News @ M-Media

Blog

  • ကိုဗစ်ဒဏ်ခံနေရသည့် အိန္ဒိယကို အကူအညီပေးရန် ပါကစ္စတန် ကမ်းလှမ်း

    ကိုဗစ်ဒဏ်ခံနေရသည့် အိန္ဒိယကို အကူအညီပေးရန် ပါကစ္စတန် ကမ်းလှမ်း

    ဧပြီ ၂၅၊ ၂၀၂၁
    M-Media

    -ကိုဗစ်ဒဏ်ကို တစ်ကျော့ပြန် ခံနေရတဲ့ အိန္ဒိယနိုင်ငံအတွက် မရှိမဖြစ် ဆေးဘက်ဆိုင်ရာပစ္စည်းတွေကို ထောက်ပံ့ပေးဖို့ ပါကစ္စတန်နိုင်ငံက ကမ်းလှမ်းလိုက်ပါတယ်။

    အိန္ဒိယမှာ ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်စလို့ ကိုဗစ်လှိုင်း ထပ်ဖြစ်ခဲ့ပြီး နေ့စဉ် လူ သိန်းချီ ရောဂါကူးစက်နေကာ သေဆုံးသူတွေလည်း ထောင်ချီရှိနေတာပါ။ အိန္ဒိယနိုင်ငံတစ်ဝှမ်း ဆေးရုံဆေးခန်းတွေ၊ အောက်ဆီဂျင်အပါအဝင် ဆေးဘက်ဆိုင်ရာပစ္စည်းတွေ မလုံမလောက်ဖြစ်နေတာကိုလည်း ကြုံတွေ့နေရပါတယ်။

    ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ချက်မှာ အိန္ဒိယပြည်သူတွေနဲ့ တစ်သားတည်းရှိကြောင်း ပြသဖို့အတွက် ဒီလိုကမ်းလှမ်းတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    ထောက်ပံ့ပေးမယ့် ပစ္စည်းတွေထဲမှာ အသက်ရှုစက်တွေ၊ အောက်ဆီဂျင်နဲ့ ဆက်စက်ပစ္စည်းတွေ၊ ဒစ်ဂျစ်တယ် X-ray စက်တွေ၊ PPE နဲ့ ဆက်စပ်ကိရိယာတွေ ပါဝယ်ပါတယ်။

    ဒီပစ္စည်းတွေ အလျင်အမြန် ပို့ပေးနိုင်ရေး၊ ကပ်ရောဂါကြောင့် ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို လျော့ချနိုင်ရေးမှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် နှစ်ဖက်အာဏာပိုင်တွင် အတူနည်းလမ်းရှာ လုပ်ဆောင်နိုင်တယ်လို့လည်း ကြေငြာချက်က ဆိုပါတယ်။

    သောကြာနေ့ကလည်း ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက ကိုဗစ်ဒဏ်ခံစားနေရတဲ့ အိန္ဒိယပြည်သူတွေ အမြန်ဆုံး သက်သာပါစေကြောင်း Twitter ကနေတစ်ဆင့် ဆုမွန်ကောင်း တောင်းခဲ့ပါတယ်။

    ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ရှား မဟ်မူးဒ် ကိုရိုက်ရှီက လူသားချင်းစာနာထောက်ထားမှုကို ဦးစားပေးကာ ဒီလိုအကူအညီပေးဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး အိန္ဒိယအစိုးရရဲ့ တုန့်ပြန်မှုကို စောင့်ဆိုင်းနေတယ်လို့ ပြောကြားခဲ့ပါတယ်။

    အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ ရန်ဘက်နိုင်ငံတွေဖြစ်ပြီး ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ကက်ရှ်မီးယားဒေသအတွက် စစ်ဖြစ်ဖူးပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်ကစလို့ ဆက်ဆံရေးပုံမှန်ပြန်ဖြစ်အောင် နှစ်ဖက်အာဏာပိုင်တွေက လျှို့ဝှက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြပါတယ်။

    Ref: Pakistan Today

  • စစ်ကောင်စီဥက္ကဌကို မြန်မာနိုင်ငံအကြီးအကဲအဖြစ် အာဆီယံက ရည်ညွှန်းခြင်း မရှိခဲ့

    စစ်ကောင်စီဥက္ကဌကို မြန်မာနိုင်ငံအကြီးအကဲအဖြစ် အာဆီယံက ရည်ညွှန်းခြင်း မရှိခဲ့

    ဧပြီ ၂၅၊ ၂၀၂၁
    M-Media

    -မနေ့က အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာမှာပြုလုပ်တဲ့ မြန်မာ့အရေး ထိပ်သီးအစည်းအဝေးမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မြန်မာနိုင်ငံရဲ့ အကြီးအကဲအဖြစ် ရည်ညွှန်းပြောကြားတာမျိုး မရှိခဲ့ဘူးလို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တနို မာဆူဒီက ပြောပါတယ်။

