News @ M-Media

Blog

  • တောင်ထိပ်တခု၏ ရှုပ်ထွေးမှု (သို့) မြန်မာပြည်ရဲ့ အမြင့်ဆုံးတောင်ရဲ့ အမြင့်ပုစ္ဆာ

    နိုဝင်ဘာ-၂၅ ၂၀၁၃
    M-Media

    အမေရိကန်-မြန်မာ တောင်တက်အဖွဲ့မှ ကချင်ပြည်နယ်မြောက်ပိုင်းရှိ ဂမ်လန်ရာဇီ(Gamlang Razi) တောင်ထိပ်သို့ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့သည်။

    blog3e
    အမြင့် ၅,၆၇၀ မီတာကျော်ရှိပြီး မည်သူမှ မရောက်ဖူးသေးသော နှင်းများဖုံးနေသည့် တောင်ထိပ်သို့  ၂ ပတ်ကြာ တောလမ်း ခရီးကြမ်းများကို ဖြတ်သန်းလျက် နောက်ထပ် တစ်ပတ်တာခန့်အသုံးပြုပြီး မီတာအနည်းငယ် ထပ်မံတက်ရောက်ရသည်မှာ ထူးဆန်းသောအငြင်းပွားဖွယ် ကိစ္စတော့မဟုတ်ပေ။ သို့သော် ထိုတောင်ထိပ်သည် နိုင်ငံအတွင်း အမြင့်ဆုံး သို့ ဒုတိယအမြင့်ဆုံးအဖြစ် စာရင်းသတ်မှတ်မည်ဆိုလျှင် အငြင်းပွားဖွယ်ဖြစ်လာပေသည်။

    ပြီးခဲ့သည့်လ အမေရိကန်-မြန်မာ ပူးပေါင်း တောင်တက်အဖွဲ့သည် မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်ရှိ ဂမ်လန်ရာဇီတောင်မှ ပြန်လာပြီးနောက်တွင် ခါခါဘိုရာဇီတောင်သည် မြန်မာနိုင်ငံ၏ အမြင့်ဆုံးတောင်တန်း မဟုတ်ကြောင်း  မိမိတို့မှ သက်သေပြနိုင်ခဲ့ပြီဟု တောင်တက်သမားများက ဆိုသည်။

    ဟိမ၀န္တာ(Himalayas) တောင်ကြော၏ အရှေ့ဘက်စွန်းနေရာ မြန်မာ နှင့် တရုတ်နယ်စပ်တွင် တောင်ထွဋ်နှစ်ခု တည်ရှိနေသည်။ ထိုနေရာအား တောင်တက်လေ့လာရေး အဖွဲ့မှ ကမ္ဘာ့နောက်ဆုံးစာရင်းဝင် တက်ရောက်နိုင်သောတောင် တစ်ခုအဖြစ် မီးမောင်းထိုးပြခဲ့ပြီဖြစ်သည်။ ထိုခရီးကား ကြမ်းတမ်း၍ ဝေးလံလှသည်။ ထို့အတူ ခွင့်ပြုမိန့်နှင့်လုံခြုံမှုများ ရရှိရန် မလွယ်ကူပေ။ လူသူအရောက်အပေါက်နည်းပြီး၊ အခြေခံလိုအပ်ချက်များနှင့် သတင်းများရရှိရန် ကင်းမဲ့နေသောကြောင့် အခက်အခဲများအနက် အကြီးမားအပြင်းထန်ဆုံးဖြစ်သည်။blog2e
    ပထမတန်း(ဘယ် မှ ညာ): Mark Fisher, Pyae Phyo Aung, Molly Tyson
    နောက်တန်း(ဘယ် မှ ညာ): Eric Draft, Andy Tyson, Chris Nance

    ဂမ်လန်ရာဇီတောင်ထိပ်တွင် ၂ မီတာပတ်လည်အတွင်း အတိအကျ တိုင်းထွာနိုင်သော Global Positioning Satellite (GPS) လက်ဆွဲကိရိယာကို အသုံးပြုပြီး ဖတ်ကြားစေရာ  တောင်၏အမြင့် သည် ၅,၈၇၀ မီတာ ရှိနေကြောင်းတွေ့ လိုက်ရသည်။

