News @ M-Media

Blog

  • နိုဝင်ဘာ ၃၀၊ နိုင်ငံတကာသတင်း စုစည်းမှု

    နိုဝင်ဘာ ၃၀၊ နိုင်ငံတကာသတင်း စုစည်းမှု

    နိုဝင်ဘာ ၃၀၊ ၂၀၁၃
    M-Media

    26.si

    – စကော့တလန်နိုင်ငံ ဂလက်စကိုမြို့တော်ရှိ စားသောက်ဆိုင်အပေါ်သို့ ရဲတပ်ဖွဲ့ ရဟတ်ယာဉ်တစ်စီး ယမန်နေ့ကပျက်ကြခဲ့ပြီး လူအများအပြားဒဏ်ရာရခဲ့သည်ဟု သိရသည်။ Clutha ဟု အမည်ရသည့် ထိုစားသောက်ဆိုင်တွင် လူအများအပြားက St Andrew နေ့ ပွဲတော်ကျင်းပနေစဉ် ထိုကဲ့သို့ပျက်ကျခဲ့ခြင်းဖြစ်ပြီး မီးသတ်ကားများ၊ လူနာတင်ယာဉ်များနှင့် ရဲတပ်ဖွဲ့ဝင်များအလျင်အမြန်သွားရောက်ကာ အခြေအနေအား ထိန်းသိမ်းခဲ့ကြသည်။

    – နာမည်ကျော် ဗိသုကာပညာရှင် Oscar Niemeyer ဆောက်လုပ်ထားသည့် ဆော်ပေါ်လို မြို့ရှိ လက်တင်အမေရိက အောက်မေ့ဘွယ်အဆောက်အအုံရှိ Simon Bolivar ခန်းမတွင် ယမန်နေ့က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်ဟုသိရသည်။ မီးလောင်စဉ်အတွင်း ထိုင်ခုံပေါင်း ၁၆၀၀ ရှိသည့် ထိုခန်းမတွင် လူတစ်ဦးတစ်ယောက်မှ ရှိမနေဘဲ၊ မီးသတ်သမားနှစ်ဦးသာလျှင် မီးခိုးငွေ့များကို ရှုမိသည့်အတွက် ဆေးကုသမှုခံယူခဲ့ရကြောင်း ဆော်ပေါ်လိုမြို့ မီးသတ်တပ်ဖွဲ့က ပြောကြားခဲ့သည်။

    – တရုတ်နိုင်ငံမှာ မကြာသေးမီက သတ်မှတ်ထားသော လေကြောင်းကာကွယ်ရေးဇုန်အတွင်း ၀င်ရောက်လာသည့် လေယာဉ်များက အသိပေးရန် တရုတ်နိုင်ငံ၏ တောင်းဆိုချက်အား အမေရိကန်လေကြောင်းလိုင်းများအနေဖြင့် သေချာစွာစောင့်ကြည့်သင့်သည်ဟု အမေရိကန်အစိုးရက ယမန်နေ့တွင် ပြောကြားလိုက်သည်။

    ထို့ပြင် တရုတ်နိုင်ငံ၏ တိုက်လေယာဉ်များက ထိုကာကွယ်ရေးဇုန်အတွင်း အမေရိကန်နှင့် ဂျပန်တို့၏ လေယာဉ်များကို စောင့်ကြည့်နေသော်လည်း အမေရိကန် စစ်လေယာဉ်များမှာ ၎င်းတို့၏ လုပ်ငန်းများကို ပုံမှန်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဟု ပင်တဂွန်ကလည်း စောစောပိုင်းက ပြောကြားထားသည်။ ပြီးခဲ့သည့် တစ်ပါတ်က အရှေ့တရုတ်ပင်လယ် လေကြောင်းကာကွယ်ရေးဇုန်အဖြစ် ဇုန်အသစ်တစ်ခုသတ်မှတ်ခဲ့ရာ ထိုဇုန်အတွင်း ဂျပန်နှင့် ပိုင်ဆိုင်မှုအငြင်းပွားနေသည့် ကျွန်း၏ လေပိုင်နက်အချိ့ ပါဝင်နေသောကြောင့် တရုတ်၊ ဂျပန်နှင့် အမေရိကန်တို့အကြား ဆက်ဆံရေး အနည်းငယ် တင်းမာနေသည်။