    ဒီထိပ်သီးအစည်းအဝေးဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ မြန်မာနိုင်ငံက မတည်ငြိမ်မှုတွေကို ဖြေရှင်းဖို့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ပထမဆုံး ကြိုးပမ်းမှုပါ။

    မလေးရှားဝန်ကြီးချုပ် မုဟ်ယစ်ဒင် ယာစင်က အစည်းအဝေးဟာ မျှော်မှန်းထားတာထက် ပိုမိုအောင်မြင်ခဲ့ပြီး အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ စစ်ကောင်စီဥက္ကဌက သဘောတူခဲ့တယ်လို့ အစည်းအဝေးအပြီးမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

    “ကျွန်တော်နဲ့ အခြားခေါင်းဆောင်တွေ တင်ပြတာကို သူ့ဖက်က ငြင်းပယ်တာမျိုး မရှိခဲ့ပါဘူး”

    အစည်းအဝေးမှာ မြန်မာအရေး ဖြေရှင်းနိုင်ဖို့အတွက် အချက် ၅ ချက်ကို အဖွဲ့ဝင်နိုင်ငံ အားလုံးက သဘောတူညီခဲ့ကြတယ်လို့ အာဆီယံဥက္ကဌ ဘရူနိုင်းရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    အကြမ်းဖက်မှု ရပ်တန့်ရေး၊ သက်ဆိုင်သူတွေအားလုံးအကြားမှာ အပြုသဘောဆောင်တဲ့ ဆွေးနွေးညှိနှိုင်းမှု ဖော်ဆောင်ရေး၊ အာဆီယံ အထူးသံတမန်တစ်ဦးက ကြားဝင်ညှိနှိုင်းပေးရေး၊ အာဆီယံက မြန်မာနိုင်ငံအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရေး၊ အာဆီယံကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကိုလာရောက်ကာ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံရေးတို့ ဖြစ်ပါတယ်။

    အကြမ်းဖက်မှုတွေကို ချက်ခြင်းရပ်တန်ဖို့၊ ဒီမိုကရေစီကို မဖြစ်မနေ ပြန်လည်ဖော်ဆောင်ဖို့၊ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ စစ်ကောင်စီကို တိုက်တွန်းတယ်လို့ အစည်းအဝေးအပြီးမှာ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ပြောကြားခဲ့ပါတယ်။

    စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့ကို ပြန်လွှတ်ပေးဖို့ တိုက်တွန်းခဲ့ပြီး စစ်ကောင်စီဥက္ကဌဟာ သူတို့ပြောတာကို မဆန့်ကျင်ခဲ့ဘူးလို့ ဆိုပါတယ်။

    “အာဆီယံဟာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်တာ၊ အာဆီယံကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို သွားရောက်ဖို့၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးဖို့ ကိစ္စတွေကို သူက မဆန့်ကျင်ခဲ့ပါဘူး။ ရှေ့ဆက်ပြီး အာဆီယံနဲ့ အပြုသဘောဆောင်တဲ့ပုံစံမျိုး ပူးပေါင်းကာ သူတို့ ဆောင်ရွက်သွားမှာပါ”

    Ref: The Strait Times

  • ဒရုန်းဖမ်းမည့် အဆင့်မြင့် ပြည်တွင်းဖြစ်ရေဒါကို တရုတ်ထုတ်ပြ

    ဒရုန်းဖမ်းမည့် အဆင့်မြင့် ပြည်တွင်းဖြစ်ရေဒါကို တရုတ်ထုတ်ပြ

    ဧပြီ ၂၄၊ ၂၀၂၁
    M-Media

    -ဒရုန်းတွေအပါအဝင် ကိုယ်ပျောက်လေယာဉ်တွေကို ရှာဖွေနိုင်မယ့် ​ခေတ်ရှေ့ပြေး ရေဒါတစ်မျိုးကို ဒီကနေ့ ကျင်းပပြီးစီးခဲ့တဲ့ နန်ကျင်း နည်းပညာပြပွဲမှာ တရုတ်အစိုးရက ထုတ်ပြလိုက်ပါတယ်။

    YLC-48 radar လို့ အမည်ပေးထားတဲ့ အဲဒီရေဒါဟာ တရုတ်နိုင်ငံကထုတ်လုပ်ပြီး သယ်ဆောင်ရလွယ်ကူတဲ့ ပထမဆုံး ရေဒါဖြစ်ပါတယ်။ စစ်သားတစ်ယောက်တည်းက ယူဆောင်နိုင်တယ်လို့ ဆိုပါတယ်။

