News @ M-Media
Blog
  • နိုဝင်ဘာ ၂၅-အားကစားသတင်း စုစည်းမှု
    နိုဝင်ဘာ ၂၅ ၂၀၁၃
    M-Media
    Walcott
    – ဒဏ်ရာကြောင့် မျှော်လင့်ထားသည့်ထက်ပို၍ အနားယူခဲ့ရခြင်းကို စိတ်ပျက်မိပြီး မကြာခင်အချိန်အတွင်း အကောင်းဆုံးပုံစံဖြင့်ပြန်လာနိုင်ရန် မျှော်လင့်နေသည်ဟု အာဆင်နယ်အသင်း၏ အင်္ဂလန်တိုက်စစ်မှူး သီယိုဝေါလ်ကော့က ပြောကြားလိုက်သည်။ ဝေါလ်ကော့မှာ ဒဏ်ရာကြောင့် ပြီးခဲ့သည့် စက်တင်ဘာလကတည်းက အနားယူနေရသူဖြစ်ပြီး စနေနေ့က ဆောက်သက်တမ်အသင်းအား ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သောပွဲတွင် ဒုတိယပိုင်း၌ လူစားဝင်ကစားခဲ့သည်။
    – မန်ယူအသင်းအား ၂ ဂိုး စီသရေကျခဲ့သည့်ပွဲတွင် ပြသခဲ့သည့် အသင်း၏ခြေစွမ်းအား ကာဒစ်ဖ်အသင်း၏ နည်းပြဖြစ်သူ မာလ်ကီ မက်ကေးက ချီးကျူးပြောဆိုလိုက်သည်။ ထိုပွဲတွင် ကာဒစ်ဖ်အသင်းမှာ မန်ယူမှ ရူနီနှင့် အီဗရာတို့၏ ဂိုးဖြင့် နှစ်ကြိမ်တိုင်တိုင် ဦးဆောင်ခြင်းကိုခံခဲ့ရသော်လည်း ဖရေးဇာကမ်းဘဲလ်နှင့် ကင်မ်ဘိုကျုံတို့က အသင်းအတွက် အဖိုးတန်ချေပဂိုးများကို သွင်းယူပေးခဲ့သောကြောင့် တစ်ရေတစ်မှတ်ရရှိခဲ့ပြီး တန်းဆင်းဇုန် အထက်တွင် ၃ မှတ်အကွာဖြင့် ရှိနေသည်။
    – ရီးယဲလ်မက်ဒရစ်၏ ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုမှာ ကမ္ဘာ့ဘောလုံးသမိုင်းတွင် အလှည့်အပြောင်းတစ်ခုလာမည်ဟုရီးယဲလ်မက်ဒရစ်အားကစား ဒါရိုက်တာဖြစ်သူ မီးဂွဲ ပါဒါဇာက အဲလ်မာရီယာအား စနေနေ့က ၅ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သောပွဲအပြီးတွင် ပြောကြားခဲ့သည်။
    – အသင်းရှိ ဂိုးသမား ဗစ်တာဗားလ်ဒက်စ်၏ နေရာအားအစားထိုးရန် မလွယ်ကူဟု ဘာစီလိုနာအသင်း၏ အရန်ဂိုးသမားဖြစ်သူ ဟိုဆေးပင်တိုက ဂရန်ဒါနှင့်ပွဲအပြီးတွင်ပြောကြားခဲ့သည်။ ထို့ပြင် အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်သည့် ပင်တိုက ကစားသမားဘ၀မှ အနားယူရန် အဆင်သင့်မဖြစ်သေးဟု ထည့်သွင်းပြောကြားခဲ့သည်။ ဗားလ်ဒက်စ်မှာ ဒဏ်ရာကြောင့် အနားယူးနေရကာ ဘာစီလိုနာက ၄ ဂိုး ဂိုးမရှိဖြင့်အနိုင်ရခဲ့သော ဂရန်ဒါနှင့်ပွဲတွင် ပင်တိုမှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့သည်။
    – လာမည့်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကွင်းလယ်လူ ဆာမိခီဒီရာက မပါဝင်နိုင်ပါက ဂျာမနီအသင်းအတွက် ခါးသီးသော ဆုံးရှုံးမှုတစ်ခုဖြစ်လိမ့်မည်ဟု ဂျာမနီ၏ ဂန္တ၀င်ကစားသမားဖြစ်သူ ဂန်တာနတ်ဇာက ပြောဆိုလိုက်သည်။ ခီဒီရာမှာ မကြာမီက ကစားခဲ့သည့် အီတလီအသင်းနှင့် ခြေစမ်းပွဲတွင် ညာဘက်ဒူးခေါင်း အရွတ် စုတ်ပြဲဒဏ်ရာရရှိခဲ့ပြီး ကာလည်ကြာရှည်စွာ အနားယူရမည်ဖြစ်ကာ လာမည့်နှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း လွဲချော်ဖွယ်ရှိနေသည်။
    – ရီးယဲလ်မက်ဒရစ်သို့ပြောင်းရွှေ့ခြင်းမပြုမီ ရီးယဲလ်ကစားသမား ဟောင်းများဖြစ်ကြသည့် ဒေးဗစ်ဘက်ခမ်း၊ မိုက်ကယ်အိုဝင်၊ မက်မာနာမန်နှင့် ဂျိုနသန် ၀ုဒ်ဂိတ်တို့ထံမှ အကြံဥာဏ်များရယူခဲ့သည်ဟု ရီးယဲလ်အသင်း၏ ဝေးလ်တိုက်စစ်မှူး ဂါရက်ဘေးလ်က ဖွင့်ဟခဲ့သည်။ ဘေးလ်မှာ စပါးအသင်းမှ ရီးယဲလ်သို့ စံချိန်တင်ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀ ဖြင့် ပြီးခဲ့သည့်နွေရာသီက ပြောင်းရွှေ့သွားခဲ့ခြင်းဖြစ်သည်။
