News @ M-Media

Blog

  • နိုဝင်ဘာ-၂၀ အားကစားသတင်းများ

    နိုဝင်ဘာ- ၂၀ ၂၀၁၃
    M-Media

    မိမိမပါဝင်သည့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသက်မ၀င်ဟု အီဗရာဟီမိုဗစ်ဆို

    ပေါ်တူဂီအားအိမ်ကွင်းတွင် ရှုံးနိမ့်ခဲ့ပြီးနောက် ကမ္ဘာ့ဖလား ၀င်ရောက်ခွင့် အိပ်မက် ပျက်ပြယ်ခဲ့ရသည့် ဆွီဒင်အသင်း၏ တိုက်စစ်မှူး အီဗရာဟီမိုဗစ်က ၎င်း မပါဝင်သော ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တန်ဖိုးမရှိတော့ဟု ပြောဆိုလိုက်သည်။

    ယနေ့နံနက်က ကစားခဲ့သည့် အဆိုပါပွဲတွင် အီဗရာဟီမိုဗစ်မှာ အသင်းအတွက် ၂ ဂိုးသွင်းယူပေးခဲ့သော်လည်း ရော်နယ်ဒို၏ ဟက်ထရစ်ဂိုးကြောင့် ဆွီဒင်အသင်းမှာ အိမ်ကွင်းတွင် အရှုံးပေးခဲ့ရသည်။

    အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်သည့် မိုဗစ်က ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ကစားခွင့်ရရန် ယခုအကြိမ်မှာ ၎င်း၏နောက်ဆုံးအကြိမ်ကြိုးပမ်းမှုဖြစ်ခဲ့ပြီး၊ လာမည့် ဇွန်လတွင်ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၎င်းမပါဝင်သောကြောင့် ကြည့်ရှုရန် ထိုက်တန်ခြင်းမရှိဟု ဖွင့်ဟခဲ့သည်။

    “နိုင်ငံအသင်းနဲ့ ကမ္ဘာ့ဖလားပွဲကို ၀င်ရောက်စားနိုင်ဖို့ အခုအချိန်ဟာ ကျွန်တော့်ရဲ့ နောက်ဆုံးအချိန်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သေချာ တစ်ခုကတော့ ကျွန်တော်မပါတဲ့ ကမ္ဘာ့ဖလားပွဲဟာ စောင့်ကြည်ဖို့ မထိုက်တန်ပါဘူး” ဟု သူ၏ Application တစ်ခုဖြစ်သည့် Zlatan unplugged သို့ ပြောကြားခဲ့သည်။

    ထို့ပြင် ခြေစစ်ပွဲအောင်မြင်သွားခဲ့သည့် ပေါ်တူဂီအသင်းကိုလည်း ချီးကျူးခဲ့ပြီး၊ ဘရာဇီးကမ္ဘာ့ဖလားပွဲမှာ ဆွီဒင်အသင်းအတွက် အိပ်မက်အဖြစ်သာ ရှိနေတော့မည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    Ibrahimovic
    ………………………………..
    နည်းပြ ဒက်ချမ့် ပြင်သစ်အသင်းနှင့် သက်တမ်းတိုး

    ပြင်သစ်အသင်းအား ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရရန် စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြ ဒက်ချမ့်မှာ အသင်းတွင် ၂၀၁၆ ခုနှစ်အထိရှိနေမည့် သက်တမ်းတိုး စာချုပ်ကို ချုပ်ဆိုခဲ့သည်ဟု သိရသည်။

    ထိုစာချုပ်သစ်မှာ ယနေ့နံနက်က ယူကရိန်းအသင်းအား ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသော ပွဲအပြီးတွင် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ ပြင်သစ်အသင်းမှာ ယခုပွဲအနိုင်ကြောင့် နှစ်ကျော့ပေါင်း ရလဒ် ၃ ဂိုး ၂ ဂိုးဖြင့်အနိုင်ရရှိခဲ့ကာ ဘရားဇီးသို့ သွားရောက်ခွင့် လက်မှတ် ရရှိသွားခဲ့သည်။