    –  ၂၀၁၀ ခုနှစ်က ကနေဒါနိုင်ငံ တိုရွန်တိုမြို့တွင် ပြုလုပ်ခဲ့သည့် G8 နှင့် G20 အစည်းအဝေးများတွင် အမေရိကန်၏ လျှို့ဝှက်ထောက်လှမ်းမှုများကို ကနေဒါ အစိုးရက ခွင့်ပြုပေးခဲ့သည်ဟု သိရသည်။ ထိုသတင်းအား အမေရိကန်အမျိုးသား ထောက်လှမ်းရေးအေဂျင်ဆီ၏(NSA) ၀န်ထမ်းဟောင်း အက်ဒ၀ပ်စနိုးဒင်၏ ဖွင့်ချမှုကို ကိုးကား၍ ကနေဒါရုပ်သံ ကော်ပိုရေးရှင်းက ဗုဒ္ဓဟူးနေ့တွင် ဖော်ပြခဲ့ခြင်းဖြစ်ပြီး၊ ၂၀၁၀ ဇွန်လက အမေရိကန်သမ္မတ ဘားရက်အိုဘားနှင့် ကမ္ဘာ့ခေါင်းဆောင်များ၏ ခြောက်ရက်ကြာဆွေးနွေးမှုများကို NSA မှ ထောက်လှမ်းမှုများပြုလုပ်ရန် အမေရိကန်အစိုးရတာဝန်ရှိသူများက အိုတာဝါရှိ အမေရိကန်သံရုံးအား ထောက်လှမ်းရေး စခန်းအဖြစ် ပြောင်းလဲခဲ့ကြသည်။

    –   အစိုးရယန္တယားကို ချိနဲ့သွားစေရန်အလို့ငှာ ထောင်ပေါင်းများစွာသော အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများက ပြည်တွင်းနှင့် နိုင်ငံတကာ ဆက်သွယ်ရေးလုပ်ငန်းများကို ကိုင်တွယ်ဆောင်ရွက်နေသော နိုင်ငံ၏အကြီးဆုံး ဆက်သွယ်ရေးဌာန နှစ်ခုဖြစ်သည့် TOT နှင့် CAT အဆောက်အအုံတို့အား ယနေ့တွင် ချီတက်ဝန်းရံခဲ့ကြသည်ဟု သိရသည်။ သို့သော်လည်း အရန်ဆက်သွယ်ရေးအစီအမံများရှိထားသောကြောင့် နိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်းအား ထိခိုက်ခြင်းမရှိဟု သတင်းအချက်အလက် ၀န်ကြီးဌာနမှ ပြောကြားခဲ့သည်။

    –  အိန္ဒိယနိုင်ငံမြောက်ပိုင်း Uttar Pradesh ပြည်နယ်တွင် ယနေ့နံနက်က ခရီးသည်တင် ရထားတစ်စင်း လမ်းချော်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ခရီးသည်အများအပြား ဒဏ်ရာရရှိခဲ့သည်ဟုသိရသည်။ ပြည်နယ်၏မြို့တော် လက်ခနောင်ဆင်ခြေဖုံး၌ ယနေ့နံနက်၃ နာရီခွဲတွင် လမ်းချော်တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး နာရီအနည်းငယ်ကြာ ရထာားလမ်းအား ပိတ်ထားခဲ့ရပြီးနောက် နောက်ပိုင်းတွင် ပုံမှန်အတိုင်း ပြန်လည်ဖွင့်ပေးခဲ့သည်။