    – အသင်း၏ ၏ရည်ရွယ်ချက်ဖြစ်သည့် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရန်အတွက် အသင်းမှာ လာမည့်ဇန်န၀ါရီလတွင် လူအင်အားဖြည့်တင်းရန် လိုအပ်သည်ဟု အင်တာမီလန်အသင်း၏ ဘရာဇီးကစားသမား ဂျိုနသန်က ပြောကြားလိုက်သည်။ ထို့ပြင် ဘိုလော့ဂ်နာအသင်းအား ၁ ဂိုး စီသရေကျခဲ့သည့်ပွဲတွင် အသင်းအတွက်တစ်လုံးတည်းသောဂိုးအား သွင်းယူပေးခဲ့သည့် ဂျိုနသန်က အသင်းနည်းပြ မာတာရာဇီကိုလည်း ချီးကျူးပြောဆိုခဲ့သည်။
    – တိုက်စစ်မှူး မာရီယိုဂိုးမက်ဇ်မရှိသည့်ဒဏ်ကို အူဒီးနီးစ်နှင့်ပွဲတွင် ခံစားခဲ့ရသည်ဟု ဖီအိုရင်တီးနားအသင်း၏ နည်းပြဖြစ်သူ ဗင်စန်ဇို မွန်တဲလားက ပြောကြားလိုက်သည်။ ယမန်နေ့က ကစားခဲ့သည့် အဆိုပါပွဲတွင် ဖီအိုရင်တီးနားအသင်းမှာ ဘောလုံးပိုင်ဆိုင်မှု အသာရရှိခဲ့သော်လည်း ဂိုးအဖြစ်ပြောင်းလဲပေးမည့် တိုက်စစ်မှူးမရှိခဲ့သောကြောင့် အူဒီးနီးစ်အသင်းအား ၁ ဂိုး ဂိုးမရှိဖြင့် အရှုံးပေးခဲ့ရခြင်းဖြစ်သည်။ ထိုပွဲအရှုံးမှာ ဖီအိုရင်တီးနားအသင်းအတွက် စီးရီးအေ ဒုတိယမြောက်ရှုံးပွဲလည်းဖြစ်သည်။
    – နာပိုလီပရိတ်သတ်များအနေဖြင့် မနက်ဖြန်တွင်ကစားမည့် ဒေါ့မွန်အသင်းနှင့် ချန်ပီယံလိဂ်ပွဲစဉ်တွင် အသင်း၏တိုးတက်မှုများကို မြင်တွေ့ရမည်ဟု နာပိုလီအသင်း၏ ဆွစ်ဇလန်အလယ်တန်းလူ ဂေါ့ဟန်အင်လာက ပြောကြားလိုက်သည်။ နာပိုလီအသင်းမှာ စီးရီးအေတွင် ပါးမားအသင်းအား ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီး၊ ထိုရှုံးနိမ့်မှုမှာ တစ်နှစ်နီးပါးအတွင်း ပထမဆုံး စီးရီးအေ ရှုံးပွဲလည်းဖြစ်သည်။ ထို့ကြောင့် အသင်းအနေဖြင့် ပြောင်းလဲမှုများကို ပြုလုပ်ရန်လိုအပ်နေပြီး ဒေါ့မွန်အသင်းအား အဝေးကွင်းတွင် အနိုင်ကစားနိုင်မည်ဟု အင်လာက ယုံကြည်နေသည်။
  • နိုဝင်ဘာ၂၅-နိုင်ငံတကာ စုစည်းမှု
    နိုဝင်ဘာ၂၅-နိုင်ငံတကာ စုစည်းမှု
    နိုဝင်ဘာ-၂၅ ၂၀၁၃
    M-Media
    ထိုင်းဆန္ဒပြသူများ ဘဏ္ဍာရေးဝန်ကြီးဌာန အဆောက်အအုံအား သိမ်းပိုက်
    အခက်အခဲများနှင့် ရင်ဆိုင်နေရသော ၀န်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ထရာအား ဖြုတ်ချရန် အားထုတ်မှုကို အရှိန်မြှင့်လုပ်ဆောင်သောအားဖြင့် အစိုးရဆန့်ကျင်သူ ထောင်ပေါင်းများစွာတို့က ဘန်ကောက်ရှိ ဘဏ္ဍာရေးဝန်ကြီးဌာနရုံးအား ယနေ့တွင် သိမ်းပိုက်လိုက်ပြီး အခြားသော အစိုးရ အဆောက်အအုံများကိုလည်း ထိုကဲ့သို့ သိမ်းပိုက်သွားမည်ဟု ခြိမ်းခြောက်ပြောဆိုလိုက်သည်။
    ယင်းလပ်အစိုးရအား ဆန့်ကျင်သော ထိုဆန္ဒပြပွဲတွင် လူပေါင်း ၃၀၀၀၀ ခန့် ပါဝင်ခဲ့ကြပြီး စစ်တပ်နှင့် ရဲစခန်းများ၊ ရုပ်မြင်သံကြားဌာနများအပါအ၀င် ဘန်ကောက်မြို့အတွင်းရှိ နိုင်ငံပိုင်အဆောက်အဦး တစ်ဒါဇင်ကျော်ခန့်အား လှည့်ပတ် ဆန္ဒပြခဲ့သည်ဟု ရဲတပ်ဖွဲ့ ပြေကြားခဲ့သည်။ ထို့နောက် ဆူသပ် သောင်ဆူဘန် ဦးဆောင်သည့် ဆန္ဒပြသူ ရာပေါင်းများစွာက ဘဏ္ဍာရေးဝန်ကြီးဌာနရုံးအဆောက်အအုံအား ၀င်ရောက်သိမ်းပိုက်ကာ အလံလွှင့်ထူခြင်းများ၊ ကခုန်ခြင်းများပြုလုပ်နေကြသည်။