    ‘ဒရုန်းများ၏ သေမင်းတမန်’ လို့လည်း အဲဒီရေဒါကို အမည်ပေးထားပါတယ်။ တရုတ်နိုင်ငံပိုင် နည်းပညာလုပ်ငန်း CETC က ဒီရေဒါကို ထုတ်လုပ်တာပါ။

    ပေါ့ပါးတဲ့ လက်နက်စနစ်တွေမှာ ရေဒါကို အလွယ်တကူ တပ်ဆင် ဖြုတ်သိမ်းလို့ရပြီး ရာသီမရွေး အသုံးပြုလို့လည်း ရပါတယ်။ ဒီရေဒါနဲ့ တွဲဖက်အသုံးပြုနိုင်မယ့် ဒရုန်းခွင်းစနစ် (AUDS) ကိုလည်း CETC က ထုတ်လုပ်ထားပါတယ်။

    နန်ကျင်းပြပွဲမှာ အနိမ့်ပျံယာဉ်တွေကို ရှာဖွေနိုင်မယ့် S-band 3D TWA ရေဒါစနစ်၊ နောက်ဆုံးပေါ် ကိုယ်ပျောက်လေယာဉ်တွေကို ရှာဖွေနိုင်မယ့် YLC-8E ရေဒါစနစ်၊ တရုတ်နိုင်ငံရဲ့ ပထမဆုံး လေပေါ်သုံးရေဒါဖြစ်ပြီး အခြားနိုင်ငံတွေကို ရောင်းချယ်မယ့် KLJ-7A ရေဒါစနစ်တို့လည်း ပါဝင်ပါတယ်။

    အမေရိကန်နဲ့ မဟာမိတ်တွေ အသုံးပြုတဲ့ ဒုံးခွင်းစနစ်အားလုံးကို ဖြတ်ကျော်နိုင်တယ်လို့ ယုံကြည်ရတဲ့ နျူထိပ်ဖူးတပ် အသံထက်မြန်တဲ့ တိုက်ချင်းပစ် ဒုံးကျည်တွေကို တရုတ်က ၂၀၁၉ ခုနှစ်မှာ ထုတ်ပြခဲ့ပါတယ်။

    Ref: Aljazeera

  • မိခင်ကိုသတ်၍ ချက်စားသူတစ်ဦးကို စပိန်တွင် ဖမ်းဆီးတရားစွဲဆို

    မိခင်ကိုသတ်၍ ချက်စားသူတစ်ဦးကို စပိန်တွင် ဖမ်းဆီးတရားစွဲဆို

    ဧပြီ ၂၃၊ ၂၀၂၁
    M-Media

    -မိခင်အရင်ကို သတ်ပြီး အပိုင်းပိုင်းတစ်ကာ ချက်စားသူတစ်ဦးကို ဖမ်းဆီး တရားစွဲဆိုထားတယ်လို့ စပိန်ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

    ကျူးလွန်သူဟာ အလ်ဘာတို ဆန်းချက်ဆိုသူဖြစ်ပါတယ်။ အသက် ၆၆ နှစ်အရွယ် သူ့အမေရဲ့ မက်ဒရစ်မြို့ကတိုက်ခန်းကို ၂၀၁၉ ခုနှစ်မှာ ရဲတွေက ဝင်ရှာခဲ့ပြီးတဲ့နောက် ဆန်းချက်ကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

    အိမ်ထဲမှာ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ပြန့်ကျဲနေပြီး တစ်ချို့အစိတ်အပိုင်းတွေကို ကော်ဘူးထဲထည့်ထားကာ တစ်ချို့ကို ချက်ပြုတ်ရင်းတန်းလန်းနဲ့ ဆန်းချက်ကို မိတာပါ။

    မိခင်ကို လည်ပင်းညှစ်သတ်ကာ ခုတ်ထစ်ချက်စားပြီး ခွေးကိုလည်း ကျွေးတယ်လို့ ဖမ်းဆီးစဉ်မှာ ဆန်းချက်က ဝန်ခံခဲ့ပေမယ့် တရားရုံးမှာတော့ ဒီကိစ္စကို သူမမှတ်မိဘူးလို့ ထွက်ဆိုခဲ့ပါတယ်။

    ဆန်းချက်ဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိပြီး၊ မူးယစ်ဆေး အလွန်အကျွံသုံးစွဲတဲ့မှတ်တမ်းရှိကာ မိခင်ပေါ်မှာ အကြမ်းဖက်တဲ့အတွက် ရဲစခန်းအတိုင်ခံထားရသူလည်း ဖြစ်ပါတယ်။

