News @ M-Media
Blog
  • ဗလီဖျက်ဆီးခြင်းနှင့် အစ္စလာမ်သာသနာကို တားမြစ်ပိတ်ပင်သည့် သတင်းအား အန်ဂိုလာငြင်းဆို
    နိုဝင်ဘာ-၂၆ ၂၀၁၃
    M-Media
    GORDON_ Uprooting the Bedouins _ Australians for Palestine - 2013-11-26_13.47
    အာဖရိကတိုက် အနောက်တောင်ပိုင်းရှိ နိုင်ငံတစ်ခုဖြစ်သည့် အန်ဂိုလာနိုင်ငံတွင် အစ္စလာမ်သာသနာအား တားမြစ်ပိတ်ပင်ကာ ဗလီဝတ်ကျောင်းတော်များကို ဖြိုဖျက်နေသည်ဟု ကမ္ဘာ့သတင်းမီဒီယာများက ပြီးခဲ့သည့် သီတင်းပတ်တွင် ဖေါ်ပြခဲ့သောကြောင့် အန်ဂိုလာနိုင်ငံမှာ နိုင်ငံတကာ၏ စိတ်ဝင်စားမှုကို ခံနေရသည်။
    သို့သော်လည်း ၀ါရှင်တန်ရှိ အန်ဂိုလာသံရုံးမှ အမည်မဖော်လိုသူ အရာရှိတစ်ဦးက ထိုသတင်းမှာ မဟုတ်မှန်ဘဲ အန်ဂိုလာတွင် ထိုကဲ့သို့ တားမြစ်ပိတ်ပင်ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။
    “အန်ဂိုလာပြည်သူ့သမ္မတနိုင်ငံဟာ ဘာသာရေးကို ၀င်ရောက်စွက်ဖက်တဲ့ နိုင်ငံမဟုတ်ပါဘူး။ ကျွန်တော်တို့တိုင်းပြည်မှာ အယူဝါဒပေါင်းစုံရှိပြီး၊ ဘာသာရေးကိုလွတ်လပ်စွာ ကိုးကွယ်ခွင့်ပေးထားပါတယ်။ ကက်သလစ်ခရစ်ယာန်၊ နှစ်ခြင်းခရစ်ယာန်၊ ပရိုတက်စတင့် ခရစ်ယာန်၊ အစ္စလာမ်နဲ့ ဧ၀ံဂေလိ ခရစ်ယာန် စတဲ့ဘာသာတရားတွေကို ကိုးကွယ်တဲ့ သူတွေရှိပါတယ်” ဟု ထိုအမည်မဖော်လိုသူ အရာရှိက ဖုန်းဖြင့် ဖြေကြားခဲ့သည်။
    အန်ဂိုလာတွင် အစ္စလာမ်သာသနာအား ပိတ်ပင်သည့်ဆိုသည့်သတင်းမှာ အာဖရိက သတင်းစာများမှ စတင်ရေးသားခဲ့ကြပြီး အန်ဂိုလာသမ္မတနှင့် ယဉ်ကျေးမှုဝန်ကြီးတို့မှ သတင်းမှာ မှန်ကန်ကြောင်း အတည်ပြုပြောဆိုခဲ့သည်ဟု ၎င်းတို့၏ သတင်းများတွင် ဖော်ပြခဲ့ကြသည်။
    သို့သော်လည်း ၀ါရှင်တန်ရှိ အန်ဂိုလာသံရုံးမှ ဒုတိယအဆင့် တာဝန်ရှိသူတစ်ဦးက နိုင်ငံအတွင်း ထိုကဲ့သို့ ပိတ်ပင်ထားသည်ဆိုသည့်သတင်းအား မိမိတို့သံရုံးမှ မသိရှိရသေးဟု ဖြေကြားခဲ့သည်။
    “အခုအချိန်အထိတော့ ဒီသတင်းနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဘာမှမကြားသေးပါဘူး။ ကျွန်တော်တို့လည်း ခင်ဗျားတို့လိုပဲ အင်တာနက်ကနေတစ်ဆင့် ဖတ်ရတာပါ။ အင်တာနက်မှာ ဖတ်ရတာဟာ အမှန်လို့ကျွန်တော်တို့ မှတ်ယူလို့မရပါဘူး။”
    ဟု IBTimes ၏ မေးမြန်းမှုအား ဖုန်းဖြင့်ဖြေကြားခဲ့သည်။
