် သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ယနေ့ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကျောက်တံတားမြို့နယ်ရှိ MJN ရုံးတွင် ပြုလုပ်ခဲ့သည်။

    ယခုအချိန်အခါတွင် နိုင်ငံတော်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီပြည်သူများအား အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသားကဒ်များကို ” မိုးပွင့်စိမံချက်” အရ သတ်မှတ်နှုန်း အတိုင်း မြန်ဆန်စွာဆောင်ရွက်ပေးနေပြီဖြစ်ပါသည်။ထို့အတူ ရခိုင်ပြည်နယ်၊ မြို့နယ်ဒေသအသီးသီးမှာလဲ ဆောင်ရွက်နေပီဖြစ်ပါသည်။သို့သော် ရခိုင်ပြည်နယ်ရှိ ” မြို” တိုင်းရင်းသားလူမျိုးတို့အနေဖြင့် အိမ်ထောင်စုစာရင်း၊ နိုင်ငံသားမှတ်ပုံတင်များပြုလုပ်ကြသည့်အခါ ကျောက်တော်မြို့နယ်တွင် ” မြို” ဟူ၍၎င်း၊ မြောက်ဦးမြို့နယ်တွင် ” ခမွီး” ဟူ၍၎င်း၊ ဘူးသီးတောင်မြို့နယ်တွင်      ” ခမီး ( ရခိုင်)” ဟူ၍၎င်း အမျိုးမျိုး ကွဲပြားစွာ လုပ်ဆောင်နေကြပါသည်။

    ဤသတင်းစာရှင်းလင်းပွဲတွင် မြို ခမီစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဦးဆောင်နာယက ဖြစ်သော ဦးထင်းအောင် မှ   ” အမှန်တကယ်ပြောရလျှင်”ကျွန်တော်တို့ လူမျိုးများဟာ တောင်ပေါ်၊ မြေပြန့်ချောင်းညာ၊ ချောင်းဝ ပြန့်ကြဲပြီးနေထိုင်ကြသော်လည်း အားလုံးက တစ်ခုတည်းသော ” မြို” လူမျိုးများသာဖြစ်ကြပါတယ်။ ဤလူမျိုးများသည် ဆင်းသက်လာပုံ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ ၀တ်စားဆင်ယင်မှု၊ ဘာသာစကား အပြောအဆို၊ ဆွေမျိုး ဆက်စပ်မှုများနှင့် လူကြီးသူမတို့ သီဆိုပြောပြသောပုံပြင်၊ တေးအင်္လကာကျော့ရိုး များဟာအားလုံးတူညီကြပါတယ်။ မြိုနှင့်ခမိဆိုသော ဝေါဟာရကို ရှင်းပြရလျှင် ” မြို” လူမျိုးဆိုသည်မှာ အင်္ဂလိပ်လူမျိုး၊ ဂျပန်လူမျိုး၊ ကချင်လူမျိုး ဆိုသကဲ့သို့ လူမျိုးတစ်မျိုးရဲ့ ကိုယ်ပိုင်အမည်ဖြစ်ပါတယ်။ ” ခမိ” ဆိုသည်က လူကိုခေါ်ခြင်းဖြစ်ပါတယ်။အချို့နေရာတွေမှာ မြို (ခမိ) ဟူ၍ သုံးကြတာရှိပါတယ်။ဒါကလဲ ဖက်စပ်တီထွင်ထားခြင်းမဟုတ်ပါ။လူမျိုးနှစ်မျိုး မဟုတ်ပါ။ တစ်မျိုးတည်းသာဖြစ်ပါတယ်။ မြို( ခမိ) ဆိုသည်မှာ ဖက်စပ်တီထွင်ထားခြင်း မဟုတ်ဘဲ” မြို ” လူမျိုးဟုဆိုလိုခြင်းသာဖြစ်ကြောင်း” ရှင်းလင်းပြောကြားခဲ့ပါသည်။

    ဆက်လက်ပြီး ယနေ့ စာနယ်ဇင်းရှင်းလင်းပွဲပြုလုပ်ရသည့် ရည်ရွက်ချက်မှာ နိုင်ငံတော်မှအိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားကဒ်များပြုလုပ်ပေးရာတွင် ဇဝေဇ၀ါစိတ်များမရှိဘဲ တစ်ခုတည်းသော “မြို” လူမျိုးဟူသော အမည်နာမဖြင့်သာ တရားဝင်ခေါ်ဆိုအသိမှတ်ပြုပေးကြပါရန် လေးစွာစွာမေတ္တာရပ်ခံအပ်ပါကြောင်း ၎င်းကထပ်လောင်းပြောကြားခဲ့သည်။

    ထို့နောက် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများမှမေးမြန်းသော မေးခွန်းများကို ပြန်လည်ဖြေကြားခဲ့ပြီး နေ့လည် ၁၂ နာရီတွင် အခမ်းနားကိုရုတ်သိမ်းခဲ့ပါသည်။

  • ဒါကို ဗုဒ္ဓအကြမ်းဖက်ဝါဒီဟု ခေါ်(ဝေါ်)သင့်သလား? (By ဒေါက်တာ မောင်ဇာနည်)