    ဒက်ချမ့်က ထိုပွဲတွင်ကစားခဲ့သည့် ကစားမားများ၏စိတ်ဓာတ်ကို ချီးကျူးလိုက်ပြီး၊ ပြင်သစ်အသင်းမှာ ကြီးကျယ်သောအရာများအား လုပ်ဆောင်နိုင်သည်ဟု ပြောကြားခဲ့သည်။

    “ဒါဟာ ဘောလုံးလောကရဲ့ ပဉ္စလက်တစ်ခုပါပဲ။ လေးရက် အရင်တုန်းက ကျွန်တော်တို့ဟာ အခြေအနေဆိုးမှာရှိခဲ့တာပါ။ ဒါပေမယ့် ဒီညတော့ ကစားသမားတွေဟာ အံ့သြဖွယ်ပါပဲ” ဟု ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ဒက်ချမ့်မှာ ယခုချုပ်ဆိုလိုက်သည့် စာချုပ်အသစ်ကြောင့် ပြင်သစ်အသင်းအား ၂၀၁၆ ဥရောဖလားပြိုင်ပွဲ အထိ ကိုင်တွယ်ခွင့်ရတော့မည်ဖြစ်သည်။

    …………………………………….
    ကျွန်တော်ဘယ်သူ့ကိုမှ သက်သေပြစရာမရှိပါဘူး (ရော်နယ်ဒို)

    နိုင်ငံ၏ ဂိုးအများဆုံးသွင်းခဲ့သည့် ပေါ်လက်တာနှင့် စံချိန်တူသွားခဲ့သည့် ပေါ်တူဂီအသင်း တိုက်စစ်မှူး ရော်နယ်ဒိုက ၎င်းအနေဖြင့် ပေါ်တူဂီအသင်း ခြေစစ်ပွဲအောင်ရန်သာ အာရုံစိုက်ခဲ့ပြီး မည်သူကိုမှ သက်သေပြခြင်းမဟုတ်ဟု ပြောကြားလိုက်သည်။

    ပေါ်တူဂီအသင်းမှာ ယနေ့နံနက်တွင် ဆွီဒင်အသင်းအား အဝေးကွင်းတွင် ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အနိုင်ဂိုး ၃ ဂိုးစလုံးအား ရော်နယ်ဒိုက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ထိုပွဲအနိုင်ကြောင့် ပေါ်တူဂီအသင်းက နှစ်ကျော့ပေါင်း ၄ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ကာ ကမ္ဘာ့ဖလားပွဲအား ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိသွားပြီဖြစ်သည်။

    “မှတ်တမ်းဆိုတာဟာ ချိုးဖျက်ဖို့ပါ။ အဓိကထားရမယ့် ကိစ္စတော့မဟုတ်ပါဘူး။ ပေါ်တူဂီက ကျွန်တော့်ကိုလိုအပ်တယ်ဆိုတာ ကျွန်တော်သိပါတယ်။ (ဆွီဒင်က ဂိုးသွင်းလိုက်တဲ့အခါ) ကျွန်တော်တို့ စိတ်နည်းနည်းပျက်ခဲ့ပေမယ့် (နောက်ပိုင်းမှာ) ကျွန်တော်တို့ ပိုကောင်းခဲ့ပြီး၊ ပိုကောင်းအောင် ကစားနိုင်ခဲ့ပါတယ်” ဟု ပွဲအပြီးတွင် ရော်နယ်ဒိုက ပေါ်တူဂီ နေ့စဉ်သတင်းစာတစ်စောင်ဖြစ်သည့် Publico သို့ပြောကြားခဲ့သည်။

    ထို့ပြင် ရော်နယ်ဒိုက အီဗရာဟီမိုဗစ်မှာ ဆွီဒင်၏ ကြီးကျယ်သော ကစားသမားတစ်ဦးဖြစ်ပြီး ၎င်းအနေဖြင့် မိုဗစ်နှင့် ယှဉ်ပြိုင်မည် မဟုတ်ကြောင်း၊ ပေါ်တူဂီအသင်း အတွက်သာ ကစားပေးခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

