News @ M-Media

Blog

  • မြန်မာ့မီးရထားသို့ သံလမ်းလုပ်ငန်းသုံးပစ္စည်းများ ဂျပန်ကုမ္မဏီမှ လွှဲပြောင်းပေးအပ်

    မြန်မာ့မီးရထားသို့ သံလမ်းလုပ်ငန်းသုံးပစ္စည်းများ ဂျပန်ကုမ္မဏီမှ လွှဲပြောင်းပေးအပ်

    နိုဝင်ဘာ ၂၇၊ ၂၀၁၃
    M-Media
    သီရိ

    DSC01377

    ရန်ကုန်  ။      ။       မြန်မာ့မီးရထားသို့ JITI (Japan International Transport Institute) မှ သံလမ်း၊ လုပ်ငန်းသုံးပစ္စည်းများ လှူဒါန်းခြင်းနှင့် လွှဲပြောင်းခြင်း အခမ်းအနားကို ယနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ရန်ကုန်ဘူတာကြီး၌ ကျင်းပခဲ့သည်။

    အခမ်းအနားကို ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေး၊ ဂျပန်နိုင်ငံ သံအမတ်ကြီး ကိုယ်စား ဂျပန်သံရုံးဝန်ကြီး Mr. Maru yama, JITI မှ နာယကကျောင်းအုပ်ကြီး Mr. Makoto Washizu, ဂျပန်နိုင်ငံမှ တာဝန်ရှိ ပုဂ္ဂိုလ်များ,မြန်မာ့မီးရထားမှသက်ဆိုင်ရာဝန်ထမ်းများတက်ရောက်ခဲ့ကြောင်း သိရပါသည်။

    ဆက်လက်ပြီး အခမ်းနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အမှာစကားတွင် “ယခုလို ဂျပန်နိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံ ပို့ဆောင်ဆက်သွယ်ရေးအတွက် ယခုကဲ့သို့ ခေတ်မီသံလမ်းပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းသုံးပစ္စည်းကရိယာများကို လှူဒါန်းလာတဲ့အတွက် မြန်မာ့မီးရထားအနေဖြင့် အထူးဝမ်းမြောက် ကျေးဇူးတင်ရှိပါကြောင်းနှင့် ပစ္စည်းကရိယာများကို မြန်မာ့မီးရထားသံလမ်းပြုပြင်ထိန်းသိမ်းရေးဝန်ထမ်းများက အကျိုးရှိစွာ အသုံးပြုသွားမည် ဖြစ်ပါသည်” ဟုပြောကြားခဲ့ပါသည်။

    ဆက်လက်ပြီး သံလမ်းလုပ်ငန်းသုံးပစ္စည်းများလှူဒါန်းရခြင်းနှင့် ပက်သတ်၍ ဂျပန်သံရုံးမှ ၀န်ကြီး Mr.Maru yama မှ ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြန်မာ့မီးရထား သံလမ်းလုပ်ငန်းသုံးပစ္စည်းများနှင့်ပတ်သက်သော စာရွက်စာတမ်းများကို JITI မှ နာယကကျောင်းအုပ်ကြီး Mr.Makoto Washizu မှ ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေး အား လွှဲပြောင်းပေးခဲ့ပါသည်။
    ယင်းအခမ်းအနားတွင် Tie tamper TT-E2B (60 Hz), (With Accessories), Engine generator EG-52D1, Hydraulic liter (M-40 SE), Level measuring instrument တို့ကို လွှဲအပ်လှူဒါန်းခဲ့ကြောင်းလည်း သိရပါသည်။

    ထို့နောက် Hand Tie Tamper Machine အားလက်တွေ့လုပ်ဆောင်ပြသပြီး နေ့လည် ၁၂-နာရီတွင် အခမ်းအနားပြီးဆုံးခဲ့သည်။

     

