News @ M-Media

Blog

  • မြန်မာနိုင်ငံမှ မွတ်စလင်မ်များအား အကြမ်းဖက်မှုအပေါ် ဒေါ်အောင်ဆန်းစုကြည်၏ ဖြေကြားချက် (Sydney, Australia)

    မြန်မာနိုင်ငံမှ မွတ်စလင်မ်များအား အကြမ်းဖက်မှုအပေါ် ဒေါ်အောင်ဆန်းစုကြည်၏ ဖြေကြားချက် (Sydney, Australia)

    နိုဝင်ဘာ-၂၈ ၂၀၁၃
    Spring Flowers ၏ FB မှ ဘာသာပြန်ကို ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

    မေး ။ ။ ကျနော်က သြစတေးလျ မြန်မာမွတ်ဆလင် အသိုင်းအ၀ိုင်းက ဖြစ်ပါတယ် ။ ကျနော်မေးချင်တာကတော့ မြန်မာပြည်မှာ ဖြစ်နေတဲ့ ဘာသာရေးတင်းမာမှုတွေနဲ့ ပတ်သက်ပြီးတော့ပါ ။ အထူးသဖြင့် မြန်မာပြည်က မွတ်ဆလင်လူနည်းစုအပေါ် အကြမ်းဖက်မှုတွေအကြောင်းဆိုပါတော့ခင်ဗျာ ။ ဒီအကြမ်းဖက်မှုတွေ မငြိမ်သက်မှုတွေဟာ လက်ရှိအစိုးရက ဒေါ်စုနဲ့ NLD ကို နိုင်ငံရေးမှာ နာမည်သေသွားအောင် ၊ ဒေါ်စုရဲ့ နိုင်ငံရေးလမ်းကြောင်း ပျက်စီးသွားအောင် တမင်လုပ်နေတာလို့ ထင်ပါသလား ။

    -ဒီအခြေအနေကို ကာကွယ်ဖို့ ဒေါ်စုနဲ့ NLD အနေနဲ့ ဘာတွေများလုပ်နေပါသလဲ ။ -နောက်တစ်ခုကတော့ အမျိုးသားရင်ကြားစေ့ရေးအကြောင်းကို ပြောကြတဲ့အခါ မတူကွဲပြားတဲ့ဘာသာကို ကိုးကွယ်သူများကြားမှာ ရင်ကြားစေ့ရေးလည်း ပါဝင်ပါတယ်လို့ ပြောလို့ရပါတယ် ။ သူတို့ကြားထဲမှာ ကြောက်လန့်မှုတွေ မယုံကြည်မှုတွေ ရှိနေတယ်လို့ သိရပါတယ် ။ သြစတေးလျလိုတိုင်းပြည်အနေနဲ့ ဒီအခြေအနေကို လွန်မြောက်အောင် ဘာတွေများ ကူညီနိုင်တယ်လို့ ထင်ပါသလဲ ။

    ဖြေ ။ ။ ကျမပြောခဲ့သလိုဘဲ မြန်မာပြည်မှာ ရာနှုန်းပြည့် ပွင့်လင်းမြင်သာမှု မရှိသေးပါဘူး ။ ပွင့်လင်းမြင်သာမှု မရှိတော့ Conspiracy theories (ရှုပ်ထွေးနက်နဲတဲ့ ပူးပေါင်းလုပ်ကြံမှုလို့ ယူဆပြီး ခန့်မှန်းချက်ပေးခြင်း) တွေ အမြဲတမ်း ရှိတတ်ပါတယ် ။

    အုပ်စုအချင်းချင်း အကြမ်းဖက်တိုက်ခိုက်ကြတာတွေ ၊ တင်းမာမှုတွေ ဘာကြောင့်များဖြစ်ရသလဲ ဆိုတာနဲ့ ပတ်သက်ပြီး ထင်ကြေးပေးတာတွေ ရှိနေတယ်ဆိုတာ ကျမ သိပါတယ် ။

    ပြီးတော့ ၂၀၁၅ ရွေးကောက်ပွဲ လမ်းလွဲသွားအောင် လုပ်ချင်တဲ့ လူတွေကများ ဒီပြသာနာတွေကို ပိုဆိုးအောင် လုပ်နေသလား ၊ ဒီလို လုပ်ခြင်းအားဖြင့် နောက်ဆုံး ၂၀၁၅ ရွေးကောက်ပွဲမှာ NLD အနိုင်မရအောင် လုပ်နေတာလား စသဖြင့် မှန်းဆတာတွေ ရှိနေပါတယ် ။

    ဒါပေမယ့် ဒါတွေအားလုံးဟာ မှန်းဆက်ချက်တွေ သက်သက်သာ ဖြစ်ပါတယ် ။ အုပ်စုတစ်ခုခုက ရည်ရွယ်ချက်ရှိရှိ လုပ်နေတယ်ဆိုတာ ပြနိုင်တဲ့ သက်သေအထောက်အထား ခိုင်ခိုင်မာမာ မရှိပါဘူး ။ တစ်ဖက်ကလည်း အုပ်စုတစ်ခုခုက ရည်ရွယ်ချက် ရှိရှိ လုပ်မနေပါဘူးလို့လည်း သေသေချာချာ ပြောဖို့ အထောက်အထားမရှိပြန်ပါဘူး ။

