News @ M-Media
Blog
  • The Fast and The Furious ဇာတ်ကားမှ မင်းသား ပေါလ်ဝေါ်ကာ ကားမှောက်၍သေဆုံး
    ဒီဇင်ဘာ-၁ ၂၀၁၃
    M-Media
    5127482-3x2-700x467
    ၂၀၀၉ ခုနှစ်က နာမည်ကြီးခဲ့သည့် The Fast and The Furious ရုပ်ရှင်ဇာတ်လမ်းဖြင့် နာမည်ကျော်ခဲ့သူ မင်းသား ပေါလ်ဝေါ်ကာမှာ ကယ်လီဖိုးနီးယားပြည်နယ်တွင် ယမန်နေ့က ဖြစ်ပွားခဲ့သည့် ကားမတော်တဆမှုအတွင်း သေဆုံးခဲ့သည်ဟု သတင်းများကဖော်ပြကြသည်။
    အသက် ၄၀ အရွယ်ရှိ ဝေါ်ကာမှာ သူငယ်ချင်းဖြစ်သူ၏ Porsche ကားဖြင့် လိုက်ပါသွားခဲ့ပြီး၊ ထိုကားမှာ လော့စ်အိန်ဂျလိစ်မြောက်ဘက်ရှိ ဆန်တာကလာရီတာမြို့တွင် အရှိန်လွန်ကာ တိမ်းမှောက်ခဲ့သောကြောင့် ဝေါ်ကာနှင့် သူ၏သူငယ်ချင်း နှစ်ဦးစလုံးမှာ သေဆုံးသွားခဲ့သည်ဟု ဝေါ်ကာ၏ ရုပ်ရှင်အဖွဲ့မှ ၎င်းတို့၏ Facebook စာမျက်နှာတွင်ဖော်ပြခဲ့သည်။
    TMZ ၀ဘ်ဆိုဒ်၏ ဖော်ပြချက်ရ အဆိုပါကားမှာ သစ်ပင်အားတိုက်မိခဲ့ပြီးနောက် မီးလောင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
    “မင်းသားရဲ့ Reach Out Worldwide အဖွဲ့အတွက် လှူဒါန်းရေးပွဲကို တက်ရောက်ဖို့သွားစဉ်မှာ ကားမတော်တဆဖြစ်ပြီး ပေါလ်ဝေါ်ကာ ကွယ်လွန်သွားတာကို ကျွန်တော်တို့ ၀မ်းနည်းစွာနဲ့ အတည်ပြုပါတယ်” ဟု ဝေါ်ကာ၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။
    ပြီးခဲ့သည့်လက ဖိလစ်ပိုင်နိုင်ငံတွင် တိုက်ခတ်ခဲ့သည့် တိုင်ဖုန်းဟိုင်ယန်ဒဏ်ခံ ဖိလစ်ပိုင်ပြည်သူများအား ကူညီနိုင်ရန်အတွက်ပြုလုပ်သော ကားပြပွဲတစ်ခုသို့ သွားရောက်နေစဉ်အတွင်း ထိုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဝေါ်ကာသေဆုံးမှုအတွက် ရုပ်ရှင်ကုမ္ပဏီအချို့ကလည်း ဆိုရှယ်မီဒီယာများမှတစ်ဆင့် ၀မ်းနည်းကြောင်း ပြောကြားခဲ့သည်။
    PHOTO: Paul Walker is best known for his role in the 2009 film Fast & Furious. (Reuters: Stefan Wermuth)
  • စနေနေ့ညက ကစားခဲ့သော ပရီးမီယားလိဂ် ပွဲစဉ် ၁၃
    စနေနေ့ညက ကစားခဲ့သော ပရီးမီယားလိဂ် ပွဲစဉ် ၁၃
    ဒီဇင်ဘာ ၁၊ ၂၀၁၃
    M-Media
    345566hp2
    ပရီးမီယားလိဂ် ပွဲစဉ် ၁၃ အဖြစ် ယမန်နေ့ညက ၆ ပွဲကစားခဲ့ရာ အာဆင်နယ်၊ အဲဗာတန်နှင့် နယူးကာဆယ်တို့ အနိုင်ရရှိခဲ့ကြသည်။
    ကာဒစ်ဖ် ၀-၃ အာဆင်နယ်
    ဇယားထိပ်ဆုံးတွင်ဦးဆောင်နေသော အာဆင်နယ်အသင်းမှာ အဝေးကွင်း တွင် ကစားခဲ့ရသော်လည်း အမှားအယွင်းမရှိခဲ့ဘဲ ရမ်ဆေး၏ ခြေစွမ်းပြမှုနှင့် အတူ နိုင်ပွဲဆက်နိုင်ခဲ့သည်။ ယခုပွဲအနိုင်မှာ အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ် ၅ ပွဲဆက်အနိုင်လည်းဖြစ်ခဲ့သည်။
    ကာဒစ်ဖ်အသင်းမှာ ပြီးခဲ့သည့်တစ်ပါတ် မန်ယူအသင်းအား ၂ ဂိုး စီ သရေ ကျခဲ့သည့် ပွဲမှ လူစာရင်းအား တစ်နေရာအားအပြောင်းအလဲလုပ်ကာ အာဆင်နယ်အသင်းအား ရင်ဆိုင်ခဲ့သည်။ အာဆင်နယ်အသင်းမှာလည်း မာဆေးအသင်းအား အနိုင်ရရှိခဲ့သည့် လူစာရင်းကို သုံးနေရာအပြောင်းအလဲလုပ်ခဲ့သည်။
    ပွဲတစ်ပွဲလုံးအား အာဆင်နယ်အသင်းကသာ စိုးမိုးနိုင်ခဲ့ပြီး ဂိုးများကို ၂၉ မိနစ်နှင့် ဒုတိယပိုင်း နာကျင်အချိန်ပိုတွင် အာရွန်ရမ်ဆေးကလည်းကောင်း၊ ၈၆ မိနစ်တွင် ဖလာမီနီကလည်းကောင်းသွင်းယူပေးခဲ့ခြင်းဖြစ်သည်။
    ………………………………..