    ၁၉၂၅ ခုနှစ်တွင် တြိဂံနည်းပညာသုံး မြေပြင်စံနစ်(Triangulation Survey)ဖြင့် ခါကာဘိုရာဇီတောင်အား တိုင်းတာခဲ့သော  ၅,၈၈၁ ပေ ထက် နိမ့်နေကြောင်း တွေ့ရသည်။ ထိုစဉ်က တိုင်းတာမှုအရ ခါကာဘိုရာဇီတောင်သည် မြန်မာနိုင်ငံသာမက အရှေ့တောင်အာရှတွင် အမြင့်ဆုံးတောင်တန်းအဖြစ် စာရင်းဝင်ခဲ့သည်။

    သို့သော်လည်း တောင်တက်အဖွဲ့ကမူ သူတို့ ရရှိသော အချက်အလက်အားလုံးက ခါကာဘိုရာဇီတောင်သည် ယခင်ကမှတ်တမ်း တင်ထားသည့် အမြင့်ထက် ထင်ရှားစွာ နိမ့်နေသည်ဟု ပြသနေကြောင်း ဆိုခဲ့သည်။

    ထို့သို့ပြာကြားချက်သည် မြန်မာပြည်သူတော်တော်များများကို မတုန်လှုပ်စေခဲ့ပေ။ ပြည်တွင်းမီဒီယာမှလည်း ထိုအကြောင်း အရာအား ဦးစားပေးဖော်ပြမှု သိပ်မရှိကြချေ။ မြန်မာနိုင်ငံရှိ ပြည်သူများသည် ခါကာဘိုရာဇီတောင်သည်သာ အမြင့်ဆုံးတောင်အဖြစ် ကလေး ဘ၀ကတည်းက သင်ကြား မှတ်ယူလာခဲ့ရသူများဖြစ်သည်။

    မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်သည်ပင်လျှင် တောင်တက်အဖွဲ့အား ဂုဏ်ပြုရာ၌ မြန်မာနိုင်ငံ၏ ‘ဒုတိယအမြင့်ဆုံးတောင်’ ဟုသာ သုံးနှုန်းပြောဆိုခဲ့သည်။

    အသက် ၃၁ နှစ်အရွယ် ပြည့်ဖြိုးအောင်သည် အမေရိကန်နိုင်ငံသား လေးဦးနှင့်အတူ လိုက်ပါခဲ့သည့် တစ်ဦးတည်းသော မြန်မာ လူမျိုးဖြစ်ပြီး၊ မြန်မာတောင်တက်သမားများ အနက် ဂမ်လန်ရာဇီတောင်ထိပ်သို့ ပထမဆုံး တက်ရောက်နိုင်ခဲ့သူဖြစ်သည်။ “ မီဒီယာများက ကျွန်တော်တို့ရဲ့ တောင်တက်ခရီးစဉ်ကိုသာ စိတ်ဝင်စားကြတယ်။ ကျွန်တော်တို့ပြောနေတဲ့ ဂမ်လန်ရာဇီဟာ ခါကာဘိုရာဇီထက်မြင့်မားနေတယ် ဆိုတဲ့အချက်ကို စိတ်မ၀င်စားကြဘူး။ ဘာလို့လဲဆိုတော့ သူတို့ရဲ့အသိထဲ ခါကာဘိုရာဇီသာ အမြင့်ဆုံးလို့ အရိုးစွဲယုံကြည်ထားကြလို့ပဲ ” ဟု သူမှ The Straits Times သို့ပြောကြားခဲ့သည်။

    လမ်းပြလုပ်ဆောင်ရာမှ စီးပွားရေးသမား တစ်ဦးဖြစ်လာသူ အီဒါဟို (Idaho)မှ အသက် ၄၅ နှစ်အရွယ် တောင်တက် အဖွဲ့ခေါင်းဆောင် အန်ဒီ တိုင်ဆင်(Andy Tyson) က The Straits Times သို့ ဖုန်းမှတစ်ဆင့် “ ကျွန်တော်တို့ ခါကာဘိုရာဇီရဲ့အမြင့်ကို သေချာမတိုင်းခဲ့ရပေမယ့် ဂမ်လန်ရာဇီရဲ့အမြင့်ကိုတော့ တိတိကျကျတိုင်းတာလာခဲ့ပါတယ်။ သူရဲ့အမြင့်ဟာ လက်ရှိခါကာဘိုရာဇီတောင်အမြင့်ကို မှတ်တမ်းတင်ထားချက်ထက် ၁၀ မီတာ ပိုနေပါတယ် ” ဟူ၍ ဆိုသည်။