    ဒီတော့ ကျမတို့အနေနဲ့ အကောင်းဆုံးကို မျှော်လင့်ပြီး အဆိုးဆုံးကို ရင်ဆိုင်ဖို့ ပြင်ထားရမှာပေါ့ ။ ဒါပေမယ့် အရေးကြီးတာက တိုင်းပြည်မှာ ဖြစ်တဲ့ အကြမ်းဖက်မှုမှန်သမျကို အစိုးရက တာဝန်ယူဖို့ပါ ။ တိုင်းပြည်ဥပဒေနဲ့ ဆန့်ကျင်တဲ့အဖြစ်အပျက်မှန်သမျကို အစိုးရက တာဝန်ယူဖို့ လိုပါတယ် ။ စောစောက ပြောခဲ့သလိုဘဲ ဒီကိစ္စနဲ့ ပတ်သက်ပြီး အစိုးရက လုံလောက်တဲ့ တာဝန်ယူမှုတွေ လုပ်နေတယ်လို့ ကျမ မထင်ပါဘူး ။

    အမျိုးသား ရင်ကြားစေ့ရေးကို ကျမပြောတဲ့အခါ တိုင်းရင်းသားအဖွဲ့အားလုံး ၊ လူမျိုးအားလုံး ၊ အဖွဲ့အစည်းတွေအားလုံး ၊ နိုင်ငံရေးအင်အားစုအားလုံး ကြားမှာ ရင်ကြားစေ့တာကို ပြောတာပါ ။ ဒါကြောင့်ဘဲ အမျိုးသားရင်ကြားစေ့ရေး ဆိုတာထဲမှာ စစ်တပ်နဲ့ အရပ်သားနိုင်ငံရေးအင်အားစုတွေကြား ရင်ကြားစေ့ရေးလည်းပါတယ်လို့ ကျမပြောခဲ့ပါတယ် ။

    ဒါပေမယ့် ဒီလို ရင်ကြားစေ့ရေးကို ဖော်ဆောင်မြှင့်တင်ရာမှာ သြစတေးလျတစ်ခုတည်းရဲ့အကူအညီကိုသာ ကျမတို့လိုအပ်တာ မဟုတ်ပါဘူး ။ တစ်ကမ္ဘာလုံးက ကျမတို့ကို နားလည်ပေးဖို့ လိုပါတယ် ။

    ဒီတင်းမာမှုတွေရဲ့ နောက်ကွယ်မှာ ကြီးမားတဲ့ ကြောက်ရွံမှုတွေနဲ့ မုန်းတီးမှုတွေ ရှိနေပါတယ် ။ ဒါတွေကို ဖယ်ရှားဖို့ဆိုရင် လုံခြုံစိတ်ချရတဲ့ဝန်းကျင်တစ်ခုကို အစိုးရအနေနဲ့ ဖန်းတီးပေးရပါမယ် ။ လုံခြုံစိတ်ချအန္တရာယ်ကင်းတယ်လို့ မခံစားရဘဲနဲ့ သူတို့ရဲ့အကြောက်တရားတွေ ၊ မုန်းတီးမှုတွေကို လက်လွှတ်ဖြေလျှော့ခိုင်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး ။

    ကျမအနေနဲ့ ပြည်သူတွေကို ငြိမ်းငြိမ်းချမ်းချမ်း နေစေချင်ပါတယ် ။ မတူကွဲပြားတဲ့တိုင်းရင်းသားတွေ ရင်ကြားစေ့ရာကတစ်ဆင့် ၁၉၄၈ မှာ တိုင်းပြည်လွတ်လပ်ရေးကို ပြန်ရခဲ့တယ်ဆိုတာ ကျမတို့ မမေ့ကြသေးဘူး ထင်ပါတယ် …… ကျမကတော့ လုံးဝ မမေ့ပါဘူး ။

    မတူကွဲပြားတဲ့ ဘာသာရေးအုပ်စုတွေ ၊ မတူညီတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေ ပါဝင်ပြီး မှ လွတ်လပ်ရေး ရလာတာပါ ။ အမျိုးသားစည်းလုံးညီညွတ်ရေးကနေ တဆင့်လွတ်လပ်ရေးကို ရလာတာပါ ။ အခုလည်း အမျိုးသားစည်းလုံးညီညွတ်ရေးကနေ တဆင့်ဘဲ တိုင်းပြည်အတွက် စစ်မှန်တဲ့ ဒီမိုကရေစီကို ဖော်ဆောင်နိုင်မယ်လို့ ကျမ ယုံကြည်ပါတယ် ။

    ဒီတော့ သြစတေးလျရော ၊ တစ်ကမ္ဘာလုံးပါ ကျမတို့ ဒီ အမျိုးသားစည်းလုံးညီညွတ်ရေးကို ရအောင်လုပ်ရာမှာ ကူညီဖို့ လိုပါတယ် ။

    လက်ရှိအစိုးရကိုလည်း ငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် သူတို့မှာ တာဝန်ရှိတယ်ဆိုတာကို သတိပေးတိုက်တွန်းပေးဖို့လိုပါတယ် ။ ကျမတို့ကို တာဝန်ယူစေချင်တယ်ဆိုရင်တော့ ကျမတို့ကို အစိုးရလုပ်ခိုင်းလိုက်တာ ကောင်းပါလိမ့်မယ် ( ရယ်သံများ ) ။