    အဲဗာတန် ၄-၀ စတုတ်
    ပြီးခဲ့သည့်တစ်ပါတ်က မာဆေးဆိုဒ်ဒါဘီတွင် လီဗာပူလ်းအသင်းနှင့် သရေကျခဲ့သည့် အဲဗာတန် အသင်းမှာ ယခုပွဲတွင် အိမ်ကွင်းဂွတ်ဒီဆင်ပါ့ခ်၌ စတုတ်စီးတီးအား အသာစီးရယူကာ ဂိုးပြတ်ဖြင့် အနိုင်ကစားနိုင်ခဲ့သည်။
    ယခုပွဲတွင် ဘာစီလိုနာမှ အငှားဖြင့်ပြောင်းရွှေ့လာသူ ဒီလိုဖျူ အထူး ခြေစွမ်းပြခဲ့ပြီး အဲဗာတန်အသင်း၏ တိုက်စစ်အား အသက်ဝင်အောင် ပံ့ပိုးပေးနိုင်ခဲ့သည်။ ပွဲအစကတည်းက ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် ထိုးဖောက်ကစားနိုင်ခဲ့သော်လည်း ပထမပိုင်းပြီးကာနီးတွင်မှ အဲဗာတန်တို့ အဖွင့်ဂိုးရရှိခဲ့သည်။ ထိုဂိုးအား ဒီလိုဖျူက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
    ဒုတိယပိုင်းတွင်လည်း အဲဗာတန်အသင်းကသာ ကစားကွက်အသာဖြင့် ကစားနိုင်ခဲ့ပြီး ၄၉၊ ၅၈ နှင့် ၇၉ မိနစ်တွင် စီးမက်စ်ကိုးလ်မန်း၊ ဘရိုင်ယန် အိုဗီဒိုနှင့် ဂိုမယ်လို လူကာကူတို့က အသီးသီးသွင်း ယူပေးခဲ့ခြင်းဖြစ်သည်။
    ယခုပွဲအနိုင်ကြောင့် အဲဗာတန်အသင်းမှာ အမှတ်ပေးဇယား စတုတ္ထနေရာသို့ ရောက်ရှိလာခဲ့သည်။
    ………………………………..
    နယူးကာဆယ် ၂-၁ ၀က်စ်ဘရွန်း
    ယခုနောက်ပိုင်းတွင် ခြေစွမ်းပြလာနိုင်ခဲ့သည့် နယူးကာဆယ်အသင်းမှာ ကစားရခက်သည့် ၀က်စ်ဘရွန်းအသင်းအား အိမ်ကွင်းတွင် အနိုင်ကစားနိုင်ခဲ့သည်။
    ပွဲအစတွင် ၀က်စ်ဘရွန်းတို့ အိမ်ရှင်အသင်းအား ခြိမ်းခြောက်နိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် နယူးကာဆယ်တို့ ပွဲကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကာ ၃၆ မိနစ်တွင် အဖွင့်ဂိုးရရှိခဲ့သည်။ ထိုဂိုးအား ယိုအန် ဂွဖ်ရန်က အနီးကပ်ကန်သွင်းယူခဲ့ခြင်းဖြစ်သည်။ ဂွဖ်ရန်၏ အိမ်ကွင်း ၃ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
    ဒုတိယပိုင်းတွင် ၀က်စ်ဘရွန်းတို့ တင်ကစားခဲ့သောကြောင့် ချေပဂိုးရရှိခဲ့ပြီး ၅၃ မိနစ်တွင် ရှိန်းလောင်း၏ ခေါင်းဖြင့် ချပေးမှုမှတစ်ဆင့် ခရစ် ဘရန့်က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ၄ မိနစ်အကြာတွင် နယူးကာဆယ်တို့ အနိုင်ဂိုးရရှိခဲ့ပြီး မူဆာ ဆစ်ဆိုကိုက ၀က်စ်ဘရွန်းဂိုးသမား၏ ညာဘက်အပေါ်ထောင့်အား လှပစွာ ကန်သွင်းယူခဲ့ခြင်းဖြစ်သည်။
    ယခုပွဲအနိုင်မှာ နယူးကာဆယ်အသင်း၏ နောက်ဆုံး လေးပွဲဆက်အနိုင်လည်းဖြစ်ခဲ့ပြီး အမှတ်ပေးဇယားအဆင့် ၅ သို့ ရောက်ရှိလာခဲ့သည်။
    ………………………………..
    ………………………………….