    Ref: BBC

  • မြန်မာပြဿနာဖြေရှင်းရေး အာဆီယံအစည်းအဝေးက လမ်းစဖော်ပေးမည်ဟု တရုတ်မျှော်လင့်

    မြန်မာပြဿနာဖြေရှင်းရေး အာဆီယံအစည်းအဝေးက လမ်းစဖော်ပေးမည်ဟု တရုတ်မျှော်လင့်

    ဧပြီ ၂၃၊ ၂၀၂၁
    M-Media

    FILE PHOTO: China’s State Councilor and Foreign Minister Wang Yi attends a meeting with Russia’s Foreign Minister Sergei Lavrov in Guilin, China March 22, 2021. Russian Foreign Ministry/Handout via REUTERS

    -မနက်ဖြန်ပြုလုပ်မယ့် အာဆီယံ ထိပ်သီးအစည်းအဝေးဟာ မြန်မာ့အရေးကို ငြင်ငြင်သာသာဖြေရှင်းနိုင်ရေး လမ်းစဖော်ဆောင်ပေးလိမ့်မယ်လို့ မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြာရေးဝန်ကြီး ဝမ်ယီက ပြောကြားလိုက်ပါတယ်။

    အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမှာလုပ်မယ့် ဒီအစည်းအဝေးဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ မတည်ငြိမ်မှုတွေကို ဖြေရှင်းဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ပထမဆုံး ကြိုးပမ်းမှုပါ။

    ဝမ်ယီဟာ ဘရူနိုင်း၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့နဲ့ မနေ့က ဆွေးနွေးခဲ့ပါတယ်။ ဘရူနိုင်းဟာ လက်ရှိ အာဆီယံဥက္ကဌဖြစ်ပြီး ထိုင်းကတော့ ဘရူနိုင်းပြီးရင် ဥက္ကဌအဖြစ် တာဝန်ယူရမှာပါ။

    “အစည်းအဝေးဟာ မြန်မာနိုင်ငံအခြေအနေကို ငြင်ငြင်သာသာဖြေရှင်းရမယ်ဆိုတဲ့ အသိမျိုးရရှိဖို့ ဦးတည်ဆဲ့ ကောင်းမွန်တဲ့စတင်ခြင်း ဖြစ်လာမယ်လို့ တရုတ်နိုင်ငံက မျှော်လင့်ပါတယ်”

    အာဆီယံထိပ်သီးအစည်းအဝေးကို တရုတ်က တက်မလားဆိုတာ တိတိကျကျ မသိရသေးပါဘူး။

    နိုင်ငံကာက မသင့်လျော်တဲ့ ကြားဝင်ဆောင်ရွက်မှုမျိုးကို ရှောင်ရှားရမယ်လို့လည်း ဝမ်ယီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “နိုင်ငံတကာအဖွဲ့တွေက ဘာမသိညာမသိနဲ့ ပြင်းပြင်းထန်ထန် ဖိအားပေးတာမျိုးဟာ နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးပြဿနာကို ပြေလည်စေဖို့ အထောက်အကူ မဖြစ်ဘူးဆိုတာ လက်တွေ့အဖြစ်အပျက်တွေက သက်သေပြနေပါတယ်။ မငြိမ်မသက်ဖြစ်စေတာ၊ အခြေအနေကို ပိုမိုဆိုးရွားစေကာ ဒေသတွင်းကို ထိခိုက်တာ၊ မတည်မငြိမ်ဖြစ်တာမျိုးပဲ ဖြစ်စေတာပါ”

    ​မြန်မာနိုင်ငံက တင်းမာမှုတွေ လျော့ကျရေး ဆောင်ရွက်ရာမှာ နိုင်ငံတကာအသိုင်းအ၀ိုင်းဟာ ဆန့်ကျင်ဖက်နေရာက ရှိတာထက် ဓမ္မဓိဌာန်ကျပြီး မျှတရဲ့ရပ်တည်ချက်မျိုးရှိဖို့ တရုတ်နိုင်ငံက တိုက်တွန်းတယ်လို့လည်း ဝမ်ယီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “တရုတ်နိုင်ငံဟာ အာဆီယံအဖွဲ့နဲ့ ဆက်လက်ပြီး နီးနီးကပ်ကပ် ဆက်ဆံသွားဖြစ်သလို၊ မြန်မာ့အရေး အာဆီယံလမ်းကြောင်းနဲ့ ဆက်နွယ်တဲ့ ဘယ်လိုလုပ်ငန်းမျိုးကိုမဆို ကိုင်တွယ် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်”

    Ref: KFGO