  • နိုင်ငံတကာ ဆေးလိပ် ကုမ္ပဏီကြီးများ မြန်မာပြည်ဈေးကွက်ကို မျက်စကျလာကြ

    နိုဝင်ဘာ- ၂၇ ၂၀၁၃
    ဘာသာပြန်-မြင့်မိုရ်မောင်မောင်

    2013112085219553734_16

    မြန်မာနိုင်ငံမှ နိုင်ငံတကာအဆက်အသွယ်များအားဖွင့်လှစ်ပြီးနောက် ဆေးလိပ်လုပ်ငန်းရှင်များအတွက် ဈေးကွက်နေရာသစ်တစ်ခုကိုလည်း ပူးတွဲဖွင့်လှစ်ပေးလိုက်သလို ဖြစ်နေလေသည်။ ရန်ကုန်မြို့ရှိ မည်သည့်လက်ဖက်ရည်ဆိုင်ဖြစ်စေ ၀င်လိုက်သည်နှင့် မီးခိုးငွေ့များက ကြိုဆိုနေပါသည်။ အဘယ်ကြောင့်ဆိုသော် ဆိုင်ထဲတွင် လက်ဖက်ရည်သောက်ရန်လာရောက်သော စားသုံးသူများသည် ဆေးပေါ့လိပ် ဟုခေါ်သည့် လက်လိပ်ပြည်တွင်းဖြစ် ဆေးလိပ်များအား သောက်ဖွာနေကြ၍ပင်ဖြစ်သည်။ ထို့အတူ မြန်မာနိုင်ငံ၏ မြို့ပြနေရာတိုင်းရှိ မီးပွိုင့်များတွင် တရုတ်ပြည်မှ တရားမ၀င်တင်သွင်းလာသော ဈေးပေါသည့် စီးကရက်များကို ကားသမားများအား ရောင်းချလျက် ရှိနေသည်။ ဆေးရွက်ကြီးထည့်ထားသော ကွမ်းယာများအား လူအများမှ စားသုံးပြီး ကွမ်းတံတွေးထွေး ထားသဖြင့် ပလက်ဖောင်းများသည် နီကျင် ညစ်ပတ်လျက်ရှိသည်။

    အရှေ့တောင်အာရှရှိ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဆေးလိပ်သောက်သုံးမှု ကန့်သတ်ချက်ဥပဒေများ အားနည်းနေ သဖြင့် ဆေးလိပ်ကြောင့် ပြဿနာပေါင်း များစွာကို ရင်ဆိုင်နေရလျက် ရှိသည်။ သို့သော် ရာစုနှစ်ဝက် စစ်အုပ်ချုပ်ရေး ကျော်လွန်ပြီးနောက် တံခါးဖွင့် ၀ါဒကို ကျင့်သုံးလိုက်သောအ ခါ နိုင်ငံတကာမှ စီးကရက်ကုမ္ပဏီကြီးများ အတွက် ဈေးကွက်သစ်ကို ရှာဖွေတွေ့ရှိ သွားသည်၌ အန္တရာယ် အသွင်ဆောင်လာသည်။
    နှစ်များစွာ အဖယ်ကြဉ် ခံရသောနိုင်ငံသည် နိုင်ငံတကာဖြင့် ပိုမိုနီးစပ်မှုဖြစ်လာသော အခါ လူငယ်အများစုသည် အနောက်တိုင်း ယဉ်ကျေးမှုကို အားကျ၍ အနောက်တိုင်း လူငယ်များအတိုင်း ကျင့်သုံးချင်လာကြသည်။

    “ ရုပ်ရှင်ထဲမြင်ရတဲ့လူတွေလို ကျွန်တော် လိုက်လုပ်ချင်တယ် ” ဟု အသက် ၄၂ နှစ်ရှိ ကျော်ဇင်လင်းကဆိုသည်။ သူသည် အသက် ၁၂ နှစ်ကပင် စီးကရက်စတင်သောက်သုံးခဲ့ပြီး သူ၏ ပထမဆုံးစီးကရက်ဘူးအား သူ့မိဘများ၏ကုန်စုံဆိုင်မှ ခိုးယူရရှိခဲ့ခြင်းဖြစ်သည်။ “ အဲအချိန်ကတော့ အရမ်းကိုစတိုင်လ်ကျနေတာပဲ ” ဟု သူက ဆိုသည်။

    ဆေးလိပ်ဆန့်ကျင်ရေး လုပ်ဆောင်သူများ အဆိုအရ ဆေးလိပ်ကုမ္ပဏီများကြောင့်  ပြည်သူများ၏ ကျန်းမာရေး ဒုက္ခရောက်ရသည် သာမက ဆင်းရဲနွမ်းပါးသော မြန်မာလူမျိုးများ၏အခွင့်အရေးများပါ ထိခိုက်ကြောင်း သိရသည်။

    အဓိကပြဿနာကတော့ အစိုးရဌာနများအတွင်း သဘောထားကွဲလွဲနေခြင်းပင်ဖြစ်သည်။ ကျန်းမာရေး ၀န်ကြီးဌာနက ဆေးလိပ်သောက် သုံးမှု လျော့နည်းအောင် ဟန့်တားနေသော်လည်း ကုန်သွယ်ရေး ၀န်ကြီးဌာနကမူ ဒေါ်လာ မီလီယံပေါင်း များစွာရရေး အတွက် နိုင်ငံတကာ ကုမ္ပဏီများအား ပြည်တွင်း ရင်းနှီးမြှပ်နှံမှု လာလုပ်ရန် ခေါ်ဆိုနေသည် ဟု အရှေ့တောင်အာရှ ဆေးလိပ်နှင့် ဆေးရွက်ကြီး ထိန်းချုပ်ရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ (Sountheast Asian Tobacco Control Alliance) မှ ဒါရိုက်တာ ဘန်ဂွန် ရစ်ဖက်ခ်ဒီ(BungonRithiphakdee) က ဆိုသည်။