    နော်ဝစ်ခ်ျ ၁-၀ ခရစ္စတယ်ပဲလေ့စ်
    အက်စတွန်ဗီလာ ၀- ဆန်းဒါးလန်း
    ကားရိုးရုဒ်တွင်ကစားခဲ့သည့် ယခုပွဲတွင် ဂယ်ရီဟူပါး၏ မိနစ် ၃၀ သွင်းဂိုးဖြင့် အိမ်ရှင်တို့ အနိုင်ရရှိခဲ့ပြီး ခရစ္စတယ်ပဲလေ့စ်၏ ယခုနှစ်ရာသီ ၁၀ ပွဲမြောက် ရှုံးပွဲလည်းဖြစ်ခဲ့သည်။
    အဝေးကွင်းတွင် နိုင်ပွဲမရရှိသေးသည့် ဆန်းဒါးလန်းအသင်းမှာ ယခုပွဲတွင် နိုင်ပွဲရရှိရန် ကြိုးစားခဲ့သော်လည်း သရေတစ်မှတ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။ အက်စတွန်ဗီလာအသင်းမှာလည်း ဂိုးသွင်းခွင့်အချို့ရရှိခဲ့သော်လည်း အသုံးမချနိုင်ခဲ့ပေ။
  • မြန်မာပြည်မှာ အပြန်အလှန် အကြမ်းဖက်မှု ဆိုတာ မရှိခဲ့ (ဘာသာပြန် ဆောင်းပါး)
    နိုဝင်ဘာ- ၂၈ ၂၀၁၃
    M-Media
    ဆောင်းပါးရှင်- Rachel Wagley
    ဘာသာပြန်- မြင့်မိုရ်မောင်မောင်
    rohingya-burma-470x313
    ဓာတ်ပုံအညွှန်း – အဓမ္မနေရာရွှေ့ပြောင်းခြင်း နှင့် ခွဲခြားချိုးနှိမ်ဆက်ဆံခြင်း ခံစားနေရဆဲ ရိုဟင်ဂျာများ
    (Evangelos Petratos EU/ECHO January 2013)
    ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံမှ မြန်မာနိုင်ငံအရေးနှင့် ပတ်သက်သော ထုတ်ပြန်စာတစ်စောင် ထွက်လာခဲ့သည်။ မြန်မာပြည်ရှိ မွတ်စ်လင်မ်များကို တိုက်ခိုက်ရာ၌ “အပြန်အလှန် အကြမ်းဖက်မှု”၊ “လူမျိုးရေးအကြမ်းဖက်မှု”၊ “လူ့အဖွဲ့အစည်းဆိုင်ရာပဋိပက္ခ” ဟူသောအသုံးအနှုန်းဖြင့် မြန်မာအစိုးရမှ အဖန်တလဲလဲ သုံးနှုန်းဖော်ပြနေကြသည်။ ၂၀၁၂ ခုနှစ် ဇွန်လ နှင့် အောက်တိုဘာလအတွင်း ရခိုင်ပြည်နယ်၌ဖြစ်ပွားသော တိုက်ခိုက်မှုဖြစ်ရပ်များအပေါ် အထူးရည်ညွှန်းသုံးစွဲခဲ့ကြသည်။ ယင်းအသုံးအနှုန်းများမှာ အတိုင်းအတာတစ်ရပ်အထိတော့ လက်ခံနိုင်သေး၏။ သို့ရာတွင် မြန်မာပြည်အနှံ့ ဆက်လက်ဖြစ်ပွားလာသော မွတ်စ်လင်မ် ဆန့်ကျင်ရေးတိုက်ခိုက်မှုများကို ဤအသုံးအနှုန်းများဖြင့် လွှမ်းခြုံဖော်ပြနေသည်မှာ တိကျမှန်ကန်မှုမရှိသည်သာမက လူမိုက်အားပေး အဆင့်သို့ပင် ရောက်သွားစေပါသည်။ မွတ်စ်လင်မ်တို့သည် ၂၀၁၃ ခုနှစ်အတွင်း အကြမ်းဖက်သားကောင်များ နှင့် အကြမ်းဖက် ကျူးလွန်သူများ နှစ်မျိုးလုံး တစ်ပြိုင်တည်းဖြစ်နေသည့် လူ့အသိုင်းအ၀ိုင်း တစ်ရပ်ကဲ့သို့ အထင်ရောက်အောင် အထင်လွဲအမြင်မှား သွားစေပါသည်။ မြန်မာနိုင်ငံ၏မွတ်စ်လင်မ် ဆန့်ကျင်ရေး အနေအထား၌ ဤသို့အထင်မှားမှုသည် မွတ်စ်လင်မ်ဆန့်ကျင်ရေးလှုပ်ရှားမှုများကို လက်ခံအောင်ပြုရာရောက်နေ၏။ ထို့အပြင် ဤလှုပ်ရှားမှုများအတွင်း အာဏာပိုင်များ၏ ပါဝင်ပတ်သက် ကျူးလွန်နေမှုများကိုလည်း အာရုံလွှဲလိုက်ခြင်းပင်ဖြစ်သည်။
    ရခိုင်ပြည်နယ်၌ဖြစ်စေ မြန်မာနိုင်ငံ အတွင်းပိုင်း၌ဖြစ်စေ လူမျိုးရေး ဘာသာရေးဆိုင်ရာ ဆက်ဆံမှုများမှာ နှစ်ပေါင်းများစွာ အာဏာပိုင်တို့၏ ကောက်ကျစ်မှု၊ ဘက်လိုက်မှု၊ စွက်ဖက်စော်ကားပြောဆိုမှု၊ အစီအစဉ်ချ မှိုင်းတိုက်မှုများအပေါ် အခြေခံ၍ မယုံနိုင်စရာကောင်းလောက်အောင် ရှုပ်ထွေးသွားရသည်။ သို့ဖြစ်ရာ ဤနှစ်ပိုင်းအတွင်း တိုက်ခိုက်မှုများသည် အပြန်အလှန်/ပဋိပက္ခ ဟူ၍ မဟုတ်လေပြီ။ အပြန်အလှန်အကြမ်းဖက်မှု (တစ်နည်း) ပဋိပက္ခ Communal Violence ဟူသည် ဥပမာအားဖြင့် လူမျိုး သို့မဟုတ် ဘာသာရေးအုပ်စုနှစ်စု