    ၁၉၂၅ ခုနှစ်မှစတင်ကာ သိပ္ပံနည်းပညာအရ ခါကာဘိုရာဇီ၏ အမြင့်အား အမျိုးမျိုးပြောင်းလဲပြောဆိုခဲ့ကြကြောင်း၊ သို့ပေမယ့် ၄င်း၏အစဉ်လာနှင့်ဒဏ္ဍာရီ ဆန်သောစကားများကြောင့် အမြင့်ဆုံးဟု စွဲမြဲယုံကြည်နေဆဲဖြစ်ကြောင်း
    “ ဒါပေမယ့် ကျွန်တော်တို့ ဂမ်လန် အမြင့်ကို သိရှိ ရသလို တိကျသေချာမှုမျိုး ခါကာဘိုရာဇီရဲ့အမြင့်ကို မသိထားကြတာတော့အမှန်ပဲ ” ဟု တိုင်ဆန်က ပြောကြားခဲ့သည်။

    ပြည့်ဖြိုးအောင်ကမူ “ တကယ်လို့ အမှန်တိုင်း သိချင်ရင်တော့ ခါကာဘိုရာဇီကို ကျွန်တော်တို့ တက်ဖို့လိုလိမ့်မယ် ” ဟူ၍ ပြောဆိုပါသည်။

    ခါကာဘိုရာဇီတောင်အား ပထမဆုံး တက်ရောက်ခဲ့သူမှာ ဂျပန်နိုင်ငံမှ တာကာရှီ အိုဇာကီ(Takashi Ozaki) နှင့် မြန်မာ နိုင်ငံမှ ငြင်းမ ဂိုင်းလ်ဆန်(Niyma Gyaltsen) တို့ဖြစ်ပြီး ၁၉၉၆ ခုနှစ်က တက်ရောက်ခဲ့ခြင်းဖြစ်သည်။ ၄င်းနောက် အတွေ့အကြုံများပြား၍ ခြေကုန်လက်ပန်းကျနေသည့် ယင်းဂျပန်လူမျိုးမှ “ ကမ္ဘာတွင် တက်ရ အခက်ခဲဆုံးနှင့် အန္တရာယ်အများဆုံးသောတောင် တစ်ခုဖြစ်သည် ” ဟု ဖွဲ့ဆိုခဲ့သည်။

    ထိုအချိန်မှစကာ မည်သည့်တောင်တက်သမားမှ တောင်ထိပ်ပေါ်သို့ရောက်အောင် တက်ရောက်နိုင်ခြင်း မရှိခဲ့ပေ။
    ထို့ကြောင့် ငွေကုန်ကြေးကျခံနိုင်မည့် တောင်တက်အဖွဲ့တစ်ခုအား ထပ်မံစေလွှတ်နိုင်ပါက အမြင့်ပေပုစ္ဆာအတွက် အဖြေသည် များမကြာမီထွက်ပေါ်လာနိုင်စရာအကြောင်းရှိသည်။ Associated Press မှ လက်ရှိလုပ်ဆောင်နေဆဲဖြစ်သော ဂျာမနီ၏မြေပုံရေးဆွဲမှုစီမံချက်သည် ခါကာဘိုရာဇီ၏ အမြင့်ပုစ္ဆာအား ဖြေရှင်းပေးနိုင်လိမ့်မည် ဟု ယူဆကြောင်း ဆိုသည်။ နောက်တစ်နှစ်တွင် အဖြေများကို သိရမည်ဖြစ်သည်။

    အန်ဒီ တိုင်ဆန်က ဂမ်လန်ရာဇီ သည် ပို၍မြင့်မားကြောင်းပြောကြားရာတွင် မသေချာမှု အနည်းငယ်ဖြစ်နေခဲ့သည်။ သို့သော် သူက ရယ်ရယ်မောမောဖြင့် “ ဒါဟာ အရေးကြီးတဲ့အရာလား၊ အဲလောက်လဲ အရေးမကြီးပါဘူး။ ဒါပေမယ့် စိတ်ဝင်စားစရာအချက်တစ်ခုရှိတယ်။ ကျွန်တော်တို့ တောင်အောက်ပြန်ဆင်းလာချိန်မှာ ဒီတောင်ကပိုမြင့်နေတယ်လို့ ထင်မြင်ကြောင်း ကျွန်တော်တို့ ပြောဆိုမိကြတယ်။ အဲ့ဒီမှာ မြန်မာပြည်မှာရှိတဲ့လူတိုင်းဟာ အခြေခံပညာအတန်းမှာ ကတည်းက ခါကာဘိုရာဇီသာ အမြင့်ဆုံးလို့ သင်ကြားထားရတယ်ဆိုတဲ့အချက်ကို ရှင်းရှင်းလင်းလင်း သိရှိသွားပါတယ် ” ဟု ပြောပြခဲ့သည်။