    တားမြစ်ရေးလုပ်ဆောင်သူများကဆိုသည်မှာ မြန်မာပြည်သူ သုံးပုံတစ်ပုံ သို့မဟုတ် လူသန်း ၆၀ ထဲမှ တစ်ဝက်ခန့်မျှသည် ဆေးရွက်ကြီးအား တစ်နည်းမဟုတ် တစ်နည်းဖြင့် အသုံးပြုလျက်ရှိသည်။ အများစုမှာ ကွမ်းယာများတွင် ထည့်စားကြသူများ နှင့် ဆေးပေါ့လိပ်သောက်သုံးကြ သူများဖြစ်သည်။ အစီခံပါသည့်စီးကရက်များသည် မြို့ပြများပေါ်တွင်သာ အဓိကသောက်သုံးရောင်း ချကြောင်းတွေ့ရသည်။ မြန်မာနိုင်ငံ၏လူဦးရေ ၄၅ ရာခိုင်နှုန်းသည် ၂၄ နှစ်အောက် လူငယ်များဖြစ်သဖြင့် စီးကရက် ကုမ္ပဏီများအတွက် ပစ်မှတ်ထားရာ အဓိကလူအုပ်စုပင်ဖြစ်သည်။

    တံခါးခေါက်လာသော အခွင့်အလမ်း

    မြန်မာနိုင်ငံ၏ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ ဆေးလိပ်သောက်သုံးသူများ အနက် ၉.၂ ရာခိုင်နှုန်းလောက်သာ အနောက်တိုင်းပုံဟန် အစီခံစီးကရက်များကို သောက်သုံးကြသည်။  နိုင်ငံခြားမှ စီးကရက် ထုတ်လုပ်သူများအဖို့ ထိုအချက်သည် ဖွံ့ဖြိုးစနိုင်ငံများ အတွင်းရှိ ဈေးကွက်များ၌ စံနှုန်းနိမ့် ပစ္စည်းများအား တင်သွင်းရောင်းထုတ်ရန် အခွင့်ရေးတစ်ခုရသကဲ့သို့ ဖြစ်နေသည်။

    ရန်ကုန်မြို့ပြည်သူ့ဆေးရုံကြီးရှိ ကင်ဆာရောဂါကုသရေးလူနာဆောင်သည် အမြဲပြည့်ကြပ်လျက်ရှိသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် World Health Organisation က မြန်မာနိုင်ငံ၌ လူငါးဦးလျှင် တစ်ဦးသည် ဆေးလိပ် သောက်သုံးမှုကြောင့် သေဆုံးနေရသည်ဟု ခန့်မှန်းပြောဆိုခဲ့သည်။

    Euromonitor မှ ဆေးလိပ်ဈေးကွက်လေ့လာသူ ရှိန်း မဂ်ဂွေးလ်(Shane MacGuill) က လာမည့်လေးနှစ်အတွင်း စီးကရက်ရောင်းချမှုသည် တစ်နှစ်လျှင် ပျမ်းမျှ ၂ – ၃ ရာခိုင်နှုန်း တိုးမြင့်လာမည်ဖြစ်ကြောင်း တွက်ဆထားသည်။
    တရုတ်နိုင်ငံ၏ အကြီးမားဆုံးစီးကရက်ထုတ်လုပ်သူ နှင့် ကမ္ဘာ့နံပါတ် ၅ အဆင့်ဝင် ဟုံရွင်ဟုံဟယ် အုပ်စု(HongyunHonghe Tobacco Group) နှင့် ၄င်း၏အကျိုးတူပူးပေါင်းသူများထံတွင် တစ်နှစ်အတွင်း စီးကရက်သုံးသန်းမျှအထိ ထုတ်လုပ်ပေးနိုင်သော စက်ရုံရှိပြီး၊ အထူး ကျွမ်းကျင်သည့် ဈေးကွက်မန်နေဂျာများ နှင့် အရောင်းသမားများစွာကို ခန့်အပ်ထားသည့်အပြင် ဈေးကွက်မြှင့်တင်ရေး လုပ်ဆောင်ချက်များ နှင့် ဖြန့်ချိရေး ယာဉ်များကိုလည်း ပြည့်စုံ လုံလောက်အောင် စီစဉ်ထားသည် ဟု၎င်း၏ ၀က်ဘ်ဆိုဒ်မှတစ်ဆင့် သိရသည်။

    ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံးဖြစ်သော ဗြိတိန်-အမေရိကန် ဆေးလိပ်ဆေးရွက်ကြီးကုမ္ပဏီ (British American Tobacco) သည် နောက်လာမည့် ငါးနှစ်အတွက် ရေရှည်စီမံကိန်းများတွင် ၀န်ထမ်း ၄၀၀ ခန့်နှင့်တစ်ကွ ဒေါ်လာသန်း ၅၀ ရင်းနှီးမြှုပ်နှံထားသည်။

    နိုင်ငံတကာအဆင့်သုံး စာရင်းဝင်  ဂျပန်နိုင်ငံတကာဆေးရွက်ကြီးလုပ်ငန်း (Japan Tobacco International) သည် မြန်မာနိုင်ငံ အတွင်း ရင်းနှီးမြှပ်နှံမည့် အစီစဉ်များ လုပ်နေကြောင်းကို ပြောကြားခဲ့သော်လည်း နောက်ထပ် မှတ်ချက်များကိုမူ မပေးခဲ့ချေ။