အတွင်း အပြန်အလှန်အကြမ်းဖက်/တိုက်ခိုက်မှုကို ဖော်ပြသုံးနှုန်းသည့် ဝေါဟာရ တစ်ခုဖြစ်၏။ အုပ်စု ၂စု သို့မဟုတ် ၄င်းတို့ထက် ပိုမိုပါဝင်နေသည့် အုပ်စုများမှာ အကြမ်းဖက် ကျူးလွန်သူများနှင့် အကြမ်းဖက်ခံ သားကောင်များအဖြစ် ခေါ်ဆိုနိုင်ပါသည်။ သို့သော် လွန်ခဲ့သောနှစ်မှ စ၍ မြန်မာနိုင်ငံရှိ မွတ်စ်လင်မ်တို့မှာ စတင် အကြမ်းဖက် ကျူးလွန်မှုမျိုး မပြုထားကြ။ ဗုဒ္ဓဘာသာဝင်များ ဦးဆောင်သည့် ၀ါဒဖြန့်လှုံ့ဆော်မှုများ၊ မီဒီယာများ၊ ခွင့်ပြုချက်များ၊ ခွဲခြားခြင်းအခြေတည်နိုင်ငံရေးနှင့် ဘာသာရေး လှုပ်ရှားမှုများ၊ မဲပေးခွင့် မရစေမှုများ၊ ဘက်လိုက်တရားစီရင်မှုများ၏ ဓားစားခံ သားကောင်တို့မှာ မွတ်စ်လင်မ်များသာလျှင် ဖြစ်နေကြောင်း ရှင်းလင်း ထင်ရှားလျက်ရှိနေပေသည်။
    အပြန်အလှန်၊ ပဋိပက္ခ နှင့်အလားတူ သုံးနှုန်းဖော်ပြမှုများက ဆိုးကျိုးနှစ်ရပ်ကို ပေါ်ပေါက်စေသည်။
    ၁။ မွတ်စ်လင်မ်ဆန့်ကျင်ရေး အကြမ်းဖက်မှုများ၏ ဇာစ်မြစ်နှင့် သဘော သဘာဝကို နားလည်မှုလွဲမှားကြီးထွားလာစေသည်။
    ၂။ အကြမ်းဖက်မှုကို အားပေးနေသည့် ခွဲခြား ဆက်ဆံမှုဆိုင်ရာ ဥပဒေနှင့်နိုင်ငံရေး ဆက်စပ်မှုများကို မမြင်တော့ဘဲ မွတ်စ်လင်မ်နှင့်ဗုဒ္ဓဘာသာဝင်တို့၏ အော်သံများ အပေါ် ပြည်သူတို့မှ စိတ်ဝင်သွားစေရန် ဦးတည်လိုက်ခြင်းဖြင့် အကြမ်းဖက်မှုအတွင်း အစိုးရ၏ပါဝင်မှုအခန်းကဏ္ဍအား ပြည်ဖုံးကားချလိုက်ရာ၌ အထောက်အကူဖြစ်စေသည်။
    ဤဆိုးကျိုးနှစ်ရပ်က ပြဿနာဖြေရှင်းရေး၏လမ်းကြောင်း အစစ်အမှန်ကို အစဖျောက်လိုက်ပါတော့သည်။
    ယင်းသို့သုံးနှုန်းလိုက်ခြင်းကြောင့် မီဒီယာနှင့် ကမ္ဘာ့ဇာတ်စင်ပေါ်ရှိသူများသည် ပြဿနာ၏ အကြောင်းရင်းမှန်မှ လမ်းချော်ကာ၊ လူထု အတွေးအမြင်နှင့်မူဝါဒများကို အမှားမှား အယွင်းယွင်းဖြစ်စေသော ဆွေးနွေးငြင်းခုံမှုများထဲ နစ်ဝင်သွားကြသည်။ အကယ်၍များ အပြန်အလှန်အကြမ်းဖက်မှု (၀ါ) ပဋိပက္ခဖြစ်စဉ်မှန်ပါက ယင်းပြဿနာများအပေါ် အုပ်စုအားလုံးမှ တူညီစွာ ပြစ်တင်ဝေဖန်ရှုတ်ချမှုများ ရှိရပေမည်။ ယခုသော် တကယ့်သားကောင်များမှာ တရားစီရင်ရေးနှင့်ဥပဒေစိုးမိုးရေး၌ ကျူးလွန်သူများထက် တစ်ဖက်စောင်းနင်းဆက်ဆံခံနေရ၏။ အကြောင်းသော် သူတို့သည်သာ ကျူးလွန်သူတရားခံများအဖြစ် တမင်ကောက်ကျစ်စွာ အသိသွင်းခံရသောကြောင့် ဖြစ်ပေသည်။ သူတို့၏ လူမျိုးစု၊ ဘာသာရေးအသင်းအဖွဲ့များပင်လျှင် ထိုအစွန်းအထင်း မကင်းစင်ခဲ့။
    ဤအရေးအရာများကို အပြန်အလှန်/ပဋိပက္ခအဖြစ် ဖော်ပြနေခြင်းသည် – ဗမာလူမျိုးနှင့်ဗုဒ္ဓဘာသာမဟုတ်သူများမှာ နိုင်ငံသားဖြစ်ခြင်းနှင့်တင်းပြည့်ကျပ်ပြည့်မထိုက်တန် ဟူသည့် အတွေးအမြင်အား အခြေပြုထားသော ဗမာအစိုးရ၏ လူမျိုးဘာသာခွဲခြားခြင်းမူဝါဒအပေါ်လည်း အမြင်လျှမ်းသွားစေခြင်းဖြစ်သည်။ အစိုးရသည် နှစ်ပေါင်း များစွာကတည်းက ၄င်း၏လူမျိုးဘာသာခွဲခြားရေးအစီအမံအား – ခွဲခြားချိုးနှိမ်ဆက်ဆံသောဥပဒေနှင့်လည်းကောင်း၊ လူနည်းစုမွတ်စ်လင်မ်တို့အပေါ် ထင်သာမြင်သာ အကြမ်းဖက်မှုနှင့်လည်းကောင်း အလျဉ်မပြတ်အောင် ဖန်တီးထားခဲ့၏။