    ဂမ်လန်ရာဇီခရီးစဉ်၏ အခက်ခဲဆုံးအပိုင်းမှာ တောင်တက်ခရီးစတင်မှုဖြစ်သည်။ ကီလိုမီတာ ၂၄၀ ခန့် ကြမ်းတမ်းသော ကုန်းမြင့်များ၊ မြစ်ချောင်းများ နှင့် တောနက်ကြီးများကို ကိုယ်ပိုင်ရိက္ခာ အသုံးအဆောင်များ သယ်ဆောင်၍ ခြေလျင်ဖြတ်သန်း ရခြင်းဖြစ်သည်။ တောင်ခြေ တစ်ခုသို့ရောက်ရန် ထိုမျှသွားလာရသည်ဟူ၍ မရှိခဲ့ဖူးချေ။ ခရီးစဉ်သည် ၃၄ ရက်ကြာမြင့်ခဲ့သည်။ သို့သော် တောင်ခြေမှတောင်ထိပ်အထိ အမှန်တကယ်တက်ရောက်သည်၌ ၇ ရက်မျှသာ အချိန်ပေးခဲ့ရ၏။

    နယူးဒေလီမှ တောင်တက်သမား နှင့် စူးစမ်းလေ့လာသူ မန်ဒီဗ် ဆင်းဆွိုင်း(Mandeep Singh Soin)၏စကားဖြစ်သော “ ဒီအမြင့်ပုစ္ဆာကို ဖြေရှင်းနိုင်ခဲ့ရင် မြန်မာနိုင်ငံအတွက် ကြီးမားတဲ့ အပြောင်းအလဲတစ်ခုပါပဲ။ တောင်တက်သမား ဆိုတာကတော့ တိုက်တစ်ခု သို့မဟုတ် နိုင်ငံတစ်ခုအတွင်းက အမြင့်ဆုံးကိုပဲ ရွေးတက်ချင်ကြတယ်လေ ” ဟူသည်ကို တောင်တက်သူများမှ နှစ်ခြိုက်နေကြဆဲပင်။

    Ref:The Straits Times

  • ကျောက်ဖြူ ဗလီ အကြမ်းဖက် ဖျက်ဆီးမှု ရခိုင်လူမျိုး(၃) ဦးဖမ်းဆီးထား

    နိုဝင်ဘာ- ၂၅ ၂၀၁၃
    M-Media

    960205_1395199184055232_1071786621_n

    ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁၈ ရက်နေ့ ညက ကျောက်ဖြူမြို့နယ် သန်ပန်ချောင်းရပ်ကွက်၊ ကမ်းနားလမ်းပေါ်မှာရှိတဲ့ ဂျာမေဗလီနှင့် စာသင်ကျောင်း ဖျက်ဆီးမှုနှင့်ပတ်သက်ပြီး သံသယ ဖြစ်ခံရသူ ရခိုင်လူမျိုး (၃) ဦးကို ရဲက ဖမ်းဆီးလိုက်ကြောင်း ဘင်္ဂလားဒေရှ် အခြေစိုက် ရခိုင် သတင်းဌာန တခုဖြစ်သော နိရဉ္စရာ မှာ ဖော်ပြချက်အရ သိရှိရပါသည်။

    ၂၀၁၂ ခုနှစ် အောက်တိုဘာလကုန်ပိုင်းတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် ကျောက်ဖြူမြို့နေထိုင်သူ မွတ်စလင်မ်အားလုံး ဒုက္ခသည် စခန်းတွင် နေထိုင်နေရသည်မှာ ၁ နှစ်ကျော်ရှိပြီဖြစ်ပြီး ယခုတိုက်ခိုက်ခံရသော ဂျာမေဗလီမှာ ကျောက်ဖြူမြို့ပေါ်မှ ဗလီ(၇) လုံးတွင် အဖျက်အဆီးမခံရဘဲ နောက်ဆုံးလက်ကျန်ဗလီဖြစ်သည်။