    “ ပြည်တွင်းစီးကရက် ကုမ္ပဏီတွေက ယှဉ်လို့မရပါဘူး။ နိုင်ငံခြားစီးကရက်ကုမ္ပဏီတွေက နိုင်ငံအတွင်း အသံတိတ်ဝင်လာပြီး အာဏာပိုင်တွေကို – ငါတို့က စက်ရုံ တည်ဆောက်မှုတွေ၊ အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ကူညီပေးမယ် လို့ ဆိုကြပါလိမ့်မယ်။ နိုင်ငံတော်တော် များများမှာ ကုန်သွယ်ရေးဆိုင်ရာရှေ့နေများ၊ ဒီလို နိုင်ငံတကာကို ယှဉ်ပြိုင်နိုင်မယ့်  ကြေးရတတ်များ မရှိကြဘူး။ ၁၀ နှစ်လောက်နေရင်တော့ မြန်မာနိုင်ငံအတွင်း အလားတူ ဥပဒေပြဋ္ဌာန်းမှု ပြုလာနိုင်ပါလိမ့်မယ်။ ဒါပေမယ့် အခုတော့ အသုံးပြုတဲ့ ဓလေ့က အရမ်းကို ခေတ်စားနေဆဲပါ  ” ဟု တီဘီကဲ့သို့ရောဂါများအား ပပျောက်အောင် ဆောင်ရွက်နေသော World Lung Foundation မှ အကြံပေး ဂျူးဒစ် မက်ကေး (Judith Mackay) က ဆိုသည်။

    ညံ့ဖျင်းသော ပြဋ္ဌာန်းမှု

    မြန်မာနိုင်ငံသည် ၂၀၀၄ ခုနှစ်က World Health Organisation မှလုပ်ဆောင်သော ဆေးလိပ်နှင့်ဆေးရွက်ကြီး တားဆီးထိန်းချုပ်မှု (Framework Convention against Tobacco Control) အား လက်မှတ်ရေးထိုးခဲ့သော်လည်း၊ တရားဝင်အောင်ဆောင်ရွက်ခြင်း၌ အလွန်အားနည်းနေပြီး၊ WHO ၏ လမ်းညွှန်ချက်အချို့ကို ပြဋ္ဌာန်းရန် ပျက်ကွက်နေလေသည်။ ထိုအရာများထဲတွင် စီးကရက်ဘူးများပေါ် ကျန်းမာရေးသတိပေးချက်များအဖြစ် ဓာတ်ပုံများထည့်သွင်းခြင်း နှင့် တစ်ဘူးကို ၆၅ ရာခိုင်နှုန်းအခွန်တင်းကြပ်ခြင်းများလည်း အပါအ၀င်ဖြစ်သည်။  ၂၀၀၆ ခုနှစ်ကစတင်ကာ အများပိုင်နေရာများတွင် ဆေးလိပ်သောက်သုံးခြင်းကိုပိတ်ပင်ခဲ့သော်လည်း ဆန့်ကျင်မှုများအတွက် ဒဏ်တပ်အရေးယူခြင်းမျိုး မရှိပေ။

    မြန်မာနိုင်ငံရှိ စီးကရက် ကုမ္ပဏီများသည် ပညာရေး အလှူငွေပေးအပ်ခြင်း သို့မဟုတ် မိဘမဲ့များအားကူညီစောင့်ရှောက်ခြင်း စသည်ကဲ့သို့သော လူမှုရေးလုပ်ငန်းများဖြင့် တားမြစ်ထားသော တိုက်ရိုက်ကြော်ငြာခွင့်များအား တစ်ဖက်လှည့် အသုံးပြုနေကြသည် ဟု တက်ကြွလှုပ်ရှားသူများကဆိုသည်။ လူငယ်များအပေါ် အဓိကဈေးကွက်အဖြစ်မထားရေး ကတိက၀တ် ရှိနေလင့်ကစား စီးကရက်ကုမ္ပဏီများသည်  နှစ်စဉ် သင်္ကြန်ပွဲများ၊ စင်တင်တေးဂီတပွဲများကဲ့သို့ ဖျော်ဖြေရေး ပွဲများတွင် လာရောက်သူ လူငယ်များအား စီးကရက်ဘူးများ အခမဲ့ဝေငှပေးခြင်းဖြင့် တစ်ဖက်လှည့် မြူဆွယ်လျက်ရှိသည်။

    ဗြိတိန်-အမေရိကန် စီးကရက်ကုမ္ပဏီ မြန်မာရုံးခွဲမှ ဒါရိုက်တာ ရီဟန် ဘိုင်က်(RehanBaig) သည် ကုမ္ပဏီအနေနှင့် အရွယ်ရောက်ပြီးဆေးလိပ်သောက်သုံးသူများကိုသာ အဓိက ထားရောင်းချကြောင်း ကုမ္ပဏီ၏ဈေးကွက်လှုပ်ရှားပုံများအား  အီးမေးလ်များဖြင့် မေးမြန်းမှုအပေါ် အောက်ပါအတိုင်း ဖြောကြားထားခဲ့သည်။