  • ဗလီ ဗုံးခွဲမည့် မသင်္ကာသူ ၃ ဦးကို ရဲက ဖမ်းထား

    November 20, 2013
    ဧရာဝတီ

    Bomb to masjid

    အစ္စလာမ် “ဘာသာရေး အဆောက်အဦးများ” အား ဗုံးဖောက်ခွဲရန် ရည်ရွယ်ချက် ရှိသည်ဟု စွပ်စွဲကာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ရန်ကုန်တိုင်း လှိုင်သာယာတွင် တစ်ဦး ၊ ပဲခူးတိုင်း သာယာဝတီတွင် တစ်ဦး၊ ရခိုင်ပြည်နယ် စစ်တွေတွင် တစ်ဦး စုစုပေါင်း ၃ ဦးကို ဖောက်ခွဲရေး ပစ္စည်းများနှင့်အတူ ဖမ်းဆီးခဲ့ပြီး အမှုကို ဆက်လက်စုံစမ်းစစ်ဆေးနေသည်။

    ဖမ်းဆီးမှု ဖြစ်စဉ်များနှင့် ဖမ်းဆီးခံရသူများအကြောင်း ယနေ့ထုတ် ပြန်ကြားရေးဝန်ကြီးဌာနပိုင် မီဒီယာများတွင် ဖော်ပြထားပြီး  အမည်မဖော်လိုသော ရဲတပ်ဖွဲ့ဝင်ကို ကိုးကား၍  AFP က ရေးသားပေးပို့သော သတင်းတပုဒ်တွင် ဖမ်းဆီးခံရသူများသည် ဗုဒ္ဓဘာသာဝင်များဖြစ်ပြီး ဗလီများကို ပစ်မှတ်ထားကြောင်း ဖော်ပြထားသည်။

    အဆိုပါကိစ္စကို ဧရာဝတီက စုံစမ်းမေးမြန်းရာ  နေပြည်တော် မှုခင်းတပ်ဖွဲ့မှ ဒုရဲမှူးကြီး မင်းအောင်က နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၁၁ နာရီခန့်က လှိုင်သာယာမြို့နယ် အတွင်းပဒံကျေးရွာရှိ SKY အအေးခန်း ဧည့်ရိပ်သာကို ၀င်ရောက်ရှာဖွေရာ မြောက်ဦးမြို့နယ်မှ အသက် ၃၁ နှစ် အရွယ် ကိုခိုင်နေမင်းကို ဖောက်ခွဲရေး ပစ္စည်းများဖြစ်သည့် ယမ်းနှင့်ဆက်စပ်ပစ္စည်းများ တပ်ဆင်နေစဉ် ဖမ်းမိခဲ့ကြောင်း၊ ထိုမှတဆင့် ကိုခိုင်နေမင်းအားမေးမြန်း၍ ကွင်းဆက်တရားခံ သာယာဝတီမြို့နယ်မှ ၃၄ နှစ်အရွယ်ကိုသိန်းညွှန့်ကို နေ့လည် ၁၂ နာရီတွင် ဖမ်းမိခဲ့ကြောင်း၊ ယင်းတို့နှစ်ဦးကို စစ်ဆေးမေးမြန်းချက်အရ ရခိုင်ပြည်နယ် စစ်တွေမြို့ တရားသီးစုရပ်ကွက် ကျောင်းလမ်းတွင် အခြားဆက်စပ်သူ ကိုဘိုဘိုထွန်းကို နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ဖမ်းမိခဲ့ကြောင်းဧရာဝတီသို့ ပြောကြားသည်။

    ”ရန်ကုန်မှာမိတဲ့ နှစ်ယောက်ကို စစ်လိုက်တော့ ကိုဘိုဘိုဆီက ယမ်းတောင့်တွေရလို့ လုပ်တာဆိုပြီး ထွက်တယ်။ ဘိုဘိုကို စစ်တွေမှာ ဖမ်းမိတဲ့အတွက် အခုရန်ကုန်ကိုခေါ်ထားပြီး စစ်နေတယ်။ အသေးစိတ်ကတော့ ရဲလုပ်ငန်းတွေကို  ထိခိုက်မှာစိုးလို့ မပြောနိုင်သေးဘူး”ဟု ဒုရဲမှူးကြီး မင်းအောင်က ဆိုသည်။