    အဆိုပါ အင်ဂိုလာ မှ ဗလီဖျက်ဆီးမှုနှင့် အစ္စလာမ်အား ပိတ်ပင်သည့် သတင်းကို ယနေ့ထုတ် ပြည်မြန်မာနေ့စဉ်သတင်းတွင် ဖော်ပြခဲ့သလို ဆိုရှယ်မီဒီယာ စာမျက်နှာများတွင် ဘာသာေ၇းစော်ကားသော အသုံးအနှုန်းများဖြင့် လှုံဆော်ရေးသားသည့် ပိုစ်များ Facebook အသုံးပြုသူ အစွန်းလှုံဆော်ရေးသမားများ အကြား ပျံနှံ့ခဲ့တာကို တွေ့ရှိရပါသည်။
    Ref: http://www.ibtimes.com/angola-denies-it-banned-islam-destroyed-mosques-1484898
    ဓါတ်ပုံ- အညွှန်း အင်ဂိုလာမှ ဗလီဖျက်ဆီးခံရသည့်သတင်းတွင် အသုံးပြုခဲ့သည့် သတင်းဓါတ်ပုံမှာ သတင်းဓါတ်ပုံအမှန်မဟုတ်ပါ။
    ၂၀၁၀ ခုနှစ်က သတင်းမှဓါတ်ပုံကို အသုံးပြုထားခြင်းဖြစ်သည်။
    ပူးတွဲလင့် တွင်ကြည့်ရှုရန်=>http://www.australiansforpalestine.net/33792
    အစ္စလာမ်အား တားမြစ်သည့် ဥပေဒေပြဌာန်းပြီး ဗလီဖျက်ဆီးဟူသော သတင်းခေါင်းစဉ်ဖြင့် မျက်နှာဖုံးစာမျက်နှာတင်ပြိး သတင်းဖော်ပြခဲ့သည့် ပြည်မြန်မာ နေ့စဉ်သတင်း
    https://fbcdn-sphotos-b-a.akamaihd.net/hphotos-ak-prn2/1471375_396271050476537_1685233729_n.jpg
    https://fbcdn-sphotos-g-a.akamaihd.net/hphotos-ak-ash3/1474423_178850942312951_1199705445_n.jpg
  • Muslim Youth Forum အကြိုညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်မည်
    နိုဝင်ဘာ ၂၆၊ ၂၀၁၃
    M-Media
    သုတ
    1455197_3702151090122_553995314_n
    ရန်ကုန် ။ ။ မြန်မာနိုင်ငံရှိ မွတ်စလင်မ်လူငယ်များ အနေဖြင့် နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်ရွက်နေသော အခန်းကဏ္ဍများတွင် ပိုမိုတက်ကြစွာ ပါဝင်နိုင်ကြစေရန် ရည်ရွယ်၍ Muslim Youth Form နှင့် မွတ်စလင်မ်လူငယ်များ ကိုယ်စားပြု အဖွဲ့အစည်းတစ်ရပ် ခိုင်မာစွာ ဖြစ်ပေါ်လာစေရေးအတွက် အကြိုညှိနှိုင်း ဆွေးနွေးပွဲကို မနက်ဖြန် နိုဝင်ဘာ ၂၇-ရက်နေ့တွင် ရန်ကုန်မြို့၌ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။
    မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော အစ္စလာမ်ဘာသာဝင် လူငယ်များအနေဖြင့် နိုင်ငံတော်မှ အကောင်အထည် ဖောင်ဆောင်နေသော လူငယ်များနှင့် သက်ဆိုင်သည့် အခန်းကဏ္ဍများဖြစ်သည့် ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေး၊ အနာဂတ်ပညာရေး တို့တွင် ပိုမိုပါဝင်လာစေရန်ရည်ရွယ်သည့် Muslim Youth Forum နှင့် နိုင်ငံလုံးဆိုင်ရာ မွတ်စလင်မ် လူငယ်များ ကိုယ်စားပြု အဖွဲ့အစည်းတစ်ရပ် ခိုင်မာစွာ ဖြစ်ပေါ်လာစေရေးအတွက် အကြိုညှိနှိုင်း ဆွေးနွေးပွဲပြုလုပ်မည်ဖြစ်သောကြောင့် စိတ်ပါဝင်စားသူ လူငယ်များ တက်ရောက်နိုင်ရန် ဖိတ်ကြားကြောင်း သိရပါတယ်။
    အဆိုပါ အကြိုညှိနှိုင်းဆွေးနွေးပွဲအား အမှတ်(၁၈၁)၊ ၃-လွှာ၊ ဗိုလ်မင်းရောင်လမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့တွင် ပြုလုပ်မည်ဖြစ်ပြီး သိလိုသည်များ ရှိပါက 09 421166101, 09 73103614, 09 49338651, 09 5032498, 09 73105364 တို့သို့ ဆက်သွယ်နိုင်ကြောင်းလည်း ထပ်မံ သိရှိရပါတယ်
  • အီရန်နှင့် အင်အားကြီး(၆)နိုင်ငံ နျူးကလီးယားဆိုင်ရာ သဘောတူညီချက်အား အစ္စရေးမကျေနပ်
    နိုဝင်ဘာ-၂၅ ၂၀၁၃
    M-Media
    TOPSHOTS-SWITZERLAND-IRAN-NUCLEAR-POLITICS-DIPLOMACY
    အီရန်နိုင်ငံ၏ နျူးကလီးယားအစီအစဉ်အား ရပ်တန့်ရန်အတွက် အနောက်နိုင်ငံများမှ ပိတ်ဆို့မှုအချို့အား ဖွင့်ပေးရန် သဘောတူညီမှုသည် သံတမန်ရေးရာတွင် အငြင်းပွားစရာဖြစ်လာခဲ့ပြီး အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ထိုသဘောတူညီချက်မှာ သမိုင်းဝင်မှားယွင်းမှုဖြစ်သည်ဟု ပြောဆိုလိုက်သည်။
    ထိုသဘောတူညီချက်အား အီရန်နှင့် ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံတို့ ဂျီနီဗာတွင်ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ယမန်နေ့ကရရှိခဲ့ခြင်းဖြစ်ပြီး ဆယ်ဆုနှစ် တစ်ခုအကြာရှိနေသော အန္တရာယ်ရှိသည့် လိပ်ခဲတည်းလည်းအခြေအနေတစ်ခုအား ဖြေရှင်းရန် ပထမခြေလှမ်းတစ်ခုအဖြစ် ရှုမြင်နေကြသည်။
    ထိုကဲ့သို့ သဘောတူညီချက်ရရှိခြင်းကို ကမ္ဘာ့နိုင်ငံအများစုက ကြိုဆိုခဲ့ကြသော်လည်း အစ္စရေးဝန်ကြီးချုပ်က ‘ထိုကိစ္စမှာ သမိုင်းဝင်သဘောတူညီချက်မဟုတ်၊ သမိုင်းဝင် မှားယွင်းမှုသာဖြစ်သည်’ ဟု မှတ်ချက်ပေးပြောဆိုခဲ့သည်။
    ထိုမှတ်ချက်ထွက်ပေါ်လာပြီးနောက် အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ဂျီနီဗာသဘောတူညီချက်နှင့် နျူးကလီးယားလက်နက်ပိုင်ဆိုင်မှုမှ အီရန်နိုင်ငံအား တားဆီးရန်အတွက် အမေရိကန်၏ကတိကို လက်ခံရန် နေတန်ယာဟုအား တိုက်တွန်းပြောကြားခဲ့သည်။