    –   Gmail ကဲ့သို့သော အွန်လိုင်းစာပို့စနစ်များအပါအ၀င် အခြားသောစာပို့စနစ်များကို ရှောင်ရှားပြီး ပြည်တွင်းမှထုတ်လုပ်သည့် အီးမေးလ်များကိုသာ အသုံးပြုရန် နိုင်ငံတစ်ဝှမ်းရှိ အစိုးရတာဝန်ရှိသူများအား ရုရှားလုံခြုံရေး ဌာနမှ မကြာသေးခင်က အကြံပေးထားသည်ဟု သိရသည်။ ရုရှားပြည်ထောင်စုလုံခြုံရေးဌာနမှ လွန်ခဲ့သည့် နှစ်ပတ်ခန့်ကတည်းက ထိုကဲ့သို့ အကြံပေးထားခြင်းဖြစ်ပြီး ရုရှားတောင်ပိုင်းရှိဒေသတစ်ခုမှာ ထိုအကြံပြုချက်အား ချက်ချင်းလိုက်နာခဲ့သည်ဟု ရုရှား နိုင်ငံရေးနှင့် စီးပွားရေး နေ့စဉ်သတင်းစာတစ်ခုဖြစ်သည့် Izvestia က ယမန်နေ့တွင် ဖော်ပြခဲ့သည်။

    –  အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်း၌ ယနေ့တွင်အမေရိကန်မှ ပြလုပ်ခဲ့သည့် ဒရုန်းလေယာဉ်ဖြင့် တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူနှစ်ဦးသေဆုံးခဲ့သည်ဟု သိရသည်။ ကုလသမဂ္ဂက တားမြစ်ထားသော ဒရုန်းလေယာဉ်များဖြင့်တိုက်ခိုက်မှုမှာ စစ်သွေးကြွများကို ပစ်မှတ်ထားသည်ဟု ပင်တဂွန်က ပြောကြားထားသော်လည်း သေဆုံးသူအများစုမှာ အရပ်သားများဖြစ်ကြသည်။

    –  ယခုနှစ်ကုန်ပိုင်းတွင် ဆီရီးယား၏ အန္တရာယ်ရှိသော ဓာတုလက်နက်များအား နောက်ဆုံးထား၍ ဖျက်ဆီးမည့်ရက် နီးကပ်လာပြီးနောက် မက်ထရစ်တန်ချိန် ၁၂၉၀ တန် ရှိသည့် ဓာတုပစ္စည်းများကို နိုင်ငံတကာရေပိုင်နက်ထဲသို့ ဆွဲယူသွားရန် အမေရိကန် အာဏာပိုင်များက စဉ်းစားနေသည်ဟုသိရသည်။ ထိုပစ္စည်းများအား ကုန်းတွင်းပိုင်းတွက်ဖျက်ဆီးလိုက်ပါက သံတမန်ရေးနှင့် လုံခြုံရေးဆိုင်ရာ ဆိုးရွားမှုကို ကြုံတွေ့နိုင်သောကြောင့် ပင်လယ်အတွင်းရှိ အမေရိကန်ပိုင် သင်္ဘော တစ်စင်း ပေါ်တွင် ထိုပစ္စည်းများအား အာနိသင်ကင်းမဲ့သွားအောင် အမေရိကန်ကန်အာဏာပိုင်များက ပြုလုပ်လိုကြခြင်းဖြစ်သည်။

    –   မိမိတို့၏ အချစ်ဇာတ်လမ်းလျှို့ဝှက်ချက်များအား ထိန်းသိမ်းရန်အလို့ငှာ အမျိုးသမီးတစ်ဦးအား အိုဘားမားက လုပ်ကြံသတ်ဖြတ်ခဲ့သည်ဟု ခရစ်ယာန် ဘုန်းတော်ကြီး တစ်ဦးက အိုဘားမားအား လူသတ်သမားအဖြစ် စွပ်စွဲ ပြောကြားလိုက်သည်။ ပြီးခဲ့သည်အောက်တိုဘာလက အတားအဆီးများကိုကျော်ဖြတ်ကာ အိမ်ဖြူတော်သို့ ကားဖြင့်အတင်းမောင်းနှင့် ၀င်ရောက်လာသည့် သွားဆရာဝန်တစ်ဦးဖြစ်သူ အသက် ၃၄ နှစ်အရွယ် မီရီယမ် ကာရေးအား ရဲတပ်ဖွဲ့က သတ်ဖြတ်ခဲ့မှုအပေါ် Atlah World Missionary အသင်းတော်၏ သိက္ခာတော်ရဆရာတော် ဂျိမ်းဒေးဗစ်မန်နင်းက ရည်ညွှန်းပြောကြားခဲ့ခြင်းဖြစ်သည်။