    ၁၉၇၈ ခုနှစ် နဂါးမင်းစီမံချက်/စစ်ဆင်ရေးက မြန်မာအစိုးရ၏ခွဲခြားချိုးနှိမ်ဆက်ဆံမှုအစီအမံအား နားလည်သဘောပေါက်စေသည့် မီးမောင်းထိုးပြချက်တစ်ခုဖြစ်သည်။ ၄င်းစစ်ဆင်ရေးကာလအတွင်း ရိုဟင်ဂျာ နှင့် လူနည်းစုဝင်အခြားအုပ်စုများ၏ တရားဝင်တည်ရှိမှုကို ပယ်ဖျက်သောအားဖြင့် အာဏာပိုင်နှင့်ဒေသခံတို့မှ သတ်ဖြတ်ခြင်း၊ လိင်ပိုင်းဆိုင်ရာစော်ကားချက်၊ ဖျက်ဆီးမှုတို့ကို သုံး၍ မျိုးသုဉ်းပျောက်ကွယ်အောင် ကြံဆောင်ခဲ့ကြသည်။ ထိုစဉ်က ရခိုင်ပြည်ရှိ ရိုဟင်ဂျာပေါင်း နှစ်သိန်းမှာ မြန်မာပြည်ပြင်ပသို့ မောင်းထုတ်ခံကြရသည်။ ၂၀၀၀ ခုနှစ်များ တစ်လျှောက်တွင်လည်း ရိုဟင်ဂျာနှင့် အခြားမွတ်စ်လင်မ်တို့ကို တမင်ကြံစည် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသည်။
    မွတ်စ်လင်မ်တို့အပေါ် သမိုင်းနှင့်ချီ၍ ခွဲခြားချိုးနှိမ်ဆက်ဆံမှုများက ၂၀၁၂-၂၀၁၃ တိုက်ခိုက်မှုအားလုံးနီးပါး၌ အစိုးရလုံခြုံရေးတပ်ဖွဲ့များကို ငုတ်တုတ်ရပ်ကြည့်စေခဲ့သည် သာမက၊ ၄င်းတို့သည် မွတ်စ်လင်မ်တို့အား အကြမ်းဖက်သည့် ဖြစ်ရပ် အများအပြားတွင်လည်း ပါဝင်စေခဲ့သည်အထိ ခွင့်ပြုခံရသည်။
    ၂၀၁၂ ခုနှစ် ဇွန်လမှစတင်လာသော မွတ်စ်လင်မ်ဆန့်ကျင်ရေးတိုက်ခိုက်မှုများသည် ဘုန်းတော်ကြီးတို့၏ အစ္စလာမ်ဆန့်ကျင်ရေးလက်ကမ်းစာစောင်များ၊ ၀ါဒဖြန့် လှုံ့ဆော်မှုများအားဖြင့် အစိုးရက ကန့်လန့်ကာနောက်ကွယ်မှ စံနစ်တကျ ကြိုတင်ကြံစည်ထားခြင်း ဖြစ်သည်။ မွတ်စ်လင်မ်ဆန့်ကျင်ရေး၌ အမည်ပျက်ဖြင့်ကျော်ကြားလှသော ဦးဝီရသူအား ကျားကျားမီးယပ် အကာအကွယ်ပေးနေသည့် သမ္မတဦးသိန်းစိန်ကိုယ်တိုင်က “ ရိုဟင်ဂျာပြဿနာ၏ တစ်ခုတည်းသော အဖြေမှာ ၄င်းတို့အားလုံးကို နိုင်ငံမှ ထွက်ခွာသွားစေခြင်း သို့မဟုတ် ဒုက္ခသည် စခန်းသို့ ပို့ဆောင်လိုက်ခြင်းပင်ဖြစ်သည် ” ဟု လူသိရှင်ကြား ဆိုဖူးသည်။ သူ့ရည်မှန်းချက်မှာ ရခိုင်ပြည်နယ်တွင် အတိုင်းအတာ တစ်ရပ်အထိ ပြည့်ဝခဲ့သည်။ ၂၀၁၂ ခုနှစ်မှစ၍ ရိုဟင်ဂျာပေါင်း တစ်သိန်းလေးသောင်းခန့်မှာ ဒုက္ခသည် စခန်းများအတွင်း အကျယ်ချုပ် အကျဉ်းသားဘ၀သို့ ဆိုက်ရောက်ခဲ့ပြီး ထောင်ပေါင်းများစွာမှာ နိုင်ငံစွန့်ထွက်ပြေးခဲ့ကြရသည်။ တိုက်ခိုက်မှုများဖြစ်ပွားသည်ကို အစိုးရဖက်မှ ၀န်ခံနေသော်လည်း ကြားဝင်တားမြစ်ခြင်း မရှိသည့်အပြင် ဦးစားပေး စုံစမ်းစစ်ဆေးမှုလည်း မပြုခဲ့ချေ။ ဤသို့ဖြစ်နေခြင်းမှာ ယင်းတိုက်ခိုက်မှုများသည် အစိုးရ၏ လူမျိုးဘာသာ ခွဲခြားရေးမူဝါဒမှ ကျွံထွက်လာသည့်ခြေလှမ်းထဲမှ ဖြစ်နေခြင်းကြောင့်ပင်။ ထို့အတူ ထိုတိုက်ခိုက်မှုများကြောင့် အစိုးရ၏ အင်အားနှင့်သြဇာကို ပို၍ ကြီးမားလာစေသည်ဟု ကျွမ်းကျင်သူအချို့မှဆိုကြသည်။
    တစ်ဖက်သတ် တိုက်ခိုက်မှုများကို ပဋိပက္ခဟု သုံးနှုန်းခြင်းက မုသာဝါဒ လမ်းကြောင်းမှား တစ်ရပ် ဖြစ်သည့်အပြင် လူ့ အဖွဲ့အစည်းနှစ်ရပ်၏ အတွင်းအပြင်၌ လိမ်ညာသွတ်သွင်းထားမှု တည်တံ့အောင် အားဖြည့်ပေးရာရောက်နေ၏။ ကုလသမဂ္ဂနှင့် အခြား နိုင်ငံတကာ အဖွဲ့အစည်းတို့သည်လည်း အပြန်အလှန်ပဋိပက္ခအရေးဟု ရှုမြင်သွားပြီး လူမျိုးရေးဘာသာရေး တင်းမှုများအပေါ် ပြေငြိမ်းလျော့ပါးစေရန် မြန်မာအစိုးရ အတွက် အင်တိုက်အားတိုက် ကိုယ်စားလှယ်များ ဖြစ်လာကြကုန်သည်။ သို့စေကာမူ မြန်မာ အစိုးရမှာကား လူမျိုးရေးဘာသာရေး တင်းမာမှုများကို ဖြေလျော့ပေးသူဖြစ်လာရန်ဝေးစွ၊ ၄င်းကိုယ်တိုင်ကပင် မွတ်စ်လင်မ်များအပေါ် ခွဲခြားဆန့်ကျင်မှု၏ အဓိကသော့ချက်၊ လူမျိုးရေးဘာသာရေး အဓိကရုဏ်းဖြစ်လာအောင် မီးမွှေးရာ၌ ကျွမ်းကျင်သူ၊ ဆယ်စုနှစ်များစွာ ဤကဏ္ဍ၌ ပေါက်မြောက်စေခဲ့သူ ဖြစ်နေလေ၏။