    ယမန်နေ့ကလည်း လူပေါင်း တစ်သိန်း ရှစ်သောင်းခန့်ရှိသည် လူအုပ်ကြီးမှာ အစိုးရအား ဆန့်ကျင်သောအနေဖြင့် မြို့တော်ဘန်ကောက်တွင် ဆန္ဒပြခဲ့ကြသေးသည်။
    Ref: channelnewsasia
    thai-protesters
    – ဆွစ်ဇာလန်နိုင်ငံရှိ အောက်ခြေ၀န်ထမ်းများနှင့် အထက်ပိုင်းအရာရှိများ၏ လုပ်ခလစာအား ညီမျှစေရန်အတွက် ဆိုရှယ်ဒီမိုကရတ်လူငယ်အဖွဲ့(JUSO)က တင်သွင်းသည့် ‘၁း၁၂ ၀င်ငွေညီမျှရေး’ အဆိုအား မဲခွဲဆုံးဖြတ်ခဲ့ရာ ပယ်ချခြင်းခံခဲ့ရပြီး၊ နိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များက အဆိုမှာ တိုင်းပြည်၏ စီပွားရေးအား ပျက်စီးစေနိုင်သည်ဟု သတိပေးပြောဆိုလိုက်သည်။ ၁း၂ ၀င်ငွေညီမျှရေးအစီအစဉ်က အထက်ပိုင်းအရာရှိများ၏ တစ်လ၀င်ငွေမှာ အောက်ခြေအလုပ်သမားများ၏ တစ်နှစ်စာဝင်ငွေထက်မကျော်ရဟု သတ်မှတ်ထားခြင်းဖြစ်သည်။
    – ဥပေဒဆိုင်ရာ ကာကွယ်မှု၊ နိုင်ငံရေးဆိုင်ရာ လုပ်ပိုင်ခွင့်နှင့် စီးပွားရေးဆိုင်ရာ လွတ်လပ်မှုတို့မှ တစ်ဆင့် အမျိုးသမီးတို့၏အခွင့်အရေးများကို ကာကွယ်သွားရန် အရှေ့မြောက်အာရှ နိုင်ငံများ၏ အမျိုးသမီးရေးရာ ကိုယ်စားလှယ်များက ယမန်နေ့တွင် ဆုံးဖြတ်ခဲ့ကြသည်။ ထိုဆုံးဖြတ်ချက်အား မွန်ဂိုလီးယားနိုင်ငံ Great Hural ပြည်နယ်ပါလီမန်အဖွဲ့ဝင်များက ဦးဆောင်ကာ ၂ ရက်ကြာ ကျင်းပသော အရှေ့မြောက်အာရှနိုင်ငံများ၏ အမျိုးသမီးပါလီမန်အမတ်များဖိုရမ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
    – ဟိုင်ယန်မုန်တိုင်းဒဏ်ခံပြည်သူများအား ပြန်လည်နေရာချထားလုပ်ငန်းများ လုပ်ဆောင်ရာတွင် အကူအညီများပို့ဆောင်ပေးရန်အတွက် အလွန်အသုံးဝင်သည့် C-130 လေယာဉ်နှစ်စင်းကို ထပ်မံရရှိခဲ့သည်ဟု ဖိလစ်ပိုင်စစ်တပ်မှ ပြောကြားခဲ့သည်။ ဖိလစ်ပိုင်စစ်တပ်မှာ C-130 လေယာဉ်သုံးစီးဖြင့်သာ အကူအညီပို့ဆောင်ရေးလုပ်ငန်းများကို လုပ်ကိုင်နေရပြီး ယခုအခါ စုစုပေါင်း ၅ စီးဖြစ်လာသောကြောင့် ပို့ဆောင်ရေးလုပ်များအား ပိုမိုဆောင်ရွက်နိုင်တော့မည်ဟု ဖိလစ်ပိုင်စစ်တပ် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
    – ၂၀၁၂ ခုနှစ်က အစိုးရ ဆန့်ကျင့်ရေး ဆန္ဒပြပွဲများအတွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးအား သတ်ရန် ကြိုးပမ်းခဲ့သည်ဟုဆိုက ဆန္ဒပြသူ ၁၂ ဦးအား ဘာရိန်းတရားရုံးမှ ထောင်ဒဏ် ၁၀ နှစ်ကျခံစေရန် အမိန့်ချမှတ်လိုက်သည်ဟု သိရသည်။ ထိုပြစ်မှုဖြင့် စုစုပေါင်း ၁၇ ဦးအား စွဲချက်တင်ထားခြင်းဖြစ်ပြီး ၁ ဦးအား ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ကာ အခြား ၄ ဦးအား တရားရုံးက တရားသေလွှတ်ပေးခဲ့သည်။ ၎င်းတို့အားလုံးကို နိုင်ငံအတွင်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန် တောင်းဆိုသော ၂၀၁၂ ခုနှစ် မေလက ပြုလုပ်ခဲ့သည့် ဆန္ဒပြပွဲတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