    –  ပါလက်လက်စတိုင်းရှိ ဗဒူအင်လူမျိုး ထောင်ပေါင်းများစွာတို့အား ၎င်းတို့နေရပ်များမှ မောင်းထုတ်ရန် ပြုလုပ်နေသည့် အစ္စရေး၏ အစီအစဉ်အား ဗြိတိန်ရှိ ထင်ရှား ကျော်ကြားသူများက ရှုတ်ချခဲ့ပြီး၊ လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် ပြောဆိုလိုက်သည်။ နာမည်ကြီး အနုပညာရှင်များ၊ စာရေးစရာများနှင့် ဂီတလောကသားများအပါအ၀င် ထင်ရှားကျော်ကြားသူ ၅၀ ကျော်က Negev သဲကန္တာရရှိ ဗဒူအင်လူမျိုး ၇၀၀၀၀၏ ရွာများကို ဖျက်ဆီးကာ ၎င်းတို့အားမောင်းထုတ်ပြီး ပါလက်စတိုင်းနယ်မြေအား သိမ်းပိုက်ရန် အစ္စရေး၏ အစီအစဉ်အား ကန့်ကွက်ကြောင်း ကြေညာချက်တွင် လက်မှတ်ထိုးခဲ့ကြသည်။

  • နိုဝင်ဘာ ၃၀၊ အားကစားသတင်း စုစည်းမှု

    နိုဝင်ဘာ ၃၀၊ အားကစားသတင်း စုစည်းမှု

    နိုဝင်ဘာ ၃၀၊ ၂၀၁၃
    M-Media

    arsene-wenger

    –  ရီးယဲနောက်ခံလူ ရာမို့စ်မှာ နည်းပြအန်ဆယ်လော့တီ၊ အသင်းဥက္ကဌပီရက်ဇ်တို့နှင့် အဆင်မပြေဖြစ်နေသည်ဟု သတင်းများထွက်ပေါ်လာပြီးနောက် မန်စီးတီး အသင်း နှင့် ချယ်ဆီးအသင်းတို့က ရာမို့စ်အား ရာသီကုန်တွင်ခေါ်ယူရန်ပြင်ဆင်နေကြသည်ဟု သိရသည်။ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ညက ကစားခဲ့သည့် ဂါလာတာစာရေးနှင့် ချန်ပီယံလိဂ် ပွဲစဉ်တွင် ရာမို့စ်မှာ အနီကတ်ပြသခြင်းခံခဲ့ရပြီး ရီးယဲလ်မက်ဒရစ်ကစားသမားသက်တမ်းတစ်လျှောက် ၁၇ ကြိမ်မြောက် အနီကတ်ပြခံရခြင်းလည်းဖြစ်ကာ ထိုအနီကတ်နှင့်ပက်သက်၍ အန်ဆယ်လော့တီက ရာမို့စ်အား ဝေဖန်ခဲ့သည်။ မန်စီးတီးနည်းပြ ပယ်လီဂရီနှင့် ချယ်ဆီးနည်းပြ မော်ရင်ဟိုတို့မှာ နောက်ခံလူ တစ်ဦးအလိုရှိနေပြီး ယခင်က ၎င်းတို့နှစ်ဦစလုံးလက်တွဲခဲ့ဖူးသည့် ရာမို့စ်အား ခေါ်ယူရန် စိတ်ဝင်စားနေကြသည်။

    –  ချယ်ဆီးအသင်းမှ အဲဗာတန်အသင်းသို့ အငှားဖြင့် သွားရောက်ကစားနေသည့် လူငယ်တိုက်စစ်မှူး လူကာကူက ယခုနှစ်တွင် အဲဗာတန်အသင်းအနေဖြင့် ချန်ပီယံလိဂ် ၀င်ခွင့်ရခဲ့ပါက ချယ်ဆီးမှ ထွက်ခွာပြီး အဲဗာတန်အသင်းတွင်သာ ကစားတော့မည်ဟု ပြောဆိုလိုက်သည်။ လူကာကူမှာ ယမန်နှစ်ကလည်း ၀က်စ်ဘရွန်းအသင်းတွင် အငှားဖြင့် သွားရောက်ကစားခဲ့ရပြီး ယခုနှစ်ရာသီ အပြောင်းအရွှေ့နောက်ဆုံးရက်ရောက်မှ အဲဗာတန်သို့လည်း အငှားဖြင့် ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ပွဲစဉ် ၁၂ ပွဲကစား ပြီးချိန် ဒုတိယနေရာမှ လီဗာပူးလ်အသင်းနှင့် ၃ မှတ်အကွာတွင်ရှိနေသည့် အဲဗာတန်အသင်းအတွက် လူကာကူမှာ ၇ ဂိုးသွင်းယူပေးထားသည်။