    မုသာဝါဒလမ်းကြောင်းမှားက နိုင်ငံတကာအရေးလှုပ်ရှားသူများအတွက် နက်ရှိုင်းခက်ခဲသည့် ပြဿနာများကို အခြေခံကျကျ ဖော်ထုတ်တင်ပြမှုမှ ရှောင်လွှဲနိုင်သည့် ဆင်ခြေတစ်ခုဖြစ်လျက်ရှိသည်။ အကြမ်းဖက်မီးမွှေးရာ၌ လည်းကောင်း၊ အကြမ်းဖက်မှုရှေ့ဆက်နေမှု၌လည်းကောင်း အလွန်သြဇာညောင်းလှသော ထိုအခြေခံပြဿနာများဟူသည် ပြစ်ဒဏ်မှ ကင်းလွတ်အောင် စံနစ်တကျ ဖန်တီးထားခြင်း၊ ဥပဒေကြောင်းအရ ခွဲခြားချိုးနှိမ်ဆက်ဆံခြင်း၊ အစိုးရ၏မူဝါဒနှင့်ပါဝင် ပတ်သက်နေမှုများ ဖြစ်ပါသည်။ အကယ်၍ လူမှုရေးတင်းမာမှုများကို မဆိုင်းမတွ ဖြေချလျော့ပါးနိုင်စေသည့် တိုင်အောင် မြန်မာ့ အရေးအား ဖြေရှင်း၌ မရနိုင်သေးချေ။ နိုင်ငံတွင်းရှိ ဗုဒ္ဓဘာသာဝင်နှင့် မွတ်စ်လင်မ်တို့အကြား  အခိုင်အမာစိုက်ထူထားသည့် အကြမ်းဖက်မှု၏ အရင်းအမြစ်များအတွင်းမှသာလျှင် အဖြေထုတ်နိုင်ပါမည်။
    အာဏာပိုင်အစိုးရ၏ အခန်းကဏ္ဍပါဝင်ကြောင်း လက်ခံထုတ်ဖော်မှု မရှိဘဲ မြန်မာနိုင်ငံရှိ မွတ်စ်လင်မ် ဆန့်ကျင်ရေး အကြမ်းဖက်မှုအား အဖြေရှာရန် ချဉ်းကပ် စူးစမ်းခြင်းက ရူးသွပ်မှုသာ ဖြစ်ချိမ့်မည်။ မည်သည့်အကြောင်းရင်းကြောင့် မွတ်စ်လင်မ်ရေးရာပြဿနာဖြစ်ရသည်ကို တိကျပီပြင်စွာ သတ်မှတ်ဖော်ပြနိုင်ရပါမည်။ အဖိနှိပ်ခံလူနည်းစု တစ်ရပ်အပေါ် ဆန့်ကျင်တိုက်ခိုက်မှုများ စံနစ်တကျ ကျယ်ပြန့်လာအောင် အာဏာပိုင်များမှ ဖော်ဆောင်အားပေးနေခြင်းတည်းဟူသော အချက်သည်သာလျှင် အမြန်ဆုံး အဖြေမှန်ရရှိရေးအတွက် ပထမဦးဆုံး နှင့် ပဓာနအကျဆုံး ဦးတည်ရှေ့ရှုရမည့်ခြေလှမ်းပင် ဖြစ်ပေ၏။
    xxxxxxxxxxxxxxxxxxxxxx
    Rachel Wagley ၏ In Burma, There is No ‘Communal Violence’ သုံးသပ်ချက်ဆောင်းပါးကို မြင့်မိုရ်မောင်မောင်မှ ဆီလျော်အောင် ပြန်ဆိုရေးသားပါသည်။
  • ပြည်တွင်းသတင်းတို စုစည်းမှု
    ပြည်တွင်းသတင်းတို စုစည်းမှု
    နိုဝင်ဘာ ၃၀၊ ၂၀၁၃
    M-Media
    1466130_585980524791170_2130477618_n
    – မဲလ်ဘုန်းမြို့ မိုနတ်ရှ် တက္ကသိုလ်မှပေးအပ်သည့် ဥပဒေ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို ဒေါ်အောင်ဆန်းစုကြည်မှ ယနေ့ လက်ခံရယူခဲ့ကြောင်း သိရှိရပါတယ်။
    – ငြိမ်းချမ်းရေး ပဋိပက္ခများ၊ အပြစ်အခတ်ရပ်စဲရေး၊ ဆင်းရဲနွမ်းပါးမှုနှင့် တိုင်းရင်းသား တစ်မျိုးတည်းကို ဦးစားပေးသည့် ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲပြီး၊ ပညာရေးအား လွတ်လပ်ခွင့် ပေးစေလိုကြောင်းကို အရပ်ဖက်လူထုအခြေပြုအဖွဲ့အစည်းများက သမ္မတနှင့် တွေ့ဆုံပွဲ၌ ဆွေးနွေးခဲ့ကြပါတယ်။
    – ၁၃၀၀ ပြည့် အရေးတော်ပုံ စိန်ရတု အခမ်းအနားကို ရန်ကုန်၊ မန္တလေး အစရှိသော မြို့ကြီးများအပါအ၀င် မြို့နယ်ပေါင်း (၇)မြို့နယ်တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရပါတယ်။
    – တောင်သူလယ်သမားအရေး တက်ကြလှုပ်ရှားသူ ဦးဝင်းချိုနှင့် ၇-ယောက်အား ခွင့်ပြုချက်မယူဘဲ ဆန္ဒပြသည့်အတွက် နိုင်ငံတော် တည်ငြိမ်ရေးကို ထိခိုက်စေသည်ဟု ဆိုကာ ပဲခူးမြို့ တရားရုံးက ထောင်ဒဏ် ၆-လစီ ချမှတ်ခဲ့ကြောင်း သိရပါတယ်။