    – နိုင်ငံအတွင်း ဆယ်ဆုနှစ်သုံးခုအကြာ ဖြစ်ပွားခဲ့သည့် ပဋိပက္ခများအား ငြိမ်းချမ်းမည်ဆိုပါက အမေရိကန်နှင့် လုံခြုံရေးဆိုင်ရာ စာချုပ်အား လက်မှတ်ထိုးရန် သဘောတူမည်ဟု အာဖဂန် သမ္မတ ဟာမစ် ကာဇိုင်းက ပြောကြားလိုက်သည်။ မျိုးနွယ်စုခေါင်းဆောင်များ အစည်းအဝေး နောက်ဆုံးနေ့ဖြစ်သော ယမန်နေ့က ပြောကြားခဲ့ခြင်းဖြစ်ပြီး ကဘူလ်း-၀ါရှင်တန် လုံခြုံရေးဆိုင်ရာ အပြန်အလှန် သဘောတူညီချက်၏ ရလဒ်မှာ ငြိမ်းချမ်းရမည်ဟု ကာဇိုင်းက ထည့်သွင်းပြောကြားခဲ့သည်။
    – အင်ဒိုနီးရှားနိုင်ငံ ဆူမာတြားကျွန်း မြောက်ဘက်ရှိ မီးတောင် စီနာဘန်မှာ ယမန်နေ့က စတင်လှုပ်ခတ်လာသောကြောင့် ထိုတောင်ခြေရှိ ရွာမှ လူ  ၁၂၀၀၀ ထောင်အား ဘေးလွတ်ရာနေရာသို့ ယမန်နေ့ ကတည်းက စတင်ရွှေ့ပြောင်းပေးခဲ့ရပြီး ယခုအချိန်အထိ ထိုဒေသရှိ လူပေါင်း ၂ သောင်းကျော်အား ပြောင်းရွှေ့ပြီဖြစ်သည်ဟု အင်ဒို အာဏာပိုင်များက ယနေ့တွင်ပြောကြားလိုက်သည်။
    – အာဖဂန်နစ္စတန်မြောက်ပိုင်းရှိ Jauzjan ပြည်နယ်တွင် အဓိက တာလီဘန် တပ်မှူးတစ်ဦးအား စနေနေ့တွင် ဖမ်းဆီးရမိခဲ့သည်ဟု အာဖဂန် ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ မူလာဆိုဘာသွလ္လာ အမည်ရသည့် အဆိုပါ တာလီဘန် တပ်မှူးအား ပြည်နယ်အတွင်း အသေခံဗုံးခွဲမှု၊ လမ်းဘေးဗုံးထောင်မှုတို့ဖြင့် တရားစွဲဆိုသွားမည်ဟု သိရသည်။
    – ဗြိတိန်ပါလီမန်ရှိ ဥပဒေပြုအမတ်တစ်ဦးဖြစ်သူ ရှေ့နေချုပ် ဒိုမီနစ် ဂရီဗီက ဗြိတိန်ရှိ ပါကစ္စတန် လူ့အဖွဲ့အစည်းမှ လူအချို့မှာ ပါကစ္စတန်နိုင်ငံတွင် ချစားသော အသိုင်းအ၀ိုင်းမှ ဗြိတိန်သို့ လာရောက်အခြေချခြင်းဖြစ်သည်ဟု Daily Telegraph သတင်စာ၏ အင်တာဗျူးတွင် ပြောကြားခဲ့သည်။
    – ရုရှားနှင့် စီပွားရေးဆိုင်ရာ သဘောတူညီချက်အား ဂရုမထားဘဲ ဥရောပသမဂ္ဂ၏ လွတ်လပ်စွာကုန်သွယ်မှု သဘောတူညီချက်အား လက်မှတ်ထိုးရန် တောင်းဆိုသောအားဖြင့် ယူကရိန်းနိုင်ငံသား ၅၀၀၀၀ ခန့်က မြို့တော်ကိဗ်တွင် ယမန်နေ့က ဆန္ဒပြခဲ့ကြသည်ဟုသိရသည်။ ဆန္ဒပြစဉ်အတွင်း လူအချို့မှာ အစိုးရအဆောက်အဦးများအား ဖျက်ဆီးခဲ့သောကြောင့် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ၊ ရာဘာတုတ်များဖြင့် လူစုခွဲခဲ့သည်။ ထိုဆန္ဒပြပွဲအား အစိုးရအတိုက်အခံများက စီစဉ်ပြုလုပ်ခြင်းဖြစ်ပြီး ဥရောပ၏လွတ်လပ်စွာ ကုန်သွယ်မှုစာချုပ်ကို လက်မှတ်မထိုးမချင်း ဆက်လက်ပြုလုပ်သွားမည်ဟု သိရသည်။
    #MMedia_IntShortNews
  • အကြမ်းဖက်မှုကြောင့် ဒုက္ခသည်စခန်းရောက် မွတ်စလင်မ် ကလေးငယ်များ အစိုးရကျောင်းများတွင် ပညာသင်ခွင့် မရ၊ ဘာသာရေးကျောင်းများတွင်သာ ဖြစ်သလို သင်ကြားနေရ
    နိုဝင်ဘာ-၂၅ ၂၀၁၃
    M-Media
    4ccfd2d23bd3b727430f6a7067007634
    မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်ရှိ စစ်တွေမြို့တွင် ဗုဒ္ဓဘာသာဝင် လူအုပ်စုကြီးက ရိုဟင်ဂျာမွတ်စလင်များအား အကြမ်းဖက် တိုက်ခိုက်မှုများပြုလုပ်ခဲ့မှုမှာ တစ်နှစ်ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး အစိုးရကလည်း ရိုဟင်ဂျာများအား သီးခြားခွဲထားခြင်းကြောင့် ရိုဟင်ဂျာကလေးငယ်များမှာ ၎င်းတို့၏ ရှည်ကြာလှသည့် နေ့များအား ဖုန်ထူသော ဒုက္ခသည်စခန်းများတွင် ကုန်ဆုံးနေကြရသည်။