    နိုဝင်ဘာ-၂၈ ၂၀၁၃
    M-Media
    ဆောင်းပါးရှင်- (ဒေါက်တာ)မောင်ဇာနည်
    ဘာသာပြန်-မြင့်မိုရ်မောင်မောင်

    time-magazine-buddhist-terror

    များမကြာသေးမီက လူပေါင်းရာကျော်သေဆုံးစေပြီး တစ်သောင်းနှစ်ထောင်ကို အိုးမဲ့အိမ်မဲ့ဖြစ်သွားစေသည့် မွတ်စ်လင်မ် လူနည်းစုအပေါ် အကျည်းတန်စွာပြုလုပ်ခဲ့သော ရက်စက်ကြမ်းကြုတ်မှုများ၏ ဗဟိုချက်၌ မြန်မာနိုင်ငံ၏ ၉၆၉ အစွန်းရောက်လှုပ်ရှားမှု ရှိနေ၏။ သို့သော် သမ္မတဦးသိန်းစိန်အစိုးရ နှင့် ပြည်တွင်းရှိလူမျိုးကြီးဝါဒီတို့အကြား အပြန်အလှန် ပူးပေါင်းမှုတစ်ဖက်မှ ဗုဒ္ဓဘာသာဝင်ဘုန်းကြီးများ ဦးဆောင်ထားသည့်အုပ်စုကို နားမလည်နိုင်အောင် ဖြစ်ရသည်။

    အောက်ပါ ဆက်နွှယ်ကဏ္ဍများကို စစ်ဆေးသုံးသပ်မှု မပြုဘဲ ရှင်းပြ၍ရနိုင်ဦးမည်မဟုတ်။

    (က) နိုင်ငံတော်မှ ပြည်တွင်းနာဇီလက်သစ်ဗုဒ္ဓဘာသာဝင်များကို အပြစ်လွတ်အောင် ဆောင်ကြဉ်းပေးနေမှု
    (ခ) လူနည်းစုမွတ်စ်လင်မ်များအား မျိုးသုဉ်းရှင်းလင်းရေးလက္ခဏာများ ထင်ရှားလာနေသည့်ကြားမှ ဦးသိန်းစိန်၏ တုန့်ပြန်အရေးယူမှု မရှိခြင်း
    (ဂ) အကျဉ်းအကြပ်ကာလတစ်လျှောက်လုံး ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အတိုက်အခံအုပ်စုတို့၏ အကျင့်ပျက်ယိုယွင်းချက်များ

    အကြမ်းဖက်မှု၏ ပရမ်းပတာမြင်ကွင်းက တိုင်းပြည်၏လားရာ၊ ပြန်လည်ပြုပြင်မွမ်းမံရေးနှင့်စပ်လျဉ်း၍ အဓိက မေးခွန်းများစွာ ထွက်ပေါ်လာစေသည်။

    ၉၆၉ ဂိုဏ်း၏လှုပ်ရှားမှုသည် အဘယ်ကဲ့သို့ ရေပန်းစားကျယ်ပြန့်လာသနည်း၊ တိုင်းပြည်တစ်ခွင် အဘယ်ကဲ့သို့ ပျံ့နှံ့ရပါသနည်း ?

    လူမျိုး နှင့် ဘာသာ သန့်စင်ရေး အတွက် ဦးထိပ်ထားသည်ဟု အသံထုတ်ချက်နှင့်အတူ ထွက်ပေါ်လာသော ခေတ်သစ် အမျိုးသားရေး လှုပ်ရှားမှုသည် ဗုဒ္ဓအနှစ်တရား၊ အမျိုးသားယဉ်ကျေးမှုနှင့် စီးပွားရေးအပေါ် တလွဲ အသုံးချထားသည်ဖြစ်၍ ၁၉၃၀ ခုနှစ်များအတွင်းက ဂျာမဏီနိုင်ငံ၏ နာဇီဝါဒနှင့် ကွဲလွဲခြားနားခြင်း မရှိကြောင်း၊တွေ့ရသည်။ ၄င်း ၉၆၉ လှုပ်ရှားမှုရေပန်းစားလာသည့် အဓိက  အချက်သုံးရပ် ရှိကြောင်းကို တွေ့ရသည်။

    ပထမအချက်မှာ ၉၆၉ ခေါင်းဆောင် ဦးဝီရသူကဲ့သို့ ဗုဒ္ဓဓမ္မသင်ကြားရေးဌာနများမှ စစ်သွေးကြွ ဗုဒ္ဓဘာသာဝင်ဟောပြောသူ အချို့က အထွေထွေစီးပွားရေး အကြပ်အတည်းများ နှင့် လူ့အဖွဲ့အစည်းအတွင်း ယဉ်ကျေးမှုပျက်စီးနေမှုအတွက် ပြည်တွင်း မွတ်စ်လင်မ်တို့ကို ဓားစာခံအဖြစ် အမိအရ ပြုလုပ်ခဲ့ကြသည်။ ဗမာလူမျိုးတို့ကို မွတ်စ်လင်မ်တို့၏ စီးပွားရေးလက်ဝါးကြီးအုပ်မှုနှင့် ဂုတ်သွေးစုပ်မှုကို စုပေါင်းခံစားရသည့် သားကောင်များအလား ပုံဖော်ကြသည်။

    ဒုတိယအချက်မှာ ၉၆၉ အုပ်စုသည် အစဉ်အလာရှိခဲ့သော မွတ်စ်လင်မ်ဆန့်ကျင်ရေးဝါဒကို လူများစု ဗုဒ္ဓဘာသာဝင်များအကြား မနေမနား ပေါက်ပေါက်ဖောက်ကြသည်။