    ဖောက်ခွဲရန် ကြံစည်သူများ၏ ထွက်ဆိုချက်များအရ ခိုင်နေမင်းသည် ၂၀၁၃ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့မှ စ၍ နယ်စပ်တွင် ဖောက်ခွဲရေးသင်တန်း တက်ရောက်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ဘိုဘိုထွန်းထံမှ အသင့်ဆင်ပြီး လက်လုပ်မိုင်းနှစ်လုံး၊ ယမ်းကပ် တစ်ထုပ်၊ ခဲရောင်ယမ်း သုံးခုတို့ကို ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

    ဖောက်ခွဲရေး လုပ်ရန် ကြံစည်သူများသည် “ဘာသာရေး အဆောက်အဦများ”အား တိုက်ခိုက်ရန် ရည်ရွယ်ခဲ့ပြီး နောက်ကွယ်တွင် ဆက်စပ်ပါဝင်သူများရှိသကဲ့သို့ မြေပေါ်အဖွဲ့အစည်းအချို့နှင့် ဆက်စပ်မှုများပါ ရှိနေသည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်သော်လည်း အသေးစိတ် မထုတ်ပြန်နိုင်သေးကြောင်း ဒုရဲမှူးကြီး မင်းအောင်က ပြောဆိုသည်။

    ရန်ကုန်မြို့ ထရိတ်ဒါးဟိုတယ် ဗုံးပေါက်ကွဲမှုအပါအ၀င် နေရာဒေသအချို့တွင် အောက်တိုဘာလပိုင်း အတွင်းက ဖြစ်ပေါ်ခဲ့သော ဗုံးဖောက်ခွဲမှုများတွင် တရားခံဟု စွပ်စွဲခံထားရသူများသည် ဘာသာရေး အဆောက်အဦများအား ပစ်မှတ်ထားတိုက်ခိုက်ရန် ၄င်းတို့နှင့် ဖမ်းဆီးထိန်းသိမ်းထားရာတွင် သွားရောက် တွေ့ဆုံခဲ့သော ကရင်အမျိုးသားအစည်းအရုံး(KNU)မှ မန်းငြိမ်းမောင်က မီဒီယာများသို့ ပြောကြားခဲ့ဖူးသည်။

    ယခု ဖမ်းဆီးမှုများသည် ယခင်အမှုဖြစ်စဉ်များနှင့် ဆက်စပ်မှုရှိမရှိကို ဧရာဝတီက မေးမြန်းရာ ” ကျနော်တို့က ဒီသတင်းကို အရေးကြီးလို့ တန်းမထုတ်ပြန်ဘဲ သိမ်းထားတာ။ အဲဒီကိစ္စကို ပြောခွင့်မရှိသေးဘူး။ ဆက်စုံစမ်းဖော်ထုတ်တဲ့အခါ မလိုလားအပ်တာတွေ ဖြစ်မှာစိုးလို့ပါ”ဟု ဒု-ရဲမှူးကြီးမင်းအောင်က ဆိုသည်။