    ဘာသာပြန်သူ၏ မူရင်း Link=>https://www.facebook.com/photo.php?fbid=579179652153943&set=a.319582384780339.74346.100001857416736&type=1&relevant_count=1

  • ကမန်အမျိုးသား တိုးတက်ရေးပါတီ၏ သန်းခေါင်းစာရင်းကိစ္စအား ကမန်တိုင်းရင်းသား လူမှုကွန်ရက်မှ ကြေညာချက်ထုတ်ပြန်

    နိုဝင်ဘာ ၂၈၊ ၂၀၁၃
    M-Media
    KK

    img506

    ရန်ကုန် ။         ။            ကမန်အမျိုးသားတိုးတက်ရေးပါတီ၏ သန်းခေါင်စာရင်း ကောက်ယူမည့် ကြေညာချက်နှင့် ပတ်သက်၍ ကမန်တိုင်းရင်းသား လူမှုကွန်ရက်မှ ကြေညာချက် တစ်စောင်ကို ယနေ့ နိုဝင်ဘာ ၂၈-ရက်နေ့တွင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

    ကမန်တိုင်းရင်းသား လူမှုကွန်ရက်၏ အဆိုပါ ကြေညာချက်တွင် ကမန်အမျိုးသား တိုးတက်ရေးပါတီ အတွင်းရေးမှူးသည် ပြည်ပ မီဒီယာတစ်ခုနှင့် အင်တာဗျူးတွင် တခြားလူမျိုးစုအား ထိခိုက်စေသော မမှန်မကန် စွပ်စွဲပြောကြားချက်များသည် ၎င်း၏ တစ်သီးပုဂ္ဂလပြောဆိုမှုသာဖြစ်ပြီး ကမန်အမျိုးသား အားလုံးနှင့် မသက်ဆိုင်ကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူခြင်း မပြုမီပင် ကမန်လူဦးရေ သုံးသောင်းကျော်ခန့်သာရှိသည်ဟု အခြေအမြစ်မရှိ ပြောကြားနေမှုအား ရှုံ့ချကြောင်း၊ ရခိုင်ဒေသတွင် ယခုကဲ့သို့ လူမျိုးရေးဆိုင်ရာ အငြင်းပွားမှု ပြဿနာများနှင့် ရင်ဆိုင်နေရပြီး ကမန်လူဦးရေ စာရင်းအား အဖွဲ့အစည်းတချို့မှ မလျော်ကန်စွာ အသုံးချခံရနိုင်သည့် မလိုလားအပ်သော ပြဿနာများဖြစ်ပွားလာပြီး ကမန်တမျိုးသားလုံးအား ထိခိုက်နစ်နာနိုင်ကြောင်း၊ ကမန်လူမျိုးများအား ပညာပေးဆွေးနွေးမှုများ လိုအပ်နေသေးခြင်းတို့ကြောင့် နိုင်ငံသား အဆင့်မရှိသူများက ကမန်နိုင်ငံသား စိစစ်ရေးကဒ်ကိုင်ဆောင်ပြီး လွှတ်တော်ထဲ ရောက်နေသည်ဟူသော ဥပဒေပြင်ပမှ စကားလုံးအား ကန့်ကွက်ရှုံ့ချကြောင်းကို ကမန်ဂုဏ်သရေရှိ ရပ်မိရပ်ဖများ၊ ကမန် သာရေးနာရေးအဖွဲ့၊ ကမန်အမျိုးသား လူငယ်ကွန်ရက်နှင့် ကမန်တိုင်းရင်းသား လူမှုကွန်ရက်တို့၏ နိုဝင်ဘာ ၂၆-ရက်နေ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ထုတ်ပြန်လိုက်ကြောင်း ဖော်ပြထားသည်။

    img507img508img509img510

  • မိမိတို့မှာ လုံခြုံလျက်ရှိသည်ဟု အန်ဂိုလာရှိ မွတ်စလင်မ်များပြောကြား

    နိုဝင်ဘာ ၂၈ – ၂၀၁၃
    M-Media

    Muslims-Are-Safe-in-Angola

    အန်ဂိုလာနိုင်ငံတွင် အစ္စလာမ်သာသနာအား တားမြစ်ပိတ်ပင်ကာ ဗလီဝတ်ကျောင်းတော်များအား ဖြိုဖျက်နေသည်ဆိုသည့် သတင်းများအား အန်ဂိုလာရှိ မွတ်စလင်မ် လူ့အဖွဲ့အစည်းက ငြင်းဆိုလိုက်ပြီး ၎င်းတို့မှာ နိုင်ငံအတွင်း လုံခြုံလျက် ရှိသည်ဟု ပြောကြားခဲ့သည်။

    “လူအန်ဒါ(အန်ဂိုလာ၏မြို့တော်)မှာရှိတဲ့ ဗလီဝတ်ကျောင်းတော်ကြီးမှာ ကျွန်တော် နေ့စဉ် ငါးကြိမ်ဆွလာသ်ကို ၀တ်ပြုနေပါတယ်။ ဗလီဝတ်ကျောင်းတော်ကို ဖွင့်ထားပြီး၊ ဗလီထဲကိုဝင်တဲ့ ၀တ်ပြုသူတွေကို တားမြစ်ပိတ်ပင်တဲ့ လုံခြုံရေးတပ်ဖွဲ့တွေလည်း မရှိပါဘူး” ဟု လူအန်ဒါမြို့သို့ ရောက်ရှိနေသည့် ဆိုမာလီနိုင်ငံသား မိုဟာမက် ဟာဂျီက OnIslam.net သို့ ပြောကြားခဲ့သည်။