    Ref: aljazeera
  • နိုဝင်ဘာ ၂၅-အားကစားသတင်း စုစည်းမှု
    နိုဝင်ဘာ ၂၅ ၂၀၁၃
    M-Media
    Walcott
    – ဒဏ်ရာကြောင့် မျှော်လင့်ထားသည့်ထက်ပို၍ အနားယူခဲ့ရခြင်းကို စိတ်ပျက်မိပြီး မကြာခင်အချိန်အတွင်း အကောင်းဆုံးပုံစံဖြင့်ပြန်လာနိုင်ရန် မျှော်လင့်နေသည်ဟု အာဆင်နယ်အသင်း၏ အင်္ဂလန်တိုက်စစ်မှူး သီယိုဝေါလ်ကော့က ပြောကြားလိုက်သည်။ ဝေါလ်ကော့မှာ ဒဏ်ရာကြောင့် ပြီးခဲ့သည့် စက်တင်ဘာလကတည်းက အနားယူနေရသူဖြစ်ပြီး စနေနေ့က ဆောက်သက်တမ်အသင်းအား ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သောပွဲတွင် ဒုတိယပိုင်း၌ လူစားဝင်ကစားခဲ့သည်။
    – မန်ယူအသင်းအား ၂ ဂိုး စီသရေကျခဲ့သည့်ပွဲတွင် ပြသခဲ့သည့် အသင်း၏ခြေစွမ်းအား ကာဒစ်ဖ်အသင်း၏ နည်းပြဖြစ်သူ မာလ်ကီ မက်ကေးက ချီးကျူးပြောဆိုလိုက်သည်။ ထိုပွဲတွင် ကာဒစ်ဖ်အသင်းမှာ မန်ယူမှ ရူနီနှင့် အီဗရာတို့၏ ဂိုးဖြင့် နှစ်ကြိမ်တိုင်တိုင် ဦးဆောင်ခြင်းကိုခံခဲ့ရသော်လည်း ဖရေးဇာကမ်းဘဲလ်နှင့် ကင်မ်ဘိုကျုံတို့က အသင်းအတွက် အဖိုးတန်ချေပဂိုးများကို သွင်းယူပေးခဲ့သောကြောင့် တစ်ရေတစ်မှတ်ရရှိခဲ့ပြီး တန်းဆင်းဇုန် အထက်တွင် ၃ မှတ်အကွာဖြင့် ရှိနေသည်။
    – ရီးယဲလ်မက်ဒရစ်၏ ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုမှာ ကမ္ဘာ့ဘောလုံးသမိုင်းတွင် အလှည့်အပြောင်းတစ်ခုလာမည်ဟုရီးယဲလ်မက်ဒရစ်အားကစား ဒါရိုက်တာဖြစ်သူ မီးဂွဲ ပါဒါဇာက အဲလ်မာရီယာအား စနေနေ့က ၅ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သောပွဲအပြီးတွင် ပြောကြားခဲ့သည်။
    – အသင်းရှိ ဂိုးသမား ဗစ်တာဗားလ်ဒက်စ်၏ နေရာအားအစားထိုးရန် မလွယ်ကူဟု ဘာစီလိုနာအသင်း၏ အရန်ဂိုးသမားဖြစ်သူ ဟိုဆေးပင်တိုက ဂရန်ဒါနှင့်ပွဲအပြီးတွင်ပြောကြားခဲ့သည်။ ထို့ပြင် အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်သည့် ပင်တိုက ကစားသမားဘ၀မှ အနားယူရန် အဆင်သင့်မဖြစ်သေးဟု ထည့်သွင်းပြောကြားခဲ့သည်။ ဗားလ်ဒက်စ်မှာ ဒဏ်ရာကြောင့် အနားယူးနေရကာ ဘာစီလိုနာက ၄ ဂိုး ဂိုးမရှိဖြင့်အနိုင်ရခဲ့သော ဂရန်ဒါနှင့်ပွဲတွင် ပင်တိုမှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့သည်။