    မွတ်စလင်မ် ဒုက္ခသည် စခန်းများအား ခြိမ်းခြောက်မှုနှင့် အဆိုပါ ဗလီကို တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုက ပြင်းထန်စွာ ရှုံချကြောင်း ကြေညာချက်တစောင်ကို နိုဝင်ဘာ ၂၀ ရက်နေ့က ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးမှတဆင့် ထုတ်ပြန်ကြေညာခဲ့သည်။

    ဓါတ်ပုံအညွှန်း- ကျောက်ဖြူမြို့ပေါ်မှ နောက်ဆုံးလက်ကျန် ဂျာမေဗလီအတွင်းပိုင်းကို အကြမ်းဖက်သမားများ ဖျက်ဆီးထားပုံ

  • မန်စီးတီး ဂိုးပြတ်ခဲ့ပြီး မန်ယူ သရေကျခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ ဆူပါဆန်းဒေးပွဲစဉ်များ

    နိုဝင်ဘာ-၂၅ ၂၀၁၃
    M-Media

    Barclays Premier League Table - 2013-11-25_10.59.22
    အင်္ဂလိပ် ပရီးမီးယားလိဂ် နိုဝင်ဘာ ၂၅ ရက်နေ့အထိ ပွဲစဉ် ၁၂ အပြီး အသင်းများ ရပ်တည်နေမှု အမှတ်ပေးဇယား

    ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ ၏ လက်ကျန်ပွဲစဉ်များထဲမှ ၂ ပွဲကို ယမန်နေ့က ကစားခဲ့ရာ မန်စီတီးအသင်းမှာ အိမ်ကွင်းတွင် စပါးအသင်းအား ဂိုးပြတ်အနိုင်ရခဲ့ပြီး မန်ယူအသင်းက ကာဒစ်ဖ်အသင်းအား သရေကျခဲ့သည်။

    မန်စီးတီး ၆-၀ စပါး

    မန်စီးအသင်းမှာ ယခုပွဲတွင် တိုက်စစ်မှူး အဂူရို၊ ကွင်းလယ်လူ နာဗက်စ်တို့၏ ခြေစွမ်းပြမှုဖြင့် ခြေစွမ်းမဆိုးလှသည့် စပါးအသင်းအား ဂိုးပြတ်ဖြင့် အနိုင်ယူနိုင်ခဲ့သည်။

    မန်စီးတီးအသင်းအတွက် ဂိုးများကို ဂျီးစက်နာဗက်စ်က ၁ မိနစ်နှင့် ဒုတိယပိုင်းနာကျင်အချိန်ပိုတွင်လည်းကောင်း၊ တိုက်စစ်မှူး အဂူရိုက ၄၁ မိနစ်နှင့် ၅၀ မိနစ်တို့တွင်လည်းကောင်း နီဂရီဒိုက ၅၅ မိနစ်နှင့် စပါးကစားသမား ဆန်ဒရိုက ၃၄ မိနစ်တွင် ကိုယ့်ဂိုး ကိုယ်သွင်းယူမိခဲ့သဖြင့်လည်းကောင်း ရရှိခဲ့ခြင်းဖြစ်သည်။

    မန်စီတီးအသင်း၏ ယခုပွဲအနိုင်မှာ အိမ်ကွင်း ၆ ပွဲဆက်တိုက် ရှုံးပွဲမရှိအောင် ကစားနိုင်ခဲ့ခြင်းဖြစ်ပြီး၊ အမှတ်ပေးဇယားတွင်လည်း အဆင့် ၄ နေရာသို့ ရောက်ရှိလာခဲ့သည်။
    ………………………………

    620-CAR-MUN-kim-bo-kyung-goal
    ကာဒစ်ဖ်စီးတီး ၂-၂ မန်ချက်စတာယူနိုက်တက်

    ရာသီအစတွင် ရုန်းကန်ခဲ့ရသော်လည်း နောက်ပိုင်းပွဲစဉ်များတွင် ခြေစွမ်းပြန်လည် ကောင်းမွန်လာသည့် မန်ယူအသင်းမှာ ယခုပွဲတွင် အနိုင်ရရန် နီးစပ်ခဲ့သော်လည်း ကာဒစ်ဖ် အသင်း၏ နောက်ကျချေပဂိုးကြောင့် သရေ တစ်မှတ်သာရရှိခဲ့ခြင်းဖြစ်သည်။