    တတိယအချက်မှာ ရဲဌာန၊ ထောက်လှမ်းရေး၊ စစ်တပ်၊ ဌာနဆိုင်ရာ နှင့် မီးသတ်တပ်ဖွဲ့ပင်မကျန် ဦးသိန်းစိန်၏ စီမံမှုအောက်၌ ရှိနေကြကုန်သော နိုင်ငံ့ဝန်ထမ်း အားလုံးနီးပါးက မြင်သာထင်သာစွာ နာဇီလက်သစ် ဗုဒ္ဓဘာသာဝင်များ အုပ်စုကို ပြစ်ဒဏ်မှ ဘေးမဲ့ပေးထားသည့် အပြင် အားပေးအားမြှောက်ပြုလုပ်နေကြပေသည်။

    နေပြည်တော်အစိုးရသည် အစွန်းရောက်လှုပ်ရှားမှုများအပေါ် မည်သည့်ဖြိုခွင်းမှု ပြုလုပ်ပါသနည်း ?

    ယမန်နှစ် မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်၌ ရိုဟင်ဂျာမွတ်စ်လင်မ်ဆန့်ကျင်ရေး အကြမ်းဖက်မှုနှင့်ပတ်သက်၍ လွှတ်တော် အစည်းအဝေးတွင် ဦးသိန်းစိန်မှ လူမျိုးရေး မုန်းတီးမှုဖြန့်ချိနေသည့် နိုင်ငံရေးပါတီများ၊ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ ကို တရားဝင်ပြစ်တင် စကားဆိုခဲ့သည်။ သို့သော်လည်း သူ၏ အစိုးရအဖွဲ့သည် မွတ်စ်လင်မ် ဆန့်ကျင်ရေးအမုန်းတရား သို့မဟုတ် ရိုဟင်ဂျာမုန်းတီးရေးတို့ကို ပြောင်ပြောင်တင်းတင်း သွတ်သွင်းလှုံ့ဆော်နေသူ မည်သူတစ်ဦးကိုမျှပင် မည်သည့်အရေးယူမှုများ မပြုလုပ်ခဲ့ကြ။ လူ့အဖွဲ့အစည်းအတွင်း မွတ်စ်လင်မ်ဆန့်ကျင်ရေး

    အမုန်းတရားများကို ဖြန့်ဝေ သွတ်သွင်းခြင်း၊ မွတ်စ်လင်မ်တို့အား တစ်ဆင့်ချင်း လက်စတုံးပစ်ရန် လှုံ့ဆော်ခြင်း၊ လူ့အဖွဲ့အစည်း အပေါ် သြဇာသုံးခြင်း စသည်တို့ကို လုပ်ဆောင်နေကြသူ ဗုဒ္ဓဘာသာဝင်တစ်ဦး တစ်လေကိုမျှပင် သူ၏အာဏာပိုင်တို့မှ ထိန်းသိမ်းခြင်း သို့မဟုတ် ဟန့်တားခြင်းလည်း မရှိခဲ့ချေ။

    “ နိုင်ငံရေးပါတီများ၊ အချို့ဘုန်းတော်ကြီးများနှင့် တစ်သီးပုဂ္ဂလများထံ၌ လူမျိုးရေး မုန်းတီးမှု ကြီးထွားမြင့်တက်လာနေသည်။ ၄င်းတို့သည် ပြည်တွင်းနှင့်ပြည်ပရှိ (ရခိုင်)လူ့အဖွဲ့အစည်းများနှင့်ပင် ပတ်သက် အားပေးမှုရှိနေသည် ” ဟု ပါလီမန်သို့ သြဂုတ်လကတင်သွင်းသော သမ္မတအစီရင်ခံစာ၌ ဖော်ပြထား၏။ ထို့ကြောင့် အနောက်တိုင်းထိပ်တန်း မီဒီယာများမှ ခေါင်းကြီး သတင်းအဖြစ် တခမ်းတနား ဖော်ပြထားသော ဦးသိန်းစိန်၏ သဟဇာတအတူ ယှဉ်တွဲနေထိုင်ရေးအဆို နှင့် သူ့အစိုးရ၏တုန့်ပြန်ဆောင်ရွက်မှုမရှိခြင်းအကြားဝယ် တံတားထိုးမရနိုင်သည့် ကွက်လပ်ဖြစ်နေပေသည်။

    အကြမ်းဖက်လူအုပ်ကြီးက မျက်မှောက်၌သောင်းကျန်းနေပါလျက် ဒေသခံရဲတပ်ဖွဲ့များသည် မတုန်မလှုပ် ရပ်ကြည့်နေခဲ့ကြောင်း ဟူသည့် သူ့အစိုးရ၏ တုန့်ပြန်ဆောင်ရွက်မှု မရှိပုံကို အထက်ပါ မီဒီယာများကပင် လေ့လာသုံးသပ် တင်ပြမှု မပြုခဲ့ကြ။