    – လာမည့်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကွင်းလယ်လူ ဆာမိခီဒီရာက မပါဝင်နိုင်ပါက ဂျာမနီအသင်းအတွက် ခါးသီးသော ဆုံးရှုံးမှုတစ်ခုဖြစ်လိမ့်မည်ဟု ဂျာမနီ၏ ဂန္တ၀င်ကစားသမားဖြစ်သူ ဂန်တာနတ်ဇာက ပြောဆိုလိုက်သည်။ ခီဒီရာမှာ မကြာမီက ကစားခဲ့သည့် အီတလီအသင်းနှင့် ခြေစမ်းပွဲတွင် ညာဘက်ဒူးခေါင်း အရွတ် စုတ်ပြဲဒဏ်ရာရရှိခဲ့ပြီး ကာလည်ကြာရှည်စွာ အနားယူရမည်ဖြစ်ကာ လာမည့်နှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း လွဲချော်ဖွယ်ရှိနေသည်။
    – ရီးယဲလ်မက်ဒရစ်သို့ပြောင်းရွှေ့ခြင်းမပြုမီ ရီးယဲလ်ကစားသမား ဟောင်းများဖြစ်ကြသည့် ဒေးဗစ်ဘက်ခမ်း၊ မိုက်ကယ်အိုဝင်၊ မက်မာနာမန်နှင့် ဂျိုနသန် ၀ုဒ်ဂိတ်တို့ထံမှ အကြံဥာဏ်များရယူခဲ့သည်ဟု ရီးယဲလ်အသင်း၏ ဝေးလ်တိုက်စစ်မှူး ဂါရက်ဘေးလ်က ဖွင့်ဟခဲ့သည်။ ဘေးလ်မှာ စပါးအသင်းမှ ရီးယဲလ်သို့ စံချိန်တင်ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀ ဖြင့် ပြီးခဲ့သည့်နွေရာသီက ပြောင်းရွှေ့သွားခဲ့ခြင်းဖြစ်သည်။
    – အသင်း၏ ၏ရည်ရွယ်ချက်ဖြစ်သည့် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရန်အတွက် အသင်းမှာ လာမည့်ဇန်န၀ါရီလတွင် လူအင်အားဖြည့်တင်းရန် လိုအပ်သည်ဟု အင်တာမီလန်အသင်း၏ ဘရာဇီးကစားသမား ဂျိုနသန်က ပြောကြားလိုက်သည်။ ထို့ပြင် ဘိုလော့ဂ်နာအသင်းအား ၁ ဂိုး စီသရေကျခဲ့သည့်ပွဲတွင် အသင်းအတွက်တစ်လုံးတည်းသောဂိုးအား သွင်းယူပေးခဲ့သည့် ဂျိုနသန်က အသင်းနည်းပြ မာတာရာဇီကိုလည်း ချီးကျူးပြောဆိုခဲ့သည်။
    – တိုက်စစ်မှူး မာရီယိုဂိုးမက်ဇ်မရှိသည့်ဒဏ်ကို အူဒီးနီးစ်နှင့်ပွဲတွင် ခံစားခဲ့ရသည်ဟု ဖီအိုရင်တီးနားအသင်း၏ နည်းပြဖြစ်သူ ဗင်စန်ဇို မွန်တဲလားက ပြောကြားလိုက်သည်။ ယမန်နေ့က ကစားခဲ့သည့် အဆိုပါပွဲတွင် ဖီအိုရင်တီးနားအသင်းမှာ ဘောလုံးပိုင်ဆိုင်မှု အသာရရှိခဲ့သော်လည်း ဂိုးအဖြစ်ပြောင်းလဲပေးမည့် တိုက်စစ်မှူးမရှိခဲ့သောကြောင့် အူဒီးနီးစ်အသင်းအား ၁ ဂိုး ဂိုးမရှိဖြင့် အရှုံးပေးခဲ့ရခြင်းဖြစ်သည်။ ထိုပွဲအရှုံးမှာ ဖီအိုရင်တီးနားအသင်းအတွက် စီးရီးအေ ဒုတိယမြောက်ရှုံးပွဲလည်းဖြစ်သည်။