    မန်ယူတွင် တိုက်စစ်မှူဒ ဗန်ပါစီမှာ ဒဏ်ရာကြောင့် ပါဝင်နိုင်ခြင်းမရှိဘဲ တိုက်စစ်တွင် ရူနီနှင့် ဟာနန်ဒက်ဇ်တို့ တွဲကစားခဲ့ကြသည်။ ဦးဆောင်ဂိုးအား မန်ယူအသင်းက ၁၅ မိနစ်တွင် ရရှိခဲ့ပြီး ကာဒစ်ဖ်နောက်ခံလူ ဘန်တာနာ၏ အမှားမှတစ်ဆင့် ရူနီကသွင်းယူခဲ့ခြင်းဖြစ်သည်။ ထို့နောက် အိမ်ရှင်ကာဒစ်ဖ် အသင်းမှာ ၃၃ မိနစ်တွင် ချေပဂိုးရရှိခဲ့ပြီး ၀ှစ်တင်ဟမ်နှင့် မတ်ခ်ျတို့၏ ကွင်းလယ်မှ ဖန်တီးပေးပို့မှုမှတစ်ဆင့် ကမ်းဘဲလ်က အမှားအယွင်းမရှိ အဆုံးသတ်နိုင်ခဲ့သည်။

    ချေပဂိုးရပြီနောက် ကာဒစ်ဖ်အသင်းမှာ မန်ယူနောက်တန်းကို အနည်းငယ် ခြိမ်းခြောက်နိုင်ခဲ့သည်။ သို့သော် ပထမပိုင်းပြီးကာနီးတွင် မန်ယူတို့ ဒုတိယဂိုးထပ်မံရရှိခဲ့ပြီး ရူနီ၏ ထောင့်ကန်ဘောမှ တစ်ဆင့် နောက်ခံလူ အီဗရာက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ဒုတိယပိုင်းတွင် မန်ယူအသင်းကသာ ပွဲကို ထိန်းချုပ်ကစားနိုင်ခဲ့ပြီး ဂိုးသွင်းခွင့်အနည်းငယ်ရရှိခဲ့ကာ ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ခြင်းမရှိပေ။ ဒုတိယပိုင်း နာကျင်အချိန်ပိုတွင် ကာဒစ်ဖ်တို့ အဖိုးတန် ချေပဂိုးရရှိခဲ့ပြီး တောင်ကိုးရီးယား ဘောလုံးသမား ဘိုကျွန်ကင်မ်က ခေါင်းတိုက်သွင်းယူပေးခဲ့သည်။

    မန်ယူအသင်းမှာ ယခုပွဲသရေကြောင့် အမှတ်ပေးဇယား အဆင့် ၆ တွင်ရှိနေပြီး ကာဒစ်ဖ်အသင်းမှာ တန်းဆင်းဇုန်နှင့်အထက်တွင် ၃ မှတ်အကွာဖြင့်ရှိနေသည်။

  • ကမ္ဘာစစ်အတွင်း ဂျူးများကို ကယ်တင်ခဲ့ကြသူ ဘော့စနီးယန်း မွတ်စလင်မ်များ

    နိုဝင်ဘာ- ၂၅ ၂၀၁၃
    M-Media
    ရှာဖွေတင်ပြသူ- Robert Elhose

    1460165_175185189347088_58275560_n

    ဒီဓာတ်ပုံ ဟာ ကမ္ဘာကျော် ဓာတ်ပုံတစ်ပုံ အဖြစ် နှစ်ပေါင်း ၇၀ကျော် ကမ္ဘာ့သတင်းစာ ကြီးတွေ၊ တီဗွီတွေ၊ မဂ္ဂဇင်း တွေ စတဲ့ မီဒီယာ ပေါင်းစုံမှာ လှည့်လည် နေရာယူခဲ့တဲ့ ပုံတစ်ပုံ ဖြစ်ပါတယ်။