    မည်သူမဆို မြန်မာနိုင်ငံတစ်ဝှန်းတွင် များမြောင်လှစွာသော မွတ်စ်လင်မ်ဆန့်ကျင်ရေးလှုံ့ဆော်ချက်များ၊ စီဒီနှင့်ဒီဗီဒီများ၊ ပုံနှိပ်ထုတ်ဝေမှုများကို အလွယ်တကူ တွေ့မြင်နိုင်ပါသည်။  ပိုမိုပွင့်လင်းမြင်သာလာသော နိုင်ငံ့လူမှုဝန်းကျင်၌ မွတ်စ်လင်မ်ဆန့်ကျင်ရေး သတင်းလိမ်များ၊ မုန်းတီးရေးအမြင်များဖြန့်ဝေရန် တရားဝင် ခွင့်ပြုသည့်နှယ် ဖြစ်နေခဲ့သည်။ သို့တစေ Voice Weekly သတင်းစာမှ သတ္ထုတွင်းဝန်ကြီးဌာန၏အလွဲသုံးစားမှုဆိုင်ရာ ဆောင်းပါးတစ်ပုဒ်မျှ ပုံနှိပ်ဖော်ပြရာတွင်မူ အာဏာပိုင်များက တရားစွဲခဲ့ပေသည်။

    အစ္စလာမ်အပေါ်အမြင်မှားကြောက်ရွံ့ပြီးအကြမ်းဖက်လာအောင်စီစဉ်သူများ၊ အမုန်းတရားပွဲများကို ဦးသိန်းစိန်အစိုးရမှ နည်းလမ်းတကျ မနှိမ်နင်းပါလျှင်၊ မွတ်စ်လင်မ်နှင့်အခြား တိုင်းရင်းသား လူနည်းစုများအပေါ် ကျူးလွန်စော်ကားနေသူများအား ပြစ်ဒဏ် မပေး ကာကွယ်ထားသော သက်ဆိုးရှည်နေသည့် မူဝါဒကို အဆုံးမသတ်ပါလျှင် – ၉၆၉ ၏ အန္တရာယ်များက မျိုးဖြုတ်သုတ်သင်ခြင်း လှုပ်ရှားမှုအသွင်သို့ စုပြုံပြောင်းလဲသွားပေတော့မည်။ ဦးသိန်းစိန်၏ စစ်တပ် တစ်ပိုင်းအစိုးရသည် အတိုက်အခံများကို ချိုးနှိမ်ရာ၌ နှစ်ပေါင်း ၅၀ မက အတွေ့အကြုံရှိနေပါ၏။ လူ့အဖွဲ့အစည်းအတွင်း မရောက်ရှိစေလိုသော သတင်းနှင့် အချက်အလက်များကိုလည်း ဆယ်စုနှစ်များစွာ ထိထိရောက်ဖြတ်တောက် ပိတ်ပင်နိုင်ခဲ့ပါ၏။

    ဦးသိန်းစိန်၏ထိပ်တန်းအကြံပေး နှင့် အစိုးရ၏ Myanmar Peace Center (MPC) အား ဦးဆောင်ညွှန်ကြားနေသူ – City University of Hong Kong မှ ဗမာ လူမျိုးပညာရှင် ဦးကျော်ရင်လှိုင်က ( Fletcher Forum of World Affairs in 2008 တွင် ထုတ်ဝေသည့် ) သူ၏ “Challenging the authoritarian state: Buddhist monks and peaceful protests in Burma, issues and policy” ဆောင်းပါးဝယ် တစ်ချိန်က မွတ်စ်လင်မ်ဆန့်ကျင်ရေးအဓိကရုဏ်းများ၌ စစ်တပ်သည် အဓိက အခန်းကဏ္ဍတွင် ပါဝင်ကြောင်း ရေးသားဖော်ပြဖူးသည်။

    ၁၉၉၇ ခုနှစ်တွင် မန္တလေးရှိ နာမည်ကြီး ဗုဒ္ဓရုပ်ပွားတော်တစ်ဆူအား စစ်ဗိုလ်ချူပ် တယောက်မှ မရိုးဖြောင့်သော အကြံဖြင့် ပြန်လည်ပြင်ဆင် မွမ်းမံခြင်းအပေါ် သံဃာတော်များ၏ ကန့်ကွက်ဆန္ဒပြမည့်  အစီအစဉ်ကို စစ်အာဏာရှင်များက ရိပ်စားမိခဲ့သည်။ သံဃာတော်များမှ မစတင်နိုင်မှီ မွတ်စ်လင်မ် လုပ်ငန်းရှင်တစ်ဦးမှ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ဦးအား မုဒိန်းကျင့်ပါသည်ဟူသော ကောလဟလ သတင်းထွက်ပေါ်လာခဲ့သည်။ အာဏာပိုင်များသည် စစ်ဗိုလ်ချူပ် အပေါ်ရှိနေသည့် အာရုံကို မွတ်စ်လင်မ်လုပ်ငန်းရှင်ဖက်လှည့်ကာ မွတ်စ်လင်မ်ဆန့်ကျင်ရေး အဓိကရုဏ်းအား ဖြစ်ပေါ်စေခဲ့သည်။ အစိုးရ ဆန့်ကျင်ရေးလှုပ်ရှားမှုများ၌ အမျက်ထွက်နေသော သံဃာတော်များ မပါဝင်စေရေးအလို့ငှာ ထောက်လှမ်းရေးသမားတို့သည် မွတ်စ်လင်မ် ဆန့်ကျင်ရေး အဓိကရုဏ်းများဖြစ်လာအောင် မကြာခဏ လှုံ့ဆော်ဖန်တီးတတ်ကြောင်း ဆန်းစစ်လေ့လာသူအချို့က ထောက်ပြထား၏ (စာမျက်နှာ ၁၃၇-၁၃၈)။  များမကြာသေးမီကပင် မတ်လ ၂၉ ရက်ထုတ် New York Times တွင်ဖော်ပြလိုက်သော “Kristallnacht in Myanmar:” ခေါင်းစဉ်တပ်ကာ အယ်ဒီတာ့အာဘော်အား The Disorder in Order: the Army-State in Burma since 1962 စာအုပ်ရေးသားသူ ပရော်ဖက်ဆာ Donald Seekin က မတ်လ ၃၀ ရက်တွင် အောက်ပါကဲ့သို့ ချေပရေးသားခဲ့သည်။