    – နာပိုလီပရိတ်သတ်များအနေဖြင့် မနက်ဖြန်တွင်ကစားမည့် ဒေါ့မွန်အသင်းနှင့် ချန်ပီယံလိဂ်ပွဲစဉ်တွင် အသင်း၏တိုးတက်မှုများကို မြင်တွေ့ရမည်ဟု နာပိုလီအသင်း၏ ဆွစ်ဇလန်အလယ်တန်းလူ ဂေါ့ဟန်အင်လာက ပြောကြားလိုက်သည်။ နာပိုလီအသင်းမှာ စီးရီးအေတွင် ပါးမားအသင်းအား ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီး၊ ထိုရှုံးနိမ့်မှုမှာ တစ်နှစ်နီးပါးအတွင်း ပထမဆုံး စီးရီးအေ ရှုံးပွဲလည်းဖြစ်သည်။ ထို့ကြောင့် အသင်းအနေဖြင့် ပြောင်းလဲမှုများကို ပြုလုပ်ရန်လိုအပ်နေပြီး ဒေါ့မွန်အသင်းအား အဝေးကွင်းတွင် အနိုင်ကစားနိုင်မည်ဟု အင်လာက ယုံကြည်နေသည်။
  • နိုဝင်ဘာ၂၅-နိုင်ငံတကာ စုစည်းမှု
    နိုဝင်ဘာ၂၅-နိုင်ငံတကာ စုစည်းမှု
    နိုဝင်ဘာ-၂၅ ၂၀၁၃
    M-Media
    ထိုင်းဆန္ဒပြသူများ ဘဏ္ဍာရေးဝန်ကြီးဌာန အဆောက်အအုံအား သိမ်းပိုက်
    အခက်အခဲများနှင့် ရင်ဆိုင်နေရသော ၀န်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ထရာအား ဖြုတ်ချရန် အားထုတ်မှုကို အရှိန်မြှင့်လုပ်ဆောင်သောအားဖြင့် အစိုးရဆန့်ကျင်သူ ထောင်ပေါင်းများစွာတို့က ဘန်ကောက်ရှိ ဘဏ္ဍာရေးဝန်ကြီးဌာနရုံးအား ယနေ့တွင် သိမ်းပိုက်လိုက်ပြီး အခြားသော အစိုးရ အဆောက်အအုံများကိုလည်း ထိုကဲ့သို့ သိမ်းပိုက်သွားမည်ဟု ခြိမ်းခြောက်ပြောဆိုလိုက်သည်။
    ယင်းလပ်အစိုးရအား ဆန့်ကျင်သော ထိုဆန္ဒပြပွဲတွင် လူပေါင်း ၃၀၀၀၀ ခန့် ပါဝင်ခဲ့ကြပြီး စစ်တပ်နှင့် ရဲစခန်းများ၊ ရုပ်မြင်သံကြားဌာနများအပါအ၀င် ဘန်ကောက်မြို့အတွင်းရှိ နိုင်ငံပိုင်အဆောက်အဦး တစ်ဒါဇင်ကျော်ခန့်အား လှည့်ပတ် ဆန္ဒပြခဲ့သည်ဟု ရဲတပ်ဖွဲ့ ပြေကြားခဲ့သည်။ ထို့နောက် ဆူသပ် သောင်ဆူဘန် ဦးဆောင်သည့် ဆန္ဒပြသူ ရာပေါင်းများစွာက ဘဏ္ဍာရေးဝန်ကြီးဌာနရုံးအဆောက်အအုံအား ၀င်ရောက်သိမ်းပိုက်ကာ အလံလွှင့်ထူခြင်းများ၊ ကခုန်ခြင်းများပြုလုပ်နေကြသည်။
    ယမန်နေ့ကလည်း လူပေါင်း တစ်သိန်း ရှစ်သောင်းခန့်ရှိသည် လူအုပ်ကြီးမှာ အစိုးရအား ဆန့်ကျင်သောအနေဖြင့် မြို့တော်ဘန်ကောက်တွင် ဆန္ဒပြခဲ့ကြသေးသည်။
    Ref: channelnewsasia
    thai-protesters
    – ဆွစ်ဇာလန်နိုင်ငံရှိ အောက်ခြေ၀န်ထမ်းများနှင့် အထက်ပိုင်းအရာရှိများ၏ လုပ်ခလစာအား ညီမျှစေရန်အတွက် ဆိုရှယ်ဒီမိုကရတ်လူငယ်အဖွဲ့(JUSO)က တင်သွင်းသည့် ‘၁း၁၂ ၀င်ငွေညီမျှရေး’ အဆိုအား မဲခွဲဆုံးဖြတ်ခဲ့ရာ ပယ်ချခြင်းခံခဲ့ရပြီး၊ နိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များက အဆိုမှာ တိုင်းပြည်၏ စီပွားရေးအား ပျက်စီးစေနိုင်သည်ဟု သတိပေးပြောဆိုလိုက်သည်။ ၁း၂ ၀င်ငွေညီမျှရေးအစီအစဉ်က အထက်ပိုင်းအရာရှိများ၏ တစ်လ၀င်ငွေမှာ အောက်ခြေအလုပ်သမားများ၏ တစ်နှစ်စာဝင်ငွေထက်မကျော်ရဟု သတ်မှတ်ထားခြင်းဖြစ်သည်။