    ထို့ပြင် ရိုဟင်ဂျာကလေးငယ်များအား အစိုးရကျောင်းများတွင် ပညာသင်ကြားရန် ခွင့်မပြုသောကြောင့် စစ်တွေမြို့ဆင်ခြေဖုံးဒေသရှိ ယခင်က အစ္စလာမ်ဘာသာရေးပညာရပ်များ သင်ကြားပို့ချခဲ့သော မဒ်ရာဆာကျောင်းများတွင် ရိုဟင်ဂျာလူမျိုး ကလေးသူငယ်များမှာ မြန်မာနှင့် အင်္ဂလိပ်ဘာသာရပ်တို့အား စုပြုံတိုးဝှေ့ သင်ယူနေရသည်။
    ထိုကျောင်းများ၌ အချို့နေ့များတွင် ကျောင်းသား၊ ကျောင်းသူပေါင်း တစ်ထောင်ကျော်ခန့် လာရောက်သင်ကြားကြပြီး ၎င်းတို့၏ မိဘများက ကလေးငယ်များ စာအံ့သံများကို ကြားရသည့်နေရာတွင် ထိုင်စောင့်နေကြရသည်။
    ပျက်စီးယိုယွင်းနေသော အဆောက်အဦးရှိ သစ်သားကြမ်းခင်းများတွင် ကလေးငယ်များမှာ ပြွတ်သိပ်စွာ ပညာသင်ကြားရပြီး၊ ဆူညံမှုများကို လျော့ကြစေရန် ဆရာများက ကြိမ်လုံးများကိုင်ကာ လှည်လည်ကြည့်ရှုကြရသည်။
    ထိုမဒ်ရာဆာ စာသင်ကျောင်းများမှာ ပြင်ပမှ မည်သည့်ထောက်ပံမှုမှမရဘဲ၊ ထိုကျောင်းတွင် ပညာသင်ကြားပေးနေသော ဆရာ၊ ဆရာမများနှင့် ၀န်ထမ်းများမှာလည်း မည်သည့် အခကြေးငွေမှ မရရှိပေ။ ထို့ပြင် ပြဌာန်းစာအုပ်များ ပြတ်လပ်မှုကြောင့် ၎င်းတို့မှာ အခြေခံပြဌာန်းစာအုပ်များ ရရှိရန်အတွက်ပင် ရုန်းကန်နေကြရသည်။
    “ကျွန်တော်တို့ နိုင်သလောက် လုပ်နေကြတာပါ။ ဒါပေမယ့် ဒါ(ပညာသင်ကြားမှု) ဟာ အားလုံးနီးပါး မဖြစ်နိုင်ပါဘူး။ အထူးသဖြင့် အသက်အရွယ်ကြီးနေတဲ့ ကလေးတွေ အတွက်ပေါ့။ ဒါပေမယ့် ကျွန်တော်တို့ တိုးတက်မှု အနည်းငယ်ကိုတွေ့ရပါတယ်။ တချို့ကလေးတွေဟာ သူတို့ရဲ့ အမည်တွေကို ရေးတတ်လာပြီး၊ ရေတွက်မှုကိုလည်း ပြုလုပ်နိုင်လာပါပြီ” ဟု ကျောင်းသား ၆၅ ဦးအား ပညာသင်ကြားပေးနေသည့် အဌမတန်းထိ ပညာသင်ကြားခဲ့သော ဆရာဖြစ်သူ အန်ဝါရ်က ပြောကြားခဲ့သည်။
    ရခိုင်ပြည်နယ်၏ မြို့တော်ဖြစ်သည့် စစ်တွေမြို့တွင် ယမန်နှစ်အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး၊ ထိုမှတစ်ဆင့် ပြည်နယ်တစ်ဝှမ်းလုံးသို့ ပျံ့နှံ့ကူးစက်ခဲ့သည်။ ထို အကြမ်းဖက် တိုက်ခိုက်မှုများအတွင်း ရိုဟင်ဂျာများမှာ ပစ်မှတ်ထားသတ်ဖြတ်ခြင်းခံကြရပြီး လူဦးရေ ၂၄၀ ခန့် သေဆုံးခဲ့ကာ ရိုဟင်ဂျာလူမျိုး ၂ သိန်း ၄ သောင်းကျော်မှာလည်း အိုးအိမ်များကိုစွန့်ကာ ထွက်ပြေးခဲ့ကြရသည်။
    AP
  • အိုအိုင်စီ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွင် အစ္စလာမ်ကို စော်ကားသည့် ကိစ္စ မလေးရှား မွတ်စလင်မ်များ ဆန္ဒပြမည်။
    နိုဝင်ဘာ- ၂၅ ၂၀၁၃
    M-Media
    20131125_154658
    မြန်မာအစိုးရ၏ ဖိတ်ကြားချက်ဖြင့် တရားဝင်လာရောက်ခဲ့သော အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ေ၇းအဖွဲ့( အိုအိုင်စီ) အား ကန့်ကွက် ဆန္ဒပြသူ အချို့မှ ဆန္ဒပြခြင်းကို အကြောင်းပြုပြီး အစ္စလာမ်သာသနာကို မဟုတ်မမှန် စွပ်စွဲပုတ်ခတ်ကာ စော်ကားရေးသားနှင့် ပတ်သက်ပြီး မလေးရှားနိင်ငံမှ မွတ်စလင်မ်များမှ ကန့်ကွက်သည့် ရှုတ်ချသည့် ဆန္ဒပြပွဲကို လာမည့် သောကြာနေ့ နိုဝင်ဘာ(၂၉)ရက်နေ့တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