    Link=> http://burma.irrawaddy.org/news/2013/11/20/51181.html

  • ပြင်သစ်၊ ပေါ်တူဂီ၊ ခရိုအေးရှားနှင့် ဂရိတို့ ၂၀၁၄ ကမ္ဘာဖလား ခြေစစ်ပွဲအောင်ပြီ

    နိုဝင်ဘာ- ၂၀ ၂၀၁၃
    M-Media

    1691599899_B971442077Z.1_20131119231754_000_GCT1HNDSH.1-0

    ၂၀၁၄ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဥရောပဇုန် Play-off ဒုတိယအကျော့ပွဲစဉ်များကို ယနေ့နံနက်က ယှဉ်ပြိုင်ကစားခဲ့ရာ ပြင်သစ်အသင်းမှာ ယူကရိန်းအသင်းအား အိမ်ကွင်းတွင် ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ကစားနိုင်ခဲ့ပြီး ကမ္ဘာ့ဖလာပြိုင်ပွဲ လွဲချော်မည့်ဘေးမှ ရုန်းထွက်နိုင်ခဲ့သည်။ ပေါ်တူဂီ အသင်းမှာ အဝေးကွင်းတွင် ဆွီဒင်အား ရော်နယ်ဒို၏ ဟက်ထရစ်သွင်းဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အခြားအသင်းများဖြစ်သည့် ခရိုအေးရှားနှင့် ဂရိအသင်းတို့မှာလည်း နှစ်ကျော့ပေါင်း ရလဒ်များဖြင့် ဘရာဇီးသို့ သွားရောက်ခွင့်ရရှိခဲ့ပြီဖြစ်သည်။

    ပြင်သစ် ၃-၀ ယူကရိန်း

    ပြီးခဲ့သည့် တစ်ပါတ်က ကိဗ်မြို့တွင် ယူကရိန်းအား ၂ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည့် ပြင်သစ်အသင်းမှာ ယခုပွဲတွင် ၃ ဂိုးပြတ်ဖြင့်အနိုင်ရရှိအောင် ကစားနိုင်ခဲ့ပြီး ကမ္ဘာ့ဖလားဝင်ခွင့်လက်မှတ်အား သေချာစေခဲ့သည်။

    ပထမပိုင်း အစောပိုင်းမိနစ်များတွင် ပြင်သစ်အသင်းမှာ ကစားကွက်အသာစီးရခဲ့ပြီး မိနစ် ၂၀ တွင် ဦးဆောင် ဂိုးရရှိခဲ့သည်။ ထိုဂိုးအား ရီဘာရီ၏ ကန်ချက်မှ ပြန်ထွက်လာသည့် ဘောလုံးအား ဆာခိုကအပိုင်ပိတ်၍ သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ ၃၂ မိနစ်တွင် ပြင်သစ်တို့ အရေးပါသည့် ဂိုးတစ်ဂိုးကိုရရှိခဲ့ပြီး ဘန်ဇီမာက အနီးကပ်ကန်သွင်းပေးခဲ့သည်။

    ဒုတိယပိုင်းပြန်အစ ၄၇ မိနစ်တွင် ယူကရိန်းအသင်း၏ ကစားသမား ခါချီရီဒီမှာ အနီကဒ်ဖြင့်ထွက်ခဲ့ရပြီး နောက်ပိုင်းမိနစ်များတွင် ပြင်သစ်အသင်းကသာ ပွဲကို စိုးမိုးထားနိုင်ခဲ့သည်။ ပြင်သစ်အသင်းအတွက် အရေးပါသောအနိုင်ဂိုးကို ယူကရိန်းကစားသမား အိုလေး ဟူစ်ယီဗ်၏ ကိုယ့်ဂိုးကိုယ်သွင်းယူမှုမှတစ်ဆင့် ရရှိခဲ့ခြင်းဖြစ်သည်။

    ပြင်သစ်အသင်းမှာ ယခုပွဲအနိုင်ကြောင့် နှစ်ကျော့ပေါင်း ၃ ဂိုး ၂ ဂိုးဖြင့် ယူကရိန်းအသင်းအား အနိုင်ရရှိခဲ့ပြီး ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ကစားခွင့်ရရှိခဲ့ပြီဖြစ်သည်။
    …………………………..
    ဆွီဒင် ၂-၃ ပေါ်တူဂီ

    ပထမအကျော့ တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့သည့် ရော်နယ်ဒိုမှာ ယခုပွဲတွင်လည်း ဟက်ထရစ်သွင်းယူနိုင်ခဲ့ကာ ပေါ်တူဂီအသင်းအား ကမ္ဘာ့ဖလားပွဲသို့ ပို့ဆောင်ပေးနိုင်ခဲ့သည်။