    – ဥပေဒဆိုင်ရာ ကာကွယ်မှု၊ နိုင်ငံရေးဆိုင်ရာ လုပ်ပိုင်ခွင့်နှင့် စီးပွားရေးဆိုင်ရာ လွတ်လပ်မှုတို့မှ တစ်ဆင့် အမျိုးသမီးတို့၏အခွင့်အရေးများကို ကာကွယ်သွားရန် အရှေ့မြောက်အာရှ နိုင်ငံများ၏ အမျိုးသမီးရေးရာ ကိုယ်စားလှယ်များက ယမန်နေ့တွင် ဆုံးဖြတ်ခဲ့ကြသည်။ ထိုဆုံးဖြတ်ချက်အား မွန်ဂိုလီးယားနိုင်ငံ Great Hural ပြည်နယ်ပါလီမန်အဖွဲ့ဝင်များက ဦးဆောင်ကာ ၂ ရက်ကြာ ကျင်းပသော အရှေ့မြောက်အာရှနိုင်ငံများ၏ အမျိုးသမီးပါလီမန်အမတ်များဖိုရမ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
    – ဟိုင်ယန်မုန်တိုင်းဒဏ်ခံပြည်သူများအား ပြန်လည်နေရာချထားလုပ်ငန်းများ လုပ်ဆောင်ရာတွင် အကူအညီများပို့ဆောင်ပေးရန်အတွက် အလွန်အသုံးဝင်သည့် C-130 လေယာဉ်နှစ်စင်းကို ထပ်မံရရှိခဲ့သည်ဟု ဖိလစ်ပိုင်စစ်တပ်မှ ပြောကြားခဲ့သည်။ ဖိလစ်ပိုင်စစ်တပ်မှာ C-130 လေယာဉ်သုံးစီးဖြင့်သာ အကူအညီပို့ဆောင်ရေးလုပ်ငန်းများကို လုပ်ကိုင်နေရပြီး ယခုအခါ စုစုပေါင်း ၅ စီးဖြစ်လာသောကြောင့် ပို့ဆောင်ရေးလုပ်များအား ပိုမိုဆောင်ရွက်နိုင်တော့မည်ဟု ဖိလစ်ပိုင်စစ်တပ် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
    – ၂၀၁၂ ခုနှစ်က အစိုးရ ဆန့်ကျင့်ရေး ဆန္ဒပြပွဲများအတွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးအား သတ်ရန် ကြိုးပမ်းခဲ့သည်ဟုဆိုက ဆန္ဒပြသူ ၁၂ ဦးအား ဘာရိန်းတရားရုံးမှ ထောင်ဒဏ် ၁၀ နှစ်ကျခံစေရန် အမိန့်ချမှတ်လိုက်သည်ဟု သိရသည်။ ထိုပြစ်မှုဖြင့် စုစုပေါင်း ၁၇ ဦးအား စွဲချက်တင်ထားခြင်းဖြစ်ပြီး ၁ ဦးအား ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ကာ အခြား ၄ ဦးအား တရားရုံးက တရားသေလွှတ်ပေးခဲ့သည်။ ၎င်းတို့အားလုံးကို နိုင်ငံအတွင်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန် တောင်းဆိုသော ၂၀၁၂ ခုနှစ် မေလက ပြုလုပ်ခဲ့သည့် ဆန္ဒပြပွဲတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