    “ ကျွန်တော်တို့ဟာ တရားဝင်ကုန်ပစ္စည်းများကိုသာရောင်းချနေတဲ့ တရားဝင်ကုမ္ပဏီပါ။ ကျွန်တော်တို့ ကုမ္ပဏီခွဲရှိတဲ့ နိုင်ငံတိုင်းက ဥပဒေကိုလိုက်နာပြီး တာဝန်ခံလုပ်ဆောင်နေပါတယ်။ တစ်ချို့အချိန်များမှာ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်နိုင်ငံတကာဈေးကွက် စည်းမျဉ်းများထက် ကျော်လွန်တင်းကြပ်တဲ့ ဥပဒေအတိုင်းလည်း လုပ်ဆောင် လည်ပတ်နေပါတယ်။ အဲ့ဒီအထဲမှာ လူငယ်များ အပေါ်ကျွန်တော်တို့ ပစ္စည်းကို သုံးစွဲမှုတားမြစ်ခြင်းများ အပါအ၀င် ဖြစ်ပါတယ် ” ။

    သို့သော်လည်း ဆေးလိပ် ကုမ္ပဏီကြီးများသာဖော်ဆောင်နိုင်သော ဈေးကွက်မြှင့်တင်မှုလုပ်ဆောင်ချက်များသည် လူငယ်များအပေါ်တွင် အလွယ်တကူလွှမ်းမိုးနေသည်။

    “ မြန်မာနိုင်ငံမှာရှိနေတဲ့ နိုင်ငံတကာအခြေစိုက်ကုမ္ပဏီများဟာ လိမ္မာပါးနပ်သော ဈေးကွက် ရှာဖွေရေး၊ ထောက်ပံ့မှုတွေနဲ့ အတူ သူတို့ထုတ်ကုန်များကို သယ်ဆောင်လာကြတယ်။ သူတို့ဟာ သိုးရည်ခြုံထားတဲ့ ၀ံပုလွေတွေပါပဲ ”  ဟု World Lung Foundation မှ မက်ကေးက ဆိုသည်။

    မြန်မာနိုင်ငံ၌ Camel နှင့် Benson & Hedges ကဲ့သို့ နိုင်ငံခြားသွင်းကုန်စီးကရက်တံဆိပ်များက အရိုးပေါ် အရွက်ဖုံးနေသော်လည်း ၄င်းတို့မှာ ပြည်တွင်းဖြစ် စီးကရက်များထက် သုံးဆခန့် ပိုရောင်းရကြောင်း သိရသည်။

    “ မြန်မာနိုင်ငံမှာ စက်ရုံလာ ဖွင့်မယ်ဆိုယင် ဈေးချိုချိုနဲ့ရောင်းချနိုင်မယ် ” ဟု ဈေးသက်သာ၍ အမည်ရှိသော နိုင်ငံခြားဖြစ် တံဆိပ်များသည် အစွဲကြီးသူများမှ ပိုမိုလက်ခံကြပုံကို နိုင်ငံတကာ တီဘီနှင့်အဆုတ်ရောဂါ ကာကွယ်တားဆီးမှု အဖွဲ့ (International Union against Tuberculosis and Lung Disease) မှ ရာဇာညွန့်က ပြောကြားခဲ့သည်။
    “ အကျင့်ပျြက်ခြစားမှုဟာ အဓိကပြသနာပဲ။ အစိုးရကလည်း ပြည်သူလူထုတွေရဲ့ကျန်းမာရေးကို ဂရုမစိုက်ဘူး။ မြန်မာပြည်မှ ပထမဆုံးလမ်းဖွင့်ပေးတာက အရက်ကုမ္ပဏီများဖြစ်တယ်။ အခုနောက် တစ်ဆင့်မှာတော့ ဆေးလိပ် ကုမ္ပဏီတွေအတွက် ထပ်မံလမ်းဖွင့်ပေးပြန်တယ် ” ဟု သူက ဆက်လက်ပြောကြားခဲ့သည်။

    နိုင်ငံရေးအရ ပတ်သက်မှုများ

    ပြည်သူများအတွက် မသင့်တော်သော အရာများအဖြစ် စစ်အစိုးရဟောင်းမှ ဆယ်စုနှစ်များစွာ တင်းတင်းကြပ်ကြပ် တားမြစ် ပိတ်ပင်ထားသော အရက်နှင့်မူးယစ် ယမကာများကို မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင်အဖွဲ့ (Myanmar Investment Comission) သည် ၂၀၁၂ ခုနှစ် အလယ်ပိုင်းလောက်က လာရောက် ထုတ်လုပ်မည့် နိုင်ငံခြားကုမ္ပဏီများအား ဖိတ်ခေါ်ခဲ့သည်။

    ယင်းဖက်စပ်လုပ်ငန်းများစွာတွင် တစ်နည်းမဟုတ်တစ်နည်း နိုင်ငံရေးနှင့်ပတ်သက်နေသော ဦးဆောင်စီးပွားရေး လုပ်ငန်းရှင်များ ချိတ်ဆက် ပါဝင်နေသည်။ ၄င်းနှင့်စပ်လျဉ်း၍ အင်တာဗျူး လုပ်ဆောင်ရန်တောင်းဆိုချက်ကို မြန်မာနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ယခုတိုင် အကြောင်းမပြန်သေးကြောင်း သိရသည်။

    တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံ ကျန်းမာရေး ၀န်ကြီးဌာနသည်လည်း ဆေးလိပ်သောက်သုံးမှု ထိန်းချုပ်ရေးအတွက် တင်းကြပ်သောစည်းမျဉ်းများ ထုတ်နိုင်ရန် လုပ်ဆောင်နေကြောင်း၊ ပြည်တွင်းဆေးလိပ်ဆန့်ကျင်ရေးအဖွဲ့များနှင့်အတူ ကျန်းမာရေးအသိပညာပေး လုပ်ဆောင်မှုများ နှင့် ဥပဒေပျော့ကွက်များအား ဖာထေးရန် ကြိုးပမ်းနေကြောင်း သိရသည်။ ထိုလုပ်ဆောင်ချက်များကို အများက မသိကျိုး ကျွံပြုထားဆဲပင်ဖြစ်သည်ဟု လုပ်ရှားဆောင်ရွက်သူများကဆိုကြသည်။
    အသက် ၄၃ နှစ်အရွယ်ရှိ ကိုကျော်ဦးသည် နေ့စဉ် ဆေးပေါ့လိပ်များ နှင့် Red Ruby ကဲ့သို့ ပြည်တွင်းထုတ်စီးကရက်အား သူ၏ဘ၀တစ်ဝက်လောက်သောက်သုံးလာခဲ့သော်လည်း အသက်ရှု လမ်းကြောင်းပိတ်ဆို့မှုဖြစ်လာ၍ ယခုအခါ သူသည် ဆေးလိပ်ဖြတ်ဖို့ရည်ရွယ်နေကြောင်း “ ဆေးလိပ်သောက်ခြင်းရဲ့ဆိုးကျိုးကို ကျောင်းဆရာတွေဆီက အချိန်နှောင်းမှ ကျွန်တော် သိခဲ့ရတယ် ” ဟု သူက ပြောဆိုသည်။

    မြန်မာနိုင်ငံအတွင်း ဈေးကွက်ချဲ့ထွင်လာသော နိုင်ငံခြားကုမ္ပဏီများသည် ပြည်တွင်းဈေးကွက်တစ်ခုတည်းကိုသာ အဓိကထားသည် မဟုတ်ဘဲ၊ အချို့ကုမ္ပဏီများမှာ အခြားအာရှနိုင်ငံများသို့တင်ပို့်ရန် မြန်မာနိုင်ငံ၌ ဆေးရွက်ကြီး စိုက်ပျိုးရန်ကိုပင် စီစဉ်လျက်ရှိသည်။ အစဉ်အဆက် စိုက်ပျိုးရေးဖြစ်ထွန်းသော လယ်မြေများသည် စီးကရက်ထုတ်လုပ်သူများကို မျက်စေ့ကျစေနိုင်သည်ဟု လှုပ်ရှားတက်ကြွသူတို့မှ ဆိုသည်။

    British American Tobacco အား မြန်မာနိုင်ငံအတွင်းမှတိုက်ထုတ်ရန် စစ်အစိုးရလက်ထက်ကတည်းက လုပ်ဆောင်နေခဲ့သော Burma Campaign မှ ဒါရိုက်တာ မာ့ခ်ဖာမန်နာ(Mark Farmener) က –  ယခင်တစ်ချိန်၌ လယ်သမားများသည် သူတို့၏မြေယာများကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အတွက် ထိုးအပ်ခဲ့ရသလို ဤအရေးအရာမှာလည်း နောင် အနာဂတ်တွင် ပြဿနာဖြစ် မလာပါဟု ဆိုမရနိုင်ကြောင်း ပြောကြားခဲ့သည်။

    ဖာမန်နာကဆိုသည်မှာ လယ်ယာမြေများသိမ်းဆည်းခြင်း နှင့် အလုပ်သမားများအပေါ်အနိုင်ကျင့်ခြင်းများကဲ့သို့ လူမှုရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုပြဿနာများမှာ နိုင်ငံတကာစီးကရက် ထုတ်လုပ်မှုလုပ်ငန်းများနှင့်အတူ   ၀င်ရောက် လာလိမ့်မည်ဟု ပြောဆိုကာ ဤသို့ သတိပေးထားပါသည်။

    “ မြန်မာပြည်ကလူများဟာ အလုပ်အကိုင် လိုအပ်ပေမယ့် ကင်ဆာရောဂါဖြစ်ပွားဖို့ကိုတော့ မလိုချင်ကြပါဘူး။ သူတို့ကို သေဘေး ပို့မယ့် ရင်းနှီးမြှပ်နှံမှုမျိုး မဟုတ်ဘဲ သူတို့အတွက်ကောင်းကျိုးဖြစ်ထွန်းစေမယ့် ရင်းနှီးမြှုပ်နှံမှုများ ရောက်လာမှာကို ပိုပြီးမြင်တွေ့လိုပါတယ် ”။