    မြန်မာနိုင်ငံသို့ OIC ခေါင်းဆောင်များ လာရောက်လေ့လာသည် ကို ဆန့်ကျင်သည့် ဆန္ဒပြပွဲ ကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလ (၁၅) ရက်နေ့တွင် ရန်ကုန်မြို့ အပါအဝင်မြို့ကြီး များ ၌ ဗုဒ္ဓဘာသာရဟန်းများ ဦးစီးကာ ကျင်းပခဲ့သည်။ ထိုသို့ကျင်းပရာတွင် ကိုင်ဆောင် သည့် vinyl ပိုစတာများတွင် “သားဖောက်နှုန်းမြန် အစ္စလာမ် တိရိစ္ဆာန်ဝါဒ ဆန့်ကျင်ကြ” ဟူသော စာသားများလည်းပါဝင်ခဲ့သည်။ ယင်းစာသားသည် OIC ခေါင်းဆောင်များ လာရောက်လေ့လာမှုကို ဆန့်ကျင်သည့် စာသားမဟုတ်ဘဲ၊ အစ္စလာမ် ဘာသာကို ပြင်းထန်စွာ စော်ကားခြင်းသာ ဖြစ်သည် ဟု မလေးရှားရှိ NGO အဖွဲ့အစည်းအတော် များများ က ခံယူကြသဖြင့် လာမည့်သောကြာနေ့ (၂၉.၁၁.၂၀၁၃) ဝတ်ပြုမှု အပြီး တွင် မလေးရှား နိုင်ငံသားတို့ ထူထောင်ထားသည့် NGO အဖွဲ့အစည်းများမှ ဦးဆောင်ကာ Ampang Park, Kuala Lumpur, Malaysia ရှိ Tabung Haji ဗလီဝတ်ကျောင်းတော်ရှေ့ တွင် ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြမည် ဖြစ်ကြောင်း ယနေ့ (၂၅.၁၁.၂၀၁၃) မလေးရှား ရှိ လူမှုရေးအဖွဲ့အစည်းကြီး တစ်ရပ်ဖြစ်သော MAPIM(Malaysian Consultative Council of Islamic Organization) မလေးရှားနိုင်ငံ အစ္စလာမ့်အဖွဲ့အစည်းဆိုင်ရာ အတိုင်ပင်ခံကောင်စီ (မလေးရှား) ရုံးချုပ်တွင် ပြုလုပ်သော ဆန္ဒပြပွဲ အကြိုသတင်းစာ ရှင်းလင်းပွဲ ၌ ကြေညာသွားကြောင်း သတင်းရရှိပါသည်။
    sittwe 2013
    အဆိုပါ ဆန္ဒပြပွဲအား မလေးရှားရှိ လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်း ကာ The Coalition Against Religious Extremism in Myanmar (CAREM) အမည်ဖြင့် ပြုလုပ်မည်ဖြစ်ပြီး၊ မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာရဟန်းများမှ အစ္စလာမ် ဘာသာ အား စော်ကားသည် ကို ဆန့်ကျင်ရှုတ်ချ သည့်အနေဖြင့်ပြုလုပ်မည် ဖြစ်ကြောင်း CAREM အကြီးအကဲတစ်ဦးလည်းဖြစ်၊ MAPIM ဥက္ကဋ္ဌကြီးတစ်ဦး လည်း ဖြစ်သော Mr Cikgu Mohammad Azmi Abdul Hamid က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
    အဆိုပါ ဆန္ဒပြပွဲ အား ငြိမ်းချမ်းစွာပြုလုပ် ရန်နှင့်၊ အခြား ဘာသာသာသနာ၊ လူမျိုး ကို မှ ထိပါးသည့် ပိုစတာများ၊ ကြွေးကြော်သံများ မပြုလုပ်ရန်၊ အဘယ်ကြောင့်ဆိုသော် အစ္စလာမ်ဘာသာ ဝင်များ အနေဖြင့် မိမိတို့ဘာသာသာသနာ အစော်ကားခံရသည်ပင်ဖြစ်လင့် ကစား၊ အခြားဘာသာသာသနာ အား ပြန်လည် လက်တုန့်ပြန်စော်ကားရန် ခွင့်မပြုကြောင်း၊ မိမိတို့ သာသနာ ရိုင်းပြစွာစော်ကားခံရသည် ကို ကမ္ဘာ သိအောင် ပြုလုပ်ရန် လိုကြောင်း၊ ယင်းသို့သော ရိုင်းပြစော်ကားမှုမျိုး နောက်ထပ် မပေါ်ပေါက်စေရန် မိမိတို့ CAREM မှ လိုလားကြောင်း လည်း ပြောကြားခဲ့သည်။ ဆန္ဒပြပွဲ အပြီးတွင် ဆန္ဒပြပွဲ ထုတ်ပြန်ချက် (Memorandum