    – နိုင်ငံအတွင်း ဆယ်ဆုနှစ်သုံးခုအကြာ ဖြစ်ပွားခဲ့သည့် ပဋိပက္ခများအား ငြိမ်းချမ်းမည်ဆိုပါက အမေရိကန်နှင့် လုံခြုံရေးဆိုင်ရာ စာချုပ်အား လက်မှတ်ထိုးရန် သဘောတူမည်ဟု အာဖဂန် သမ္မတ ဟာမစ် ကာဇိုင်းက ပြောကြားလိုက်သည်။ မျိုးနွယ်စုခေါင်းဆောင်များ အစည်းအဝေး နောက်ဆုံးနေ့ဖြစ်သော ယမန်နေ့က ပြောကြားခဲ့ခြင်းဖြစ်ပြီး ကဘူလ်း-၀ါရှင်တန် လုံခြုံရေးဆိုင်ရာ အပြန်အလှန် သဘောတူညီချက်၏ ရလဒ်မှာ ငြိမ်းချမ်းရမည်ဟု ကာဇိုင်းက ထည့်သွင်းပြောကြားခဲ့သည်။
    – အင်ဒိုနီးရှားနိုင်ငံ ဆူမာတြားကျွန်း မြောက်ဘက်ရှိ မီးတောင် စီနာဘန်မှာ ယမန်နေ့က စတင်လှုပ်ခတ်လာသောကြောင့် ထိုတောင်ခြေရှိ ရွာမှ လူ  ၁၂၀၀၀ ထောင်အား ဘေးလွတ်ရာနေရာသို့ ယမန်နေ့ ကတည်းက စတင်ရွှေ့ပြောင်းပေးခဲ့ရပြီး ယခုအချိန်အထိ ထိုဒေသရှိ လူပေါင်း ၂ သောင်းကျော်အား ပြောင်းရွှေ့ပြီဖြစ်သည်ဟု အင်ဒို အာဏာပိုင်များက ယနေ့တွင်ပြောကြားလိုက်သည်။
    – အာဖဂန်နစ္စတန်မြောက်ပိုင်းရှိ Jauzjan ပြည်နယ်တွင် အဓိက တာလီဘန် တပ်မှူးတစ်ဦးအား စနေနေ့တွင် ဖမ်းဆီးရမိခဲ့သည်ဟု အာဖဂန် ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ မူလာဆိုဘာသွလ္လာ အမည်ရသည့် အဆိုပါ တာလီဘန် တပ်မှူးအား ပြည်နယ်အတွင်း အသေခံဗုံးခွဲမှု၊ လမ်းဘေးဗုံးထောင်မှုတို့ဖြင့် တရားစွဲဆိုသွားမည်ဟု သိရသည်။
    – ဗြိတိန်ပါလီမန်ရှိ ဥပဒေပြုအမတ်တစ်ဦးဖြစ်သူ ရှေ့နေချုပ် ဒိုမီနစ် ဂရီဗီက ဗြိတိန်ရှိ ပါကစ္စတန် လူ့အဖွဲ့အစည်းမှ လူအချို့မှာ ပါကစ္စတန်နိုင်ငံတွင် ချစားသော အသိုင်းအ၀ိုင်းမှ ဗြိတိန်သို့ လာရောက်အခြေချခြင်းဖြစ်သည်ဟု Daily Telegraph သတင်စာ၏ အင်တာဗျူးတွင် ပြောကြားခဲ့သည်။
    – ရုရှားနှင့် စီပွားရေးဆိုင်ရာ သဘောတူညီချက်အား ဂရုမထားဘဲ ဥရောပသမဂ္ဂ၏ လွတ်လပ်စွာကုန်သွယ်မှု သဘောတူညီချက်အား လက်မှတ်ထိုးရန် တောင်းဆိုသောအားဖြင့် ယူကရိန်းနိုင်ငံသား ၅၀၀၀၀ ခန့်က မြို့တော်ကိဗ်တွင် ယမန်နေ့က ဆန္ဒပြခဲ့ကြသည်ဟုသိရသည်။ ဆန္ဒပြစဉ်အတွင်း လူအချို့မှာ အစိုးရအဆောက်အဦးများအား ဖျက်ဆီးခဲ့သောကြောင့် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ၊ ရာဘာတုတ်များဖြင့် လူစုခွဲခဲ့သည်။ ထိုဆန္ဒပြပွဲအား အစိုးရအတိုက်အခံများက စီစဉ်ပြုလုပ်ခြင်းဖြစ်ပြီး ဥရောပ၏လွတ်လပ်စွာ ကုန်သွယ်မှုစာချုပ်ကို လက်မှတ်မထိုးမချင်း ဆက်လက်ပြုလုပ်သွားမည်ဟု သိရသည်။
    #MMedia_IntShortNews