    အချိန်က ၁၉၄၁ ခုနှစ်ပါ။ နေရာကတော့ ယနေ့ဘော့စနီးယား နိုင်ငံ ( နာဇီဂျာမနီ လက် အောက် အဲ့ဒီအချိန်တုန်း က ဆားဗီးယားအင်ပါယာ ထဲ ပါဝင်ခဲ့တဲ့) ဆာရာယေဗို မြို့မှာပါ။ အဲ့ဒီအချိန် တုန်းက အညံ့စားမျိုးရိုး အဖြစ် အဆုံးတစ်နေ့မှာ သုတ်သင် သတ်ဖြတ် နိုင်ဖို့ ခွဲ ခြားခံထားရတဲ့ အိမ်နီးချင်း ဂျူးလူမျိုး အမျိုးသမီးတစ်ယောက် ကို သူ့ရဲ့ ရင်ဘတ်မှာ မတပ်မ နေရ တပ်ရတဲ့ အ၀ါရောင် ဒေးဗစ်စတား ခေါ် ခြောက်မြှောင့်ကြယ် ကြီးကို လမ်းပေါ်ထွက် ချိန် မှာ လူမမြင်ရအောင် မွတ်စလင်မ် အမျိုးသမီးတစ်ဦးက သူ့ရဲ့ခေါင်းဆောင်းပုဝါ နဲ့ ကွယ်ကာ ပေးထားတဲ့ ပုံ ဖြစ်ပါတယ်။

    အဲ့ဒီအချိန်က ဆာရာယေဗိုမြို့ထဲမှာ တစ်ချိန်သတ်ဖို့ ပိတ်လှောင် ခံထားရတဲ့ ဂျုးလူမျိုးပေါင်း များစွာ ကို သူတို့ရဲ့ အိမ်နီးခြင်း မွတ်စလင်မ် တွေက ဒီလိုနည်း အပါအ၀င် နည်းပေါင်းစုံ နဲ့ ကူညီပြီး ဘေးကင်းရာတွေကို ထွက်ပြေးနိုင်အောင် ခေါ် ထုတ်သွားပေးခဲ့တဲ့ သာဓကတွေ အများကြီး ရှိပါတယ်။ ဒါကို အစ္စရေး ကလည်း ဒီနေ့ မှာ အသိအမှတ် ပြုထားပါတယ်။

    စစ်အတွင်း နာဇီဂျာမန် များရဲ့ ကျူးကျော်သိမ်းပိုက်မှုခံရ အပြီးမှာ ဆာရာယေဗို အပါအ၀င် ကျန် ယူဂိုစလားဗီးယား တစ်ပြည်လုံးဟာ ရိုမန်ကက်သလစ် ဘာသာကို ကိုးကွယ်တဲ့ ခရိုအက် အူစတာရှီ ပြည်သူ့စစ်လက်နက်ကိုင် တွေနဲ့ သူတို့ရဲ့ မဟာ မိတ် နာဇီတပ်များရဲ့လက်အောက် ကို လုံးဝရောက် ရှိလို့ သွားခဲ့ပါတယ်။

    အဲ့ဒီအချိန် ကစပြီး အူစတာရှီ တွေဟာ ဂျူး၊ ရိုမာ(ဂျစ်ပဆီ) နဲ့ ဆာ့ဗ် လူမျိုးတွေကို လူမျိုးရေးအရ ခွဲခြား ကန့်သတ် တဲ့ ဥပဒေများကို ပြဋ္ဌာန်းပြီး နှိပ်စက်ပါတော့တယ်။ သူတို့ ထိန်းချူပ်ထားတဲ့ နယ်မြေထဲမှာ ဂျူးလူမျိုး သက်သက်တင် လေးသောင်း နီးပါး လောက်ကို အကျယ်ချူပ်လို ဖမ်းဆီးထားပြီး ၊ ဒုတိယ ကမ္ဘာစစ် အပြီးမှာတော့ အဲ့ဒီအ ထဲက လူရှစ်ထောင်လောက် သာ အသက်ရှင်လျက် လွတ်မြောက်ခဲ့ပြီး ကျန်အားလုံး ဟာ နာဇီမျိုးတုန်း သုတ်သင်ရေး မူ အရ အသတ်ခံ လိုက်ကြရရှာပါတယ်။