    –  အသင်း၏ ပိုင်ရှင်အသစ်မှာ လာမည့်ဆောင်းရာသီအပြောင်းအရွှေ့တွင် တိုက်စစ်မှုးတစ်ဦး ၀ယ်ယူရန် စောင့်ကြည့်နေသည်ဟု သတင်းများထွက်ပေါ်လာပြီးနောက်၊ အင်တာမီလန်အသင်း၏ တိုက်စစ်မှူး ရော်ဒရီဂို ပလာစီအိုက အသင်း၏ တိုက်စစ်မှာ အီတလီတွင် အကောင်းဆုံးဖြစ်နေပြီး တိုက်စစ်မှူးသစ် မလိုအပ်ဟု ပြောကြား လိုက်သည်။ အင်တာမီလန်အသင်းမှာ စီးရီးအေအမှတ်ပေးဇယားတွင် အဆင့် ၄ နေရာ၌ရှိနေပြီး ယခုလက်ရှိတွင် အခြားသော အသင်း ၁၉ သင်းထက် ပိုမို၍ ဂိုးသွင်း ယူထားနိုင်သော အသင်းဖြစ်သည်။

    –  ကွင်းလယ်လူဂျရတ်အနေဖြင့် အနာဂတ်တွင် နောက်ခံအလယ်လူနေရာတွင် ပြောင်းလဲကစားကာ ကစားသမားဘ၀အား ဆက်လက် ဖြတ်သန်းသွားနိုင်လိမ့်မည်ဟု လီဗာပူးလ်အသင်း၏ နည်းပြဖြစ်သူ ဘရန်ဒန် ရော်ဂျာက ပြောကြားလိုက်သည်။ အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်သည့် ဂျရတ်မှာ လီဗာပူးလ်အသင်းတွင် ၁၉၉၈ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့ကမှစ၍ စတင်ကစားခဲ့ခြင်းဖြစ်ပြီး ချန်ပီယံလိဂ်ဖလား၊ FA ဖလားအပါအ၀င် ဆုဖလားပေါင်းများစွာကို ဆွတ်ခူးထားသူဖြစ်သည်။

    –  ဗုဒ္ဓဟူးနေ့က ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် အသင်းအတွက် ဟက်ထရစ်သွင်းယူပေးခဲ့သည့် ဂျူဗင်တပ်စ်အသင်း၏ ချီလီကွင်းလယ်ကစားသမား အာဂူရို ဗီဒယ်လ်က အသင်းမှထွက်ခွာရန်မစဉ်းစားဟု ပြောကြားလိုက်သည်။ ဂျူဗင်တပ်စ်အသင်းတွင် ခြေစွမ်းပြနိုင်သောကြောင့် ဥရောပအသင်းကြီးများက မကြာသေးမီကစတင်ကာ ဗီဒယ်လ်အား ခေါ်ယူရန် ကြိုးပမ်းနေကြသည်။