    Al Jazeera တွင် ဖော်ပြခဲ့သော ‘Big tobacco eyes Myanmar market’ ဆောင်းပါးကို မြင့်မိုရ်မောင်မောင် ဆီလျော်အောင် မြန်မာပြန်ဆိုပါသည်။

  • ဘုရင်များခေတ် မြန်မာမွတ်စလင်မ်တို့၏ ဗိသုကာလက်ရာများ– သမိုင်းထဲက ပုံရိပ် (၄)

    1470247_392552234209555_1892784492_n
    အင်းဝခေတ်၊ အမရပူရခေတ်၊ ရတနာပုံ မန္တလေးခေတ် တို့တွင် တည်ဆောက် ခဲ့ကြသော ပသီ(ခေါ်) မြန်မာ မွတ်စလင်မ်တို.၏ ဗိသုကာ လက်ရာများ။

    ဦးမောင်မောင်ကြီး(မန်း)ထံမှရရှိပါသည်။

  • သားဖြစ်သူအား အရေပြားလှီး မင်္ဂလာ လုပ်ရန်ငြင်းဆန်၍ အမျိုးသမီးတဦးကို ဂျူးဘာသာရေး တရားရုံးက နေ့စဉ် ဒေါ်လာ ၁၄၀ ဒဏ်ဆောင်ရန် အမိန့်ချ

    နိုဝင်ဘာ- ၂၇ ၂၀၁၃
    M-Media
    Jewish Settlers Hold Circumcision Ceremony In The Gaza Strip
    သားဖြစ်သူအား အရေးဖျားလှီး မင်္ဂလာပြုလုပ်ပေရန် ငြင်းဆန်ခဲ့သောကြောင့် အစ္စရေးရှိ ဂျူးဘာသာရေးတရားရုံးက အမျိုးသမီးတစ်ဦအား ဒဏ်တပ်ခဲ့သည်ဟု သိရသည်။ ဂျေရုစလင်မြို့ရှိ Rabbinical တရားရုံးမှ အရေပြားလှီး မင်္ဂလာ ပြုလုပ်ရန် ခွင့်မပြု မချင်း ထိုအမျိုးသမီးအား နေ့စဉ် ကန်ဒေါ်လာ ၁၄၀ ဒဏ်တပ်ရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ ခင်ပွန်းဖြစ်သူနှင့် ကွာရှင်းရန် ဆောင်ရွက်နေသည့် ထိုအမျိုးသမီး၏ လျှောက်လဲချက်အား တရားရုံးကပယ်ချခဲ့သည်။

    Rabbinical တရားရုံးမှာ လက်ထပ်ခြင်း၊ ကွာရှင်းခြင်းတို့အပါအ၀င် ဂျူးဘာသာရေးထုံးတမ်းဆိုင်ရာ ကိစ္စရပ်များအား အဆုံးအဖြတ်ပေးရသည့် ဘာသာရေး တရားရုံးတစ်ခုဖြစ်သည်။ သို့သော်လည် ထိုအမျိုးသမီး၏ ရှေ့နေဖြစ်သူက ထိုတရားရုံးမှာ အရေပြားလှီး မင်္ဂလာပြုလုပ်ရန်အတွက် တောင်းဆိုပိုင်ခွင့် မရှိဟု ပြောဆိုခဲ့သည်။

    အစ္စရေးနှင့် ပါလက်စတိုင်းပိုင်နက်များရှိ စားရေးဆရာများက ဖွဲ့စည်းထားသည့် အင်တာနက် အခြေပြု လွတ်လပ်သော သတင်းဆိုဒ် +972 Magazine ၏ အဆိုအရ သားငယ်များအား အရေးပြားလှီး မင်္ဂလာပြုလုပ်ရန်အတွက် မိဘများထံမှ တရားဝင် ခွင့်ပြုချက်မလိုဟု သိရသည်။

    ဂျူလူမျိုးတို့၏ အရေးကြီးသော ဘာသာရေးဆောင်ရွက်မှု ဓလေ့ထုံးတမ်းတစ်ခုအဖြစ် နှစ်ပေါင်းထောင်ချီရှိနေခဲ့သည့် အရေပြားလှီး မင်္ဂလာပြုလုပ်ရန် ဆုံးဖြတ်ခြင်းမှာ အစ္စရေးနိုင်ငံတွင်အငြင်းပွားဖွယ်ရာ ကိစ္စတစ်ခုဖြစ်နေသည်။ အရေပြားလှီးမင်္ဂလာပြုလုပ်ခြင်းမှာ ဘုရားသခင်နှင့် ပဋိဥာဏ်ထားခြင်းဟုလည်း ဂျူးတို့က ယုံကြည်ကြသည်။

    Ref: aljazeera

  • အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ

    အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ

    နိုဝင်ဘာ-၂၇ ၂၀၁၃
    M-Media
    မောင်လျှောက်

    ယနေ့ ၁၃၇၅ ခု တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်(၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်) ကျရောက်သော ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ၏ (၉၃)နှစ်မြောက် အမျိုးသားနေ့ ဖြစ်ပါသည်။