of Protest) အား မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ မြို့ရှိ မြန်မာသံရုံးသို့ CAREM ကိုယ်စားလှယ် များ မှ သွားရောက်ပေးအပ်မည်ဖြစ်ပြီး၊ ကမ္ဘာ့ကုလသမဂ္ဂ အပါအဝင်၊ အာဆီယံ၊ OIC နှင့် အခြား အဖွဲ့အစည်းများ နှင့် မွတ်စ်လင်မ်နိုင်ငံ များသို့ မိတ္တူပေးပို့ သွားမည် ဖြစ်ကြောင်း Mr Cikgu Mohammad Azmi Abdul Hamid က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
    အိုအိုင်စီ ကိုယ်စားလှယ်အဖွဲ့ကို ဆန့်ကျင်ဆန္ဒပြခြင်းကို အကြောင်းပြုပြီး အစ္စလာမ်သာသနာကို စော်ကားသည့် အသုံးအနှုန်းများ အသုံးပြုမှုကို အစ္စလာမ့်အဖွဲ့အစည်းဆိုင်ရာ အတိုင်ပင်ခံကောင်စီ (မလေးရှား) – Malaysian Consultative Council for Islamic Organization (MAPIM) ရှုံချသည့် ကြေညာချက်တစ်စောင်ကို ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာ ၁၆ ရက် ရက်စွဲကို ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။ Link
    သတင်းစာရှင်းလင်းပွဲ တွင် ထုတ်ပြန်ခဲ့သည့် CAREM ပူးတွဲကြေညာချက် (Joint Statement) အား ပူးတွဲတင်ပြလိုက်ပါသည်။
    mapim1 mapim2
  • တစ်ပါတ်အတွင်း သိပ္ပံနှင့် နည်းပညာ သတင်းများ (M-Media Tech ကဏ္ဍ)
    တစ်ပါတ်အတွင်း သိပ္ပံနှင့် နည်းပညာ သတင်းများ (M-Media Tech ကဏ္ဍ)
    နိုဝင်ဘာ- ၂၅ ၂၀၁၃
    M-Media
    စုစည်းတင်ဆက်သူ- daythanix
    သူလျို drone လေယာဉ်သစ် က ရေဒါတွေကို နှောက်ယှက်နိုင်
    အမေရိကန်က Northrop Grumma ကုမ္ပဏီ က ထုတ်လုပ်လိုက်တဲ့ မောင်းသူမဲ့ drone လေယာဉ်ဟာ ရေဒါမှာ မတွေ့ရနိုင်တဲ့ သူလျိုလေယာဉ်ပုံစံ ဖြစ်ပါတယ်။ ဒီ drone ကို လင်းနို့လို့ အမည်ပေးထားပါတယ်။ ရည်ရွယ်ချက် အားဖြင့် စုံစမ်းထောက်လှမ်းရေး အပြင် တိုက်ပွဲကာလတွေမှာ ရန်သူရဲ့ ရေဒါတွေ အသုံးပြုမရအောင် jam လုပ်ပစ်နိုင်တဲ့ ကိရိယာတွေ တပ်ဆင်ထားပါတယ်။ ဒါကြောင့် သာမန် တိုက်လေယာဉ်တွေနဲ့ တိုက်ချင်းပစ် ဒုံးပျံတွေ ရန်သူ့ နယ်မြေထဲကို အလွယ်တကူ ဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်။
    bat
    ____________________________________________________
    နည်းပညာသစ်  ရဟတ်ယာဉ် Volocopter 
    လျှပ်စစ် ဂျာမဏီ နိုင်ငံKarlsruhe မြို့ ကe-volo ဆိုတဲ့ ကုမ္ပဏီ ကVolocopter လို့ အမည်ပေးထားတဲ့ ရဟတ်ယာဉ် တစ်မျိုးကို ထုတ်လုပ်လိုက်ပါတယ်။ ရဟတ်ယာဉ်ကို လျှပ်စစ်မော်တာ ၁၈လုံးနဲ့ မောင်းနှင်တာ ဖြစ်တဲ့ အတွက် သာမန် ရဟတ်ယာဉ်များနဲ့ မတူတာကတော့ ဆူညံသံ မရှိခြင်း နဲ့ တုန်ခါမှုများ မရှိခြင်း ပဲ ဖြစ်ပါတယ်။ နှစ်ယောက်စီး ရဟတ်ယာဉ်ဟာ စုစုပေါင်း ၄၅၀kg အလေးချိန် သယ်ဆောင်နိုင်ပြီး တစ်နာရီ ၁၀၀km နှုန်း မောင်းနိုင်ပါတယ်။  ဘက်ထရီအားကလည်း အားဖြည့်ထားရင် တစ်နာရီစာ သုံးနိုင်မှာဖြစ်ပါတယ်။
    volocopter
    ____________________________________________________
    စွမ်းအင်မြင့်မားတဲ့ နူထရီနို ဖမ်းယူ တိုင်းထွာနိုင်ခဲ့တဲ့ သုတေသန