    –  ၂၀၀၆ ကမ္ဘာ့ဖလားဗိုလ်ပွဲတွင် ပြင်သစ်အသင်းခေါင်းဆောင် ဇီဒိန်းအား ထုတ်ပယ်ရန် ဆုံးဖြတ်ခဲ့ခြင်းမှာ ခက်ခဲသော ဆုံးဖြတ်ချက်ဖြစ်ခဲ့သည်ဟု ထိုပွဲကို တာဝန်ယူ ကိုင်တွယ်ခဲ့သည့် ဒိုင်လူကြီး ဟိုရာစီယို အလီဇန်ဒိုက ပြောကြားလိုက်သည်။ အီတလီနှင့် ကစားခဲ့သည့် ထိုပွဲတွင် ပြင်သစ်ကွင်းလယ်လူ ဇီဒိန်းမှာ အီတလီနောက်ခံလူ မာတာရာဇီ၏ ရင်ဘတ်အား ဒုတိယပိုင်းနာကျင်အချိန်ပိုတွင် ခေါင်းဖြင့်တိုက်ခဲ့ခြင်းကြောင့် တိုက်ရိုက်အနီကဒ်ဖြင့် ထုတ်ပယ်ခြင်းခံခဲ့ရသည်။ ဇီဒိန်းမှာ ပွဲ၏ အရေးပါသော ကစားသမားဖြစ်ပြီး၊ ပြင်သစ်အသင်းခေါင်းဆောင်လည်းဖြစ်ကာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတစ်ဦးဖြစ်သောကြောင့် ထုတ်ပယ်ရန် ခက်ခဲစွာ ဆုံးဖြတ်ခဲ့ရခြင်း ဖြစ်သည်ဟု အလီဇန်ဒိုကဆိုသည်။

    –  အင်္ဂလိပ်ဘောလုံးလောကတွင် လုပ်ပွဲကစားမှုများနှင့် ရင်ဆိုင်နေရသောကြောင့် လုပ်ပွဲကစားမှု လုံးအမြစ်မပြတ်မည်ကို ကြောက်ရွံ့မိသည်ဟု အာဆင်နယ်အသင်း၏ နည်းပြဖြစ်သူ အာဆင်ဝင်းဂါးက ယမန်နေ့တွင် ပြောကြားခဲ့သည်။ အမျိုးသား ရာဇ၀တ်မှုအေဂျင်ဆီ(NCA)မှ အင်္ဂလိပ်အောက်တန်းလိဂ်များတွင် လုပ်ပွဲများ ဖန်တီးသည် ဟု ယူဆသူများအား ဖမ်းဆီးခဲ့ပြီးနောက် ၀င်းဂါးက ထိုကဲ့သို့ပြောကြားလိုက်ခြင်းဖြစ်သည်။ စင်ကာပူအခြေစိုက် လောင်းကစားလုပ်ငန်းတစ်ခုမှ စင်ကာပူနိုင်ငံသားနှစ်ဦး အပါအ၀င် လုပ်ပွဲဖန်တီးသည်ဟု ယူဆရသူ စုစုပေါင်း ၇ ဦးကို အင်္ဂလန် ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်နေသည်ဟု သိရ သည်။

    –  ၂၀၁၅ ခုနှစ် ကမ္ဘာ့ကြက်တောာင် ချန်ပီယံရှစ်ပြိုင်ပွဲအား ဂျကာတာတွင် ကျင်းပမည်ဟု အင်ဒိုနီးရှား အားကစားဆိုင်ရာ တာဝန်ရှိသည့်အဖွဲ့က ယမန်နေ့တွင် ပြောကြားလိုက်သည်။ ထိုကြောင့် ဆယ်ဆုနှစ် ၂ ခုအတွင်း ကမ္ဘာ့အဆင့်ပြိုင်ပွဲတစ်ခုအား အင်ဒိုနီးရှားနိုင်ငံတွင် ပြန်လည် ကျင်းပခြင်း ဖြစ်လာမည်ဖြစ်သည်။

  • ဗဒူအင်မျိုးနွယ်များအား မောင်းထုတ်ရန် စီစဉ်နေသည့် အစ္စရေး၏ လုပ်ရပ်အား ဗြိတိန်ရှိ ထင်ရှားကျော်ကြားသူများက ရှုတ်ချ

    ဗဒူအင်မျိုးနွယ်များအား မောင်းထုတ်ရန် စီစဉ်နေသည့် အစ္စရေး၏ လုပ်ရပ်အား ဗြိတိန်ရှိ ထင်ရှားကျော်ကြားသူများက ရှုတ်ချ

    နိုဝင်ဘာ ၃၀၊ ၂၀၁၃
    M-Media

    1

    ပါလက်လက်စတိုင်းရှိ ဗဒူအင်လူမျိုး ထောင်ပေါင်းများစွာတို့အား ၎င်းတို့နေရပ်များမှ မောင်းထုတ်ရန် ပြုလုပ်နေသည့် အစ္စရေး၏ အစီအစဉ်အား ဗြိတိန်ရှိ ထင်ရှား ကျော်ကြားသူများက ရှုတ်ချခဲ့ပြီး၊ လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် ပြောဆိုလိုက်သည်။