    မြန်မာလူ့အသိုင်းအ၀ိုင်း၌ မွတ်စ်လင်မ်မုန်းတီးရေးသည် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပါသည်။ ၄င်းမှာ ၁၉၆၂ မှ ၂၀၁၀ ခုနှစ်ကာလအတွင်း ဦးနေ၀င်းနှင့်တစ်ကွ အာဏာရှင်အစဉ်အဆက်တို့က အားပေးခဲ့ခြင်းကြောင့်ဖြစ်သည်။ ၄င်းတို့၏ သည်းခြေကြိုက် နည်းဗျူဟာများ အနက်တစ်ခုမှာ မွတ်စ်လင်မ်များသည် မြန်မာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများကို မုဒိန်းကျင့်ခြင်း (နှင့်) ဗုဒ္ဓဘာသာဝင်တို့ကို အစ္စလာမ်သို့ပြောင်းလဲ သွတ်သွင်းရန်ကြံစည်ခြင်း ဟူ၍ ကောလဟလ ထုတ်လွှင့်ခြင်းသာတည်း။ အာဏာပိုင်တို့၏ ခွဲခြားအုပ်ချုပ်ခြင်း နည်းဗျူဟာသည် ဗြိတိသျှ ကိုလိုနီအစိုးရ၏ တွဲရေးခွဲရေး အုပ်ချုပ်မှု ၀ါဒမှ မြစ်ဖျားခံလာဖွယ် ရှိ၏။ ဦးသိန်းစိန်သည် လူ့အဖွဲ့အစည်းအတွင်း ဘာသာတရားအားလုံး သဟဇာတ အတူ ယှဉ်တွဲနေထိုင်ရေးကို တဖွဖွဆိုနေသော်လည်း လက်တွေ့တွင်မူ နာဇီလက်သစ် ၉၆၉ ဗုဒ္ဓဘာသာ လှုပ်ရှားမှုနှင့်ပတ်သက်၍ စကားအဟ မခံခဲ့ချေ။ စစ်တပ်သည် အကန့်အသတ်မရှိ လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့်ကို ဆယ်စုနှစ်များစွာ ကြမ်းတမ်းကြပ်မတ်နိုင်ခဲ့သော်လည်း ဒုစရိုက်သားများကို အကာအကွယ်ပေးထားခြင်းနှင့်အရေး မယူခြင်းတို့သည် အကြောက်တရားနှင့်ေ၀၀ါးမှုအား ဖန်တီးရန် နေပြည်တော်၏ မဟာဗျူဟာမြောက် အတွက်အချက်နှင့် ချိတ်ဆက်ထားဟန် ရှိပေသည်။  နိုင်ငံနှင့် စီးပွားရေးကို ပြိုင်ဖက်မဲ့ လွှမ်းမိုးထိန်းချုပ်နိုင်ရန  (the divide-and-rule tactics it has always used to exert unrivaled control and influence over the state and economy) တစိုက်မတ်မတ် အသုံးချလေ့ရှိသည့် ခွဲခြားအုပ်ချုပ်မှုနည်းဗျူဟာများဟု ဆိုရပေမည်။

    မိမိအားအဓိကထောက်ခံအားပေးကြသည့် ဗုဒ္ဓဘာသာဝင် လူထုအကြား အကြမ်းဖက်ဝါဒ လှိုင်းလုံးကြီး ရပ်တန့်စေအောင် အကြမ်းမဖက်ရေး၌ ထင်ရှားသည့် ကမ္ဘာကျော် ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှာ ဘာများဆောင်ရွက်နေပါသနည်း ?

    ဒေါ်စုကြည်ကိုယ်တိုင်က အစ္စလာမ့်အမုန်းတရားနှင့် အကြောက်တရား ကျယ်ပြန့်လာမှု၌ ပါဝင်လုံးထွေးလိုက်ခြင်းမှာ နားမလည်နိုင်အောင်ဖြစ်သွားစေသည်။ မွတ်စ်လင်မ်များအပေါ် အကြမ်းဖက်မှု ဖန်တီးခြင်း၌လည်းကောင်း၊ မွတ်စ်လင်မ်နှင့် ဗုဒ္ဓဘာသာဝင် အသိုင်းအ၀ိုင်းနှစ်ရပ်လုံးထံဖြစ်ပွားသော သေကြေပျက်စီးမှုများအပေါ် စာနာကြောင်းပြသရန်၌ လည်းကောင်း အကြွင်းမဲ့ ရေငုံနှုတ်ပိတ် နေခဲ့ပါသည်။ မည်သည့် အကြောင်းကြောင့်ဖြစ်စေကာမူ သူမ လျစ်လျူရှုခဲ့သည့် အကျည်းတန်မှုများ အနက် ထင်ရှားသည့် အကြောင်းသုံးရပ်မှာ –