    ထို့ပြင် အန်ဂိုလာနိုင်ငံအတွင်းရှိ လူနည်းစု မွတ်စလင်မ်များမှာ မွတ်စလင်မ် မဟုတ်သည့် လူများစုနှင့် နှစ်ပေါင်း များစွာကတည်းက ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ခဲ့ကြသည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    “ဒီကို လွန်ခဲ့တဲ့ငါးနှစ်ကတည်းက ကျွန်တော်ရောက်လာတာပါ။ ကျွန်တော့်ရဲ့ ဘာသာအယူဝါဒနဲ့ နိုင်ငံသားဖြစ်မှုတို့အတွက် ဘယ်လိုပြဿနာမျိုးမှ မတွေ့ခဲ့ရပါဘူး။ အန်ဂိုလာမှာရှိတဲ့ မွတ်စလင်မ် အများစုဟာ ကုန်သွယ်ရေးမှာ ပါဝင်လုပ်ကိုင်နေကြပြီး၊ အလ်ဟမ်ဒုလစ်လ္လာ(ချီးမွမ်းထောပနာပြုခြင်း အပေါင်းမှာ အလ္လာဟ်အရှင်မြတ်အတွက် သာဖြစ်သည်) ကျွန်တော်အားလုံး အဆင်ပြေပါတယ်။” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဟာဂျီက တယ်လီဖုန်းအင်တာဗျူးတွင် ပြောကြားခဲ့သည်။

    အန်ဂိုလာတွင် အစ္စလာမ်သာသနားအား တားမြစ် ပိတ်ပင်လိုက်သည်ဆိုသည့်သတင်းအား အာဖရိကနှင့် အန်ဂိုလာ မီဒီယာများက ယဉ်ကျေးမှုဝန်ကြီး ရိုစာခရုဇ်၏ မှတ်ချက်ကို ကိုးကားကာ တနင်္ဂနွေနေ့က ဖော်ပြခဲ့ကြခဲ့သည်။

    ထိုသတင်းက မွတ်စလင်မ်ကမ္ဘာတွင် အင်အားကြီးမားသော ဘာသာရေးအဖွဲ့ကြီး ဖြစ်သည့် အီဂျစ်နိုင်ငံမှ အလ်အဇဟရ် အဖွဲ့အပါအ၀င် ကမ္ဘာ့တစ်ဝှမ်းရှိ အစ္စလာမ် အဖွဲ့အစည်းများ ရိုက်ခတ်ခဲ့ပြီး၊ အန်ဂိုလာရှိ အစ္စလာမ် ဘာသာဝင်များ၏ အခြေအနေများကို စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ရန် ၎င်းတို့က တိုက်တွန်းခဲ့ကြသည်။

    ထို့ပြင် နိုင်ငံတကာ မွတ်စလင်မ်ပညာရှင်များ အစည်းအရုံး(IUMS) ကလည်း ထိုလုပ်ရပ်အား ရှုတ်ချရန်နှင့် အရေးယူဆောင်ရွက်မှုများပြုလုပ်ရန် ကုလသမဂ္ဂနှင့် အာဖရိကယူနီယံတို့အား တိုက်တွန်းခဲ့သည်။

    သို့သော်လည်း နောက်ပိုင်းတွင် ထိုသတင်းအား အန်ဂိုလာအစိုးရက ငြင်းဆိုခဲ့သည်။

    “အစ္စလာမ်နဲ့ အခြား ဘာသာတွေကို စစ်ဆင်နွှဲတာမျိုး အန်ဂိုလာမှာ မရှိပါဘူး။ တိုင်းပြည်ရဲ့ဘယ်နေရာမှာပဲဖြစ်ဖြစ် ၀တ်ပြုရာ အဆောက်အအုံတွေကို တရားဝင်အ မိန့်ထုတ်ပြီး ပိတ်ပင်တာမျိုး၊ ပစ်မှတ်ထား ဖျက်ဆီးတာမျိုး မရှိပါဘူး” ဟု ယဉ်ကျေးမှုဝန်ကြီးဌာန လက်အောက်ရှိ ဘာသာသာသနာရေးရာ ဌာန၏ ဒါရိုက်တာဖြစ်သူ မန်နျူယဲလ် ဖာနန်ဒိုက AFP သတင်းဌာနသို့ပြောကြားခဲ့သည်။

    အန်ဂိုလာနိုင်ငံတွင် ခရစ်ယာန် ဘာသာဝင်များမှာ အများစုဖြစ်ပြီး ကက်သလစ် ခရစ်ယာန် ၅၅ ရာခိုင်နှုန်း၊ အာဖရိက ခရစ်ယာန် ဂိုဏ်းကွဲများက ၂၅ ရာခိုင်နှုန်း၊ ပရိုတက်စတင့် ခရစ်ယာန် ၁၀ ရာခိုင်နှုန်နှင့် ဘရာဇီးလ် ဧ၀ံဂေလိ ခရစ်ယာန် ၅ ရာခိုင်နှုန်းရှိပြီး၊ အမေရိကန် အစိုးရက ၂၀၁၂ ခုနှစ်တွင် ထုတ်ပြန်သော နိုင်ငံတကာ ဘာသာရေးဆိုင်ရာ အခွင့်ရေး အစီရင်ခံစာအရ အစ္စလာမ်ဘာသာဝင် ဦးရေမှာ ၁ သိန်းဝင်ကျင်ခန့် ရှိသည်ဟု သိရသည်။