    နာမည်ကြီး အနုပညာရှင်များ၊ စာရေးစရာများနှင့် ဂီတလောကသားများအပါအ၀င် ထင်ရှားကျော်ကြားသူ ၅၀ ကျော်က Negev သဲကန္တာရရှိ ဗဒူအင်လူမျိုး ၇၀၀၀၀၏ ရွာများကို ဖျက်ဆီးကာ ၎င်းတို့အားမောင်းထုတ်ပြီး ပါလက်စတိုင်းနယ်မြေအား သိမ်းပိုက်ရန် အစ္စရေး၏ အစီအစဉ်အား ကန့်ကွက်ကြောင်း ကြေညာချက်တွင် လက်မှတ်ထိုးခဲ့ကြသည်။

    ထိုကြေညာချက်တွင် ဗဒူအင်လူမျိုးများ၏ ရွာများအား ဖျက်ဆီးခြင်းကို ‘ပါလက်စတိုင်းနိုင်ငံသားများအား ၎င်းတို့၏ နေအိမ်များမှ အတင်းအဓ္ဓမောင်းထုတ်ခြင်း၊ စနစ်တကျ ခွဲခြားဆက်ဆံခြင်းနှင့် ၀ိုင်းပယ်ခြင်း’ ဖြစ်သည်ဟု ဖော်ပြခဲ့သည်။

    ၁၈၉၇-ခုနှစ်က ဆွစ်ဇလန်နိုင်ငံ ဘရပ်ဆဲလ်တွင် ကျင်းပခဲ့သည့် ပထမအကြိမ် ဇီယွန် ကွန်ဂရက်အစည်းဝေးကတည်းက ပါလက်စတိုင်းအား သိမ်းပိုက်ရန် ဂျူးလူမျိုးများ ကစီစဉ်ခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်ပြီးနောက် အရှေ့ဥရောပရှိ ဂျူးလူမျိုးများမှာ ပါလက်စတိုင်းနယ်မြေသို့ တရားမ၀င်ရောက်နေထိုင်ခဲ့ကြပြီး အမေရိကန်နှင့် အနောက်နိုင်ငံအချို့၏အကူအညီဖြင့် ပါလက်စတိုင်းများကိုသတ်ဖြတ်ကာ၊ နယ်မြေများကို အပိုင်စီးပြီး ၁၉၄၈ ခုနှစ် မေလတွင် အစ္စရေးနိုင်ငံအဖြစ်ထူထောင်ခဲ့ကြသည်။ ထိုအချိန်မှစ၍ အစ္စရေးမှာ ယခုအချိန်အထိ နည်းမျိုးစုံဖြင့် ပါလက်စတိုင်းပိုင်နယ်မြေများကို သိမ်းပိုက်လျက်ရှိသည်။

  • အိုဘားမားအား လူသတ်သမားအဖြစ် ခရစ်ယာန်ဘုန်းတော်ကြီးတစ်ဦး စွပ်စွဲ

    အိုဘားမားအား လူသတ်သမားအဖြစ် ခရစ်ယာန်ဘုန်းတော်ကြီးတစ်ဦး စွပ်စွဲ

    နိုဝင်ဘာ ၃၀၊ ၂၀၁၃
    M-Media

    337449_David-Manning
    မိမိတို့၏ အချစ်ဇာတ်လမ်းလျို့ဝှက်ချက်များအား ထိန်းသိမ်းရန်အလို့ငှာ အမျိုးသမီးတစ်ဦးအား အိုဘားမားက လုပ်ကြံသတ်ဖြတ်ခဲ့သည်ဟု ခရစ်ယာန် ဘုန်းတော်ကြီး တစ်ဦးက ပြောကြားလိုက်သည်။