    ၁။ မျက်နှာစိမ်းများနှင့်ဒေသခံများ နှစ်မျိုးလုံးဖြင့် စုစည်းထားသည့် ဗုဒ္ဓဘာသာဝင် လူရမ်းကားအုပ်စုမှ မွတ်စ်လင်မ်တို့ကိုသာ တစ်ဖက်သတ် ဦးတည်ပစ်မှတ်ထားနေသည့် အမုန်းတရားဖြန့်ချိမှုနှင့် အကြမ်းဖက်မှုများ

    ၂။ မွတ်စ်လင်မ်များ နှင့် ကချင်ကဲ့သို့ အခြားလူနည်းစုဝင်တို့အပေါ် အလွန်အကျွံအကြမ်းဖက်မှု၊ သတ်ဖြတ်မှု နှင့် ဖျက်ဆီးသောင်းကျန်းမှုများ

    ၃။ စစ်တပ်နှင့်လုံခြုံရေးတပ်ဖွဲ့ဝင်တို့သည် အဓိကရုဏ်းဖြိုခွင်းရာ၌ နှစ်ပေါင်း ၅၀ အတွေ့အကြုံရှိနေခြင်း။

    ဒေါ်စုကြည်သည် မွတ်စ်လင်မ်ဆန့်ကျင်ရေး အကြမ်းဖက်မှုများအပေါ် လုံးလုံးလျားလျား ဆိတ်ဆိတ်နေခဲ့ခြင်းတော့ မဟုတ်။ မိတ္ထီလာအကြမ်းဖက်မှုကြီးအပြီး သုံးရက်မြောက်တွင် သူမက ဒေသခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အခြေအနေထိန်းသိမ်းမှု ညံ့ဖျင်းပုံကို ဖွင့်ပြောဝေဖန်ခဲ့သည်။ လူရမ်းကားများ စိတ်တိုင်းကျခုတ်ဖြတ် မီးရှို့နေချိန် လုံခြုံရေးတပ်ဖွဲ့ဝင်တို့မှ လက်ပိုက်ရပ်ကြည့်နေသည့် အချက်ကိုမူ မဝေဖန်ခဲ့ချေ။ သုံးရက်စလုံး ဗလီဝတ်ကျောင်း၊ မွတ်စလင်မ်ဈေးဆိုင်နှင့်နေအိမ်များ အပါအ၀င် အဆောက်အဦးပေါင်း တစ်ထောင်နီးပါးကို လက်နက်ကိုင်ဗုဒ္ဓဘာသာဝင် လူရမ်းကားအုပ်စုများမှ မီးလောင် တိုက်သွင်းနေခြင်းအား လုံခြုံရေး တပ်ဖွဲ့ဝင်တို့က လက်လွှတ်ထားခဲ့ကြ၏။ ၄င်းတို့၏ တမင်သက်သက် အရေးမယူဘဲနေခြင်းအပေါ် မြန်မာဘာသာဖြင့်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲမေးမြန်းခန်း၌ ဒီမိုကရေစီအကူး အပြောင်းကာလသစ်တွင် ဒေသခံလုံခြုံရေးတပ်ဖွဲ့ဝင်တို့မှာ အဓိကရုဏ်းကိုင်တွယ်မှု အတွေ့အကြုံနည်းပါးနေသည်ဟူသော ဆင်ခြေဖြင့် သူမက ဖုံးဖိကာကွယ်ပေးခဲ့သည်။

    မြန်မာစစ်တပ်နှင့်တရုတ်၏ အကျိုးတူပူးပေါင်းဆောင်ရွက်မှု သတ္ထုတွင်းစီမံကိန်းအား ဆန္ဒပြခြင်းကို အကြမ်းဖက်နှိမ်နှင်း ခဲ့သည့်ပြဿနာအပေါ် စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဌအဖြစ် တာဝန်ယူခဲ့သော ဒေါ်စုကြည်၏ မှတ်ချက်က …….  မိမိတို့၏မြေယာ ဆုံးရှုံး၍ ဆန္ဒပြကြသူများ နှင့် ထောက်ခံ ပံ့ပိုးပါဝင်ကြသူ သံဃာတော်များအား လုံခြုံရေးတပ်ဖွဲ့ဝင်တို့မှ မီးစုန်းဓာတ်ပါ မီးလောင်ဗုံးများအသုံးပြုကာ နိုင်နိုင်နင်းနင်းဖြိုခွင်းခဲ့ခြင်း အဖြစ်ကို ကျော်ခွပစ်ခဲ့သည်။ မိတ္ထီလာရှိ အကြမ်းဖက်ခံ သားကောင်များထံ သွားရောက်ကြည့်ရှုအားပေးရမည့်အစား မတ်လ ၂၇ ရက်တွင်ကျင်းပမြဲဖြစ်သော တပ်မတော်နေ့ အခမ်းအနားသို့ တက်ရောက်ကာ အလန်းစား ဗိုလ်ချုပ်များနှင့် အလွန်နွေးထွေးသည့် ရင်းနှီးမှုကို ပြသခဲ့ပေသည်။