    အဆိုပါ အင်ဂိုလာ မှ ဗလီဖျက်ဆီးမှုနှင့် အစ္စလာမ်အား ပိတ်ပင်သည့် သတင်းကို ရည်ညွှန်းပြီး ဆိုရှယ်မီဒီယာ စာမျက်နှာများတွင် ဘာသာေ၇းစော်ကားသော အသုံးအနှုန်းများဖြင့် အစ္စလာမ်သာသနာနှင့် မြန်မာမွတ်စလင်မ်များကို မုန်းတီးရေး လှုံဆော်ရေးသားသည့် ပိုစ်များ Facebook အသုံးပြုသူ အစွန်းရောက် လှုံဆော်ရေးသမားများ အကြား ပျံနှံ့ခဲ့တာကို တွေ့ရှိရပါသည်။

    Ref:OnIslam

  • နိုဝင်ဘာ-၂၇-နိုင်ငံတကာ စုစည်းမှု

    နိုဝင်ဘာ ၂၇ ၂၀၁၃
    M-Media

    336906_India-nuclear-plant

    – အိန္ဒိယနိုင်ငံ တောင်ပိုင်းရှိ နျူးကလီးယား ဓာတ်အားပေး စက်ရုံ အနီးတွင် ယမန်နေ့ညက ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၆ ဦးသေဆုံးခဲ့ကာ အများအပြား ဒဏ်ရာရခဲ့ကြသည်ဟု သိရသည်။ Kudankulam အမည်ရ ဓာတ်အားပေးစက်ရုံနှင့် ၁၅ ကီလိုမီတာအကွာတွင် မတော်တဆပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း၊ ထိုပေါက်ကွဲမှုကြောင့် နေအိမ်နှစ်လုံး ပျက်စီးခဲ့ကာ ဓာတ်အားပေးစက်ရုံအား ထိခိုက်မိခြင်းမရှိကြောင်း၊  မည်သည့်အကြောင်းကြောင့် ထိုကဲ့သို့ ပေါက်ကွဲမှုများဖြစ်ပေါ် ခဲ့သည်ကို ဒဏ်ရာရရှိသူများအား မေးမြန်းနေကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
    – နယူးဇီလန်သမိုင်းတွင် အကြီးမားဆုံးသော စစ်ရေးလေ့ကျင့်မှုမှာ အောင်မြင်စွာပြီးဆုံးခဲ့ပြီး မိမိတို့ စစ်တပ်မှာ မဟာမိတ်တပ်များနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် တိုးတက်မှုကို တွေ့မြင်ခဲ့ရသည်ဟု နယူးဇီလန် လေတပ်မှ အရာရှိ ကီဗင်ရှော့က ပြောကြားခဲ့သည်။ နယူးဇီလန်နှင့် အခြား ၉ နိုင်ငံတို့မှ စစ်သား ၂၂၀၀ ကျော်ပါဝင်သည့် အဆိုပါစစ်ရေးလေ့ကျင့်မှုအား နိုင်ငံတောင်ပိုင်းတွင် နိုဝင်ဘာလတစ်လုံး ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

    – ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ဆောင်ရွက်ရန်အတွက် လာအိုသမ္မတ ချိုအူမယ်လီ ဆယာဆုန်းက တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ပြီးနောက် လာအို-တောင်ကိုရီးယား နှစ်နိုင်ငံ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများလုပ်ကိုင်တော့မည်ဟုသိရသည်။ တောင်ကိုရီးယား စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံမှုအတွင်း ဆာယာဆုန်းက လာအိုနိုင်ငံ၏ သယံဇာတကြွယ်ဝမှု၊ နိုင်ငံရေးတည်ငြိမ်မှုနှင့် စီးပွားရေးလျင်မြန်စွာ ဖွံ့ဖြိုးနေမှုတို့က နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအား အကျိုးများစေသည်ဟု ပြောကြားခဲ့သည်။

    – နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ ဆက်ဆံရေး ပိုမိုနီးကပ်စေရန်အတွက် ၀န်ကြီးအဆင့် အစည်းအဝေးကို သြစတေးလျနှင့် နယူးဇီလန်နိုင်ငံတို့က ဆစ်ဒနီမြို့တွင် ယမန်နေ့က ကျင်းပခဲ့သည်။ နယူးဇီလန်နိုင်ငံမှာ သြစတေးလျ၏ သတ္တမမြောက် အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင် အဌမမြောက် အကြီးဆုံးနိုင်ငံလည်းဖြစ်သည်။