    ပြီးခဲ့သည်အောက်တိုဘာလက အတားအဆီးများကိုကျော်ဖြတ်ကာ အိမ်ဖြူတော်သို့ ကားဖြင့်အတင်းမောင်းနှင့် ၀င်ရောက်လာသည့် သွားဆရာဝန်တစ်ဦးဖြစ်သူ အသက် ၃၄ နှစ်အရွယ် မီရီယမ် ကာရေးအား ရဲတပ်ဖွဲ့က သတ်ဖြတ်ခဲ့မှုအပေါ် Atlah World Missionary အသင်းတော်၏ သိက္ခာတော်ရဆရာတော် ဂျိမ်းဒေးဗစ်မန်နင်းက ရည်ညွှန်းပြောကြားခဲ့ခြင်းဖြစ်သည်။

    ထိုအမျိုးသမီးအား သတ်ဖြတ်မှုအပေါ်မည်သူမှ ၀င်ရောက်ဟန့်တားခြင်းမရှိခဲ့ကြောင်း၊ ထိုအချင်းအရာကိုကြည့်ခြင်းအားဖြင့်၊ ၎င်းတို့(ရဲတပ်ဖွဲ့ဝင်များ)မှာ အရေးကြီးသော အရာတစ်ခုအဖြစ်ခံစားနေရပြီး အိုဘာမားအား ကာကွယ်ခြင်းဖြစ်ကြောင်း၊ ထိုအမှုမှာ ယခုအချိန်တွင် ပိတ်သိမ်းပြီးဖြစ်ကြောင်း ဆရာတော် ဂျိမ်းက ထည့်သွင်းပြောကြားခဲ့သည်။

    ၂၀၁၁ခုနှစ် မေလ ၁၈-ရက်နေ့က အိုဘားမားမှာ အဆိုပါ သွားဆရာဝန်အမျိုးသမီးထံသို့ အရေးပေါ်ကုသရန် သွားရောက်ခဲ့စဉ်အတွင်း ငြိစွန်းခဲ့ပြီး သူမ၏ ကလေးငယ်၏ အဖေမှာ အိုဘားမားဖြစ်သည်ဟု ရုရှားထောက်လှမ်းရေးများက စုံစမ်းသိရှိရကြောင်း What Does It Mean? ဟု ခေါ်သည့် ၀ဘ်ဆိုဒ်တွင်ဖော်ပြထားသည်။

  • MYANMAR MOBILE FAIR စတုတ္ထအကြိမ်မြောက် ကျင်းပပြုလုပ်

    MYANMAR MOBILE FAIR စတုတ္ထအကြိမ်မြောက် ကျင်းပပြုလုပ်

    နိုဝင်ဘာ ၃၀၊ ၂၀၁၃
    M-Media
    သီရိ

    DSCN5294

    ရန်ကုန်  ။         ။          စတုတ္တအကြိမ်မြောက် ပြုလုပ်ကျင်းပသော MYANMAR MOBILE FAIR ကို ရန်ကုန် လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ ကုန်သည်ကြီးများ အသင်း (UMFCCI) ၌ နိုဝင်ဘာလ ၂၉ ရက်နေ့မှ ဒီဇင်ဘာ ၁ ရက်နေ့ထိ ပြုလုပ်ကျင်းပလျက်ရှိပါသည်။

    ထို MOBILE FAIR တွင် နာမည်ကြီး BRAND များဖြစ်သော Acer, HTC, Lenovo, Samsung စသည့် Brand များ၊ 5 Network, phone corner, Mobile Guide & Net Guide, Ooredoo Telecommunication , 1212 hello music စသည့် ဆိုင်ခန်းပေါင်း ၃၂ ခန်း တို့ဖြင့် ခမ်းနားစွာ ခင်းကျင်းပြသလျက်ရှိပါသည်။

    လာရောက်လေ့လာသူများကို 1212 Call Center မှ မေးခွန်းများဖြေဆိုခိုင်းပြီး မှန်ကန်သူများကို လက်ဆောင်ပစ္စည်းများချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရပါသည်။

    ထိုပွဲကို နံနက် ၉း၀၀ နာရီမှ ညနေ ၆း၀၀ နာရီအထိ ကျင်းပနေပြီး လူအများလာရောက် လေ့လာ ကြည့်ရှု ၀ယ်ယူနေလျက်ရှိကြောင်း သိရှိရပါသည်။