    အိမ်ရှင်ဆွီဒင်အသင်းမှာ ပေါ်တူဂီအသင်းအား ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် ဖိကစာနိုင်ခဲ့သော်လည်း ပေါ်တူဂီအသင်းက ဂိုးသွင်းခွင့်ပိုမိုရရှိခဲ့သည်။ ဆွီဒင်အသင်းမှာ ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုအားထိန်းချုပ်ရခက်နေခဲ့ပြီး ပထမပိုင်းအပြီးတွင် ဂိုးမရှိသရေဖြစ်နေခဲ့သည်။

    ဒုတိယပိုင်းတွင်လည်း ဆွီဒင်အသင်းကသာ ဖိကစားနိုင်ခဲ့သည်။ သို့သော် ဦးဆောင်ဂိုးကို ပေါ်တူဂီတို့ရရှိခဲ့ပြီး မိနစ် ၅၀ တွင် မော်တင်ဟို၏ ဖန်တီးပေးမှုမှတစ်ဆင့် ရော်နယ်ဒိုကသွင်းယူပေးခဲ့သည်။ ၆၇ မိနစ်တွင် အိမ်ရှင်တို့ ချေပဂိုးပြန်လည်ရရှိခဲ့ပြီး ထောင့်ကန်ဘောမှတစ်ဆင့် အီဗရာဟီမိုဗစ်က ခေါင်းတိုက်သွင်းယူခဲ့သည်။ များမကြာမီ ၇၂ မိနစ်တွင် ဖရီးကစ်မှတစ်ဆင့် အီဗရာဟီမိုဗစ်ကဒုတိယဂိုးထပ်မံသွင်းယူနိုင်ခဲ့ပြီး အိမ်ရှင်တို့၏ ကမ္ဘာ့ဖလားဝင်ခွင့်မျှော်လင့်ချက်ကို ရှင်သန်စေခဲ့သည်။

    သို့သော်လည်း ၇၇ မိနစ်နှင့် ၇၉ မိနစ်တို့တွင် ရော်နယ်ဒိုက ချေပဂိုးနှင့် အနိုင်ဂိုးများ သွင်းယူနိုင်ခဲ့သောကြောင့် ပွဲအပြီးတွင် နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုး ၂ ဂိုးဖြင့် ပေါ်တူဂီတို့ ဘရာဇီးသို့ သွားရောက်နိုင်ခဲ့ပြီဖြစ်သည်။ ရော်နယ်ဒိုမှာ ယခုပွဲတွင် အကောင်းဆုံးဘောလုံးသမားဆုကို ရရှိခဲ့ပြီး နောက်ဆုံးကစားခဲ့သည့် ၆ ပွဲတွင် ၃ ကြိမ်အထိ ဟက်ထရစ် သွင်းယူနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

    အခြားပွဲစဉ်များတွင် ခရိုအေးရှားအသင်းက အိမ်ကွင်းတွင် အိုက်စလန် အသင်းကို ၂ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၂ ဂိုး ဂိုးရှိဖြင့်လည်းကောင်း၊ ဂရိအသင်းက ရိုမေးနီးယားအသင်းအား အဝေးကွင်းတွင် ၁ ဂိုးစီသရေကစားနိုင်ခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုး ၂ ဂိုးဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ကာ ကမ္ဘာ့ဖလားပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိခဲ့သည်။

  • ရိုဟင်ဂျာနှင့် အခြား မွတ်စလင်မ်များကို အကြမ်းဖက်မှုတွေ တားဆီးနှိမ်နှင်းရန် မြန်မာအစိုးရကို ကုလပြော

    နိုဝင်ဘာ-၂၀ ၊ ၂၀၁၃
    M-Media

    201311191943782734_20
    ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာ ကလေးငယ်များ [Getty Images]