    – နိုင်ငံ၏ အထွေထွေရွေးကောက်ပွဲအား ဇန်န၀ါရီ ၅ ရက်နေ့တွင် ပြုလုပ်မည်ဟု အစိုးရ၏ ကြေညာချက်အား မကျေနပ်ကြသောကြာင့် အတိုက်အခံများက ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ ကားလမ်းများ၊ ရထားလမ်းများနှင့် ရေကြောင်းလမ်းများအား ပိတ်ဆို့ကာ ဆန္ဒပြခဲ့ကြသည်။ ၄၈ နာရီကြာပြုလုပ်မည်ဟု စီစဉ်ထားသည့် အဆိုပါဆန္ဒပြပွဲမှာ အင်္ဂါနေ့ကစတင်ခဲ့ခြင်းဖြစ်ပြီး အစိုးအားထောက်ခံသူများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသူများအကြား ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ကာ အနည်းဆုံး လူ ၇ ဦးသေဆုံးခဲ့သည်ဟု သိရသည်။

    – မကြာသေးမီက ထွက်ပေါ်လာခဲ့သည့် အမေရိကန်၏ လျှို့ဝှက်ထောက်လှမ်းမှုသတင်းများကြောင့် ဥရောပမှ အမေရိကန်နှင့် အချက်အလက်မျှဝေခြင်း လုပ်ငန်းများကို ရပ်ပစ်မည်ဟု ဥရောပသမ္မဂ၏ တရားမျှတရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗီဗီအိန်းရီဒင်းက ခြိမ်းခြောက် ပြောဆိုခဲ့သည်။ ထို့ပြင် ဥရောပဥပဒေနှင့် လိုက်လျောညီထွေမှုရှိရန်အတွက် အမေရိကန်၏ ထောက်လှမ်းရေးလုပ်ငန်းစဉ်များကို ချိန်ညှိရန် တိုက်တွန်းပြောဆိုခဲ့သည်။

    – သမီးသုံးဦးအား အိမ်တွင် ၂ နှစ်နီးပါးခန့် ပိတ်လှောင်ထားပြီး ညှင်းပန်းနှိပ်စက်မှုများ ပြုလုပ်သောကြောင့် အရီဇိုနားရှိ ဇနီးမောင်နှံနှစ်ဦးမှာ တရားစွဲဆိုခြင်းခံထားရသည်ဟုသိရသည်။ အသက် ၁၂၊ ၁၃နှစ်နှင့် ၁၇ နှစ်အရွယ်ရှိ ကလေးငယ်များက ၎င်းတို့၏မိဘဖြစ်သူများမှာ ၎င်းတို့အား ပိတ်လှောင်ထားခဲ့သည်ဟု တိုင်ကြားခဲ့သောကြာင့် အသက် ၃၂ နှစ်အရွယ် မိခင်ဖြစ်သူ ဆိုဖီယာ ရစ်ခ်ျတာနှင့် အသက် ၃၄ နှစ်အရွယ် ပထွေးဖြစ်သူ ဖာနန်ဒိုရစ်ခ်ျတာတို့အား ပြန်ပေးဆွဲမှု၊ ကလေးငယ်များအား စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ စော်ကားမှုတို့ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။ ထို့ပြင် ဖာနန်ဒို ရစ်ခ်ျတာအား အသက်မပြည့်သည့် ကလေးငယ်အား လိင်ပိုင်းဆိုင်ရာစော်ကားမှုဖြင့် ထပ်တိုး၍ တရားစွဲဆိုထားသည်။

    – ဟေတီနိုင်ငံမှ တရားမ၀င်ဝင်ရောက်လာသူများအား တင်ဆောင်လာသည့် သင်္ဘောတစ်စင်းမှာ ဘဟားမားစ်ရေပိုင်နက်တွင် နစ်မြုပ်မှုကြောင့် အနည်းဆုံး လူ ၃၀ သေဆုံးခဲ့သည်ဟု အမေရိကန် ကမ်းခြေစောင့်တပ်မှ ယမန်နေ့ကထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။ သတ်မှတ်ထားသည့်  လူအရေအတွက်ထက် ပိုမိုတင်ဆောင်ကာ အမေရိကန်ပြည်ထောင်စုသို့ ၀င်ရောက်ရန် ခုတ်မောင်းနေစဉ် တနင်္လာနေ့ညက နစ်မြုပ်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်အထိ ၁၁၀ ဦးအား ကယ်တင်ထားနိုင်ခဲ့သည်။

    – ပါကစ္စတန်နိုင်ငံ စစ်တပ်၏ ၁၅ ဦးမြောက်အကြီးအကဲအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ရာဟီးလ် ရှရစ်ဖ်အား ခန့်အပ်ခဲ့သည်ဟု ပါကစ္စတန် မီဒီယာများက ယနေ့တွင် ဖော်ပြခဲ့ကြသည်။ ၀န်ကြီးချုပ် နာဝဇ်ရှရစ်ဖ်၏ အကြံပေးမှုမှတစ်ဆင့် ရာဟီးလ်ရှရစ်ဖ်အား ခန့်အပ်ကြောင်း ကြေညာချက်ကို ပါကစ္စတန်သမ္မတ မန်နွန် ဟူစိန်က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး၊ ၃ နှစ် သက်တမ်းရှိမည်ဖြစ်သည်။