    လက်ရှိကောလဟလများနှင့်အကြမ်းဖက်မှုတို့သည် မွတ်စ်လင်မ်ဆန့်ကျင်ရေး လုပ်ရပ်များအတွင်း လူအများထပ်မံ ပါဝင်လာအောင် တွန်းပို့မည်လော ? မြန်မာနိုင်ငံ၌ အစ္စလာမ်အပေါ်ဆင်ယင်ထားသည့်  ကောလဟလများသည် မည်သည့်နေရာမှ စတင် မြစ်ဖျားခံလာသနည်း ?

    rakhine case 2012

    သမ္မတဦးသိန်းစိန်၏ပြောဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် ဗိုလ်မှူးဟောင်း ဇော်ဌေး သို့မဟုတ် မှူးဇော် သည် ၂၀၁၂ ခုနှစ် ဇွန်လ ရိုဟင်ဂျာ ဆန့်ကျင်ရေးအကြမ်းဖက်မှု ပထမလှိုင်းမှာကတည်းက မွတ်စ်လင်မ်ဆန့်ကျင်ရေး ကောလဟလများ နှင့် သွားပုပ်လေလွင့် စကားများကို အဓိက တင်ပြနေသူဖြစ်ကြောင်း သိရသောအခါ လူဦးရေသန်း ၆၀ အနက် ၄ ရာခိုင်နှုန်းမျှသာရှိသည့် ပြည်တွင်း မွတ်စ်လင်မ်များအဖို့ တုန်လှုပ်စရာ ဖြစ်ခဲ့သည်။ သူ၏ဖေ့စ်ဘွခ် စာမျက်နှာပေါ်တွင် မွတ်စ်လင်မ်ဆန့်ကျင်ရေး အမုန်းတရားနှင့် စိုးကြောက်မှုများတွင် ကျယ်စေမည့်  အခိုင်အမာ သတင်းယောင်ယောင် ပို့စ်များစွာ ရေးတင်ခဲ့သည်။ ၄င်းတို့အနက်သာဓကတစ်ရပ်မှာ “ လက်နက်ကိုင်မွတ်စ်လင်မ် အကြမ်းဖက်သမား တစ်စုသည် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ဖြတ်ကျော် ၀င်ရောက်လာပြီဖြစ်ကြောင်း ကျွန်ုပ်တို့မှ သတင်းရရှိထားပြီ။ သတိရှိကြကုန် ” ဟူ၏။

    arlennews1

    တစ်ချိန်တည်းမှာပင် နိုင်ငံပိုင် မီဒီယာများ၏ ဆောင်းပါးများစွာတွင်လည်း “ကုလား” ဟူ၍ မွတ်စ်လင်မ် ဆန့်ကျင်ရေး အသုံးအနှုန်းအား ဇောင်းပေးဖော်ပြခဲ့သည်။ ကုလား ဆိုသည့်  မြန်မာ စကားမှာ ကြမ်းထော်မည်းညစ်သူ ဟု အဓိပ္ပာယ်ရပြီး  မွတ်စ်လင်မ်များနှင့် အိန္ဒိယနွယ်ဖွားတို့ကို ရည်ညွှန်းကာ နှိမ့်ချခေါ်ဆိုချက်ဖြစ်သည်။ တိုင်းပြည်၏လုံခြုံရေးနှင့် စီမံရေးဌာနများနှင့် တစ်ကွ ယဉ်ကျေးမှုနှင့် အတွေးအခေါ်ပိုင်း၌ သြဇာကြီးမားကြသူတို့က  မွတ်စ်လင်မ်ဆန့်ကျင်ရေး အမုန်းတရား အကြောက်တရား သွတ်သွင်းခြင်းကို ပေါင်းလုပ်ကြသော အခါ ပြည်သူများသည်လည်း ယင်းကဲ့သို့ပင် အမြင်ဖြစ်ပေါ်လာတတ်ကြ၏။ ထုံးဓလေ့အားဖြင့် ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးတို့သည် မြန်မာလူ့ အဖွဲ့အစည်းတွင် မိဘဘိုးဘွားနှင့် ဗိုလ်ချုပ်များထက် အလွန်သြဇာညောင်းကြသည်။ အစိုးရ၏ မွတ်စ်လင်မ်ဆန့်ကျင်ရေး လုပ်ရပ်နှင့် အကြမ်းဖက် ဝါဒီ သြဇာရှိ ဘုန်းတော်ကြီးတို့၏ ၀ါဒဖြန့်မှုများအကြား စည်းခြားဖော်ပြရန်မှာ မလွယ်ကူ လွန်းလှပါလေ။ ဖေ့စ်ဘွခ်ပေါ်၌ မိတ္ထီလာ၏သေကြေ ပျက်စီးမှု ပုံရိပ်များအပါဝင် မွတ်စ်လင်မ် ဆန့်ကျင်ရေးပို့စ်များမှာ  “liked” များကို ထောင်ချီတွေ့ရပြီး လူထုမြင်ကွင်းမှာပင် ၄င်းတို့၏ နာဇီ လက်သစ်အမြင် သဘောထားများကို မအောင့်အည်းနိုင်အောင် ဖော်ထုတ် ဖွင့်ချနေသည်ကို တွေ့နေရသည်။