    လွတ်မြောက်သွားခဲ့သူ ဂျူးလူမျိုးများကို နည်း အမျိုးမျိုးနဲ့ ကယ်တင်ခဲ့ကြသူ ဘော့စနီးယန်း မွတ်စလင်မ် များကိုတော့ နောင်အစ္စရေး ဆိုတာ ဖြစ်လာအပြီးမှာ သူတို့အာဏာပိုင်များက အစ္စရေးရဲ့ အရပ်သားများကို ပေးတဲ့ အမြင့်ဆုံး သူရဲကောင်းဆု တွေကို ပေးအပ် ချီးမြှင့်ခဲ့ပါတယ်။

    Ref: http://www.policymic.com/

  • ရခိုင်ပြည်က မွတ်ဆလင် ၈သိန်းကျော် နိုင်ငံသားအခွင့်အရေးမရခြင်း ဥရောပကော်မရှင်စိုးရိမ်

    နိုဝင်ဘာ-၂၄ ၂၀၁၃
    ကမာရွတ်မီဒီယာ

    ဥရောပကော်မရှင်ရဲ့ လူသားချင်းစာနာတဲ့ ကူညီမှုနဲ့ လူသားဆိုင်ရာ ကာကွယ်ရေး အဖွဲ့ ECHO က မြန်မာနိုင်ငံရဲ့ ဘာသာရေးလူမျိုးရေးပဋိပက္ခတွေရဲ့ အကျိုးဆက်တွေကို စိုးရိမ်နေပြီး လူနည်းစု မွတ်ဆလင် ဒုက္ခသည် ၈သိန်းဟာ နိုင်ငံသားအခွင့်အရေးကို ခံစားခွင့်မရဘဲရှိနေတယ်လို့ နိုဝင်ဘာ ၂၃ရက်နေ့မှာ ပြောဆိုလိုက်ပါပြီ။ ECHO ရဲ့ အစီရင်ခံစာ ဖော်ပြချက်အရ ရခိုင်ပြည်နယ်အတွင်းက လူနည်းစု မွတ်ဆလင်တွေဖြစ်တဲ့ ရိုဟင်ဂျာတွေကို တိုင်းရင်းသားအဖြစ် လက်ခံခိုင်းနေတာမဟုတ်ဘဲ သူတို့ကို လူသားအဖြစ် ဆက်ဆံပြီး နိုင်ငံသားအဖြစ် လက်ခံပေးဖို့ဖြစ် တယ်လို့ ညွှန်ကြားရေးမှူးချုပ်က ပြောဆိုခဲ့ပါတယ်။ နိုင်ငံသားဖြစ်ခွင့်နဲ့ပတ်သက်ပြီး မတူညီတဲ့ လူ့အဖွဲ့အစည်းနှစ်ခုအကြား နိုင်ငံရေးအရ စေ့စပ်ညှိနှိုင်းဖို့လိုအပ်နေ ပြီး ရခိုင်ပြည်နယ်မှာ ဥရောပကော်မရှင်က ထောက်ပံ့ကူညီမှုလုပ်တဲ့နေရာမှာ ဟိုဘက်ဒီဘက် ၅ဝ%ဆီ လုပ်လို့ လက်တွေ့မှာ မရနိုင်ဘဲ လူနည်းစု မွတ်ဆလင်တွေရဲ့ လိုအပ်ချက်က ပိုပြီးကြီးမားနေတယ်လို့ ဆိုပါတယ်။ ဥရောပသမဂအနေနဲ့ လူသားချင်းစာနာထောက်ထားတဲ့ ကူညီမှုကို ၂ဝ၁၃ခုနှစ်မှာ ယူရိုငွေ ၄၈.၆ သန်းကျော် ပေးထားပြီး ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေအတွက် ယူရိုငွေ ၃သန်းထောက်ပံ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မြန်မာနဲ့ ဥရောပကြား အထူးအဖွဲ့အစည်းအဝေးကို ရန်ကုန်နဲ့နေပြည်တော်မှာ ပြီးခဲ့တဲ့ သီတင်းပတ်က ကျင်းပခဲ့ပြီး ကူညီထောက်ပံ့မှုတွေ တိုးမြှင့်သွားဖို့ ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက လူနည်းစု မွတ်ဆလင်တွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာနဲ့ မွတ်ဆလင် ဘာသာဝင်တွေကို ဆန့်ကျင်နေတာတွေကို ရပ်တန်းကရပ်ဖို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေက တောင်းဆိုခဲ့ကြပါတယ်။ http://www.kamayutmedia.com/2013/11/24/lack-of-citizen-rights/