  • နိုဝင်ဘာ-၂၇-အားကစားသတင်း စုစည်းမှု

    နိုဝင်ဘာ- ၂၇ ၂၀၁၃
    M-Media

    တစ်နှစ်တာအတွင်း အကောင်းဆုံးတစ်နစ်မယ်ဆုကို ဆရီနာဝီလီယံဆွတ်ခူး

    ကမ္ဘာ့အမျိုးသမီး တင်းနစ်အဖွဲ့ WTA မှ ပေးအပ်သည့် ယခုနှစ်အတွင်း အကောင်းဆုံး တင်းနစ်မယ်ဆုကို အမေရိကန်နာမည်ကြီး တင်းနစ်မယ် ဆရီနာဝီလီယံက ဆွတ်ခူး ရရှိခဲ့သည်ဟု သိရသည်။ အသက် ၃၂ နှစ်အရွယ် ရှိပြီဖြစ်သည့် ဆရီနာဝီလီယံမှာ အသက်အကြီးဆုံး ကမ္ဘာ့နံပါတ် ၁ တင်းနစ်မယ်ဖြစ်ပြီး၊ ယခုနှစ်တွင်လည်း အကောင်းဆုံး စံချိန်ကို ရယူနိုင်ခဲ့သည်။

    ယခုနှစ်အတွင်း ကစားခဲ့သည့် တင်းနစ်ပွဲစဉ် ၈၂ ခုတွင် ဆရီနာမှာ ၇၈ ပွဲကို အနိုင်ရရှိအောင်ကစားနိုင်ခဲ့ပြီး US Open၊ French Open အပါအ၀င် အခြား WTA ဆုဖလား ၁၁ ခုကို ရယူနိုင်ခဲ့သည်။ တစ်နှစ်အတွင်း ဆုကြေးငွေ ၁၂ သန်းကျော်ရရှိခဲ့ပြီး စံချိန်တင် ဆုကြေးလည်းဖြစ်ခဲ့သည်။

    French Open တွင်အနိုင်ရရှိခဲ့ခြင်းက ယခုနှစ်အတွက် အထင်ကရဖြစ်သည်ဟု ပြောဆိုခဲ့သည့် ၀ီလီယံမှာ ၂၀၀၂၊ ၂၀၀၈၊ ၂၀၀၉ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်တို့တွင်လည်း တစ်နှစ်တာ အကောင်းဆုံး တင်းနစ်မယ် အဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။

    ထို့ပြင် ရိုမေးနီးယား တက်သစ်စ တင်းနစ်မယ် ဟာလက်ပ်မှာ ယခုနှစ်အတွင်း အတိုးတက်ဆုံး တင်းနစ်မယ်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။
    Ref: skysports

    Serena Williams—————————————————-
    မိမိအသင်းအား ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့မှုကို ချီးကျူးခဲ့သော်လည်း အေစီမီလန် အသင်းမှာ ခြေမသာခဲ့ဟု ဆဲလ်တစ်အသင်း နည်းပြဖြစ်သူ နီးလ် လန်နွန်က ချန်ပီယံလိဂ်ပွဲ အပြီးတွင် ပြောကြားခဲ့သည်။ ယနေ့နံနက်က ကစားခဲ့သည့် အဆိုပါပွဲစဉ်တွင် စီးရီးအေ၌ ခြေစွမ်းပျောက်ဆုံးနေသည့် အေစီမီလန်အသင်းမှာ ၃ ဂိုး ပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။

    အသင်းရှိ တိုက်စစ်မှူး ဆနိုက်ဒါအား ယနေ့ည ရီးယဲလ်နှင့်ပွဲတွင် ထည့်မသုံးဘဲ လာမည့်လတွင်ကစားမည့် ဂျူဗင်တပ်စ်နှင့်ပွဲတွင် သုံးရန်တွက် ချန်ထားရန် စဉ်းစားနေသည်ဟု ဂါလာတာစာရေး အသင်း၏ နည်းပြဖြစ်သူ မန်စီနီက ပြောကြားလိုက်သည်။ ဆနိုက်ဒါမှာ ယခုလက်ရှိတွင် ပေါင်ဒဏ်ရာဖြင့် ရုန်းကန်နေရပြီး ကြံ့ခိုင်မှုအပြည့်အ၀ မရှိသေးပေ။ ဂါလာတာစာရေး အသင်းမှာ အုပ်စုတွင် ရီးယဲလ်အောက် ဒုတိနေရာ၌ ရှိနေသ်ာလည်း တတိယနေရာမှ ကိုပင်ဟေဂင်နှင့် ရမှတ်တူ၊ စတုတ္ထနေရာမှ ဂျူဗင်တပ်စ်အသင်းနှင့် ၁ မှတ် သာ ကွာဟနေသောကြောင့် လက်ကျန် ၂ ပွဲလုံးကို အနိုင်ကစားရန် လိုအပ်နေသည်။

    – ဘေဆယ်၏ မိမိတို့အသင်းအား အနိုင်ရရှိမှုမှာ ထိုက်တန်သည်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောဆိုလိုက်သည်။ ပထမအကျော့တွင် အိမ်ကွင်း၌ အရှုံးပေးခဲ့ရသည့် ချယ်ဆီးမှာ ယနေ့နံနက်က ကစားခဲ့သည့်ပွဲတွင်လည်း မိုဟာမက်ဆာလေ၏ တစ်လုံးတည်းသော ဂိုးဖြင့် အဝေးကွင်းတွင် အရှုံးပေးခဲ့ရသည်။ အသင်းရှိ ကစားသမားများမှာ နိုင်ငံတကာ ပွဲများ ကစားပြီး ပင်ပန်းနွမ်းနယ်နေကြောင်း၊ နောက်တစ်ဆင့်သို့ တက်ရောက်သွားခဲ့ခြင်းမှာ ကောင်းမွန်ကြောင်း မော်ရင်ဟိုက ထပ်လောင်းပြောကြားခဲ့သည်။