    –  စစ်အစိုးရလက်ထက်က နိုင်ငံရေးအကျဉ်းသား ဆိုသူတွေဟာ ဥပဒေချိုးဖောက်တဲ့ ရာဇဝတ်သားတွေ သာ ဖြစ် ပြီး အပြစ်ရှိသူတွေ ဖြစ်တယ်လို့ တချိန်က အများပြည်သူ အလွန် ကြောက်ရွံ့ခဲ့ကြရတဲ့ စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွှန့်က ဦးမြတ်ခိုင်ရေးတဲ့ ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွှန့်နဲ့ အင်တာဗျူး စာအုပ် မိတ်ဆက် ပွဲမှာ  ပြောလိုက်ကြောင်း သိရပါတယ်။
    –  စတုတ္တအကြိမ်မြောက် ပြုလုပ်ကျင်းပသော MYANMAR MOBILE FAIR ကို ရန်ကုန် လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ ကုန်သည်ကြီးများ အသင်း (UMFCCI) ၌ နိုဝင်ဘာလ ၂၉ ရက်နေ့မှ ဒီဇင်ဘာ ၁ ရက်နေ့ထိ ပြုလုပ်ကျင်းပခဲ့ပါတယ်။
    –  ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ မလက်တို ကျေးရွာတွင် ၂၆. ၂. ၂၀၁၃ နေ့တွင် ဖြစ်ပွားခဲ့သော တောင်သူလယ်သမားအရေးကိစ္စနှင့် ပတ်သက်၍ အော့ချတ် (ဒ်) ကုမ္ပဏီ လီမိတက်၏ ပိုင်ရှင် ဒေါက်တာမြင့်စိန်မှ စာနယ်ဇင်း ရှင်းလင်းပွဲကို နိုဝင်ဘာ ၃၀-ရက်နေ့တွင် ရန်ကုန်မြို့၊ Sedona Hotel ၌ နံနက် ၉း၃၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။
    –  စင်္ကာပူ နိုင်ငံတွင် အခြေစိုက်သော DBS Bank နှင့် မြန်မာနိုင်ငံမှ ဧရာဝတီဘဏ် (AYE Bank) တို့ အကျိုးတူ ပူးပေါင်း၍ Internet မှတဆင့် ငွေလွှဲဝန်ဆောင်မှုကို ဧရာဝတီဘဏ်တွင် စတင် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရပါတယ်။
    –  လက်ပံတောင်းတောင်သပိတ်စခန်းဖြိုခွဲမှု ၁-နှစ်ပြည့်ပြီ ဖြစ်သော်လည်း ယနေ့တိုင် အကြမ်းဖက်ဖြိုခွဲရန် ပစ်ခတ်သူ နှင့် အမိန့်ပေးစေခိုင်းသူ၊ တစ်ဦး တစ်ယောက်ကိုမှ ဖော်ထုတ်အရေးယူနိုင်ခြင်း မရှိခြင်း၊ငြိမ်းချမ်းစွာ ဆန္ဒ ဖော်ထုတ်နေသူများကို အရေးယူလျက် ရှိနေသာကြောင့် ဒီမိုကရေစီ အင်အားစုမှ ယနေ့ နိုဝင်ဘာ ၂၉-ရက်နေ့တွင် ရန်ကုန်မြို့၌ တရုတ်နိုင်ငံ အလံအားမီးရှို့ပြီး တရုတ်သံရုံးသို့ ချီတက်ဆန္ဒထုတ်ဖော်ခဲ့သော်လည်း တရုတ်သံရုံးထိ သွားခွင့် မရပဲ တားဆီးခံခဲ့ရပါတယ်။
  • ၂၀၁၄ ခုနှစ်တွင် သန်းခေါင်စာရင်း ကောက်ယူမည့် ကိစ္စနှင့် ပတ်သက်ပြီး ဒေါက်တာ ဦးမြင့်သိန်းမှ ပညာပေးဟောပြော
    နိုဝင်ဘာ ၃၀-၂၀၁၃
    M-Media
    A.N.Lay
    ရန်ကုန်။       ။  ၂၀၁၄ ခုနှစ်တွင် သန်းခေါင်စာရင်းနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောပွဲတစ်ခုကို ဒေါက်တာဦးမြင့်သိန်းမှ နိုဝင်ဘာ ၂၉ ရက်နေ့တွင် တောင်ဥက္ကလာပ (၇)ရပ်ကွက် ဗလီဝတ်ကျောင်းတော်၌ မွန်းတည့် ၁၂-နာရီ အချိန်တွင် ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
    1460006_1465591017000706_1975783992_n