    လတ်တစ်လောအင်တာဗျူးများ၌ ၉၆၉ အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဝီရသူ က အကြမ်းဖက်မှုကို ရှုံ့ချပြစ်တင် သယောင် ပြုလာသည်။ မိမိသည် မွတ်စ်လင်မ် ဆန့်ကျင်ရေး အကြမ်းဖက်သူများ၊ ဆူပူမှုများကို ရပ်တန့် တားဆီးခဲ့သည်ဟုပင် ဆိုလာသည်။ ဤသည်မှာ သူ၏မှိုင်းတိုက် လှုပ်ရှားမှုအား အသံတိုးလိုက်ခြင်းပေလော သို့တည်းမဟုတ် မြန်မာနိုင်ငံ၌ မွတ်စ်လင်မ်တို့၏ လွှမ်းမိုးမှုအား ၉၆၉ လှုပ်ရှားမှုဖြင့် ဆက်လက်ချေမှုန်းရန် နှိုးဆွခြင်းပေလော မပြောတတ်ပြီ။ ဦးဝီရသူ၏ဖေ့စ်ဘွခ် စာမျက်နှာပေါ်တွင် ပြန်လည် သင့်မြတ်ရေးကို လက်မခံသည့် အကြောင်းများစွာ ရေးတင်ထား၏။  တစ်နေ့နံနက်ပိုင်းက ဘာသာရေးဆိုင်ရာ ခန္တီစ နှင့် မေတ္တာတရား အကြောင်းကို ရေးတင်၏။ ထိုနေ့ နေ့လည်ပိုင်းမှာပင် မွတ်စ်လင်မ်ဆန့်ကျင်ရေးစာသားများကို အားပါးတရ ရေးတင်ပြန်သည်။

    မွတ်စ်လင်မ်နှင့်ထိမ်းမြားသော မြန်မာအမျိုးသမီးများမှာ အဓမ္မ ဘာသာပြောင်းစေခြင်း၊ မြန်မာအမည်မှ မွတ်စ်လင်မ်နှင့် အိန္ဒိယအမည်များ အဖြစ် အလိုမတူ ပြောင်းလဲစေခြင်း စသည့်အကြောင်းများအပါအ၀င်ဖြစ်သည်။ ဦးဝီရသူသည် လူသိရှင်ကြား စော်ကားပြောဆိုချက်များ ပြုလုပ်ခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် ကျောက်ဆည်မြို့တွင် မွတ်စ်လင်မ် မိသားစု တစ်ခုလုံးအား မီးရှို့သတ်ဖြတ်မှု ဖြစ်ပွားခဲ့ရာ ထောင် နန်းစံခဲ့ရသည်။ ယင်းသို့သော ဘုန်းတော်ကြီးအဖို့ မိမိ၏မီးမွှေးမှိုင်းတိုက်မှုများအပေါ် ချက်ခြင်း လက်ငင်း ယူကျုံးမရ ခံစားချက်များဖြစ်ပေါ်မည်မဟုတ်။ လက်ရှိ မွတ်စ်လင်မ်ဆန့်ကျင်ရေး အကြမ်းဖက်မှုများ၌ ပါဝင်သော သူ၏အခန်းကဏ္ဍနှင့် စပ်လျဉ်း၍လည်း နောင်တ၏လက္ခဏာကို စိုးစဉ်းမျှ မပြသသေးချေ။

    လွန်ခဲ့သည့် ၁၀ နှစ်တုန်းက ဦးဝီရသူမှာ မွတ်စ်လင်မ်ဆန့်ကျင်ရေးအမြင်ထားရှိသည့် အစွန်းရောက်သူတစ်ဦးသာ ဖြစ်၏။ ယခုသော် နိုင်ငံတော်ကျောထောက်နောက်ခံပြု လက်သစ် နာဇီဝါဒ မြင့်တက်လာခြင်းနှင့်အတူ သူသည် အမုန်းတရားဖန်တီး ပျိုးထောင်ရှင်တစ်ဦး၊ နိုင်ငံတကာမီဒီယာတို့မှာ မတွေ့မဖြစ် ဆုံတွေ့ရမည့်သူတစ်ဦး ဖြစ်လာပေပြီ။ ဤသို့သော နာဇီလက်သစ်ဗုဒ္ဓ ဘာသာဝင်ဟောပြောသူ၏ကျော်ကြားမှုမှာ အနာဂတ် ဒီမိုကရေစီနိုင်ငံအတွက်လည်းကောင်း၊ အထူးသဖြင့် ပြည်တွင်းရှိ မွတ်စလင်မ်များနှင့် ရိုဟင်ဂျာတို့ အတွက် လည်းကောင်း ပုံရိပ်ကောင်းတစ်ခု မဟုတ်တော့ပါလေ။

    xxxxxxxxxxxxxxxxxxxxxx

    (ဒေါက်တာ)မောင်ဇာနည်၏ Should we call it Buddhist terrorism ? ဆောင်းပါးကို မြင့်မိုရ်မောင်မောင်မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်။

    ဆောင်းပါးရှင် မောင်ဇာနည်သည် Free Burma Coalition (1995-2004) ၏ တည်ထောင်သူဖြစ်ပြီး၊ London School of Economics မှ Civil Society and Human Security Unit ၏ ဧည့်သည်တော်အဖွဲ့ဝင် တစ်ဦးဖြစ်ပြီး၊ မိမိဇာတိမြန်မာပြည်မှ လူမျိုးရေး အကြမ်းဖက်မှု နှင့် နာဇီ လက်သစ်ဗုဒ္ဓ အမျိုးသားရေး ၀ါဒတို့အပေါ် ဝေဖန်သုံးသပ် တင်ပြနေသူလည်း ဖြစ်သည်။