    – ယနေ့နံနက်က ကစားခဲ့သည့် ဘာစီလိုနာအသင်းနှင့် ချန်ပီယံလိဂ်ပွဲစဉ်တွင် အေဂျက်ပရိတ်သတ်တစ်ဦးမှာ ပွဲကြည့်စဉ်မှ အောက်သို့ပြုတ်ကျခဲ့ပြီး ဆိုးရွားစွာ ဒဏ်ရာရရှိသွားခဲ့သည်ဟု သိရသည်။ ပွဲချိန် ၃၉ မိနစ်တွင် အမ်စတာဒမ်ကွင်းတောင်ဘက် ၅ မီတာအမြင့်ရှိသည့် ပွဲကြည့်စင်ပေါ်မှ ပြုတ်ကျခဲ့ခြင်းဖြစ်ပြီး ဦးခေါင်းတွင် ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့ကာ ဆေးရုံတွင် ဆေးကုသမှုခံနေရသည်။

    – အာဆင်နယ်အသင်း၏ နည်းပြဖြစ်သူ အာဆင်ဝင်းဂါးက အသင်းရှိ အလယ်တန်းကစားသမား ဂျက်ဝီလ်ရှိုင်းယားအား ဂိုးများပိုမိုသွင်းရန် တိုက်တွန်းလိုက်ပြီး၊ ယခုနှစ်တွင် ၀ီလ်ရှိုင်းယားမှာ ရမ်ဆေးထံမှ သင်ယူနေသည်ဟု ပြောကြားခဲ့သည်။ ၀ီလ်ရှိုင်းယားမှာ ယမန်နေ့ညက မာဆေးလ်အသင်းနှင့်ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် အသင်း၏ အနိုင်ဂိုး ၂ ဂိုးစလုံးအား သွင်းယူပေးခဲ့သည်။

    – လာမည့် ဘေဆယ်အသင်းနှင့် ချန်ပီယံလိဂ်ပွဲစဉ်တွင် အသင်းအပေါ်၌ ရှိနေသည့် ဖိအားများအား လျှော့ချနိုင်လိမ့်မည်ဟု ရှော်လ်ကာအသင်း၏ အသင်းခေါင်းဆောင် ဘန်နီဒစ်က် ဟိုဝီဒက်စ်က ပြောကြားလိုက်သည်။ ချန်ပီယံလိဂ်အုပ်စု E တွင်ရှိနေသည့် ရှောလ်ကာအသင်းမှာ ပွဲစဉ် ၅ အဖြစ် အိမ်ကွင်းတွင် အသင်းငယ်ဝီအန်အားဧည့်ခံကစားခဲ့ရသော်လည်း အနိုင် မကစားနိုင်ခဲ့ဘဲ ၁ ဂိုး စီသရေကျခဲ့သည်။ ထို့ကြောင့် နောက်တစ်ဆင့်တက်ရေးအတွက် အုပ်စုနောက်ဆုံးပွဲတွင် ဘေဆယ်အား မဖြစ်မနေ အနိုင်ကစားရန်လိုအပ်နေသည်။

    – အေဂျက်စ်အသင်းအား ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့မှုမှာ ဘာစီလိုနာအသင်းအတွက် ကပ်ဆိုးပင်ဖြစ်သည်ဟု ဘာကာနောက်ခံလူ ပီကေးက ပွဲအပြီးတွင်ဖွင့်ဟခဲ့သည်။ ယနေ့နံနက်က ကစားခဲ့သည့် ထိုပွဲတွင် ဒုတိယပိုင်းတစ်ပိုင်းလုံးနီးပါး တစ်ယောက်အသာဖြင့် ကစားခဲ့ရသော်လည်း ဘာကာအသင်းမှာ လိုအပ်သည့်ဂိုးများကို သွင်းယူနိုင်ခဲ့ခြင်းမရှိပေ။ ထိုအရှုံးမှာ နည်းပြ မာတီနိုလက်ထက် ပထမဦးဆုံး ရှုံးပွဲလည်းဖြစ်သည်။

    – တောင်အာဖရိကနိုင်ငံ Gauteng ပြည်နယ်တွင် ကျင်းပခဲ့သည့် South African Open  ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဒိန်းမတ်နိုင်ငံသား ဂေါက်သီးသမား မော်တန် အိုရမ် မဒ်ဆန်က လျှော့ရိုက်ချက် ၁၉ ချက်ရရှိခဲ့ပြီး ဒုတိယနေရာမှ ဂျေကရူကာထက် နှစ်ချက်အသာဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်ဟုသိရသည်။ ယခုပွဲဗိုလ်စွဲမှုမှာ ကမ္ဘာ့အဆင့် ၂၄၄ ရှိ မဒ်ဆန်၏ European Tour ပြိုင်ပွဲတွင် ပထမဦးဆုံး ဗိုလ်စွဲနိုင်ခဲ့ခြင်းလည်းဖြစ်သည်။