    အဆိုပါဟောပြောပွဲတွင် ဒေါက်တာဦးမြင့်သိန်းမှ “ကျွန်တော်တို့မြန်မာနိုင်ငံဟာ စနစ်တစ်ခုကနေ တစ်ခု ပြောင်းလဲတိုင်းမှာ စိန်ခေါ်မှုတွေဆိုတာ  ကြုံတွေ့ရမြဲ  ဖြစ်ပါတယ်။ မြေယာ ပြသနာ အလုပ်သမား ပြသာနာ၊ ဖွဲ့စည်းပုံပြဿနာ စသဖြင့် ကြုံတွေ့နေရပါတယ်။ ဒီထဲမှာ ကျွန်တော်တို့ အစ္စလာမ် ဘာသာဝင်တွေရဲ့ အရေးကိစ္စဟာလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ သို့သော် ကျွန်တော်တို့ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ညည်းညူ နေမယ့်အစား စိန်ခေါ်မှုတွေကို အခွင့်အလမ်းတစ်ခု အဖြစ်ပြောင်းလဲပြစ်ဖို့လိုပါတယ်။ ပထမ ကတော့ အခု ၂၀၁၄ သန်းခေါင်စာရင်းကိစ္စ၊ ဒုတိယ ကတော့ မှတ်ပုံတင်ကိစ္စ၊ တတိယ ကတော့ ၂၀၁၅ မှာ လာမယ့် ရွေးကောက်ပွဲကိစ္စ၊ ဒါတွေကို ဦးစားပေးအနေနဲ့ စဉ်းစားရမှာပါ။ သန်းခေါင်စာရင်းကိစ္စနဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင် လူတော်တော်များများ မှားနေတာက အိမ်မှာရှိတဲ့စာရင်းကို သန်းခေါင်စာရင်းလို့ မှတ်နေတာပါပဲ။
    အမှန်တကယ်က အိမ်မှာရှိနေတာက သန်းခေါင်စာရင်း မဟုတ်ပါဘူး အိမ်ထောင်စုစာရင်းပါ။ သန်းခေါင်စာရင်းဆိုတာက အစိုးရက အချိန်ကာလ တစ်ခုသတ်မှတ်ပြီးတော့ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး လား တစ်စုံတစ်ရာကို စစ်တမ်းကောက်တာကိုခေါ်ပါတယ်။ အခု မတ်လမှာကောက်မှာက လူမှုရေး အိမ်အကြောင်းကို ကောက်မှာဖြစ်ပါတယ်။ ကောက်မယ့် အချိန်သည် မတ်လ ၂၉ ရက်နေ့ ည သန်းခေါင်ယံအချိန်ဖြစ်ပါတယ်။ အဲ့ဒီ သန်းခေါင်ယံမှာ ရှိနေတဲ့ လူတွေရဲ့အခြေအနေ အိမ်ရဲ့အခြေအနေကောက်မှာဖြစ်ပါတယ်။ ဧည့်စာရင်း စစ်သလိုကောက်လို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ တစ်ပြည်လုံးမှာရှိနေတဲ့ လူတွေ မှတ်ပုံတင် ရှိရှိ မရှိရှိ  နိုင်ငံခြား ဧည့်သည်ပဲဖြစ်ဖြစ် ကောက်မှာဖြစ်ပါတယ်။ ဒါကို သန်းခေါင်စာရင်းလို့ခေါ်ပါတယ်။
    ကျွန်တော် အစ္စလာမ် ဘာသာဝင်တွေကိုပြောချင်ပါတယ် မေးခွန်းများကို မှန်မှန်ကန်ကန်ဖြေဆိုပါ။ မေးခွန်းအားလုံးဟာအလွန်အရေးကြီးပါတယ်။ ဘာကြောင့်မှန်မှန် ဖြေခိုင်းလဲဆိုတော့ မှန်မှန် ဖြေဆိုမှ ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင်တွေရဲ့ စာရင်းဟာ တိတိကျကျ အဖြေထွက်လာမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင် ကိုးကွယ်သည့် ဘာသာအတွက် ၇-မျိုးပြထားပါတယ်။ (၁) ဗုဒ္ဓဘာသာ ၊ (၂) အစ္စလာမ်၊ (၃) ခရစ်ယာန်၊ (၄) ဟိန္ဒူဘာသာ၊ (၅) နတ် ကိုးကွယ်သူ၊ (၆) ၅မျိုးထဲမှာမပါတဲ့အခြားဘာသာ၊ (၇) ဘယ်ဘာသာမှ မကိုးကွယ်တဲ့သူ၊ ကိုးကွယ်သည့်ဘာသာ ဘာလဲလို့မေးရင် အစ္စလာမ်ကလွဲလို့ ကျန်တာမဖြေသင့်ပါဘူး။ မွတ်စလင်မ်လို့လည်း မဖြေသင့်ပါဘူး။ အများစုသိတာ အစ္စလာမ်ပဲသိသည့် အတွက်ကြောင့် မွတ်စလင်လို့ဖြေလိုက်ရင် အခြားဘာသာထဲ ထည့်ခံရပါလိမ့်မယ်။ စွန္နီ၊ သျှီအာ လို့ဖြေရင်လည်း အခြားဘာသာထဲ ထည့်လိုက်ပါလိမ့်မယ်။ အစ္စလာမ်ကလွဲလို့ ကျန်တာ မဖြေပါနဲ့၊ အဲလိုဖြေလိုက်ရင် တစ်ပြည်လုံးမှာရှိတဲ့ မွတ်စလင်တွေသည် လျော့ကျသွားပါလိမ့်မယ်၊ လူမျိုး ဆိုရင်လည်း ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်းသား သွေးစပ်သူများသည် ကိုယ်တော်စပ်ရာ တိုင်းရင်းသားများကိုသာဖြေပါရန် နှင့် (ကျိုလီယာ၊ ဘင်္ဂါလီ၊ စွရ်သီ၊ ကပြား) စသည့်သူများသည် ပသီ (ခေါ်) မြန်မာမွတ်စလင်လို့သာဖြေကြားပါရန်” ရှင်းလင်းပြောကြားခဲ့ပါသည်။
    ၎င်းနောက် အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူများ၏ သိရှိလိုသည့် မေးမြန်းချက်များကို ဖြေကြားခဲ့ပြီး အခမ်းအနားကို နေ့လည် ၁-နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။