    အမျိုးသားနေ့ဖြစ်ပေါ်လာပုံ အကျဉ်း
    —————————————
    အမျိုးသားနေ့သည် ပထမအကြိမ်မြောက် ကျောင်းသားသပိတ်ကြီး ၁၉၂၀ ခုနှစ်မှ ပေါက်ဖွားလာသော လွတ်လပ်ရေး ကြိုးပမ်းချက်တစ်ရပ် ဖြစ်သည်။ ဗြိတိသျအစိုးရသည် ၁၉၂၀ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် ဥပဒေသစ်တစ်ရပ်ကို အတည်ပြုကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

    ထို့ကြောင့် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ လ ၂ ရက်နေ့တွင် တက္ကသိုလ် ကျောင်းသားခေါင်းဆောင်ကြီး ၁၁ ဦးတို့သည် ရွှေတိဂုံစေတီတော်ရင်ပြင် စနေထောင့်တွင် ဗြိတိသျှ အစိုးရ၏ ကျွန်သက်ရှည်ရေး ပညာရေးဥပဒေ သစ်ကိုတိုက်ဖျက်ရန် ဆွေးနွေးခဲ့ကြသည်။ မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၈ ရက် သောကြာနေ့(ခရစ်နှစ် ၁၉၂၀ ဒီဇင် ဘာလ ၃ ရက်) နေ့တွင် ရန်ကုန် ကောလိပ်ကျောင်းသားကြီး ၁၁ ဦး တို့သည် ရန်ကုန်ယူနီဘာစီတီအက် ဥပဒေကို သပိတ်မှောက်ရန် ရွှေတိဂုံစေတီတော်ကြီး၏ ရင်ပြင်တော် စနေထောင့်တွင် သစ္စာအဓိဋ္ဌာန်ပြုခဲ့ကြသည်။

    (၁) ကိုဘရှင် (သံတွဲ)
    (၂) ကိုဘရှင် (ထားဝယ်)
    (၃) ကိုညီပိုက်
    (၄) ကိုဘိုးလွန်း
    (၅) ကိုအေး
    (၆) ကိုလှတင်
    (၇) ကိုဖေသိန်း
    (၈) ကိုထွန်းဝင်း
    (၉) ကိုဘခင်
    (၁၀) ကိုအောင်ဒင်
    (၁၁) ကိုဘဦး

    စသည့် ကျောင်းသား (၁၁)ဦး ဦးဆောင်ကာ လက်မှတ်ရေးထိုး အဓိဌာန်ပြုကြသည်။

    (စာ-၂၀၀၊ အမျိုးသားနေ့ ရွှေရတုအထူးထုတ်)

    ဗြိတိသျှ အစိုးရ၏ တက္ကသိုလ်ပညာရေးဥပဒေသစ်ကို ဆန့်ကျင်သည့် အနေဖြင့် ကောလိပ်သိပ္ပံကျောင်းသားများ ဦးဆောင်ကာ မြန်မာပြည် တစ်ဝှမ်းလုံးရှိ အင်္ဂလိပ်ကျောင်း၊ အင်္ဂလိပ် -မြန်မာ နှစ်ဘာသာ သင် ကျောင်းသားများ သပိတ်မှောက်ရန် ထွက်ကြလေသည်။ ထိုသို့ ထွက်လာသောနေ့ကား ၁၂၈၂ ခု၊ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်၊ (၁၉၂၀ ပြည့်၊ ဒီဇင်ဘာလ ၅ ရက်) တနင်္လာနေ့ဖြစ်သည်။

    မန္တလေးမြို့၌ ကျင်းပခဲ့သော န၀မအကြိမ်မြောက် ဂျီစီဘီအေ ညီလာခံကြီး၌ မြန်မာပြည်အတွက် အမျိုးသားအောင်ပွဲနေ့ တစ်နေ့ ရွေးကြရာ အကြံအမျိုးမျိုး ပေးကြသည်။ တစ်ချို့က ဦးဥတ္တမ ထောင်ကျသောနေ့၊ တစ်ချို့က သီပေါမင်း နန်းကျသောနေ့ စသည်ဖြင့် အမျိုးမျိုး အကြံပေးကြရာ ကျောင်းသားများ သပိတ်မှောက် ထွက်လာသော ပထမကျောင်းသားသပိတ် စတင်သည့်နေ့သာလျှင် အမျိုးသား အောင်ပွဲနေ့အတွက် အသင့်လျော်ဆုံး ဖြစ်သည်ဟု ဆုံးဖြတ်ခဲ့ကြသည်။

    ** တက္ကသိုလ် သပိတ်ခေါင်းဆောင် (၁၁)ဦးတွင် ကိုဘရှင် (သံတွဲ)မှာ အစ္စလာမ်ဘာသာဝင် တစ်ဦးဖြစ်ပါသည်။
    =======================
    ဆက်စပ်ပိုစ်ဖတ်ရန်
    ** အမျိုးသားနေ့နှင့် မြန်မာမွတ်စလင်မ်တို့၏ အခန်းကဏ္ဍ=>http://www.m-mediagroup.com/news/1761