    တောင်ဝင်ရိုးစွန်းမှာ တည်ဆောက်ထားတဲ့ The IceCube Neutrino Observatory မှာ စွမ်းအင်မြင့်မားတဲ့ နူထရီနို ၂၈ခု ကို ဖမ်းယူ တိုင်းထွာနိုင်ခဲ့ပါတယ်။ ဒီ ၅၀ teraelectronvolts (TeV) ရှိတဲ့ နူထရီနို တွေရဲ့ စွမ်းအင်အရ ၎င်းတို့ဟာ နေအဖွဲ့အစည်းရဲ့ပြင်ပကနေ လာတယ် ဆိုတာ သိရှိနိုင်ခဲ့ကြပါတယ်။ IceCube  သုတေသန ဌာနမှာ နူထရီနို  ဖမ်းယူတဲ့ ကိရိယာလေးပေါင်း ၅၁၆၀ ကို ရေခဲပြင်အောက်မှာ စတီးကြိုးများနဲ့ ချိတ်ဆွဲထားပြီး နူထရီနိုများ ရေခဲပြင် ကို ဖြတ်သန်းစဉ် ထွက်ပေါ်လာတဲ့ အလင်းမှုန်ကို တိုင်းထွာတာ ဖြစ်ပါတယ်။
    icecube lab
    ____________________________________________________
    ကယ်ဆယ်ရေး လုပ်နိုင်မယ့် စက်ရုပ်
    Atlas လို့ အမည်ပေးထားတဲ့ စက်ရုပ်ကို Boston Dynamics က ဘေးအန္တရာယ်ကျရောက်တဲ့အခါ လူတွေသွားလာဖို့ ခက်ခဲတဲ့ နေရာတွေမှာ ကယ်ဆယ်ရေး လုပ်နိုင်အောင် ရည်ရွယ် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ၆ ပေ ၂ လက်မ အမြင့်ရှိပြီး ၃၃၀ ပေါင်လေးတဲ့ ဒီ စက်ရုပ်ဟာ ဦးခေါင်းပိုင်းမှာ ကင်မရာ နှစ်လုံးအပြင် sensor ကိရိယာ မျိုးစုံ တပ်ဆင်ထားပါတယ်။ လက်မှာတော့ လိုအပ်တဲ့ ကိရိယာ မျိုးစုံကို လိုအပ်ချက်အလိုက် တပ်ဆင် အသုံးပြုရမှာ ဖြစ်ပါတယ်။ သွားလာလှုပ်ရှားဖို့ အဆစ်ပေါင်း ၂၈ခုနဲ့ တည်ဆောက်ထားပြီး မညီညာတဲ့ နေရာတွေ လှေခါးတွေ တက်နိုင်မှာ ဖြစ်ပါတယ်။ အခုလို တည်ဆောက်ပြီးစီး သွားပေမယ့် ဒီစက်ရုပ်ကို အလုပ်လုပ် ခိုင်းစေနိုင်ဖို့ software မရေးရသေးပါဘူး။ ဒီsoftware ကို ပြိုင်ပွဲတစ်ခုအဖြစ် ဒီဇင်ဘာလမှာMIT နှင့် Virginia Tech ကဲ့သို့ တက္ကသိုလ်များက ယှဉ်ပြိုင် ရေးပေးကြမှာ ဖြစ်ပါတယ်။
    bot
    _____________________________________________________
    တရုတ်နိုင်ငံရဲ့ လသွား အာကာသယာဉ် ဟာ LADEE အာကာသယာဉ် ကို အနှောက်အယှက် ဖြစ်လာနိုင်
    ဒီဇင်ဘာလ ပထမပါတ်လောက်မှာ ပစ်လွှတ်ဖို့ စီစဉ်ထားတဲ့ တရုတ်နိုင်ငံရဲ့ လသွားအာကာသယာဉ် Chang’e 3 ဟာ လက်ရှိ လပါတ် လမ်းကြောင်းထဲမှာ လရဲ့ လေထုလွှာ ပါးပါးထဲက ဖုန်မှုန်တွေကို လေ့လာနေတဲ့ အမေရိကန် LADEE သုတေသနကို အနှောက်အယှက် ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ လူမဲ့ လဆင်းယာဉ် Chang’e 3 ဟာ လမြေပြင်ပေါ်ဆင်းသက်ပြီး သယ်ဆောင်လာတဲ့ အဝေးထိန်း ကားငယ်လေးနဲ့ မြေပြင်ကို လေ့လာမှာ ဖြစ်ပါတယ်။
    chang'e3
    ______________________________________
    ဖူကူရှီးမား လောင်စာချောင်းများကို စတင် ဖယ်ထုတ်
    ဂျပန်နိုင်ငံ ဖူကူရှီးမား ညူကလီးယား ဓါတ်ပေါင်းဖိုမှာ ဆူနာမိဘေးအန္တရာယ်ကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် စက်ရုံပိတ်သိမ်း နိုင်ဖို့ လုပ်ဆောင်တဲ့ အဆင့်များထဲမှ အန္တရာယ် အကြီးဆုံး အဆင့် ဖြစ်တဲ့ လောင်စာချောင်းများကို ဖယ်ထုတ်တဲ့ အဆင့်ကို စတင်လိုက်ပြီလို့ သိရပါတယ်။ ဒီ လောင်စာချောင်း ၁၅၀၀ ကျော်ကို ဆယ်ယူဖို့ တစ်နှစ်ကြာမယ်လို့ ခန့်မှန်းထားပါတယ်။
    fukhshima