    မြန်မာနိုင်ငံအတွင်းရှိ လူနည်းစု ရိုဟင်ဂျာများအား နိုင်ငံသားအဖြစ် ခွင့်ပြုရန်နှင့် ဗုဒ္ဓဘာသာဝင်များမှ ရိုဟင်ဂျာများနှင့် မြန်မာနိုင်ငံ အတွင်းရှိ အခြားသော အစ္စလာမ် ဘာသာဝင်များအား အကြမ်းဖက် တိုက်ခိုက်နေမှုများကို နှိမ်နင်းရန် မြန်မာအစိုးရအား တိုက်တွန်းသည့် ဆုံးဖြတ်ချက်ကို  ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီ၏ အင်္ဂါနေ့က ပြုလုပ်တဲ့ နှစ်ပတ်လည် အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံအားလုံးမှ သဘောတူ အတည်ပြုခဲ့ပါတယ်။

    ထိုဆုံးဖြတ်ချက်တွင် မြန်မာအစိုးရ၏ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးမှုကို ကြိုဆိုထားပြီး၊ ယခုနှစ်ကုန်တွင် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးမည်ဆိုသည့် သမ္မတ ဦးသိန်းစိန်၏ ကတိအား တည်ကြည်ရန်လည်း တိုက်တွန်းခဲ့သည်။

    ထို့ပြင် အခြားလူ့အခွင့်အရေး ချိုးဖောက်မှုများဖြစ်သည့် စုံစမ်းစစ်ဆေးခြင်းမရှိဘဲ ဖမ်းဆီးမှု၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်သူများအား ဖမ်းဆီးထိန်းသိမ်းမှု၊ အတင်းအဓမ္မ နေရာရွှေ့ပြောင်းမှု၊ လယ်မြေများ သိမ်းဆည်းခြင်း၊ စစ်တပ်၏ အဓမ္မကျင့်မှုများနှင့် အခြားသော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ၊ ညှင်းပန်းနှိပ်စက်မှုများနှင့် လူမဆန်သော လုပ်ရပ်များနှင့် ပတ်သက်ပြီး စိုးရိမ်မိကြောင်း ဖော်ပြခဲ့သည်။

    ထိုဆုံးဖြတ်ချက်တွင် ကော်မတီတွင် ပါဝင်သည့်အဖွဲ့ဝင် ၁၉၃ နိုင်ငံစလုံးက မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် လူမျိုးရေး အကြမ်းဖက်မှုများ၊ ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာ လူနည်းစုများအား ညှင်းပန်း နှိပ်စက်မှုများနှင့်ပက်သက်၍ အလွန်စိုးရိမ်မိကြောင်း အလေးထား ဖော်ပြခဲ့ကြသည်။

    ထိုဆုံးဖြတ်ချက်အား လာမည့်ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် အတည်ပြုရန် ရှိနေသည်ဟု သိရသည်။

    Source: Agencies

  • ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့်ပေးဖို့ ကုလတိုက်တွန်း

    ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့်ပေးဖို့ ကုလတိုက်တွန်း

    နိုဝင်ဘာ ၂၀- ၂၀၁၃

    မြန်မာနိုင်ငံက ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့်ပေးဖို့၊ နိုင်ငံတွင်းက တခြား အစ္စလမ်ဘာသာဝင်တွေအပေါ် အကြမ်းဖက်တာတွေကို တားဆီး ကာကွယ်ပေးဖို့ မြန်မာ အစိုးရကို တိုက်တွန်းရေး ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီက အင်္ဂါနေ့က အားလုံးသဘောတူ အတည်ပြုခဲ့ပါတယ်။

    ဘာသာရေးနဲ့ ဆက်နွယ်တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ မြန်မာအစိုးရ အနေနဲ့ ထိထိ ရောက်ရောက် ကိုင်တွယ် အရေးယူဖို့ကိုလည်း တောင်းဆိုလိုက်ပါတယ်။

    ဒါဟာ လာမယ့်ဒီဇင်ဘာလမှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာလည်း အဲဒီဆုံးဖြတ်ချက်ကို အတည်ပြုမယ့်သဘောဖြစ်တယ်လို့ AP သတင်းက ဖေါ်ပြပါတယ်။

    Ref:RFA Burmese